အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၆)
ကြူရှီယာလည်း မရွှင်မပျဖြစ်သွားတဲ့ ရှန်ယန်ရှောင်မျက်နှာသေးသေးလေးအား ကြည့်လိုက်ကာရယ်လိုက်မိပါတယ်။
"လှည့်စားခြင်းအတွက်လေကွာ နောက်ပြီး ငါကမှော်ဂါထာရွတ်ဖို့ တစ်ကယ်လိုလို့လား"
"....."
သူမအနေနဲ့ မှော်ဆရာပညာရပ်ကို နားမလည်ခဲ့ရင်တောင်မှပဲ မှော်အတတ်အသုံးပြုဖို့ရာ ဂါထာရွတ်ရသေးတယ်ဆိုတာကိုတော့ နားလည်ပါသေးတယ်။ သူက ဘယ်သူ့ကိုလိမ်ချင်နေတာလဲ။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ စာမေးပွဲမှာပါဝင်သူတွေထဲကနေ ဖြေဆေးဖော်စပ်နိုင်တဲ့ ဆေးကျောင်းသားတွေပေါ်ထွက်လာခဲ့တာကြောင့် တစ်ကယ့်တိုက်ပွဲက ဒီအချိန်ကနေစတင်ပါတော့တယ်။ တောင့်တင်းတဲ့အသင်းတွေဟာ သူတို့ရဲ့မူလစွမ်းအားတွေပြန်ရလာတာနဲ့ တိုက်ပွဲထဲမှာအသာစီးရလာပါတယ်။
တံဆိပ်အတွက် ပြင်းထန်တဲ့တိုက်ပွဲတွေကို ဆင်နွှဲတဲ့အသင်းတွေများများလာပါတယ်။ တိုက်ပွဲအလယ်မှာ ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားတွေကို စာမေးပွဲကနေသယ်ထုတ်သွားရတာလည်း တိုးတိုးလာပါတယ်။
ရှန်ယန်ရှောင်ကတော့ ဒါကို စိတ်ထဲသိပ်မထည့်ထားပါဘူး။
ကြူရှီယာနဲ့အဖွဲ့ကတော့ မြေထိုးစက်ကဲ့သို့ပဲ ဆက်လက်အောင်မြင်နေဆဲပါပဲ။
ခုနှစ်ရက်ကြာမြင့်တဲ့စာမေးပွဲမှာ ငါးယောက်အဖွဲ့ရဲ့ရရှိပိုင်ဆိုင်ထားတဲ့ တံဆိပ်စုစုပေါင်းက ကြောက်ခမန်းလိလိဖြစ်ဖွယ် ခုနှစ်ရာအထိရောက်ရှိသွားပါတယ်။ ဒါဟာ သူတို့လက်ချက်မှာခံစားခဲ့ရပြီး စာမေးပွဲကနေထွက်ခွာခဲ့ရသူပေါင်း ခုနှစ်ရာရှိတယ်ဆိုတာပြလိုက်တာပါပဲ။
စာမေးပွဲမပြီးခင်အထိ ရှန်ယန်ရှောင်ဆီမှာ တံဆိပ်ပေါင်း ၇၈၂ခုရောက်ရှိနေပါပြီ။
ခုနှစ်ရာကျော်ရှိတယ်ဆိုတော့ တစ်ယောက်ချင်းစီကို အညီအမျှခွဲပေးလိုက်ရင် တစ်ယောက်ကိုတံဆိပ်တစ်ရာကျော် ရကြမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
စာမေးပွဲပြီးဆုံးချိန်မှာတော့ ခေါင်းလောင်းသံဟာ တစ်တောလုံးကိုပျံ့နှံ့သွားပါတယ်။ ခုနှစ်ရက်တိုင်အောင် ကြောက်လန့်နေခဲ့ကြရတဲ့ကျောင်းသားတွေကတော့ သက်ပြင်းမောတွေချလိုက်ကြပါတယ်။
သက်ဆိုင်ရာအဖွဲ့အသီးသီးရဲ့နည်းပြတွေကတော့ သူတို့အဖွဲ့တွေကိုရှာဖွေပြီး အနက်ရောင်သစ်တောထဲကနေ ခေါ်ထုတ်သွားပါတယ်။
