← Chapters

အခန်း (၄၃၅၆-၄၃၆၀)

Vol. 221 Ch. 4356-4360

အခန်း (၄၃၅၆-၄၃၆၀)

Vol. 221 Ch. 4356-4360

Chapter 4356

နင်ချန်းရှန်၏လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်နေရာတဝိုက်တွင်ရှိနေသော လူများအားလုံးထိတ်လန့်တုန်လှုပ်သွားသည်။

သူတို့အနက်မှအများစုသည် နင်ချန်းရှန်နှင့်လုယွီတို့အကြားရှိ ဆက်နွယ်မှုအကြောင်းကို မသိရှိကြချေ။သူတို့၏ရှေ့ရှိကလေးသည် လုယွီနှင့် မည်သည်ကြောင့် ရင်းရင်းနှီးနှီးဆက်ဆံနေသည်ကို သူတို့ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိပေ။

"မင်းက ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုချင်တာလား"

လုယွီက နင်ချန်းရှန်ကိုစူးစိုက်ကြည့်ပြီး သူ၏ခေါင်းကို ခါးယမ်းလိုက်သည်။

"မင်းမှာ ပါရမီအရည်အချင်း မရှိဘူး...မင်းရဲ့ဘဝသက်တမ်းတလျှောက်လုံးမှာ လုံချီနယ်ပယ်ထိရောက်အောင် ကျင့်ကြံနိုင်ဖို့တောင် အရမ်းခက်ခဲလိမ့်မယ်...မင်းက ငါ့ရဲ့တပည့်ဖြစ်လာဖို့ အရည်အချင်းမမှီဘူး"

နင်ချန်းရှန်၏မျက်လုံးများ မှိန်ဖျော့သွားကာ သူ၏ခေါင်းကို အောက်သို့ပို၍ငုံလိုက်၏။

"ဒါပေမဲ့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ငါ မင်းကို ကျင့်ကြံနည်းစနစ်တစ်ခုသင်ကြားပေးမယ်....မင်း ဒီနည်းစနစ်ကို ဘယ်လောက်ထိ လေ့လာဆင်ခြင်နိုင်မလဲဆိုတာကတော့ မင်းရဲ့ကံပေါ်မှာ မူတည်လိမ့်မယ်"

လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းပြီး နင်ချန်းရှန်၏နဖူးထံသို့ လက်ညှိုးညွှန်လိုက်သည်။

သူ၏လက်ချောင်းထိပ်မှနေ၍ ကြယ်ရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ နင်ချန်းရှန်၏နဖူးအတွင်းသို့ ဖြည်းညှင်းစွာဝင်ရောက်သွားသည်။

ကြီးမားကျယ်ပြန့်သော ကျမ်းစာစာလုံးများသည် ဒီရေတစ်ခုအလား နင်ချန်းရှန်၏မှတ်ဉာဏ်များအတွင်းသို့ တိုးဝင်သွားသည်။ကလေးတစ်ယောက်အတွက် ဤမှတ်ဉာဏ်များသည် အလွန်အမင်းကြီးမားပေ၏။နင်ချန်းရှန်သည် သူ၏မျက်ခွံများ လေးလံလာသည်ကိုခံစားမိကာ သူသည် အချိန်တခဏကြာခန့် ရုန်းကန်နေသော်လည်း အဆုံးသတ်၌ အိပ်မောကျသွားခဲ့သည်။

တခြားလူများ၏မျက်နှာများပေါ်တွင် မနာလိုအားကျသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

လုယွီသည် တပည့်အဖြစ်လက်မခံဟု ပြောဆိုခဲ့သော်လည်း သူသည် ထိုကောင်လေးကို ကြီးမားသောအကျိုးကျေးဇူးများ ပေးခဲ့သည်မှာ သေချာပေါက်ပင်။

အတိတ်တွင် တော်ဝင်မြို့တော်၌ လုယွီကို လူငယ်ပါရမီရှင်အမြောက်အများမှနေ၍ 'လုရှီ'ဟု ခေါ်ဆိုခဲ့ကြသည်။ထို့ကြောင့် သူကိုယ်တိုင် နင်ချန်းရှန်အား သင်ကြားပေးခဲ့သည့်အရာသည် အလွန်အဆင့်မြင့်သော ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပေမည်။

"ဝမ်ရှင်းအမတ်ကြီး...ဒီကလေးမှာ မှီခိုအားထားရမယ့်လူ မရှိတော့ဘူး...သူ့ကို ငါ့အတွက် စောင့်ရှောက်ထားပေးဖို့ ငါ မင်းကို ဒုက္ခပေးပါရစေ"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

ယင်ကျန်းသဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး...အရှင်လု ဘာမှမစိုးရိမ်ပါနဲ့"

လုယွီက ရုတ်တရက် မြေပြင်ပေါ်၌ ညည်းတွားနေသော ရှားကျိုးကိုကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"သူ့ကိုအနိုင်ယူနိုင်မှ နင်ချန်းရှန်ကို အပြင်ထွက်ခွင့်ပြုရမယ်"

တခြားလူများသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ တုန်ရီမှုကို ခံစားလိုက်ရပြီးနောက် လုယွီ မည်သည့်အရာအား ဆိုလိုသည်ကို သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။

ဤသည်မှာ ရှားကျိုးကို နင်ချန်းရှန်၏ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုလိုက်ခြင်းပင်။

ရှားကျိုးသည် ကောင်းကင်မူဝါဒရုံးတော်၏ အရာရှိငယ်လေးတစ်ယောက်သာ ဖြစ်သည်။လူအများစု၏အမြင်တွင် သူသည် အသေးအမွှားသာဖြစ်သော်လည်း နင်ချန်းရှန်၏အမြင်အရ သူသည် လူဘီလူးကြီးတစ်ယောက်ပင်။

လုယွီသည် ရှားကျိုးကိုအသုံးပြုပြီး နင်ချန်းရှန်၏အရည်အချင်းကို သွေးလိုခြင်းဖြစ်သည်။

"ဒါက ဆရာကောင်းတွေ သင်ပေးတာထက် အများကြီးပိုအားကောင်းတယ်...လုယွီလိုလူတစ်ယောက်ရဲ့ ကာကွယ်ပေးမှုရှိနေတာကြောင့် ဒီကောင်လေးရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"

နင်ချန်းရှန်နှင့်အမြန်ဆုံးမိတ်ဆွေဖွဲ့ရန် စဥ်းစားတွေးတောနေသော လူတချို့လည်းရှိနေသည်။

ထိုနောက် စုန်ချင်းဖုန်းသည် ကောင်းကင်ချိုးဖျက်ခံတပ်မှစစ်သားဟောင်းတစ်စုကို ခေါ်ယူပြီးနောက် ခံတပ်၏အရေးကြီးသောနေရာများအား ထိန်းချုပ်ခွင့်ကို ပေးအပ်လိုက်တော့သည်။

