အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၈)
ကြူရှီယာ ရယ်လိုက်ရင်း ပြန်ဖြေလိုက်ပါတယ်။
"ငါ မဟုတ်ဘူးလို့ မပြောခဲ့ပါဘူးနော်"
ဒါဆိုရင်လည်း အပျော်အတွက်သက်သက်ဖွဲ့ထားတဲ့ အဖွဲ့က ဘာဖြစ်လို့အင်အားအကုန်မပြဘဲ သိုဝှက်ထားရတာလဲ။ ရှန်ယန်ရှောင်စိတ်ထဲကနေ ပြန်တုံ့ပြန်လိုက်ပေမဲ့ ထုတ်တော့မပြောလိုက်ပါဘူး။ ကြူရှီယာက မတော်တဆနဲ့ သူမကိုပြဿနာထဲကနေ ကယ်ထုတ်ခဲ့လို့ သူမဝမ်းသာနေမိပါတယ်။ လင်းယူက အဲ့ဒီမေးခွန်းတွေမေးနေခဲ့တာက ထူးဆန်းနေတယ်လို့ သူမတွေးမိနေပါတယ်။
ဘာပဲဖြစ်ဖြစ် သတိထားက အကောင်းဆုံးပါပဲ။ သူမ လောလောဆယ်အချိန်အတွင်း ကောင်းကောင်းမွန်နေကာ ရက်တော်တော်ကြာမှသာ အစီအစဉ်လုပ်ပါတော့မယ်။
စောရဘုရင်မအတွက် ကျွမ်းကျင်မှုနဲ့ အမြင်က အရေးကြီးပါတယ်။ ဒါပေမဲ့ သတိထားလေ့လာတာက ပိုအရေးကြီးတဲ့အရာဖြစ်ပါတယ်။
အဲ့လိုသာမဟုတ်ရင် သူမရဲ့အရင်အဖွဲ့အစည်းအတွင်းမှာ နံပါတ်တစ်စောရနေရာမှာ မြဲမြဲထိုင်နေနိုင်မှာမဟုတ်ပါဘူး။
"မင်းလာတာအချိန်ကိုက်ပဲ။ ဒီရက်ပိုင်းထဲ ကောင်းကောင်းမစားခဲ့ရလို့ ကျန်တဲ့လူတွေကိုခေါ်ပြီး တစ်နပ်လောက်ကြိတ်လိုက်ရအောင်"
ကြူရှီယာအဝတ်အစားကို သပ်ရပ်အောင်လုပ်လိုက်ပြီး ပြောလိုက်ပါတယ်။
"တန်နာဇီက ခုဏကပဲအိပ်သွားတာ"
သူမအနေနဲ့ ယန်းရှီနဲ့ယန်ယုတို့လည်း အိပ်နေမနေကို မသေချာပါဘူး။ ယန်ယုရဲ့အခြေအနေက သိပ်ကောင်းတာမဟုတ်လို့ ခုနှစ်ရက်တိုင်အောင် ပြေးလွှားလှုပ်ရှားခဲ့ရလို့ သူ့အတွက်တော်တော်လုံလောက်နေပါပြီ။
"ဒါဆိုလည်း အဲ့ကောင်ကိုထည့်မတွက်တော့နဲ့ပေါ့"
သူငယ်ချင်းကဏ္ဍကိုနည်းနည်းလေးမှထည့်မတွက်ဘဲ ကြူရှီယာက တန်နာဇီကိုစာရင်းကနေကန်ထုတ်လိုက်ပါတယ်။
သူမလည်း နည်းနည်းဆာနေပြီဖြစ်လို့ ကြူရှီယာနဲ့အတူတဲထဲကနေ ထွက်လိုက်ပါတယ်။
သူတို့နှစ်ယောက် စခန်းထဲမှာပေါ်လာတာနဲ့ မှတ်ချက်ပြုသံတွေအများအပြားထွက်ပေါ်လာပါတော့တယ်။
"တွေ့လား အဲ့ဒီရေမျောကမ်းတင် ရှန်ဂျူက တစ်ကယ့်ကိုပဲခြေသလုံးဖက်ထားတာပဲ အလွတ်ကိုမခံဘူးဟေ့။ အခုမှစခန်းကိုပြန်ရောက်တာတောင် ကြူရှီယာကိုထပ်ဖားနေတုန်းပဲ"
"ဒါကမှ တစ်ကယ့်အမြင်ရှိတာလို့ပြောလို့ရတယ်။ သူ့ကိုယ်သူအရည်အချင်းမရှိတာသိတော့ ဖက်စရာခြေသလုံးတောင့်တောင့်တွေ လိုက်ရှာမှာပေါ့ကွာ"
"နောက်ပြီးတော့လည်း ကြူရှီယာက ခြေသလုံးအတောင့်ဆုံးကိုးကွ"
"မနောက်ပါနဲ့လေ။ ငါတို့မှာ ဖက်စရာခြေသလုံးလေးတောင်မရှိဘူး ယန်းရှီက အဲ့လိုမျိုးဖားယားနေတာတွေကို မကြိုက်တဲ့လူဆိုတော့ ဒါမျိုးတွေကိုအရေးမပေးဘူးဟေ့"
"ရို..ရို..ရို ယန်ယုက ဘယ်တုန်းကများ ပလွေရိုးဖြစ်သွားရတာလဲ။ သူ့ခြေထောက်က မင်းခြေသလုံးနှစ်လုံးစာရှိတယ်ကွ"
"ငါတို့ နတ်ဆရာတွေ..."
