← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၈၄)

စင်ထက်ကို အိုးယန်ဟွမ်းယူက ဖြည်းညင်းစွာပဲလျှောက်လာပါတယ်။ ဆူညံနေတဲ့ ရင်ပြင်တစ်ခုလုံး တိတ်သွားပါတော့တယ်။ မျက်လုံးအားလုံးက တစ်ကျောင်းလုံးမှာ သြဇာအာဏာအရှိဆုံးလူဆီ ရောက်ရှိသွားကြပါတယ်။

"အားလုံးပဲ စာမေးပွဲမှာကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြလို့ လာမယ့်နှစ်အတွင်း တိုးတက်မှုကောင်းရအောင် လုပ်ဆောင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

အိုးယန်ဟွမ်းယူက ခန့်ညားနူးညံ့တဲ့အပြုံးနဲ့ အောက်ကကျောင်းသားအားလုံးကို ဝေ့ကြည့်လိုက်ပါတယ်။

"ဒါပေမဲ့လည်း စာမေးပွဲအတွင်းမှာ မတော်တစ်ဆဖြစ်ခဲ့ရတာကြောင့် ကျောင်းသားတစ်ချို့က မျှော်မှန်းထားတဲ့ရလာဒ်ကို မရရှိခဲ့ကြဘူး"

အိုးယန်ဟွမ်းယူရဲ့ စကားကြောင့် ကျောင်းသားတွေဟာကနဲဟေးကနဲ ဖြစ်သွားကြပါတယ်။

ဒီစာမေးပွဲက သမိုင်းတစ်လျှောက် မမျှတဆုံးလို့ ပြောလို့ရပါတယ်။ စွမ်းအားတွေထိန်းချုပ်ခံခဲ့ရလို့ ကျောင်းသားအများစုက သူတို့ရဲ့အစစ်အမှန်စွမ်းအားကို ပြခွင့်မရခဲ့ကြဘဲ စာမေးပွဲကနေထွက်ခွာခဲ့ကြရပါတယ်။ အဲ့ဒီထဲမှာမှ ချောင်းရှူတို့အဖွဲ့က အဆိုးဆုံးခံစားခဲ့ကြရတာပါ။ အခုအခါမှာတော့ အိုးယန်ဟွမ်းယူကနေ စာမေးပွဲအတွင်းမှာ မတော်မဆဖြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။

ဘာမတော်တဆဖြစ်တာလဲ။

ကြူရှီယာတို့နဲ့အတူရပ်နေတဲ့ ရှန်ယန်ရှောင်စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေရလိုက်ပါတယ်။

"ဒီနှစ်စာမေးပွဲက မှော်ဆရာတွေ၊ ဓားသမားတွေ၊ လေးသမားတွေ၊ စစ်သူရဲတွေ၊ နတ်ဆရာတွေနဲ့ သမားတော်တွေကြား ပူးပေါင်းလုပ်ဆောင်မှုကို စစ်ဆေးတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း စာမေးပွဲအတွင်းမှာ အဲ့ဒီဌာနခြောက်ခုလုံးနဲ့မသက်ဆိုင်တဲ့သူတစ်ယောက်ကို တွေ့ခဲ့ရတယ်"

အိုးယန်ဟွမ်းယူမျက်နှာက အပြုံးကပျောက်ကွယ်သွားပါတယ်။ သူ့မျက်လုံးက စူးရှလာပြီး ကျောင်းသားတွေကိုဝေ့ကြည့်လိုက်ပြန်ပါတယ်။ အဲ့ဒီနောက် လေးနက်စွာပြောလိုက်ပါတယ်။

"စာမေးပွဲအတွင်းမှာ ဆင့်ခေါ်သူကျိန်စာမှာပဲတွေ့နိုင်တဲ့ တိုက်စားမှော်ကို ကျောင်းသားနှစ်ယောက်ကိုယ်ထဲမှာ တွေ့ခဲ့တယ်လို့ နည်းပြတွေကပြောတယ်။ တစ်ခြားဌာနကကျောင်းသားဟန်ဆောင်ပြီး ကျိန်စာအတတ်ကိုအသုံးပြုခဲ့တဲ့ ဆင့်ခေါ်သူတစ်ယောက်အဲ့ဒီမှာရှိခဲ့တယ်"