အစောပိုင်းက စုန်ချင်းဖုန်းကို သစ္စာဖောက်ခဲ့သော လူများကမူ သူတို့သည် သူ့အား တွေ့ရန်ပင် အလွန် ရှက်ရွံနေသဖြင့် သူတို့တစ်ယောက်ခြင်းစီသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ကိုယ်သူတို့ သတ်သေသွားလေ၏။

ဤလူများသည် နောက်ကွယ်မှနေ၍ အကွက်ချကြံစည်ခဲ့သည့်တိုင် သူတို့သည် စုန်ချင်းဖုန်းကို အမှန်တကယ် သတ်လိုခြင်းမရှိချေ။သူတို့သည် အဆိပ်ခတ်ခဲ့သည့်တိုင် အနည်းငယ်ထုံကျင်စေသောအဆိပ်သာ ဖြစ်သည်။

စုန်ချင်းဖုန်းသည် သက်ပြင်းရှိုက်ပြီးနောက် ထိုသစ္စာဖောက်များကို မြှုပ်နှံပေးရန် တခြားလူများကို အမိန့်ပေးလိုက်၏။

ယခင်က ကောင်းကင်ချိုးဖျက်ခံတပ်တွင် စခန်းချထားသော ထန်စစ်သားများအားလုံး ထိတ်လန့်တကြားဖြင့် ထွက်ခွာသွားကြလေပြီ။ တစ်ချိန်တည်းမှာပင် ထန်အင်ပါယာမှကုန်သည်အမြောက်အများလည်း ထွက်ခွာသွားကြသည်။

ယင်ကျန်းသဲသည် အုပ်ချုပ်ရေးအခွင့်အာဏာထိန်းချုပ်ခွင့်ကို ပြန်လည်ရရှိသွားလေ၏။ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေသောကြောင့် သူ လုပ်ဆောင်ရန်လိုအပ်သော ကိစ္စအမြောက်အများရှိနေသည်။

လုယွီကမူ သူ ပျောက်ကွယ်နေစဉ် အချိန်အတောအတွင်းတွင် ကောင်းကင်ဘုံနယ်မြေ၌ မည်သည့်အပြောင်းအလဲများ ဖြစ်ပျက်သွားခဲ့သည်ကို စုန်ချင်းဖုန်းထံမှ နားထောင်နေခဲ့သည်။

စာပေသူတော်စင်သောက်ရီသည် နွေဦးဆောင်းဦးကျမ်းစာကို ဖန်တီးနိုင်ရန်အတွက် သူ၏သွေးခန္ဓာကိုယ်ကိုလောင်ကျွမ်းပြီး စတေးခဲ့သည်။

ကောင်းကင်ဘုံနယ်မြေတခွင်လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေကာ အင်အားစုအမြောက်များက နေရာအနှံ့အပြား၌ လူအင်အားစုဆောင်းနေကြသည်။

တာယွီကောင်းကင်ဘုံနန်းတွင်းသည် အလွန်ကြီးမားသောအန္တရာယ်အတွင်း၌ ကျရောက်နေပေ၏။အထူးသဖြင့် ထန်စစ်တပ်သည် တော်ဝင်မြို့တော်အနီး၌ ဝိုင်းရံထားသောကိစ္စပင်။နေရာဒေသအသီးသီးတွင်ရှိနေသော အင်အားစုများကလည်း အခွင့်ကောင်းတစ်ခုရရန်အတွက် အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေကြသည်။

ချီဘုရင်ကမူ ချီအင်ပါယာ၏ဧကရာဇ်ဖြစ်လာကာ ယခုအချိန်၌ ကျိုးကျင်းထန်ဟူသော နာမည်ကို ပြောင်းလဲထားခဲ့သည်။သူသည် ယခုချိန်၌ ထန်အင်ပါယာ၏ရုပ်သေးတစ်ရုပ်ဖြစ်နေလေပြီ။

ချီအင်ပါယာသည် အားနည်းသော်လည်း တော်ဝင်မြို့တော်၏အရှေ့ဘက်ခြမ်းမှ အချက်အချာကျသောနေရာ၌ တည်ရှိသည်။ထို့ပြင် ထန်စစ်တပ်များလည်း ရှိနေသဖြင့် တာယွီတော်ဝင်မြို့တော်သည် အခိုင်အမာလှောင်ပိတ်ထားခြင်း ခံနေရလေ၏။

Chapter 4357

ပုန်းကွယ်နဂါးစစ်တပ်ကမူ သူတို့သည် ငွေကြေးပိတ်ထားခြင်းခံရသောကြောင့် ကူကယ်ရာမဲ့ဖြစ်နေသည်။

ပုန်းကွယ်နဂါးစစ်တပ်၏အခြေခံအုတ်မြစ်သည် လက်ဝဲစစ်တပ်နယ်မြေ၏ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုပေါ်၌ ရှိနေသည်။သို့ရာတွင် ကျိုးကျင်းထန်သည် လက်ဝဲစစ်တပ်နယ်မြေ၏ကြီးမားသောအစိတ်အပိုင်းကို ထန်အင်ပါယာထံသို့ ပြောင်ပြောင်တင်းတင်းပေးအပ်ခဲ့လေ၏။

တော်ဝင်နန်းတွင်းကမူ ချီဘုရင်၏ပုန်ကန်မှုရှိနေသဖြင့် သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်ထံသို့ အထောက်အပံ့တစ်ခုတစ်လေမျှ ပေးနိုင်ခဲ့ခြင်းမရှိပေ။

ကံကောင်းထောက်မစွာဖြင့် ပုန်းကွယ်နဂါးစစ်တပ်တွင် အလွန်ချမ်းသာကြွယ်ဝသော အရင်းအမြစ်များရှိနေသည်။သူတို့သည် ထန်စစ်တပ်နှင့်ချီစစ်တပ်များ၏တိုက်ခိုက်မှုများအားကို ခုခံကာကွယ်ကာ တားဆီးဟန့်တားနိုင်ခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ လူများအားလုံး လုယွီသည် သာမန်ပါရမီရှင်တစ်ယောက်မဟုတ်ကြောင်း သိရှိသွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။သူသည် နက်နဲသိမ်မွေ့ပြီး ရည်မှန်းချက်ကြီးမားသော လူတစ်ယောက်ဖြစ်ကာ ကြီးမားသောစစ်အင်အားကို ပိုင်ဆိုင်ထားသည်။

"လုယွီ မင်း အသက်ရှင်နေမယ်လို့ တခြားလူတွေက မထင်ကြမှာကို ငါ စိုးရိမ်မိတယ်"

စုန်ချင်းဖုန်းက လုယွီကိုကြည့်ပြီး ပြောဆိုသည်။သူရှေ့ရှိလူငယ်လေးသည် နောင်အနာဂတ်တွင် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို မုန်တိုင်းထန်အောင် လုပ်ဆောင်နိုင်မည်ဟု သူ ခံစားမိသည်။

