အခန်း (၂၉၈)
Vol. 30 Ch. 298
(298)
လင်းရန်နှင့် စုန့်ရှီးယန်တို့ ကားပေါ်သို့တက်ခါနီးအချိန်တွင် လူတိုင်းက အပြင်သို့ထွက်၍ နှုတ်ဆက်လာခဲ့ကြသည်။
ထိုသူနှစ်ဦးက အလွန်အမင်း အလျင်စလိုဖြင့် အထွက်ခွာသွားကြသည့်အတွက် နားလည်သူများက ထိုအပြုအမူ၏အဓိပ္ပာယ်ကို သေချာပေါက် နားလည်ကြပေလိမ့်မည်။
နားမလည်သူများအတွက်တော့ သူတို့တွင် လုပ်စရာကိစ္စရှိသည်ဟူသော စကားဖြင့်သာ ရှင်းပြနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ မည်သူကမျှ အမှန်တရားကို ဇွတ်အတင်းမေးမြန်းနေကြမည်မဟုတ်ပါချေ။
တချို့ကတော့ ဤမြင်ကွင်းကို ကြည့်ရှုရင်း စိတ်ထဲတွင် မသက်မသာ ဖြစ်နေကြရသည်။
စုန့်ရှီးယန်တစ်ယောက် သူ၏ယောက္ခမဖြစ်သူ လင်းကျန်းအန်းထံသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်လျှင် သူ၏မျက်လုံးများက အေးစက်နေပြီး ရန်လိုမှုအနည်းငယ် ပါဝင်နေသည်ကို တွေ့လိုက်ရလေ၏။
စုန့်ရှီးယန်တစ်ယောက် နှာခေါင်းကို အသာပွတ်လိုက်မိပြီး တစ်ဖက်လူ၏ပြစ်တင်ရှုတ်ချလိုသော အကြည့်များကို မသိမသာ ရှောင်လွှဲရင်း လှမ်းပြောလိုက်ရသည်။
“အဖေ၊ ဒါဆို ရန်ရန်နဲ့ ကျွန်တော်တို့ အရင်သွားနှင့်လိုက်တော့မယ်၊ စိတ်မပူပါနဲ့၊ နောက်ပိုင်းမှာ ကျွန်တော် ရန်ရန်အပေါ် အကောင်းဆုံး ဆက်ဆံသွားမှာပါ၊
တကယ်လို့ ကျွန်တော် တစ်ခုခု အမှားအယွင်းလုပ်မိတာရှိရင်လည်း အဖေ ကျွန်တော့်ကို အချိန်မရွေး ဆုံးမနိုင်ပါတယ်၊ ကျွန်တော် ပြင်ဆင်ပါ့မယ်”
စုန့်ရှီးယန်၏ သဘောထားက အလွန်နှိမ့်ချထားခဲ့ပြီး တစ်ချိန်တည်းတွင် အလွန်အမင်းလေးနက်နေခဲ့သည်။
မည်သူမဆို သူ့ကို ယုံကြည်စိတ်ချရသူတစ်ဦးဟုသာ ဆိုကြပေလိမ့်မည်။ သို့သော် ဤသည်က အမှန်တရားဖြစ်လျှင်ပင် လင်းကျန်းအန်း၏ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရဆဲပင်။
သူ၏သမီးမှာ ပြန်ရောက်လာသည်က မကြာသေးသော်လည်း ယခုအချိန်တွင် အိမ်ထောင်ကျသွားပြီဖြစ်ပြီး နောက်ပိုင်းတွင် သူမ၏ ကိုယ်ပိုင်မိသားစုနှင့် ဖြစ်လာပေတော့မည်။
သူကတော့ တစ်ယောက်တည်းနေထိုင်ရသော အဖိုးကြီးတစ်ဦး အဖြစ်ကျန်ရစ်သွားရတော့မည် မဟုတ်ပါလား။
လင်းကျန်းအန်း၏ အထီးကျန်ဆန်သည့်အမူအရာကို မြင်တွေ့လိုက်ရလျှင် လင်းရန်သည်လည်း သူ၏အနားသို့ လာပြီး လက်မောင်းကို ဆွဲကိုင်၍ လေးနက်စွာကတိပေးလိုက်လေသည်။
“အဖေ၊ စိတ်မပူပါနဲ့၊ ဘာပဲဖြစ်ဖြစ် သမီးက အဖေ့ရဲ့သမီးပဲ အမြဲဖြစ်နေမှာ၊ အခုလည်း မပြောင်းလဲသလို နောက်လည်း ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး၊
ဒါကြောင့် သမီးတို့တွေ အရင်တုန်းကနေထိုင်ခဲ့ကြသလိုမျိုး နောက်လည်း ဒီလိုမျိုးပဲ ဆက်ပြီးနေထိုင်သွားကြမှာပဲ၊ ဘာမှ ကွဲပြားသွားမှာ မဟုတ်ဘူး”
