အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၀)
လေးတွေဟာ လေးသမားတွေအတွက် မရှိမဖြစ်လိုအပ်တာပါ။ ရှန်ယန်ရှောင် ဘယ်လောက်ပဲအရည်အချင်းရှိနေပါစေ လက်ဗလာနဲ့တော့ လေးအတတ်ကိုသင်ယူဖို့မဖြစ်နိုင်ပါဘူး။ ပြဿနာရှိနေတာက လေးကို ဘယ်မှာသွားရှာရမလဲ။
လေးဌာနရဲ့မြှားပစ်ကွင်းမှာတော့ နေ့စဉ်လေ့ကျင့်ဖို့အတွက် လေးတွေရှိပါတယ်။ သို့သော်လည်း အဆိုပါလေးတွေကို လူတွေကစောင့်ကြပ်နေတာဖြစ်ပြီး ပစ်လွှတ်ဖို့အတွက်လည်း မှော်အမြူတေလိုအပ်ပါသေးတယ်။ အဲ့ဒီလေးတွေကိုတော့ ကိုယ်ပိုင်လေးမဝယ်ရသေးတဲ့ ကျောင်းသားတွေကသာ ယာယီအဖြစ်အသုံးပြုတာလည်း ဖြစ်ပါတယ်။ လေးပညာကျောင်းသားတွေက ယေဘုယျအားဖြင့်အဆိုပါလေးတွေကို အသုံးမပြုလို့ သူမကတစ်စင်းလောက်ခိုးယူဖို့ အသင့်ဖြစ်နေပေမယ့် ရှူကသူမရဲ့အကြံကို လက်လျှော့လိုင်းခဲ့ပါတယ်။
"လေးသည်တော်တစ်ယောက်အတွက် လေးတစ်စင်းရဲ့လိုအပ်ချက်ကအင်မတန်အရေးပါပြီး မင်းနဲ့ကိုက်ညီတဲ့လေးကသာ မင်းအစွမ်းကိုထိရောက်အောင်ပြနိုင်မှာ"
ရှူက ရှန်ယန်ရှောင်ရဲ့အခြေအနေကို မကြာခဏဆိုသလိုလမ်းညွှန်ထောက်ပြတတ်ပါတယ်။
သူမလည်း လက်လျှော့လိုက်ပါတယ်။
မြှားပစ်ကွင်းထဲကလေးတွေကို အသုံးမပြုနိုင်သလို လေးပညာကျောင်းသားတွေရဲ့လေးတွေဟာလည်း အမှတ်အသားတွေရှိလို့ ခိုးယူခဲ့ရင် သူမအတွက်နောင်မှာပြဿနာဖြစ်နိုင်ပါတယ်။
ဒါဆိုရင် သူမအတွက်ဘယ်ကနေ လေးတစ်စင်းရနိုင်မလဲ။
သူမအလွန်အမင်းစိတ်ညစ်နေတုန်းမှာပဲ တန်နာဇီပါးစပ်ကနေ သတင်းတစ်ချို့ရလိုက်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ မြောက်အရပ်မှာရှိတဲ့မြို့လေးမှာ စည်ကားတဲ့ဈေးတစ်ခုရှိကာ တော်ဝင်ရိုလန်ကျောင်းရဲ့ကျောင်းသားအများစုက လိုအပ်တာတွေကို အဲ့ဒီမှာဝယ်လေ့ရှိပါတယ်။
တန်နာဇီပြောပုံအရ အဲ့ဒီမှာ အမျိုးမျိုးသော တန်းဝင်လက်နက်တွေရှိယုံသာမက မှောင်ခိုဈေးလည်းရှိပါတယ်တဲ့။
သူမလည်း ချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပါတယ်။ တန်နာဇီပါးစပ်ကနေ နေရာအတိအကျကိုသိပြီးတာနဲ့ အဝတ်အစားတွေလဲကာ စိတ်တက်ကြွစွာနဲ့ ချီတက်လိုက်ပါတယ်။
