အခန်း (၂၉၉)
Vol. 30 Ch. 299
(299)
ညဉ့်နက်ပိုင်းအချိန်၌ စုန့်ရှီးယန်က သတိမေ့မျောနေသောလင်းရန်ကို သန့်စင်ပေးရန်အတွက် ရေချိုးခန်းသိာ့ခေါ်ဆောင်သွားခဲ့လေ၏။
ထိုအချိန်၌ စုန့်စစ်ယွီသည်လည်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ဖြင့် လမ်းကြားထဲသို့ ပြန်လာခဲ့သည်။
သူမက လမ်းလျှောက်လာရင်းဖြင့် ထိုရွံရှာဖွယ်ကောင်းသော ကလေးစုတ်နှင့် ယုတ်မာသောအမျိုးသားကို စိတ်ထဲမှ မရပ်မနား ကျိန်ဆဲနေမိခဲ့သည်။
ကျောက်ကော်ချင်းတွင် သူမကို ကူညီနိုင်စွမ်းသာ ရှိမနေပါက သူမအနေဖြင့် သူ၏အိမ်သို့သွားကာ အခမဲ့ အိမ်ဖော်လုပ်ပေးပြီး ထိုဆိုးသွမ်းသောကလေးကို ပြုစုပေးနေလိမ့်မည် မဟုတ်ပါချေ။
သူမ ကျောက်ကော်ချင်း၏ လှေပေါ်သို့ တက်လိုက်သည့် အချိန်ကတည်းက နေ့တိုင်းပင် အလုပ်များနေခဲ့ရသည်။ သူမအနေဖြင့် သူ၏အိမ်တွင် အိမ်မှုကိစ္စများကိုလုပ်ပေးရရုံသာမက သူ၏ ဇနီးဟောင်း ချန်ရစ်ခဲ့သော ကလေးစုတ်ကိုလည်း ပြုစုပေးနေရသေး၏။
ထိုကလေးမှာ ဆိုးသွမ်းရုံသာမက အလွန်ပင် ရွံရှာဖွယ်ကောင်းလှပေသည်။ သူမကို မြင်သည်နှင့် မိခင်ဖြစ်သူအတွက်ဟုဆိုကာ အော်ဟစ်ဆဲဆိုတတ်သည်။ သူမဘက်မှ ထိုကလေး၏အမေကို တစ်ခုခုလုပ်ခဲ့၍သာ အမေဖြစ်သူ သေဆုံးသွားခြင်းဖြစ်သကဲ့သို့ပင်။
ကျောက်ကော်ချင်းသာ ရှိမနေပါက သူမအနေဖြင့် ထိုကလေးစုတ်ကို သေသည်အထိ ရိုက်နှက်မိပေလိမ့်မည်။
သို့သော် ဤနေ့ရက်များအတွင်းကျောက်မိသားစုတွင် ကလေးထိန်းအဖြစ် လုပ်ကိုင်နေရကြောင်းကို ပြန်စဉ်းစားကြည့်လျှင် စုန့်စစ်ယွီတစ်ယောက် လီရှို့လီကို မတွေးတောဘဲ မနေနိုင်တော့ပေ။
လီရှို့လီသည်လည်း မိထွေးတစ်ယောက်သာဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှကံကောင်းနေပါသနည်း။
သူမအနေဖြင့် ငယ်စဉ်ကတည်းက လီရှို့လီအပေါ် မည်သည့်အချိန်ကမျှ ဆန့်ကျင်ခြင်းမလုပ်ခဲ့ဖူးချေ။ လီရှို့လီ သူတို့၏အိမ်သို့ ရောက်လာသည်နှင့် မိသားစု၏အိမ်ရှင်မဖြစ်လာခဲ့ပြီး ထိုအမျိုးသမီး၏ဘဝက အလွန်ပင် စိုးရိမ်ကြောင့်ကြမှု ကင်းဝေးကာ သာယာနေခဲ့ရသည်။
ကြည့်ရသည်မှာ သူမကိုယ်တိုင်က ယခင်အချိန်များတွင် အလွန်တုံးအ,လွန်းနေခဲ့သောကြောင့် အနည်းငယ်မျှပင် ခုခံကာကွယ်လိုစိတ် မရှိခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုယုတ်မာသောမိန်းမကို သူမ၏ဖခင်က အိမ်ပေါ်မှ နှင်ထုတ်ခြင်း ခံလိုက်ရပြီလား၊ သို့မဟုတ် သူမ၏ဖခင်က လီရှို့လီနှင့် အတူရှိနေဆဲလားဆိုသည်ကိုတော့ သူမ မသိရှိပါချေ။