သူမ၏စကားကို ကြားလိုက်လျှင် လင်းကျန်းအန်း၏ စိတ်ထဲတွင် အတော်လေး သက်သာရာရသွားခဲ့သည်။
“ကောင်းပြီ၊ အဖေ ဘာမှမဖြစ်ပါဘူး၊ မင်းတို့ ကားပေါ်ကို မြန်မြန်တက်ကြတော့၊ မိုးမချုပ်ခင် စောစောရောက်အောင်သွားကြ၊ လမ်းမှာလည်း ဂရုစိုက်ကြဦး”
ထိုသို့ပြောပြီးနောက် ကျန်ရှိနေသောလူများကလည်း လင်းရန်နှင့် စုန့်ရှီးယန်တို့ကို အလျင်အမြန် ထွက်ခွာရန် တိုက်တွန်းကြလေသည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်မှာ လူတိုင်း၏ မျက်စိအောက်တွင်ပင် သူတို့နှစ်ယောက်တည်းအတွက်သာ ဖြစ်မည့် ညတစ်ညကို ပိုင်ဆိုင်နိုင်ရန်အတွက် မြို့ထဲသို့ စတင်ထွက်ခွာလာခဲ့ကြလေသည်။
သူတို့နှစ်ဦး ထွက်ခွာလာချိန်တွင် ညနေ ငါးနာရီကျော်နေခဲ့ပေပြီ။ နာရီပေါင်းများစွာ မောင်းနှင်ပြီးနောက် မြို့ထဲသို့ ရောက်ရှိချိန်တွင်တော့ ည ရှစ်နာရီ၊ ကိုးနာရီခန့် ရှိနေပေပြီ။
ယခုအချိန်က ဆောင်းဦးရာသီ ဖြစ်ပေသည်။ နေ့ဘက်တွင် ရာသီဥတုက သိပ်မအေးသော်လည်း ညဘက်တွင် အေးမြသော လေပြည်များ တိုက်ခတ်လာခဲ့ပြီး ချမ်းစိမ့်စိမ့် ခံစားရသည်။
ထို့အပြင် လင်းရန် ယခုနေထိုင်သည့် လမ်းကြားလေးထဲရှိ လမ်းမီးတိုင်များအနက် တစ်တိုင်က ပျက်စီးနေသောကြောင့် ဘေးကင်းလုံခြုံမှုအတွက် စုန့်ရှီးယန်က သူမ၏အိမ်ရှေ့တံခါးအထိ ကားကို မောင်းနှင်ခဲ့သည်။
ကားရပ်ပြီးနောက်တွင် စုန့်ရှီးယန်က လင်းရန်ကို ရေနွေးတည်ပြီးကိုယ်လက်သန့်စင်ခိုင်းရန်အတွက် အရင်ဆုံးဝင်သွားခိုင်းခဲ့သည်။
သူ၏ မူလရည်ရွယ်ချက်အရ ညနက်လာခဲ့ပါက ပို၍ အေးလာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သော်လည်း ဤကဲ့သို့အချိန်ကာလမျိုးတွင် ဤသို့ပြောလိုက်ခြင်းက မည်သို့ပင်ကြည့်စေ၊ အဓိပ္ပာယ်တစ်ခုခု သက်ရောက်နေသကဲ့သို့ ရှိနေလေသည်။
လင်းရန်တစ်ယောက် တစ်ဖက်လူ၏စကားကို ကြားလိုက်ရချိန်တွင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် စုန့်ရှီးယန်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်မိသည်။
စုန့်ရှီးယန်သည်ကား ယနေ့တွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် စိတ်ခံစားချက်များက တင်းမာနေခဲ့လေ၏။ လင်းရန်မှ သူ့ကို ဤကဲ့သို့ ကြည့်လိုက်ချိန်တွင်တော့ ချက်ချင်းပင် လက်သုံးချောင်းထောင်ကာ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် ကြိုးစားလာခဲ့သည်။
“ကိုယ်က တခြားအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ဘူး၊ အချိန်တွေ ကြာသွားရင် ညနက်သွားမှာကို စိုးရိမ်လို့ပြောတာ!”
