အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၁)
အဖိုးကြီးဟာ အတန်ကြာပျော်ရွှင်စိတ်လှုပ်ရှားနေပြီး ချက်ချင်းဆိုသလိုပဲ ပြန်လည်တည်ငြိမ်သွားပါတယ်။ အိုးယန်ဟွမ်းယူပြောသွားတာတွေက သူ့နားထဲမှာပဲ့တင်ထပ်သွားပါတယ်။ သူပြောသွားပုံအရဆို အဆိုပါကျောင်းသားကို အိုးယန်ဟွမ်းယူက စုံစမ်းပါလိမ့်မယ်။ အိုးယန်ဟွမ်းယူရဲ့ကျွမ်းကျင်မှုအရဆို အဲ့ဒီကလေးကိုမကြာခင်မှာပဲ ရှာတွေ့သွားမှာကို သူပူပန်နေမိပါတယ်။
အဖိုးကြီးမျက်လုံးတွေက တံခါးအပြင်ဖက်ကောင်းကင်ဆီကို ငေးကြည့်နေပြီးသူ့မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေအထင်းသားနဲ့ပါ။
လက်ရှိကွမ်းမင်တိုက်ဟာ အရင်တုန်းကလို မဟုတ်တော့ပါဘူး။ ဆင့်ခေါ်သူအတွက် လျှောက်လှမ်းရမယ့်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းပါတယ်။
လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ အသက်တစ်ချက်ရှိုက်သွင်းလိုက်ပြီး နောက်လုပ်မယ့်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။
အဆောင်ကအခန်းထဲရှိ ကုတင်ပေါ်မှာလှဲနေတဲ့ ရှန်ယန်ရှောင်ကတော့ ဒီအကြောင်းတွေကိုလုံးဝမသိပါဘူး။
တတိယမြောက်နေ့မှာပဲ အောင်စာရင်းထွက်လာပါတယ်။ တစ်ကျောင်းလုံးကကျောင်းသားတွေအားလုံး အောင်စာရင်းကြည့်ဖို့အတွက် ကြော်ငြာသင်ပုန်းရှိတဲ့နေရာမှာ စုဝေးနေကြပြီး သူတို့အဆင့်နဲ့ တက်ရမယ့်အတန်းကိုကြည့်နေကြပါတယ်။
တန်နာဇီက ရှန်ယန်ရှောင်ကိုဆွဲခေါ်ကာ လူအုပ်ကြားကိုအတင်းတိုးဝှေ့ပြီးမှပဲ ဆေးဌာနရဲ့အောင်စာရင်းကြော်ငြာဘုတ်ကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်ရဲ့နာမည်တွေကို ကြော်ငြာဘုတ်ကအောင်စာရင်းရဲ့ အစပိုင်းမှာပဲ တွေ့လိုက်ရပါတယ်။ တွေးနေစရာမလိုတာက သူတို့နှစ်ယောက်လုံး အမှတ်ကောင်းရပြီး ခရမ်းရောင်အတန်းကို တက်ရောက်ရမှာဖြစ်ပါတယ်။
တန်နာဇီကိုပိုပြီး စိတ်လှုပ်ရှားစေတာကတော့ ရှန်ဂျူဆိုတဲ့အမည်ကို ပထမနေရာမှာတွေ့ရလို့ဖြစ်ပါတယ်။
"ဂျူလေး မင်းကထိပ်ဆုံးမှာပဲဟေ့"
တန်နာဇီက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ရှန်ယန်ရှောင်ရဲ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ လှုပ်ရမ်းလိုက်ပါတယ်။ ကြည့်ရသူတွေအဖို့ သူကိုယ်တိုင်ပထမရတဲ့အတိုင်းပါပဲ။
တန်နာဇီရဲ့ကျယ်လောင်တဲ့ဟစ်အော်သံအပြီးမှာ ဆူညံနေတဲ့ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်သွားပါတယ်။
အားလုံးရဲ့အကြည့်တွေက ရှန်ယန်ရှောင်ဆီကိုကျရောက်လာခဲ့ပါတယ်။
အားကျမှု၊ မနာလိုမှု၊ မယုံကြည်မှု၊ သံသယဖြစ်မှု၊ လက်ခံယုံကြည်မှု၊ အထင်သေးမှုတွေ......