"ငါ မင်းကို ပြောချင်တဲ့ ကိစ္စတစ်ခုရှိနေတယ်... ငါက ပုန်းကွယ်နဂါးစစ်တပ်ကနေ သတင်းတွေရထားတယ်...ငါတို့ရဲ့တပ်မှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ အောင်းကွမ်းက ထန်အင်ပါယာရဲ့ ကောင်းကင်မူဝါဒရုံးတော်က သခင်လေးတစ်ယောက် ဖမ်းဆီးတာကို ခံထားရတယ်...အခုချိန်ထိ သူ သေလားရှင်လားဆိုတာ မသိရသေးဘူး"

စုန်ချင်းဖုန်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ကောင်းကင်မူဝါဒရုံးတော်ရဲ့ သခင်လေးလား...အဲ့ဒီကောင်က လီဖူ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ မသိဘူးလား"

လုယွီ၏မျက်နှာ အေးစက်တင်းမာသွားကာ သူက အသံနက်ကြီးဖြင့်ပြောဆိုလိုက်၏။

စုန်ချင်းဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"မင်း ဒီနေရာမှာရှိနေတဲ့ အချိန်တုန်းက သူတို့အားလုံး မင်းကို ကြောက်နေကြတယ်...ဒါပေမဲ့ မင်းသေသွားပြီဆိုတဲ့ သတင်းတွေ ပြန့်သွားတာနဲ့ ထန်စစ်တပ်က သဘောတူညီချက်ကို မလိုက်နာတော့ဘူး"

"ကောလဟာလတွေအရတော့ အဲ့ဒီလီထန်ရှုက ကောင်းကင်မူဝါဒရုံးတော်မှာ အရမ်းအဆင့်မြင့်တဲ့ရာထူးနေရာကို ရထားတယ်.. ထန်အင်ပါယာရဲ့အရေးပါတဲ့အမတ်ကြီး တော်တော်များများကလည်း သူ့ကို တိတ်တဆိတ်ထောက်ပံ့ပေးထားကြတယ်...သူက ကောင်းကင်မူဝါဒရုံးတော်ရဲ့ ယှဉ်ပြိုင်ပွဲမှာ အဓိကကျတဲ့လူပဲ...လီဖူက သူ့ကိုယှဉ်ပြိုင်နိုင်ဖို့ အရမ်းအလှမ်းကွာဟတယ်"

လုယွီက သရော်တော်တော်ပြောဆိုသည်။

"လီကျီးက လီထန်ရှုကို စမ်းသပ်ဖို့အတွက် ငါရဲ့ပုန်းကွယ်နဂါးစစ်တပ်ကို အသုံးပြုခဲ့တာလား"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများမြင့်တက်သွားကာ ပြင်းထန်သော ဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤကဲ့သို့ဖိအားအရှိန်အဝါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပစ်မှတ်ထားခြင်းမဟုတ်ချေ။သို့ရာတွင် ဤနေရာပတ်ဝန်းကျင်၌ရှိနေသော လူများအားလုံးသည် သူတို့၏နှလုံးသားများကို လေးလံသောကျောက်တုံးကြီးတစ်တုံး ဖိစီးလာသည့်အလား ခံစားလိုက်ရသည်။သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ထင်ဟပ်လာသည်။လုယွီ၏ယခုလက်ရှိခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"သူတို့ဘက်က သဘောတူညီချက်ကို ချိုးဖျက်ပြီး စစ်ပွဲကိုစတင်ခဲ့မှတော့ ငါ့ကို အပြစ်မတင်ကြနဲ့....အခုက ထန်အင်ပါယာ ကောင်းကင်မူဝါဒရုံးတော်ရဲ့သခင်လေးနေရာကို ပြောင်းဖို့အချိန်ကျပြီ"

ဤစကားများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးများသည် ထန်အင်ပါယာ၏အိမ်ရှေ့စံနေရာအတွက် ရွေးချယ်ခံများပင်။သူတို့အားလုံးထံတွင် မြင့်မားသောအဆင့်အတန်းရှိသည်။သို့ရာတွင် လုယွီ၏စကားများအရ ထန်အင်ပါယာ လီတော်ဝင်မိသားစု၏ထိပ်သီးပါရမီရှင်များသည် သူ ဆန္ဒရှိသကဲ့သို့ သတ်ဖြတ်၍ရသော ပုရွက်ဆိတ်များနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

"ဒါ့ပြင် ငါ ပြန်ရှင်သန်လာပြီဆိုတဲ့သတင်းကို ဖြန့်လိုက်ကြစမ်း...တကယ်လို့ ချီအင်ပါယာရဲ့လူတွေက အမှောင်ကိုစွန့်ပယ်ပြီးတော့ အလင်းကို ဝင်ချင်တယ်ဆိုရင် ငါက အတိတ်ကကိစ္စတွေအားလုံးကို အတိတ်မှာပဲထားခဲ့လိုက်မယ်... တကယ်လို့ သူတို့က ချီဘုရင်နဲ့အတူ သေဆုံးသွားချင်တယ်ဆိုရင်တော့ သူတို့ စောင့်နေလို့ရတယ်"

လုယွီက အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်"

အမှုမဲ့အမှတ်မဲ့ဖြင့် စုန်ချင်းဖုန်းသည်လည်း လုယွီ၏လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာခဲ့သည်။

လုယွီသည် ကောင်းကင်ချိုးဖျက်စစ်တပ်ကိုဦးဆောင်ပြီး ထန်စစ်တပ်ကို အနိုင်ယူခဲ့သည်အချိန်ကတည်းက စစ်သားများနှင့်သာမန်လူများ၏စိတ်နှလုံးသားများအားလုံးကို သူ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ချိုးဖျက်ခံတပ်သည် လုယွီ၏ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျားရောက်ရှိနေကာ တော်ဝင်နန်းတွင်းနှင့် သက်ဆိုင်ခြင်းမရှိတော့ချေ။

"ငါက ဒီနေရာရဲ့နဂါးသွေးကြောကို အသစ်ပြန်တည်ဆောက်မယ်"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး ရုတ်တရက်ပြောဆိုသည်။

ကောင်းကင်ချိုးဖျက်ခံချက်ကို အင်အားစုအမြောက်အများမှ သိမ်းပိုက်ခဲ့သဖြင့် နဂါးသွေးကြောသည် အလွန်အမင်းအားနည်းနေပေ၏။

လုယွီသည် ထန်အင်ပါယာ၏နဂါးသွေးကြောကို ဖျက်ဆီးခဲ့ခြင်းနှင့်အတူ ချီအင်ပါယာ၏နဂါးသွေးကြောသည်လည်း ပျက်စီးသွားခဲ့သည်။တာယွီအင်ပါယာ၏နဂါးသွေးကြောသည် ချီအင်ပါယာ၏အမြစ်ပြတ်သုတ်သင်ခြင်းကို ခံလိုက်ရသဖြင့် ယခုအချိန်တွေ ဤမြေပြင်အောက်၌ ဗလာဟင်းလင်းဖြစ်နေလေပြီ။

