← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၇၂)

လင်းယူက တန်နာဇီနဲ့ ရှန်ယန်ရှောင်တို့ကို ဝေခွဲရခက်စွာကြည့်လိုက်ပါတယ်။ သူ့သံသယတွေက လုံးဝအမြစ်ပြတ်ပျောက်မသွားသော်လည်း အရင်ကထက်တော့ တော်တော်ကြီးလျော့ပါးသွားပါတယ်။ ပြောရမယ်ဆို သူကိုယ်တိုင်လည်း ၁၃နှစ်သားအရွယ် အလတ်တန်းဆင့်ခေါ်သူ ပါရမီရှင်ဉာဏ်ကြီးရှင်တစ်ယောက်ရှိတယ်ဆိုတာကို မယုံကြည်ပါဘူး။ အဲ့လိုသာဆိုရင် သူတို့ကျောင်းအုပ်အိုးယန်ဟွမ်းယူထက် ပိုသာနေတာနဲ့မတူပေဘူးလား။

"တစ်ကယ်ပါပဲ လိပ်နက်မျိုးနွယ်ရဲ့သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ကိုက်ညီလှပါပေတယ်။ မင်းရဲ့နှစ်နှစ်တာအချိန်က အလကားမဖြစ်ခဲ့ဘူးပဲ"

လင်းယူက တန်နာဇီရဲ့အောင်မြင်မှုကို အသိအမှတ်ပြုလိုက်ပြီး သူတို့ပြောဆိုတာတွေကို လတ်တလောအတွက်လက်ခံလိုက်ပါတယ်။

တန်နာဇီက ဝံ့ကြွားစွာပြုံးလိုက်ပါတယ်။ သူ့ရင်ထဲမှာ အခုလိုချီးကျူးထောမနာပြုခံရတာအတွက် အပြစ်မကင်းတာမျိုးမခံစားရပါဘူး။

"မင်းတို့တွေ သူများတွေဆီကရထားတဲ့တံဆိပ်တွေကို ထားခဲ့ကြပြီး မင်းတို့တံဆိပ်တွေကိုတော့ ယူထားလိုက်ကြ။ မင်းတို့ရဲ့ရလာဒ်တွေက အဲ့ဒီတံဆိပ်တွေအပေါ်မှာမူတည်မှာပဲ"

လင်းယူရှင်းပြလိုက်တယ်။

လင်းယူပြောတဲ့အတိုင်း ရှန်ယန်ရှောင်နဲ့ ကျန်လေးယောက်တို့က သူတို့ရခဲ့တဲ့တံဆိပ်တွေကို ငွေပန်းကန်လေးခုအပေါ်မှာတင်လိုက်ကြပါတယ်။ တံဆိပ်တွေပေးအပြီးမှာ လင်းယူကစကားအနည်းငယ်ပြောပြီးတာနဲ့ သူတို့ကိုတဲထဲကနေထွက်ခိုင်းလိုက်ပါတယ်။

"မင်းတို့ ဘယ်လိုထင်လဲ"

ငါးယောက်ထွက်သွားပြီးတာနဲ့ လင်းယူက တဲထဲမှာရှိနေတဲ့နည်းပြတွေကို ကြည့်လိုက်ပြီးမေးလိုက်ပါတယ်။

အလုပ်များဟန်ဆောင်နေတဲ့ နည်းပြတွေအားလုံးက ဟိုငါးကောင်ပြောတာတွေကို သေချာအာရုံစိုက်နားထောင်နေကြတာဖြစ်ပြီး အခုအချိန်မှာတော့ အပြင်လူလည်းမရှိတော့လို့ သူတို့ဆက်ဟန်ဆောင်နေစရာလည်း မလိုတော့ပါဘူး။

"သူတို့ပြောတာတွေက အမှန်ဖြစ်ဖို့များတယ်"

