အခန်း (၄၃၄၆-၄၃၅၀)
Vol. 221 Ch. 4346-4350
Chapter 4346
ယင်ကျန်းသဲ၏စကားလုံးများသည် ပြင်းထန်ပြီး ဖြောင့်မတ်မှန်ကန်ပေ၏။
ထိုကြောင့် လူအုပ်အကြားမှနေ၍ အားပေးသံများ ထွက်ပေါ်လာသည်။
ရှားကျိုး၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူ၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
"ဘယ်လောက်တောင် သစ္စာရှိလိုက်တဲ့ ဝမ်ရှင်းအမတ်ကြီးလဲ...ဒါပေမဲ့ ငါ မင်းကို ဒီနေ့ အလွယ်တကူ သေခွင့်မပြုနိုင်ဘူး...လာကြစမ်း...သူ့ကို အရင်ဆုံး အချက်တစ်ရာရိုက်ကြစမ်း"
ထျန်းစီမြင်းစီးစစ်သားနှစ်ယောက်သည် ချက်ချင်းရှေ့သို့ထွက်လာကာ ယင်ကျန်းသဲကို မြေပြင်ပေါ်၌ ဖိနှိပ်လိုက်၏။
ထျန်းစီမြင်းစီးစစ်သားများအားလုံးသည် လက်ရွေးစင်စစ်သားများပင်။သူတို့၏လက်များအတွင်း၌ရှိနေသော သံမဏိတုတ်များသည် အလွန်မာကျောပြီး တောင်တစ်လုံးကိုပင် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ရိုက်ချိုးနိုင်စွမ်းရှိသည်။
ဘန်း...ဘန်း...ဘန်း...
ထိုသံမဏိတုတ်သည် ယင်ကျန်းသဲ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ မသဲမကွဲအသံများထွက်ပေါ်လာသည်။
ယင်ကျန်းသဲသည်လည်း ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ကံအကြောင်းမလှစွာဖြင့် သူ၏မှော်စွမ်းအားများအားလုံး ချိတ်ပိတ်ခံထားရသည့်အပြင် သူသည် အကျဉ်းထောင်အတွင်း၌ လူမဆန်သောညှဉ်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရသည်။ ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် သူသည် ဤရိုက်ချက်များကို တောင့်ခံနိုင်ခြင်းမရှိတော့ချေ။
မကြာမီမှာပင် ယင်ကျန်းသဲ၏နောက်ကျောတပြင်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။
"အဖေ..."
ယင်ချူးရွှေသည် စိတ်ပျက်အားငယ်စွာဖြင့်အော်ဟစ်လိုက်၏။သူမ၏ပြိုင်ဘက်ကင်းဖခင်သည် ယခုကဲ့သို့ ဆက်ဆံခြင်းမျိုးခံရမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
"ရှားမျိုးရိုးနဲ့ကောင်...တကယ်လို့ မင်းမှာ သတ္တိရှိရင် ငါနဲ့လာပြီး ရင်ဆိုင်စမ်း"
ယင်ထျန်းမင်၏မျက်လုံးများ စူးရှတောက်ပနေကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။
သို့ရာတွင် ရှားကျိုး၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။သူ၏လက်အတွင်း၌ လက်ဖက်ရည်တခွက်ကိုကိုင်ထားပြီး သူက တည်ငြိမ်စွာပြောဆိုသည်။
"နောက်ထပ်အချက်နှစ်ရာ ထပ်ရိုက်စမ်း"
ယင်မိသားစုဝင်များအားလုံး၏ပါးစပ်များ ပိတ်ထားကြကာ သူတို့သည် ယင်ကျန်းသဲ ညှဉ်းပန်းနှိပ်စက်ခံနေရသည်ကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရသည်။
အကယ်၍ ဤရိုက်ချက်များသာ သာမန်လူတစ်ယောက်ပေါ်သို့ ကျရောက်သွားပါက သေဆုံးသွားစေရန် လုံလောက်သည်။
သို့ရာတွင် ယင်ကျန်းသဲ၏မျက်နှာအမူအယာသည် ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။သူသည် ဤကဲ့သို့ ပြင်းထန်စွာရိုက်နှက်ခြင်း ခံနေရသည့်တိုင် မျက်မှောင်တစ်ချက်ကြုတ်သွားခြင်းမရှိချေ။
ပတ်ဝန်းကျင်ရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ထိုလူများအနက်မှ လူအများစု၏မျက်နှာများပေါ်တွင် ဒေါသထွက်နေသောအမူအယာများ ထင်ဟပ်နေသည်။
"သူ့လိုသစ္စာရှိတဲ့ အရာရှိတစ်ယောက်က ခုလိုမျိုးဆက်ဆံတာကို ခံနေရတယ်...ဒါက မဖြစ်သင့်တဲ့ကိစ္စပဲ"
"အခုလက်ရှိအုပ်ချုပ်ရေးအဖွဲ့က ထန်အင်ပါယာရဲ့လူတွေကို မျက်နှာသာပေးဖို့ အမိန့်ထုတ်ထားတယ်မဟုတ်လား"
ပတ်ဝန်းကျင်မှစောင့်ကြည့်နေသူများသည် တိုင်ပင်ဆွေးနွေးနေကြကာ သူတို့အားလုံး ဒေါသထွက်နေကြသည်။
သူတို့သည် ကောင်းကင်ချိုးဖျက်ခံတပ်မြို့အတွင်း၌ နေထိုင်သူများဖြစ်ပြီး ကောင်းကင်ချိုးဖျက်စစ်တပ်နှင့် သက်ဆိုင်ခြင်းမရှိချေ။ထိုကြောင့် သူတို့သည် ချီအင်ပါယာ၏လက်အောက်တွင် အိမ်ထောင်စုစာရင်းသွင်းခဲ့ကြသဖြင့် ဤဘေးကပ်ဆိုးကြီးမှ လွတ်မြောက်သွားခဲ့ကြသည်။
သို့ရာတွင် ယခင်က သူတို့ကိုကာကွယ်ခဲ့သောစစ်သားများ ဤကဲ့သို့ဆက်ဆံခြင်းကို ခံနေရသည်အား မြင်တွေ့ချိန်၌ သူတို့အားလုံး စိတ်မသက်မသာခံစားနေရသည်။
"ဟား ဟား ဟား...ရိုက်တာကောင်းတယ်...သူ့ရဲ့လက်တွေမှာ သွေးတွေစွန်းထင်းနေတဲ့ သားသတ်သမားတစ်ယောက်က ဒီလိုမျိုး သင်ခန်းစာပေးခံရသင့်တယ်"
ထိုအချိန်မှာပင် လူအုပ်အကြားမှနေ၍ သရော်တော်တော်ပြောဆိုလိုက်သော အသံတစ်သံထွက်ပေါ်လာသည်။