ထိုအကြောင်းကို တွေးမိလျှင် စုန့်စစ်ယွီ၏ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးဝါးလာခဲ့ရသည်။
သူမက လမ်းတစ်လျှောက်လုံး ထိုကဲ့သို့ တွေးတောလာခဲ့ပြီး နောက်ဆုံးတွင် ဟူမိသားစုအိမ်သို့ ပြန်ရောက်လာခဲ့လေ၏။
သူမ တံခါးခေါက်လိုက်ပြီးနောက် ရှောင်ဟူ၏မိခင်က အမြန်ပြေးလာကာ သူမအတွက် တံခါးဖွင့်ပေးခဲ့သည်။
ယနေ့တွင် ရှောင်ဟူ၏မိခင်မှ အခွန်လျှင်မြန်စွာ တံခါးဖွင့်ပေးလာ အလွန်မြန်နေသည်ကို မြင်လိုက်ရလျှင် စုန့်စစ်ယွီသည် ခဏမျှကြောင်အသွားရ၏။
“အိုး၊ ရှောင်ယွီ မင်း ပြန်လာပြီလား၊ ဒီနေ့ အစောကြီးရောက်လာတာလား”
ရှောင်ဟူ၏ မိခင်က စုန့်စစ်ယွီကို မြင်လျှင် တစ်စုံတစ်ရာသောအကြောင်းပြချက်ကြောင့် မျက်လုံးများက လှုပ်ရှားသွားခဲ့ပြီး သူမအား ပထမဆုံးအကြိမ်အဖြစ် အပြုံးတစ်ခုဖြင့် နှုတ်ဆက်လာခဲ့သည်။
စုန့်စစ်ယွီ အံ့အားသွားရပြီး ထိုအဘွားကြီး၏ အမူအရာက တစ်ခုခုမှားယွင်းနေသည်ဟု တိုက်ရိုက်ခံစားလိုက်ရလေ၏။ သို့သော်လည်း မည်သည့်နေရာတွင် မှားယွင်းနေကြောင်းကိုတော့ ခဏတာအတွင်းစဉ်းစား၍ မရခဲ့ချေ။
သူမ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ ဒီနေ့ လောင်ကျောက်အတွက် လုပ်ပေးစရာ ဘာမှမရှိတာနဲ့ အစောကြီးပြန်လာလိုက်တာ”
စုန့်စစ်ယွီ၏စကားဆုံးသည်နှင့် အမေဟူ၏ အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အန်တီ၊ ကျွန်မ အရင်ပြန်နှင့်တော့မယ်၊ အန်တီပြောတာကို မနက်ဖြန်ကျမှ ထပ်ပြောကြတာပေါ့”
စုန့်စစ်ယွီ ခေါင်းမော့ကြည့်လိုက်လျှင် အမေဟူ၏ အနောက်တွင် ရပ်နေသော မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။
သူမ၏ မျက်နှာကို စုန့်စစ်ယွီတစ်ခါမှ မမြင်ခဲ့ဖူးပေ။ အနည်းဆုံး သူမ ဤနေရာတွင် နေထိုင်စဉ်အတွင်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဟူမိသားစု၏ အဝေးမှဆွေမျိုးများလား။
သူမ၏စကားကို ကြားလျှင် အမေဟူက ခေါင်းကို အမြန်ညိတ်ပြလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ထိုမိန်းကလေးကို တံခါးဝအထိ လိုက်ပို့ပေးလေတော့၏။
“ကျူဟွား၊ ဒီကိစ္စကို သေသေချာချာစဉ်းစားပြီး ဒီည အိမ်ပြန်ရောက်ရင် နင့်ရဲ့မိဘတွေနဲ့ တိုင်ပင်လိုက်ဦးနော်၊ မြန်မြန်လုပ်ဖို့လည်း သတိရဦး၊ မဟုတ်ရင် နောက်ကျသွားလို့ အခွင့်အရေးမရဘဲ နေလိမ့်မယ်!”