နည်းပြတစ်ယောက်က စာအုပ်ကိုချလိုက်ပြီး လင်းယူဆီလှည့်ကြည့်လိုက်ရင်း ပြောလိုက်ပါတယ်။

"ဖြေဆေးဖော်စပ်နည်းက ခက်ခဲတယ်ဆိုပေမယ့် တန်နာဇီက ဆေးပညာဌာနကိုဝင်ခွင့်ရဖို့အတွက် အချိန်အကြာကြီးပြင်ဆင်ခဲ့ရတယ်ဆိုတာကိုလည်း ငါတို့အားလုံးသိပြီးသားပဲလေ။ ဖြေဆေးကနည်းနည်းရှုပ်တယ်ဆိုပေမဲ့ တစ်အားကြီးရှားပါးတဲ့အထဲမှာမပါဘူး။ သူ့ကိုဆေးပညာသင်ပေးခဲ့တဲ့နည်းပြကနေ ဒီဖြေဆေးအကြောင်းကိုသင်ပေးခဲ့တယ်ဆိုတာလည်း ဖြစ်နိုင်ဖို့များတာပဲ"

လင်းယူဘာမှမပြောဘဲ ကန်းဆီနဲ့ နာကန်တို့ဆီလှမ်းကြည့်လိုက်ပါတယ်။ စစ်ဆေးပွဲအတွင်း ဆင့်ခေါ်သူရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတဲ့အဖွဲ့တွေက သူတို့နှစ်ယောက်ရဲ့အဖွဲ့တွေသာဖြစ်ပါတယ်။ ဒီဆင့်ခေါ်သူအကြောင်းကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ သူတို့အနေနဲ့ဝင်ရောက်ပြောဆိုခွင့် အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။

ကန်းဆီက အစည်းအဝေးစားပွဲကနေထရပ်လိုက်ကာ ရှန်ယန်ရှောင်အပ်သွားတဲ့ တံဆိပ်တွေကိုကြည့်လိုက်ပါတယ်။ ခဏနေတော့ ကျန်တဲ့လေးယောက်ရဲ့ တံဆိပ်တွေကိုလည်းအာရုံစိုက်ကြည့်လိုက်ပါတယ်။

"ဒီတံဆိပ်တွေထဲမှာ ငါ့မှော်ကိုရှာလို့မတွေ့ဘူး"

တံဆိပ်တွေထဲမှာထည့်ထားတဲ့ သက်ဆိုင်ရာနည်းပြတွေရဲ့ မှော်တွေက သူတို့နဲ့နီးကပ်လာချိန်မှာ တုံ့ပြန်မှုရှိပါတယ်။ ကန်းဆီအနေနဲ့ တံဆိပ်တွေကိုစစ်ဆေးပြီးသော်လည်း ရင်းနှီးနေတဲ့မှော်အားကို မခံစားရပါဘူး။

ချောင်းရှူတို့ရဲ့တံဆိပ်တွေက ဒီတံဆိပ်တွေထဲမှာမပါဘူးဆိုတာ ရှင်းနေပါတယ်။

နာကန်လည်း စားပွဲဆီကိုသွားလိုက်ပါတယ်။ ကန်းဆီလုပ်တဲ့အတိုင်းပဲ သူလည်းတံဆိပ်တွေကို စစ်ဆေးလိုက်ပါတယ်။ အဖြေကတော့ကန်းဆီနဲ့ထပ်တူပါပဲ။

"နည်းပြလင်းယူအနေနဲ့ ရှန်ဂျူဆိုတဲ့ကျောင်းသားလေးကို သံသယဝင်နေတာများလားဟင်"

နာကန်အနေနဲ့ လင်းယူက ကြူရှီယာတို့အဖွဲ့ တဲထဲဝင်လာတည်းက ရှန်ဂျူလို့ခေါ်တဲ့တပည့်လေးကို အာရုံစိုက်နေတာကို သူခံစားမိပါတယ်။

လင်းယူ ခေါင်းညိတ်ပြလိုက်ပါတယ်။

"သူက သံသယဝင်စရာအကောင်းဆုံးပဲလို့ ငါတစ်ကယ်တွေးမိခဲ့တာပဲ။ ဘာလို့လဲဆိုတော့ သူတို့အဖွဲ့မှာက ဆေးကျောင်းသားနှစ်ယောက်ပဲရှိတယ်လေ။ လိပ်နက်မျိုးနွယ်ရဲ့သခင်လေးဖြစ်တဲ့ တန်နာဇီအနေနဲ့ ဆင့်ခေါ်သူပညာရပ်ကိုလေ့လာလိုက်စားဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ ကျန်တဲ့သုံးယောက်အတွက်လည်း အတူတူပဲကိုး။ ရှန်ဂျူကျပြန်တော့ ဇာမဏီမျိုးနွယ်ရဲ့ လက်အောက်ခံမျိုးနွယ်ခွဲကလာတာလေ။ သူ့အနေနဲ့ ဆင့်ခေါ်သူအတတ်ကို တိတ်တိတ်လေးသင်ယူနေတာဆိုရင် ဖြစ်နိုင်ခြေရှိတယ်လေ"

