အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၃)
တစ်ဖက်ကနေတော့ ဒီနေ့လောကကြီးက တဖြည်းဖြည်းနဲ့အောက်တန်းကျလာပြီတို့ သိက္ခာမရှိကြတော့ဘူးတို့ လောကနီတိကိုမသိကြတော့တာတို့ စတဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို လက်ချာရိုက်နေပေမယ့် တစ်ဖက်မှာတော့ ထိုကျောင်းသားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အံ့သြတကြီးနဲ့ကြည့်ကြည့်နေမိပါတယ်။
နောက်ဆုံးမှာတော့ ယန်ယုကဘယ်လိုမှသည်းမခံနိုင်တော့ဘဲ တန်နာဇီကိုဆွဲခေါ်သွားရပါတော့တယ်။ ထိုချစ်သူနှစ်ယောက်ကို မမြင်ရတော့တဲ့အချိန်မှာ တန်နာဇီမှာ နောင်တရတဲ့မျက်ဝန်းတွေနဲ့ပါ။
"ပြောကြ ဘာဆက်လုပ်ကြမလဲဆိုတာကို"
ရှန်ယန်ရှောင်က မြေပေါ်ကတံဆိပ်နှယ်ဆယ့်ငါးခုနဲ့ သူမရထားတဲ့တံဆိပ်နှစ်ခုရယ်ကို သူမလက်စွပ်ထဲကောက်ထည့်လိုက်ကာ ဒါတွေကငါ့ဟာတွေနော် ယူဖို့တော့မတွေးကြနဲ့ဆိုတဲ့ မျက်နှာပေးနဲ့ပြောလိုက်ပါတယ်။
ကြူရှီယာကတော့ ကောင်သေးလေးကိုကြည့်ကာ ငိုရမလားရယ်ရမလားမသိဖြစ်သွားကာ ပြန်ပြောလိုက်ပါတယ်။
"ဘာကိုအစီအစဉ်ဆွဲနေရမှာလဲ။ ငါတို့စာမေးပွဲကို ဆက်ဖြေရုံပဲပေါ့"
ယန်းရှီခေါင်းညိတ်ကာ ထောက်ခံလိုက်ပါတယ်။
"အရင်က ငါတို့ကို ငတုံးကောင်တွေက စော်ကားခဲ့တယ်လေ အဲ့ဒီအတွက်ပြန်လည်ပေးဆပ်ခိုင်းဖို့ အချိန်ရောက်ပြီ"
ရှန်ယန်ရှောင်ရဲ့မျက်လုံးတွေ အဝေးကိုငေးကြည့်လိုက်ပါတယ်။ ကြူရှီယာရဲ့လက်ချက်နဲ့ ကောင်လေးနှစ်ဆယ့်ငါးယောက်လုံး ရေခဲရိုက်ခံလိုက်ရတာကို ပြန်အမှတ်ရသွားပါတယ်။ အဲ့ကောင်တွေ အခုချိန်မှာပြန်ကောင်းသွားပြီလားဆိုတာကိုတော့ သူမလည်း မသိပါဘူး။
"ဟား..ငါလည်းအဲ့ကောင်တွေကို ကျောင်းမှန်ကန်မှန်းသိအောင်လုပ်ချင်နေတာ"
တန်နာဇီက သူ့လက်မောင်းအထိအဝတ်ကိုလိပ်တင်လိုက်ကာ ကြုံးဝါးလိုက်ပါတယ်။
ရှန်ယန်ရှောင်က သူမကိုမျက်စောင်းတစ်ချက်ထိုးကြည့်ပြီး ပြောလိုက်ပါတယ်။
"မင်းကသူတို့ကို ဆေးပုလင်းနဲ့ရိုက်သတ်မလို့လား"
ဆေးကျောင်းသားအသစ်တစ်ယောက်အနေနဲ့ အဲ့လူတွေကို ဆေးပုလင်း ဒါမှမဟုတ် ဆေးစာအုပ်တွေနဲ့များရိုက်သတ်ဖို့ ကြံနေတာလားပဲ။
တန်နာဇီဘာပြန်ပြောရမလဲမသိဘူးဖြစ်သွားကာ အနိုင်ကျင့်ခံလိုက်ရတဲ့မျက်နှာနဲ့ အဆိပ်လျှာနဲ့ရှန်ယန်ရှောင်အားကြည့်လိုက်ပြီး ဘေးမှာထိုင်ချလိုက်ကာ မြေကြီးမှာပုံတွေရေးခြစ်နေလိုက်ပါတယ်။
သူတို့နှစ်ယောက်က တစ်ခန်းတည်းအတူနေနေတဲ့ သူငယ်ချင်းကောင်းတွေလေ ဒါကို ဘာဖြစ်လို့ ရှန်ယန်ရှောင်က သူ့အပေါ်အခုလိုမှိုချိုးမျှစ်ချိုးပြောရက်ရတာလဲ။
ဒါက လုံးဝကို ရင်နာစရာကောင်းတယ် ရင်နာစရာပဲ အား....
