အခန်း (၂၉၁)
Vol. 30 Ch. 291
(291)
စုန့်စစ်ယွီက ရုပ်ရည်လှပပြီး ငယ်ရွယ်သေးသည်။ သို့သော်လည်း နှိုင်းယှဉ်စရာ မရှိလျှင်သာ ရွေးချယ်ခံရနိုင်မည့်မိန်းကလေးမျိုးဖြစ်ပေသည်။
ယခု သူမထက် ပိုမိုလှပသော မိန်းကလေးကို မြင်လိုက်ရသည့်အချိန်မျိုးတွင် စုန့်စစ်ယွီက သာမန်မျှသာဖြစ်သည်ဟု သူမ၏ဘေးမှ အမျိုးသားက ရုတ်တရက် ခံစားလိုက်ရသည်။
နောက်ပိုင်းတွင် စုန့်စစ်ယွီထံမှ တစ်ခုခု မေးမြန်းရရှိနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရပေမည်။
သူ့အနေဖြင့် သူ၏ လက်ကျန်ဘဝတစ်လျှောက်တွင် အတူရှိနေမည့် လက်တွဲဖော်တစ်ဦးကို ကောင်းကောင်းရှာဖွေရန် စီစဉ်ထားခဲ့သည်။
အကယ်၍ ပိုမိုကောင်းမွန်သော ရွေးချယ်စရာများရှိနေပါက သူ့အနေဖြင့် ပိုင်ဆိုင်ရနိုင်ရန် ကြိုးစားကြည့်ပေလိမ့်မည်။
ထို့အပြင် သူ၏ အခြေအနေများက အလွန်ကောင်းမွန်နေပေသည်။ ဤသည်က သူ၏ ဒုတိယအိမ်ထောင် ဖြစ်သော်ငြားလည်း မည်သည့်အမျိုးသမီးကမှ သူ့ကို ငြင်းပယ်နိုင်မည်မဟုတ်ဟု သူ ခံစားနေရလေ၏။
ဤသို့ တွေးတောရင်းဖြင့် ထိုအမျိုးသားက လင်းရန်ကို ပို၍ပင် ပေါ်ပေါ်တင်တင်ကြည့်လာခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင်ပင် ရေခဲကဲ့သို့ အေးစက်သောအကြည့်တစ်ခုသည် သူ့ဆီသို့ ရုတ်တရက် ရောက်ရှိလာခဲ့ပုံရသည်။
ထိုအမျိုးသားမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ အကြည့်ကို ခံနေရသကဲ့သို့ ကြက်သီးမွှေးညင်းထစေသည့် ခံစားချက်မျိုးကို ရရှိလိုက်လေ၏။
ထိုအမျိုးသားက ကြောင်အသွားရပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များပင် ထောင်ထသွားရသည်။
ထို့နောက်တွင်တော့ မတိုင်ခင်က သူ စိုက်ကြည့်နေခဲ့သည့် လှပသော မိန်းကလေး၏ဘေးနားတွင် ရပ်နေသည့် အမျိုးသားက သူ့ဘက်သို့ ဖြည်းညင်းစွာ လျှောက်လာပြီး သူ့ရှေ့တွင် ရပ်တန့်လိုက်ကြောင်းကို မြင်လိုက်ရလေ၏။
ထို့နောက် တစ်ဖက်လူက ခေါင်းကိုငုံ့ကိုင်းကာ သူ့ကို အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်လေသည်။
“မင်းရဲ့မျက်လုံးတွေကို အလိုမရှိတော့ဘူးလား?”
ထိုအမျိုးသားမှာ စုန့်ရှီးယန်၏ အကြည့်ကြောင့် အလွန်အမင်း ထိတ်လန့်သွားရပြီး နောက်သို့ ဆုတ်လိုက်မိလေ၏။
“မင်း.. မင်း ဘာကို ဆိုလိုတာလဲ?”