"ငါတို့ စစ်သူရဲတွေက...."
"မှော်ဆရာတွေဆိုတာ ဘုရင်တွေပဲကွ....."
ဝေဖန်နေရာကနေပြီး ဌာနသုံးခုထဲက ဘယ်သူက ပိုပြီးအားကိုးစရာကောင်းလဲဆိုတဲ့ ငြင်းခုန်မှုဖြစ်သွားရပါတယ်။ စောစောလေးကတင် ငြိမ်းချမ်းထားတဲ့ စခန်းတစ်ခုလုံးပြန်လည်ဆူညံသွားပါတော့တယ်။
လေးသမား၊ ဓားသမားနဲ့ သမားတော်ဌာန ကျောင်းသားတွေကတော့ တစ်ခြားဌာနသုံးခုရဲ့တိုက်ပွဲကို ဥပက္ခောပြုထားကြပါတယ်။ ဒါပေမဲ့လည်း ရှန်ယန်ရှောင်ရဲ့ သူများကိုအားကိုးဖို့ဖားယားတဲ့ အမူအကျင့်ကိုတော့ သူတို့လည်းသဘောမကျပါဘူး။
ရှန်ယန်ရှောင်ကိုတွေ့တာနဲ့ သူတို့တွေအားလုံးက ဟင်းကနဲ့ ဟမ်းကနဲလုပ်ကြပါတယ်။
စစ်ဆေးပွဲရဲ့ ရလာဒ်က သူတို့တက်ရမယ့်အတန်းနဲ့ သက်ဆိုင်နေပါတယ်။ သမားတော်တွေမှာ တိုက်ခိုက်ရေးစွမ်းအားမရှိရင်တောင် ကျောင်းသားတွေက သူတို့အဖွဲ့ဝင်တွေရဲ့ အစွမ်းကိုအားကိုးပြီးအထက်ကိုရောက်ချင်ကြပါသေးတယ်။
သူက ကျောင်းသားသစ်ပဲရှိသေးပေမဲ့ ဘယ်လိုကံကောင်းပြီး သခင်လေးလေးယောက်အဖွဲ့ထဲရောက်သွားလဲကို မသိကြပါဘူး။ သူသာ သူတို့လေးယောက်ကိုခြေသလုံးဖက်တွယ်မထားခဲ့ရင် စစ်ဆေးပွဲစတင်ချိန်လောက်တည်းက ထွက်ခွာခဲ့ရလောက်ပြီးပါပြီ။
"အရှက်ကိုမရှိဘူး"
သူမဖြတ်သွားချိန်မှာ ဆေးပညာကျောင်းသားတစ်ယောက်က လှောင်လိုက်ပါတယ်။
ရှန်ယန်ရှောင် မျက်လုံးကိုမှေးလိုက်ပြီး သူမလက်ချောင်းလေးတွေကို အသာလှုပ်လိုက်မိပါတယ်။
မကြာခင်မှာပဲ သူမစိတ်ပြန်လျှော့လိုက်ပါတယ်။
ယောကျ်ားကောင်းတစ်ယောက်အတွက် တုံ့ပြန်ဖို့ဆိုတာက ဆယ်နှစ်စောင့်လို့နောက်မကျသေးပါဘူး။ ဒီချာတိတ်လေးတွေ သူမကိုစောင့်နေကြပေါ့လေ။ သူတို့အတွင်းခံတွေကိုခိုးပြီး ကျောင်းမှာအလံထူပေးလိုက်မယ်။
သူမ သက်ပြင်းချလိုက်မိပါတယ်။ ကြူရှီယာနောက်ကိုလိုက်သွားလိုက်ပြီး ဘာကိုမှတွေးပြီးခံစားမနေတော့ပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၇၉)
ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့နှစ်ယောက်လည်း ယန်းရှီနဲ့ယန်ယုတို့ကိုခေါ်ပြီး စခန်းထဲမှာရနိုင်တဲ့ စားကောင်းသောက်ဖွယ်တွေကို လိုက်လံရှာဖွေပါတယ်။ အိပ်နေဆဲဖြစ်တဲ့တစ်ယောက်ကတော့ သူတို့လေးယောက်လုံးရဲ့ စိတ်ထဲကနေထုတ်ခံထားရပါတယ်။ ညသန်းခေါင်ရောက်တော့မှသာ တန်နာဇီလည်းနိုးလာပါတယ်။ သူက ကြူရှီယာနဲ့တစ်ခြားကောင်တွေကိုခေါ်ပြီး စားကြသောက်ကြဖို့လုပ်တော့မှ ငနာလေးကောင်လုံးကတင်းကားနေအောင် မျိုဆို့ပြီးသွားပြီဆိုတာကို သိလိုက်ရပါတော့တယ်။
နောက်ပြီးတော့လည်း ဘယ်လိုမှကိုရှက်တဲ့စိတ်လေးမရှိဘဲ လေးကောင်လုံးက သူ့အတွက်ဆိုပြီး တစ်ဖဲ့တစ်လုပ်တောင်ချန်မထားပါဘူး။ တန်နာဇီလည်း စိတ်ပျက်စွာနဲ့ပေါက်စီပဲထိုင်ဝါးနေရပါတယ်။
ခုနှစ်ရက်တာစစ်ဆေးခြင်းကပြီးခဲ့ပါပြီ။ ကျောင်းသားအားလုံး သူတို့ပစ္စည်းတွေကိုထုတ်ပိုးပြင်ဆင်ဖို့အတွက် တစ်ရက်အချိန်ယူခဲ့ပါတယ်။ နောက်ရက်မနက်မှာတော့ သူတို့လှည်းတွေပေါ်ကိုတက်ကာ ကျောင်းဆီသို့ပြန်လည်ချီတက်ပါတော့တယ်။
တောကြီးမျက်မည်းမှာအတော်ကြာကြာနေခဲ့ရတဲ့ ကျောင်းသားတွေအားလုံး ကွဲကွာနေတာကြာပြီဖြစ်သော သူတို့ရဲ့အခန်းတွေအားပြေးဝင်ပွေ့ဖက်ကြပါတယ်။
အောင်စာရင်းကိုသုံးရက်ကြာမှ ထုတ်ပြန်မှာဖြစ်လို့ ဒီအတောအတွင်းကျောင်းသားတွေကို နားရက်ပေးထားပါတယ်။
ရှန်ယန်ရှောင်လည်း ဒီအခွင့်အရေးကိုအသုံးချကာ အခန်းထဲမှာပဲနေပြီး သိုးရေစာအုပ်ကိုကိုင်ကာ အသေအကျေလေ့လာပါတော့တယ်။ သူမအသုံးပြုခဲ့တဲ့ ပေါင်းစပ်ကျိန်စာနှစ်ခုက တစ်ကယ့်ကိုထိရောက်မှုရှိလို့ နောက်ထပ်ပေါင်းစပ်ကျိန်စာအနည်းငယ်ကိုသာ သူမထပ်မံသင်ယူတတ်မြောက်ခဲ့ရင် သူမဘယ်လောက်အထိစွမ်းအားကြီးသွားမလဲဆိုတာကို သိချင်နေမိပါတယ်။
ဒီအချိန်မှာပဲ ဆင့်ခေါ်သူမျှော်စင်မှာ ဧည့်သည်တစ်ယောက်ရောက်ရှိနေပါတယ်။
ဆင့်ခေါ်သူမျှော်စင်ကို စောင့်ကြပ်နေတဲ့အဖိုးကြီးလည်း မဖိတ်ခေါ်ဘဲရောက်လာတဲ့ အိုးယန်ဟွမ်းယူကိုတွေ့လိုက်တာနဲ့ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီရက်ပိုင်းတွေမှာတော်တော်ထူးနေတာပဲ အလုပ်တွေနဲ့မအားမလပ်ဖြစ်နေရမယ့် ကျောင်းအုပ်ကတစ်လထဲမှာပဲ နှစ်ခါတောင်အလည်လာတယ်လေ။ ဒါတော်တော်လေးထူးဆန်းတယ်။