အမျိုးမျိုးသောအဓိပ္ပါယ်တွေပါဝင်တဲ့ အကြည့်ပေါင်းစုံကိုတွေ့မြင်နိုင်ပါတယ်။ ကျောင်းသားအများစုက ရှန်ယန်ရှောင်ကို စခန်းအတွင်းမှာတုန်းက မတွေ့ခဲ့ဖူးဘဲ အခုမှသာပထမဆုံးမြင်ဖူးကြတာပါ။
ထွားကြိုင်းလှတဲ့တန်နာဇီနားမှာရှိနေလို့ နဂိုတည်းကသေးလှတဲ့ ရှန်ယန်ရှောင်ဟာ ပိုပြီးသေးသယောင်ထင်ရပါတယ်။ သူမမျက်နှာပေါ်မှာ ဘာအပြုံးမှမရှိဘဲ တန်နာဇီကလှုပ်ယမ်းနေလို့ မျက်မှောင်တောင်ကြုတ်နေပါသေးတယ်။
"အဲ့ဒါ သူလား"
ကျောင်းသားသစ်တစ်စုက ဘယ်လိုမှထူးခြားမှုမရှိတဲ့ ပထမဆုရတဲ့ကျောင်းသားဖြစ်သူကို ကြည့်လိုက်ကြပါတယ်။
ကျောင်းသားသစ်တွေဟာ အကြီးတန်းကျောင်းသားတွေလို ဘဝင်ခိုက်နေတာမျိုးမရှိကြပါဘူး။ ရှန်ယန်ရှောင်အားမကျေနပ်တာကိုလည်း ပေါ်တင်မဖော်ပြရဲကြပါဘူး။ ဒါပေမဲ့ အနည်းနဲ့အများတော့ ဒီရှန်ဂျူရဲ့အကြောင်းကို သူတို့ကြားဖူးပါတယ်။
ကောလာဟလတွေအရ ရှန်ဂျူဟာ ဘာအရည်အချင်းမှမရှိတဲ့ ခပ်ညံ့ညံ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး မျိုးနွယ်ကြီးငါးစုရဲ့ သခင်လေးတွေကိုဖားယားပြီးတော့သာ ဒီစာမေးပွဲအဆင့်ကိုရရှိခဲ့တာပါတဲ့။
အခုလိုရှန်ဂျူကိုကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရတဲ့ကျောင်းသားသစ်အားလုံးလည်း ကောလာဟလတွေက အမှန်ပဲလို့မှတ်ယူသွားကြပါတယ်။
ဒီကောင်က သာမန်ဖြစ်လွန်းလို့ လူအုပ်ကြားထဲမှာရှိနေရင် ဘယ်လိုမှသတိထားမိစရာမရှိပါဘူး။ နောက်ပြီးတော့လည်း ၁၅နှစ်အရွယ်ခန့်ရှိကြတဲ့ ကျောင်းသားတွေအတွက် ၁၃နှစ်သာရှိသေးတဲ့ ရှန်ဂျူကိုယ်လုံးကိုယ်ပေါက်ကလည်း သေးနေပါတယ်။ လေတိုက်ရင်တောင် လဲနိုင်တဲ့ကိုယ်လုံးပိုင်ရှင် သာမန်ရွက်ကြမ်းရည်ကြိုရုပ်မျိုးနဲ့ ရှန်ဂျူကို ပညာရှင်တစ်ဦးလို့ ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ပါဘူး။
အဲ့ဒီကောင်လေးထက် သူ့ဘေးမှာရပ်နေတဲ့ လိပ်နက်မျိုးနွယ်ရဲ့ သခင်လေးဖြစ်သူ ဒေါင်ကောင်းကောင်းနဲ့ချောမောခန့်ညားတဲ့ တန်နာဇီသာ ပထမနေရာနဲ့ထိုက်တန်တာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၂)
လူတိုင်းနီးပါးကလည်း ကောလာဟလတွေအတိုင်း အဲ့ကောင်လေးက တန်နာဇီတို့ကိုဖားယားပြီးတော့သာ ဒီလိုအဆင့်ရခဲ့တာလို့ ယုံကြည်နေကြပါတယ်။
ကျောင်းသားသစ်အားလုံး မသိလိုက်မသိဖာသာ နောက်ဆုတ်သွားမိကြပြီး အထင်သေးတဲ့စိတ်တွေဖြစ်ပေါ်သွားပါတယ်။
