အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၆၉)
လင်းယူက ရှန်ယန်ရှောင်တို့အား နည်းပြတွေနေထိုင်တဲ့တဲဆီကိုခေါ်လာပါတယ်။ တဲထဲမှာက သူမမမြင်ဘူးသောမျက်နှာစိမ်းတွေအပြင် သူမသိတဲ့နှစ်ယောက်ကိုလည်း ရှန်ယန်ရှောင်တွေ့လိုက်ရပါတယ်။
ကန်းဆီနဲ့ နာကန်တို့က တဲထဲမှာရှိတဲ့ထိုင်ခုံပေါ်မှာတိတ်ဆိတ်စွာထိုင်နေကြပါတယ်။ သူမတို့ဝင်လာတာနဲ့ သူတို့နှစ်ယောက်ကတစ်ချက်မျက်လွှာပင့်ကြည့်လိုက်ပြီးတာနဲ့ သူတို့လက်ထဲကစာအုပ်ဆီကိုပဲအာရုံပြန်ရောက်သွားကြပါတယ်။
တစ်ခြားနည်းပြတွေဟာလည်း သူတို့အလုပ်နဲ့သူတို့ရှုပ်နေကြတာကြောင့် သူမတို့အပေါ်အာရုံမရှိကြပါဘူး။
လင်းယူက သူတို့အဖွဲ့သားငါးယောက်အား စိုက်ကြည့်နေပါတယ်။ စာမေးပွဲရလာဒ်တွေကပြီးလုနီးပြီဖြစ်ကာ ကျောင်းသားအများစုကတော့ ကျရှုံးခဲ့ကြပါတယ်။ အနက်ရောင်တောထဲမှာနေခဲ့တဲ့အချိန်ပေါ်မူတည်ကာ ကျောင်းသားတွေကိုအဆင့်ခွဲပေးမှာဖြစ်သလို တံဆိပ်တွေရယူနိုင်ခဲ့တဲ့ကျောင်းသားတွေကိုတော့ မတူညီတဲ့အဆင့်သတ်မှတ်ချက်နဲ့ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။
အဖွဲ့အနည်းငယ်ကတော့ ခုနှစ်ရက်တာအတွင်းမှာ အဖွဲ့သားတစ်ဦးလျှင်တံဆိပ်တစ်ခုနှစ်ခုလောက်သာ ရရှိနိုင်ခဲ့ကြပါတယ်။ အင်အားတောင့်တဲ့အဖွဲ့တွေသာလျှင် တံဆိပ်ဒါဇင်ခန့်ရရှိခဲ့ကြပါတယ်။ အဲ့ဒီအသင်းတွေဟာ ဖြေဆေးဖော်စပ်နည်းကိုအောင်မြင်ခဲ့ကြသူတွေဖြစ်ကာ စာမေးပွဲစတင်ပြီးရက်အနည်းငယ်အတွင်းမှာပဲ စွမ်းအားတွေပြန်လည်ရရှိပြီး တံဆိပ်တွေလိုက်လံရယူနိုင်ခဲ့ကြလို့လည်းဖြစ်ပါတယ်။ သို့သော်လည်း စွမ်းအားတွေပြန်ရပြီးချိန်မှာ အဖွဲ့အတော်များများမှာ မပြေလည်တဲ့ကိစ္စတစ်ချို့ဖြစ်ပေါ်ခဲ့ပါတယ်။
ဓားသမားတွေ မှော်ဆရာတွေက သူတို့ရဲ့အစွမ်းတွေအားကိုးနဲ့ရရှိခဲ့တဲ့ တံဆိပ်တွေထဲကနေအများစုကို သူတို့ဖာသာယူထားခဲ့ကြပြီး နတ်ဆရာတွေနဲ့ သမားတော်တွေကတော့ တံဆိပ်တစ်ခုနှစ်ခုသာရရှိခဲ့ကြကာ အညီအမျှခွဲဝေပေးတဲ့ အဖွဲ့ဆိုတာတော်တော်လေးနည်းပါးပါတယ်။