ရှန်ယန်ရှောင်တို့အဖွဲ့ရဲ့ တာဝန်ကျနည်းပြက နည်းပြလင်းယူပဲဖြစ်ပါတယ်။ လူငါးယောက်ဆီမှာ တံဆိပ်အမျိုးမျိုးချိတ်ဆွဲထားတာကိုတွေ့လိုက်ရတဲ့ နည်းပြအိုကြီးလင်းယူဟာ ပျော်ရွှင်ကျေနပ်နေတဲ့အမူအယာ ဖြစ်ပေါ်သွားရပါတယ်။
ငါးယောက်အဖွဲ့ဟာ လင်းယူနောက်ကိုလိုက်ပြီး စခန်းချရာဆီရောက်ရှိလာပါတယ်။ စခန်းဝင်ပေါက်ကိုခြေချကာရှိသေးပေမယ့် မျက်လုံးပေါင်းစုံကနေပြီး သူတို့ငါးယောက်ဆီအကြည့်ရောက်လာတာကို ခံလိုက်ရပါတယ်။
"အဲ့ဒါ ကြူရှီယာလား"
ပါးစပ်ဖွာတဲ့လေးသည်တော်ကျောင်းသားတစ်ယောက်က တစ်ဖွဲ့တည်းက မှော်ဆရာဖြစ်သူကို လေသံလေးနဲ့တီးတိုးမေးလိုက်ပါတယ်။
"အဲ့ဒါသူပဲလေ မှော်ဌာနရဲ့ဆရာကြီးပေါ့။ စာမေးပွဲလုပ်တုန်းမှာ ငါကြားခဲ့ရတာက သူတို့အဖွဲ့ဆေးဒဏ်ကြောင့် အင်အားနည်းနေချိန်မှာ ကျောင်းသားအဖွဲ့တွေက သူတို့အဖွဲ့ကိုနှိပ်ကွပ်ခဲ့တယ်တဲ့။ ရလာဒ်ကတော့ သူတို့တစ်တွေစာမေးပွဲကနေ အထုတ်မခံခဲ့ရဘူး။ အဲ့နောက်တော့ အဲ့ကောင်တွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ သင်ခန်းစာကောင်းကောင်းပေးခဲ့တယ်လေ"
မှော်ကျောင်းသားက အတိုချုံးပြောပြလိုက်ပါတယ်။
"ငါကြားခဲ့တာက ကြူရှီယာကနေပြီး အကြီးတန်းမှော်အတတ်ဖြစ်တဲ့ ရေခဲနဲ့နှင်းဂါထာကိုသုံးပြီး လူတစ်ရာလောက်ကိုရေခဲရိုက်ပေးလိုက်တယ်ဆိုတာပဲ အဲ့ဒါဟုတ်သလား"
စပ်စုလိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကလည်း စကားဝိုင်းထဲဝင်လာပါတယ်။
"မဖြစ်နိုင်တာကွာ ကြူရှီယာက အခုမှကျောင်းသားပဲရှိသေးတာကို။ တတိယနှစ်ကျောင်းသားတွေထဲမှာတောင် ဘယ်သူမှ အကြီးတန်းအဆင့်ကိုမရောက်ကြသေးဘူးဟ။ သူကအခုမှ ၁၆နှစ်ပဲရှိသေးတာကို ဘယ်လိုလုပ်ပြီး အကြီးတန်းမှော်ဆရာဖြစ်နိုင်မှာလဲ"
လေးသမားက သူကြားလိုက်တဲ့စကားကို လက်ခံဖို့ရာခက်ခဲနေတာကို တွေ့လိုက်လို့ဝင်ပြောလိုက်တာပါ။
"မင်းမယုံဘူးဆိုတာဟာ မင်းအသိခေါက်ခက်အဝင်နက်တာဆိုတဲ့သဘောပဲ။ ဘာကမဖြစ်နိုင်ရမှာလဲ။ ကြူရှီယာကျောင်းကိုစရောက်တာနဲ့ တစ်ယောက်တည်းနဲ့ တတိယနှစ်ကျောင်းသားတွေထဲက သန်မာတဲ့ကျောင်းသားတွေကို နောက်ကောက်ချခဲ့တာပဲ။ သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေတဲ့ ကျောင်းသားကြီးတွေအားလုံး သွေးထွက်သံယိုဖြစ်ခဲ့ကြတာပဲလေ"