ဤနယ်မြေကြီးသည် နဂါးသွေးကြောမရှိသော ကျက်တီးမြေအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

တချို့လူများသည် ဤကိစ္စကို အာရုံခံမိမည်မဟုတ်ချေ။သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများ ခြောက်ကပ်သွားပေမည်။

စိတ်ဝိညာဥ်စွမ်းအားများသည် မြို့တမြို့စီတိုင်းအတွက် ရေကဲ့သို့အရေးပါသည်။စိတ်ဝိညာဉ်စွမ်းအားများ ခန်းခြောက်သွားပါက အကယ်၍ ဤမြို့ကို သိမ်းပိုက်ထားနိုင်လျှင်ပင် အဓိပ္ပါယ်ရှိမည်မဟုတ်ချေ။

Chapter 4358

လူများအားလုံး စိတ်လှုပ်ရှားသွားသည်။

အကယ်၍ သူတို့သည် နဂါးသွေးကြောကို ပြန်လည်၍ရရှိလိုပါက ဧကရာဇ်၏တော်ဝင်အမိန့်တော်မှ အသိအမှတ်ပြုမှုကိုရယူနိုင်ရန် လိုအပ်သည်။ထိုအချိန်ကျမှသာ သူတို့သည် တာယွီကောင်းကင်ဘုံအင်ပါယာ၏ ရွှေရောင်နဂါးသွေးကြောကို တဖန်ပြန်၍တည်ဆောက်နိုင်ပေမည်။

စုံစမ်းစစ်ဆေးရေးမှူးတချို့ထံတွင် 'ငါကိုယ်တိုင်ကြွချီလာသကဲ့သို့'ဟူသည့် တံဆိပ်ပြားရှိနေသဖြင့် ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်နိုင်သည့်အခွင့်အာဏာမျိုးအား ပိုင်ဆိုင်ထားသည်။

သို့ရာတွင် လုယွီသည် အုပ်ချုပ်သူအရှင်ဖြစ်လာသည်မှာ အလွန်အမင်းလျှင်မြန်ပေ၏။သူသည် ဧကရာဇ်၏ယုံကြည်မှုကို မရရှိသေးသည့်အပြင် သူ့ထံတွင် ဤသို့ပြုလုပ်နိုင်သည့် အခွင့်အာဏာလည်း မရှိချေ။

သူသည် မည်သည့်အရာအားအသုံးပြု၍ နဂါးသွေးကြောကို ပြန်လည်၍တည်ဆောက်မည်နည်း....

ရုတ်ချည်းဆိုသလိုပင် လုယွီ၏နောက်၌ နဂါးနက်တစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာပြီး တဖြည်းဖြည်းမြင့်တက်လာသည်။

ဤနဂါးနက်ထံတွင် ထူထပ်သိပ်သည်းသော သွေးချီစွမ်းအားများ ရောယှက်နေကာ ငရဲမှတွားသွားတက်လာသည့်အလားပင်။ထိုနဂါး၏အသွင်အပြင်သည် ရက်စက်ကြမ်းကြုတ်ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။

ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင်ရှိနေသည့် မည်သူမဆို မိုးကောင်းကင်ယံအတွင်းရှိနဂါးနက်ကို တွေ့မြင်မိကြသည်။

ထိုနဂါးနက်၏လက်သည်းများသည် အလွန်ထက်ရှကာ သူ၏အကြေးခွံများတွင် သွေးများစွန်းထင်းနေသည်။ဤသည်မှာ ကောင်းကင်ဘုံမှဆင်းသက်လာသော စွမ်းအားကြီးမားသည့် နဂါးတစ်ကောင်အလားပင်။

"ဒီနဂါးသွေးကြောကာ ဘယ်နေရာကနေ ရောက်လာတယ်လဲ"

ယင်ကျန်းသဲနှင့်စုန်ချင်းဖုန်းတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့သည် ဤနဂါးနက်ပုံရိပ်ယောင်ထံမှလာသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို အာရုံခံမိသည်။

သို့ရာတွင် ဤနဂါးနက်၏မူရင်းဇစ်မြစ်ကို သူတို့ ပြောဆိုနိုင်ခြင်းမရှိချေ။

ထန်အင်ပါယာထံတွင် မြေစွမ်းအားရှိနေသောကြောင့် အဝါရောင်မြေနဂါးသွေးကြောကို ပိုင်ဆိုင်ထားသည်။

တာယွီအင်ပါယာကို မီးစွမ်းအားဖြင့်ဖွဲ့စည်းထားကာ မီးတောက်များသည် လေထုအတွင်းသို့မြင့်တက်နေပြီး လောကကြီးအတွင်းရှိ အရာရာတိုင်းကို လောင်ကျွမ်းနိုင်သည့်အလားပင်။ရလဒ်အနေဖြင့် တာယွီအင်ပါယာ၏နဂါးသွေးကြောတွင် မီးတောက်များတဟုန်းဟုန်းတောက်လောင်နေသော ကြက်သွေးရောင်ရှိနေသည်။

သို့ရာတွင် လုယွီ၏နောက်ရှိ နဂါးနက်ကို ရေစွမ်းအားဖြင့် ဖွဲ့စည်းထားသည်။ထိုနဂါးနက်ရောက်ရှိသွားသည့်နေရာတိုင်းရှိ လေဟာနယ်အတွင်းမှ လှိုင်းသံများထွက်ပေါ်နေပုံရကာ လွတ်လပ်ပေါ့ပါးပြီး အကန့်အသတ်မရှိချေ။

ဤသည်မှာ တာယွီအင်ပါယာနှင့်ထန်အင်ပါယာတို့၏နဂါးသွေးကြောများနှင့် ကွဲပြားခြားနားနေသည်။

"ဒီနေရာက ဒီအရှင်ရဲ့အပိုင်ပဲ"

လုယွီ၏အသံသည် မိုးကောင်းကင်ယံအတွင်း၌ မိုးခြိမ်းသံအလားပျံ့နှံ့သွားကာ အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။

ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းတွင် ရှိနေသော လူများအားလုံးသည် မည်သည့်နေရာတွင်ရှိနေပါစေ မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေသည့် ကျယ်လောင်ပြီးကြီးကျယ်ခမ်းနားသောအသံကို ကြားရသည်။

ဤအသံသည် အလွန်ကျယ်လောင်သဖြင့် လူများအားလုံး ရှင်းရှင်းလင်းလင်း ကြားနိုင်ပေ၏။

ယင်ကျန်းသဲနှင့်စုန်ချင်းဖုန်းတို့သည် အချင်းချင်းကြည့်လိုက်ကြပြီးနောက် တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို တခြားတစ်ယောက်က တွေ့မြင်မိသည်။

အစောပိုင်းက လုယွီသည် သူ့ကိုယ်သူ ဒီအရှင်ဟု သုံးနှုန်းလိုက်သည် မဟုတ်လော.....