စုန့်ရှီးယန်က သူ၏စကားကို ပြန်မဖြေဘဲ သူတို့နှစ်ဦးတည်းသာ ကြားနိုင်လောက်မည့် လေသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်သည်။
“နောက်တစ်ခါ ထပ်ကြည့်ရဲရင်ကြည့်လိုက်လေ၊ ငါ မင်းရဲ့ မျက်လုံးတွေကို ထုတ်ပစ်လိုက်မယ်၊ မယုံဘူး ဆိုရင်စမ်းကြည့်လို့ရတယ်”
ထိုအချိန်မှသာ ထိုအမျိုးသားက တစ်ဖက်လူ ဝတ်ဆင်ထားသော အဝတ်အစားများကို သတိပြုမိသွားရသည်။
ထိုလူငယ်က စစ်တပ်မှဖြစ်ကြောင်းကို သူ သိရှိသွားခဲ့လေသည်။ သူ၏ အဆင့်အတန်းက မည်မျှပင် မြင့်မားပါစေ၊ ထိုစစ်သား၏ အတိုက်အခိုက်စွမ်းရည်ကို သူ တစ်ယောက်တည်းဖြင့် ယှဉ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူ့အနေဖြင့် အရူးတစ်ယောက်ကဲ့သို့သာ ဟန်ဆောင်လိုက်ရလေ၏။
“မင်း ဘာတွေပြောနေလဲဆိုတာ ငါမသိဘူး၊ ငါ့မှာ လုပ်စရာရှိနေသေးလို့ အရင်သွားတော့မယ်”
ထိုသို့ပြောပြီးနောက် သူက အနောက်မှ သရဲလိုက်လာသည့်အလား ကုန်တိုက်ကြီးထဲမှ အလျင်အမြန် ထွက်ပြေးသွားခဲ့လေသည်။
သူက အနောက်တွင်ရှိနေသော စုန့်စစ်ယွီကိုပင် ခေါ်ရန် မေ့လျော့နေခဲ့လေသည်။
စုန့်စစ်ယွီတစ်ယောက် တစ်ဖက်လူက သူမကို ချန်ထားခဲ့ကြောင်းကို သိလိုက်ရပြီး ခဏမျှ ကြောင်အသွားရလေသည်။
သူမက သူမကို လုံးဝဂရုမစိုက်ဘဲ ထွက်ခွာသွားသော ထိုအမျိုးသားကို ကြည့်လိုက်ကာ သူမကို အပြုံးတစ်ခုဖြင့် ကြည့်နေဆဲဖြစ်သော လင်းရန်နှင့် တခြားသူများကို ပြန်ကြည့်လိုက်ပြီးနောက် အရှက်ကွဲမှုကို ခံစားလိုက်ရလေ၏။
နောက်ဆုံးတွင်တော့ သူမက လင်းရန်နှင့် စုန့်ရှီးယန်ကို ဒေါသတကြီး စိုက်ကြည့်ပြီး ပြောလိုက်သည်။
“နင်တို့တွေ သိပ်ပြီးတော့ ပျော်မနေလိုက်နဲ့ဦး!”
ထိုသို့ဒေါသတကြီးဖြင့် ပြောဆိုပြီးနောက် စုန့်စစ်ယွီသည်လည်း ထွက်ပြေးသွားခဲ့လေ၏။
လင်းရန်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ရုံသာ တတ်နိုင်ခဲ့သည်။
ပျင်းစရာပဲ။
လင်းကျန်းဖူနှင့် အဘွားလင်းတို့သည်ကား စုန့်စစ်ယွီနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့၏ရှေ့တွင် မည်သည့်အရာများဖြစ်ပျက်သွားကြောင်းကို မသိရှိခဲ့ကြပါချေ။
သူတို့က ထိုထူးဆန်းသော မိန်းကလေးနှင့် သတ်လတ်ပိုင်းအရွယ်အမျိုးသားကိုသာ နားမလည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
သူတို့၏ ရှုပ်ထွေးနေသော မျက်နှာများကို မြင်လျှင် လင်းရန်လည်း စုန့်စစ်ယွီ၏အကြောင်းကို ရှင်းပြလိုက်သည်။
သူမထံမှ ထိုအကြောင်းများကို ကြားသိရပြီးနောက် အဘွားလင်းက ချက်ချင်းပင် နောင်တရသွားလေ၏။
“ဒီကလေးမကတော့! ဘာလို့ အစောကတည်းက မပြောတာလဲ၊ စောစော ပြောခဲ့ရင် ငါလည်း အဲဒီမိန်းကလေးရဲ့ ပါးစပ်ကို စုတ်ပြတ်သွားအောင် ဆဲပစ်လိုက်နိုင်မှာ၊ သူ မင်းကို ထပ်ပြီး နှိပ်စက်ရဲသေးလား ကြည့်ရတာပေါ့!”