ကြူရှီယာက အနိုင်ကျင့်ခံလိုက်ရတဲ့ မျက်နှာဖြစ်နေတဲ့ တန်နာဇီအားခေါ်ကာ သူတို့အဖွဲ့ရဲ့ခရီးကိုဆက်လက်နှင်ပြီး အနက်ရောင်တောထဲမှာ သူတို့ရဲ့လက်စားချေခရီးစဉ်ကိုစတင်လိုက်ပါတယ်။
ဆေးကျောင်းသားအသစ်ဖြစ်တဲ့ ရှန်ယန်ရှောင်နဲ့ တန်နာဇီတို့ဟာ သူတို့ရဲ့တောက်ပတဲ့ခရီးတစ်ခုကို စတင်ကြပါတော့တယ်။
ရှန်ယန်ရှောင်လည်း ဆင်သွားရာလမ်းဖြစ်ဆိုတဲ့ စကားပုံကိုနားလည်သွားပါတော့တယ်။
ငနာသုံးကောင်လုံးက ရက်စက်လွန်းအားကြီးပါတယ်။
ဘယ်အဖွဲ့ကိုပဲတွေ့တွေ့ တွေ့တာနဲ့ကြူရှီယာက ရေခဲနဲ့နှင်းအတတ်ကိုသုံးပြီး ငါးယောက်လုံးဘာဖြစ်မှန်းမသိခင်မှာဘဲ ရေခဲရိုက်ပေးပါတယ်။ အဲ့ဒီနောက်တံဆိပ်တွေယူပြီးတာနဲ့ အဲ့ငါးယောက်လုံး စာမေးပွဲပြီးတဲ့အချိန်ထိအောင် ခဲနေမှာကို ဂရုမစိုက်ဘဲထွက်ပြေးကြပါတယ်။
အကြီးတန်းမှော်ဆရာရဲ့ ရေခဲနဲ့နှင်းဂါထာဟာ မှော်အားအလွန်ကြောက်စရာကောင်းအောင်ကုန်တယ်ဆိုသော်လည်း ကြူရှီယာလက်ထဲမှာတော့ ဘယ်လိုမှမနေဘဲ သူကအဆက်မပြတ်သုံးနိုင်ပါတယ်။
အဲ့ဒီကျောင်းသားတွေအနေနဲ့ ဘယ်လိုမှမခုခံနိုင်ကြပါဘူး။ သူတို့အဖွဲ့သားတွေနဲ့သူတို့ကိုယ်သူတို့ နှင်းပွင့်တွေကြားမှာခဲသွားတာကိုပဲ ကြည့်နေရပါတယ်။ အတော်များများဆို ကြူရှီယာတို့ကိုတောင်မတွေ့လိုက်ဘဲ ရှန်ယန်ရှောင်က တံဆိပ်တွေလာသိမ်းမှသာ အတိုက်ခံရတာမှန်းသိသွားကြတာပါ။
တံဆိပ်လာယူတဲ့ ရှန်ယန်ရှောင်ကလွဲရင် တစ်ခြားအဖွဲ့သားလေးယောက်လုံးကို သူတို့မတွေ့ခဲ့ကြရသော်လည်း တံဆိပ်တွေတော့ပါသွားပါတယ်။
သူတို့ရဲ့ရှုံးနိမ့်မှုက ဆိုးရွားလွန်းလှပါတယ်။
ရှန်ယန်ရှောင်ရဲ့ မဟာအသင်းက အနက်ရောင်တောတစ်ခုလုံးကို မြေထိုးစက်တစ်ခုလိုမျိုး သိမ်းကြုံးရှင်းလင်းလိုက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ပိုက်ကွန်ကနေလွတ်သွားတဲ့ ငါးလေးတွေကိုကြုံရပေမယ့် ယန်ယုကတားမြစ်အတတ်ကိုသုံးကာ သူတို့အားထောင်ဖမ်းထားလိုက်ပြီး ကြူရှီယာရဲ့မီးလုံး သို့မဟုတ် ယန်းရှီရဲ့ ဒိုင်းနဲ့လာတိုက်တာကိုပဲ ထိုင်စောင့်နေရပါတယ်။