"ဘာလာလုပ်တာလဲ"
အဖိုးကြီးက မပျူငှာတဲ့လေသံနဲ့မေးလိုက်ပါတယ်။
အိုးယန်ဟွမ်းယူက ဒီအဖိုးကြီးရဲ့စိတ်ထားကို သိထားပြီးသူဖြစ်တာကြောင့် ပျူငှာမှုမရှိတဲ့လေသံအပေါ်မှာ ဘယ့်နှယ်မှမနေပါဘူး။ ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ်ချုပ်ထားတဲ့ စာအုပ်တွေကိုကြည့်လိုက်ပြီးမှ ပြောလိုက်ပါတယ်။
"ဒီနှစ်စစ်ဆေးပွဲက ပြီးသွားပြီ"
"အဲ့ဒါက ငါနဲ့ဘာဆိုင်လို့တုန်း"
အဖိုးကြီးက မရွှင်မပျနဲ့ပြောလိုက်ပါတယ်။ ဆင့်ခေါ်သူဌာနမှာ ကျောင်းသားမရှိတော့တာ ဘယ်လောက်တောင်ကြာပြီလဲ။ ဘာစစ်ဆေးပွဲလဲ။ အဲ့ဒါနဲ့သူနဲ့က ဘာမှကိုမပတ်သတ်ဘူး။
"လွန်ခဲ့တဲ့နှစ်ရက်က စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုကိုငါရခဲ့တယ်လေ ဒါကြောင့်မင်းနဲ့ပြောချင်စိတ်ပေါက်လာတာပဲ"
အိုးယန်ဟွမ်းယူကလည်း အရေးမစိုက်ဟန်နဲ့ ပြန်ပြောလိုက်ပါတယ်။
"ငါကတော့နားထောင်ဖို့ စိတ်မဝင်စားဘူး"
"အဲ့လောက်မြန်မြန်မငြင်းလိုက်ပါနဲ့ဦးလေ။ ဒီသတင်းကို မင်းစိတ်ဝင်စားမယ်ဆိုတာ ငါသေချာပေါက်သိနေတယ်"
အိုးယန်ဟွမ်းယူက ဘေးကိုသွားလိုက်ပြီး ထိုင်လိုက်ကာ အဖိုးကြီးကိုကြည့်လိုက်ပါတယ်။
"မြန်မြန်ပြောကွာ ကျောင်းအုပ်နဲ့စကားပြောဖို့အချိန် ငါ့မှာမရှိဘူး"
သူ့လက်ရှိအနေအထားကြောင့်သာမဟုတ်ပါက အိုးယန်ဟွမ်းယူကို အရေးတယူလုပ်နေမှာမဟုတ်ပါဘူး။
"စစ်ဆေးပွဲအတွင်းမှာ မှော်ဆရာဌာနကနည်းပြဆရာတွေက ထူးဆန်းတဲ့အရာတစ်ချို့ကိုရှာတွေ့ခဲ့တယ်။ အဲ့ဒီမှာ တိုက်စားမှော်အကျိုးအပဲ့တွေကို ကျောင်းသားနှစ်ယောက်ရဲ့ကိုယ်ထဲမှာ ရှာတွေ့ခဲ့တယ်လေ"
အိုးယန်ဟွမ်းယူက ဇာတ်လမ်းကိုရှင်းပြလိုက်ပါတယ်။
အဖိုးကြီးရဲ့ စိတ်မရှည်တဲ့မျက်နှာမှာ မသိမသာလေးပြောင်းလဲသွားပြီး လျှင်လျှင်မြန်မြန်ပဲ သူ့စိတ်ထဲဖြစ်လာတဲ့ ခံစားချက်တွေကိုပြန်လည်ထိန်းချုပ်လိုက်ပါတယ်။
" အဲ့တော့ ဘာဖြစ်တုန်း"
"မင်း ဘယ်လိုထင်တုန်း"