ရှန်ယန်ရှောင်ကရော ဘယ်လိုခန္တီစိတ်မျိုးရှိပါသလဲ။ တန်နာဇီပါးစပ်ဟလိုက်တာနဲ့ အခုလိုမျိုးဖြစ်တော့မယ်ဆိုတာကို သူမတွေးမိလိုက်ပြီးသားပါ။ သို့သော်လည်း အဆိုပါအကြည့်တွေကိုတွေ့လိုက်တော့ သူမမျက်လုံးတွေထဲမှာ အေးစက်စက်အရိပ်တွေဖြတ်သန်းသွားပါတယ်။
ဒီလိုမျိုးအကြည့်တွေကို သူမ ဘယ်လောက်တောင်ရင်းနှီးလိုက်သလဲ။ သူမငယ်စဉ်လမ်းတွေမှာ လေလွင့်နေခဲ့တုန်းက ဖြတ်သွားဖြတ်လာလုပ်သူတိုင်း သူမကိုအခုလိုပဲ အထင်သေးစက်ဆုပ်တဲ့ အကြည့်တွေနဲ့ကြည့်ခဲ့ကြပါတယ်။ သူမစောရဘုရင်မဖြစ်လာတော့ အဆိုပါငတုံးကောင်တွေက သူမကိုဝန်ချတောင်းပန်ကြတာကိုတွေ့မြင်ရတိုင်း သူမစိတ်ထဲအလွန်ကျေနပ်ခဲ့မိပါတယ်။
တစ်နေ့မှာ သူမကိုမျက်လုံးချင်းဆိုင်မကြည့်ဝံ့အောင်ကို ဒီလောကတစ်ခုလုံးကို သူမလုပ်ပြပါ့မယ်။
သူမရဲ့တိတ်ဆိတ်နေမှုက ကျောင်းသားသစ်တွေကို ပိုဆိုးသွားစေပါတယ်။ သူမရဲ့အပြုအမူတွေကို တီးတိုးပြောဆိုနေကြပါတယ်။ ရုပ်ဆိုးဆိုးမျက်နှာကစ သေးငယ်တဲ့ကိုယ်လုံးအလယ် အားအင်မရှိပျော့ညံ့သူအဆုံးပေါ့လေ။
အဆိုပါဝေဖန်မှုတွေက တဖြည်းဖြည်းကျယ်လောင်လာပြီး တန်နာဇီနားသို့ရောက်သွားပါတော့တယ်။
တန်နာဇီမျက်မှောင်ကြုတ်လိုက်ပြီး ရှန်ယန်ရှောင်ရှေ့ကိုလာလိုက်ကာ သူမကိုယ်သေးသေးလေးကို သူ့ကိုယ်လုံးနဲ့ကာထားလိုက်ပါတယ်။ စူးရှထက်မြက်ပြီးနက်ရှိုင်းတဲ့အကြည့်နဲ့ အဆိုပါကျောင်းသားတွေအား တန်နာဇီကကြည့်လိုက်ပြီး မကျေနပ်စွာပြောလိုက်ပါတယ်။
"ဂျူလေးမကောင်းကြောင်းကို နည်းနည်းလေးထပ်ပြောရင်တောင် မင်းတို့ရဲ့လျှာတွေကို ဆွဲထုတ်ပစ်မယ်ဆိုတာ ငါ့ကိုယုံလိုက်"
ကျောင်းသားသစ်တစ်စုဟာ လိပ်နက်မျိုးနွယ်ကသခင်လေးက အညတရတစ်ယောက်အတွက် ရပ်တည်ပေးလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့ကြပါဘူး။ သူတို့ထင်ထားခဲ့ကြတာက သူမဟာ သခင်လေးတွေရဲ့ အစေခံတစ်ယောက်လို့ပါ။
တန်နာဇီရဲ့ အမြဲတမ်းပြုံးနေတတ်ပြီး တည်ကြည်မှုမရှိတာကိုပဲ သွားမမြင်ပါနဲ့။ သူစိတ်ဆိုးတဲ့အသွင်ဖြစ်သွားတော့ အဲ့ဒီဒေါသအကြည့်က မမြင်နိုင်တဲ့ဖိအားတစ်ရပ်ထွက်ပေါ်လာကာ ကျောင်းသားသစ်တွေအပေါ်လွှမ်းခြုံသွားပါတယ်။ သူတို့ပါးစပ်တွေပိတ်သွားကြပြီး ဘာသံမှမထွက်ရဲကြတော့ပါဘူး။ တန်နာဇီရဲ့မျက်လုံးတွေဟာ စွန်ရဲတစ်ကောင်လိုစူးရှထက်မြက်လှပြီး သူတို့ကိုနောက်တစ်စက္ကန့်အတွင်းမှာပဲ စုတ်ဖြဲတော့မလိုခံစားလိုက်ရပါတယ်။