နတ်ဆရာဆိုတာ တိုက်ခိုက်ရေးအတွက်မဟုတ်ပေမယ့် ယန်ယုက တားမြစ်အတတ်ကို အဆုံးစွန်ထိအသုံးချပြနိုင်ပါတယ်။ လူတစ်ယောက်က သူ့မြင်ကွင်းအောက်မှာရှိနေတာနဲ့ အဲ့လူဟာ သူ့ရဲ့တားမြစ်အတတ်ကနေလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၄)
သူတို့အဖွဲ့သွားရာလမ်းတစ်လျှောက်မှာ အဖွဲ့တစ်ဖွဲ့မပြောနဲ့ အသွက်ဆုံးဆိုတဲ့ လေးသမားတွေတောင်လွတ်အောင်မပြေးနိုင်ပါဘူး။ နေ့တစ်ဝက်တင်မှာပဲ ရှန်ယန်ရှောင်ရဲ့လက်စွပ်ထဲမှာ တံဆိပ်တစ်ရာကျော်ရောက်နေပါပြီ။
ခြေလက်တွေယမ်းနိုင်ပြီဖြစ်တဲ့ သုံးယောက်ကလည်း ရပ်နားမှုမရှိပါဘူး။ သူတို့နောက်ကိုလိုက်ပြီးတိုက်ခဲ့တဲ့ ကျောင်းသားတွေကိုပြန်လည်လိုက်ရှာကြပါတယ်။ မကြာခင်မှာဘဲ သုံးကောင်ရဲ့ရက်စက်ခြင်းကို ခံစားကြရပါတော့တယ်။
စော်ကားခံလိုက်ရတဲ့ ကျောင်းသားတွေဟာ နောက်ဆုံးမှာတော့ အချင်းချင်းစုစည်းကြပြီး ငနာသုံးကောင်အားပြန်လည်တော်လှန်ပါတော့တယ်။
သို့သော်လည်းလေ အစစ်အမှန်စွမ်းအားရဲ့ရှေ့မှာတော့ စက္ကူကျားသာဖြစ်သွားရပါတယ်။
မားမားကြီးရပ်နေတဲ့ ကြူရှီယာရဲ့ရှေ့မှာတော့ ရန်လိုမှုတွေအပြည့်နဲ့ကျောင်းသားထုကြီး ရှိနေကာ သူ့မျက်နှာမှာတော့ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခုတွဲလဲခိုနေပါတယ်။
သူ့မှော်တုတ်တံကိုမြှောက်လိုက်ကာ မှော်ဂါထာရွတ်ဖတ်သံတွေ သူ့ပါးစပ်ကနေထွက်ပေါ်လာပါတယ်။
ရှန်ယန်ရှောင်အနေနဲ့ ကြူရှီယာဂါထာရွတ်တာကို ဒါပထမဆုံးအကြိမ်အဖြစ်မြင်ဖူးတာပါ။ ကြူရှီယာရဲ့အဆက်မပြတ်ရွတ်ဖတ်သံနှင့်အတူ ပတ်ဝန်းကျင်လေထုက အေးစက်လာပါတော့တယ်။
စုဝေးနေကြတဲ့ကျောင်းသားတွေအားလုံး ကြူရှီယာကိုထိတ်လန့်စွာကြည့်လိုက်ကြပြီး သူတို့ထဲကအချို့ကတော့ ကြူရှီယာကအဆင့်မြင့်မှော်အတတ်ကို ရွတ်ဖတ်နေတာပဲလို့ရိပ်မိလိုက်ကြပါတယ်။
"ငါတို့ သူဂါထာရွတ်ပြီးတာကို စောင့်နေလို့မဖြစ်ဘူးဟေ့"