မှော်ကျောင်းသားက ဂုဏ်ယူစွာပြောလိုက်ပြီး ရင်ကော့လိုက်ပါတယ်။ သူတို့ဌာနမှာ အခုလိုထက်မြက်လှတဲ့ကျောင်းသားရှိနေတဲ့အတွက် သူ့မျက်နှာကတောက်ပနေပါတယ်။
"အကြီးတန်းမှော်ဆရာကို ဒီအသက်အရွယ်နဲ့ဖြစ်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူးကွာ"
လေးသမားက မယုံသေးပါဘူး။
"ဟေး မင်းဘာလို့ ဒီလောက်တစ်ဖက်ပိတ်နေရတာလဲ။ ပြန်သယ်လာခဲ့ရပြီး အခုထက်ထိကုသခန်းထဲမှာ လဲနေကြရတဲ့ ကြူရှီယာရဲ့ရေခဲရိုက်တာကို ခံခဲ့ရတဲ့ကျောင်းသားတွေကို သွားမေးလိုက်လေ"
မှော်ဆရာက ဘဝင်မြင့်စွာနဲ့ပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၇)
" နောက်ပြီးငါမင်းကို ထပ်ပြောလိုက်ဦးမယ် ကြူရှီယာက ရေခဲနဲ့နှင်းဂါထာကို သုံးနိုင်ယုံတင်မကသေးဘူး သူအဲ့ဂါထာကိုမရွတ်ဘဲနဲ့တောင် သုံးနိုင်သေးတယ်ကွ"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟ"
"ဘာလို့မဖြစ်နိုင်ရမှာလဲကွ။ ငါပြောတာကိုမယုံရင် သူ့ကိုကိုယ်တိုင်သာသွားမေးလိုက်တော့ကွာ"
"ကြောက်စရာပဲဟေ့ ကြောက်ဖို့ကောင်းလွန်းတယ်"
"အဲ့ဒါက ငါတို့မှော်ဌာနက အတော်ဆုံးကျောင်းသားလေကွာ ကြောက်ဖို့ကောင်းမှာပေါ့ ဟင်း။ မိုးနတ်မင်းကြီးရယ်။ သန်မာတယ်ဆိုတာ ဒါမျိုးကိုပြောတာပဲကွ မင်းကိုပြောလည်းနားလည်မှာ မဟုတ်ပါဘူးကွာ"
"ရိုး အဲ့ဒါ မှော်ဌာနကအတော်ဆုံးကျောင်းသားပေါ့လေ။ ငါကြားတာကတော့ ငါတို့ဌာနရဲ့အတော်ဆုံးကျောင်းသားယန်ယုကသာ အလင်းဒိုင်းကြီးနဲ့ကာကွယ်မပေးခဲ့ရင် ကြူရှီယာ သူ့မှော်အစွမ်းကိုပြချိန်တောင်ရမှာ မဟုတ်ဘူးဆို"
မှော်ကျောင်းသားကနေ သူ့ဌာနကအတော်ဆုံးကျောင်းသားအကြောင်း ကြွားနေတာကိုကြားနေရတဲ့ နတ်ဆရာကလည်းမနေနိုင်တော့ဘဲ ဝင်ပြောပါတော့တယ်။
"မင်းတို့မိသားစုထဲက အစွမ်းဆုံးသူကို ယန်ယုရဲ့အလင်းဒိုင်းကို ထိပ်တိုက်ရင်ဆိုင်ခိုင်းရဲသလား။ သေချာတာကတော့ အဲ့လူသာအားကုန်သွားမယ် ယန်ယုရဲ့အလင်းဒိုင်းကိုတော့ ခြစ်ရာထင်အောင်တောင်လုပ်နိုင်မှာ မဟုတ်ပါဘူးကွာ"