လူများအားလုံးသည် ထိုနေရာသို့ ကြည့်လိုက်ကြရာ ဦးခေါင်းပြောင်ပြီး ကြီးမားသောနားရွက်များရှိကာ ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသည့် လူတစ်ယောက် လျှောက်လှမ်းလာသည်ကို မြင်တွေ့မိသည်။
လူတယောက်က မျက်မှောင်ကြုတ်ပြီး တုံ့ပြန်မေးမြန်းသည်။
"ဘယ်သူ့ကို သားသတ်သမားလို့ ခေါ်တာလဲ... သူက နယ်စပ်ဒေသကို ကာကွယ်နိုင်ဖို့အတွက်ရန်သူတွေကိုသတ်ခဲ့တာ...သူ့ကို သားသတ်သမားလို့ ဘယ်လိုလုပ်ပြီး ခေါ်လို့ရမှာလဲ"
ပိုးထည်ဝတ်စုံဝတ်လူက အေးစက်တင်းမာစွာ ပြောဆိုသည်။
"လူသတ်တာက သတ်တာပဲ...အဲ့ဒီလူယင်ကျန်းသဲ သတ်ခဲ့တဲ့လူတွေက လေဟာနယ်ဓားပြတွေသတ်ခဲ့တာထက် မနည်းဘူး"
လူများအားလုံး ဒေါသတကြီးအော်ဟစ်လိုက်ကြသည်။
နံဘေးတစ်ဖက်တွေရှိနေသော လူတစ်ယောက်က ပြောဆိုသည်။
"ထန်စစ်တပ်က လူသတ်နေတဲ့အချိန်တုန်းက မင်း ဘာလို့ ဒီလိုမပြောတာလဲ...ကောင်းကင်မူဝါဒရုံးတော်ရဲ့သခင်လေးလီဖူက သူ့ရဲ့စစ်သားတွေကို ဦးဆောင်လာပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့အပြင်မှာရှိတဲ့ မြို့ဆယ့်ငါးမြို့လုံးကို အမြစ်ပြတ်သုတ်သင်ခဲ့တုန်းက မင်း ဘာလို့ တစ်ခွန်းမှမပြောခဲ့တာလဲ"
"ဒါက အမှန်ပဲ...လီဖူက အဆိပ်ဝင်္ကပါတွေကိုတောင် အသုံးပြုခဲ့သေးတယ်...သူကအဖြူရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာရှိတဲ့ မြို့တစ်မြို့ကလူတွေကို ဖုတ်ကောင်တွေအဖြစ်သန့်စင်ခဲ့တာကြောင့် လူတစ်သောင်းကျော်သေဆုံးသွားခဲ့တယ်...ထန်အင်ပါယာက လူတွေကိုကြတော့ သားသတ်သမားတွေလို့ မင်း ဘာလို့မပြောတာလဲ"
"ဝမ်ရှင်းအမတ်ကြီးက လူသတ်ခဲ့တယ်ဆိုပေမယ့် သူက ကျူးကျော်လာတဲ့ရန်သူတွေကို သတ်ခဲ့တာ...ဒါ့ပြင် ဝမ်ရှင်းအမတ်ကြီးက ရန်သူတွေကို အမြဲတမ်းထိပ်တိုက်ရင်ဆိုင်ပြီးတော့ မှန်မှန်ကန်ကန်အနိုင်ယူခဲ့တယ်...သူက ဘယ်တုန်းကမှ ညစ်ပတ်တဲ့နည်းလမ်းတွေကို အသုံးမပြုခဲ့ဘူး...မင်းမှာ သူ့ကို သားသတ်သမားလို့ပြောနိုင်တဲ့ အခွင့်အရေးမျိုးမရှိဘူး"
လူများအားလုံးသည် ပိုးထည်ဝတ်စုံဝတ်လူကို ချေပပြောဆိုလိုက်ကြ၏။
"မင်းတို့ ဘာသိလို့လဲ...ဟူး...တကယ်လို့ ငါက မင်းတို့ကို ပြောပြမယ်ဆိုရင်တောင် မင်းတို့နားလည်မှာမဟုတ်ဘူး"
ပိုးထည်ဝတ်ရုံဝတ်လူက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
တစ်စုံတစ်ယောက်သည် ထိုပိုးထည်ဝတ်စုံဝတ်လူကိုမှတ်မိသွားသဖြင့် လှောင်ပြောင်သရော်လိုက်၏။
"မိုလောင်စန်း မင်းက တကယ်တော့ ထန်အင်ပါယာရဲ့သစ္စာရှိခွေးတစ်ကောင် ဖြစ်လာတာပါလား"
မိုလောင်စန်းက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ...မင်းတို့ကို ပြောပြမယ်...ရက်အနည်းငယ်အတွင်းမှာ ငါက ထန်တော်ဝင်မြို့တော်မှာ နေထိုင်ခွင့်ရတော့မယ်... တကယ်လို့ ငါ မင်းတို့ကိုပြောရင်တောင် ထန်တော်ဝင်မြို့တော်အကြောင်းကို မင်းတို့ နားလည်နိုင်မှာ မဟုတ်ဘူး...ဒါက ဒီလိုနေရာအစုတ်အပြတ်ထက် အများကြီးပိုကောင်းတယ်"
Chapter 4347
မိုလောင်စန်းသည် လူများအားလုံးကို အထင်အမြင်သေးစွာဖြင့်ကြည့်နေပြီး သူ့ကိုကြည့်ရသည်မှာ အရိုက်ခံရရန် တောင်းဆိုနေသည့်အလားပင်။
လူအများသည် အလွန်အမင်းဒေါသထွက်နေသော်လည်း မိုလောင်စန်းကို ထိဝံ့သူမရှိချေ။
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင် ထန်အင်ပါယာမှလူများ၏ ဆိုးရွားသောနာမည်ဂုဏ်သတင်းများ ရှိနေသည်။အကယ်၍ သူတို့သည် မိုလောင်စန်းကိုရိုက်နှက်လိုက်ပါက ဒေသခံအာဏာပိုင်များမှ သူတို့အား ကြီးလေးသောရာဇဝတ်မှုကြီးကို ကျူးလွန်သည်ဟု သတ်မှတ်ပြီး အကျဉ်းထောင်အတွင်းသို့ ထည့်သွင်းခြင်းခံရပေမည်။
"မင်းတို့အားလုံး လမ်းဖယ်ပေးကြစမ်း...ငါ ပြပွဲကောင်းတစ်ခု ကြည့်နေတာကို မနှောင့်ယှက်ကြနဲ့....ယင်မိသားစုက သေဖို့ထိုက်တန်တယ်... ယင်ချူးရွှေလေးကတော့ သနားစရာပဲ...သူက လှလှပပလေး ကြီးပြင်းလာခဲ့ရတယ်...တကယ်လို့ သူ့ကို ဆောင်ကြာမြိုင်မှာ သွားရောင်းလိုက်မယ်ဆိုရင်တောင် အနည်းဆုံးတော့ သူ ခဏလောက်ပျော်ပါးသွားရလိမ့်မယ်"
မိုလောင်စန်းသည် သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် ရှေ့တွင်ရှိနေသောလူများကို နံဘေးသို့တွန်းဖယ်လိုက်သည်။
ထိုအချိန်မှာပင် အနက်ရောင်ဝတ်ရုံဝတ်လူတစ်စုသည် ရုတ်တရက် မိုလောင်စန်းကို ဝိုင်းရံလိုက်ကြ၏။
"ခုဏက အရှင်အမတ်ကြီးကို ဆဲလိုက်တာ မင်းလား..."
