အခန်း (၄၃၇၁-၄၃၇၅)
Vol. 222 Ch. 4371-4375
Chapter 4371
လော့ရှင်းက သူ၏ခေါင်းကိုမော့ပြီး သဲခုံစားပွဲကို ညွှန်ပြလိုက်သည်။
"မင်း ဒီတိုက်ပွဲဝင်ဝင်္ကပါကနေ တစ်ခုခုကို သင်ယူနိုင်ခဲ့လား"
သူ၏အပြုအမူသည် ဆရာတစ်ယောက်မှနေ၍ တပည့်တစ်ယောက်ကို စစ်မေးနေသည့်အလားပင်။
လုယွီက မျက်မှောင်ကြုတ်ပြီး အေးစက်တင်းမာစွာပြောဆိုသည်။
"ဒီတိုက်ပွဲဝင်ဝင်္ကပါနဲ့ပတ်သက်ပြီးတော့ သင်ယူစရာတစ်ခုခု ရှိလို့လား"
ဤကဲ့သို့ တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကို သူ သည်းခံ၍ပင် ကြည့်နိုင်ခြင်းမရှိချေ။
အထူးသဖြင့် လော့ရှင်း၏အစီအစဉ်များပင်။ အလွယ်ပြောရလျှင် သူ၏နည်းဗျူဟာများသည် အလွန်ရှုပ်ထွေးနေပေ၏။အကြည့်တစ်ချက်ဖြင့်ပင် လော့ရှင်းသည် စစ်နည်းဗျူဟာစာအုပ်အတွင်းရှိ တိုက်ပွဲဝင်္ကပါတစ်ခုကို ကူးချထားကြောင်း ပြောဆိုနိုင်သည်။ ဤနည်းဗျူဟာကို ထိန်းညှိပြင်ဆင်ထားခြင်းပင် အနည်းငယ်မျှမရှိချေ။
ဤတိုက်ပွဲဝင်ဝင်္ကပါနှင့်ပတ်သက်ပြီး သူ လေ့လာသင်ယူရန် အနည်းငယ်မျှမလိုအပ်ချေ။ ဤသည်မှာ အလွန်အမင်းစုတ်ပြတ်သတ်နေသော နည်းဗျူဟာတစ်ခုပင်။
လော့ရှင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် စိတ်ပျက်လက်ပျက်လေသံဖြင့် ဆူပူကြိမ်းမောင်းသည်။
"တကယ်လို့ မင်း နားမလည်ဘူးဆိုရင်လည်း ငါ့ရဲ့ဘေးမှာနေပြီးတော့ လိမ်လိမ်မာမာနဲ့သင်ယူရမယ်....မင်းမှာ ပုန်းကွယ်နဂါးတံဆိပ်ပြားရှိနေတာကြောင့် မင်းရဲ့နောက်ခံအင်အားက မနိမ့်ပါးဘူးလို့ အဓိပ္ပာယ်ရတယ်...နောင်အနာဂတ်မှာ မင်းက စစ်သားတွေကို ဦးဆောင်ပြီးတော့ တိုက်ခိုက်နိုင်တဲ့လူတစ်ယောက် ဖြစ်လာနိုင်တယ်....တကယ်လို့ မင်းက ဒီအချိန်မှာ ငါ့ဆီကနေ သေချာသင်ယူမထားဘူးဆိုရင် နောင်အနာဂတ်မှာ မင်း ဘယ်လိုလုပ်ပြီးတော့ စစ်သားတွေကို ဦးဆောင်နိုင်မှာလဲ"
လုယွီက တုံ့ပြန်မေးမြန်းသည်။
"မင်း စစ်တပ်ကို အမိန့်ပေးတဲ့အချိန်ကနေစပြီးတော့ အခုအချိန်ထိ အောင်မြင်မှုတစ်ခုခုကို ရအောင်ယူနိုင်ခဲ့လား"
လော့ရှင်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့် ငါရဲ့တိုက်ခိုက်ရေးနည်းဗျူဟာတွေက အရမ်းကောင်းတယ်...ငါ အရှုံးတွေနဲ့ရင်ဆိုင်ရတာက ထန်စစ်တပ်ရဲ့အင်အားက အရမ်းကြောက်ဖို့ကောင်းနေလို့ပဲ...တကယ်လို့ ငါတို့ဆက်ပြီးတိုက်ခိုက်မယ်ဆိုရင် တစ်နေ့နေ့မှာ ကြီးမားတဲ့အောင်မြင်မှုကြီး ရလာလိမ့်မယ်"