"မင်းတို့ကောင်တွေက ဟာသတွေပဲဟ။ မင်းတို့ဌာရဲ့ကောင်လေးတွေက ဘယ်လောက်ဟုတ်နေတာကျနေတာပဲ။ မြင်းမပါတဲ့စစ်သူရဲက မြင်းထက်တောင်မြန်အောင်ပြေးနိုင်တာကို မင်းတို့တွေ့ဖူးကြသလားဟမ်။ အဲ့ဒါ ငါတို့စစ်သူရဲဌာနရဲ့ အတော်ဆုံးကျောင်းသားပဲကွ။ သူကမင်းကိုတိုက်စရာတောင်မလိုဘူး မင်းဆီလမ်းလျှောက်လာတာနဲ့တင် မင်းသွေးအန်နေပြီ"
စစ်သူရဲကျောင်းသားကလည်း မနေနိုင်ဘဲ ဝင်ပြောပါတော့တယ်။
"ရို ရို ရို မှော်ဆရာတစ်ယောက်ကလည်း လမ်းလျှောက်ရုံနဲ့တင် မင်းကိုရေခဲဓားနဲ့သေအောင်သတ်နိုင်တယ်ဆိုတာကို ငါပြောရင်ကော မင်းယုံမလား ဟမ်"
"မင်းတို့မှော်ဆရာတွေ စွမ်းမစွမ်း ငါတို့ကိုပြလေ။ ငါတို့ဒိုင်းတွေကို မင်းရေခဲဓားနဲ့ခွဲနိုင်မခွဲနိုင် ကြည့်ရတာပေါ့ကွာ။ ဒီဒိုင်းက မင်းကိုသေအောင်ရိုက်ပုတ်လို့ရတယ်ကွ ဟင်း:"
" မင်းတို့နှစ်ယောက် ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေတာကိုလည်း ပြန်ကြည့်လိုက်ကြဦး။ နတ်ဆရာတစ်ယောက်ရဲ့ ကူညီမှုမရရင် မင်းတို့နှစ်ယောက်လုံးလည်း သေမှာပဲကို"
ဌာနသုံးခုကကျောင်းသားတွေက စကားနိုင်လုလာကြပြီး သူတို့ရဲ့အတော်ဆုံးကျောင်းသားတွေ ဘယ်လောက်စွမ်းလဲဆိုတာကို ငြင်းခုန်နေကြပါတော့တယ်။ နည်းပြတွေသာရှိမနေရင် စခန်းထဲမှာတင် အချင်းချင်းထသတ်တော့မယ့်ပုံပါပဲ။
လေးဌာနနဲ့ ဓားဌာနရဲ့ ကျောင်းသားတွေကတော့ ဘေးကနေပဲတိတ်တိတ်လေးနဲ့ ရှန်ယန်ရှောင်တို့ရဲ့ အောင်မြင်ကျော်ကြားတဲ့အဖွဲ့ကို ငေးကြည့်နေပြီးနောက် တဲထဲမှာထိုင်နေတာကြာလှပြီဖြစ်တဲ့ ချောင်းရှူနဲ့ မန်ယိဂျွန်တို့အား လှမ်းကြည့်လိုက်ကာ လက်ကိုင်ပုဝါတွေကို ပါးစပ်နဲ့ကိုက်ပြီးတော့ပဲ ကြေကွဲနေကြပါတော့တယ်။
သူတို့အားလုံးက အတော်ဆုံးကျောင်းသားချင်းအတူတူပဲကို တစ်ခြားဌာနတွေရဲ့ကျောင်းသားတွေကျ အသီးအပွင့်တွေဆွတ်ခူးနိုင်ခဲ့ပြီး သူတို့ဌာနကအတော်ဆုံးတွေကတော့ ဘာဖြစ်လို့စာမေးပွဲကနေ အရင်ဆုံးအထုတ်ခံရတဲ့အဖွဲ့ထဲပါခဲ့ရတာလဲ။
ချောင်းရှူအဖွဲ့ရဲ့ကျဆုံးမှုက အစောပိုင်းတည်းကစာမေးပွဲကနေ ထုတ်ခံခဲ့ရတဲ့ကျောင်းသားတွေရဲ့ ပါးစပ်ကနေပျံ့သွားတာကြာပါပြီ။ အသင်းကြီးတစ်ခုလို့ အားလုံးကနေသတ်မှတ်ထားကြတဲ့ အသင်းကအစောဆုံးကျဆုံးခဲ့တာကို လူတိုင်းလိုလို မယုံနိုင်ခဲ့ကြပါဘူး။