အနက်ရောင်ဝတ်ရုံဝတ်လူများ၏ခေါင်းဆောင်က အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
မိုလောင်စန်းက ထိုလူကို တစ်ချက်ပြန်ကြည့်ပြီးနောက် လှောင်ပြောင်သရော်လိုက်သည်။
"ဘာလဲ....ငါက ယင်ကျန်းသဲကို ဆဲလိုက်တဲ့လူပဲ...မင်း ဘာလုပ်ချင်လို့လဲ...ငါ့ကို ထိကြည့်လေ"
သူ့ထံ၌ ထန်အင်ပါယာ၏အသိအမှတ်ပြုမှု ရှိနေသဖြင့် သူသည် လက်စားချေခြင်းခံရမည်အား ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။
ဒုတ်....
သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်လူခေါင်းဆောင်သည် အနည်းငယ်မျှတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မိုလောင်စန်း၏ရင်ဘတ်ကို သူ၏ဆေးဘာဓားဖြင့် ထိုးစိုက်လိုက်သည်။
"မင်း ..."
မိုလောင်စန်း၏မျက်လုံးများ ပြူးကျယ်သွားကာ နံဘေးဘက်မှ အနက်ရောင်ဝတ်ရုံဝတ်လူများ၏ဖိနှိပ်မှုအောက်၌ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူသည် အကူအညီတောင်းခံရန်ပင် အခွင့်အရေးမရခဲ့ချေ။
နံဘေးပတ်ဝန်းကျင်တွင် ရှိနေသောလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ အကြည်လွှဲသွားကြကာ သူတို့သည် အနည်းငယ်မျှ မမြင်တွေ့ခဲ့သည့်အလားပင်။
ဤကိစ္စများအားလုံး တိတ်တဆိတ်ဖြစ်ပွားသွားခဲ့သည်။
မိုလောင်စန်းကိုသတ်ဖြတ်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်သည် သူ၏လူများကို ခေါင်းညိတ်ပြပြီး ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကောင်းကင်ချိုးဖျက်စစ်တပ်က ကွပ်မျက်ရေးကွင်းပြင်ထဲကလူတွေကို လာလုတာပဲ...မသေချင်တဲ့လူတွေအားလုံး ဘေးကိုဖယ်ကြစမ်း"
ဤအသံသည် အလွန်အမင်းကျယ်လောင်ပြီး ကြည်လင်ပြတ်သားသဖြင့် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ပတ်ဝန်းကျင်ရှိလူများအားလုံးသည် အစပထမ၌ ကြက်သေသေနေကြ၏။ထို့နောက် သူတို့သည် ချက်ချင်းလူစုခွဲကာ အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးသွားတော့သည်။
သူတို့သည် ဤနေရာသို့ ရောက်ရှိလာသည်မှာ ခေါင်းဖြတ်ကွပ်မျက်သည့်ပွဲအား ကြည့်ရန်ပင်။အကယ်၍ တိုက်ခိုက်မှုကြီး ဖြစ်ပွားလာပါကဤအကြောင်းအရင်းကြောင့် သူတို့ ဒဏ်ရာရရှိသွားနိုင်သည်။
ဤသည်မှာ အချက်ပေးခြင်းပင်။
ကွပ်မျက်ရေးကွင်းပြင်၏ပတ်ဝန်းကျင်မှနေ၍ အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်ရုံဝတ်လူများသည် တစ်ယောက်ပြီးတစ်ယောက် လေထုအသင်းသို့ခုန်တက်ကာ ကွပ်မျက်ရေးကွင်းပြင်ထံသို့ဦးတည်၍ တဟုန်ထိုးပြေးဝင်သွားကြသည်။
ကွပ်မျက်ရေးကွင်းပြင်ကိုစောင့်ကြပ်နေသော ချီစစ်သားများသည် သူတို့ပေါ်သို့ အန္တရာယ်ကျရောက်လာမည်ဟု တစ်ကြိမ်တခါမျှ တွေးထင်ထားမိခြင်းမရှိချေ။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မြေပြင်ပေါ်၌အမြစ်တွယ်နေသည့်အလား ကြက်သေသေနေကာ တုံ့ပြန်နိုင်ခြင်းမရှိချေ။
ဘန်း....
အနက်ရောင်ဝတ်ရုံဝတ်လူများ၏တိုက်ခိုက်မှုများသည် အလွန်ပြင်းထန်ပေ၏။ချီစစ်သားများ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကာ အနက်ရောင်ဝတ်ရုံဝတ်လူတစ်ရာကျော်သည် ကွပ်မျက်ရေးကွင်းပြင်အတွင်းသို့ ပြေးဝင်လာကြသည်။
ဤကဲ့သို့ အလှည့်အပြောင်းတစ်ခုဖြစ်လာမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ မျှော်လင့်မထားမိချေ။
ယုဝမ်ယဲ့၏မျက်နှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားသည်။ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်းတို့က သေဒဏ်ကျနေတဲ့လူတွေကို လာပြီးလုယူဝံ့တာလား...လာကြာစမ်း...ဒီအရူးကောင်တွေကို ဖမ်းလိုက်ကြစမ်း"
သို့ရာတွင် ယခုလက်ရှိအချိန်၌ ချီစစ်သားအမြောက်အများ မြေပြင်ပေါ်သို့ လဲကျနေလေပြီ။သူတို့သည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်။
တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်ထားသော ချီစစ်သားတချို့ရှိနေသော်လည်း သူတို့၏မှော်လက်နက်များကို ထုတ်ယူလိုက်သောအချိန်မှာပင် အနက်ရောင်ဝတ်ရုံဝတ်လူများ၏ပြင်းထန်သောတိုက်ခိုက်မှုကြောင့် နေရာမှာပင် သေဆုံးသွားကြသည်။
ကြွင်းကျန်သောချီစစ်သားများသည် သူတို့၏အပေါင်းအဖော်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို မြင်တွေ့ချိန်၌ သူတို့အနက်မှတချို့သည် မှော်လက်နက်များကိုလွှင်ပစ်ပြီး အဝေးသို့ထွက်ပြေးသွားတော့သည်။
အကျဉ်းသားများအနက်မှတချို့သည်လည်း ဖရိုဖရဲဖြစ်နေသည့်အခြေအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးသွားလေ၏။
ဤအချိန်အခိုက်အတန့်တွင် ကွပ်မျက်ရေးကွင်းပြင်တစ်ခုလုံးရှုပ်ထွေးနေကာ အော်ဟစ်သံများ ငိုကြွေးသံများဖြင့် ပြည့်နှက်နေတော့သည်။
"အတင့်ရဲလိုက်တာ"
ယုဝမ်ယဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထန်အင်ပါယာမှသံတမန်သည် သူ၏နံဘေး၌ ရှိနေဆဲပင်။သူသည် မူလက ထန်အင်ပါယာ၏သံတမန်မှနေ၍ သူ့အပေါ်တွင် အမြင်ကောင်းတစ်ခု ရှိစေလိုခဲ့သည်။သို့ရာတွင် ဤကဲ့သို့ဆန့်ကျင်ဘက်ဆန်သောကိစ္စများ ဖြစ်ပွားလာမည်ဟု သူ မျှော်လင့်မထားမိချေ။ကွပ်မျက်ရေးကွင်းပြင်အတွင်းသို့ ကျူးကျော်ဝင်ရောကလာသူများ အမှန်တကယ်ရှိနေပေ၏။
သူ့အား ပို၍စိတ်ပျက်စေသောအချက်မှာ ချီစစ်သားများ၏လုပ်ဆောင်ချက်များသည် အလွန်ဆိုးရွားညံ့ဖျင်းနေခြင်းပင်။
"သေစမ်း"
ယုဝမ်ယဲ့၏လက်မှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။သူသည် လျှင်မြန်သောခြေလှမ်းများဖြင့် ရှေ့သို့ပြေးဝင်ကာ အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်ကို ဖမ်းဆီးရန် ဟန်ပြင်လေသည်။
သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်ခေါင်းဆောင်သည် ယုဝမ်ယဲ့၏တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။သူသည် ရှောင်တိမ်းခြင်းမပြုရုံသာမက လက်ဝါးတစ်ချက်ကိုလည်း ရိုက်ထုတ်လိုက်သည်။
ဘန်း....
