အခန်း (၃၀၀)
Vol. 30 Ch. 300
(300)
“ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ၊ တစ်နေရာရာက နေလို့မကောင်းလို့လား”
စုန့်ရှီးယန်က လင်းရန်ကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်မိလေ၏။
“ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးရမလား၊ ဒါမှမဟုတ် ကျိုးကျယ်ပင်းကိုပဲ ခေါ်ပေးရမလား”
လင်းရန် : “?”
သူ့ဆီမှာ အရှက်မရှိပေမဲ့ သူမမှာတော့ အရှက်ရှိသေးတယ်!
ပြီးတော့ သူမက သူ့ကို အဲဒီကိစ္စအတွက် ခေါ်လိုက်တာလား။
သူမက သူ့ကိုခေါ်ပြီး ဆူပူကြိမ်းမောင်းချင်ရုံသာ ဖြစ်ပေသည်။
ယမန်နေ့ညက သူမအနေဖြင့် ရပ်သင့်ပြီဖြစ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ပါသော်လည်း တစ်ဖက်လူက နားမကြားသူကဲ့သို့ရှိနေခဲ့ကာ အနည်းငယ်မျှပင် နားမထောင်ခဲ့ချေ။
မနေ့ညက သူမ ခံစားခဲ့ရသည့် မတရားမှုများကို တွေးမိပြီးနောက် လင်းရန်တစ်ယောက် ပို၍ပင် ဒေါသထွက်လာပြီး စုန့်ရှီးယန်ကို စိုက်ကြည့်ကာ ရက်စက်ပြတ်သားစွာ ကြေညာလိုက်လေသည်။
“နောက်တစ်ခါဆိုတာ လုံးဝမရှိတော့ဘူး”
စုန့်ရှီးယန် : “...”
သူ၏လက်ထဲမှ ဇွန်းက အသံတစ်ချက်မြည်ကာ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပင်ပြုတ်ကျသွားလေ၏။
“ရန်ရန်...”
သူ၏ နှုတ်ခမ်းထောင့်များက အောက်ဘက်သို့ ကွေးကျသွားပြီး လင်းရန်ကို သနားစရာကောင်းစွာကြည့်လာခဲ့သည်။
အသားစားဖူးထားသူတစ်ယောက်ကို သက်သတ်လွတ်စားခိုင်းခြင်းက အသက်ကို နုတ်ယူလိုက်သည်နှင့် မခြားပါချေ။
“ကျွန်မကို မခေါ်နဲ့တော့၊ ရေနွေး အဆင်သင့်ဖြစ်ပြီလား”
လင်းရန်က အလေးအနက်ဖြစ်ပုံရပြီး စိတ်ပြောင်းမည့်အမူအရာလည်း မရှိသောကြောင့် စုန့်ရှီးယန်တစ်ယောက် လက်ရှိအခြေအနေကို လက်ခံလိုက်ပြီး စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ရသည်။
“အကုန်လုံးအဆင်သင့်ဖြစ်ပြီ”
လင်းရန်က သူ၏ စိတ်ဆင်းရဲသည့်အမူအရာကို ဂရုစိုက်နေရန် အစီအစဉ်မရှိပေ။
သူမ၏ တစ်ကိုယ်လုံးမှ နာကျင်ကိုက်ခဲနေမှုမှာ သူ၏စိတ်မချမ်းမြေ့မှုထက် ပို၍ဆိုးဝါးနေပေသည်။
ထို့ကြောင့် လင်းရန်က စုန့်ရှီးယန်၏ မရည်ရွယ်ဘဲဖြစ်သွားသော ကံဆိုးမှုအပေါ်တွင် သွေးအေးရက်စက်သော မူဝါဒကို တိုက်ရိုက်ပင်ကျင့်သုံးလိုက်လေ၏။
“ကောင်းပြီ၊ ရှင် အပြင်ထွက်တော့၊ ကျွန်မအတွက် တံခါးပိတ်ပေးခဲ့ဖို့လည်း မမေ့နဲ့ဦး”