လင်းရန်တစ်ယောက် သူမ၏နှာခေါင်းကို တို့လိုက်မိလေ၏။
သူမ ဤကမ္ဘာသို့ရောက်လာကတည်းက စုန့်စစ်ယွီ၏ နှိပ်စက်မှုကို အမှန်တကယ် မခံခဲ့ရကြောင်း ပြောရန်အတွက် ရှက်ရွံ့နေမိသည်။
သို့သော်လည်း ဤသည်မှာ အဘွားလင်း၏ စေတနာဖြစ်သောကြောင့် သူမ ခေါင်းညိတ်ပြလိုက်လေ၏။
“ကောင်းပါပြီ၊ နောက်တစ်ခါကျရင်တော့ အဘွား အဝဆဲနိုင်ဖို့အတွက် အခွင့်အရေးပေးမယ်”
အဘွားလင်းက အလွန်ပင် ကျေနပ်သွားခဲ့လေသည်။ထို့နောက် လူအုပ်စုတစ်စုက ပစ္စည်းများကို ဆက်လက်ဝယ်ယူခဲ့ကြသည်။ ဝယ်ယူစရာပစ္စည်းများ အားလုံး စုံလင်လုနီးပါးရရှိခဲ့ပြီးနောက် လင်းရန်နှင့်အဖွဲ့က ပြန်ရန် စီစဉ်ခဲ့ကြသည်။
အချိန်ကလည်း အတော်လေး နောက်ကျနေပေပြီ။
သို့သော်လည်း တစ်စုံတစ်ခုသောကိစ္စရှိနေသေးသည်။
“အဖေက ဘာလို့ အခုချိန်ထိ ပြန်မလာသေးတာလဲ?”
လင်းကျန်းအန်းက သူတို့နှင့်အတူ မြို့သို့ လာခဲ့သော်လည်း လုပ်စရာ အရေးကြီးကိစ္စများရှိနေခဲ့သောပြောင့် မွန်းတည့်ပိုင်းအချိန်တွင် သူတို့နှင့်အတူ ရှိနေမည်မဟုတ်ကြောင်း ပြောခဲ့သည်။
သူက ညနေပိုင်း အိမ်ပြန်ချိန်ကျမှ ကုန်တိုက်တွင် လာရှာမည်ဟု ဆိုခဲ့လေ၏။
သို့သော်လည်း အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားသော်လည်း တစ်ဖက်လူက ရောက်မလာသေးသောကြောင့် လင်းရန်တစ်ယောက် စိုးရိမ်လာရလေ၏။
သူမ၏ဖခင်သည်က မြို့ထဲသို့ ညဘက်များတွင်ပင် အကြိမ်ကြိမ် ရောက်ဖူးပြီးဖြစ်ကာ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ဖြစ်ပြီး လမ်းပျောက်မည်မဟုတ်သော်လည်း ယခုကဲ့သို့ ကြာမြင့်သည်အထိ မရောက်လာခြင်းက လင်းရန်ကို စိတ်ပူစေခဲ့သည်။
သူမစိတ်ပူနေသည်ကို မြင်လျှင် စုန့်ရှီးယန်က အပြင်သို့ထွက်ပြီး သွားရှာပေးမည်ဟု ပြောချင်ခဲ့သော်လည်း သူ မပြောရသေးခင်မှာပင် အဖေလင်းက ကုန်တိုက်၏တံခါးဝတွင် ပေါ်လာခဲ့လေသည်။
ဒါပေမဲ့ သူ လက်ထဲမှာ ကိုင်ထားတာက ဘာလဲ?
? ? ?
ဒါက ဘာလို့ သံဒယ်အိုးကြီးဖြစ်နေရတာလဲ?!
