အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၅)
တော်ဝင်ရိုလန်ကျောင်းရဲ့စခန်းအတွင်းမှာ ရှန်ယန်ရှောင်တို့ငါးယောက်ဟာ သူတို့အတွက်တဲရှိရာကို တစ်ခြားကျောင်းသားတွေရဲ့ လမ်းပြမှုအောက်မှာလိုက်ပါသွားကြပါတယ်။ စခန်းအတွင်းက တဲနေရာသတ်မှတ်ထားမှုက ကျောင်းမှာသူတို့ရဲ့ အတောင်တွေခွဲဝေသတ်မှတ်ထားတဲ့အတိုင်းပဲ ဖြစ်ပါတယ်။
သူမရဲ့တဲအတွင်းမှာ သူမအပြင်အခန်းဖော်နှစ်ဦးဖြစ်တဲ့ တန်နာဇီနဲ့ လင်းရွှမ်တို့လည်းရှိပါတယ်။
တဲထဲကိုဝင်ပြီးတာနဲ့ တန်နာဇီကသူ့အိပ်ယာအပေါ်မှာပဲ အိပ်မက်ထဲကိုနစ်မြောသွားပြီး တောထဲမှာခုနှစ်ရက်တာပင်ပန်းခဲ့ရတာတွေအတွက် အနားယူအိပ်စက်သွားပါတော့တယ်။
ကျောင်းမှာလိုပဲ လင်းရွှမ်ကတော့ သူရှိနေတယ်လို့ကိုမထင်ရပါဘူး။ သူကစခန်းကို သူမတို့ထက်အရင်ပြန်ရောက်နေတာဖြစ်ပြီးတော့ သူမတို့နှစ်ယောက်ကိုမြင်တာနဲ့ ရှန်ယန်ရှောင်ကိုပဲ ပြုံးပြကာနှုတ်ဆက်ရဲပါတယ်။
ရှန်ယန်ရှောင်လည်း ပြန်ပြုံးပြလိုက်ကာ သူမအိပ်ယာပေါ်ကိုထိုင်ချလိုက်ပါတယ်။
သူမစိတ်ထဲမှာ အတွေးတစ်ခုရှိနေတုန်းပါပဲ။
နည်းပြတွေရဲ့တဲထဲမှာတုန်းက သူမအကြောင်းပေါ်သွားပြီလို့ပဲ သူမမှတ်ယူထားခဲ့တာပါ။ ဒါပေမဲ့ ကြူရှီယာက ဖြေဆေးကိစ္စကို တန်နာဇီအပေါ်ပုံအပ်လိုက်မယ်လို့ သူမ ထင်မထားခဲ့ပါဘူး။ ပိုပြီးမယုံနိုင်စရာကောင်းတာက တန်နာဇီက ကြူရှီယာနဲ့ ဒီကိစ္စအပေါ်မှာကြိုပြီးတိုင်ပင်ထားတဲ့အတိုင်း အေးအေးဆေးဆေးပြောသွားခဲ့တာကိုပါပဲ။
သူတို့နှစ်ယောက်ရဲ့ အချင်းချင်းနားလည်မှုက သူမရဲ့ပြဿနာကိုဖြေရှင်းပေးသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကြူရှီယာကဘာကြောင့် အခုလိုလုပ်ခဲ့တာလည်းဆိုတာကိုတော့ သူမ နားမလည်ပါဘူး။ သူဟာ ဖြေဆေးသုံးပုလင်းရဲ့မူလဇစ်မြစ်ကိုမသိသလို သူမရင်ထဲကသောကကိုလည်းမသိပါဘူး။ သူ ဘယ်လိုလုပ်ပြီး သူမကို ချက်ချင်းပဲကူညီပေးလိုက်နိုင်တာလဲ။
သူမမျက်နှာကများ သနားစရာကောင်းလွန်းနေလို့များလား။ ရှန်ယန်ရှောင်ပြုံးလိုက်မိပြီး သူမမျက်နှာကိုပွတ်လိုက်မိပါတယ်။
