အခန်း (၂၉၇)
Vol. 30 Ch. 297
(297)
စုန့်ရှီးယန်အနေဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက် ဖြစ်သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကို မိခင်ဖြစ်သူမှ တိုက်ရိုက်ပြောလာချိန်တွင် အလွန်အမင်း ရှက်ရွံ့သွားရလေသည်။
သူက ထိုအကြောင်းများကို ခေတ္တမျှ မေ့လျော့နေခြင်းသာ ဖြစ်ပြီး လုံးဝမသိရှိခြင်းမဟုတ်ပါချေ။
သို့သော်လည်း အမေဖြစ်သူ၏မျက်လုံးထဲတွင်တော့ သူက အသိဉာဏ်မရှိသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေချေပြီ။
သူ၏မိခင်ဖြစ်သူက အသက်ကြီးပြီဖြစ်သော်လည်း ယခုအချိန်ထိ စည်းကမ်းမရှိသေးဘဲ ရန်ရန်ကို ထိတ်လန့်သွားစေရန် လုပ်မိမည်ကို သူ အမှန်တကယ်ပင် စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ရန်ရန်က ရိုးသားဖြူစင်သော မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ဤအကြောင်းများကို သိရှိလိမ့်မည် မဟုတ်ပါချေ။
အဟမ်း...
ထို့ကြောင့် သူမအနေဖြင့် သူ့ကို တုံးအ,သည်ဟု ထင်မြင်ယူဆမိမည် မဟုတ်ပေ။
ထိုသို့တွေးတောရင်း စုန့်ရှီးယန်တစ်ယောက် နီရဲနေသောမျက်နှာဖြင့်လျက် လင်းရန်ဆီသို့ သွားရောက်ရှာဖွေခဲ့လေ၏။
အဘွားလင်းက သူ့ကိုပြောပြပြီးနောက်တွင် စုန့်ရှီးယန်၏ တုံးအသောတုံ့ပြန်မှုကို လင်းရန်ထံ၌ ရယ်စရာကိစ္စတစ်ခုအဖြစ် ပြောပြခဲ့ပြီးဖြစ်ကြောင်းကိုတော့ သူ မသိနေခဲ့ပါချေ။
လင်းရန်တစ်ယောက် ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ရယ်ရလွန်းပြီး ဗိုက်ပင် နာသွားခဲ့ရ၏။
ပုံမှန်အချိန်တွင် တည်ငြိမ်အေးစက်နေတတ်သော စုန့်ရှီးယန်က ဤကဲ့သို့သော ကိစ္စမျိုးတွင် မည်သည့်အရာကိုမှမသိသေးသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေလိမ့်မည်ဟူ သူမ အမှန်တကယ်ပင် မထင်မှတ်ထားခဲ့ပေ။
သို့သော်လည်း ဤကဲ့သို့သော အခြေအနေက လင်းရန်ကို အတော်လေး စိတ်ကျေနပ်စေခဲ့သည်ဟု ဆိုရမည်။
သူမအနေဖြင့် စကားပြောရာတွင်လည်းကောင်း၊ စိတ်ထဲတွင်လည်းကောင်း မသန့်ရှင်းသော အမျိုးသားများကို အမုန်းဆုံးပင် ဖြစ်သည်။
အမျိုးသားအတော်များများက အမျိုးသမီးများ၏အကြောင်းကို ပြောဆိုခြင်းက သူတို့ကိုယ်သူတို့ အမျိုးသားတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ ထင်မှတ်နေတတ်ကြသည်။
ပါးစပ်ဖြင့် အမြတ်ထုတ်ရုံသာမက စိတ်ထဲတွင်ပါ အမျိုးမျိုးသော ကာမစိတ်အာရုံများဖြင့် တွေးတောနေတတ်သူများကို သူမ အတော်လေး ရွံရှာမိပေသည်။
ထို့ကြောင့် စုန့်ရှီးယန်က ဤကိစ္စကို နားမလည်ကြောင်း ကြားသိလိုက်ရချိန့တွင် လင်းရန်တစ်ယောက် အားရပါးရ ရယ်မောခဲ့ခြင်းပင်။
အိုက်ယား။ သူမကတော့ အပြစ်ကင်းစင်တဲ့ လူပျိုကြီးတစ်ယောက်ကို အမှတ်မထင်ပဲ ရရှိသွားခဲ့တဲ့ပုံပဲ။
ဒါက အတော်လေး မဆိုးလှဘူး။
ထို့နောက်တွင် စုန့်ရှီးယန်က သူမ၏အခန်းတံခါးကို ခေါက်လာခဲ့လေသည်။
အဘွားလင်းက တံခါးကြားမှ ကြည့်လိုက်ပြီး အပြင်ဘက်တွင် စုန့်ရှီးယန် ရပ်နေသည်ကို မြင်လျှင် မျက်လုံးများကို လှန်လိုက်မိသည်။
“ဒီကောင်လေးကတော့ အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ အဲဒီလောက် တုံးအနေရတာလဲ၊ ရန်ရန် အဘွား မနေ့ညက မင်းကို ပြောထားတာတွေကို မှတ်ထားဦးနော်. အဲဒီအချိန်ကျရင် အနိုင်ကျင့် မခံစေနဲ့ဦး!”