ဘယ်သူအော်လိုက်မှန်းမသိပေမယ့် မှော်ဆရာနဲ့လေးသမားအားလုံးက ကြူရှီယာကိုအာရုံစိုက်တိုက်ခိုက်ကြပါတော့တယ်။ မရေမတွက်နိုင်တဲ့မြှားတွေနဲ့ မှော်အလင်းတန်းတွေက ကြူရှီယာဆီပြေးဝင်သွားပါတယ်။
ကြူရှီယာကိုထိခိုက်ကာနီးမှာပဲ အလင်းဒိုင်းကြီးတစ်ခုက ရှေ့ကနေကာလိုက်ပါတယ်။
"ပြေးကြတော့"
တိုက်ခိုက်မှုအရာမထင်တာကိုတွေ့လိုက်တာနဲ့ ကျောင်းသားတစ်ချို့က ဒီကြောက်စရာနယ်မြေကနေလွတ်မြောက်ဖို့ ကြိုးစားကြပါတော့တယ်။
ယန်ယုက ထွက်ပြေးဖို့ကြံနေတဲ့ကျောင်းသားတွေကို အသာလှမ်းကြည့်လိုက်ပါတယ်။ သူ့တောင်ဝှေးကို အသာယမ်းလိုက်တော့ ကျောင်းသားတွေပတ်လည်မှာ အလင်းဒိုင်းတွေပေါ်ပေါက်လာပြီး ကြီးမားကျယ်ပြန့်စွာဝန်းရံထားလိုက်ပါတော့တယ်။
ထွက်ပြေးလွတ်မြောက်ချင်ပါက သူတို့အနေနဲ့ အလင်းဒိုင်းတွေကို အရင်ဆုံးချိုးဖျက်ဖို့တော့လိုပါတယ်။
ဒါပေမဲ့...
အဲ့လောက်ကြီးတော့ အဓိပ္ပါယ်မရှိမလုပ်နဲ့လေ။ တစ်ပေလောက်ထူတဲ့ ဒီဒိုင်းတွေကိုဘယ်သူကဖျက်နိုင်မှာလဲ။ ဒီဟာက ကာကွယ်ဖို့တင်မှမဟုတ်တော့တာဘဲ မင်းခေါင်းနဲ့တိုက်မိခဲ့ရင် အရည်အသွေးကောင်းတဲ့အုတ်နံရံကို ခေါင်းနဲ့ဆောင့်တိုက်သလိုဖြစ်သွားမှာပေါ့။
ကျောင်းသားတစ်စု ကျဉ်းထဲကျပ်ထဲရောက်နေပါတယ်။ နတ်ဘုရားတွေက နောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးခဲ့ရင်တောင် ဒီသုံးကောင်ကိုတိုက်ခိုက်အနိုင်ယူဖို့ဆိုတာ လုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူး။
ဒါကလုံးဝကို ရူးသွပ်မိုက်မဲတဲ့အလုပ်ပဲ။ အကြီးတန်းမှော်အတတ်ကို ရွတ်ဖတ်စရာမလိုဘဲ အသုံးပြုနိုင်တာကိုက အကြီးတန်းမှော်ဆရာတစ်ယောက်အတွက် ပုံမှန်မဟုတ်တဲ့အခြေအနေလေ။ ဒီလူက ကျောင်းအုပ်အိုးယန်ဟွမ်းယူနဲ့ ယှဉ်ပြိုလို့ရနေပြီ။ နောက်ပြီးတော့လည်း အလင်းဒိုင်းတွေကို အဆက်မပြတ်သုံးနေတဲ့ ကြောက်စရာကောင်းလှတဲ့နတ်ဆရာရေ မင်းကကျောင်းသားပဲရှိသေးတာကိုရော မင်းသိရဲ့လားဟင်။ ဒီအလင်းဒိုင်းအဆင့်မျိုးကို ထုတ်လွှတ်လိုက်တော့ ကျောင်းကနည်းပြတွေမျက်နှာ ဘယ်မှာသွားထားရတော့မှာလဲဟ။
နောက်ထပ်ရှိသေးတယ်...