လင်းယူက တစ်ဖက်သတ်ကြီးတွေးတောပြီး သံသယဝင်နေတာလည်းမဟုတ်ပါဘူး တစ်ကယ်တန်းကလည်း တစ်ကျောင်းလုံးမှာဖြေဆေးကို အရင်ဆုံးဖော်စပ်နိုင်ခဲ့တဲ့အဖွဲ့က သူတို့အဖွဲ့ဖြစ်နေသလို ပျောက်သွားတဲ့ဖြေဆေးအရေအတွက်နဲ့ သူတို့အဖွဲ့ကလိုအပ်နေတဲ့ ဖြေဆေးအရေအတွက်က သွားတူနေတာတွေလည်းပါပါတယ်။

ကန်းဆီမျက်မှောင်ကုတ်လိုက်ပြီး မရေမရာတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

"ဒါပေမဲ့ သူက အခုမှ ၁၃နှစ်ပဲရှိသေးတာလေ။ သူကသံသယဝင်စရာအကောင်းဆုံးဖြစ်နေရင်တောင် သူ့အသက်ငယ်ငယ်လေးနဲ့ အလတ်တန်းဆင့်ခေါ်သူဖြစ်ဖို့ဆိုတာကလည်း မဟုတ်သေးဘူးထင်တယ်"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၇၃)

အလတ်တန်းဆင့်ခေါ်သူဟာ အလတ်တန်းမှော်ဆရာနဲ့ အဆင့်တူပါတယ်။ သူတို့ရဲ့မှော်ဌာနတစ်ခုလုံးမှာတောင် အသက်၁၃နှစ်နဲ့အလတ်တန်းမှော်ဆရာဖြစ်တဲ့သူ တစ်ယောက်မှမရှိပါဘူး။ ကြူရှီယာတောင်မှပဲ အသက်၁၄နှစ်မှသာ အလတ်တန်းမှော်ဆရာအဆင့်ကို စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။

သိထားသင့်တာက ကြူရှီယာရဲ့မှော်အတတ်မှာ အရည်အချင်းပါဝင်မှုက နှစ်တစ်ထောင်မှာတစ်ယောက်တွေ့ရခဲပါတယ်။ သူ့အရည်အချင်းနဲ့ဆိုရင် အိုးယန်ဟွမ်းယူနဲ့တောင် ပုခုံးချင်းယှဉ်လို့ရပါတယ်။

နောက်ပြီးတော့လည်း ဆင့်ခေါ်သူတွေအဆင့်တက်ဖို့က မှော်ဆရာတွေထက်ပိုခက်ပါတယ်။

ရှန်ဂျူကသာ တစ်ကယ့်ကိုပဲ အသက်၁၃နှစ်နဲ့ အလတ်တန်းဆင့်ခေါ်သူဖြစ်ခဲ့မယ်ဆိုရင် သူဟာ အိုးယန်ဟွမ်းယူထက်တောင် ပိုကြောက်ဖို့ကောင်းတယ်လို့ပြောတာနဲ့အတူတူပါပဲ။

ဒါကို ဉာဏ်ပါရမီရှိတယ်လို့ပြောရုံနဲ့တင်မရတော့ဘဲ သာမန်မဟုတ်တော့ဘူးလို့ပြောရမှာပါ။

လင်းယူ ရယ်သွေးသွမ်းလိုက်ပါတယ်။

"ငါအတွေးများသွားတာနေမှာပါလေ။ တစ်ကယ်တမ်းဆိုရင်တော့ ငါတို့ရထားတဲ့သတင်းအချက်အလက်တွေအရ ရှန်ဂျူကသာ သံသယဝင်စရာအကောင်းဆုံးဆိုပေမယ့် သူ့အသက်နဲ့ကျတော့လည်း မကိုက်ပြန်တော့ဘူး"

၁၃နှစ်သား အလတ်တန်းဆင့်ခေါ်သူတဲ့လား။ ဘယ်သူမှမယုံမှာကို သူတွေးမိပါတယ်။

"ဆက်ရှာကြတာပေါ့လေ။ အခုထိတံဆိပ်တွေမအပ်ရသေးတဲ့ ကျောင်းသားတွေတံဆိပ်တွေလာအပ်ရင် သဲလွန်စတစ်ခုခုတွေ့မလားစောင့်ကြည့်ကြတာပေါ့"