ဒါပေမဲ့ ဘာလို့ တစ်ခုခုက မှားယွင်းနေသေးသလိုမျိုး ခံစားနေရတာပါလိမ့်။
ထင်သည့်အတိုင်းပင်။ ထိုစကားကို ကြားပြီးနောက် လင်းရန်က သူ့ကို ပို၍ပင် ထူးဆန်းသောအကြည့်ဖြင့် ကြည့်လာခဲ့သည်။
စုန့်ရှီးယန် : “...”
သူ့ကိုပဲ သတ်လိုက်ပါတော့!
ကံကောင်းစွာဖြင့် လင်းရန်က နောက်ဆုံးတွင် မည်သည့်စကားကိုမှမပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည် ။
“ကောင်းပြီ၊ ပစ္စည်းတွေကို တစ်ယောက်တည်း မသယ်နိုင်ရင် ကျွန်မကို လှမ်းခေါ်လိုက်ဦးနော်”
ထို့နောက်တွင် သူမက ခြံထဲသို့ ဝင်သွားခဲ့လေသည်။
သူမ ထွက်သွားပြီးမှသာ စုန့်ရှီးယန်တစ်ယောက် သက်ပြင်းရှည်တစ်ချက်ကို ချနိုင်တော့သည်။
သူ၏ နောက်ကျောတစ်ခုလုံးက ချွေးများဖြင့် စိုရွှဲနေပြီး စိတ်ထဲတွင်လည်း တုန်လှုပ်ချောက်ချားနေခဲ့သည်။
ဆိုရလျှင် လင်းရန်မှ သူ့ကို ရာဂစိတ်ထကြွနေသော လူတစ်ယောက်ဟူ၍ ထင်သွားမည်ကို စိုးရိမ်နေခဲ့ပေ၏။
တချို့သော ကိစ္စရပ်များက လူ့သဘာဝအရ ပုံမှန်ဖြစ်သော်လည်း သူ့အနေဖြင့် ထိုမျှလောက်အထိ စိတ်မရှည်နိုင်သူ မဟုတ်ပါချေ။
မည်သို့ပင်ဖြစ်စေ လင်းရန်က ယခုအချိန်တွင် သူနှင့် သက်ဆိုင်သူ ဖြစ်သွားခဲ့ပေပြီ။ “စား” ရမည့်အချိန်က မည်သည့်အချိန်တွင်ဖြစ်စေ သူမက ထွက်ပြေးသွားနိုင်မည် မဟုတ်ပါချေ။
ထိုသို့တွေးလိုက်မိပြီးနောက် စုန့်ရှီးယန်၏ စိတ်အခြေအနေတို့က ရုတ်တရက် ကောင်းမွန်သွားခဲ့ပြီး သီချင်းတစ်ပုဒ်ကိုပင် စတင်ညည်းလိုက်ကာ ပစ္စည်းများကို စတင်သယ်ယူခဲ့လေသည်။
ပစ္စည်းများကို အသယ်အချလုပ်ပြီးနောက် စုန့်ရှီးယန် အိမ်ထဲသို့ ဝင်သွားချိန်တွင် လင်းရန်က ကိုယ်လက်သန့်စင်ပြီးသားဖြစ်နေပေပြီ။
ယနေ့တစ်နေ့လုံး အလုပ်များခဲ့သောကြောင့် သူမက ချွေးများ အလွန်ထွက်ခဲ့ပုံရသည်။ ထို့ကြောင့် သူမက ဆံပင်ကိုပါ လျှော်ထားခဲ့ပြီး ပြတင်းပေါက်နားတွင် ထိုင်၍ ဆံပင်တို့ကိုသုတ်နေလေသည်။
သူမ၏ ရှည်လျားနက်မှောင်သော ဆံပင်များမှာ ပါးပြင်ဘေးသို့ ဝဲဖြာကျနေပြီး လရောင်ကလည်းသူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသောကြောင့် သူမတစ်ကိုယ်လုံးက အလွန်ပင် အေးချမ်းပြီး နူးညံ့သိမ်မွေ့နေပုံ ရသည်။
စုန့်ရှီးယန်၏ နှာခေါင်းက လှုပ်ရှားသွားရလေ၏။ လင်းရန်၏ ကိုယ်ပေါ်မှ လွင့်ပျံ့လာသော ရနံ့တစ်ခုကို သူ ရရှိလိုက်သည်။