စုန့်ရှီးယန် : “...ကောင်းပါပြီ”
နောက်ဆုံးတွင်တေု့ စုန့်ရှီးယန်တစ်ယောက် စိတ်ပျက်အားလျော့စွာ ထွက်ခွာသွားခဲ့လေ၏။ လင်းရန်လည်း သူမ၏ နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်ကို အားယူ၍ ထလိုက်သည်။
သူမ လှုပ်ရှားလိုက်သည့်အချိန်တွင် တချို့သောနေရာများမှ ပြန်လည်နာကျင်လာသောကြောင့် စုန့်ရှီးယန်အား နောက်တစ်ကြိမ် ထပ်မံ အပြစ်တင်မိပြန်၏။
ဤသို့ဖြင့် ယနေ့နံနက်ခင်းတစ်ခုတည်းတွင်ပင် စုန့်ရှီးယန်တစ်ယောက် အဆူပူအကြိမ်းမောင်းခံရသည့် အကြိမ်အရေအတွက်မှာ သူ၏တစ်သက်တာအတွင်း ပထမအနှစ်နှစ်ဆယ်တွင် ကြိမ်းမောင်းပြောဆိုခံရသည့် စုစုပေါင်းအရေအတွက်နှင့်ပင် တူညီသွားခဲ့ရသည်။
သို့သော်လည်း သူ့အား ဆူပူနေသူက လင်းရန်ဖြစ်နေသောကြောင့် စုန့်ရှီးယန်အနေဖြင့် အနည်းငယ်မျှပင်ဒေါသမထွက်သည့်အပြင် အလွန်အမင်း သဘောကျနေခဲ့သေးလေ၏။
သူမထံမှ ဆူပူကြိမ်းမောင်းခံရပြီးနောက် စုန့်ရှီးယန်၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာကို မြင်လိုက်ရချိန်တွင် လင်းရန်တစ်ယောက် သူ့ကို ဆက်လက်ဆူပူနေရန်ပင် ခွန်အားမရှိတော့ဘဲ စကားလုံးနှစ်လုံးဖြင့်သာ မှတ်ချက်ပေးလိုက်တော့သည်။
“ငတုံး!”
လင်းရန်၏ စကားနှင့် လိုက်ဖက်စွာ စုန့်ရှီးယန်က သူမကိုကြည့်ပြီး ငတုံးလေးတစ်ယောက်ကဲ့သို့ နောက်တစ်ဖန် ပြန်လည်ပြုံးပြလာခဲ့ပြန်သည်။
အကယ်၍သာ သူ့ထံတွင် အမြီးလေးတစ်ခုသာ ပါခဲ့မည်ဆိုပါက အမှန်တကယ်ပင် “ငတုံးခွေးကြီး” တစ်ကောင် ဖြစ်နေပေလိမ့်မည်။
လင်းရန်တစ်ယောက် တစ်ဖက်လူကို ဆက်လက်မကြည့်မနိုင်တော့သည့်အတွက် ခုတင်ပေါ်တွင် ခဏမျှ ပြန်လဲလျောင်းနေခဲ့ပြီး သူမ သက်သာလာချိန်မှသာ စားဖိုမှူးရှုန်းဆီသို့ သွားရောက်သတင်းပို့ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင်ပင် သူမ၏ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာရောက်ခေါက်နေသည့် အသံကို ရုတ်တရက် ကြားလိုက်ရလေ၏။
လင်းရန်၏ ပထမဆုံးအတွေးမှာ ချင်းယွင်ကျစ်နှင့် စုန့်ကျယ်တို့ ရောက်လာခြင်းဖြစ်လောက်မည်ဟူ၍ပင်။
သူမက စုန့်ရှီးယန်အား တံခါးသွားဖွင့်ပေးရန် ခိုင်းတော့မည့်အချိန်မှာပင် တံခါးခေါက်သံကို နောက်တစ်ခေါက်ကြားလိုက်ရပြန်သည်။
“အထဲမှာ ဘယ်သူရှိလဲ၊ နှောင့်ယှက်မိတာ အားနာပေမဲ့ ခဏလောက် ထွက်လာပေးလို့ ရမလား”
ဒီအသံက..