"ဆင့်ခေါ်သူ"

"ငါတို့ကျောင်းမှာ ဆင့်ခေါ်သူရှိတယ်တဲ့လား"

"ဆင့်ခေါ်သူတိုက်တာခံခဲ့ရလို့ ချောင်းရှူတို့အဖွဲ့က အစောဆုံးထွက်ခဲ့ရတာလား"

အိုးယန်ဟွမ်းယူရဲ့ပြောဆိုမှုကြောင့် ကျောင်းသားတွေထိတ်လန့်သွားကြပါတယ်။ သူတို့ဟာ ဆင့်ခေါ်သူတွေကိုလက်မခံသူတွေဖြစ်ပြီး အဲ့ဒီလိုအန္တရာယ်ကြီးသူတစ်ယောက်က သူတို့ကြားမှာပုန်းကွယ်နေပြီး ကျောင်းသားနှစ်ယောက်ကိုတိုက်ခိုက်ခဲ့တယ်လေ။

ကွမ်းမင်တိုက်မှာ ဆင့်ခေါ်သူတွေရဲ့ ရက်စက်ဆိုးရွားမှုတွေက အချိန်အကြာကြီးရှိခဲ့တာကြောင့် သူတို့စိတ်နှလုံးထဲမှာ ဆင့်ခေါ်သူတွေကိုအကြောက်ကြီးကြောက်ရွံ့နေကြပါတယ်။

ရှန်ယန်ရှောင် အံကြိတ်လိုက်မိပါတယ်။ လင်းယူကအဲ့ဒီမေးခွန်းတွေကို ဘာဖြစ်လို့မေးခဲ့တာလဲဆိုတာ သူမသိလိုက်ပါပြီ အကြောင်းရင်းက သူမအကြောင်းကိုသိရှိသွားလို့ပဲဖြစ်ပါတယ်။ ကျိန်စာက လူတစ်ယောက်ထဲမှာ အဲ့ဒီလိုမျိုးမှော်အပိုင်းအစတွေအဖြစ် ကျန်ရစ်ခဲ့မယ်လို့ သူမမသိခဲ့ပါဘူး။ ဆင့်ခေါ်သူပညာရပ်ကို နားလည်မှုသိပ်မရှိတာကြောင့် သူမအတွက်ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရပါပြီ။

သူမနားထဲမှာ ကျောင်းသားတွေရဲ့ ဆင့်ခေါ်သူကိုကြောက်ရွံ့တုန်လှုပ်သံတွေနဲ့ ပြည့်နှက်နေပါတယ်။ သူမမျက်လုံးမှေးလိုက်မိပါတယ်။ ဒီလူတွေက ဆင့်ခေါ်သူကိုဘယ်လောက်တောင်ကြောက်တယ်ဆိုတာ ထင်ရှားနေပါတယ်။ အိုးယန်ဟွမ်းယူက ဒီကိစ္စကိုဖော်ထုတ်လိုက်ပြီဖြစ်လို့ ဆင့်ခေါ်သူရဲ့ဇာစ်မြစ်မပေါ်မချင်း လက်မလျှော့မှာကို သူမစိုးရိမ်မိပါတယ်။

သူမထင်တဲ့အတိုင်းပဲ အိုးယန်ဟွမ်းယူက ပြောလိုက်ပြန်ပါတော့တယ်။

"ဒီလူရဲ့ချည်းကပ်မှုက ကျောင်းသားတွေကို ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်။ ဒီလူ့ကိုဖော်ထုတ်နိုင်ဖို့အတွက် တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားအားလုံးကို သေချာစစ်ဆေးသွားမှာဖြစ်လို့ အားလုံးပဲပူးပေါင်းပါဝင်ကြဖို့ပြောချင်ပါတယ်"

ကျောင်းအုပ်ဖြစ်သူက ဆင့်ခေါ်သူကိုဖော်ထုတ်မယ်လို့ပြောသံကြားလိုက်ရလို့ ကျောင်းသားတွေလည်း စိတ်သက်သာရာရသွားပါတယ်။ အဲ့လိုမျိုး အန္တရာယ်ကြီးတဲ့သူတစ်ယောက်ကို သူတို့အနားမှာဘယ်သူမှရှိနေစေချင်မှာ မဟုတ်ပါဘူး။