ဤသည်မှာ ဧကရာဇ်များသာလျှင် သူတို့ကိုယ်သူတို့ ခေါ်ဆိုသုံးနှုန်းနိုင်သော ဘွဲ့ထူးတစ်ခုပင်။ မိုးကောင်းကင်တာအို၏လွှမ်းမိုးမှုအောက်တွင် အကယ်၍ တစ်စုံတစ်ယောက်သည် ထီးနန်းကိုရရှိထားခြင်းမရှိဘဲ သူ့ကိုယ်သူ ဒီအရှင်ဟုပြောဆိုပါက ကောင်းကင်ဘုံတာအို၏တန်ပြန်ဒဏ်ကို ခံစားရပေမည်။ထိုတန်ပြန်ဒဏ်သည် အလွန်ပြင်းထန်ပေ၏။

လူအများစုသည် နယ်မြေအနည်းငယ်ကို ပိုင်ဆိုင်ရုံမျှဖြင့် သူတို့ကိုယ်သူတို့ ဒီအရှင်ဟုအမည်တပ်ပိုင်ခွင့်မရှိချေ။သို့ရာတွင် လုယွီကမူ ဤဘွဲ့ထူးကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မိုးကောင်းကင်တာအိုထံတွင် မည်သည့်အပြောင်းအလဲမျှ ဖြစ်ပွားသွားခြင်းမရှိသဖြင့် လုယွီကို အသိအမှတ်ပြုလိုက်သည့်အလားပင်။

"လုယွီကလည်း တော်ဝင်နန်းတွင်းကိုပုန်ကန်ဖို့ ကြံရွယ်နေတာလား"

စုန်ချင်းဖုန်း၏စိတ်အတွင်း၌ အတွေးများ ဖြတ်ပြေးသွားကာ သူ၏မျက်နှာအမူအယာ သိသိသာသာပျက်ယွင်းသွားသည်။

နဂါးများနှင့်ကျားများ သွေးဆာနေကာ ဖရိုဖရဲဖြစ်ရပ်များ မြင့်တက်လာသည့် ခေတ်ကာလသို့ ရောက်ရှိနေလေပြီ။

နွေဦးဆောင်းဦးအချိန်ကာလ ကုန်ဆုံးသွားချိန်တွင် လက်အောက်ခံအင်အားစုများအကြား၌ အငြင်းပွားမှုများ ဖြစ်ပွားလာပြီးနောက် တာယွီတော်ဝင်နန်းတွင်းမှနေ၍ခွဲထွက်ရန် အင်အားစုအမြောက်အများ ကြံရွယ်နေကြသည်။သို့ရာတွင် လုယွီသည် ပထမဆုံးခွဲထွက်သောလူ ဖြစ်လာမည်ဟု စုန်ချင်းဖုန်းက မျှော်လင့်မထားမိချေ။

ယခုအချိန်၌ စိတ်အရှုပ်ထွေးဆုံးနေဆုံးလူကို ပြပါဆိုလျှင် ယင်ကျန်းသဲပင်။

ယင်မိသားစုတစ်စုလုံးသည် တော်ဝင်နန်းတွင်းကို သစ္စာစောင့်သိသူများဖြစ်ပြီး ယင်ကျန်းသဲသည်လည်း သစ္စာရှိအမှုထမ်းတစ်ယောက်ပင်။ မူလကတည်းက ယင်ကျန်းသဲထံတွင် ပုန်ကန်လိုစိတ်မရှိချေ။

သို့ရာတွင် လုယွီသည် သူ၏အသက်သခင်ကျေးဇူးရှင်ဖြစ်သဖြင့် သူ အကျဉ်းအကျပ်အတွင်းသို့ ကျရောက်နေသည်။

"ဟူး....ထားလိုက်တော့..."

ယင်ကျန်းသဲသည် သက်ပြင်းတချက်ရှိုက်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြတ်ပြေးသွားသည်။

သူသည် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်သော်လည်း အရူးတစ်ယောက်မဟုတ်ချေ။ အကယ်၍ တာယွီအင်ပါယာသည် အမှန်တကယ်အဆုံးသတ်သို့ ရောက်ရှိတော့မည်ဆိုပါက လုယွီ၏နောက်သို့လိုက်ခြင်းမှာ သူ့အတွက် အကောင်းဆုံးရွေးချယ်မှုပင်။

နဂါးနက်သည် မိုးကောင်းကင်ယံမှဆင်းသက်လာပြီးနောက် ကောင်းကင်ချိုးဖျက်ခံတပ်၏မြေကြီးအတွင်းသို့ တိုးဝင်သွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံး၏ မြေအောက်မှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။ထိုနောက် မြို့အတွင်းတွင် စိတ်ဝိညာဥ်စွမ်းအားများ တဖန်ပြန်၍ထွက်ပေါ်လာသည်။

ဤစိတ်ဝိညာဉ်စွမ်းအားများသည် အေးစက်စက်လေညှင်းတစ်ရပ်နှင့်အတူ မြို့၏ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားတော့သည်။

Chapter 4359

မြို့အတွင်း၌ သစ်ပင်အမြောက်အမြားရှိနေသည်။စိတ်ဝိညာဉ်စွမ်းအားများ စုဝေးလာခြင်းကြောင့် ထိုသစ်ပင်များမှ သစ်ကိုင်းများများ တဖြည်းဖြည်း ဆန့်တန်းလာကာ ထိုအရာများပေါ်၌ လှပသောပန်းများ ပွင့်လန်းလာသည်။

ပန်းပွင့်များပွင့်လန်းလာပြီးနောက် လောကသစ်တစ်ခု ထွက်ပေါ်လာလေပြီ။

"ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အရင်ထက် ဆယ်ဆပိုပြီး ပေါကြွယ်ဝလာတာကို ငါ ခံစားမိတယ်"

"ငါ အရင်တုန်းက ရှီးလျန်မြို့တော်ကို ရောက်ခဲ့ဖူးတယ်...ဒါပေမဲ့ ဒီနေရာက စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဲ့ဒီနေရာက အများကြီးလျော့နည်းတယ်"

"ဒီလိုမျိုး ထူထပ်သိပ်သည်းတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ဆိုရင်...ငါတို့ရဲ့ခြေထောက်အောက်မှာရှိနေတဲ့ နဂါးသွေးကြောက အရင်ထက် အများကြီးပိုအစွမ်းထက်လိမ့်မယ်...ဒီလိုမျိုးဖြစ်လာမယ်လို့ ငါ စိတ်ကူးတောင်ယဥ်မကြည့်ခဲ့ဖူးဘူး"

မြို့အတွင်းတွင်ရှိနေသော လူများသည် ဝမ်းသာအားရအော်ဟစ်နေကြကာ ကျင့်ကြံသူတချို့၏မျက်လုံးများအတွင်းမှ မျက်ရည်များယိုစီးကျလာသည်။