ကျူဟွားဟု အမည်ရသောမိန်းကလေးက အသံတိုးတိုးတစ်ချက်ပေးကာ ထွက်ခွာသွားလေသည်။
သူမက စုန့်စစ်ယွီ၏ အနားမှ ဖြတ်လျှောက်သွားချိန်တွင် စုန့်စစ်ယွီအနေဖြင့် သူမ၏ မျက်နှာတစ်ခုလုံးကို မြင်လိုက်ရ၏။ သူမက အလွန်ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ဝတ်စားဆင်ယင်မှုက အလွန်ပင် ရိုးရှင်းလှပေသည်။
သူမ၏ အဝတ်အစားများပေါ်တွင် ဖာထေးသည့်အကွက်များစွာ ရှိနေခဲ့သေး၏။ သူမ၏ အသားအရေမှာလည်း မကောင်းမွန်ဘဲ ခြောက်သွေ့ညိုဖျော့နေပေသည်။
ဤမိန်းကလေး၏ မိသားစုက အခြေအနေ ကောင်းမွန်လှမည်မဟုတ်ကြောင်းကို ခန့်မှန်းသိနိုင်ပေသည်။
စုန့်စစ်ယွီ နှစ်ချက်မျှ အကဲခတ်ကြည့်ပြီးနောက် သူမ၏ အကြည့်ကို အမြန်ပြန်လွှဲလိုက်ကာ ကျူဟွားကို စိတ်ထဲ၌ ထည့်မထားတော့ချေ။
ထို့နောက်တွင် အမေဟူက သူမအား အပြုံးတစ်ခုနှင့် ရှင်းပြလာသည်။
“အဲဒါက ငါတို့မိသားစုနဲ့ ဆွေမျိုးဝေးတော်စပ်တဲ့ကောင်မလေးလေ၊ ကလေးမလေးရဲ့ မိသားစုက အဆင်မပြေဘူး၊ အဲဒါကြောင့် ဒီနေ့ သူ့အတွက် ထွက်ပေါက်တစ်ခုခု ရှာပေးနိုင်မလားဆိုပြီး ခေါ်လိုက်တာ”
စုန့်စစ်ယွီအနေဖြင့် ဤကိစ္စများကို အနည်းငယ်မျှပင် ဂရုမစိုက်သကဲ့သို့ စိတ်ဝင်စားမှုလည်း မရှိပေ။ သူမအနေဖြင့် နေ့စဉ်နေ့တိုင်း ကျောက်မိသားစု၏ ကိစ္စရပ်များဖြင့်သာ အလွန်အလုပ်ရှုပ်နေရသောကြောင့် အမေဟူ၏ မိသားစုရေးရာ အရှုပ်အထွေးများကို နားထောင်ပေးရန် အားလပ်ချိန် မရှိနိုင်ပါချေ။
သို့သော်လည်း သူမအနေဖြင့် ဤနေရာတွင် ရက်အနည်းငယ်ခန့်ထပ်မံနေထိုင်ရဦးမည်ဖြစ်သောကြောင့် ဟန်ဆောင်အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်ရလေ၏။
“အန်တီက တကယ့်ကို ကြင်နာတတ်တာပဲ”
“ဟားဟား ၊ ဒါပဲလေ ငါက နင်တို့လို မိန်းကလေးတွေကို ကြည့်ပြီး စာနာသနားမိတတ်တာကိုး၊ မိန်းကလေးတစ်ယောက်အတွက် ဘဝက မလွယ်ကူဘူးမလား၊ မဟုတ်ရင်လည်း ငါက နင်နဲ့ ဒါရိုက်တာကျောက်ကို မိတ်ဆက်ပေးပါ့မလား”
ထိုအကြောင်းကို ထပ်မံပြောလာသောကြောင့် စုန့်စစ်ယွီတစ်ယောက် မျက်လုံးကို ကောင်းကင်သို့ရောက်သည်အထိ လှန်ချင်သွားရသည်။
သူမက ကျောက်ကော်ချန်ကို ပစ်မှတ်ထားထားသည်မှာ ကြာနေခဲ့ပေပြီ။ သူမအနေဖြင့် မူလက တစ်ဖက်လူ၏အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ရန်အတွက် နည်းလမ်းရှာရန် ကြံစည်ထားခဲ့သည်။
သို့သော် အမေဟူက ကျောက်ကော်ချန်ဘက်မှ ဆွေမျိုးဝေးတစ်ဦးနှင့် မတော်တဆ ဆုံမိခဲ့ပြီးနောက် သူတို့အချင်းချင်းစကားလက်ဆုံကျခဲ့ကြသည်ကို မည်သူက သိနိုင်မည်နည်း။
စုန့်စစ်ယွီအနေဖြင့် ကျောက်ကော်ချန်နှင့် ပတ်သက်သည့် အချက်အလက်အချို့ကို သူမထံမှ ရရှိခဲ့သော်လည်း ထိုအချက်အလက်များမှာ တစ်ဆင့်စကားများသာ ဖြစ်ပေ၏။
ယခု စုန့်စစ်ယွီနှင့် ကျောက်ကော်ချန်တို့ အတူရှိနေကြပြီဖြစ်ကြောင်းကို သိလိုက်ရချိန်တွင် ထိုအဘွားကြီးက အံ့အားသင့်သွားပြီး ဤသည်က သူမ၏ကျေးဇူးကြောင့်ဟူ၍ အတင်းအဓမ္မ သတ်မှတ်လိုက်လေသည်။