ဒီအဖွဲ့တွေဟာ ယာယီပေါင်းစည်းပြီးတွဲလုပ်ကြတာဖြစ်လို့ အဖွဲ့သားတွေမှာရင်းနှီးနွေးထွေးတဲ့ ခံစားချက်တွေမရှိကြပါဘူး။ တိုက်ခိုက်ရေးပညာရှင်တွေဖြစ်တဲ့ ဓားသမားတွေနဲ့ မှော်ဆရာတွေဟာ သူတို့ရဲ့မူလစွမ်းအားတွေ ပြန်လည်ရရှိပြီးတာနဲ့ ကူညီထောက်ပံ့ရေးပညာရှင်တွေဖြစ်သော နတ်ဆရာတွေနဲ့ သမားတော်တွေကိုဖြစ်နေကြအတိုင်း အနိုင်ကျင့်ခွဲခြားဆက်ဆံကြပါတယ်။ ဒါပေမဲ့လည်းသူတို့ကိုယ်တိုင်က မကျေနပ်သော်လည်းတုံ့ပြန်နိုင်စွမ်းမရှိကြလို့ ပေးသမျှနဲ့ရောင့်ရဲကြရပါတယ်။
ပိုဆိုးတာကတော့ နတ်ဆရာတွေနဲ့ သမားတော်တွေအတွက် ဘာတံဆိပ်မှမရဘဲ ထိုးကျိတ်ခြင်းကိုခံရတာတွေပါ။
အတိုပြောရလျှင်တော့ အဖွဲ့သားတွေရဲ့ပြဿနာတွေက နောက်ပိုင်းမှာပိုဆိုးလာပြီး ကုသခန်းကိုပို့ဆောင်ခံရတဲ့ကျောင်းသားတွေလည်း တိုးတိုးလာခဲ့ပါတော့တယ်။ ဒီအခြေအနေကိုတော့ နည်းပြတွေဟာတိတ်တဆိတ်နဲ့ မျက်မှောင်ကြုတ်နေခဲ့ကြပါတယ်။
လင်းယူရဲ့မျက်လုံးတွေက ကျောင်းသားငါးယောက်အပေါ်ကိုကျရောက်နေပါတယ်။ သူတို့အဖွဲ့မှာ မှော်ဆရာ ၊ စစ်သူရဲ ၊ နတ်ဆရာနဲ့ သမားတော်နှစ်ယောက်ပါဝင်ပါတယ်။ တစ်ကယ်တိုက်ခိုက်နိုင်သူတွေက ကြူရှီယာနဲ့ ယန်းရှီသာရှိပြီး ယန်ယုအနေနဲ့ကတော့ ဘယ်လောက်ပဲတော်တယ်ပြောပါစေ ထိုနှစ်ယောက်ကိုတော့ ယှဉ်နိုင်မှာမဟုတ်ပါဘူး။ တန်နာဇီနဲ့ ရှန်ယန်ရှောင်တို့ကတော့ ဒီနှစ်မှကျောင်းစတက်တဲ့ဆေးပညာကျောင်းသားသစ်တွေဖြစ်လို့ ဘာတိုက်ခိုက်ရေးအစွမ်းမှရှိမှာမဟုတ်ပါဘူး။
ကြူရှီယာနဲ့ ယန်းရှီကသာ တံဆိပ်အများစုကိုယူမယ်ဆိုရင်လည်း ကျန်သုံးယောက်အနေနဲ့ ဘယ်လိုမှငြင်းဆန်နိုင်မှာလည်းမဟုတ်ပါဘူး။
မျိုးနွယ်စုကြီးငါးစုရဲ့မျက်နှာကိုထောက်ထားရင်တောင် ယန်ယုနဲ့ တန်နာဇီသာညီတူညီမျှရနိုင်ဖို့များပါတယ်။ ရှန်ဂျူကဇာမဏီမျိုးနွယ်ရဲ့ လက်အောက်မျိုးနွယ်ခွဲကဖြစ်လို့ သူ့အတွက်တံဆိပ်တစ်ခုရဖို့ဆိုတာတောင် မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့လို့ စိတ်ဝင်စားစရာကောင်းတာတစ်ခုက သူတို့ငါးယောက်လုံးရဲ့ တံဆိပ်တွေကြည့်ရတာ အညီအမျှခွဲဝေထားပြီး ဘယ်သူကမှပိုယူထားဟန်မရှိပါဘူး။ လင်းယူတွေ့သလောက်ဆို အငယ်ဆုံးဖြစ်တဲ့ရှန်ဂျူဆီမှာက ကျန်လေးယောက်ထက် တံဆိပ်ပိုများပုံပါပဲ။
ဒါဟာ တစ်ခြားအဖွဲ့တွေမှာဆိုရင် ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပါပဲ။