လင်းရန်နှင့် စုန့်ရှီးယန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ယောက်လုံးက သတိအနေအထားဖြင့် ဖြစ်သွားခဲ့ရသည်။
စုန့်ရှီးယန်၏ မျက်နှာပေါ်မှ ရူးနှမ်းနှမ်းအပြုံးမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အသံကို နှိမ့်ကာ လင်းရန်အား ပြောလိုက်သည်။
“မင်း အခန်းထဲမှာပဲ စောင့်နေလိုက်ဦး၊ ကိုယ် သွားကြည့်လိုက်မယ်”
စုန့်စစ်ယွီက မည်သည့်အတွက် ရောက်လာခြင်းဖြစ်ကြောင်းကို သူ သိချင်ပေ၏။
အကယ်၍ သူမသာ ပြဿနာလာရှာခြင်း ဖြစ်ပါက လင်းရန်ကို အခန်းထဲတွင် ပုန်းခိုင်းထားရပေလိမ့်မည်။ သို့ဆိုပါက နောက်ပိုင်းတွင် ထိခိုက်မှုမရှိနိုင်လောက်တော့ပေ။
ဆိုရလျှင် လင်းရန်အနေဖြင့် ယခုအချိန်တွင် လှုပ်ရှားသွားလာရန် အနည်းငယ် ခက်ခဲနေသည် မဟုတ်ပါလား။
သို့သော်လည်း စုန့်ရှီးယန်က လင်းရန်အား အထင်သေးသွားပုံရပေသည်။သူမက မလှုပ်မယှက် ရပ်နေပြီး စုန့်ရှီးယန်ဘက် မေးငေါ့ပြလိုက်လေ၏။
“သွားပြီး တံခါးဖွင့်ပေးလိုက်”
စုန့်စစ်ယွီ ဘာတွေလုပ်လာဦးမလဲဆိုတာကို သူမ သိချင်တယ်။
အကြောင်းရင်းကို မသိရမချင်း သူမ က လက်လျှော့မည်မဟုတ်ကြောင်းကို မြင်လိုက်ရသောကြောင့် စုန့်ရှီးယန်သည်လည်း တံခါးဆီသို့ လျှောက်သွားကာ ဖွင့်ပေးလိုက်ရုံသာတတ်နိုင်တော့သည်။
တံခါးအပြင်ဘက်ရှိ စုန့်စစ်ယွီသည်ကား တံခါးအနောက်ဘက်မှ ခြေသံများ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြားလိုက်ရသောကြောင့် သူမ၏ ဆံပင်များကို အမြန်ပင် သပ်လိုက်လေ၏။
သူမ အပြင်သို့ထွက်လာချိန်က မှန်ကို သေသေချာမကြည့်ခဲ့မိသည်ကို နောင်တရနေမိသည်။ ယခုအချိန်တွင် သူမ၏ရုပ်ရည်က မည်သို့ရှိနေမည်ကို မသိနိုင်တော့ချေ။
ယနေ့အပြင်သို့ထွက်ချိန်တွင် ဤကဲ့သို့ သြဇာအာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ဆုံတွေ့ရမည်ကိုသာ ကြိုသိခဲ့ပါက သူမအနေဖြင့် မနေ့ညကတည်းကပင် အဝတ်အစားများကို သေချာပေါက် ပြင်ဆင်ထားပေလိမ့်မည်။
ယမန်နေ့ညက သူမပြန်လာချိန်တွင် အလွန်မှောင်နေသောကြောင့် လမ်းထဲသို့ သေသေချာချာမကြည့်မိခဲ့သောကြောင့် လမ်းထဲမှ အိမ်တစ်အိမ်၏ရှေ့တွင် ကားတစ်စီး ရပ်ထားသည်ကို သူမ သတိမထားမိခဲ့ခဲ့ပါချေ။
ယနေ့ခေတ်ကာလတွင် ကားတစ်စီးကို အသုံးပြုနိုင်သူမှာ ချမ်းသာရုံ၊ ဂုဏ်သရေရှိရုံမျှနှင့် မရဘဲ မြင့်မားသည့် အဆင့်အတန်းလည်း ရှိရပေမည်။
ကားတစ်စီးကို ပိုင်ဆိုင်နိုင်ရန်အတွက် ငွေကြေးတစ်ခုတည်းနှင့် မလုံလောက်နိုင်ချေ။
ထိုကဲ့သို့ အဆင့်အတန်းမြင့်မားပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ကားပိုင်ရှင်က ယခုအချိန်တွင် သူမအတွက်အလိုအပ်ဆုံးသောလူမျိုးပင် မဟုတ်ပါလား။
ဤသည်က စုန့်စစ်ယွီတစ်ယောက် လင်းရန်၏ တံခါးကို ရုတ်တရက်လာခေါက်ရခြင်း၏ အကြောင်းရင်းဖြစ်ပေသည်။
သူမအနေဖြင့် အထဲဘက်တွင် နေထိုင်သည့်လူအကြောင်းကို အနည်းငယ်မျှပင် မသိရှိဘဲ အပြင်ဘက်ရှိ ကားကိုမြင်ရုံဖြင့် ဆွဲဆောင်ခံလိုက်ရခြင်းသာ ဖြစ်သည်။
ဤလမ်းကြားထဲတွင် ထူးကဲသည့် အဆင့်အတန်းရှိသော မိသားစုရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့သည့်အတွက် အနည်းငယ်လောက် ရှုပ်ထွေးမိနေခဲ့သည်။
သို့သော်လည်း ထိုအကြောင်းကို ခဏမေ့ထားလိုက်ပြီး အခြေအနေကို အရင်ဆုံးကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။
သူမက တံခါးမပွင့်မီ သူမ၏ ဆံပင်များကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး သူမ၏ စွဲမက်စရာအကောင်းဆုံးဟုထင်ရသောအပြုံးကို ဆင်မြန်းလျက် အိမ်ထဲမှ သြဇာအာဏာကြီးမားသူကို နှုတ်ဆက်ရန် ပြင်ဆင်လိုက်လေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ ရင်းနှီးနေသော မျက်နှာတစ်ခုက အိမ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။
“ရှင်.. ရှင်ပဲ!”