ဖီးမြို့ဟာ အလွန်သေးငယ်တဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ တစ်မြို့လုံးလူဦးရေစုစုပေါင်းက တစ်သောင်းကနေနှစ်သောင်းလောက်ပဲ ရှိတာပါ။ ဒါပေမဲ့လို့ ဒီဒေသမှာတော့ အစည်ကားဆုံးလည်းဖြစ်ပါတယ်။ မြို့တံခါးကိုဝင်ရောက်လိုက်တာနဲ့ လမ်းဘေးဆိုင်တွေကိုတွေ့မြင်နိုင်ပါတယ်။ ဖီးမြို့ကိုအမဲရောင်မြို့လို့လည်းသိကြပါတယ်။ ဒီနေရာမှာဥပဒေစိုးမိုးမှုမရှိဘဲ မင်းမှာငွေရှိရင် မင်းလိုချင်တာကို အမည်းရောင်မြို့မှာဝယ်ယူနိုင်ပါတယ်။
ရိုးစင်းတဲ့အဝတ်အစားကိုဝတ်ဆင်ထားတဲ့ ရှန်ယန်ရှောင်က မြို့ရဲ့မှောင်ခိုဈေးထဲမှာလမ်းလျှောက်နေပါတယ်။ ညနေခင်းရောက်နေပြီဖြစ်သော်လည်း ဖီးမြို့ရဲ့လမ်းတွေပေါ်မှာ လူစည်ကားနေဆဲဖြစ်ပါတယ်။ လူအုပ်စုတွေက ဆိုင်လေးတွေဆီမှာစုပြုံရပ်နေကြသလို အချို့ကလည်း တော်ဝင်ရိုလန်ကျောင်းဝတ်စုံကို ဝတ်ဆင်ထားကြပါတယ်။
ထွားကြိုင်းသန်မာတဲ့လူတစ်ချို့ကလည်း မြို့လယ်မှာလမ်းသလားနေတာကို တွေ့မြင်နိုင်ပါသေးတယ်။ သူတို့ထဲကအများစုကတော့ အမူအယာကင်းမဲ့ကာ လက်နက်တွေကိုယ်ပေါ်မှာချိတ်ဆွဲထားသလို အစွမ်းအစရှိပုံပေါ်ပါတယ်။
ဒီလူတွေဟာ ကြေးစားအဖွဲ့ဖြစ်ပါတယ်။ ကြေးစားတွေဟာ အမည်းရောင်မြို့ရဲ့ အဓိကအမှတ်အသားတစ်ခုလည်းဖြစ်ပါသေးတယ်။
ဖီးမြို့ထဲမှာ မရေမတွက်နိုင်တဲ့ ကြေးစားအဖွဲ့တွေရှိပါတယ်။ သူတို့က ကြေးစားသမဂ္ဂကနေ အလုပ်အပ်နှံတာကိုရယူပြီး သူတို့ကိုအလုပ်အပ်နှံသူတွေလိုတာမှန်သမျှကို အခကြေးငွေရယူပြီးလုပ်ဆောင်ပေးကြပါတယ်။
ရှန်ယန်ရှောင်ကသေးငယ်လွန်းလို့ လမ်းပေါ်မှာသွားနေရုံနဲ့လူအုပ်ထဲမှာ ပျောက်သွားပါတယ်။ အမည်းရောင်မြို့ထဲမှာလျှောက်သွားနေလိုက်ပြီး သူမရဲ့အဓိကရည်ရွယ်ချက်အတွက်လိုက်ရှာနေပါတယ်။ အသိဉာဏ်ပညာနဲ့ပြည့်စုံနေတဲ့ မျက်လုံးတစ်စုံက ဆိုင်တွေမှာခင်းကျင်းပြသထားတဲ့ ထူးထူးဆန်းဆန်းအရာတွေကိုကြည့်လိုက်ပြီး မဆိုးဘူးလို့မှတ်ချက်ပြုလိုက်မိပါတယ်။