အဖွဲ့ရဲ့အင်အားအနည်းဆုံးလူက တံဆိပ်ပိုရထားတယ်တဲ့လား။
ဒီလိုအဖြစ်မျိုးဖြစ်နိုင်ရတဲ့အကြောင်းက နှစ်ချက်ပဲရှိပြီး ပထမအချက်ကတော့ ရှန်ဂျူဆိုတဲ့ဒီကျောင်းသားက တစ်ကယ်တန်းမှာလျှို့ဝှက်ဖုံးကွယ်ပြီးနေနေတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး ဒုတိယအချက်ကတော့ ဒီအဖွဲ့ရဲ့လက်တွဲညီညီလုပ်ဆောင်မှုက ကျန်အဖွဲ့တွေထက်အများကြီးပိုသာနေတယ်ဆိုတဲ့ အချက်တို့ပဲဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၀)
အဖွဲ့ရဲ့အဖွဲ့သားလေးယောက်က အငယ်ဆုံးနဲ့အားအနည်းဆုံးဖြစ်တဲ့ အဖွဲ့သားလေးကိုဝိုင်းဝန်းဂရုစိုက်ကြပြီး သူ့ကိုတံဆိပ်တွေပိုပေးထားတယ်။
လင်းယူက ရှန်ယန်ရှောင်ရဲ့ လက်မောင်းသေးသေးလေးနဲ့ ခြေထောက်သေးသေးလေးကိုကြည့်လိုက်ပြီး ပထမအချက်ကိုချက်ခြင်းဖယ်ထုတ်လိုက်ပါတယ်။
ဒုတိယအချက်သာဖြစ်နိုင်ခြေရှိတော့တာဖြစ်ပြီး လင်းယူအနေနဲ့ ဒီအချက်ရဲ့ဖြစ်နိုင်ခြေကအလွန်ရှားပါးတာကို သိလိုက်ပါတယ်။
သိထားဖို့လိုအပ်တာက ဒီစစ်ဆေးမှုဟာ အဖွဲ့ထဲကလူငါးယောက်ရဲ့ နောက်တက်ရောက်ရမယ့် အတန်းတွေကိုခွဲခြားပေးမယ်ဆိုတဲ့အချက်ကိုပါ။ မတူညီတဲ့အတန်းတွေက မတူညီတဲ့သင်ခန်းစာတွေနဲ့ သင်ကြားပေးသွားမှာပါ။ ခရမ်းအတန်းကကျောင်းသားတွေသာ အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးဆိုတဲ့ အသိပညာအတတ်ပညာတွေကို သင်ယူနိုင်မှာဖြစ်ပြီး ဘယ်သူကမှအဲ့ဒီအခွင့်အရေးမျိုးကို တစ်ပါးသူဆီလက်လွှဲပေးချင်ကြမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း ကြူရှီယာတို့အဖွဲ့ရဲ့ လုပ်ဆောင်ပုံကအခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ ဒီငါးယောက်ကိုကြည့်လေလေ လင်းယူပိုပြီးကျေနပ်လာလေလေဖြစ်နေပါတယ်။ ကျောင်းအုပ်အိုးယန်က ဒီစာမေးပွဲကို မတူညီတဲ့ဌာနခွဲတွေရဲ့ကျောင်းသားတွေအကြားက ပူးပေါင်းလုပ်ဆောင်မှုကို စမ်းသပ်စစ်ဆေးဖို့လုပ်တာဖြစ်ပြီး ရှန်ယန်ရှောင်တို့အဖွဲ့ရဲ့ လုပ်ရပ်ကစစ်ဆေးပွဲရဲ့ရည်ရွယ်ချက်ကို ရရှိအောင်မြင်စေခဲ့ပါတယ်။
ကျေနပ်နှစ်သိမ့်နေတဲ့လင်းယူမသိတဲ့အချက်ကတော့ ရှန်ယန်ရှောင်ဆီမှာတံဆိပ်တွေပိုရှိနေရခြင်းက သူမက သူများတွေထက်ပိုအရှက်မဲ့လို့ဆိုတာကိုပါ။