ဤလက်ဝါးနှစ်ချက် ရိုက်ခတ်မိချိန်တွင် လေဟာနယ်အတွင်း၌ ကျယ်လောင်သောအသံကြီး မြည်ဟီးလာသည်။ယုဝမ်ယဲ့သည် ထိတ်လန့်တုန်လှုပ်သော အမူအယာဖြင့် အဆက်မပြတ် နောက်သို့ဆုတ်လိုက်ရသည်။
Chapter 4348
"ယုဝမ်ယဲ့...နယ်စပ်ကိုစောင့်ရှောက်ခဲ့တဲ့ လူတွေကို ဒီလိုမျိုး ဆက်ဆံတဲ့အတွက် ကောင်းကင်ဘုံက မင်းကိုအပြစ်ပေးမှာ မင်း မကြောက်ဘူးလား"
အနက်ရောင်ဝတ်ရုံဝတ်ခေါင်းဆောင်သည် သူ၏အနက်ရောင်ခေါင်းစွပ်ကို ဆွဲချွတ်လိုက်ရာ လူလတ်ပိုင်းကြီးတစ်ယောက်၏မျက်နှာ ပေါ်လွင်လာသည်။
သူသည် ယင်ကျန်းသဲ၏နံပါတ်တစ်စစ်နည်းဗျူဟာရှင်ဖြစ်သော စုန်ချင်းဖုန်းပင်။
ချီအင်ပါယာသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ မွှေနှောက်၍ လူများဖမ်းဆီးနေစဉ်တွင် စုန်ချင်းဖုန်းသည် တာဝန်တစ်ခုဖြင့် ပြင်ပသို့ရောက်ရှိနေသောကြောင့် ဤဘေးကပ်ဆိုးကြီးမှ လွတ်မြောက်သွားခဲ့သည်။
စုန်ချင်းဖုန်းသည် ယင်မိသားစုဝင်တစ်ယောက်မဟုတ်သဖြင့် ချီအင်ပါယာသည် သူ့အား လိုက်လံဖမ်းဆီးရန် အင်အားစိုက်ထုတ်ခဲ့ခြင်းမရှိချေ။သူတို့သည် စုန်ချင်းဖုန်းအတွက် ဝရမ်းတစ်စောင်ကိုသာ ထုတ်ပြန်ကြော်ညာပြီး ဤကိစ္စကို မေ့ပျောက်ထားခဲ့သည်။
မမျှော်လင့်ဘဲ စုန်ချင်းဖုန်းသည် ဤနေရာမှ ထွက်ပြေးသွားခဲ့ခြင်းမရှိချေ။ထိုအစား သူသည်ယနေ့တွင် ယင်မိသားစုအား ကယ်တင်ရန် အစီအစဉ်တစ်ခုကို တိတ်တဆိတ် ပြင်ဆင်ခဲ့လေ၏။
ဝူး...ဝူး...ဝူး...
ယင်ထျန်းမင်သည် စုန်ချင်းဖုန်းထွက်ပေါ်လာသည်ကိုမြင်တွေ့ချိန်၌ သူ၏ခန္ဓာကိုယ်ကို အားကုန်လှုပ်ယမ်းကာ စကားပြောဆိုလိုခဲ့သည်။သို့ရာတွင် သူ၏ပါးစပ်ကို တင်းတင်းကြပ်ကြပ်ဆို့ထားခြင်းခံရသဖြင့် ထူးဆန်းသောတဝူးဝူးအသံများသာ ထွက်ပေါ်လာသည်။
စုန်ချင်းဖုန်းသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း သက်ပြင်းတစ်ချက်ရှိုက်ပြီး စကားပြောဆိုခြင်းမပြုချေ။
ရှားကျိုးက မတ်တတ်ထရပ်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုသည်။
"စုန်ချင်းဖုန်း....ငါက မင်းရဲ့နာမည်ကို ကြားဖူးတယ်...မင်းက တာယွီတော်ဝင်နန်းတွင်းရဲ့ ကျောင်းတော်သားတစ်ယောက်ဖြစ်ပြီးတော့ ဝမ်ရှင်းအမတ်ကြီးရဲ့အောက်မှာ အကြံပေးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်...မင်းက ဒီနေရာကို ရောက်လာပြီးတော့ အကျဥ်းသားတွေကို လုယူဝံ့တာလား....မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"
စုန်ချင်းဖုန်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။
"မင်းလို ထန်အရာရှိတစ်ယောက်နဲ့ ငါ့မှာ ဘာစကားမှ ပြောစရာမရှိဘူး"
စုန်ချင်းဖုန်းသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏နောက်တွင်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်လူများသည် ယင်မိသားစုဝင်များကို စတင်၍ ပြင်ပသို့ခေါ်ထုတ်သွားတော့သည်။
ယင်ကျန်းသဲ၏နောက်ကျောရှိ အသားများစုတ်ပြဲနေပြီး သွေးများယိုစီးကျနေသည်။ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် ယင်ကျန်းသဲကို လက်မောင်းမှဆွဲမကာ တွဲခေါ်သွားကြတော့သည်။
ပြင်ပတွင်စောင့်ကြပ်နေသော ထျန်းစီမြင်းစီးစစ်သားများ တဟုန်ထိုးပြေးဝင်လာကြသည်။ သို့ရာတွင် အနက်ရောင်ဝတ်ရုံဝတ်လူများသည် ထူးခြားသောနည်းလမ်းများကို အသုံးပြု၍ ထျန်းစီစစ်သားများ၏တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားလိုက်ကြ၏။
"တာယွီစစ်တပ်ရဲ့ ကျင့်ကြံနည်းစနစ်...ဒီကျင့်ကြံနည်းစနစ်တွေကို ကောင်းကင်ချိုးဖျက်စစ်တပ်မှာ တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ရှားကျိုးက သက်ပြင်းတစ်ချက်ရှိုက်ကာ စုန်ချင်းဖုန်းကိုကြည့်ပြီး ပြောဆိုသည်။