အကယ်၍ သူမသာ စုန့်စစ်ယွီအား ကျောက်ကော်ချန်အကြောင်းကို မပြောပြခဲ့ပါက သူတို့နှစ်ဦးအတူရှိဖြစ်ကြမည် မဟုတ်ဘဲ စုန့်စစ်ယွီအနေဖြင့်လည်း ကျောက်ကော်ချန်၏အကြောင်းကို သိရှိနိုင်မည်မဟုတ်ဟု ဆိုခဲ့လေသည်။
စုန့်စစ်ယွီအနေဖြင့် သူမ၏စကားကိုကြားလျှင် အော်ဟစ်ရယ်မောချင်ခဲ့ရသည်။
ဤအမျိုးသမီးကဲ့သို့ မျက်နှာအရေထူသူကို သူမ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် အန်တီ၊ ဒါပေမဲ့ ကျွန်မ ဒီနေ့ နည်းနည်းလောက်ပင်ပန်းနေလို့ အထဲကိုဝင်ပြီး အရင်နားလိုက်ပါဦးမယ်”
စုန့်စစ်ယွီအနေဖြင့် သူမ၏ အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက်နားထောင်ရန် ငြီးငွေ့လာသောကြောင့် အကြောင်းပြချက်တစ်ခုပေးပြီး ထွက်ခွာလာခဲ့လေ၏။
သူမ ထွက်သွားပြီးနောက် အမေဟူ၏ မျက်နှာပေါ်မှ အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။
နင်က ဘာတွေများ ဒီလောက် ဂုဏ်ယူနေတာလဲ။
ဒါရိုက်တာကျောက်က အခုချိန်မှာ နင့်ကို သဘောကျနေသေးလို့ဆိုပြီး မာန်တက်နေတာလား။
စောင့်ကြည့်နေလိုက်စမ်းပါ။ ဒီနေ့ ငါမိတ်ဆက်ပေးလိုက်တဲ့ ကောင်မလေးနဲ့ ဒါရိုက်တာကျောက်တို့ တွေ့ပြီးတဲ့အချိန်ကျရင် နင် ဘယ်လောက်အထိ ဂုဏ်ယူနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
မကြာခင်က မိန်းကလေး၏ စိတ်လှုပ်ရှားနေသော အမူအရာကို တွေးမိပြီးနောက် အမေဟူအနေဖြင့် ဤကိစ္စက သေချာပေါက် အောင်မြင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
စည်းစိမ်ဥစ္စာများကို သူစိမ်းများဆီသို့ မစီးဆင်းစေနှင့်ဆိုသကဲ့သို့ပင်။ အကယ်၍ ဤကိစ္စသာ အောင်မြင်သွားပါက သူမနှင့် ကျောက်ကော်ချန်သည်လည်း အမျိုးတော်စပ်သွားကြပေလိမ့်မည်။
ထိုအကြောင်းကို တွေးကြည့်ပြီးနောက် အမေဟူက ထိန်းချုပ်၍မရနိုင်စွာ ရယ်မောလိုက်လေ၏။
ဒါဆို စုန့်စစ်ယွီအတွက်ကရော။
သူမက ဘာတွများ လုပ်ပေးနေရမှာလဲ။
သူမအကြောင်းကို ဘယ်သူက ဂရူစိုက်နေမှာလဲ။
ကောင်းကင်နှင့် မြေကြီးလိုမျိုး တခြားလူတွေ လက်ထပ်မယ့်ကိစ္စကို သူမက တားဆီးနိုင်ပါ့မလား။
…
နောက်တစ်နေ့တွင် လင်းရန်တစ်ယောက် မျက်လုံးများကိုအားယူ ဖွင့်လိုက်ပြီး သူမ၏ ခေါင်းထက်မှ ခြင်ထောင်ကို မော့ကြည့်လိုက်မိသည်။
ယမန်နေ့ညက ဖော်ပြ၍မရနိုင်သော အဖြစ်အပျက်တချို့က သူမ၏စိတ်ထဲသို့ ချက်ချင်းပင် ပေါ်လာခဲ့လေ၏။
ထို့နောက်တွင်တော့ :
“စုန့်ရှီးယန်! အခုချက်ချင်း ဒီကိုလာခဲ့”
အံကြိတ်၍အော်ဟစ်သံတစ်ခုက အိပ်ခန်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။ စုန့်ရှီးယန်တစ်ယောက် မီးဖိုချောင်ထဲတွင်ရှိနေရာမှ ထိုအသံကို ကြားလိုက်ရသောကြောင့် လက်ထဲတွင် ဇွန်းတစ်ချောင်းကို ကိုင်ထားလျက်နှင့်ပင် အမြန်ပြေးဝင်လာခဲ့လေ၏။
သူက လင်းရန်ကိုယ်တိုင် ချုပ်လုပ်ပေးထားသော ထိုချစ်စရာကောင်းသည့် ပန်းပွင့်လေးများပါသော ခါးစည်းလေးကို ဝတ်ဆင်ထားသောကြောင့် ကြည့်ရသည်မှာ အလွန်ပင် ရယ်ချင်စရာကောင်းနေခဲ့သည်။
*