အိုးယန်ဟွမ်းယူလည်း မျက်ခုံးပင့်သွားပြီး ဆက်ပြောလိုက်ပါတယ်။
"ဆင့်ခေါ်သူတွေရဲ့ ကျိန်စာကသာ လူသားတစ်ယောက်ရဲ့ကိုယ်ထဲမှာ တိုက်စားမှော်အပိုင်းအစတွေ ချန်ခဲ့နိုင်တာလေ။ သေချာတာကတော့ ဒီစစ်ဆေးပွဲအတွင်းမှာ ဆင့်ခေါ်သူတစ်ယောက်က လှည့်သွားနေတာပဲ။ အဲ့ဒီလူက ကျောင်းသားတွေကြားမှာပုန်းအောင်းနေပြီးတော့ တစ်ချို့ကိုတိုက်ခိုက်ခဲ့တာပဲ။ မင်းပြောကြည့်လေ ငါဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာကို။ မင်းသိထားရမှာက မှော်ဆရာနည်းပြအားလုံးက ဒီကိစ္စကိုလုံးဝလန့်နေကြလို့ အစွမ်းကုန်အားထုတ်ပြီး အဲ့ဒီဆင့်ခေါ်သူကိုရှာနေကြတာကိုပေါ့။ လက်ရှိလူတွေရဲ့စိတ်ထဲမှာ ဆင့်ခေါ်သူတွေဆိုတာ ဘယ်လိုပုံရိပ်မျိုးရှိလဲဆိုတာကိုတော့ မင်းလည်းသိသင့်ပါတယ်လေ။ အဲ့ဒီကျောင်းသားကိုရှာတွေ့ခဲ့ရင် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုလည်း မင်းနားလည်မှာပါ"
ကွမ်းမင်တိုက်ပေါ်မှာ ဆင့်ခေါ်သူတွေရဲ့ပုံရိပ်က အောက်ဆုံးထိထိုးဆင်းနေတယ်လို့ ပြောလို့ရပါတယ်။ ပြောရမယ်ဆိုရင် ဆင့်ခေါ်သူတစ်ယောက်က ပြဿနာသေးသေးလေးလုပ်တာနဲ့ ပြည်မကလူတွေအားလုံးထိတ်လန့်ခြောက်ခြားသွားကြမှာဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၀)
တော်ဝင်ရိုလန်ကျောင်းမှာ ဆင့်ခေါ်သူဌာနဆိုင်းဘုတ်ရှိနေသော်လည်း ကျောင်းသားတွေနဲ့ နည်းပြတွေအမြင်မှာတော့ ဆင့်ခေါ်သူဆိုတာ ပြည်သူ့ချဉ်ဖတ်ဖြစ်ခဲ့တာ ကြာပါပြီ။
ဒါ့အပြင်လည်း ဆင့်ခေါ်သူကစစ်ဆေးပွဲအတွင်းမှာ တစ်ခြားကျောင်းသားေတွေကို တိုက်ခိုက်ခဲ့တယ်။ လူတွေရဲ့အမြင်မကြည်မှုကြောင့် အဲ့ဒီကျောင်းသားကိုရှာတွေ့တာနဲ့ ကျောင်းကထုတ်ခံရမှာသေချာပါတယ်။
အဖိုးကြီးလည်း ဒီအချက်တွေအားလုံးကို သေချာသိပါတယ်။
"ဟင့်..ငါသိသားပဲ မင်းတို့မှာ အသုံးမကျတာတွေပဲရှိတာကို။ ဒီဟာက စစ်ဆေးပွဲဆိုမှတော့ အစွမ်းအစကိုစစ်ဆေးတာပဲလေ။ ဆင့်ခေါ်သူလက်ထဲကိုကျဆင်းခဲ့တဲ့ ကျောင်းသားနှစ်ယောက်က အစွမ်းအစမရှိလို့ပေါ့ကွာ။ အဲ့ဒီတော့ သူတို့က ဆင့်ခေါ်သူရဲ့ပြိုင်ဖက်မဟုတ်ဘူးပေါ့ကွာ"