သူတို့သည် ကောင်းကင်ချိုးဖျက်ခံတပ်၏ဒေသခံများဖြစ်သော်လည်း ထန်အင်ပါယာ၏ကျွန်ပြုခြင်းကို ခံခဲ့ရသည်။သူတို့သည် ဤနေရာ၌နေထိုင်ကာ ဘဝ၏အမှောင်မိုက်ဆုံး အချိန်အခိုက်အတန့်ကို ဖြတ်ကျော်ပြီး မရေမတွက်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ထန်အင်ပါယာမှလူများကို မောင်းထုတ်ကာ သူတို့၏ကိုယ်ပိုင်မြို့တမြို့တွင် နေထိုင်ခွင့်ရခဲ့လေပြီ။

ထို့ပြင် ဤမြို့သည် အတိတ်နှင့် တူညီခြင်းမရှိဘဲ မြို့သစ်တခုကဲ့သို့ လုံးလုံးလျားလျားဖြစ်နေသည်။

ကောင်းကင်ချိုးဖျက်ခံတပ်၏နေရာအနှံ့အပြားတွင် ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများ မျောလွင့်နေသည်။လူအများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်မထားနိုင်တော့ချေ။လူတချို့သည် နေရာမှာပင် ပလ္လင်ခွေထိုင်ကာ စတင်၍ကျင့်ကြံလိုက်ကြ၏။

လုယွီသည် ထိုလူတစ်ယောက်ခြင်းစီ၏အရှိန်အဝါများကို အာရုံခံမိလေ၏။

ထိုလူများအနက် အင်မော်တယ်များ သာမန်ကျင့်ကြံသူများနှင့် သေမျိုးများရှိနေသည်။

လုယွီ၏မျက်လုံးအတွင်းသို့ အစွမ်းထက်သော ချီစွမ်းအားလှိုင်းများ လာရောက်ရိုက်ခတ်သည်။ ဤကုန်းမြေပေါ်တွင်ရှိနေသော သက်ရှိများအားလုံးသည် လုယွီနှင့် တစ်စုံတစ်ခု သက်ဆိုင်နေသည့်အလားပင်။

ဤလူများအားလုံးသည် သူ၏လက်အောက်ငယ်သားများ ဖြစ်ပေ၏။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သူတို့သည် ချင်အင်ပါယာ၏လက်အောက်ငယ်သားများ ဖြစ်လာပေမည်။

လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ လောလောလတ်လတ်မွေးဖွားလာသော ကလေးများကို မြင်တွေ့မိသည်။

ဤအချိန်အခိုက်အတန့်တွင် မွေးဖွားလာခဲ့သော ကလေးများအားလုံး၏နဖူးများပေါ်တွင် ခပ်ဖျော့ဖျော့နဂါးနက်အမှတ်အသား ထင်ဟပ်လာပြီးနောက် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ထိုကလေးများသည် ချင်အင်ပါယာနဂါးသွေးကြော၏ကောင်းချီးပေးမှုကို ရရှိသွားသဖြင့် သူတို့သည် စိတ်ဝိညာဥ်အသိစိတ်တချို့နှင့် သာလွန်ထူးကဲသော ပါရမီအရည်အချင်းတို့ကို ပိုင်ဆိုင်သွားလေပြီ။

"ချင်အင်ပါယာရဲ့လက်အောက်ငယ်သားတွေအားလုံးက နဂါးတွေနဲ့ တူနေရမယ်"

လုယွီသည် အတိတ်တွင် လူသားဧကရာဇ် ပြောဆိုခဲ့ဖူးသည့် စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ချိုးဖျက်ခံတပ်၏မြေအောက်မှနေ၍ အစွမ်းထက်သောနဂါးဟိန်းသံတစ်သံ ပွင့်အံ့ထွက်လာကာ လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

ဤနဂါးသွေးကြောကို အပြည့်အဝ တည်ဆောက်ပြီးလေပြီ။

လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေကာ မိုးကောင်းကင်ယံအတွင်းရှိ ခြစ်ခြစ်တောက်ပူပြင်းသော နေရောင်ခြည်များနှင့် ရောယှက်နေသည်။

"အရှင်လု..."

စုန်ချင်းဖုန်းသည် ရှေ့သို့တိုးသွားကာ တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် လုယွီသည် နေရာမှပျောက်ကွယ်သွားသည်ကို သူ မြင်တွေ့မိလေ၏။

....

အနက်ရောင်မိုခံတပ်...

ဤခံတပ်ကြီးသည် မိုင်ပေါင်းတစ်သောင်းခန့် ကြီးမားကျယ်ပြန့်ကာ မြို့ရိုးများသည် မြင့်မားပြီးကြီးကျယ်ခမ်းနားလေ၏။

ဤသည်မှာ ကောင်းကင်ချိုးဖျက်ခံတပ်ကဲ့သို့ပင် မဟာခံတပ်လေးနေရာမှတစ်နေရာဖြစ်ပြီး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို ကာကွယ်စောင့်ကြပ်ရသည်။

ဤအချိန်အခိုက်အတန့်တွင် အနက်ရောင်မိုခံတပ်၏ပြင်ပ၌....

လေထုအတွင်းတွင် စစ်တပ်အလံများ လူးလွန့်နေကာ တိုက်ပွဲခေါ်သံများက မိုးကောင်းကင်ယံကိုပင် တုန်ခါသွားစေသည်။

ထျန်းစီမြင်းစီးစစ်တပ်သည် မြို့တံခါး၏ရှေ့၌ တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကိုခင်းကျင်းပြီး ပုန်းကွယ်နဂါးစစ်တပ်နှင့် အသေအကြေတိုက်ခိုက်နေသည်။

ထန်စစ်တပ်သည် ရှေ့တန်းမှဦးဆောင်ကာ ချီစစ်တပ်သည် နောက်တန်းတွင်ရှိနေလေ၏။ မျက်စိဖြင့်မြင်နိုင်သမျှ အကွာအဝေးထိ သံချပ်ကဝတ်စုံဝတ်စစ်သားများဖြင့် ပြည့်နှက်နေသည်။သူတို့ကိုကြည့်ရသည်မှာ အလွန်ကြီးကျယ်ခမ်းနားပြီး လွမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။

အဝေးတစ်နေရာရှိ ပုန်းကွယ်နဂါးစစ်တပ်ထံတွင်လည်း ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ရှိနေသည်။နဂါးများသည် မိုးကောင်းကင်ယံအတွင်း၌ လှည့်ပတ်၍ပျံသန်းနေပေ၏။ထိုနဂါးတစ်ကောင်စီ၏ကျောပေါ်တွင် ပုန်းကွယ်နဂါးစစ်တပ်မှ လက်ရွေးစင်စစ်သားဆယ်ယောက်ကျော်ရှိနေကာ မှော်မန္တန်များကိုရွတ်ဆိုနေသည်။

စစ်သင်္ဘောအမြောက်အများသည် မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေကာ လေထုအတွင်း၌ အမြှောက်မီးတောက်များဖြင့် ပြည့်နှက်နေသည်။

ဘုန်း...ဘုန်း...ဘုန်း....