အနည်းဆုံးတော့ သူတို့အဖွဲ့မှာ ဌာနသုံးခုရဲ့အတော်ဆုံးကျောင်းသားသုံးယောက်ပါဝင်ပြီး တစ်ယောက်က ဒုတိယနေရာနဲ့ နောက်တစ်ယောက်က အဆင့်တစ်ဆယ်အတွင်းကကျောင်းသားဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး သူတို့အဖွဲ့က အရင်ဆုံးအထုတ်ခံရတဲ့အဖွဲ့ ဖြစ်ခဲ့ရတာလဲ။
တစ်ဖက်အဖွဲ့ကိုကြည့်လိုက်ရင် အတော်ဆုံးကျောင်းသားသုံးယောက်ပါတယ်ဆိုပေမယ့် နောက်ဆွဲနှစ်ယောက်ပါသေးတယ်လေ။ ဒါကိုတောင်မှ တစ်တောလုံးကိုအပြတ်ရှင်းနိုင်ခဲ့သေးတာပဲ။ ကြူရှီယာကိုယ်မှာတပ်ထားတဲ့ တံဆိပ်တွေကိုကြည့်ရုံနဲ့တင်ပဲ ဒီကောင်တွေမျက်စိကန်းလုနီးနီးဖြစ်နေပြီလေ။
ကြူရှီယာတို့တစ်တွေ လူအများရဲ့လေးစားကိုးကွယ်ခြင်းကို ရရှိလိုက်ပြီး ချောင်းရှူတို့ကတော့ မြောက်မြားစွာသောမျက်လုံးတွေရဲ့ ပြစ်တင်ခြင်းကိုခံစားနေရပါတယ်။
တဲထဲမှာရပ်နေတဲ့ချောင်းရှူဟာ တဲရဲ့ဟနေတဲ့နေရာကနေ ကြူရှီယာတို့အားကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်မိပါတယ်။ သူ့ကို ဓားဌာနကကျောင်းသားတွေ ဘယ်လိုဘယ်ပုံနဲ့ သရော်လှောင်ပြောင်ကြတော့မလဲဆိုတာကို သူခန့်မှန်းသိရှိလုနီးနီးပါပဲ။
စခန်းကိုပြန်ရောက်တည်းက ချောင်းရှူဟာတဲထဲမှာပဲ တစ်နေကုန်နေပြီး အပြင်မထွက်သလို တစ်ခြားသူတွေကိုလည်း အတွေ့မခံပါဘူး။ ဒီနေ့ကနောက်ဆုံးနေ့ဖြစ်လို့ စာမေးပွဲမှာပါဝင်တဲ့ ကျောင်းသားအားလုံးစခန်းကို ပြန်လာကြပါပြီ။ တဲထဲမှာနေရုံနဲ့ အပြင်မှာပြောဆိုနေတာတွေကို သူမကြားရဘူးလို့မဆိုလိုပါဘူး။
"အိုး..တအားရုပ်ပေါက်တာပဲကွာ။ မှော်၊စစ်သူရဲနဲ့ နတ်ဆရာဌာနရဲ့ အတော်ဆုံးကျောင်းသားတွေကိုကြည့်လိုက်စမ်း ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ။ နောက်ပြီးငါတို့ရဲ့အတော်ဆုံးကျောင်းသားကတော့ကွာ ကျက်သရေတုံးလိုက်ပုံများ"
ဓားသမားတစ်ယောက်က ပန်းသီးကိုကိုက်စားရင်းနဲ့ မကျေမနပ်ဖြစ်ကာပြောလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၈)
ချောင်းရှူနဲ့ ကြူရှီယာတို့နှစ်ယောက်လုံးက သက်ဆိုင်ရာဌာနရဲ့ အကောင်းဆုံး အတော်ဆုံးဆိုတဲ့အရာကို ကိုယ်စားပြုကြသူတွေပါ။ ဒီစာမေးပွဲမှာလည်း နှစ်ယောက်လုံးက ထိပ်တန်းအဖွဲ့နှစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြပေမယ့် ရလာဒ်ကတော့မတူညီခဲ့ပါဘူး။