လင်းရန်နှင့် တခြားလူများမှာ လင်းကျန်းအန်း ကိုင်ဆောင်လာသည့်ပစ္စည်းများကိုမြင်လိုက်ရပြီးနောက် အံ့ဩလွန်းပြီး စကားပင် မပြောနိုင်တော့ချေ။
လင်းကျန်းအန်းက လူတိုင်း၏ ရှေ့သို့ ရောက်လာပြီး သူတို့ကို သံသယဖြင့် မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ?”
အဘွားလင်းက ပထမဆုံး သတိဝင်လာပြီးရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လေ၏။
“ရှောင်အာ့၊ မင်းက အရေးကြီးကိစ္စ သွားလုပ်စရာရှိတယ်ဆိုပြီး ဒယ်အိုးတွေ သွားဝယ်လာတာလား?
ငါတို့ရဲ့အိမ်မှာလည်း ဒယ်အိုးတွေ ရှိနေသေးတယ် မဟုတ်ဘူးလား? အခု နောက်တစ်လုံး ထပ်ဝယ်တယ်ဆိုတော့ ပိုက်ဆံတွေရော၊ လက်မှတ်တွေရော အလကားဖြစ်ကုန်ပြီ!”
ဤခေတ်ကာလတွင် ဒယ်အိုးတစ်လုံး ဝယ်ယူရန်က မလွယ်ကူပါချေ။
ဆိုရလျှင် ထိုဒယ်အိုးတို့က စက်မှုထုတ်ကုန်များ ဖြစ်သောကြောင့်ပင်ဖြစ်ပေ၏။ ကျေးလက်နေလူထုအတွက် စက်မှုလက်မှတ်ရရှိရန်က အခက်ခဲဆုံးပင်။
ဒယ်အိုးတစ်လုံး ဝယ်နိုင်ရန်အတွက် စက်မှုလက်မှတ် အလုံအလောက်ရအောင် စုဆောင်းရန်ကပင် အလွန် ခဲယဉ်းလေ၏။
ဒယ်အိုးဝယ်ရန်အတွက် အလွန်အမင်းခက်ခဲနေသောကြောင့် ကျေးလက်ဒေသရှိ မိသားစုအများစုမှာ ဒယ်အိုးတွင် အပေါက်များရှိနေလျှင်ပင် ဖာထေး၍ ဆက်လက်အသုံးပြုကြရလေသည်။
ချက်ပြုတ်၍ ရနေသရွေ့ အသုံးပြုမည်ဖြစ်ကာ အသစ်လဲရန်အတွက် ဝန်လေးနေခဲ့ကြသည်။ ဤသို့ဖြင့် အိုးတစ်လုံးကို နှစ်ပေါင်းများစွာ ကြာအောင် သုံးစွဲကြရသည်။
အဘွားအို၏ မေးခွန်းများကိုကြားလျှင် လင်းကျန်းအန်းက ဖုံးကွယ်မထားခဲ့ဘဲ ပြန်ဖြေလာခဲ့သည်။
သူ့အနေဖြင့် ဤအဆင့်အထိ လုပ်ဆောင်ခဲ့ပြီးဖြစ်သောကြောင့် ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ပေ။ ထို့ကြောင့် သူက တိုက်ရိုက်ပင် ရှင်းပြလိုက်လေ၏။
“အမေ၊ ဒီဒယ်အိုးက ကျွန်တော်တို့ မိသားစုအတွက် ဝယ်တာမဟုတ်ဘူး၊ ကျွန်တော် ရန်ရန်အတွက် ပြင်ဆင်ပေးထားတာ၊ ဒယ်အိုးအပြင် ယောက်မနဲ့ ပန်းကန်တွေ၊ ထမင်းစားဇွန်းတစ်စုံလည်း ပါသေးတယ်”
လင်းကျန်းအန်းက ပြောနေရင်းဖြင့် ဒယ်အိုးထဲရှိ ပစ္စည်းများအားလုံးကို လူတိုင်းမြင်နိုင်ရန် ပြသလိုက်လေ၏။
ထိုအချိန်မှသာ လူတိုင်းက ဒယ်အိုးထဲတွင် တခြားသောပစ္စည်းများ ရှိနေသေးကြောင်းကို သတိပြုမိခဲ့ကြသည်။
လင်းရန်တစ်ယောက် အဖေလင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီးနောက်တွင် အကြောင်းပြချက်မရှိဘဲ ငိုချင်လာခဲ့ရလေ၏။
“ရန်ရန်အတွက် ဘာဖြစ်လို့ ဒါတွေကို ဝယ်ပေးရတာလဲ?”