မှော်သားရဲတွေရဲ့ မှော်အမြူတေတွေ၊နတ်ဆိုးသားရဲတွေရဲ့ သလင်းအမြူတေတွေ၊ ဆေးမြစ်ရတနာတွေနဲ့ တိရစ္ဆာန်မျိုးစုံရဲ့ အစွယ်သွားတွေ ချိုတွေပါရှိပါတယ်။ ဖီးမြို့ဟာတစ်ကယ့်ကိုပဲ အမည်းရောင်မြို့ဖြစ်ကာ မင်းစိတ်ကူးလို့မရတာသာရှိနိုင်ပြီး ဝယ်လို့မရနိုင်တာမရှိအောင် စုံလင်လှပါတယ်။
သူမလည်းလှည့်ပတ်ကြည့်နေလိုက်ပါတယ်။ မကြာခင်မှာဘဲ သူမကိုဆိုင်သေးသေးလေးကနေ ဆွဲဆောင်လိုက်ပါတယ်။
ဆိုင်နာမည်က မျက်နှာများ ဖြစ်ပါတယ်။
အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့နာမည်ပါပဲ။ သူမဆိုင်တံခါးပေါက်မှာရပ်နေလိုက်ပြီး အထဲကိုလှမ်းကြည့်လိုက်ပါတယ်။
ဆိုင်ကအကြီးကြီးမဟုတ်ဘဲ သစ်သားသေတ္တာတွေနဲ့ပြည့်နေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၁)
ဆိုင်ရဲ့နံရံတွေမှာ ဖုန်တင်နေသောလူရေခွံမျက်နှာဖုံးတွေချိတ်ဆွဲထားပါတယ်။
"ဒီကဧည့်သည် ဘာများအလိုရှိပါသလဲ"
ဆိုင်ရှင်က ဆိုင်ဝမှာရပ်နေတဲ့ ရှန်ယန်ရှောင်ကိုကြည့်လိုက်ကာ ချက်ချင်းနှုတ်ဆက်လိုက်ပါတယ်။
"မျက်နှာပြောင်းလွဲတဲ့မျက်နှာဖုံးတွေကို ဒီမှာရောင်းသလား"
ရှန်ယန်ရှောင် မေးလိုက်ပါတယ်။ မျက်နှာပြောင်းမျက်နှာဖုံးဟာ ရုပ်ပြောင်းဆေးရည်လိုတစ်ခါသုံးမဟုတ်ဘဲ အချိန်အကြာကြီးသုံးလို့ရပါတယ်။ ဒီဟာက သူမအတွက်အသုံးတည့်ပါတယ်။ သူမအတွက်သင့်တော်မယ့်တစ်ခုသာရရင် ငွေကုန်ကြေးကျသက်သာမှာဖြစ်ပါတယ်။
"ဟုတ်ပါတယ်။ အမည်းရောင်မြို့ထဲမှာတော့ အကောင်းဆုံးမျက်နှာဖုံးဆိုင်လည်းဟုတ်ပါတယ်။ မင်းလိုချင်တဲ့မျက်နှာဖုံးကိုရှာတွေ့နိုင်ရုံတင်မကဘဲ လိုချင်တဲ့ပုံစံမျက်နှာဖုံးကိုလည်း လုပ်ပေးပါတယ်"
ဆိုင်ရှင်က သူ့ဆိုင်မှာရနိုင်တာတွေအားလုံးကို တောက်ပစွာပြုံးရင်းရှင်းပြလိုက်ပါတယ်။
"ကျွန်တော်က လူတွေအာရုံစိုက်တာကိုမခံရမယ့် သာမန်မျက်နှာပုံစံကိုလိုချင်တာ"
ရှန်ယန်ရှောင်က ဆိုင်ထဲကိုဝင်လိုက်ပြီး နံရံတွေပေါ်ကမျက်နှာဖုံးတွေကို ကြည့်လိုက်ပါတယ်။ မျက်နှာဖုံးတွေကပါးလွှာပြီး လက်ရာကသေသပ်ကောင်းမွန်လွန်းကာ မျက်နှာဖုံးတိုင်းကတူညီမှုမရှိပါဘူး။