ချောင်းရှူအဖွဲ့က ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရပြီး ကြူရှီယာအဖွဲ့ကတော့ သူတို့ရဲ့အောင်မြင်မှုကို လူအားလုံးကဝိုင်းပြီးသြဘာပေးတာကို ရရှိခဲ့ပါတယ်။
အဲ့ဒါကြောင့် ဓားနဲ့လေးဌာနတို့ကကျောင်းသားတွေဟာ မှော်ကျောင်းသားတွေရဲ့ထောင်လွှားမှုကိုမခံလိုတာကြောင့် မှော်ကျောင်းသားတွေရှေ့မှာလူလုံးမပြရဲကြပါဘူး။ ပုံမှန်အရတော့ သာမန်ကျောင်းသားတွေကိုမလှောင်ကြပေမယ့် အခုက ကြူရှီယာနဲ့ ချောင်းရှူကြားက ကွာဟမှုကကြီးလွန်းပါတယ်။ သူတို့မျက်နှာပြစရာရောရှိသေးလို့လား။
"ထိပ်ဆုံးနေရာကိုရတော့ရော ဘာဖြစ်သေးလဲ။ အဲ့လူသာကျောင်းကနေမထွက်သေးရင် ချောင်းရှူကထိပ်ဆုံးမှာရှိနေပါ့မလား။ အဲ့လောက်အတွေးခေါင်မနေစမ်းပါနဲ့"
"အဲ့ဒါ ဘယ်သူပြောတာလဲ။ အဲ့လူသာရှိနေသေးရင် ငါတို့လည်း အခုလောက်ထိမျက်နှာပျက်စရာလိုပါ့မလားဟ"
"ကျားမရှိတဲ့အချိန်မှာ မျောက်ကနေ ဘုရင်တက်လုပ်နေတာပဲလေ ငါတို့ဘာတတ်နိုင်လို့လဲ"
ရင်ဖွင့်ပြောဆိုနေသံတွေက ချောင်းရှူနားထဲဝင်ရောက်လာပါတယ်။ အံကိုတင်းတင်းကြိတ်လိုက်ပြီးတော့ တဲရှေ့ကနေဖြတ်လျှောက်သွားတဲ့ ကျောင်းသားတွေကိုသူစိုက်ကြည့်လိုက်ပါတယ်။ ဌာနတစ်ခုလုံးကကျောင်းသားတွေက သူ့ကိုပထမအဖြစ် အသိအမှတ်မပြုတာကို သူသိပြီးသားဖြစ်ပါတယ်။ သူဟာ ပထမနေရာလွတ်နေတာကိုအချောင်ရခဲ့တာလို့ ပြောဆိုခံခဲ့ရသလို အခုစာမေးပွဲရလာဒ်ကလည်း ဆိုးရွားစွာကိုထွက်ပေါ်လာခဲ့ပါတယ်။
"ချီးပဲ။ ငါသာအဲ့လိုမပြုစားခံခဲ့ရရင် အခုလိုမျိုးခံစားနေရမှာမဟုတ်ဘူး"
ချောင်းရှူ ဘာမှမလုပ်နိုင်ဘဲအံသာကြိတ်နေရပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ကန်းဆီထံကနေသူသိခဲ့ရတာဟာ တစ်ယောက်ယောက်ကနေသူ့ကို ကျိန်စာတိုက်ပြုစားခဲ့လို့တံဆိပ်တွေ ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုပါ။
ချောင်းရှူအနေနဲ့ ဆိုးရွားစွာကျဆုံးခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာမှာထိခိုက်သွားမှာ စိုးရိမ်တဲ့အတွက် ကန်းဆီက ကျိန်စာအကြောင်းကိုတိုးတိုးတိတ်တိတ်ပြောပြခဲ့ပြီး ဒီအကြောင်းကိုလည်း ဘယ်သူ့ကိုမှပြန်မပြောဖို့ သတိပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ချောင်းရှူရင်ထဲမှာက