ယေဘုယျအားဖြင့် မိန်းကလေးတစ်ဦး မင်္ဂလာဆောင်သည့်နေ့တွင် မိခင်ဖြစ်သူက ညဘက်၌ လာရောက်ပြီး တချို့သော ကိစ္စရပ်များကို အမှာစကားပါးကာ ဗဟုသုတများ ပေးလေ့ရှိကြသည်။
သို့သော် လင်းရန်မှာ မိခင်မရှိသူဖြစ်နေသောကြောင့် အဘွားလင်းကပင် ထိုတာဝန်ကို ယူခဲ့ခြင်းဖြစ်ပေသည်။
ထို့ကြောင့် မနေ့ညက လင်းရန်တစ်ယောက် ဤပညာပေးဗဟုသုတများကို တစ်ညလုံး နားထောင်ခဲ့ရသည်။
သူမအနေဖြင့် ဤကိစ္စများကို အဘွားလင်းထက်ပင် ပို၍သိရှိကြောင်း ပြောပြချင်ခဲ့သော်လည်း အဘွားလင်းမှ မေးခွန်းများ ထပ်မံမေးမြန်းလာမည်ကို စိုးရိမ်သောကြောင့် မည်သည့်အရာကိုမှ မသိသော လူသစ်တစ်ယောက်ကဲ့သို့သာ ဟန်ဆောင်ခဲ့ရသည်။
“သိပါပြီ အဘွား၊ အဘွား စိတ်ချလက်ချ နေလို့ရပါတယ်”
နောက်ဆုံးတွင် လင်းရန်က အဘွားလင်းအား ပြုံးပြလိုက်ပြီး စိတ်အေးသွားစေရန် ပြောလိုက်သောကြောင့် အဘွားလင်းလည်း စိတ်ချလက်ချဖြင့် အခန်းထဲမှ ထွက်လာခဲ့လေ၏။
သူမ ထွက်လာချိန်တွင် တံခါးဝ၌ ရပ်နေသော စုန့်ရှီးယန်နှင့် မျက်နှာချင်းဆိုင်တိုးမိလေ၏။
စုန့်ရှီးယန်က သဘောပေါက်သွားပြီလား သို့မဟုတ် လင်းရန်ကို လာကြည့်ခြင်းသက်သက်လားဆိုသည်ကို အဘွားလင်း မသိပါချေ။
သို့သော်လည်း သူမက မတိုင်ခင်ကစကားများကို ထပ်မံ၍ ပြောဆိုမည် မဟုတ်တော့ပေ။ သူမသည်က အသက်ကြီးပြီ ဖြစ်သော်လည်း မိန်းကလေးရှင်ဘက်မှ ဂုဏ်သိက္ခာကို ငဲ့ရပေဦးမည်။
အကယ်၍ ဤတုံးအသောကောင်လေးက သူမ၏ဆိုလိုရင်းကို နားမလည်သေးပါက ဤသည်မှာ သူ၏ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အဘွားလင်းက စုန့်ရှီးယန်ကို တစ်ချက်ကြည့်ကာ သက်ပြင်းတစ်ချက်ကိုသာ အားပြင်းစွာချလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့လေတော့သည်။
စုန့်ရှီးယန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသကဲ့သို့ ခံစားရပြီး နှာခေါင်းကိုသာ ပွတ်သပ်လိုက်မိကာ နေရာတွင် ကျန်ရစ်ခဲ့လေ၏။
ယခုအချိန်တွင် သူ့အနေဖြင့် အဘွားလင်း၏ စေတနာကိုသိရှိသွားပြီဖြစ်ကာ မတိုင်ခင်က သူ့ကိုကြည့်သွားသော အကြည့်၏ အဓိပ္ပာယ်ကိုလည်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူ့အနေဖြင့် “ကျွန်တော် နားလည်ပါပြီ” ဟူ၍ မည်သို့ ပြောထွက်နိုင်ပါမည်နည်း။
ထိုသို့ပြောရန်မှာ အလွန်ပင် ရှက်စရာကောင်းလွန်းပေသည်။
ထားလိုက်ပါတော့။ ရန်ရန်ကို ခေါ်ပြီး ထွက်သွားတာက ပိုကောင်းပါတယ်။