"မင်းက ဒီနေရာကိုလာပြီးတော့ အကျဉ်းသားတွေကို လုယုဝံ့တာကတင် မင်းရဲ့သစ္စာရှိမှုနဲ့ရဲဝံ့မှုကို သက်သေပြဖို့ လုံလောက်နေပြီ...မင်းက လက်အောက်ငယ်သားတစ်ယောက်ပဲ...မင်း ဘာလို့ ဝမ်ရှင်းအမတ်ကြီးကို ဆက်ပြီးသစ္စာစောင့်သိနေတာလဲ...မင်းတို့ရဲ့နောက်မှာရှိနေတဲ့ တာယွီအင်ပါယာက အဆုံးသတ်ကိုရောက်နေပြီ...သူ့နောက်ကိုဆက်လိုက်ရင် ဘာအနာဂတ်မှရှိမှာမဟုတ်ဘူး...မင်း ကောင်းကင်မူဝါဒရုံးတော်ကို လာခဲ့ပါလား...ငါက မင်းအတွက် ထောက်ခံပေးမယ်"
ယခုလက်ရှိချိန်ထိတိုင် သူသည် စုန်ချင်းဖုန်းကိုသိမ်းသွင်းလိုဆဲပင်။
စုန်ချင်းဖုန်းက ပေါ့ပေါ့ပါးပါးလေးသံဖြင့် ပြောဆိုသည်။
"တိုက်ပွဲစစ်မြေပြင်မှာ တွေ့ကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် စုန်ချင်းဖုန်းသည် ယင်မိသားစုဝင်များကိုခေါ်ဆောင်၍ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ရှားကျိုး၏မျက်လုံးအတွင်း၌ စူးရှတောက်ပသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ ဒေါသတကြီးအော်ဟစ်သည်။
"မင်းတို့ထွက်သွားနိုင်မယ်လို့ ထင်နေတာလား"
ထို့နောက် သူသည် စားပွဲကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်၏။သူ၏လက်အတွင်းရှိ အရာရှိစည်းတံဆိပ်မှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံထံသို့ ပျံ့လွင့်သွားကာ ဤသည်မှာ အချက်ပေးသင်္ကေတတစ်ခုအလားပင်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်၌ အလွန်ပြင်းထန်သော ဖိအားအရှိန်အဝါများ သက်ရောက်လာသည်။ထန်စစ်သားများသည် ကွပ်မျက်ရေးကွင်းပြင်တစ်ခုလုံးကို ဝိုင်းရံထားလေ၏။
ဤထန်စစ်သားများ၏သံချပ်ကာဝတ်စုံများတွင် အေးစက်သောကြေးနီတံဆိပ်ပြားများပါရှိသည်။ထိုတံဆိပ်ပြားများပေါ်တွင် ကျားသစ်တစ်ကောင်၏ရုပ်ပုံကို ထွင်းထုထားပြီး အလွန်အသက်ဝင်သည်။
သူတို့သည် ထျန်းစီမြင်းစီးစစ်သားများ မဟုတ်ချေ။
"ကျိုးရှောင်စစ်တပ် သူတို့က တခြားနေရာကိုပြောင်းရွှေ့သွားတာ မဟုတ်လား"
စုန်ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။
ရှားကျိုးက သရော်တော်တော် ပြောဆိုလေ၏။
"မင်းရဲ့အစီအစဉ်တွေကို ငါတို့ မသိခဲ့ဘူးလို့ မင်း ထင်နေတာလား....ဒီနေရာမှာ လူသိရှိကြားကွပ်မျက်ပွဲလုပ်တဲ့ အကြောင်းအရင်းက မင်းကိုမျှားခေါ်ဖို့ပဲ...ကျိုးရှောင်စစ်တပ်ကို အဝေးကို စေလွှတ်လိုက်တယ်ဆိုတာက အတုအယောင်ပဲ ....မင်းက ထောင်ချောက်ထဲကို ရောက်လာမှတော့ မင်း ဘယ်လိုထွက်ပြေးသွားနိုင်မလဲဆိုတာ စောင့်ကြည့်ကြရအောင်"
စုန်ချင်းဖုန်းသည် နံဘေးပတ်ဝန်းကျင်၌ ထန်စစ်သားအမြောက်အများ ရှိနေသည်ကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ ပင်ပန်းနွမ်းနယ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါရဲ့ တွက်ချက်မှုတွေက အမှန်ပဲ...ဒီကိစ္စကနေတဆင့် ငါ့ရဲ့ဘေးမှာရှိတဲ့ လူတစ်ယောက်က ငါ့ကို သစ္စာဖောက်သွားပြီလို့ ဆိုလိုတယ်"
စုန်ချင်းဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ၏အသံ ထွက်ပေါ်လာသောအချိန်မှာပင် သူ၏နောက်တွင်ရှိနေသော အနက်ရောင်ဝတ်ရုံဝတ်လူများအနက်မှတစ်ယောက်က တခြားလူများကို တိုက်ခိုက်လိုက်၏။
ထို့နောက် အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်သည် သူတို့၏လက်အတွင်း၌ သံကြိုးများကိုကိုင်ကာ မှော်မန္တန်များကို စတင်၍ရွတ်ဆိုလိုက်ကြသည်။ထို့နောက် သူတို့သည် သံကြိုးများကိုလေထုအတွင်းသို့ ပစ်လွှတ်လိုက်ပြီးနောက် စုန်ချင်းဖုန်း၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားစေကာ တင်းတင်းကြပ်ကြပ်ချည်နှောင်လိုက်သည်။
"သခင်ကြီးစုန် ငါ တောင်းပန်ပါတယ်...ထန်စစ်တပ်က ငါတို့ရဲ့မိသားစုဝင်တွေကို ဖမ်းထားတယ်....ငါတို့မှာလည်း ငါတို့ရဲ့အခက်အခဲတွေ ရှိနေလို့ပါ"
အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်က ခါးသည်းသောလေသံဖြင့် ပြောဆိုသည်။
Chapter 4349
ဖူး...