ဆင့်ခေါ်သူတွေအကြောင်းကို သူတို့ဘာမှကို မသိပါဘူး။ သူတို့သိသမျှက ဆင့်ခေါ်သူတွေဟာ တားမြစ်ထားတဲ့ခွဲစိတ်မှုကို စမ်းသပ်လေ့လာဖို့အတွက် ရက်စက်တဲ့ကျိန်စာတွေကို သုံးခဲ့ကြတဲ့အကြောင်းကို သူတို့မိသားစုတွေက ရံဖန်ရံခါပြောဆိုတာကို ကြားသိခဲ့ရရုံပါပဲ။

"ဆင့်ခေါ်သူတစ်ယောက်အတွက်နဲ့ ဒီလိုမျိုးအလုပ်ရှုပ်ရတာက နည်းနည်းမလွန်ဘူးလား"

ကြူရှီယာက လှုပ်လှုပ်ရွရွဖြစ်နေတဲ့ လူအုပ်ကိုကြည့်ကာ ပျင်းရိလာပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၈၅)

"ဆင့်ခေါ်သူတွေအပေါ် ကွမ်းမင်တိုက်ရဲ့ဖိနှိပ်မှုက တော်တော်ကြီးဆိုးလွန်းတာပဲ။ ဆင့်ခေါ်သူတွေက အဲ့လောက်ကြီးအထိဆိုးမယ်လို့တော့ ငါမယုံဘူး။ ဆင့်ခေါ်သူပညာကလည်း မှော်အားကိုအခြေခံလေ့ကျင့်ရတာပဲ မဟုတ်ဘူးလား။ မှော်အားကိုလေ့ကျင့်တာချင်းအတူတူကို ဘာဖြစ်လို့ နတ်ဆရာတွေနဲ့ မှော်ဆရာတွေကျတော့ အလေးပေးကြတာလဲ"

တန်နာဇီက လက်နှစ်ဖက်ကိုခေါင်းနောက်ယှက်လိုက်ရင်း အိုးယန်ဟွမ်းယူရဲ့ ကိုင်တွယ်ပုံကိုနားမလည်နိုင်စွာ ပြောလိုက်ပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်များစွာတုန်းက ကွမ်းမင်တိုက်ရဲ့ ဆင့်ခေါ်သူသုံးယောက်ထဲက နှစ်ယောက်ကနေ အလင်းရဲ့သင်ကြားပေးထားမှုတွေကို မျက်ကွယ်ပြုပြီးတော့ သက်ရှိတွေအပေါ်မှာ မသုံးဖို့တားမြစ်ထားတဲ့ အတတ်ကိုအသုံးပြုခဲ့လိုပဲ"

ယန်ယုက မျက်မှောင်ကြုတ်ရင်းပြန်ဖြေလိုက်ပါတယ်။ သူဟာ ဆင့်ခေါ်သူတွေကို ရန်လိုမုန်းတီးမှုမရှိသော်လည်း အဲ့ဒီရာဇဝင်ကိုတော့ ရွံရှာမိပါတယ်။

"ယု အဲ့ဒီတုန်းက ဘယ်လိုတွေဖြစ်ခဲ့ကြတာလဲဟ။ မင်းမိသားစုမှာ မှတ်တမ်းတင်ထားတာ ရှိလောက်မှာပါ"

တန်နာဇီက ထပ်မေးလိုက်ပါတယ်။

ကျားဖြူမျိုးနွယ်ဟာ သူတို့ရဲ့ကုသမှုအတတ်ပညာကြောင့် ထင်ရှားကျော်ကြားပြီး သာမန်လူတွေမသိနိုင်တဲ့ အကြောင်းအရာများစွာကို သိရှိကြသူတွေဖြစ်ပါတယ်။

ခဏလောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်သွားပြီးမှ ယန်ယုက ဖြေးလေးစွာထပ်ပြောလိုက်ပါတယ်။