ဖြေဆေးအပြင် တံဆိပ်ဆယ်ခုကလည်း သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။

ကန်းဆီနဲ့ နာကန်တို့ခေါင်းညိတ်လိုက်ကြပါတယ်။ ထို့နောက်မှာတော့ နည်းပြတွေက သူတို့ရဲ့သက်ဆိုင်ရာကျောင်းသားတွေကို သွားခေါ်လာခဲ့ကြပြီး နာကန်နဲ့ ကန်းဆီတို့က တံဆိပ်တွေကိုတစ်ခုပြီးတစ်ခု စစ်ဆေးကြပါတော့တယ်။

သူတို့အားလုံးကိုပဟေဠိဖြစ်စေတာကတော့ ကျောင်းသားအားလုံး စခန်းကိုပြန်ရောက်နေပြီဖြစ်ကာ တံဆိပ်တွေအပ်ပြီးကြသော်လည်း အဖွဲ့နှစ်ဖွဲ့ရဲ့တံဆိပ်တွေကိုရှာမတွေ့သေးတာကိုပါပဲ။

"ကြည့်ရတာတော့ ပေါ်သွားမှာစိုးတာနဲ့ ဆင့်ခေါ်သူကသတိထားပြီး အလုပ်လုပ်ဟန်ပဲ"

တစ်နေ့လုံးစစ်ဆေးနေရတဲ့ ကန်းဆီက စိတ်ပင်ပန်းနေပြီး ထိုင်ခုံမှာထိုင်ကာ ညောင်းညာကိုက်ခဲနေတဲ့မျက်ရိုးတွေကိုပွတ်နေပါတယ်။

"ငါတို့တွေးထင်တာများ မှားနေတာဖြစ်နိုင်မလား။ အဲ့ဒီလူရဲ့ရည်ရွယ်ချက်က ငါတို့ကိုအာရုံလွဲစေဖို့အတွက် လုပ်တာဖြစ်ပြီး တံဆိပ်တွေကိုလိုချင်တာမဟုတ်ဘဲ ဖြေဆေးကိုပဲလိုချင်တာဖြစ်နေမလား"

နာကန်လည်းပင်ပန်းနေပါပြီ။ တံဆိပ်ထောင်ချီကို စစ်ဆေးပြီးတဲ့အခါ ရူးသွားတော့မလိုခံစားနေရပါတယ်။

"အဲ့အချက်လည်း ဖြစ်နိုင်တာပဲ"

လင်းယူ ခေါင်းညိတ်ရင်းပြောလိုက်ပါတယ်။ သူ့အနေနဲ့ ဒီသဲလွန်စနှစ်ခုအပေါ်မှာပဲ မှီခိုလွန်းအားကြီးနေခဲ့ပါတယ်။ သူယုံထားခဲ့တာက ဆင့်ခေါ်သူဟာ တံဆိပ်ဆယ်ခုကိုယူသွားခဲ့တဲ့အပြင် ဖြေဆေးသုံးပုလင်းကိုလည်း အသုံးပြုခဲ့တယ်လို့ပေါ့။ ဒါပေမဲ့လည်း ဆင့်ခေါ်သူက အဲ့ဒါတွေကိုအသုံးချဖို့ စိတ်ကူးမရှိဘဲ သူတို့အားလုံးကို အာရုံပြောင်းချင်ရုံသက်သက်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခြားအတွေးတစ်ခုကို သူတို့ပြောင်းပြီးတွေးသင့်နေပြီလားမသိဘူး။

အဲ့လိုဆိုရင်ကျပြန်တော့လည်း အဲ့လူအနေနဲ့ ကျိန်စာအတတ်ကို စာမေးပွဲထဲမှာအသုံးချစရာ မလိုပြန်ပါဘူးလေ။ အဲ့လူကသာ ကျိန်စာအတတ်ကိုမသုံးခဲ့ရင် ဘယ်သူကမှ သူရှိနေတာကိုသိကြမှာလည်း မဟုတ်ပါဘူး။