စီးစရာမြင်းမရှိတဲ့ စစ်သူရဲတဲ့ ပြေးတာက ယုန်ထက်တောင်မြန်သေးတယ်။ လုပ်စမ်းပါကွာ မင်းစိတ်ဓာတ်ကို မင်းပြန်စမ်းစစ်သင့်နေပြီနော်။ မင်းရဲ့အမြန်နှုန်းနဲ့ဆို မင်းမိသားစုရဲ့ စီးတော်မြင်းတွေဝမ်းနည်းကုန်တော့မှာပဲ။ ခြေနှစ်ချောင်းကခြေလေးချောင်းထက်ပိုမြန်နေတော့ မင်းရဲ့မြင်းဆိုရင် ရှက်ပြီး သတ်တောင်သေသွားလောက်တယ်။
သူတို့အတွက် ရှင်သန်စရာနေရာလေးတော့ ချန်ထားပေးလိုက်ကြပါဦးလား။ သူတို့နောက်ဆို ရိုးသားစွာပဲရှင်သန်နေထိုင်သွားကြတော့မှာပါ။
ပုံမှန်မဟုတ်တဲ့သုံးကောင်ကြောင့် ကျောင်းသားတွေစိတ်ဓာတ်ကျဆင်းသွားကြပါပြီ။ မြေပေါ်မှာထိုင်ချကာ ခေါင်းတွေကိုမော့လျက် သူတို့ရဲ့ရင်နာစရာအဆုံးသတ်အတွက် ကြူရှီယာဂါထာရွတ်ပြီးချိန်ကို စောင့်နေလိုက်ကြပါတော့တယ်။
ဒါပေမဲ့လည်းလေ........
လူအားလုံး အချိန်အကြာကြီးစောင့်နေကြပေမယ့် သူတို့ကိုယ်မှာဘာပြောင်းလဲမှုမှ မရှိတာကိုသိလိုက်ကြပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၅)
အမြင့်နေရာမှာရပ်နေတဲ့ ကြူရှီယာက သူ့ဂါထာကိုရွတ်ပြီးတာကြာပါပြီ။ အခုအချိန်မှာတော့ ကျောက်တုံးကြီးဘေးမှာပျင်းရိစွာ လှဲလျောင်းနေပြီး သေးထွက်ကျမတတ်ကြောက်လန့်နေကြသော ကျောင်းသားတွေအားပြုံးကာကြည့်နေပါတယ်။
"......"
ဒါက ဘာအဓိပ္ပါယ်လဲ။ ဘယ်လိုအဆင့်မြင့်မှော်ဂါထာကို ဒီသာမန်မဟုတ်ကောင်ရွတ်လိုက်တာလဲ။
လူတစ်စုက ကျောက်တုံးပေါ်မှာလှဲနေတဲ့ ကြူရှီယာအား ထိတ်လန့်စွာနဲ့ ကြည့်လိုက်ကြပါတယ်။ အခြေအနေနဲ့ပတ်သတ်တာကို ဘာတစ်ခုမှမတွေ့ရဘဲ ကြူရှီယာကသစ်သီးတစ်လုံးထုတ်ကာ စားနေတာကိုပဲတွေ့လိုက်ကြပါတယ်။
"အားလုံးပဲ ဒီကိုလာကြပါ စနစ်တကျတန်းစီပါ ဖရိုဖရဲမလုပ်ကြပါနဲ့"
ပြိုင်ဖက်ကင်းအသံတစ်ခုက နောက်ဆုံးမှာတော့ထွက်ပေါ်လာပါတယ်။ အလင်းဒိုင်းနှစ်ခု ဆုံဆည်းရာနေရာမှာ အိတ်တစ်ခုကိုကိုင်ပြီး စပ်ဖြီးဖြီးနဲ့ရပ်နေတာကို တွေ့လိုက်ကြပါတယ်။
အလင်းဒိုင်းနှစ်ခုက လူတစ်ယောက်သွားစရာနေရာရှိအောင် ဟသွားတာကိုလည်းတွေ့လိုက်ကြပါတယ်။
"....."