" ငါ နည်းနည်းတော့ သိတယ်ကွ။ အဲ့ဒီတုန်းကဆိုရင် ဆင့်ခေါ်သူတွေကလည်း မှော်ဆရာတွေလိုပဲ အလေးထားခံခဲ့ရတယ်။ လောင်းရွှမ်တိုင်းပြည်ထဲမှာဆိုလည်း ကျိန်စာအတတ်ကိုသင်ယူခဲ့သူတွေ အများကြီးရှိခဲ့တယ်။ ဆင့်ခေါ်သူတွေရဲ့ ကျိန်စာအတတ်က မှော်ဆရာတွေရဲ့ မှော်အတတ်လောက် ချက်ချင်းကြီးသိသာတဲ့ ရလာဒ်မရှိပေမယ့် သူတို့ရဲ့ ထူးခြားမှုကြောင့် သြဇာရှိတဲ့မိသားစုမျိုးနွယ်တွေအပြင် ဘုရင့်မျိုးနွယ်တွေကြားမှာတောင် လူကြိုက်များခဲ့တာပဲ"

"ငါကြားဖူးတာတော့ ဆင့်ခေါ်သူတွေရဲ့ ကျိန်စာအတတ်တွေက ခိုးချောင်ခိုးဝှက်နဲ့ဆို"

တန်နာဇီက မျက်ခုံးပင့်ရင်းပြောလိုက်ပါတယ်။

ယန်ယုလည်း ခေါင်းညိတ်ပြလိုက်ပါတယ်။

"ဟုတ်တယ်။ မှော်ဆရာက လူခံတပ်တစ်ခုဆိုရင် ဆင့်ခေါ်သူက လူတွေကိုတိတ်တိတ်လေးသတ်နိုင်တဲ့ အဆိပ်ငွေ့ပဲ။ ဆင့်ခေါ်သူက ဘယ်အချိန်မှာတိုက်မလဲဆိုတာ ဘယ်သူမှမသိဘူး။ ဒါကြောင့်မို့ စစ်တပ်နဲ့ ကိုယ်ပိုင်တပ်တွေကြားမှာ ဆင့်ခေါ်သူတွေအများကြီးရှိခဲ့ပြီးတော့ အမှောင်ထဲကနေလုပ်ရမယ့် လျှို့ဝှက်တဲ့အလုပ်တွေကို မကြာခဏလုပ်ခဲ့ကြတယ်"

ပြောရမယ်ဆို အစတည်းကကို ကောင်းမွန်တဲ့ဂုဏ်သတင်း မရှိခဲ့တာကလည်း ဆင့်ခေါ်သူတွေပဲဖြစ်ပါတယ်။ ဒီလိုပညာရှင်မျိုးကို ကာကွယ်ဖို့ခက်ခဲတာကြောင့် လူအတော်များများခေါင်းခဲခဲ့ကြရပါတယ်။

"တားမြစ်အတတ်ကရော ဘာလဲ"

စပ်စုချင်တဲ့ကလေးလေးတစ်ယောက်လိုပဲ မေးခွန်းတစ်ခုပြီးတစ်ခု တန်နာဇီကမေးနေပါတော့တယ်။

"ငါလည်း ရေရေရာရာတော့မသိဘူးဟ။ ကြည့်ရတာတော့ အဲ့ဒီဆင့်ခေါ်သူနှစ်ယောက်က ကွမ်းမင်တိုက်ပေါ်က အင်အားကြီးတဲ့လူတစ်စုကိုဖမ်းပြီး သူတို့ရဲ့ မှော်အားနဲ့အတွင်းအားတွေကို လူမဆန်တဲ့စမ်းသပ်မှုတွေမှာ အသုံးချခဲ့ကြပုံပဲ"

ယန်ယုက အဲ့ဒီအကြောင်းကိုသိပ်ရင်းနှီးကျွမ်းဝင်မှု မရှိပါဘူး။ သူဟာကျားဖြူမျိုးနွယ်ရဲ့ သခင်လေးဖြစ်သော်လည်း အကြောင်းအရာတော်တော်များများကတော့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီးမှသာ သူလည်းသိနိုင်မှာဖြစ်ပါတယ်။

"ခေါင်းမာတဲ့လူတွေပါပဲလားကွာ။ ကောင်းတဲ့ဆင့်ခေါ်သူရော မကောင်းတဲ့ဆင့်ခေါ်သူရော ရှိမှာပဲလေ။ လူယုတ်မာတစ်ချို့က ဟိုးအရင်တုန်းကလုပ်ခဲ့တာအတွက်နဲ့ ဆင့်ခေါ်သူအားလုံးကို သူတို့ကဖယ်ရှားနေတာပဲကိုး"