မုန်းတီးမှုတွေပဲရှိပါတယ်။ ဆင့်ခေါ်သူတွေသာ ကျိန်စာတိုက်နိုင်တယ်ဆိုတာကို သူကောင်းကောင်းသိပါတယ်။ ဒီကျောင်းသားတွေထဲမှာ ဆင့်ခေါ်သူကသူ့အကြောင်းကိုဖုံးကွယ်နေထိုင်နေပြီး အဲ့ကျောင်းသားကပဲ သူ့ကိုအခုလိုမျိုးဖြစ်အောင်လုပ်ခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။
အဲ့ဒီဆင့်ခေါ်သူကြောင့်သာမဟုတ်ရင် လူတွေကလည်း သူ့ကိုလှောင်ပြောင်ပြောဆိုနေကြမှာမဟုတ်ပါဘူး။
တစ်နေ့ကျရင် အဲ့ဒီဆင့်ခေါ်သူကို တွေ့အောင်ရှာပြီး တစ်စစီဖြစ်အောင်ဆွဲဖြဲပစ်ရမယ်။
ကန်းဆီထံကနေကြားသိရတဲ့အတိုင်းဆို အဲ့ဒီဆင့်ခေါ်သူက ဘယ်သူလဲဆိုတာကို နည်းပြတွေလည်းအခုထိမသိကြသေးပါဘူး။ သူတို့သိတာဆိုလို့ အဲ့ဒီကျောင်းသားက ကျောင်းသားတွေကိုတိုက်ခိုက်ပေမယ့် ထိခိုက်အောင်တော့မလုပ်ဘူးဆိုတဲ့အချက်ပါ။
အခုအချိန်မှာ နည်းပြအားလုံးက အဲ့ဒီဆင့်ခေါ်သူဘယ်သူလဲဆိုတာ သိရဖို့အတွက် ကြိုးစားရှာဖွေနေကြပါပြီ။
"ဆင့်ခေါ်သူတွေ အဲ့ဒီမကောင်းတဲ့ကောင်တွေက ကွမ်းမင်တိုက်ပေါ်မှာတစ်ကယ်ပဲ မရှိသင့်တာပါလား"
ချောင်းရှူ သူ့မျက်လုံးတွေကိုမှေးလိုက်ပါတယ်။ ကျောင်းသားတွေထဲမှာ သူ့ကိုချောက်ချခဲ့တဲ့ ဆင့်ခေါ်သူရှိနေတာကို သူသိပါတယ်။ အဲ့ရေမျောကမ်းတင်ကောင်ကို ရအောင်ဖော်ထုတ်ပြီး လူတွေအားလုံးသိအောင် သူလုပ်မှာပါ။ လူအားလုံးက အဲ့ကောင်ကို ရွံစရာအတတ်ကိုတတ်မြောက်သူအဖြစ်နဲ့ ဝိုင်းဝန်းတံတွေးထွေးအောင် သူလုပ်မယ်။
ချောင်းရှူတိတ်တိတ်လေးပဲ စိတ်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲ့ဒီဆင့်ခေါ်သူအကြောင်းကို သူရအောင်စုံစမ်းဖော်ထုတ်မယ်။ အဲ့ခွေးကောင်ကို သူ့ကိုရန်စခဲ့သူဟာ ဘယ်လိုခံစားရမလဲဆိုတာကို သိအောင်လုပ်ပြမယ်။
"ခွေးလိုကောင်ရေ မင်းသေမှာကိုသာ စောင့်နေလိုက်တော့"
"ဟပ်ချိုး"
ရှန်ယန်ရှောင် ရုတ်တရက်ထပြီးနှာချေလိုက်ပါတယ်။ စခန်းထဲကကျောင်းသားတွေရဲ့ ပြင်းထန်တဲ့ငြင်းဆန်ပြောဆိုနေတာတွေကိုကြည့်လိုက်ပြီး သူမဘေးက တန်ခိုးရှင်လေးဦးကိုကြည့်လိုက်မိပြန်ပါတယ်။
ဒီငြင်းခုန်မှုတွေကိုဖြစ်စေတဲ့ အဓိကလူသုံးယောက်ကတော့ သူတို့ဝန်းကျင်မှာဖြစ်နေတဲ့ ဆူပူသံတွေကိုဂရုမပြုမိဟန်နဲ့ လင်းယူနောက်ကနေ အေးအေးဆေးဆေးပဲလိုက်လာကြပါတယ်။