လူအားလုံး ပြောစရာစကားမရှိဖြစ်သွားပါတယ်။ သူတို့အားလုံး စိတ်နဲ့လူနဲ့ကပ်သွားကြပါပြီ။ ကြူရှီယာ ဒီတိရစ္ဆာန်ကောင်က ဘာအဆင့်မြင့်မှော်ဂါထာမှ ရွတ်နေတာမဟုတ်ဘဲ ဟန်ရေးပြနေတာပဲ။
ဟင့်..ဟင့်..ရွှတ်..ဒီလိုနောက်ပြောင်ဖို့ထိ လိုလို့လားဟင်။ ဘောင်းဘီထဲသေးပေါက်ချမိမတတ်ကို သူတို့ကြောက်လန့်ခဲ့ရတယ်လေ။
တန်နာဇီနဲ့အနီးဆုံးက ဓားသမားတစ်ယောက်က လိုက်နာစွာပဲထွက်ပေါက်ရှိရာကို သွားလိုက်ပါတယ်။ သူက နှိုင်းသူမဲ့တဲ့မိစ္ဆာအပြုံးပိုင်ရှင် တန်နာဇီအားတစ်ချက်ကြည့်လိုက်ပါတယ်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး ထွက်ပေါက်ကနေထွက်သွားလိုက်ပါတယ်။
ဒါပေမဲ့လည်း အပြင်မရောက်ခင်မှာဘဲ သူ့ခေါင်းက မာကျောတဲ့တစ်ခုခုနဲ့တိုက်မိလိုက်ပါတယ်။
သူ့ခေါင်းကိုသူပွတ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်ပါတယ်။ တန်နာဇီဟာ အုတ်ခဲတစ်ခုအား တစ်ခြားလက်တစ်ဖက်နဲ့ကိုင်ထားတာကို တွေ့လိုက်ရပါတယ်။
"ဘုရားရေ...မင်းတံဆိပ်လေ"
တန်နာဇီက အိတ်ကိုင်ထားတဲ့သူ့လက်ကို ဓားသမားရှေ့မှာလှုပ်ပြလိုက်ပါတယ်။
ဓားသမား ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။
"အခု ဘယ်လိုလုပ်မှာလဲ"
တန်နာဇီက အုတ်ခဲကိုင်ထားတဲ့လက်ကို ဝှေ့ယမ်းပြလိုက်ပြန်ပါတယ်။
"......"
ဓားသမားဖြစ်သူ ငိုချင်သော်လည်း ကျစရာမျက်ရည်မရှိဖြစ်သွားပါတယ်။ သူ့ရင်ဘတ်ကတံဆိပ်ကိုဖြုတ်လိုက်ပြီး တန်နာဇီလက်ထဲကအိတ်ထဲကိုထည့်ပေးလိုက်ကာ သူ့မျက်ရည်တွေကိုဖုံးကွယ်လိုက်ကာ ထွက်ပြေးသွားပါတယ်။
ပထမဆုံးတစ်ယောက်ရဲ့ နမူနာကိုကြည့်လိုက်ပြီး ကျန်သူအားလုံးလည်း ဘာလုပ်ရမယ်ဆိုတာကို သိလိုက်ကြပါတယ် အဲ ငတုံးမဟုတ်ရင်ပေါ့လေ။
တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါက်ကနေပြီး ကျောင်းသားတွေထွက်သွားကြကာ တန်နာဇီလက်ထဲကအိတ်ထဲကိုလည်း တံဆိပ်တွေထည့်သွားကြပါတယ်။