"ဟုတ်ပြီ ခဏစောင့်ပါဦး အဆင်ပြေမယ့်ဟာတွေကိုပြပေးပါ့မယ်"
ဆိုင်ရှင်ကပြုံးရွှင်နေပါတယ်။ သူကစင်ဆီကိုသွားလိုက်ကာ သေတ္တာဗူးအချို့ကိုထုတ်လိုက်ပါတယ်။
အမည်းရောင်မြို့မှာဈေးဝယ်လို့ကောင်းတာတစ်ခုကတော့ သင်ဘာကိုပဲလိုချင်လိုချင် ဝယ်နိုင်လို့လားလို့မမေးတာပါပဲ။ အမည်းရောင်မြို့ထဲက ဆိုင်အားလုံးက သင့်အတွက်အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေမှာဖြစ်ပါတယ်။
ရုပ်ပြောင်းမျက်နှာဖုံးတွေဟာ အမည်းရောင်မြို့ရဲ့ကျော်ကြားတဲ့အရာတစ်ခုလည်းဖြစ်ပြီး သူခိုး၊ဓားပြတွေ ဒါမှမဟုတ် လူသတ်သမားတွေအကြိုက်လည်းဖြစ်ပါတယ်။ ကြေးစားတွေကလည်း ရုပ်ပြောင်းမျက်နှာဖုံးဆိုင်တွေဆီကို မကြာခဏဝင်ထွက်လေ့ရှိပါတယ်။ ဒီဟာက သူတို့ရဲ့မူလရုပ်သွင်ကိုဖုံးကွယ်ထားနိုင်လို့ သူတို့အတွက်တော့အင်မတန် အရေးပါအရာရောက်ပါတယ်။
"ဧည့်သည်လေး ဒီသုံးခုကိုတစ်ဆိတ်ကြည့်ကြည့်ပါဦး"
ဆိုင်ရှင်က ပြုံးရယ်ကာ သစ်သားသေတ္တာသုံးဗူးကို ဖွင့်လိုက်ပြီး မျက်နှာဖုံးသုံးခုကိုထုတ်လိုက်ပါတယ်။
ရှန်ယန်ရှောင်တောင်းဆိုထားတဲ့အတိုင်း မျက်နှာဖုံးသုံးခုလုံးက သာမန်အသွင်အပြင်ပဲရှိပြီး သူမလိုအပ်ချက်အားလုံးနဲ့ပြည့်စုံပါတယ်။
ရှန်ယန်ရှောင်က မှဲ့ခြောက်တွေနဲ့လူငယ်မျက်နှာတစ်ခုကိုရွေးလိုက်ပါတယ်။
"ဒါက ဘယ်လောက်လဲ"
ရှန်ယန်ရှောင်မေးလိုက်ပါတယ်။
"ဒါက သိပ်ဈေးမကြီးပါဘူး ရွှေပြား၃၅၀၀ပဲကျပါတယ်"
ဆိုင်ရှင်က ပြုံးရယ်ကာပဲပြန်ဖြေလိုက်ပါတယ်။
ရွှေပြား၃၅၀၀....ဘာလို့ဈေးမကြီးရမှာလဲ။
သူမထင်ထားခဲ့တာက ရုပ်ပြောင်းဆေးရည်ကိုက ငွေကိုစုပ်ယူတဲ့မျှော့လို့ဖြစ်ပြီး ဒီရုပ်ဖျက်မျက်နှာဖုံးကလည်း ဒီလောက်အထိဈေးမြင့်မယ်လို့ ထင်မထားခဲ့မိပါဘူး။
ရွှေပြား၃၅၀၀က လူတွေကို သုံးနှစ်တိတိစားသောက်လို့လုံလောက်စေပါတယ်။
အမည်းရောင်မြို့ဟာ တစ်ကယ့်ကိုနက်မှောင်နေပြီး လူတွေကိုအပေါ်ယံအကဲဖြတ်လို့မရစေပါဘူး။
ကံကောင်းတာတစ်ခုကတော့ သူမမှာရွှေအလုံအလောက်ရှိနေခြင်းဖြစ်ပါတယ်။ သူမကိုနာကျင်စေသော်လည်း မတတ်နိုင်ဘဲဝယ်လိုက်ရပါတယ်။