ဤနေရာတွင် ဆက်လက်ရှိနေရန် သူ လုံးဝ မဝံ့ရဲတော့ပါချေ။
“ဘာဖြစ်လို့လဲ၊ ပစ္စည်းတွေ အားလုံးကိုသယ်ပြီးလို့ ရောက်လာတာလား”
လင်းရန်က အခန်းထဲမှ ထွက်လာခဲ့ကာ မည်သည့်အရာကိုမှ မသိထားသကဲ့သို့ စုန့်ရှီးယန်ကို ကြည့်၍မေးလိုက်လေ၏။ သို့သော်လည်း သူမ၏ စိတ်ထဲတွင် ရယ်ချင်စိတ်ကို မည်မျှထိန်းချုပ်ထားရသည်ကို သူမကိုယ်တိုင်သာ သိပေလိမ့်မည်။
စုန့်ရှီးယန်တစ်ယောက် ရှက်ရွံ့နေမည့်အမူအရာကို တွေးတောကြည့်မိခြင်းက သပ်သပ်ပင် ဖြစ်ပေသည်။ ယခုအချိန်တွင် အရပ်(၁.၈)မီတာခန့် မြင့်မားပြီး ခန္ဓာကိုယ်တွင် ကြွက်သားအပြည့်ရှိနေသော သန်မာလွန်းသည့် ဤအမျိုးသားကသူမ၏ရှေ့တွင် နီရဲနေသောမျက်နှာဖြင့် ရှက်ရွံ့စွာ ရပ်နေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရသောအချိန်တွင် သူမအတွက် ထိန်းချုပ်ထားနိုင်ရန် အတော်လေး ခက်ခဲသွားရသည်။
စုန့်ရှီးယန်က သူ့မျက်နှာ မည်မျှပင်ပူလောင်နေသည်ဖြစ်စေ အတတ်နိုင်ဆုံးတည်ငြိမ်အောင် ကြိုးစားနေခဲ့ကာ လင်းရန်၏ အကြည့်ကို ရှောင်ရှားလိုက်ပြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
“အချိန်က နောက်ကျနေပြီ၊ ကိုယ် မင်းကို မြို့ထဲကို အရင်ပို့ပေးမယ်လေ၊ မနက်ဖြန်မနက်မှဆိုရင် နောက်ကျသွားလိမ့်မယ်”
လင်းရန်က ဆက်လက် ဟန်ဆောင်ပြီး မေးမြန်းလိုက်ပြန်သည်။
“အာ၊ ကျွန်မတို့ နှစ်ယောက်တည်းလား၊ ဦးလေးနဲ့ အန်တီရောပါသေးလား၊ ရှင် ကားကို ယူသွားရင် သူတို့က မြို့ထဲကို ဘယ်လိုလာကြမှာလဲ”
ထိုစကားကို ကြားလျှင် စုန့်ရှီးယန်၏ မျက်နှာအမူအရာတို့က အေးခဲသွားခဲ့ပြန်သည်။
ဘုရားသခင်သာ သိပေလိမ့်မည်။ သူ့အနေဖြင့် ဤပြဿနာကို လုံးဝ မစဉ်းစားမိခဲ့ပါချေ။
ချင်းယွင်ကျစ်နှင့် စုန့်ကျယ်တို့လည်း မြို့ထဲသို့ လိုက်လာရမည်ဖြစ်ကြောင်းကို လုံးဝ မေ့လျော့နေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် လင်းရန်၏ မေးခွန်းကို သူ မည်သို့ဖြေသင့်ကြောင်းကို မသိတော့ချေ။
လင်းရန်က ထိုအမူအရာကို မြင်လျှင် ပို၍ပင် ပျော်ရွှင်သွားရလေ၏။ စုန့်ရှီးယန်ကို တစ်ခါတစ်ရံ စနောက်ရသည်က အလွန်ပျော်စရာကောင်းကြောင်းကို သူမ တွေ့ရှိခဲ့ပေပြီ။
“သူတို့ကို သွားမေးကြည့်လိုက်ပါဦး၊ သူတို့ မလိုက်ဘူးဆိုရင်တော့ ကျွန်မတို့ပဲ အရင်သွားကြတာပေါ့”