"မင်းတို့တစ်တွေ ကောင်းကောင်းလုပ်နိုင်ခဲ့ကြတာပဲ နောက်ပြီးတော့လည်း စာမေးပွဲကပြီးပြီဖြစ်လို့ မင်းတို့အတွက်ရလာဒ်ကို သွားစစ်ဆေးလိုက်ဦးမယ်"
လူငါးယောက်ကိုကြည့်ပြီးပြောလိုက်တဲ့ လင်းယူမျက်နှာမှာအသိအမှတ်ပြုတဲ့ လက္ခဏာကိုတွေ့မြင်နိုင်ပါတယ်။
"တစ်ခြားကျောင်းသားတွေပြောပုံအရဆိုရင် မင်းတို့ကဖြေဆေးကို ဒုတိယညမှာဖော်စပ်နိုင်ခဲ့တာနော် ဟုတ်လား"
သူတို့ငါးယောက်ကိုဝေ့ကြည့်လိုက်တဲ့ လင်းယူမျက်လုံးထဲမှာ စူးရှထက်မြက်တဲ့သွင်ပြင်ရှိနေပါတယ်။ ဒီမေးခွန်းကိုမေးရတဲ့အကြောင်းကတော့ နာကန်ပြောခဲ့တာက ဆင့်ခေါ်သူကလင်းကီကိုထိန်းချုပ်ကာ သူ့ဆီကနေဖြေဆေးသုံးပုလင်းယူသွားတယ်ဆိုတဲ့ အချက်ကြောင့်လည်းဖြစ်ပါတယ်။
ဒီအဖွဲ့မှာလည်း စွမ်းအားကျဆေးသောက်ထားရသူက သုံးယောက်ရှိနေတာကြောင့် ပျောက်ဆုံးသွားတဲ့ဖြေဆေးပုလင်းအရေအတွက်နဲ့ တူနေတာလည်းရှိပါတယ်။
ဒါ့အပြင်လည်း သူတို့တွေရဲ့အချက်အလက်အရ ရှန်ယန်ရှောင်ရဲ့အဖွဲ့က ဖြေဆေးကိုအရင်ဆုံးဖော်စပ်နိုင်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါသေးတယ်။ သူတို့အဖွဲ့မှာဆေးကျောင်းသားနှစ်ယောက်ရှိတယ်ဆိုပေမဲ့ တန်နာဇီနဲ့ ရှန်ယန်ရှောင်တို့က ကျောင်းသားသစ်သာဖြစ်သလို ဘာဆေးပညာကိုမှလည်း မသင်ယူရသေးပါဘူး။ ဖြေဆေးကိုအချိန်တိုအတွင်းမှာ ရှာဖွေဖော်စပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဆေးပညာဌာနကနည်းပြတွေဆီကိုလည်း သူတို့မေးမြန်းစူးစမ်းပြီးပြီဖြစ်သလို သူတို့ပြောပုံအရ ရှန်ဂေါင်းရှောင်တစ်ယောက်သာ နှစ်ရက်အတွင်းမှာပဲဖြေဆေးဖော်စပ်နိုင်စွမ်းရှိတာပါ။
ဖြေဆေးသုံးပုလင်းကိုခိုးယူသွားသူကိုတွေ့တာနဲ့ ဆင့်ခေါ်သူကိုရှာတွေ့မှာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ရှန်ယန်ရှောင်အဖွဲ့က သံသယရှိစရာအကောင်းဆုံးဖြစ်နေပါတယ်။
"ဟုတ်ကဲ့"
လင်းယူရဲ့အမေးကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ကြူရှီယာကပြန်ဖြေလိုက်ပါတယ်။