နည်းပြတွေတဲကနေထွက်လာတည်းက ကြူရှီယာနဲ့ တန်နာဇီတို့ကို ဒီအကြောင်းနဲ့ပတ်သတ်လို့မေးဖို့ စိတ်ကူးထားခဲ့ပေမဲ့ တစ်ခြားကျောင်းသားတွေရှိနေတာကြောင့် မမေးခဲ့ရပါဘူး။
တဲကိုပြန်ရောက်တဲ့အခါ တန်နာဇီကိုပဲမေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပေမဲ့ ဒီငနာက ရောက်တာနဲ့ချက်ခြင်းအိပ်ပျော်သွားမယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ။
"ငါ မင်းတို့ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ကြားခဲ့ပါတယ် ဂုဏ်ယူပါတယ်ကွာ"
လင်းရွှမ်က ရှန်ယန်ရှောင်ဆီကို ကြောက်ရွံ့ဟန်နဲ့လာလိုက်ပြီး လက်ထဲမှာစာအုပ်တွေကိုင်ထားလျှက် သူမကိုဂုဏ်ပြုစကား မရဲတရဲနဲ့ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင် ရုတ်တရက်ငေးကြည့်လိုက်မိပြီးမှ ခေါင်းညိတ်ပြလိုက်ပါတယ်။
"ကျေးဇူးပါပဲ။ မင်းရော ဘယ်လိုလဲ"
တောထဲမှာကုန်ဆုံးခဲ့တဲ့ ခုနှစ်ရက်တာအတွင်းမှာ လင်းရွှမ်ကိုသူမ မတွေ့ခဲ့ရသလို လင်းရွှမ်ရဲ့အသင်းကိုလည်း သူမ မသိခဲ့ပါဘူး။
လင်းရွှမ် ရှက်တက်တက်နဲ့ ပြန်ပြောလိုက်ပါတယ်။
"သိပ်မကောင်းပါဘူးကွာ။ ငါ့အဖွဲ့က တတိယနေ့မှာ ကျခဲ့တာလေ။ အနီရောင်အတန်းကိုပဲ ငါတက်ရမယ်လို့ထင်တာပဲ"
လင်းရွှမ်မျက်လုံးတွေ မှိန်သွားပါတယ်။ တန်နာဇီလိုမျိုး မာနဘဝင်မရှိပေမဲ့ သူ့မှာလည်း သူ့ရည်မှန်းချက်နဲ့သူ ရှိပါသေးတယ်။
ဒါပေမဲ့လည်း သူဟာ ဆေးကျောင်းသားဖြစ်နေတာအပြင် ကျောင်းသားသစ်လည်း ဖြစ်နေပါသေးတယ်။ တော်ဝင်ရိုလန်ကျောင်းမှာလည်း အဆက်အသွယ်ကမရှိပါဘူး။ အဖွဲ့တွေဖွဲ့ချိန်တုန်းက သူ့ကိုဖိတ်ခေါ်တဲ့သူမရှိခဲ့ပါဘူး။ နောက်ဆုံးကျမှပဲ ကံကောင်းထောက်မစွာနဲ့ သူ့လိုမျိုး အဖွဲ့မရှိတဲ့ ကျောင်းသားတွေအချင်းချင်း အဖွဲ့ဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။ အဖွဲ့ထဲကကျောင်းသားတွေကလည်း သူ့လိုပဲ တစ်ခြားဌာနတွေက ကျောင်းသားသစ်တွေပဲ ဖြစ်ပါတယ်။
"အဲ့လိုမဖြစ်လောက်ပါဘူး"
ရှန်ယန်ရှောင် ပြန်ပြောလိုက်ပါတယ်။
"အာ.."