အမြှောက်များနှင့်ပစ်ခတ်ပြီး လမ်းကြောင်းဖွင့်လိုက်ခြင်းနှင့်အတူ ပုန်းကွယ်နဂါးစစ်တပ်တစ်တပ်လုံးသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ ရန်သူစစ်တပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်သည်။

သို့ရာတွင် ထန်စစ်တပ်သည် ယခင်ကတည်းကကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ထန်စစ်တပ်၏နောက်တန်းမှနေ၍ ထောင်သောင်းချီသောမြှားများ ပျံ့လွင့်လာသည်။ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးစစ်တပ်သည် အသေအပျောက်များစွာကို ခံစားရလေ၏။

အနက်ရောင်မိုခံတပ်သို့ လုယွီရောက်ရှိသွားသောအချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်၏ နောက်ဆုတ်ရန်အမိန့်ပေးသော တံပိုးခရာသံကို ကြားလိုက်ရသည်။

ဤတံပိုးခရာသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများအားလုံး နောက်သို့အလျှင်အမြန်ဆုတ်ခွာလိုက်ကြသည်။

ဤတိုက်ပွဲအတွင်းတွင် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားအမြောက်အများနှင့်စစ်ဗိုလ်ချုပ်တချို့ ဆုံးရှုံးခဲ့ရသည်။သို့ရာတွင် သူတို့သည် ထန်နှင့်ချီမဟာမိတ်စစ်စခန်း၏အနီးသို့ပင် ကပ်နိုင်ခဲ့ခြင်းမရှိပေ။

လုယွီသည် တိုက်ပွဲစစ်မြေပြင်၏အခြေအနေကို တစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

"နံပါတ်လေးတပ်ရင်းကို အခုတာဝန်ယူထားတဲ့တပ်မှူးက ဘယ်သူပါလိမ့်...ဒါက တော်တော်လေး စိတ်ပျက်ဖို့ကောင်းတယ်"

Chapter 4360

နံပါတ်လေးတပ်ရင်းသည် အောင်းကွမ်း၏အုပ်ချုပ်မှုအောက်၌ ရှိနေသည်။

အောင်းကွမ်းသည် အောက်ဘုံအတွင်း၌ရှိနေစဉ်အချိန်က ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သူသည် သန့်စင်သောသွေးမျိုးဆက်ရှိသည့် နဂါးတစ်ကောင်ဖြစ်သော်လည်း အောက်ဘုံတွင် မိုးကောင်းကင်တာအိုမှ ချိတ်ပိတ်ထားခြင်းကြောင့် အတုအယောင်အင်မော်တယ်နယ်ပယ်၌သာ လှောင်ပိတ်မိနေပြီး ရှေ့သို့ဆက်၍ တက်လှမ်းနိုင်ခြင်းမရှိတော့ချေ။

သူသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာပြီးနောက် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ချိတ်ပိတ်ခံထားရမှုများလည်း ပျောက်ကွယ်သွားခဲ့သည်။ထို့ကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်လာပေ၏။

သူသည် အလွန်လျှင်မြန်စွာဖြင့် လုယွီ၏သစ္စာရှိလူယုံများအနက်မှတစ်ယောက် ဖြစ်လာခဲ့သည်။

အောင်းကွမ်းသည် လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်ဖြစ်သဖြင့် သူထံတွင် ရာနှင့်ချီသောနဂါးများကို အုပ်ချုပ်နိုင်သော အရည်အချင်းရှိသည်။

ထို့ကြောင့် နံပါတ်လေးတပ်ရင်းကို နဂါးစစ်သည်တော်တပ်ရင်းဟုလည်း ခေါ်ဆိုသည်။ဤတပ်ရင်းမှ စစ်သားအများစုသည် တိုက်ခိုက်ရာတွင် နဂါးများကိုစီးနင်းကြကာ သူတို့၏စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ဤတပ်ရင်းသည် တိုက်ခိုက်ခြင်းနှင့်ခုခံကာကွယ်ခြင်း တိုက်ပွဲနှစ်ရပ်လုံး၌ ပါဝင်တိုက်ခိုက်မှုစွမ်းရှိသည်။

အဓိကအချက်မှာ အောင်းကွမ်းသည် ရဲဝံ့သူတစ်ယောက်ဖြစ်ပြီး သူထံတွင် မည်သည့်အကွက်ချကြံစည်မှုမျိုးမျှ မရှိခြင်းပင်။

လက်သည်းငါးချောင်းရွှေရောင်နဂါး၏သွေးမျိုးဆက်သည် အလွန်အဆင့်မြင့်ရုံသာမက ဘသူ၏ခွန်အားသည်လည်း သာမန်လူများထက် အဆများစွာပို၍ကျော်လွန်သည်။သူ့ထံတွင် ခရေစေ့တွင်းကျမှတ်နိုင်သောမှတ်ဉာဏ်နှင့် ထက်မြက်သော တွေးခေါ်ဆင်ခြင်နိုင်မှုတို့ရှိသည်။သူ၏ကောင်းမွန်သောမှတ်ဥာဏ်ကြောင့် စစ်ရေးဆိုင်ရာစာအုပ်များကို တစ်ကြိမ်သာဖတ်ရန်လိုအပ်သည်။ထိုကြောင့် သူသည် လူသားကျင့်ကြံသူအများစုထက် ပို၍ထူးချွန်ထက်မြက်ပေ၏။

သို့ရာတွင် အောင်းကွမ်းကို ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးလီထန်ရှုမှ ဖမ်းဆီးထားကြောင်း စုန်ချင်းဖုန်းမှ လုယွီကို အသိပေးထားခဲ့သည်။ယခုလက်ရှိအချိန်တွင် နံပါတ်လေးတပ်ရင်း၌ ခေါင်းဆောင်ရှိမနေနိုင်ချေ။

လုယွီသည် ဤတိုက်ပွဲကို အစမှအဆုံးတိုင် စောင့်ကြည့်ခဲ့သည်။

ဤတိုက်ပွဲအတွင်းတွင် ပုန်းကွယ်နဂါးစစ်တပ်မှဗိုလ်ချုပ်များ၏အမိန့်များသည် အလွန်ရှုပ်ထွေးပေ၏။

လုယွီသည် ထန်စစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်မှ သရော်တော်တော်အမူအယာများကိုပင် မြင်တွေ့မိသည်။

ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်သန်မာအားကောင်းသော်လည်း ဤကဲ့သို့ ဖရိုဖရဲဖြစ်နေသော ညွှန်ကြားမှုအောက်တွင် သူတို့၏စစ်သားများနှင့်စစ်ဗိုလ်ချုပ်များကို ဆုံးရှုံးခဲ့ရရုံသာမက ထန်စစ်တပ်၏ခုခံကာကွယ်မှုကိုလည်း ချိုးဖျက်နိုင်ခဲ့ခြင်းမရှိချေ။