ဆိုင်ရှင်ရဲ့အကူအညီနဲ့ပဲ မျက်နှာဖုံးကိုတပ်ဆင်လိုက်ပါတယ်။ နဂိုတည်းကသာမန်ရုပ်ရည်ဖြစ်နေရာကနေ တပ်ဆင်လိုက်တာနဲ့ ပိုပြီးထူးမခြားနားရုပ်မျိုးဖြစ်သွားစေပါတယ်။ အခုလိုအသားအရည်နဲ့ မှည့်ခြောက်ဗရပွမျက်နှာပိုင်ရှင်မျိုးကို ဘယ်သူမှအထူးတလည်သတိပြုမိနေမှာ မဟုတ်ပါဘူး။
"မျက်နှာဖုံးတွေကို အများကြီးမထုတ်ပါဘူးနော် ထုတ်သလား"
သူမက တွေးတောမိတာကို ထုတ်ဖော်မေးလိုက်ပါတယ်။
သူမအနေနဲ့ တစ်ခြားတစ်ယောက်ယောက်ကအသုံးပြုပြီးသား မျက်နှာကိုသုံးချင်စိတ်မရှိပါဘူး။
ဆိုင်ရှင်က သူမကိုစိတ်ချလက်ချနေဖို့ ပြောလိုက်ပါတယ်။
"ဧည့်သည်လေးကိုကြည့်ရတာ အမည်းရောင်မြို့မှာ ပထမဆုံးဈေးဝယ်ဖူးပုံပဲ။ ဧည့်သည်လေးသိထားရမှာက အမည်းရောင်မြို့ရဲ့ မျက်နှာဖုံးဆိုင်တိုင်းမှာ မျက်နှာဖုံးတိုင်းကို တစ်ခုစာပဲလုပ်တာပါ။ ကွမ်းမင်တိုက်မှာ ထပ်တူကျတဲ့နောက်ထပ်မျက်နှာဖုံးတစ်ခုကို ရှာတွေ့ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ စိတ်ချလက်ချသာနေပါ မျက်နှာဖုံးအကြောင်းကို ဘယ်သူ့ကိုမှထုတ်ဖော်မပြောဘူးဆိုတာကိုလည် အာမခံပါတယ်။ ဧည့်သည်လေးက ဒီမျက်နှာဖုံးကိုဝယ်လိုက်ပြီဖြစ်လို့ ဒီမျက်နှာဖုံးအကြောင်းကို ကျွန်တော်လုံးဝမေ့ပစ်လိုက်ပါပြီ"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၉၂)
အမည်းရောင်မြို့ရဲ့စီးပွားရေးသမားတစ်ဦးဖြစ်တာကြောင့် သူ့ဈေးဝယ်သူရဲ့အတွေးကို ကောင်းကောင်းနားလည်ပါတယ်။ အမည်းရောင်မြို့ထင်ရှားနေရခြင်းအကြောင်းကတော့ ဒီမှာရောင်းတဲ့မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူပြီးသွားတာနဲ့ မေ့ပစ်လိုက်မှာဖြစ်ပြီး ထိုပစ္စည်းနဲ့ပတ်သတ်တဲ့ဘာအကြောင်းအရာကိုမှ တစ်ခြားလူတွေကိုထုတ်ဖော်ပြောခြင်းမရှိလို့ ဖြစ်ပါတယ်။
သူမလည်းကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်ပါတယ်။
"ဆိုင်ရှင့်ကို အကူအညီအဖြစ်တစ်ခုမေးချင်တာလေးရှိပါတယ်"
"ပြောသာပြောပါ အားမနာပါနဲ့"
"လေးရောင်းတဲ့ဆိုင်များ ဒီမြို့ထဲမှာရှိသလားလို့ပါ"