လင်းရွှမ်က သူမ ဘာပြောလိုက်တာပါလဲ ဆိုတဲ့အထာနဲ့ ရှန်ယန်ရှောင်အား ကြည့်လိုက်ပါတယ်။
"ငါပြောတာက မင်းက အနီရောင်အတန်းမှာ တက်ရမှာမဟုတ်ဘူးလို့။ အဆိုးဆုံးဖြစ်မှာက လိမ္မော်ရောင်အတန်းပဲ"
ရှန်ယန်ရှောင်က သေချာစွာပြောလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ငနာသုံးကောင်ဖြေဆေးသောက်ပြီးတာနဲ့ သတ္တဝါဆိုးကြီးတွေလိုမျိုး အနက်ရောင်သစ်တောတစ်ခုလုံးကို ရှင်းလင်းခဲ့လို့ဖြစ်ပါတယ်။ တတိယနေ့ရဲ့ မွန်းတည့်မတိုင်ခင်အထိ အနည်းဆုံးကျောင်းသားသုံးရာလောက်က စာမေးပွဲကနေထွက်ခဲ့ရပါတယ်။ ဒါ့အပြင်လည်း တစ်ခြားအဖွဲ့တွေကလည်း တတိယနေ့မွန်းလွဲမတိုင်ခင်မှာပဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ချေမှုန်းခဲ့ကြပါသေးတယ်။ ဌာနတိုင်းရဲ့အနီရောင်အတန်းတွေကို အဲ့ဒီကျောင်းသားတွေက ရယူသွားပြီးပြီဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၆)
"တစ်ကယ်ကြီးလား"
လင်းရွှမ်က ရှန်ယန်ရှောင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပါတယ်။ သူ့ထက်အများကြီးအကောင်သေးတဲ့ အခန်းဖော်အပေါ်မှာ လင်းရွှမ်အနေနဲ့ ထုတ်ဖော်ပြောလို့မရနိုင်တဲ့ ယုံကြည်မှုရှိပါတယ်။ သူ့စိတ်ထဲမှာအမြဲတမ်းခံစားမိနေတာက ရှန်ဂျူက လိပ်နက်မျိုးနွယ်ကတန်နာဇီထက်ပိုစွမ်းတဲ့သူလို့ပါ။
အခုလိုမျိုး လင်းရွှမ်ခံစားမိနေရခြင်းကလည်း တန်နာဇီက ရှန်ဂျူကိုဆက်ဆံပုံက နောက်လိုက်တစ်ယောက်က သခင်တစ်ယောက်အပေါ်ဆက်ဆံပုံမျိုး ဖြစ်နေလို့ပါပဲ။
"အင်း"
ရှန်ယန်ရှောင်ခေါင်းညိတ်ပြလိုက်ပါတယ်။
လင်းရွှမ်က ရှန်ယန်ရှောင်ကို ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ ရှန်ယန်ရှောင်ရဲ့အနားယူမှုကို အနှောက်အယှက်ပေးမိမှာစိုးတာနဲ့ သူ့အိပ်ယာကိုသူပြန်သွားပြီး လက်ထဲကစာအုပ်အား ဆက်ဖတ်နေလိုက်ပါတယ်။
တစ်ကယ်ဆို ရှန်ယန်ရှောင်နည်းနည်းမှ မပင်ပန်းပါဘူး။ ကျိန်စာအတွက်အသုံးပြုရတဲ့ မှော်အားအနည်းငယ်ကလွဲရင် သူမဘာမှဟုတ်တိပတ်တိ အားမစိုက်ခဲ့ရပါဘူး။ နောက်ရက်တွေမှာ သူမလုပ်ခဲ့ရတာဆိုလို့ ပစ္စည်းသိမ်းတစ်ယောက်အနေနဲ့ တံဆိပ်တွေကိုလိုက်သိမ်းခဲ့ရရုံပါပဲ။
သူမစိတ်ထဲမှာဖြစ်နေတဲ့ မရေမရာမှုကြောင့် သူမနေရခက်နေပါတယ်။ ဆက်တွေးနေရမှာပျင်းလာတာကြောင့် ကြူရှီယာရဲ့တဲဆီကိုပဲ သူမသွားလိုက်ပါတော့တယ်။