စုန်ချင်းဖုန်း၏ခန္ဓာကိုယ် ရုတ်တရက်ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။သူသည်နောက်သို့လှည့်ကြည့်ပြီး အေးစက်တင်းမာစွာပြောဆိုလိုက်၏။
"မင်းတို့ ငါ့ကို အဆိပ်ခတ်ခဲ့တာလား"
အနက်ရောင်ဝတ်ရုံဝတ်လူနှစ်ယောက်သည် ရှက်ရွံ့သွားသဖြင့် စုန်ချင်းဖုန်း၏မျက်နှာကို စေ့စေ့မကြည့်ဝင်ကြချေ။သူတို့သည် သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြပြီး သံကြိုးများဖြင့် စုန်ချင်းဖုန်းကိုချည်လှောင်လိုက်သည်။
"ရှားကျိုး...စုန်ချင်းဖုန်းက ငါတို့ယင်မိသားစုဝင်တစ်ယောက် မဟုတ်ဘူး....ဒီကိစ္စထဲမှာ သူ ငြိစွန်းလာဖို့မလိုဘူး"
ယင်ကျန်းသဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ့ကို သုံးနှစ်သားကကလေးတစ်ယောက်လို့ မင်း ထင်နေတာလား...ငါက ကျားတစ်ကောင်ကို ဘာလို့ တောင်ပေါ်ပြန်လွှတ်ရမှာလဲ"
ရှားကျိုးက ခက်ထန်သောလေသံဖြင့် တုံ့ပြန်သည်။
"စုန်ချင်းဖုန်းရဲ့ပြစ်မှုတွေက အရမ်းကြီးလေးတယ်...သူ့ရဲ့အပေါင်းအဖော်တွေအားလုံးကိုပါ ဖမ်းဆီးပြီးတော့ သူတို့အားလုံးကို နေရာမှာတင်ကွပ်မျက်မယ်"
ယနေ့တွင် သူ ယင်မိသားစုဝင်များကို ပြောင်ပြောင်တင်းတင်းကွပ်မျက်ရန် စီစဉ်ခဲ့သည့် အကြောင်းအရင်းမှာ စုန်ချင်းဖုန်းကို မျှားခေါ်ရန်ပင်။
သူသည် စုန်ချင်းဖုန်းကို ဖမ်းဆီးပြီးပြီဖြစ်သောကြောင့် တခြားနည်းလမ်းများကို အသုံးပြုရန် မလိုအပ်တော့ချေ။သူသည် သူရှေ့ရှိ လူများအားလုံးကို သတ်ဖြတ်လိုက်ရုံသက်သက်ပင်။
ယုဝမ်ယဲ့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"အရှင်ရှား အဲ့ဒီလူတွေက အရမ်းအတင့်ရဲတယ် ....သူတို့ကို သင်ခန်းစာပေးပြီးမှ သတ်တာပိုမကောင်းဘူးလား"
စုန်ချင်းဖုန်းသည် လူအများကို ခေါ်ဆောင်လာကာ ကွပ်မျက်ရေးကွင်းပြင်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ဤသည်မှာ သူ့အား ပါးဖြတ်ရိုက်ခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။ဤကိစ္စသည် သူ့အတွက် အလွန်အရှက်ရစရာကိစ္စတစ်ခု ဖြစ်သွားလေပြီ။
"အဲ့ဒီလိုလုပ်ဖို့ မလိုတော့ဘူး...အချိန်ဆွဲလိုက်ရင် တခြားအပြောင်းအလဲတွေ ရှိလာနိုင်တယ်...သူတို့အားလုံးကို သတ်လိုက်တော့"
ရှားကျိုးက အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆန်လိုက်သည်။
သူသည် အသက်အရွယ်ရနေပြီဖြစ်သောကြောင့် ကိစ္စများလုပ်ဆောင်ရာ၌ အတွေ့အကြုံရှိသည်။ဤသည်ကြောင့် ထန်အင်ပါယာ၏လီတော်ဝင်မိသားစုသည် သူ့အား ယုံကြည်အားထားနေခြင်းပင်။
ကျိုးရှောင်လက်ရွေးစင်စစ်သားများသည် ကျားများနှင့်ဝံပလွေများအလား ကွပ်မျက်ရေးကွင်းပြင်အတွင်းသို့ ဝင်ရောက်လာကြသည်။
ဤစစ်သားများ၏အရေအတွက်သည် အနက်ရောင်ဝတ်ရုံဝတ်လူများထက် များစွာပို၍ကျော်လွန်နေသည်။အတွင်းပိုင်းပုန်ကန်မှုနှင့် ပေါင်းစပ်လိုက်ချိန်၌ အနက်ရောင်ဝတ်ရုံဝတ်လူများသည် ကူကယ်ရာမဲ့ဖြစ်သွားကာ အရှုံးနှင့်ရင်ဆိုင်ရတော့သည်။
သူတို့သည် ကောင်းကင်ချိုးဖျက်စစ်တပ်၏စစ်သားများဖြစ်ပြီး ယင်ကျန်းသဲကိုကယ်တင်ရန် စုန်ချင်းဖုန်း၏နောက်သို့ လိုက်လာခဲ့ကြခြင်းပင်။သို့ရာတွင် အဆုံးသတ်၌ သူတို့၏အစီအစဥ် ကျရှုံးသွားခဲ့သည်။
"အရှင်အမတ်ကြီး....ငါ့ရဲ့ကိုယ်စား တောင်းပန်ပေးဖို့ မလိုတော့ဘူး....တကယ်လို့ ငါ သေရမယ်ဆိုရင်တောင် ဘာဖြစ်မှာမလို့လဲ...ငါ မကြောက်ဘူး"
စုန်ချင်းဖုန်းက တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။
"မင်းက လျှာစောင်းတော်တော်ထက်တာပဲ....ငါ မင်းကို အရင်သတ်မယ်"
ရှားကျိုးက လှောင်ပြောင်သရော်လိုက်သည်။ထို့နောက် သူသည် ခေါင်းမော့ပြီး တိုက်ခိုက်ရန်အတွက် အမိန့်ပေးရန် ဟန်ပြင်လိုက်သည်။
နေရောင်ခြည်အလင်းတန်းတစ်တန်းသည် ရုတ်တရက် တိမ်စိုင်များကိုထွင်းဖောက်ကာ ကွပ်မျက်ရေးကွင်းပြင်ပေါ်သို့ ကျရောက်လာသည်။
ပြင်းထန်သောနေရောင်ခြည်သည် လူများအားလုံး၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်လာသဖြင့် ပူနွေးသောအငွေ့အသက်များက သူတို့ထံသို့ တိုးဝင်လာသည်။
မိုးကောင်းကင်ယံအတွင်း၌ မူလက တိမ်မည်းများ လွှမ်းခြုံနေသည်။ရုတ်ချည်းဆိုသလိုပင် နေရောင်ခြည်တောက်ပစွာ ဖြာထွက်လာသဖြင့် တိမ်မည်းများအားလုံး ပျက်ပြယ်သွားလေ၏။
မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောနေရာ၌ နေမင်းကြီးတောက်ပနေသည်။
ကွပ်မျက်ရေးကွင်းပြင်တွင် ရှိနေသောလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် အလျှင်အမြန်ခေါင်းမော့ကြည့်လိုက်ရာ မိုးကောင်းကင်ယံ၌ တောက်ပသောနေမင်းကြီး ရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်တွေ့မိလေ၏။
"ဒါက ဘယ်သူလဲ"
ယုဝမ်ယဲ့က တီးတိုးရေရွတ်လိုက်သည်။
လူများအားလုံး ကြက်သေသေသွားသည်။ဤနေအလင်းရောင်၏အထက်တွင် ပုံရိပ်တခုထွက်ပေါ်လာကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်းမြင်တွေ့မိသည်။