လင်းယူပြောတာကိုနားထောင်ပြီးတာနဲ့ သူ့ရည်ရွယ်ချက်ကို ရှန်ယန်ရှောင်တန်းသိလိုက်ပါတယ်။ ဒါပေမဲ့ သူမရဲ့ကျိန်စာအတတ်က ပေါ်ထွက်သွားပြီဆိုတာကိုမသိသေးဘဲ လင်းယူအနေနဲ့ ဖြေဆေးသုံးပုလင်းခိုးသွားတဲ့လူကိုပဲ လိုက်ရှာနေတာလို့ သူမကတွေးထင်မိနေတာပါ။
လင်းယူခေါင်းတဆတ်ဆတ်ညိတ်လိုက်ကာ သူ့အကြည့်က တန်နာဇီနဲ့ ရှန်ယန်ရှောင်တို့ဆီကျရောက်သွားပါတယ်။
"အဲ့ဒါဆိုရင် ဖြေဆေးပုလင်းတွေကို ဘယ်သူဖော်စပ်ပေးခဲ့တာလဲ"
လင်းယူမေးလိုက်ပြန်ပါတယ်။
ရှန်ယန်ရှောင်ရင်ခုန်မြန်သွားပြီး သူမကိုယ်သူမ တစ်ခုခုလုပ်ရင်သေချာတွေးတောပြီးမှလုပ်ဖို့ ဆဲဆိုကြိမ်းမောင်းနေမိလိုက်ပါတယ်။ သူတို့တွေသူမကို ဖမ်းမိဖို့ရာ သူမတစ်ကယ်ပဲလုပ်မိခဲ့တယ်လေ။ သူမတို့အဖွဲ့က ပထမဆုံးဖြေဆေးဖော်နိုင်ခဲ့တဲ့သူဖြစ်မယ်လို့ သူမမတွေးမိခဲ့ဘူးလေ။ သူမကအစတုန်းကတော့ ကြူရှီယာတို့အနေနဲ့တစ်ခုခုလွဲနေတယ်လို့ ထင်သွားမှာစိုးလို့ ဖြေဆေးကိုချက်ခြင်းပေးခဲ့ဖို့အစီအစဉ် မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း တောထဲမှာခြေဦးတည့်ရာလျှောက်သွားနေတုန်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင်နဲ့ သူမရဲ့အဖွဲ့သားလေးဦးကို အခြေအနေမလှမပနဲ့ တွေ့ဆုံခဲ့ရတယ်လေ။ အဲ့ဒီလေးကောင်ရဲ့ပုံပျက်ပန်းပျက်ဖြစ်နေပုံကိုကြည့်ပြီး သူမရင်ထဲနေလို့မကောင်းဘူးဖြစ်သွားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၁)
အဲ့ဒါကြောင့်ပဲ သူမရဲ့မူလအစီအစဉ်ကို လက်လျှော့လိုက်ကာ သူတို့ကိုဖြေဆေးပေးခဲ့တာလည်း ဖြစ်ပါတယ်။
အကျိုးဆက်ကတော့ စိတ်နှလုံးနူးညံ့ခဲ့မှုကြောင့် ဟာကွက်တစ်ခုဖြစ်ပေါ်ခဲ့ရတယ်လေ။
ရှန်ယန်ရှောင်လက်ကို တင်းတင်းဆုပ်လိုက်မိပါတယ်။ ဟိုလေးကောင် တောင်စောင်းကနေခုန်ချခဲ့ပြီး သူတို့ရဲ့မူလကရှိတဲ့ သပ်ရပ်ခန့်ညားမှုတွေမရှိတော့တာကို တွေ့ခဲ့ရလို့ သူမစိတ်ထဲနေမထိထိုင်မသာဖြစ်ခဲ့ရပါတယ်။ ဒီတိရစ္ဆာန်တွေက သူမရဲ့မိသားစုဝင်တွေဖြစ်နေပြီးပြီလေ သူမတောင်မှအဲ့ကောင်တွေကို မရိုက်မနှက်ရသေးဘဲနဲ့ တစ်ခြားလူတွေက သူမမရိုက်ရသေးခင်မှာဘယ်လိုလုပ်ရိုက်နှက်နိုင်ရမှာလဲ။
အဲ့ဒါကြောင့်လည်း သူမက ပြတ်သားစွာနဲ့ပဲဖြေဆေးတွေကိုပေးခဲ့ကာ သူတို့ရဲ့နဂိုပုံစံပြန်ရစေကာ လက်စားပြန်ချေစေခဲ့တာလည်းဖြစ်ပါတယ်။
နောင်တလား...