အဖိုးကြီးက ဘယ်လိုမှဖိအားခံစားမနေရဘဲ ဝံ့ကြွားစွာနဲ့ပဲ အိုးယန်ဟွမ်းယူကိုပြောလိုက်ပါတယ်။ အိုးယန်ဟွမ်းယူကသာ အဲ့ဒီဆင့်ခေါ်သူကျောင်းသားကိုသိနေရင် ဒီကိုလာပြီးလေကန်နေမှာမဟုတ်ဘူး။ သူ့ကိုအများကြီးပြောနေတာက သူ့မှာဘာသဲလွန်စမှမရှိလို့ပဲ။
"အဲ့လိုပေါ့လေ။ ဓားသမားဌာနက အတော်ဆုံးကျောင်းသားမှာ ဘာအစွမ်းအစမှမရှိဘူးပေါ့"
အိုးယန်ဟွမ်းယူမျက်နှာမှာ အပြုံးတစ်ခုဖြစ်ပေါ်လာပါတယ်။
အဖိုးကြီးလည်း မျက်ခုံးပင့်သွားပါတယ်။
"ဓားသမားဌာနက အတော်ဆုံးကျောင်းသား ချောင်းရှူနဲ့ ဌာနတူတဲ့တစ်ခြားကျောင်းသားတစ်ယောက်တို့က လှည့်စားကျိန်စာရဲ့ထိန်းချုပ်မှုကိုခံခဲ့ရပြီးတော့ သူတို့တံဆိပ်အားလုံးနဲ့ ဖြေဆေးသုံးပုလင်းကို ဆုံးခဲ့တာပဲ။ ငါသိသလောက်ဆို အဲ့ဒီပေါင်းစပ်ကျိန်စာက တစ်အားအဆင့်မြင့်တဲ့ထဲမှာမပါပေမယ့် ကွမ်းမင်တိုက်တစ်တိုက်လုံးမှာ ဆင့်ခေါ်သူအနည်းငယ်ကပဲ ဒီကျိန်စာကိုအသုံးပြုနိုင်တာပဲ"
အိုးယန်ဟွမ်းယူက အဖိုးကြီးရဲ့မျက်နှာအပြောင်းအလဲကို သေချာကြည့်နေလိုက်ပါတယ်။
"အဲ့ဒါက ငါနဲ့ဘာပတ်သတ်နေလို့လဲဟ။ ထိပ်သီးကျောင်းသားတစ်ယောက်က ကျိန်စာရဲ့ထိန်းချုပ်တာကိုခံခဲ့ရတယ်လို့ မင်းမှာပြောရဲတဲ့သွေးရှိသားပဲ။ မင်းဌာနခွဲတွေက ဝန်ထမ်းတွေက သောက်ပိန်းတွေပဲလို့ ငါတော့သိလိုက်ရတာပဲ"
အဖိုးကြီးက နှာမှုတ်လိုက်ပါတယ် သူမကျေမနပ်ဖြစ်သွားတာ သေချာပါတယ်။
"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ နည်းပြတော်တော်များများက ဆင့်ခေါ်သူအကြောင်းကို တော်တော်စိုးထိတ်နေကြတယ်။ ငါသိချင်တာက အဲ့ဒီကျောင်းသားနဲ့မင်းနဲ့မှာ ပတ်သတ်မှုရှိနေမလားဆိုတာရယ် ပတ်သတ်နေခဲ့ရင် ဆင့်ခေါ်သူဌာနအတွက် ပထမဆုံးကျောင်းသားရတာပေါ့ကွာ။ အခုတော့မင်းက အဲ့ကျောင်းသားကိုမသိမှတော့ ဆင့်ခေါ်သူကတော်ဝင်ရိုလန်ကျောင်းသားအဖြစ်လာနေရတဲ့ တစ်ခြားရည်ရွယ်ချက်ရှိနေမှာပဲ။ ကျောင်းလုံခြုံရေးအတွက် ဒီကိစ္စကိုသေချာကိုင်တွယ်ဖို့ ငါအမိန့်ပေးထားရတော့မှာပဲပေါ့"