ဤလူသည် တောက်ပသောအဝါရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏အနက်ရောင်ဆံပင်များသည် ရေတံခွန်အလား ဖြာကျနေလေ၏။သူ့၏အဝတ်အစားများသည် လေသူအတွင်း၌လူးလွန့်နေကာ သူ၏မျက်လုံးများအတွင်း၌ တက်ကြွဖျတ်လတ်မှုများရှိနေသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင်ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်ရှိလေ၏။
ရွှေရောင်နဂါးများမှ လက်သည်းများကိုဆန့်တန်းထားခြင်း...ရက်စက်ကြမ်းကြုတ်သော ကျားတကောင်ဟိန်းဟောက်နေခြင်း...အရောင်အသွေးစုံလင်သော ဖီးနစ်တစ်ကောင် ပျံသန်းနေခြင်းနှင့် အဖြူရောင်ကြိုးကြာတစ်ကောင် တောင်ပံဖြန့်ထားခြင်းစသော သဘာဝလွန်ပုံရိပ်ယောင်များကလည်း သူ၏နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။
ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်သောဖိအားအရှိန်အဝါတစ်ရပ်သည် လူများအားလုံး၏ခေါင်းများထက်သို့ ကျရောက်လာပေ၏။ယခုလက်ရှိနေရာ၌ရှိနေသူများအားလုံးသည် သူတို့၏နှလုံးသားများပေါ်သို့ တောင်ကြီးတလုံးဖိစီးထားသည့်အလား အသက်မရှူနိုင်ကြတော့ချေ။
"ဒါ....ဒါ...ဒါက...ဘယ်တာအိုသခင်က ဒီနေရာကို ရောက်လာတာလဲ"
ယုဝမ်ယဲ့သည် ထိတ်လန့်တုန်လှုပ်သွားကာ သူ၏နှုတ်ခမ်းများ တုန်ရီသွားသည်။သူသည်ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
တခြားလူများအားလုံးသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။ဤဖိအားအရှိန်အဝါ၏ သက်ရောက်လာမှုအောက်တွင် လူအမြောက်အများသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။
"တာအိုသခင်ကို ကြိုဆိုပါတယ်"
ဤအချိန်အခိုက်အတန့်တွင် ရှားကျိုးပင်လျှင် နာခံရိုကျိုးစွာဖြင့် ဒူးထောက်နေကာ သူ၏ခေါင်းကို မော့မကြည့်ဝံ့ချေ။
ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါသည် သူ့ထံသို့ တိုးဝင်လာသည်အားသူ ရှင်းရှင်းလင်းလင်းခံစားမိသည်။ အကယ်၍ ဤသည်မှာ တာအိုသခင်တစ်ယောက်မဟုတ်လျှင်ပင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမည်။
'တာအိုသခင်တွေက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာပါ...ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုးလူတစ်ယောက်က ဒီနေရာကို ရောက်လာတာလဲ'
ရှားကျိုး၏နှလုံးခုန်နှုန်း အလွန်အမင်းလျှင်မြန်နေသည်။
ရုတ်တရက် သူသည် စုန်ချင်းဖုန်း၏ထိတ်လန့်တကြားပြောဆိုလိုက်သောအသံကို ကြားမိလေ၏။
"လုယွီ ဒါက မင်းလား...မင်း အသက်ရှင်နေသေးတာလား"
"အမ်...."
ရှားကျိုးသည် အနည်းငယ်ဆွံ့အသွားပြီး သူ၏ခေါင်းကို အလျှင်အမြန် မော့ကြည့်လိုက်သည်။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ရှားကျိုး၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ သူ၏ဒွာရခုနစ်ပေါက်မှ သွေးများယိုစီးကျလာပြီး မြေပြင်ပေါ်သို့လဲကျသွားကာ ညည်းတွားနေရတော့သည်။
"မင်းရဲ့ခေါင်းကိုမော့ဖို့ ငါ ခွင့်ပြုခဲ့လို့လား"
လုယွီ၏အေးစက်စက်အသံက ရှားကျိုး၏နားအတွင်းသို့ ဝင်ရောက်လာသည်။
Chapter 4350
ချီစစ်သားများနှင့်ထန်စစ်သားများအားလုံး ဒူးထောက်နေကြသည်။ဤဖိအားအရှိန်အဝါသည် ယင်မိသားစုနှင့်စုန်ချင်းဖုန်းတို့အပေါ်တွင်မူ သက်ရောက်မှုမရှိချေ။
လူတချို့သည် ရှားကျိုးကို စောင်းငဲ့၍ကြည့်လိုက်ကြ၏။ရှားကျိုး၏မျက်နှာတစ်ခုလုံး သွေးများရွှဲနစ်နေကာ သူသည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေပေ၏။
လူများအားလုံး အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။ဤနေရာပတ်ဝန်းကျင်တွင် ရှားကျိုး၏စူးရှနာကျင်စွာ အော်ဟစ်နေသော အသံကိုသာ ကြားနေရသည်။
"လုယွီ...ဒါက တကယ်ကိုပဲ မင်းလား...."
စုန်ချင်းဖုန်း၏အသံ တုန်ရီနေသည်။
"ဆရာစုန် မင်း ပင်ပင်ပန်းပန်းကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းကို ရှေးဟောင်းနတ်ဆိုးတကောင်က ဝါးမြိုသွားတာကြောင့်....ချန်အန်းမြို့အပျက်အစီးနယ်မြေထဲမှာ မင်း သေသွားပြီလို့ ငါ ကြားခဲ့တယ်"
ယင်ကျန်းသဲသည် သူ၏ခေါင်းကိုမော့ကာ မယုံကြည်နိုင်သောအကြည့်ဖြင့် လုယွီကိုကြည့်လေသည်။
လုယွီသည် ယင်ကျန်းသဲ၏ပြင်းထန်သောဒဏ်ရာများကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ငါက ကံကောင်းလို့ မသေခဲ့ဖူး...ငါကြောင့် ဝမ်ရှင်းအမတ်ကြီး အများကြီးခံစားခဲ့ရပြီ"
လုယွီ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ကောင်းကင်နှင့်မြေပြင်အကြားမှနေ၍ လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဥ်အားလှိုင်းတစ်လှိုင်းထွက်ပေါ်လာကာ ယင်ကျန်းသဲ၏ဒဏ်ရာများပေါ်သို့ ကျရောက်သွားသည်။
ယင်ကျန်းသဲ၏ပြင်းထန်သောဒဏ်ရာများသည် သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်သွားလေ၏။
တခြားလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ယင်ကျန်းသဲ၏ဒဏ်ရာများကို ကုသရန်အတွက် လုယွီသည် လှုပ်ရှားမှုတစ်ခုကိုပင် မပြုလုပ်ခဲ့ချေ။ဤသည်မှာ ဒဏ္ဍာရီလာဥပဒေသတစ်ခု ဖြစ်နေသလော။
ထိုအချိန်အခိုက်အတန့်မှာပင် မိုးကောင်းကင်ယံမှနေ၍ တုန်ခါသံကြီးတစ်သံ ရုတ်တရက် မြည်ဟီးလာသည်။
ကြီးမားသောစစ်သင်္ဘောကြီးတစ်စင်းသည် ကြီးကျယ်ခမ်းနားသောအရှိန်အဟုန်ဖြင့် မိုးကောင်းကင်ယံကိုဖြတ်သန်း၍ ပျံသန်းလာသည်။
ထိုစစ်သင်္ဘောကြီးပေါ်၌ ထန်အင်ပါယာ၏အဝါရောင်မြေနဂါးအလံကို လွှင့်ထူထားကာ လေထုအတွင်း၌ လူးလွန့်နေသည်။
"ထန်စစ်တပ်ရဲ့စစ်သင်္ဘော...သူတို့က ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
စုန်ချင်းဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
ဤစစ်သင်္ဘော၏အရွယ်အစားသည် တာယွီအင်ပါယာ၏နဝမလွှသွားစစ်သင်္ဘောနှင့် တူညီလုနီးပါးပင်။ဤသည်မှာ ထန်စစ်တပ်၏စစ်သင်္ဘောများအနက် အဆင့်မြင့်ဆုံးအရည်အသွေးရှိသည့် စစ်သင်္ဘောပင်။
ဤစစ်သင်္ဘောကြီး မိုးကောင်းကင်ယံ၌ ရွက်လွှင့်နေသောအချိန်တွင် နံဘေးပတ်ဝန်းကျင်၌ တုန်ခါသံများပဲ့တင်ထပ်နေသည်။ဤသည်မှာ ရှေးဟောင်းခေတ်ကာလအတွင်းမှ အမွေးရှည်ဆင်ကြီးတစ်ကောင် နိုးထလာသည့်အလားပင်။
ထန်အင်ပါယာစစ်သင်္ဘောများမှ အမြောက်များ၏စွမ်းအားသည် အလွန်ပြင်းထန်ပေ၏။ထိုအမြှောက်များဖြင့် ပစ်ခတ်သည့်အချိန်၌ ရန်သူအမြောက်အများကို သတ်ဖြတ်နိုင်စွမ်းရှိသည်။ ထိုအရာများသည် တိုက်ပွဲစစ်မြေပြင်၌ သတ်ဖြတ်ခြင်းစက်များအဖြစ် နာမည်ကျော်ကြားကာ လူအမြောက်အများသည် ထိုစစ်သင်္ဘောများကို မြင်တွေ့သည်နှင့် ထိတ်လန့်ကြောက်ရွံ့သွားကြသည်။
ယင်မိသားစုကို အမြစ်ပြတ်သုတ်သင်နိုင်ရန်အလို့ငှာ လီထန်ရှုသည် ငွေကြေးအမြောက်အများအသုံးပြုခဲ့သည်။သူသည် စုံစမ်းထောက်လှမ်းရန်အတွက် ရှားကျိုးကို မြို့အတွင်းသို့ ဝင်ရောက်စေခဲ့ရုံသာမက မြို့၏ပြင်ပတွင်လည်း ထန်စစ်သားအမြောက်အများကို နေရာချထားခဲ့သည်။
အကယ်၍ မမျှော်လင့်ထားသော ကိစ္စတစ်ခုခုဖြစ်ပွားလာပါက ထန်စစ်တပ်သည် အချိန်မရွေးဝင်ရောက်လာကာ ကောင်းကင်ချိုးဖျက်ခံတပ်မှခုခံသူများအားလုံးကို အမြစ်ပြတ်သုတ်သင်ပေမည်။
ကျွီ...ကျွီ...ကျွီ ..
ထန်စစ်တပ်၏စစ်သင်္ဘောထံမှနေ၍ စက်ယန္တရားနေရာများ လှည့်ပတ်နေသည့်အသံများကို ကြားနေရသည်။
အနက်ရောင်အမြှောက်များသည် ကွပ်မျက်ရေးကွင်းပြင်ထံသို့ဦးတည်၍ ချိန်ရွယ်ထားလေ၏။ ထိုအမြှောက်များအတွင်း၌ မှော်စွမ်းအားအလင်းတန်းများ တောက်ပနေကာ ရုတ်ချည်းဆိုသလိုပင် ထိုအမြှောက်များကို ပစ်ခတ်လိုက်သည်။
သူတို့သည် ကွပ်မျက်ရေးကွင်းပြင်ပေါ်တွင်ရှိနေသော လူများအားလုံးကို သတ်ဖြတ်လိုခြင်းပင်။
"မကောင်းတော့ဘူး"
စုန်ချင်းဖုန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ထန်စစ်တပ်၏အမြောက်များဖြင့် တိုက်ခိုက်မှုအောက်တွင် လူများအားလုံးသည် သူတို့ထံသို့တိုးဝင်လာသော ကြီးမားသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။
သို့ရာတွင် ရုတ်တရက် အမြှောက်မီးတောက်များအားလုံးသည် လေဟာနယ်အတွင်းသို့ရောက်ရှိသွားချိန်တွင် မမြင်နိုင်သောနံရံကြီးတစ်ခုနှင့် ရိုက်ခတ်မိသည့်အလား ကွပ်မျက်ရေးကွင်းပြင်ပေါ်ရှိလူများကို အနည်းငယ်မျှသက်ရောက်လာခြင်းမရှိချေ။
မိုးကောင်းကင်ယံအတွင်း၌ အမြှောက်မီးတောက်များဖြင့် ပြည့်နှက်နေကာ အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ မြည်ဟီးလာသော်လည်း မြေပြင်ပေါ်သို့ တစိုးတစိမျှကျရောက်လာခြင်းမရှိပေ။
လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်ပြီးနောက် သူ၏လက်အတွင်းရှိ မှော်စွမ်းအားများသည် မိုးကောင်းကင်ယံအတွင်း၌ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံ၏မြင့်မားသောနေရာမှ ကျရောက်လာကာ ထန်စစ်တပ်၏ စစ်သင်္ဘောကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
ဝုန်း.....
ကျယ်လောင်သောမြည်ဟီးသံကြီးနှင့်အတူ ကြီးမားသောစစ်သင်္ဘောကြီး ကြေမွှပျက်စီးသွားလေ၏။ထန်စစ်သင်္ဘောကြီး၏မာကျောသောသံမဏိနံရံများသည်လည်း စက္ကူများအလား ချက်ချင်းကြေမွှသွားခဲ့သည်။
ထိုစစ်သင်္ဘောမှနေ၍ စစ်သားအမြောက်အများထိတ်လန့်တကြားဖြင့် ထွက်ပြေးလာကြသည်။ သူတို့သည် စစ်သင်္ဘောကြီးကို တဖန်ပြန်၍လှည့်ကြည့်လိုက်ချိန်တွင် သင်္ဘောကြီးတစ်စီးလုံး ကြေမွှပျက်စီးသွားကာ မူလပုံပန်းသွင်ပြင်တွင်မရှိတော့ကြောင်း မြင်တွေ့မိသည်။
ဤသည်မှာ ထန်စစ်တပ်၏အစွမ်းထက်ဆုံးစစ်သင်္ဘောပင်။အကယ်၍ နယ်မြေသခင်တစ်ယောက်ပင်လျှင် ဤစစ်သင်္ဘောကိုဖျက်ဆီးလိုပါက ခွန်အားများစွာစိုက်ထုတ်ရန် လိုအပ်သည်။ သို့ရာတွင် ယခုချိန်၌ လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ထိုအရာကို ဖျက်ဆီးခဲ့လေ၏။
"လုယွီက တာအိုသခင်တယောက်လား"
စုန်ချင်းဖုန်းက ထိတ်လန့်တကြားရေရွတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။