စခန်းအတွင်းမှာ အတောမသတ်နိုင်တဲ့တိုက်ပွဲကြီးဆင်နွှဲနေကြတဲ့ ဌာနသုံးခုကကျောင်းသားတွေဟာ ရှန်ယန်ရှောင်ကိုတွေ့လိုက်ရတော့ သူတို့မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့အရိပ်အယောင်တွေဖြစ်သွားပါတယ်။
"ဟေး ကြူရှီယာနဲ့အတူရှိနေလို့ ကံကောင်းသွားတဲ့ကောင်လေးက ဒီကောင်လေးလား"
ကျောင်းသားတစ်ယောက်က ရှန်ယန်ရှောင်ကိုလက်နဲ့ထိုးပြလိုက်ပြီး သူ့အဖော်ကိုမေးလိုက်တာဖြစ်ပါတယ်။
"အဲ့ဒါသူပဲ။ သူကဘယ်လိုလုပ်ပြီး စိုင်ကော်လို့ခြုံပေါ်ရောက်သွားတဲ့အတိုင်း မျိုးနွယ်စုကြီးငါးစုရဲ့ သခင်လေးလေးယောက်အဖွဲ့ထဲပါသွားလဲမသိပါဘူးကွာ။ ငါကြားသလောက်ဆို ဒီကောင်လေးက လူလေးယောက်နောက်ကိုတစ်ကောက်ကောက်လိုက်ပြီး တံဆိပ်တွေကိုလိုက်သိမ်းပေးတာကလွဲရင် ဘာမှကိုမလုပ်ဘူးတဲ့ဟ။ သူတို့ပြန်လာတုန်းက သူ့တစ်ကိုယ်လုံးမှာတံဆိပ်တွေပြည့်နေတာ မင်းမတွေ့ခဲ့လိုက်ဘူးလား။ အဲ့လောက်တံဆိပ်တွေအများကြီးကို သူ့အစွမ်းလောက်နဲ့ရမယ်လို့ မင်းထင်နေတာလား။ ငါထင်တာတော့ သူ့ကံကောင်းလွန်းတာရယ်ကြောင့်မဟုတ်ဘဲ သူ့ကိုသနားကြလို့ပေးထားတာလို့ တွေးမိတာပဲ"
ကျောင်းသားတွေဟာ စိတ်မကျေမနပ်ဖြစ်လွန်းနေပြီး မစားရတဲ့စပျစ်သီးကို ချဉ်တယ်လို့ပဲပြောနေကြပါတော့တယ်။
"ဟုတ်ပါတယ်လေ တစ်ချို့လူတွေရဲ့ကံကို ငါတို့ယှဉ်လို့မရပါဘူး။ ဒီကောင်လေးက တန်နာဇီနဲ့တစ်ခန်းတည်း အတူကျတဲ့ပုံပဲ။ သူ့ကိုယ်သူစိတ်ချရအောင်လို့ တန်နာဇီတို့နဲ့တစ်ဖွဲ့တည်းအတူရှိရဖို့ သူကတောင်းပန်ခဲ့မှာသေချာတယ်။ မဟုတ်ရင် သူ့ရူပါလက္ခဏာနဲ့ သူတို့ရဲ့အဖွဲ့ထဲဘယ်လိုလုပ်ပါလို့ရမှာလဲ"
ကြူရှီယာတို့တစ်တွေရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို ကျန်တဲ့ကျောင်းသားတွေအနေနဲ့ အားကျတဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေရုံပဲတတ်နိုင်ပါတယ်။ သူတို့အနေနဲ့ မျိုးနွယ်စုကြီးငါးစုရဲ့ သခင်လေးတွေကို ဝေဖန်ပြောဆိုရဲတဲ့ဇမရှိကြပါဘူး။
ဒါပေမဲ့ ရှန်ယန်ရှောင်ကတော့ မတူပါဘူး။ သူမရဲ့အသွင်ယူထားတဲ့ နာမည်အရ သူမကဇာမဏီမျိုးနွယ်ရဲ့ လက်အောက်ခံမျိုးနွယ်ခွဲကဖြစ်ပြီး မျိုးနွယ်ခွဲကဖြစ်တာကြောင့် ဘယ်သူကမှသူတို့အပေါ်ကို အရေးတယူလုပ်တာမျိုးလည်း မရှိပါဘူး။ ရှန်ယန်ရှောင်ရဲ့ ပုံပန်းအရရော ရိုးစင်းတဲ့အဝတ်အစားကြောင့်ရော သူများတွေအမြင်မှာ သူမက ဘာမှအရေးမပါတဲ့ဖြတ်လျှောက်တစ်ယောက်ဖြစ်နေပါတယ်။