ဘယ်သူမှလည်း မျိုးနွယ်ကြီးငါးစုကို အခုအချိန်မှာမစမ်းရဲကြပါဘူး။ သူတို့တစ်ယောက်ချင်းစီတိုင်းဟာ လေးသံကိုကြားလိုက်ရတဲ့ငှက်အုပ်လိုမျိုး ချက်ချင်းပဲလူစုကွဲရှင်းလင်းသွားပါတော့တယ်။
"ဒီလိုကောင်မျိုးတွေအတွက် ခေါင်းထဲထည့်နေစရာမလိုပါဘူးကွာ"
တန်နာဇီရဲ့ အဆိုပါ လာမထိနဲ့မီးပွင့်သွားမယ်ဆိုတဲ့ပုံစံကို ကြည့်လိုက်မိပြီး သူမအနေနဲ့ ငိုရမလားရယ်ရမလား မသိဘူးဖြစ်သွားရပါတယ်။ ဒီကောင်က ပုံမှန်အားဖြင့် ပေါကြောင်ကြောင်ရှိပေမယ့် သူဒေါသထွက်တဲ့အခါမှာ အခုလိုဖိအားတစ်ခုထုတ်နိုင်တာပဲ။
လူတွေထွက်သွားတာနဲ့ တန်နာဇီလည်း သူ့မူရင်းပုံအတိုင်း စပ်ဖြဲဖြဲပေါကြောင်ကြောင်ပုံ ပြန်ဖြစ်သွားပါတယ်။ ထွက်သွားတဲ့ကျောင်းသားသစ်တွေနောက်ကျောကိုကြည့်လိုက်ပြီး သူကဟင့်ကနဲလုပ်လိုက်ပါတယ်။
"မင်းကိုစွပ်စွဲပြောဆိုတဲ့သူတွေကို လွှတ်ပေးနိုင်တဲ့စိတ်ကောင်းသဘောကောင်း မင်းမှာတစ်ကယ်ရှိတာပဲ"
တန်နာဇီအမြင်မှာ ရှန်ယန်ရှောင်ဟာ စိတ်သဘောကောင်းသူဖြစ်ပြီး ရင်းနှီးလွယ်သူဖြစ်ပါတယ်။ သူမ မကျေမနပ်ဖြစ်တာ စိတ်တိုတာကို သူတစ်ခါမှမမြင်ခဲ့ဖူးပါဘူး။
ခြုံပြောရောရင် သူတစ်ပါးကိုအမြဲဖားယားနေပြီး သတ္တိမရှိသူတွေကို တစ်ခြားတစ်ယောက်ကိုယ်ထဲထည့်ပြောင်းပေးရင်တောင် သူတို့ဟာအမြဲတမ်းပဲ ဒီလိုမျိုးလူတစ်ကာရဲ့ အထင်သေးကဲ့ရဲ့မှုကိုခံနေရမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူတို့အခုပြောနေတာက ရှန်ဂျူအကြောင်းဖြစ်လို့ သူ့အနေနဲ့ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ခံနိုင်မှာလဲ။
"အဲ့တော့ဘာဖြစ်လဲ။ ငါကသူတို့ကိုသွားချရမှာလား"
ရှန်ယန်ရှောင်က ပြုံးကာပြောလိုက်ပါတယ်။
တန်နာဇီနှာခေါင်းရှုံ့လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမကို ရှုပ်ထွေးတဲ့အမူအယာနဲ့ ကြည့်လိုက်ပြန်ပါတယ်။ ထို့နောက်တုံ့ဆိုင်းရင်းပြောလိုက်ပါတယ်။
"ဒါက မင်းရဲ့အောင်မြင်မှုကို ငါခိုးယူလိုက်တဲ့အပြစ်ကြောင့်ပဲ။ ဖြေဆေးတွေက မင်းဖော်စပ်ထားတာကို ငါကအချောင်ဝင်ပြီး အမှတ်ဝင်ယူလိုက်တာပဲ။ မင်းသာဖြေဆေးမဖော်နိုင်ခဲ့ရင် ငါတို့ဘယ်လိုလုပ်ပြီး အခုလိုအမှတ်ကောင်းကောင်းရကြမှာလဲ။ အဲ့ဒီညတည်းက ငါတို့တွေစာမေးပွဲကနေ အထုတ်ခံလိုက်ရတာတောင်ဖြစ်သွားနိုင်တယ်"