တန်နာဇီအနေနဲ့ စိတ်ပျက်သွားပါတယ်။

"ဒါက ငါတို့လုပ်နိုင်ကိုင်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ နောက်ပြီး စစ်ဆေးတာကိုလည်း ဘယ်လိုဘယ်ပုံလုပ်မယ်ဆိုတာ ငါတို့မသိဘူး။ ငါသိသလောက်ကတော့ လူတစ်ယောက်ရဲ့လေ့ကျင့်မှုကို သိချင်ရင် သူတို့ကိုယ်ထဲက အတွင်းအားနဲ့ မှော်အားကိုကြည့်ရတာပဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိချင်တယ်ဆိုရင် သိုင်းမီးကျောက်တုံးနဲ့ မှော်ဝိညာဉ်ကျောက်တုံးတို့ကိုပဲ အသုံးပြုလို့ရတာပဲ"

"ဆင့်ခေါ်သူကိုရှာတွေ့ခဲ့ရင် ဘာဖြစ်မယ်လို့မင်းတို့ထင်လဲ"

တန်နာဇီက ဘေးမှာရှိနေတဲ့ ဆောက်တည်ရာမရဖြစ်နေကြသော ကျောင်းသားတွေကိုကြည့်ပြီး မေးလိုက်ပြန်ပါတယ်။ အဲ့လူကိုသာရှာတွေ့သွားပါက ဘယ်သူပဲဖြစ်နေပါစေ အဆိုပါကျောင်းသားကတော့ ကျောင်းမှာနေလို့ရတော့မှာမဟုတ်ဘူးလို့ သူ့စိတ်ထဲခံစားမိနေပါတယ်။

"ဘယ်သူသိမှာလဲ"

ယန်ယုကပုခုံးတွန့်ရင်း ပြောလိုက်ပါတယ်။ သူက တစ်ပါးသူတွေကိစ္စမှာ စိတ်ဝင်စားတတ်သူမဟုတ်ပါဘူး။

ရှန်ယန်ရှောင်ကတော့ သူတို့လေးယောက်ဘေးမှာပဲ ရပ်နေပြီးတော့ ပြောတာတွေကိုနားထောင်နေပြီး သူမစိတ်ကအောက်ဆုံးအထိကျသွားပါတယ်။

သူမက ကျောင်းသားတွေကြားထဲမှာ သူခိုးတစ်ယောက်ရှိနေတာကို ရှာတွေ့ခဲ့တာလို့ပဲထင်ခဲ့ပြီး သူမရဲ့ကျိန်စာအတတ်ကို အသုံးပြုမှုကပေါ်ထွက်သွားမယ်လို့ ဘယ်သူတွေးမိခဲ့မှာလဲ။ ကျိန်စာအတတ်ကလူမိသွားမယ်ဆိုတာသာ သူမသိခဲ့ရင် တံဆိပ်တွေကိုခိုးယုံပဲခိုးခဲ့မှာကို ဘုရားသိပါတယ်။

အခုကြည့်ရတာ တော်ဝင်ရိုလန်ကျောင်းအနေနဲ့ ဒီကိစ္စကိုလွယ်လွယ်နဲ့ လက်လျှော့မယ့်ပုံမပေါ်ပါဘူး။ သူမကိုမိသွားတာနဲ့ ကျောင်းကနေထွက်သွားဖို့က ပါမွှားလေးဖြစ်ပြီး သူမကို ဆင့်ခေါ်သူတွေအပေါ်မှာ ရန်လိုစိတ်ရှိတဲ့ ဒီချာတိတ်လေးတွေကနေ နင်းခြေသတ်ဖြတ်မှာကို သူမခွင့်မပြုနိုင်ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၈၆)

လုံး၀ လုံးဝကိုစိတ်ပျက်စရာကောင်းတာပဲ..