စုန့်ရှီးယန်တစ်ယောက် မျက်မှောင်များ ကြုတ်ထားပြီး စဉ်းစားမရဖြစ်နေသည့်အတွက် လင်းရန်ကပင် အကြံပေးလိုက်ရသည်။ စုန့်ရှီးယန်သည်လည်း ပုံမှန်အတိုင်း မစဉ်းစားနိုင်တော့သည့်အတွက် ခေါင်းကိုသာ အလျင်အမြန် ညိတ်ပြလိုက်လေသည်။
“ကောင်းပြီ၊ ကိုယ် အခုချက်ချင်း သွားမေးလိုက်မယ်”
ထို့နောက် သူက ချင်းယွင်ကျစ်နှင့် စုန့်ကျယ်ထံသို့ အပြေးအလွှားသွားကာမေးမြန်းခဲ့လေသည်။
သို့သော် အမှန်တကယ်ဆိုရလျှင် ချင်းယွင်ကျစ်နှင့် စုန့်ကျယ်တို့အနေဖြင့် ယနေ့ညတွင် သူတို့နှင့်အတူ မြို့ထဲသို့ လိုက်လာမည်မဟုတ်ကြောင်းကို လင်းရန်နှင့် စုန့်ရှီးယန် နှစ်ဦးလုံး ကောင်းစွာ သိရှိထားကြသည်။
မနက်ဖြန်တွင် ကားမရှိဘဲ ခက်ခဲစွာ လာရမည်ဆိုလျှင်ပင် သူတို့က လိုက်လာမည် မဟုတ်ပေ။
ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို လင်းရန်နှင့် စုန့်ရှီးယန်တို့ နှစ်ယောက်တည်း အချိန်ရစေရန်အတွက် သူတို့က ဖန်တီးပေးကြပေလိမ့်မည်။
နောက်ဆုံးတွင် သူတို့၏ မြေးလေးကို စောစောစီးစီး မြင်တွေ့ချင်ကြသည် မဟုတ်ပါလား။
ထို့ကြောင့် လင်းရန် ပစ္စည်းများသိမ်းဆည်းပြီးနောက် စုန့်ရှီးယန်လည်း အလျင်အမြန် ပြန်ရောက်လာခဲ့သည်။ ယနေ့ညတွင် ချင်းယွင်ကျစ်နှင့် စုန့်ကျယ်တို့ မလိုက်သည့်အကြောင်းကိုလည်း သတင်းယူလာခဲ့လေ၏။
“အိုး. ဒါဆိုလည်း သွားကြတာပေါ့. ကျွန်မလည်း ပစ္စည်းတွေ သိမ်းပြီးပြီ”
လင်းရန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီး သူမ၏ လက်ထဲရှိ ပစ္စည်းများကို စုန့်ရှီးယန်၏ ရင်ခွင်ထဲသို့ အတတ်နိုင်ဆုံး သဘာဝကျကျဖြင့် ထိုးထည့်ပေးလိုက်သည်။
လင်းရန်၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှုက အလွန်ပင် မြန်ဆန်ပေသည်။
ယခုအချိန်တွင် သူမနှင့် စုန့်ရှီးယန်တို့၏ ဆက်ဆံရေးအရ ယဉ်ကျေးနေစရာ မလိုအပ်တော့ပါချေ။ သူတို့က ပွင့်ပွင့်လင်းလင်းသာ ဆက်ဆံသင့်သည်ဟု သူမ ယူဆထားခဲ့သည်။
စုန့်ရှီးယန်တစ်ယောက် ခဏမျှ ကြောင်အသွားခဲ့သော်လည်း လင်းရန်၏ ပေါ့ပေါ့ပါးပါး ဆက်ဆံမှုကို သူ အတော်လေး သဘောကျမိသည်။
ဤသည်မှာ သူမက သူ့ကို မိသားစုဝင်တစ်ယောက်ကဲ့သို့ အမှန်တကယ် သတ်မှတ်လိုက်ပြီဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။
ဤသို့ဖြင့် စုန့်ရှီးယန်နှင့် လင်းရန်တို့က ပစ္စည်းများအပြည့်ဖြင့် လူတိုင်းကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့ကြလေသည်။
*