ဖြေဆေးကိစ္စနဲ့ပတ်သတ်တာကို သူ့စိတ်ထဲမှာအပြစ်တစ်ခုအဖြစ်ခံစားနေရပါတယ်။ ကြူရှီယာရဲ့အတွေးအခေါ်လုပ်ကိုင်ပုံတွေကို သူနားလည်ထားလို့ မီးစင်ကြည့်ကခဲ့တာလည်းဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၈၃)
သူတို့အချင်းချင်းကြားမှာ နားလည်မှုတွေရှိလို့ ကြိုတင်ဇာတ်တိုက်ထားစရာမလိုပါဘူး။ ဒါပေမဲ့ သူတို့က ရှန်ယန်ရှောင်နဲ့ပတ်သတ်နေတာကိုတော့ မေ့ထားခဲ့မိကြပါတယ်။ သူတို့နဲ့မတူဘဲ ရှန်ယန်ရှောင်မှာက ကျောထောက်နောက်ခံကောင်းမရှိလို့ သူတို့လိုလုပ်ချင်တာလုပ်မရပါဘူး။
သူတို့လုပ်ခဲ့တာကြောင့် ရှန်ယန်ရှောင်ဟာ ကပ်ဖားယပ်ဖားသမားဖြစ်သွားရပါတယ်။ ဘယ်သူကအဲ့လိုမျိုး ဖြစ်ချင်မှာလဲ။ ရှန်ယန်ရှောင်ရဲ့အချိန်ကိုက် ဖြေဆေးပေးခဲ့တာကြောင့်သာမဟုတ်ရင် မျိုးနွယ်ကြီးငါးစုက သခင်လေးလေးယောက်လုံး အခုအချိန်ဆို အနီရောင်အတန်းကိုတက်နေရလောက်ပါပြီ။
လူတွေက ရှန်ယန်ရှောင်ကိုပြောနေကြတာတွေကို ကြားလိုက်ရပြီး သူ့နှလုံးသားကိုဓားနဲ့ထိုးခံလိုက်ရသလိုမျိုး တန်နာဇီခံစားလိုက်ရပါတယ်။
"ဟိုသုံးကောင်နဲ့ ငါတိုင်ပင်လိုက်ပြီး နည်းပြတွေကိုရှင်းပြလိုက်ရင် မင်းကို သူတို့အထင်သေးရဲကြတော့မှာမဟုတ်ဘူး ဘယ်လိုသဘောရလဲ"
တန်နာဇီဟာ သူတို့အနေနဲ့ ရှန်ယန်ရှောင်ရဲ့အောင်မြင်မှုကို မယူခဲ့သင့်ဘူးလို့ ပိုပိုတွေးထင်လာမိပါတယ်။ ဒီကောင်လေးက တစ်ကယ့်ကိုဆေးပါရမီရှင်တစ်ဦးဖြစ်လို့ သူ့ကိုဒီလိုမျိုးဆက်ဆံတာမခံရသင့်ပါဘူး။
တန်နာဇီကဖြေဆေးအကြောင်းကို သွားရှင်းပြတော့မယ်လို့ ကြားလိုက်တာနဲ့ သူမစိတ်ထဲလန့်သွားပါတယ်။ သူမလည်း ချက်ချင်းခေါင်းယမ်းလိုက်ပြီး ပြောလိုက်ပါတယ်။
"မလိုပါဘူး ဒါအဆင်ပြေပါတယ်။ ငါပြဿနာမဖြစ်ချင်ဘူး နောက်ပြီး တစ်ခြားလူတွေငါ့ကိုဘယ်လိုထင်ထင် ငါက ဘာလို့ဂရုစိုက်နေရမှာလဲ"
ဟာသမလုပ်ပါနဲ့ကွာ။ နည်းပြလင်းယူက သူမကိုသံသယဝင်နေတယ်လို့ သူမတွေးမိခဲ့ပြီး ကြူရှီယာနဲ့တန်နာဇီတို့ရဲ့ ပြဇာတ်ကြောင့်သာ သူမလွတ်မြောက်ခဲ့ရတာပါ။ တန်နာဇီသာပြေးပြီးရှင်းပြလိုက်ရင် သူမကို သူခိုးဆိုပြီးဖမ်းမိသွားမှပေါ့။
နောက်ပြီးတော့လည်း ဖြေဆေးဘယ်လိုရလာတာလဲဆိုတာကို သူမဘယ်လိုလုပ်ရှင်းပြရမှာလဲ။