အဘွားလင်းက နားမလည်နိုင်သေးပေ။ လင်းကျန်းအန်း ဝယ်လာသော ထိုပစ္စည်းများက အဓိပ္ပာယ်မရှိဟုပင် ထင်မိသည်။
သမီးဖြစ်သူ အိမ်ထောင်ကျပါက ဖခင်ဖြစ်သူမှ အထည်အလိပ်များ၊ စောင်များ၊ ရေနွေးအိုးများ၊ ပရိဘောဂများနှင့် ဗီရိုများကဲ့သို့သော လက်တွေ့ကျသည့် အသုံးအဆောင်များကို ဝယ်ပေးလေ့ရှိကြသည် မဟုတ်ပါလား။
သို့သော် လင်းကျန်းအန်းက လင်းရန်ကို စားဖိုမှူးတစ်ဦးအဖြစ်လုပာကိုင်ရမည့် ပစ္စည်းများကို ဝယ်ယူလာခဲ့သည်။ သူက လင်းရန်ကို တစ်သက်လုံး ထိုအလုပ်ကိုသာ လုပ်ကိုင်စေချင်နေသည်လား ။
အဘွားလင်းက မနှစ်သက်သော အကြည့်ဖြင့် ကြည့်နေသော်လည်း လင်းကျန်းအန်းမှ ငြင်းဆိုခြင်း မပြုခဲ့ပေ။
သူ့၏သမီးဖြစ်သူက သူ့ထံသို့ ပြန်မရောက်လာခင်အချိန်အထိ သူသည်လည်း အဘွားလင်းကဲ့သို့ပင် တွေးတောမိနိုင်သည်။
မိသားစုတိုင်းတွင် အသုံးပြုနိုင်သော လက်တွေ့ကျသည့် ပစ္စည်းတစ်ခုခုကို ပေးခြင်းက အရာအားလုံးထက် ပိုပြီး သင့်တော်မည်ဟု ထင်ခဲ့မိနိုင်သည်။
သို့သော်လည်း သမီးဖြစ်သူ လင်းရန် ပြန်ရောက်လာပြီးနောက်တွင် သူမက ချက်ပြုတ်ခြင်းကို မည်မျှချစ်မြတ်နိုးကြောင်း ပြသခဲ့လေသည်။
ထို့ကြောင့် သူမ နှစ်သက်ပြီး သူမကို ပျော်ရွှင်စေနိုင်သည့် အရာများက တခြားမိန်းကလေးများနှင့် တူညီလိမ့်မည်မဟုတ်ကြောင်းကို လင်းကျန်းအန်း သဘောပေါက်သွားခဲ့သည်။သူမတွင် အဝတ်အစားများမှစကာ မိတ်ကပ်များအထိ အရာအားလုံး ရှိနေပြီးသားပင်။ သို့ဖြစ်၍ သူ အချိန်အတော်ကြာအောင် သတိထားမိခဲ့သော ပစ္စည်းတစ်ခုသာ ကျန်ရှိတော့သည်။
လင်းရန်အနေဖြင့် တစ်ခါမျှ ထုတ်မပြောခဲ့သော်လည်း သူမ အဆင်မပြေဖြစ်နေကြောင်းကို သူ မြင်နိုင်နေဆဲပင်။
သူတို့၏ အိမ်ရှိ ဒယ်အိုးကြီးများနှင့် ယောက်မကြီးများက သူမအတွက် အသုံးပြုရ အဆင်မပြေသော မီးဖိုချောင်သုံး ပစ္စည်းများ ဖြစ်ပေသည်။
သို့သော် အိမ်၏အခြေအနေက ထိုသို့ဖြစ်နေခဲ့သည့်အတွက် သူမက ညည်းညူခြင်းပင် မပြုခဲ့ဘဲ သူမကိုယ်တိုင် နေသားကျအောင်သာ အမြဲတစေ အတင်းအကျပ်ကြိုးစားနေခဲ့လေ၏။
*