မြို့ကသိပ်မကြီးသော်လည်း ဒီအတိုင်းလျှောက်ကြည့်နေရင် ဘယ်အချိန်မှတွေ့မယ်ဆိုတာကို သူမလည်းမသိပါဘူး။
"ရှိပါတယ်။ မြို့အရှေ့ခြမ်းမှာက လက်နက်ရောင်းတဲ့ဆိုင်တွေရှိပါတယ်"
"ကျေးဇူးအများကြီးတင်ပါတယ်"
သူမလည်းလိပ်စာကို သိလိုက်တာနဲ့ဆိုင်ကနေ ချက်ချင်းထွက်လိုက်ပါတယ်။
ဆိုင်ရှင်ပြောသလို သွားလိုက်တော့ သူမတွေ့လိုက်ပါတယ်။ လမ်းရဲ့တစ်ဖက်တစ်ချက်စီမှာ ဒါဇင်ခန့်ရှိတဲ့လက်နက်ရောင်းချသော ဆိုင်ကြီးဆိုင်ငယ်များကိုတွေ့ရပါတယ်။ ဆိုင်တိုင်းရဲ့တံခါးပေါက်မှာ လက်နက်တွေကိုလူမြင်အောင် ချိန်ဆွဲပြသထားပါတယ်။
ကြေးစားတစ်ချို့နဲ့ တော်ဝင်ရိုလန်ကျောင်းသားတွေက ဆိုင်တွေမှာဥဒဟို ဝင်ထွက်သွားလာနေကြပါတယ်။
သူမအကြည့်က လမ်းရဲ့အလယ်ဗဟိုကိုကျရောက်သွားပါတယ်။ အဲ့ဒီနေရာမှာ လက်နက်ရောင်းဆိုင်ကြီးရှိပြီး ရွှေရောင်တံဆိပ်ရေးထိုးထားတဲ့ အနီရောင်အလံကလူသတိထားမိစရာ လေထဲမှာတဖျတ်ဖျတ်လွင့်နေကာ တစ်ခြားလက်နက်ဆိုင်တွေနဲ့ယှဉ်ပါက ဆိုင်အကျယ်အဝန်းဟာ ခုနှစ်ဆိုင်ရှစ်ဆိုင်စာလောက်ရှိပါတယ်။ လမ်းပေါ်က လူသန်ကြီးတစ်ယောက်လိုပါပဲ။
သူမလည်း ထိုဆိုင်ကိုသွားလိုက်ပါတယ်။
ရွှေပန်းပဲလက်နက်ဆိုင်ဟာ အမည်းရောင်မြို့ရဲ့ အကြီးဆုံးလက်နက်ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်ပြီး ဆိုင်မှာအပြည့်စုံဆုံး၊ အဆင့်မြင့်ဆုံးလက်နက်တွေရှိပါတယ်။ ငါးမီတာလောက်ကျယ်ဝန်းတဲ့ သလင်းတံခါးဟာ ခမ်းနားလှပြီး ဒီလိုကျယ်ပြန့်လှတဲ့တံခါးပေါက်ကြီးရှိတာတောင် အဆက်မပြတ်ဝင်ထွက်နေတဲ့ဝယ်သူတွေနဲ့ ပြည့်နှက်နေပါတယ်။
သူမလည်းလူအုပ်ကြားထဲကို အတင်းတိုးဝင်လိုက်ပါတယ်။ ဆိုင်ကိုအပြင်ကကြည့်ရင်ခမ်းနားလှပြီး အထဲမှာတော့ပိုပြီးတော့ ကြီးကျယ်နေပါတယ်။
အထပ်တစ်ထပ်မှာတင် သုံးလေးရာစကွဲမီတာလောက်ရှိပါတယ်။ ဓားတွေ၊ ဒိုင်းတွေ၊ လေးတွေ၊ တောင်ဝှေးတွေနဲ့ မှော်တုတ်တံတွေဟာ ဆိုင်ရဲ့ဒေါင့်လေးဒေါင့်မှာ ခင်းကျင်းပြသထားပါတယ်။ ကောင်တာတိုင်းမှာ ဝယ်သူတွေပြည့်နေကာ နံရံကပ်စင်တွေမှာလည်း အမျိုးမျိုးသောလက်နက်တွေရှိနေပါတယ်။ တစ်ချို့ကိုရွှေကွပ်ထားသလို တစ်ချို့ကိုတော့ကျောက်မျက်တွေနဲ့ တန်ဆာဆင်ထားပါတယ်။ တဖျတ်ဖျတ်တောက်ပနေတဲ့ မှော်အမြူတေတွေကလည်း လက်နက်တွေမှာတပ်ဆင်ထားပြီး တလက်လက်လင်းနေပါတယ်။