"အဲ့လိုကြီး မင်းတစ်ကယ်ထင်တယ်ပေါ့"
တန်နာဇီက မသေမချာနဲ့ထပ်မေးလိုက်ပါတယ်။
"အင်း"
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်ပါတယ်။
တန်နာဇီသက်ပြင်းတစ်ချက်ချကာ သူမခေါင်းကိုကြမ်းတမ်းစွာ ပွတ်လိုက်ပြီးပြောလိုက်ပါတယ်။
"မင်းကတော့လေ တစ်ကယ်ပဲသဘောကောင်းလွန်းတယ်။ ဒီလိုအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားရဲ့သားနဲ့ လူတွေရဲ့အထင်လွဲကဲ့ရဲ့မှုကို သည်းခံနိုင်ပြီး ဆေးပညာပါရမီရှင်ဆိုတာကို ထုတ်မပြောချင်ဘူးပေါ့"
တပ်မက်မှုမရှိခြင်းဟာ ဘယ်လောက်တန်ဖိုးရှိလိုက်လဲ။ ရှန်ဂျူက ဆေးပညာအပေါ်မှာပဲ စိတ်နှစ်ထားလို့ အောင်မြင်ကျော်ကြားမှုကို ဂရုမစိုက်လို့ဘဲ အခုလိုအောင်မြင်တာဖြစ်နိုင်ပါတယ်။ သူ့စိတ်ထဲမှာ ရှန်ယန်ရှောင်အပေါ် မလေးစားဘဲမနေနိုင်ဖြစ်သွားရပါတယ်။
ဒါပေမဲ့ ရှန်ယန်ရှောင်ကတော့ စိတ်ထွေသွားရပါတယ်။ ဘယ်လိုကြောင့်များ သူမဟာ အထက်တန်းကျတဲ့စိတ်ဓာတ်ပိုင်ရှင်၊ မေးခွန်းထုတ်စရာမလိုတဲ့ ကိုယ်ကျင့်တရားရှင်အဖြစ် သူကသတ်မှတ်ရတာလဲ။ နောက်ပြီးတော့လည်း သူမက ဆေးပညာမှာ ပါရမီပါတယ်လို့ သူကဘယ်လိုလုပ်တွေးလိုက်တာလဲ။ သူမက အခုအချိန်မှာဆို အရိုးရှင်းဆုံးဆေးရည်ကိုတောင် မဖော်စပ်နိုင်သေးပါဘူး။
အထင်လွဲမှုကြီးက လွန်လွန်းပါတယ်လေ။
လူနှစ်ယောက်အတွေးထဲမှာ နစ်နေကြတုန်းမှာပဲ လူတွေစုရုံးလာသံကိုကြားလိုက်ရပါတယ်။ ကျောင်းသားအားလုံးက ရင်ပြင်မှာစုရုံးလာကြပါတယ်။
တန်နာဇီက သူမလက်ကိုဆွဲပြီး ကြူရှီယာ၊ ယန်ယုနဲ့ ယန်းရှီတို့သုံးယောက်ဆီသွားလိုက်ပါတယ်။
"အခြေအနေဘယ်လိုလဲ"
တန်နာဇီကအပြုံးနဲ့ မေးလိုက်ပါတယ်။
"အရင်တုန်းကလိုပဲ အတန်းဟောင်းခရမ်းအတန်းပဲ"
ကြူရှီယာက ပုခုံးတွန့်ပြလိုက်ပါတယ်။ သူတို့သုံးယောက်ရဲ့ ရလာဒ်ကိုလူတွေကပြောနေကြလို့ သူတို့သိပြီးပြီဖြစ်ကာ အောင်စာရင်းတောင်သွားကြည့်စရာ မလိုခဲ့ပါဘူး။
" ဟေး ငါနဲ့ ဂျူလေးလည်း ခရမ်းအတန်းကိုတက်ရမှာပဲဟ"
တန်နာဇီကပြုံးရွှင်စွာပြောလိုက်ပါတယ်။
"ဖြစ်သင့်တာပဲကိုး"
ကြူရှီယာက တန်နာဇီကနေပုခုံးပေါ်မှီထားတာကို ခံထားရသူ ရှန်ယန်ရှောင်အားကြည့်လိုက်ပြီး ပြုံးလိုက်ပါတယ်။
"ငါ မကောင်းတဲ့ကောလာဟလတွေကြားခဲ့တယ် မင်း အဆင်ပြေရဲ့လား"
သူဘာကြားခဲ့လဲဆိုတာကို သူမသိတာကြောင့် ခေါင်းပဲညိတ်ပြလိုက်ပါတယ်။