ရှန်ယန်ရှောင် စိတ်ထဲမှာပဲ မချိပြုံးပြုံးလိုက်ပါတယ်။ သူမအနေနဲ့ တစ်စက်လေးတောင်မှ နောင်တမရဘူးဖြစ်နေပါတယ်။
သူမတွေ့ခဲ့ရတဲ့ စုတ်ပြတ်သတ်နေတဲ့ပုံစံတွေထက် အခုလိုမျိုး သူရဲကောင်းတွေဟန်ပန်နဲ့တွေ့ရတာကမှ သူတို့ရဲ့ပုံမှန်စတိုင်လို့ သူမတွေးမိပါတယ်။
ရှန်ယန်ရှောင်အနေနဲ့ လူမိခံဖို့အသင့်ဖြစ်နေပါပြီ။ အဆိုးဆုံးအနေနဲ့ သူမကို တော်ဝင်ရိုလန်ကျောင်းရဲ့ နည်းပြတွေကပြောဆိုဆုံးမတာကိုခံရုံပါပဲလေ။ ဘာပဲပြောပြော တစ်ခုခုခိုးတာလောက်နဲ့တော့ ကျောင်းကနေတော့မထုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား။
ဒါပေမဲ့လည်း နည်းပြတွေကို ဒီလိုမျိုးထပ်လုပ်ဖို့ မလွယ်တော့မှာကိုတော့ သူမ စိုးရွံ့နေမိပါတယ်။
ဘာပစ္စည်းပဲပျောက်ပျောက် အရင်ဆုံးအထင်ခံရမှာက သူမကိုပဲဖြစ်သွားတော့မှာပါ။
ရှန်ယန်ရှောင်အနေနဲ့ သူမရဲ့မလှမပဖြစ်တော့မယ့် အနာဂါတ်ကိုစိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိပါတယ်။ ကြူရှီယာက ရှန်ယန်ရှောင်နဲ့ တန်နာဇီကိုကြည့်လိုက်ပြီးတော့ ပြုံးရင်းနဲ့လင်းယူကိုပြန်ဖြေလိုက်ပါတယ်။
"ဖြစ်သင့်တိုင်းအတိုင်းပါပဲဗျ တန်နာဇီကဖော်ပေးခဲ့တာပါ"
"...."
ရှန်ယန်ရှောင် ခဏတာအေးခဲသွားပါတယ်။ သူမက ပြုံးနေတဲ့ကြူရှီယာကို အံ့အားသင့်စွာလှမ်းကြည့်လိုက်ပါတယ်။
သူမတုံ့ပြန်တာကိုမစောင့်ဘဲနဲ့ တန်နာဇီကလည်း ဝင်ပြောလိုက်ပြန်ပါတယ်။
"နည်းပြကြီးလင်းယူကို ဒီအကြောင်းပြောပြရမှာကတော့ ရှက်ဖို့ကောင်းပေမဲ့ တစ်ကယ်တမ်းကတော့ ကျွန်တော့်ကိုဆေးပညာသင်ကြားပေးခဲ့ဖူးတဲ့သမားတော်ကလည်း ဒီဖော်စပ်နည်းကို သင်ကြားပေးခဲ့ဖူးတယ်လေ အဲ့ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ ေြဆေးကိုအေးအေးဆေးဆေးဖော်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒါကညစ်ပတ်တာလို့တွက်လို့မရဘူးနော်။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော့်ရဲ့နေ့စဉ်လေ့ကျင်သင်ကြားမှုကြောင့် အခုလိုဖော်နိုင်ခဲ့တာလေ"
တန်နာဇီက သူ့ရဲ့ရလာဒ်ကောင်းကို လင်းယူကပယ်ဖျက်လိုက်မှာကိုကြောက်လို့ အကြောင်းပြချက်ကောင်းကောင်းနဲ့ ကာကွယ်လိုက်တာပါ။