အဲ့ဒီလိုဖြတ်လျှောက်တစ်ယောက်က ဆင်ဖြူတော်မှီပြီးကြံစုပ်နေသလို တစ်ခြားလူတွေစိတ်ကူးယဉ်နေတဲ့ တံဆိပ်တွေကိုအချိုအချောင်ရနေတာကို သူတို့သည်းမခံနိုင်ကြပါဘူး။
"အချို့လူတွေရဲ့ နိမ့်ကျတဲ့အဆင့်အတန်းအရ သူတို့ရဲ့ရည်မှန်းချက်ကိုရရှိဖို့အတွက် အရှက်မရှိကြဘူးလို့ပြောလို့ရတယ်။ အောက်ကျနောက်ကျနဲ့ တောင်းပန်တိုးလျှိုးပြီးလုပ်ကြတဲ့ သူတို့လိုအဆင့်မရှိသူတွေရဲ့ နည်းလမ်းကိုတော့ ငါတို့သင်ယူနိုင်မှာမဟုတ်ဘူး"
ကြမ်းတမ်းတဲ့စကားလုံးတွေက အချို့ကျောင်းသားတွေရဲ့ပါးစပ်ကနေ ထိန်းချုပ်မရနိုင်ဘဲထွက်လာကြပါတယ်။
သူတို့ပြောတာတွေကို ရှန်ယန်ရှောင်ကြားသွားမှာကိုလည်း သူတို့မစိုးရိမ်ကြပါဘူး။ သူမကလူကောင်သေးတဲ့အပြင် ဆေးပညာကျောင်းသားသစ်လည်းဖြစ်လို့ သူမမှာတိုက်ခိုက်နိုင်စွမ်းရှိပါ့မလားကိုတောင် သူတို့သံသယဝင်မိနေပါတယ်။
အဆိုပါသစ်သီးပုပ်တွေရဲ့ ပြောစကားတွေကိုမကြားသလိုပုံနဲ့ပဲ ရှန်ယန်ရှောင်ကတစ်ချက်စောင်းငဲ့မကြည့်ဘဲ ဆက်သွားလိုက်ပါတယ်။
ကြူရှီယာရဲ့တဲရှေ့ကို သူမရောက်သွားပါတယ်။ ခွင့်တောင်းမနေဘဲနဲ့ တဲထဲကိုတန်းဝင်သွားလိုက်ပါတယ်။
"ကြည့်လိုက်ဦး ဒီကလေးက ကြူရှီယာကိုထပ်ဖားယားမလို့နေမှာပဲဟေ့ တစ်ကယ့်ကိုအရှက်မဲ့တာပဲကွ"
သူမသွားတဲ့နေရာကိုကြည့်လိုက်ကြပြီး ကျောင်းသားတစ်ချို့က မယဉ်ကျေးတဲ့စကားလုံးတွေနဲ့ ထပ်မံပြောဆိုလိုက်ကြပါတယ်။
တဲထဲမှာတော့ အနေအထားက တစ်မျိုးထူးဆန်းနေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၇)
ရှန်ယန်ရှောင်က တဲအဝင်ဝမှာပဲရပ်နေကာ အပေါ်ပိုင်းကိုယ်လုံးတီးဖြစ်နေတဲ့ ချောမောတဲ့လူငယ်လေးကိုကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။
ကြူရှီယာက အဝတ်လဲနေတာဖြစ်ပါတယ်။ စုတ်ပြဲနေတဲ့ ခရမ်းရောင်ဝတ်စုံက မြေပေါ်မှာရှိနေပြီး ဝတ်စုံအသစ်ကိုကိုင်ထားကာ လဲလှယ်ဖို့အသင့်ဖြစ်နေပါပြီ။ ဒီအချိန်မှာပဲ ရှန်ယန်ရှောင်ကဝင်လာမယ်လို့ ဘယ်သူကသိမှာလဲ။
သူ့အပေါ်ပိုင်းက လုံးဝကိုလေထုထဲပေါ်ထွက်နေပါတယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ သေးသွယ်တဲ့ကိုယ်လုံးက သူမထင်ထားသလောက် မသေးသွယ်ပါဘူး။ ချပ်ချပ်ရပ်ရပ်ဖြစ်နေတဲ့ချက်အောက်ပိုင်းက မာကျောကျစ်လျစ်တဲ့ ကြွက်သားတွေအပြည့်ရှိနေပြီး မျက်စိပသာဒတင့်လှပါတယ်။