ဒါက အဓိပ္ပါယ်မရှိဘူး...ဒါလည်းအဓိပ္ပါယ်မရှိပြန်ဘူး...ဘာမှအဓိပ္ပါယ်မရှိဘူးဖြစ်နေပါပြီ။

နည်းပြအုပ်စုဟာ မြူတောထဲရောက်နေသလိုမျိုးနဲ့ တစ်ခုခုကိုဖမ်းဆုပ်မိပြီထင်နေသော်လည်း တစ်ကယ်တန်းကျဘာကိုမှ မဖမ်းဆုပ်မိသေးပုံပါပဲ။

"ကောင်းပြီလေ။ ကျောင်းအုပ်က ဘယ်လိုကိုင်တွယ်မလဲပဲ ကြည့်ကြတာပေါ့။ ကျောင်းအုပ်ဆီကို ငါသတင်းပို့ပြီးပြီဖြစ်လို့ ကျောင်းအုပ်အနေနဲ့ ဖြေရှင်းဖို့တွေးထားပြီးပြီလို့ ငါယုံတယ်"

ဒီအချိန်မှာ ပြဿနာကိုဖြေရှင်းလို့ မရနိုင်မှတော့ လင်းယူအနေနဲ့ ပြဿနာကိုလတ်တလောမှာ ဘေးပို့ထားရုံပဲတတ်နိုင်ပါတယ်။

"အဲ့ဒါဟုတ်တယ်ဟေ့...အဆင့်ရလာဒ်တွေကတော့ ဘယ်လိုရှိလဲ။ ဒီနေ့ည အဆင့်သတ်မှတ်နိုင်အောင် သေချာလုပ်ထားကြနော်။ မနက်ဖြန်မနက်ရောက်ရင် ငါတို့ကျောင်းကိုပြန်မှာဆိုတော့"

လင်းယူက ရလာဒ်အတွက်တာဝန်ရှိတဲ့ ဆရာဒါဇင်ခန့်ကို မေးမြင်းလိုက်ပါတယ်။

ကျောင်းသားအရေအတွက်က ထောင်ကျော်တယ်ဆိုပေမယ့် မှော်ဆရာတစ်ယောက်ရဲ့အစွမ်းနဲ့ ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။

"နည်းပြကြီး..လင်းယူ ဒီနှစ်ရလာဒ်က..ကျွန်တော်တို့ ဘယ်လိုမှမဆုံးဖြတ်တတ်ဘူး"

"ဘာဖြစ်လို့လဲ"

လင်းယူ အံသြသလိုဖြစ်သွားပါတယ်။

နည်းပြဆရာတွေက ချက်ချင်းပဲ လင်းယူရှေ့ကို စစ်ဆေးချက်ရလာဒ်တွေကို ထုတ်ပြလိုက်ပါတယ်။ သူတို့တွေအားလုံး ငိုချင်နေသော်လည်း မျက်ရည်မထွက်ဘူးဖြစ်နေကြပါပြီ။

"ကျောင်းသားတစ်ဝက်ကျော်လောက်က စစ်ဆေးပွဲရဲ့တစ်ဝက်လောက်မှာတင် ကျရှုံးခဲ့ကြတယ်လေ ကြည့်ကြည့်လိုက်ပါဦး နည်းပြကြီးရယ်"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၇၄)

လင်းယူလည်း အချက်အလက်တွေကိုကြည့်လိုက်ပေမယ့် မှားယွင်းနေတာကို မတွေ့ပါဘူး။ နည်းပြတွေရဲ့မျက်နှာတွေက ဘာကြောင့်အခုလောက်ထိပျက်ယွင်းနေလဲဆိုတာကို တွေးမရပါဘူး။

"သူတို့ထွက်ခွာရတဲ့အချိန်ကွာခြားချက်အလိုက် အဆင့်သတ်မှတ်ပေးလိုက်ပါ"

နည်းပြတွေလည်းအချင်းချင်းကြည့်လိုက်ကြကာ စိတ်ဓာတ်ကျဆင်းလျက် ပြန်ပြောလိုက်ကြပါတယ်။

"ကျွန်တော်တို့လည်း အဲ့လိုလုပ်ချင်တာပေါ့။ ဒါပေမဲ့လည်း တစ်ချိန်တည်းမှာထွက်ခဲ့ရတဲ့ အဖွဲ့တွေရှိနေသေးတယ်။ နောက်ပြီးတော့လည်း အရေအတွက်ကရာဂဏန်းရှိနေတယ်လေ။ ကျွန်တော်တို့လည်း ဘယ်လိုအဆင့်ခွဲပေးရမလဲမသိတော့ဘူး"