ရှန်ယန်ရှောင်က ဒီလိုခပ်တုံးတုံးလူတွေကို ကျိန်ဆဲလိုက်ပါတယ်။ တန်နာဇီပြောတာ လုံးဝမှန်ပါတယ်။ ဆင့်ခေါ်သူတွေထဲက တစ်ချို့ကသာမှားခဲ့ကြတာကို ကွမ်းမင်တိုက်ပေါ်ကလူတွေဟာ ဆင့်ခေါ်သူအားလုံးကို ဝါးလုံးနဲ့သိမ်းကြုံးရမ်းသွားတာပါ။ ဒီလိုအမြင်ကျဉ်းတာဟာ မဖြစ်သင့်တဲ့အရာတစ်ခုပါ။ သူမဆင့်ခေါ်သူပညာကို စတင်လေ့ကျင့်ခဲ့တည်းက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်အောင်မလုပ်ခဲ့ပါဘူး။ ဒါကိုဘယ်လိုဖြစ်လို့ ဆင့်ခေါ်သူဆိုတာကို ကြားရုံနဲ့ လူတွေအားလုံးမျက်နှာ်တွေမှာ ကြောက်ရွံ့ထိတ်လန့်တဲ့ဟန်တွေ ဖြစ်ပေါ်လာရတာလဲ။

ဘယ်လိုပဲ သူမကနေပြီး တုံးလိုက်တဲ့အလိုက်တဲ့လူတွေလို့ စိတ်ထဲကနေကြိမ်းမောင်းနေပါစေ ဒီကိစ္စကိုတော့ သူမရှောင်လွှဲလို့မရပါဘူး။

သိုင်းမီးကျောက်တုံးနဲ့ မှော်ဝိညာဉ်ကျောက်တုံးတွေဟာ လူတစ်ယောက်ရဲ့ကိုယ်ထဲက အတွင်းအားနဲ့မှော်ကိုစစ်ဆေးဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ လက်နှစ်ဖက်ကိုတင်လိုက်ရုံနဲ့ သိုင်းမီးကျောက်တုံးနဲ့ မှော်ဝိညာဉ်ကျောက်တုံးတွေက အဲ့ဒီလူကိုယ်ထဲက အတွင်းအားနဲ့မှော်အားအဆင့်ကို ပြန်လည်ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။

ဥပမာပြောရရင် ဓားသမားတစ်ယောက်က သိုင်းမီးကျောက်တုံးနဲ့ထိတွေ့လိုက်မယ်ဆိုရင် ကျောက်တုံးကနေ ရွှေရောင်အလင်းတန်းထုတ်လွှတ်မှာဖြစ်ပြီး ဒါက အတွင်းအားရဲ့သန့်စင်မှုအခြေအနေကို ဖော်ပြနေတာပါပဲ။

စစ်သူရဲက ငွေရောင်အလင်းတန်းဖြစ်ပြီး လေးသမားကတော့ အနီရောင်ဖြစ်ပါတယ်။

မှော်ဆရာက မှော်ဝိညာဉ်ကျောက်တုံးကို ထိလိုက်မယ်ဆိုပါက အပြာရောင်အလင်းကို ဖော်ပြသွားမှာပါ။ ထို့အတူပဲ နတ်ဆရာက ငွေရောင်ဖြစ်ပြီး စစ်သူရဲရဲ့ငွေရောင်လောက်တော့ မတောက်ပပါဘူး။

ဆင့်ခေါ်သူအတွက်ကတော့......

အနက်ရောင်လို့ပြောရမှာပါ။

အရောင်ကွဲပြားမှုက နီးစပ်မှုကိုမရှိပါဘူး။ ရှန်ယန်ရှောင်အနေနဲ့ ဒီအခက်အခဲကနေလွတ်မြောက်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ စစ်ဆေးမယ့်ကျောက်တုံးတွေက သူမကိုအခွင့်အရေးတစ်ခုတောင် ပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူမကိုယ်တိုင်လည်း သူမရဲ့နှစ်မျိုးလေ့ကျင့်မှုစွမ်းအားအဆင့်ကို သိချင်နေမိပြီး အတွင်းအားအခြေအနေကိုဖော်ပြမှာလား မှော်အားကိုပဲဖော်ပြသွားမှာလားဆိုတာကိုပေါ့။

သူမ သေချာမသိတာကြောင့် စွန့်လည်းမစွန့်စားရဲပါဘူးလေ

သူမတွေဝေနေတုန်းမှာပဲ ရှူရဲ့အသံက သူမစိတ်ထဲမှာပဲ့တင်ထပ်သွားပါတယ်။

"ချာတိတ်မ ဒုက္ခရောက်နေပြီပေါ့"