စုန့်စစ်ယွီတစ်ယောက် စကားပင် ထစ်သွားပြီး သူမ၏ရှေ့တွင် ပေါ်လာသော စုန့်ရှီးယန်ကိုငေးစိုက်ကြည့်ကာ အံ့သြတကြီးဖြစ်သွားခဲ့ပေသည်။
ဆိုရလျှင် သူမအနေဖြင့် စုန့်ရှီးယန်၏ နာမည်ကို မမှတ်မိသော်လည်း စုန့်ရှီးယန်ကို မည်သူနှင့်အတူတွဲ၍ မြင်တွေ့ခဲ့သည်ကိုတော့ ရှင်းလင်းစွာ မှတ်မိနေဆဲပင်။
ဤတစ်ယောက်မှာ လင်းရန်၏ ဖခင်အရင်းဖြစ်သူ လင်းကျန်းအန်းနှင့်အတူရှိနေခဲ့သူ မဟုတ်ပါလား။
သို့ဆိုလျှင် သူက လင်းမိသားစုမှ လူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။
သူက ဘာလို့ ဒီကို ရောက်နေရတာလဲ။
လင်းမိသားစုထဲက တခြားလူတွေလည်း ဒီမှာ ရှိနေတာများလား။
စုန့်စစ်ယွီ၏ စိတ်ထဲသို့ ထိုအတွေးများရောက်လာချိန်တွင် လင်းရန်က စုန့်ရှီးယန်၏ အနောက်ဘက်မှ ပေါ်ထွက်လာခဲ့လေသည်။
“မနက်စောစောစီးစီး လူတွေရဲ့ အိပ်မက်ကို လာနှောင့်ယှက်နေတာ ဘယ်သူများလဲလို့ ထင်နေတာ၊ နင်ဖြစ်နေတာကိုး၊ ဒီလောက်တောင် အားနေရင်လည်း လမ်းမပေါ်မှာပဲ တံမြက်စည်း သွားလှည်းနေပါလား”
လင်းရန်က နှုတ်ခမ်းထောင့်ကို တစ်ချက်တွန့်ကွေးလိုက်ကာ စုန့်စစ်ယွီအား အေးစက်စွာကြည့်လိုက်လေ၏။
“လင်းရန်!”
စုန့်စစ်ယွီအနေဖြင့် ဤနေရာတွင် လင်းမိသားစုမှ တစ်စုံတစ်ဦး ရှိနေနိုင်သည် တွေးခဲ့မိသော်လည်း ထိုလင်းမိသားစုဝင်က လင်းရန်ဖြစ်နေလိမ့်မည်ဟု လုံးလုံးလျားလျား မတွေးခဲ့မိပါချေ။
သူမက ကျေးလက်ဒေသမှာ ပညာတတ်လူငယ်အဖြစ် ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့မြို့ထဲကို ပြန်ရောက်နေရတာလဲ။
“လင်းရန်၊ နင် ခိုးပြီးတော့ ထွက်ပြေးလာတာလား၊ ဘယ်လိုလုပ်ပြီး ဒီလိုအလုပ်မျိုးကို လုပ်ရဲရတာလဲ၊ ကျေးလက်ဒေသ သွားရဖို့အတွက် နင်ကိုယ်တိုင် တောင်းဆိုခဲ့တာလေ၊
အခုကျမှ ကျေးလက်ဒေသကို မုန်းလို့ ခိုးပြီးထွက်ပြေးလာခဲ့တယ်ပေါ့ နင့်ရဲ့ အပြုအမူက ဘယ်လောက်တောင် ပညာမဲ့နေလဲဆိုတာကို သိရဲ့လား၊ နင်က စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာပဲ!”
စုန့်စစ်ယွီက တရားမျှတသည့်အမူအရာဖြင့် လင်းရန်အား စတင်စွပ်စွဲတော့သည်။
*