ယောကျ်ားတစ်ယောက်ရဲ့ အပေါ်ပိုင်းကိုယ်လုံးကို မြင်တွေ့ရတာ သူမအဖို့ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ မော်ဒန်ခေတ်မှာ လူငယ်အမြောက်အမြားက သူတို့ရဲ့လက်မောင်းကြွက်သားတွေကို ဖော်ပြပြီးဘတ်စကတ်ဘောကစားကြပါတယ်။ ဒါပေမဲ့ သူမပြန်လည်မွေးဖွားအပြီး ဒါကပထမဆုံးမြင်တွေ့ရခြင်းလည်း ဖြစ်ပါတယ်။
ခဏတာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရပါတယ်။
ကြူရှီယာလည်း တစ်စက္ကန့်လောက် ကြောင်သွားပြီးမှ ပုံမှန်အပြုံးမျက်နှာပြန်ဖြစ်သွားကာ လက်ထဲကိုင်ထားတဲ့ဝတ်စုံကို မူမပျက်ဘဲအေးဆေးစွာ ဝတ်လိုက်ပါတယ်။ အဲ့ဒီနောက်တော့ ရှန်ယန်ရှောင်ဆီကို လူကြီးလူကောင်းတစ်ယောက်လိုမျိုးလှမ်းသွားလိုက်ပြီး သူ့လက်နဲ့သူမရဲ့ခေါင်းသေးသေးလေးကို အသာပွတ်လိုက်ပါတယ်။
"ဘာဖြစ်လို့လဲ။ အားကျနေတာလား"
ကြူရှီယာက ပြုံးတုံ့တုံ့နဲ့မေးလိုက်ပါတယ်။
အားကျရမယ်။ ဘာကိုအားကျရမှာလဲ။ ရှန်ယန်ရှောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း ဘာပြောရမှန်းမသိဖြစ်သွားပါတယ်။
"စိတ်ပူမနေပါနဲ့ကွာ မင်းသာလေ့ကျင့်ခန်းလုပ်ပါများရင် တစ်ချိန်ကျရှိလာမှာပါ"
ကြူရှီယာက ပူမနေပါနဲ့ဆိုတဲ့အပြုံးနဲ့ ပြောလိုက်ပါတယ်။
ရှိလာမှာပါ.....
"မလိုပါဘူး"
ရှန်ယန်ရှောင်ပါးစပ် တွန့်သွားပါတယ်။ သူမက မိန်းကလေးလေ အဲ့လိုမျိုးကြွက်သားတွေမလိုပါဘူး သူမက ဘာဘီကင်းကောင်မဖြစ်ချင်ပါဘူး။
ကြူရှီယာက မျက်ခုံးပင့်လိုက်မိပါတယ်။
"မင်းအခန်းဖော်ကရော"
သူမတဲထဲကို မျက်လုံးဝေ့ကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှမတွေ့ရပါဘူး။
"အပြင်မှာ ပွက်လောရိုက်နေတုန်းပဲလေ"
ကြူရှီယာပုခုံးတွန့်ရင်းပြောလိုက်ပါတယ်။
"....."
ဘယ်လောက်အဆင်သင့်လိုက်သလဲ။
တစ်ခြားလူတွေမရှိတာနဲ့ သူမလည်း ကြူရှီယာအိပ်ယာဆီကိုသွားကာ ထိုင်ချလိုက်ပါတယ်။ ဘာပဲပြောပြော သူမမိန်းကလေးဆိုတာကို ဘယ်သူမှမသိလို့ ယောကျ်ားတစ်ယောက်ရဲ့အိပ်ယာပေါ်ကို ထိုင်တာဘာမှမဖြစ်ပါဘူးလေ။
ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်လို့ ရှန်ယန်ရှောင်ဘာမေးချင်တာလဲဆိုတာကို ကြူရှီယာသိလိုက်ပါတယ်။
"နာဇီက မင်းနေရာကိုဝင်ယူသွားလို့ မကျေမနပ်ဖြစ်နေတာလား"
ကြူရှီယာက အပြုံးနဲ့မေးလိုက်ပါတယ်။
ရှန်ယန်ရှောင်က သူ့အားအကြည့်တစ်ချက်ပေးလိုက်ပါတယ်။
"အရူးတစ်ချို့နဲ့ နေရာလုနေစရာလိုလို့လား"
"......"