အဖိုးကြီးဆီက မျှော်မှန်းသလိုအဖြေစကားမရလို့ အိုးယန်ဟွမ်းယူလည်း ဘာမှမတတ်နိုင်ဘူးဖြစ်နေပါတယ်။
"မင်းအဆင်ပြေသလိုလုပ်ပေါ့ကွာ"
အဖိုးကြီးက ခေါင်းမာစွာပဲပြန်ပြောလိုက်ပြီး ချုပ်လက်စစာအုပ်တွေကို ပြန်ချုပ်နေလိုက်ပါတယ်။
"ဒီလိုဆိုလည်း မင်းကိုထပ်မနှောက်ယှက်တော့ပါဘူးလေ"
အိုးယန်ဟွမ်းယူလည်း ဘာမှထပ်မပြောတော့ဘဲ ပြန်ထွက်သွားပါတော့တယ်။
အိုးယန်ဟွမ်းယူ ဆင့်ခေါ်သူမျှော်စင်ကနေထွက်သွားပြီးမှသာ အဖိုးကြီးလည်း စာအုပ်ပုံကြားကနေခေါင်းမော့လိုက်ပါတယ်။ သူ့မျက်နှာရဲ့အမူအယာကင်းမဲ့တဲ့ဟန်ဟာလည်း အံ့အားသင့်နေတဲ့အရိပ်အယောင်ဖြစ်နေပါတယ်။
"မင်းက ပေါင်းစပ်ကျိန်စာတောင် တတ်မြောက်သွားပြီလား။ လူတော်လေးပဲ မင်းမှာတစ်ကယ့်ကိုအရည်အချင်းရှိတာပဲ"
အိုးယန်ဟွမ်းယူပြောသွားသလိုပါပဲ ကွမ်းမင်တစ်တိုက်လုံးမှာ ပေါင်းစပ်ကျိန်စာသုံးနိုင်တာဆိုလို့ သူတစ်ယောက်သာရှိတော့မှာကို အဖိုးကြီးစိုးရိမ်မိနေပါတယ်။ ကျောင်းကနေခြေတစ်လှမ်းမထွက်တာ နှစ်များစွာကြာပြီဖြစ်လို့ အပြင်လူတွေအနေနဲ့ ကျိန်စာကိုသင်ယူနိုင်မှာမဟုတ်ပါဘူး။
ဖြစ်နိုင်ခြေတစ်ခုဆိုလို့ သိုးရေစာအုပ်ကိုယူသွားတဲ့ ကောင်သေးသေးလေးပဲ ရှိတာပါ။
အဖိုးကြီးသေချာမှတ်မိနေတာက အဲ့ကောင်သေးလေးက စာအုပ်အချို့ကိုဖတ်နေတာ တစ်လလောက်ပဲရှိသေးတာဖြစ်သော်လည်း လေးမျိုးပေါင်းစပ်ကျိန်စာကို အသုံးပြုနေနိုင်ပြီတဲ့လား။
ဘယ်လိုပါရမီပါလိမ့်။
ပေါင်းစပ်ကျိန်စာတွေရဲ့ အခက်အခဲကဘယ်လိုဆိုတာ အဖိုးကြီးသေချာသိပါတယ်။ အစကတော့ သိုးရေစာအုပ်ကိုယူသွားတဲ့ကောင်သေးလေးအနေနဲ့ ပေါင်းစပ်ကျိန်စာတွေကို ထိနိုင်ဦးမှာမဟုတ်ဘူးလို့ပဲ သူထင်ထားခဲ့တာပါ။
ကြည့်ရတာတော့ သူ အဲ့ကောင်သေးလေးကို အထင်သေးခဲ့မိပုံပဲ။
"တပည့်က ဆရာထက်ပိုတော်သွားတာပဲ။ ကောင်သေးလေးက ဒီအဖိုးကြီးရဲ့ အပင်ပန်းခံခဲ့သမျှကို အလဟသမဖြစ်စေခဲ့ဘူး။ အရမ်းမိုက်တယ်ဟေ့ အရမ်းကောင်းတယ်"
အဖိုးကြီးမျက်လုံးတွေက စိတ်လှုပ်ရှားပျော်ရွှင်မှုတွေနဲ့ တောက်ပနေပါတယ်။