ရာချီပြီးရှိတဲ့ကျောင်းသားတွေကို အဆင့်အတူတူသတ်မှတ်လို့ရပါ့မလား။

အဲ့လိုသာဆိုရင် ဌာနတိုင်းရဲ့ နောက်ဆုံးအတန်းတိုင်းမှာ ကျောင်းသားတွေပြည့်နေမှာကို သူတို့တွေးပူမိပါတော့တယ်။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"

လင်းယူလည်း ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ စာမေးပွဲအတွင်းမှာ ကျရှုံးတာကအဆန်းမဟုတ်ပေမယ့် တစ်ချိန်တည်းမှာပဲ ရာချီတဲ့ကျောင်းသားတွေ အတူတူထွက်ခဲ့ရတယ်ဆိုတာကတော့ ထူးခြားနေပါတယ်။

"နည်းပြကြီးမေ့ကောင်းမေ့သွားလို့နေမှာပါ။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့တွေအားလုံး တောထဲကိုခဏခဏသွားပြီး ကျောင်းသားတွေကိုခေါ်ထုတ်လာခဲ့ရတာပဲ မဟုတ်လား"

နည်းပြတစ်ယောက်က ကြေကွဲနေပုံနဲ့ ဝင်ပြောလိုက်ပါတယ်။

"ငါ မှတ်မိပါတယ်"

ဒီရက်ပိုင်းအတွင်းမှာ ရေခဲရိုက်ခံထားရတဲ့ကျောင်းသားအများကြီးကို သူတို့ရဲ့သက်ဆိုင်ရာနည်းပြတွေက ပြန်လည်သယ်ထုတ်လာရတာကို သူကောင်းကောင်းကြီးမှတ်မိနေပါတယ်။

"ဒီကိစ္စတစ်ခုလုံးကို နည်းပြကြီးရဲ့ ကျောင်းသားကောင်းလေး ကြူရှီယာလုပ်ခဲ့တာပဲလေ။ ဒီကျောင်းသားစုကြီးက ကြူရှီယာတို့ဘယ်နေရာမှာ ရှိနေတာလဲဆိုတာကို မသိကြဘူး။ ကြူရှီယာတို့ကပဲ သူတို့အားလုံးကို မျှားခေါ်လာပြီးတော့ လူအားလုံးစုံတာနဲ့ ကြူရှီယာက ရေခဲနဲနှင်းအတတ်ကို အသုံးပြုပြီး သူတို့အားလုံးကိုမိနစ်ပိုင်းအတွင်းမှာပဲ ရေခဲရိုက်ပေးခဲ့တာလေ"

အဲ့ဒီကျောင်းသားတွေအားလုံးက တစ်ချိန်တည်းမှာပဲ စာမေးပွဲကနေထွက်ခွာခဲ့ရလို့ သူတို့အတွက်အဆင့်သတ်မှတ်ချက်ကို ဘယ်လိုပေးရမလဲမသိဘူးဖြစ်နေကြတာပါ။

လင်းယူ ပါးစပ်ဟလိုက်ပါတယ်။ သူက ဆင့်ခေါ်သူအတွက်ကိုပဲ အာရုံစိုက်နေခဲ့လို့ စာမေးပွဲအတွင်းကတစ်ခြားကျောင်းသားတွေရဲ့ အခြေအနေကိုသေချာအလေးမထားခဲ့မိပါဘူး။

ဒါပေမဲ့...

ရေခဲနဲ့နှင်းမှော်အတတ်....

ဟာသတော့ လာမလုပ်စမ်းပါနဲ့။ အဲ့ဒါက အကြီးတန်းမှော်ဆရာတွေပဲ အသုံးပြုနိုင်တဲ့ အဆင့်မြင့်မှော်အတတ်တစ်ခုလေကွာ သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ သူက ဘယ်လိုလုပ်ပြီး အကြီးတန်းမှော်ဆရာ ဖြစ်လာတာလဲ။

"မင်းတို့ပြောတာက သေချာလားဟ"