ကြူရှီယာလည်း သူမဆိုလိုချင်တဲ့ အရူးဆိုတာဘယ်သူ့ကိုရည်ရွယ်တာမှန်းသိလို့ ပြောစရာစကားမရှိဖြစ်သွားပါတယ်။
"လိပ်နက်မျိုးနွယ်ရဲ့ သခင်လေးတစ်ယောက်က သူ့ရဲ့တောက်ပတဲ့အနာဂတ်ကို တစ်ခြားဌာနမှာပစ်ထားခဲ့ပြီး ဆေးပညာဌာနမှာလာပြီး နစ်မွမ်းခံနေတယ်။ သူ့မှာတစ်ကယ်ပဲ ဦးဏှောက်ပြဿနာရှိနေတာလား"
ရှန်ယန်ရှောင်ဟာ တန်နာဇီကိုသရော်တဲ့နေရာမှာ နှမြောတွန့်တိုမနေပါဘူး။
"ဟုတ်ပြီ"
ကြူရှီယာက မတတ်နိုင်ပုံနဲ့ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။
"ငါတို့အကြောင်းကို တစ်ခြားသူတွေသိပ်မသိစေချင်ယုံပါကွာ"
"မင်းဘာပြောချင်တာလဲ"
"ငါတို့ရဲ့ အဖွဲ့လေးအကြောင်းကိုမေ့သွားပြီလား။ ငါရယ်၊ ယန်းရှီနဲ့ ယန်ယုတို့ရဲ့အစွမ်းကို တော်ဝင်ရိုလန်တစ်ကျောင်းလုံး အကြမ်းဖျင်းသိပြီးသားလေ။ နာဇီကလည်းကျောင်းကိုရောက်တာနဲ့ လူတစ်ကာရဲ့အာရုံစိုက်တာကို ခံရတော့မှာ။ မင်းတစ်ယောက်သာ ငါတို့အရိပ်အဖွဲ့ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး လူတွေကလည်း မင်းကိုအာရုံသိပ်စိုက်ကြမှာမဟုတ်ဘူး။ နောင်မှာဘာတွေကိုပဲတွေ့ကြုံနေပါစေ အနည်းဆုံးတော့ရန်သူတွေက ငါတို့စွမ်းအားကိုအပြည့်အဝမသိတော့တာပေါ့ကွာ"
ဘယ်သူကမှ အာရုံထားခြင်းမခံရတာက ခံစားလို့ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ အစွမ်းကိုသိုသိပ်ထားပြီး အချိန်ကျမှသာထုတ်ဖော်ပြတာကလည်း ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့လေးယောက်လုံးက အဆိုပါအခွင့်အရေးကိုလက်လွှတ်ခဲ့ရပြီးပါပြီ။
မျိုးနွယ်ကြီးငါးစုရဲ့ သခင်လေးလေးယောက်ဖြစ်တဲ့ သူတို့အနေနဲ့ မျိုးနွယ်ရဲ့ဂုဏ်သိက္ခာအတွက် သူတို့ရဲ့အစွမ်းကိုထုတ်ဖော်ပြရမှာပါ။
"မင်းပြောခဲ့တာက အရိပ်အဖွဲ့က တစ်ခါတစ်ရံမှာ လူသတ်ဖို့လောက်တင်ဖွဲ့ထားတာဆိုတာ ငါဘယ်လိုလုပ်ပြီးမှတ်မိနေတာပါလိမ့်"
ရှန်ယန်ရှောင်တိတ်သွားပါတယ်။ များများနားထောင်မိလေ ဒီအဖွဲ့က တရားမဝင်အဖွဲ့နဲ့ ပိုတူလာတယ်လို့ သူမခံစားမိလေပါပဲ။
တစ်ကျောင်းလုံးကိုသိမ်းဖို့တော့ သူတို့တစ်ကယ်ရည်ရွယ်မထားလောက်ပါဘူးနော်။