လင်းယူတန့်ကနဲဖြစ်သွားပါတယ်။ သူထင်ထားခဲ့တာက ရှန်ဂျူကနေ ဖြေဆေးပေးခဲ့တာလို့ပါ။ ပြောရရင် လိပ်နက်မျိုးနွယ်ရဲ့သခင်တစ်ယောက်ဖြစ်တဲ့ တန်နာဇီအနေနဲ့ ဆင့်ခေါ်သူပညာကိုလိုက်စားချင်ရင်တောင် သူ့ဘိုးတော်က သူ့ခြေထောက်တွေကိုရိုက်ချိုးပြီး လမ်းကြောင်းတည့်အောင် ပြန်လုပ်ပေးမှာပါ။ ပြောချင်တာက သူ့အနေနဲ့ဆင့်ခေါ်သူပညာကို သင်ယူလို့မဖြစ်နိုင်ပါဘူး။
တစ်ချိန်တည်းမှာပဲ ရှန်ဂျူကလည်း ဇာမဏီမျိုးနွယ်ကဖြစ်ပေမယ့် လက်အောက်ခံမျိုးနွယ်ခွဲကဖြစ်လို့ သူ့အပေါ်မှာတော့သိပ်ပြီးအာရုံစိုက်တင်းကျပ်မှုတွေ ရှိမှာမဟုတ်ပါဘူး။ သူသာ တိတ်တိတ်လေးလေ့လာမယ်ဆိုရင် ဆင့်ခေါ်သူပညာရပ်ကို သူသင်ယူနေတာကို ဘယ်သူမှသိမှာမဟုတ်ပါဘူး။
ဒါပေမဲ့လည်း အခုကျတော့ ကြူရှီယာရော တန်နာဇီရောက ဖြေဆေးကိုတန်နာဇီလုပ်တာလို့ ဖြေလိုက်တော့ လင်းယူရဲ့မျှော်မှန်းတွေးဆချက်နဲ့ မကိုက်ညီတော့ဘူးဖြစ်သွားပါပြီ။
နောက်ပြီးတော့လည်း တန်နာဇီရဲ့စကားတွေထဲမှာ လွဲချော်နေတာတစ်ခုမှမရှိပါဘူး။ လိပ်နက်မျိုးနွယ်ရဲ့ သခင်လေးက ဆေးပညာဌာနကိုဝင်ရောက်ခွင့်ရဖို့အတွက် တတ်ကျွမ်းတဲ့သမားတော်ကိုရှာပြီး အချိန်အကြာကြီးဆေးပညာကို သင်ယူခဲ့တဲ့အကြောင်းကို လူတိုင်းသိထားကြပါတယ်။ ဒီဖော်စပ်နည်းကို သူတွေ့ခဲ့ဖူးတယ်လို့ပြောတာက ဖြစ်နိုင်ချေအများကြီးရှိတယ်လို့ ပြောနိုင်ပါတယ်။
လင်းယူမျက်မှောင်ကုတ်သွားပါတယ်။ မျိုးနွယ်ငါးစုက ဆက်တိုက်ဆိုသလို ပဋိပက္ခတွေဖြစ်နေကြပါတယ်။ ကြူရှီယာနဲ့ တန်နာဇီတို့အဖို့ ဇာမဏီမျိုးနွယ်ရဲ့ လက်အောက်ခံမျိုးနွယ်ခွဲကလူကို ကာကွယ်ပြောဆိုပေးစရာလည်းအကြောင်းမရှိပါဘူး။
ရှန်ယန်ရှောင်ရဲ့သေးကွေးတဲ့ကိုယ်လေးကိုကြည့်လိုက်ရင်း လင်းယူတွေးလိုက်တာက သူတို့တွေရဲ့ယူဆချက်ကအလွဲကြီးလွဲနေပြီလား ဆိုတာကိုပါပဲ။ နည်းပြတွေပြောပုံအရဆို ဆင့်ခေါ်သူက အလတ်တန်းအဆင့်ဆင့်ခေါ်သူတဲ့လေ ဒါပေမဲ့ ရှန်ဂျူက အသက်ဘယ်လောက်ရှိသေးလို့လဲ။
သူ့အသက်၁၃နှစ်လောက်နဲ့သာ အလတ်တန်းဆင့်ခေါ်သူဖြစ်ခဲ့မယ်ဆိုရင် သူ့အနာဂါတ်အောင်မြင်မှုက ပုံပြင်တွေဒဏ္ဍာရီတွေထဲကထက် အများကြီးသာလွန်သွားမှာပဲ။
ကြူရှီယာနဲ့ တန်နာဇီတို့ရဲ့ဖြေကြားချက်အရ လင်းယူစိတ်ထဲက သံသယတွေပျောက်ကွယ်သွားပါတော့တယ်။