ရှန်ယန်ရှောင်တောင် ဒီဆိုင်ရဲ့ကြီးကျယ်ခမ်းနားမှုကြောင့် သက်ပြင်းချမိပါတယ်။ လေးတွေရောင်းတဲ့နေရာကို သူမတွေ့သွားပြီးတာနဲ့ အဲ့ဒီကိုသွားလိုက်ပါတယ်။ ရာချီပြီးရှိတဲ့လှပလှသောလေးတွေကိုကြည့်ပြီး သူမမျက်လုံးတွေတောက်ပသွားပါတယ်။
ဒါပေါ့ ခမ်နားတဲ့ဈေးနှုန်းတွေကိုလည်း လေးတွေရဲ့အောက်မှာရေးသားထားပါတယ်။
ဘာမှဟုတ်ဟန်မတူတဲ့ သစ်သားလေးတစ်စင်းကို ရွှေပြား၅၀၀လို့ဈေးနှုန်းသတ်မှတ်ထားပါတယ်။ အဆင့်နှစ်မှော်အမြူတေတပ်ဆင်ထားတဲ့လေးကတော့ ရွှေပြား၁၂၀၀ပါတဲ့။
သူမစိတ်ထဲ ဘာပြောရမယ်မသိဖြစ်သွားပါတယ်။ ဒီလက်နက်တွေရဲ့ဈေးနှုန်းတွေက ဆေးရည်တွေထက်တောင် ကြောက်ဖို့ကောင်းလောက်အောင်များလှပါတယ်။ ဒီကမ္ဘာအကြောင်းကို သူမသိပ်မသိသေးသော်လည်း အမည်းရောင်မြို့ထဲကို သူမဝင်လာတုန်းက လမ်းဘေးမှာရောင်းချနေတဲ့ လက်နက်ဆိုင်တွေကိုတွေ့ခဲ့ပါတယ်။ အရည်အသွေးညံ့တဲ့လေးတွေဈေးနှုန်းက ပျမ်းမျှအားဖြင့် ရွှေပြားဒါဇင်ခန့်သာရှိပါတယ်။ ဒီဆိုင်ရဲ့လက်နက်ဈေးနှုန်းတွေက ဆယ်ဆလောက်ထိကိုမြင့်သွားတာပါပဲ။
ဒီထက်ပိုမနက်မှောင်ရဲတော့ဘူးလားဟင်။
တော်ဝင်ရိုလန်ကျောင်းဝတ်စုံတွေဝတ်ဆင်ထားတဲ့ ဆိုင်ထဲကကျောင်းသားတွေကိုကြည့်လိုက်ကာ သူမသက်ပြင်းပဲချလိုက်နိုင်ပါတယ်။ တော်ဝင်ရိုလန်ကျောင်းက လူကုံထံကျောင်းဖြစ်လို့ ဒီကျောင်းသားတစ်ယောက်ချင်းစီတိုင်းဟာ တစ်ကယ့်ကိုချမ်းသာသူတွေပါလား အား.....
ကျောင်းသားတစ်ယောက်က ရွှေပြားသုံးထောင်တန် လက်နက်တစ်ခုကို မျက်တောင်မခတ်ဘဲဝယ်လိုက်တာကိုကြည့်ကာ သူမ တံတွေးမြိုချလိုက်မိပါတယ်။
ဘာလုပ်ရမလဲ သူမလက်တွေယားလာပြီ။
ကံကောင်းတာတစ်ခုက သူမချမ်းသာနေဆဲဖြစ်နေပါတယ်။ သူမ လေးတွေကိုရွေးဖို့အတွက် အာရုံပြန်ရောက်သွားပါတယ်။ သူမပတ်ပတ်လည်ကိုလိုက်လံကြည့်ရှုပြီးပေမယ့်လည်း သူမနဲ့ကံအပ်စပ်တဲ့လေးကိုတော့ မတွေ့သေးပါဘူး။