သူ့အသံက အရင်လိုပဲ အေးစက်မြဲအေးစက်ဆဲပါပဲ။

"ဦးလေး နောက်ဆုံးတော့ ဦးလေးလည်းထွက်လာပြီပေါ့"

အနက်ရောင်တောထဲကိုဝင်တည်းက ရှူနဲ့သူမနဲ့အဆက်အသွယ်မရှိတော့ပါဘူး။ သူမတွေးခဲ့တာက နောက်ဆုံးတော့လည်း ဒီဆရာကြီးကအိပ်စက်အနားယူပြီပေါ့လို့ပါ မထင်မှတ်ဘဲနဲ့ ဒီလိုအကြပ်အတည်းကြုံချိန်မှာ ပြန်လည်ထွက်ပေါ်လာခဲ့တယ်လေ။

ဒီတစ်လောကလုံးမှာ ရှူကိုသာ သူမအယုံကြည်ဆုံးလို့ပြောရမှာပါ။ ဘာလို့လဲဆိုရင် ရှူကပဲသူမအတွက် အလင်းပြပေးခဲ့လို့ အမှိုက်ဆိုတဲ့ဘဝကနေ အခုလိုအခြေအနေထိရောက်ခဲ့တာပါပဲ။

"ဒါနဲ့ ဘာစိတ်ကူးလေးများရှိလဲ ပြောပါဦး"

သူမလည်း စိတ်ထဲကနေ မေးလိုက်ပါတယ်။

"ဘာလဲ မင်းကိုတွေ့သွားကြမှာကို ကြောက်နေတာလား"

ရှူရဲ့အသံက နည်းနည်းမြင့်သွားပါတယ်။

"တွေးကြည့်လေ။ ကျောင်းကနေကျွန်တော်လည်း မထွက်ချင်သေးဘူး။ လေးဌာနကိုမသွားရသေးလို့ လေးအတတ်စာအုပ်တွေကိုလည်း မခိုးရသေးဘူး နောက်ပြီးအခုချိန်မှာ ကျောင်းကနေကန်ထုတ်ခံလိုက်ရရင် ဘယ်ကနေအဲ့စာအုပ်တွေကိုသွားယူရမှာလဲ"

ဆေးပညာကိုစိတ်မဝင်စားသော်လည်း ကျောင်းကစုဆောင်းထားတဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေရဲ့ အဖိုးတန်မှုကိုသူမတန်ဖိုးထားမိပါတယ်။ သိုးရေစာအုပ်တစ်အုပ်ကတင် သူမအတွက်အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါပဲ။ လေးဌာနကိုလည်း စာအုပ်သွားမခိုးရသေးလို့ အိမ်ကိုဘာလို့အစောကြီးပြန်ရမှာလဲ...

ဒါ့အပြင်လည်း......

အိုးယန်ဟွမ်းယူကသာ သူမအကြောင်းကိုသိသွားရင် ဒီကျောင်းကနေလုံလုံခြုံခြုံနဲ့ ထွက်သွားရလိမ့်မယ်လို့ သူမ မထင်ထားပါဘူး။

"စိတ်မပူနဲ့"

ရှူကနေ အခုလိုနှစ်သိမ့်တဲ့စကားမျိုးပြောတာ တော်တော်ရှားပါတယ်။

ဒါပေမဲ့လည်း သူမစိတ်ထဲအေးချမ်းမသွားပါဘူး။ ဒီဉာဏ်ရည်နိမ့်တဲ့လူတွေက ဆင့်ခေါ်သူကိုလူဆိုးလို့သတ်မှတ်ထားတာကို သူမ စိတ်မပူဘဲဘယ်လိုနေနိုင်ပါ့မလဲ။

"ငါဒီမှာရှိနေလို့ မင်းဘာမှတွေးပူမနေပါနဲ့တော့"

ဒီစကားသံက ပုံမှန်အတိုင်း အေးစက်စက်ဖြစ်သော်လည်း သူမစိတ်ထဲမှာတော့ သောကတွေလျော့ပါးသွားပါတယ်။

All Chapters