လင်းယူ မယုံရေးချမယုံနိုင်ပါဘူး။ ကြူရှီယာက အလတ်တန်းမှော်ဆရာအဆင့်ကို အသက်၁၄နှစ်အရွယ်မှာရောက်ခဲ့ပေမဲ့ နှစ်နှစ်တည်းနဲ့ အလတ်တန်းအဆင့်ကနေ အကြီးတန်းအဆင့်ကိုရောက်ဖို့ဆိုတာကတော့ လူမဆန်တော့ပါဘူး။

လင်းယူကိုယ်တိုင်လည်း အလတ်တန်းကနေ အကြီးတန်းအဆင့်ကိုရောက်ဖို့အတွက် ခုနှစ်နှစ်ရှစ်နှစ်လောက်အားထုတ်ခဲ့ရပြီး သူ့ဆရာကိုယ်တိုင်ကတောင် သူ့ရဲ့အဆင့်တက်မြန်မှုအတွက် ချီးမွမ်းပြောဆိုခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

နှစ်နှစ်ပဲအချိန်ယူမယ်ဆိုတာကြီးက...

လောင်းရွှမ်တစ်ပြည်လုံးကိုရှာကြည့်ရင်တောင် အိုးယန်ဟွမ်းယူတစ်ယောက်သာ ဒီလိုအောင်မြင်မှုကိုရရှိနိုင်စွမ်းရှိတာပါ။

"ကျွန်တော်တို့အားလုံး လုံးဝကိုသေချာတယ်။ နောက်ပြီးတော့လည်း ကျောင်းသားတွေပြန်ပြောပုံအရဆို ကြူရှီယာက ရေခဲနဲ့နှင်းအတတ်ကိုသုံးချိန်မှာ ဘာဂါထာမှမရွတ်ခဲ့ဘဲသုံးခဲ့တာတဲ့"

"ဂါထာမရွတ်ဘူး"

လင်းယူရဲ့မျက်လုံးတွေက အပြင်ထွက်ကျမတတ်ပြူးကျယ်သွားရပါတယ်။

မှော်အတတ်တစ်ခုကို ဂါထာမရွတ်ဘဲသုံးနိုင်တယ်ဆိုတာရဲ့ ဖြစ်နိုင်ခြေကတစ်ခုပဲရှိတာဖြစ်ပြီး အသုံးပြုတဲ့မှော်ဆရာရဲ့အဆင့်က မှော်အတတ်ထက်အဆင့်ပိုမြင့်နေလို့ပါပဲ။ ရေခဲနဲ့နှင်းက အကြီးတန်းမှော်အတတ်ဖြစ်ပါတယ်။ အကြီးတန်းမှော်ဆရာရဲ့အထက်အဆင့်ဆိုတော့ တစ်ခုပဲရှိမှာက....

အဆင့်မြင့်မှော်ဆရာလား......

လင်းယူ အသက်ပြင်းပြင်းရှုလိုက်ရပြီး မေ့သွားမတတ်ဖြစ်သွားရပါတယ်။

"ဘုရားရေ...ဘယ်လိုဟာသလဲ ၁၆နှစ်သား အဆင့်မြင့်မှော်ဆရာတဲ့လား..ဘုရားဘုရား...ဒါသာတစ်ကယ်ဟုတ်တယ်ဆိုရင် ကြူရှီယာရဲ့အောင်မြင်မှုက ငါတို့ကျောင်းအုပ်ထက်သာနေပြီပဲ"

လင်းယူ သူ့ရင်ကိုဖိထားလိုက်ရပါတယ်။ သူအခုသိလိုက်ရတဲ့ သတင်းကိုမနည်းလက်ခံလိုက်ရလို့ဖြစ်ပါတယ်။

သူမယုံတာတော့မဟုတ်သော်လည်း အခုကြားလိုက်ရတာကြီးက လက်ခံဖို့အတွက်ခက်ခဲလွန်းနေလို့ဖြစ်ပါတယ်။ အလတ်တန်းအဆင့်ကနေ အကြီးတန်းအဆင့်ကို နှစ်နှစ်အတွင်းမှာရောက်ဖို့ဆိုတာကကို တော်တော်များနေပါပြီ ဒါကိုမှာခုန်ပေါက်ပြီး အဆင့်မြင့်မှော်ဆရာကိုရောက်သွားတာကြီးကတော့....

အမလေး ဘုရားအပေါင်းတို့ရေ...ကြူရှီယာက မှော်နတ်ဘုရားလို့တောင်ပြောလို့ရနေပြီပဲ...

All Chapters