ထို့ထက်ပို၍ လက်မခံနိုင်ဆုံးအချက်မှာ ဤကဲ့သို့ ဆိုးရွားသောအခြေအနေအောက်သို့ ရောက်ရှိနေသည့်တိုင် နံပါတ်လေးတပ်ရင်း၏တပ်မှူးသည် သူ၏တိုက်ခိုက်ရေးပုံစံကို မပြောင်းလဲခြင်းပင်။သူသည် အသုံးပြုနေကျနည်းလမ်းများကိုသာ အသုံးပြုပြီး ရန်သူများကို အဆက်မပြတ်တိုးဝင်တိုက်ခိုက်နေသည်။

အမှန်အားဖြင့် လုယွီသည် ဤကဲ့သို့ အဓိပ္ပါယ်မရှိသော တိုးဝင်တိုက်ခိုက်မှုအောက်တွင် သူ၏လက်အောက်ငယ်သားများ အသေအပျောက်လွန်စွာများပြားခဲ့သည့်ကိစ္စကို သည်းခံနိုင်ခြင်းမရှိချေ။

ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်း၌....

ဒဏ်ရာရစစ်သားအမြောက်အများကို နောက်တန်းသို့ ပို့ဆောင်ထားခဲ့သည်။စစ်စခန်းအတွင်းရှိ နေရာအနှံ့အပြားမှနေ၍ နာကျင်မှုကြောင့် ညည်းတွားနေသောအသံများကို ကြားနိုင်ပေ၏။

တိုက်ပွဲကြီးအဆုံးသတ်သွားချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် ပြင်းထန်သော အသေအပျောက်များကို ခံစားခဲ့ရသည်။

စစ်သားများအနက်မှအများစုသည် ဒဏ်ရာရရှိသွားကာ စစ်သားတချို့၏ခေါင်းများမှ သွေးများယိုစီးကျနေသည်။

နဂါးများအနက်မှတချို့ပင်လျှင် ဒဏ်ရာအပြင်းအထန်ရရှိသွားလေ၏။သူတို့၏ခန္ဓာကိုယ်များပေါ်မှ အကြေးခွံများကွာထွက်သွားကာ သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ထက်ရှသောမြှားများ စိုက်ဝင်နေသည်။

စစ်စခန်းတစ်ခုလုံးအတွင်းတွင် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသည့် ဆိုးရွားသောအငွေ့အသက်များ လွှမ်းခြုံနေသည်။စစ်စခန်းအတွင်းမှနေ၍ ညည်းတွားသံများလည်း အဆက်မပြတ်ထွက်ပေါ်နေပေ၏။

ပုန်းကွယ်နဂါးစစ်တပ်၏စစ်စခန်းကို အစောင့်များ တင်းတင်းကြပ်ကြပ်နေရာချထားသည်။စစ်စခန်း၏ပြင်ပ၌ အစောင့်အမြောက်အများ ကင်းလှည့်နေသည်။

သို့ရာတွင် စစ်စခန်းအတွင်းသို့ လုယွီဝင်ရောက်လာသည်အား မည်သူတစ်ဦးတစ်ယောက်ကမျှ သတိမပြုမိချေ။

လုယွီသည် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသောမျက်နှာများကိုကြည့်ပြီးနောက် ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူသည် စစ်သားတစ်ယောက်၏ရှေ့သို့သွားပြီး မေးမြန်းလိုက်၏။

"ပုန်းကွယ်နဂါးစစ်တပ်မှာ ထိပ်တန်းအဆင့်သံချပ်ကာတစ်စုံ ထောက်ပံ့ပေးထားတယ် မဟုတ်လား...မင်းက ဘာလို့ အဲ့ဒီသံချပ်ကာကို ဝတ်မထားတာလဲ"

ထိုစစ်သားသည် တစ်စုံကိုဝတ်ထားသည်။သို့ရာတွင် ဤသံချပ်ကာသည် ခုခံကာကွယ်ရာ၌ အကန့်အသတ်ရှိပြီး မှော်ရတနာတစ်ခုဟုပင် သတ်မှတ်၍မရချေ။

တိုက်ပွဲအဆုံးသတ်သွားချိန်တွင် စစ်သားများ၏အကာအကွယ်သံချပ်ကာများ အပြင်းအထန်ထိခိုက်ပျက်စီးသွားကာ သူတို့၏အတွင်းဝတ် အဝတ်အစားများ ပေါ်လွင်နေသည်။

ထိုစစ်သားသည် နေရာမှာပင်ရပ်တန့်ကာ သံသယအပြည့်ဖြင့် လုယွီကိုကြည့်လိုက်သည်။

သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်၌ ဒဏ်ရာရရှိထားခြင်းမရှိသည့်အပြင် အလွန်ငယ်ရွယ်သူတစ်ယောက်ဖြစ်သည်ကို မြင်တွေ့ချိန်၌ ထိုစစ်သားက ကူကယ်ရာမဲ့စွာဖြင့် သရော်တော်တော်ပြောဆိုသည်။

"မင်းက တပ်သားသစ်တစ်ယောက်ပဲဖြစ်မယ်...ငါတို့နံပါတ်လေးတပ်ရင်းက ပုန်းကွယ်နဂါးစစ်တပ်ကလို့ မင်း မေးချင်တာလား....မင်း အိမ်မက်မက်နေတာကို ရပ်လိုက်တော့"

လုယွီက မေးမြန်းသည်။

"နံပါတ်လေးတပ်ရင်းက ဘာလို့ ပုန်းကွယ်နဂါးစစ်တပ်ရဲ့တပ်ရင်းတစ်ရင်းမဟုတ်ဘူးလို့ မင်းက ဘာလို့ပြောနိုင်တာလဲ"

"ဟမ့် တကယ်လို့ မင်းက ပုန်းကွယ်နဂါးစစ်တပ်အကြောင်းကို ပြောတာဆိုရင် ငါ့မှာ ဘာမှပြောစရာမရှိဘူး....လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး မဟုတ်ဘူး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးမှာ ပုန်းကွယ်နဂါးစစ်တပ်ရဲ့အထောက်အပံ့တွေက အကောင်းဆုံးပဲ...ဒါကြောင့်လည်း ငါက ပုန်းကွယ်နဂါးစစ်တပ်ထဲကိုဝင်ဖို့ ရွေးချယ်ခဲ့တာပဲ"

ထိုစစ်သားက သူ၏ခေါင်းကို ခါယမ်းပြီး ဆက်လက်ပြောဆိုသည်။

"စိတ်ပျက်ဖို့ကောင်းတာတစ်ခုကတော့ မင်းက နံပါတ်လေးတပ်ရင်းကို ဝင်မလာသင့်ဘူး...သူတို့အားလုံးက ခွေးမသားတွေပဲ...ဘယ်သူကမှ ငါတို့ကို ဂရုမစိုက်ကြဘူး"

All Chapters