သူတို့မခုခံချင်လို့မဟုတ်ပါဘူးနော် ခုခံနေလည်းအလကားဖြစ်မှာပါပဲ။ ကြူရှီယာကို သူတို့မတိုက်ခိုင်နိုင်ဘူး ၊ ယန်းရှီဆီကနေလွတ်အောင် သူတို့မပြေးနိုင်သလို၊ အားလုံးထွက်ပြေးမယ်ဆိုရင်လည်း ယန်ယုရဲ့ အလင်းဒိုင်းနဲ့သူတို့ ထိခိုက်တိုက်မိကြမှာဖြစ်ပါတယ်။
အဲ့လောက်ကြီး အနိုင်မကျင့်ကြပါနဲ့လား။
သူတို့ဘယ်တော့မှ ထပ်မကစားတော့ဘူးမှတ်။
ခုခံနိုင်စွမ်းမရှိတဲ့ ဒီကျောင်းသားတွေဟာ အတင်းအကြပ်ပြည့်တန်ဆာလုပ်ခိုင်းခံရတဲ့ မိန်းမလှလေးတွေလိုမျိုး ရိုကျိုးစွာနဲ့ပဲ သူတို့ရဲ့တန်ဖိုးအရှိဆုံး စိတ်ဓာတ်အား တန်နာဇီ တိရိစ္ဆာန်ကောင်ရဲ့ အိတ်ထဲကိုထည့်ပေးကြလိုက်ပါတယ်။
ရှန်ယန်ရှောင်ဟာ စိတ်ဓာတ်ကျဆင်းစွာနဲ့ထွက်ခွာသွားကြတဲ့ ကျောင်းသားတွေရဲ့ နောက်ကျောတွေကိုကြည့်နေလိုက်ပါတယ်။ သူမဟာ အရှက်မရှိစပ်ဖြီးဖြီးဖြစ်နေတဲ့ အိတ်ကိုင်ထားတဲ့တန်နာဇီနဲ့ အရှက်မဲ့လူလိမ်ကောင်အားလှမ်းကြည့်လိုက်ကာ တိတ်ဆိတ်စွာတွေးလိုက်မိပါတယ်။
သူမကမှ သိက္ခာရှိသေးတယ်။ ဒီသိက္ခာသမာဓိမရှိ ကိုယ်ကျင့်တရားမဲ့လှတဲ့ တိရိစ္ဆာန်ကောင်တွေနဲ့စာရင် သူမရဲ့စောရအလုပ်က ပိုပြီးတော့နန်းဆန် ပိုပြီးတော့နန်းထိုက်တော်ဝင်လှပါပေတယ်။
မျိုးနွယ်စုကြီးငါးစုက ဒီသခင်လေးတွေအနေနဲ့ ဘယ်လိုလုပ်ပြီး ဓားပြအလုပ်ကိုကျွမ်းကျင်ပိုင်နိုင်စွာလုပ်နိုင်ကြတာလဲ။
ဒီကောာင်တွေက တစ်ကယ့်ဓားပြမိသားစုတွေကနေပေါက်ဖွားလာတာလို့တော့ သူမကိုလာမပြောပါနဲ့နော်။
သူမစိတ်ထဲကနေ လေးကောင်လုံးကို သရော်လိုက်ပြီး တန်နာဇီအိတ်ထဲက တံဆိပ်အားလုံးကို သူမလက်စွပ်ထဲကိုပြောင်းထည့်လိုက်ပါတယ်။
သူမတစ်ခုခုကိုတွေးမိလိုက်ပြီး အသီးစားနေတဲ့ ကြူရှီယာဖက်လှည့်ကာ မေးလိုက်ပါတယ်။
"ဘာမှော်ဂါထာကို မင်းရွတ်ခဲ့တာလဲ"
သူမအနေနဲ့ ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲသွားတာကို သိသာစွာခံစားခဲ့ရပြီး ရေခဲနဲ့နှင်းအတတ်ကို ကြူရှီယာသုံးတုန်းကတောင် အခုလိုမခံစားမိခဲ့ပါဘူး။
ကြူရှီယာက ရှန်ယန်ရှောင်အား ပြုံးပြလိုက်ကာ ဖြည်းညင်းစွာပြောလိုက်ပါတယ်။
"သိချင်တယ်ပေါ့"
အဓိပ္ပါယ်မရှိတာ။ မသိချင်မှတော့ ဘာလို့သူ့ကိုမေးနေမှာလဲ။