“ရှင့်အတွက် ရေနွေးတည်ထားပေးတယ်၊ သွားပြီး ကိုယ်လက်သန့်စင်လိုက်ဦး၊ သေသေချာချာ သန့်စင်ပြီးမှ အထဲကိုဝင်ခဲ့၊ တကယ်လို့ မသန့်ရှင်းဘူးဆိုရင်တော့ ကြမ်းပြင်ပေါ်မှာပဲ အိပ်ရမယ်”
ထိုသို့ပြောပြီးနောက် လင်းရန်က မျက်နှာသုတ်ပုဝါကို သိမ်းဆည်းလိုက်ပြီး အနောက်ဘက်မှ အခန်းထဲသို့ ဝင်သွားခဲ့လေသည်။
စုန့်ရှီးယန်တစ်ယောက် စက္ကန့်အနည်းငယ်ခန့် ကြောင်အသွားပြီးမှသာ လင်းရန် ပြောလိုသော အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
သူမက သူ့ကို အခန်းထဲမှာ အိပ်ခွင့်ပြုလိုက်ပြီလို့ ဆိုလိုတာလား။
စုန့်ရှီးယန်အနေဖြင့် နေ့ခင်းဘက် လင်းမိသားစုအိမ်တွင် ရှိနေချိန်က အဘွားလင်းနှင့် သူ၏မိဘများထံမှ စနောက်မှုကို ခံခဲ့ရသော်လည်း၊ ယနေ့ညတွင် လင်းရန်နှင့် တစ်ခန်းတည်း၌အိပ်ခွင့်ရ၊မရကို ကွဲပြားစွာ မသိရှိခဲ့ပါချေ။
လင်းရန်က မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ရှက်ရွံ့နေနိုင်သည့်အတွက် သူမဘက်မှ သူ့ကို လက်ခံရန် ဆန္ဒရှိလာသည်အထိ စောင့်ဆိုင်းပေးမည်ဟုတွေးထားခဲ့သည်။
ဒါပေမဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
စုန့်ရှီးယန်၏ မျက်နှာက နောက်တစ်ကြိမ် ပြန်လည်နီရဲလာခဲ့ပြီး တစ်ကိုယ်လုံးကလည်း ဂဏာမငြိမ်ဖြစ်လာခဲ့သည်။
သူ့အနေဖြင့် မြစ်ထဲသို့ တိုက်ရိုက်ခုန်ချပြီး အေးစက်သောရေများဖြင့် ရေချိုးကာ စိတ်ကို အေးချမ်းသွားအောင် လုပ်ချင်လာခဲ့ရသည်။
သို့မဟုတ်ပါက သူ၏စိတ်အခြေအနေမှ် မည်သည့်အချိန်မှသာ ပြန်လည်တည်ငြိမ်သွားမည်ကို မသိတော့ပါချေ။
အခန်းထဲတွင်ရှိနေသည်း လင်းရန်က သူ၏အတွေးတို့ကို သိနေသည့်အလား ရုတ်တရက် ခြံထဲသို့ လှမ်းအော်လာခဲ့သည် ။
“တကယ်လို့ ရှင်သာ ရေအေးနဲ့ ချိုးဖို့ ကြံစည်နေတာဆိုရင် အထဲကို ဝင်မလာနဲ့တော့”
စုန့်ရှီးယန် : “!!!”
“ရေနွေးနဲ့ပဲ ချိုးလိုက်မယ်၊ ခဏလောက်စောင့်ပေးပါဦး၊ အခုချက်ချင်း ပြီးတော့မှာ”
စုန့်ရှီးယန်က သူ စစ်တပ်တွင် လေ့ကျင့်ထားခဲ့သည့် လျင်မြန်သော အရှိန်အဟုန်ကို အကုန်အစင်အသုံးချပြီး စက္ကန့်ပိုင်းအတွင်း အဝတ်အစားများကို လဲလှယ်လိုက်ပြီးနောက် တံခါးဝတွင် ရပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်လေသည်။
ထို့နောက် တုန်ယင်နေသော လက်များဖြင့် ဆွဲဆောင်မှုများပြည့်နှက်နေပုံရသော တံခါးကို တွန်းဖွင့်လိုက်လေသည်။
…
(မီးဖြတ်သွားပါပြီ)
T/n: မူရင်းမှာကိုဖြတ်ချလိုက်တာပါ