အစမှအဆုံးတိုင် သူ၏နည်းဗျူဟာများသည် အနည်းငယ်မျှမှားယွင်းခြင်းမရှိဟု သူ ယုံကြည်ထားဆဲပင်။
လုယွီသည် လော့ရှင်းကို ရှင်းပြလိုစိတ်မရှိတော့ချေ။ထို့ကြောင့် သူသည် သဲခုံစားပွဲကိုလက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်၏။
"ထန်စစ်တပ်မှာ တင်းကြပ်တဲ့ ခုခံကာကွယ်မှုရှိနေတယ်....ထျန်းစီမြင်းစီးစစ်တပ်က ခုခံကာကွယ်တဲ့နေရာမှာ နာမည်ကျော်ကြားတယ်.... တကယ်လို့ မင်းတို့က ပုန်းကွယ်နဂါးစစ်တပ်ရဲ့အဓိကအင်အားတွေကို မစုစည်းဘဲနဲ့ နေရာခွဲပြီးတော့ တိုက်ခိုက်မယ်ဆိုရင် တိုက်ပွဲမစတင်သေးခင်မှာပဲ စစ်အင်အားတွေ အားနည်းသွားလိမ့်မယ်"
"စစ်တပ်ကို အုပ်စုငါးစုခွဲလိုက်တာက ထန်စစ်တပ်ကို နေရာအနှံ့အပြားကနေ အန္တရာယ်ပေးနိုင်ပုံရပေမယ့် တကယ်တော့ အဲ့ဒီစစ်တပ်ငါးတပ်ထဲကတစ်တပ်ကမှ ထန်စစ်တပ်ရဲ့ခုခံကာကွယ်မှုကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
"ထန်နဲ့ချီမဟာမိတ်စစ်တပ်မှာ စစ်သားတွေအများကြီးရှိနေတယ်...ဒါကြောင့် သူတို့က အင်အားလျော့ပါးမှာကို စိုးရိမ်ပူပန်ဖို့မလိုဘဲနဲ့ ငါတို့နဲ့ တိုက်ခိုက်နိုင်တယ်...သူတို့က လူခွဲပြီးတော့ တိုက်ခိုက်လို့ရပေမယ့် ငါတို့က အဲ့ဒီလိုလုပ်လို့မရဘူး...ထန်စစ်တပ်က ငါတို့ကို အကြိမ်ပေါင်းများစွာ အနိုင်ယူထားခဲ့တာကြောင့် ငါတို့ ဒီတစ်ကြိမ် ထပ်ပြီးရှုံးနိမ့်သွားတာနဲ့ ငါတို့ရဲ့စစ်တပ်ကစစ်သားတွေ စိတ်ဓာတ်အရမ်းကျသွားလိမ့်မယ်"
လုယွီသည် လော့ရှင်း၏တိုက်ပွဲနည်းဗျူဟာမှအမှားများကို တိုက်ရိုက်ထောက်ပြလိုက်သည်။
ဤသည်မှာ စစ်တပ်ကိုခွဲခြမ်း၍ တိုက်ခိုက်ရန်အတွက် သင့်လျော်သောအခြေအနေတစ်ခု မဟုတ်ချေ။
ပုန်းကွယ်နဂါစစစ်တပ်တွင် ယခင်ကတည်းက လူအင်အားနည်းပါးသည်။ထိုကြောင့် သူတို့သည် အင်အားကိုစုစည်းကာ နေရာတနေရာတည်းသို့ဦးတည်၍ တိုက်ခိုက်ရပေမည်။
သူတို့သည် ရန်သူဘက်ကို ဟာကွက်တခုဖြစ်အောင် ချိုးဖျက်နိုင်သည်နှင့် စစ်တပ်တစ်တပ်လုံး ထိုနေရာမှနေ၍ချီတက်ကာ အနိုင်ရလဒ်ကိုရယူနိုင်ပေမည်။
သို့ရာတွင် လော့ရှင်းသည် စာအုပ်ကြီးအတိုင်းသာ ပြုမူနေသည်။ဤကဲ့သို့ အခြေအနေများအောက်တွင် သူသည် စစ်တပ်ကိုခွဲခြမ်း၍တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပေ၏။
ဤသည်မှာ အားအနည်းဆုံးခွန်အားဖြင့် ရန်သူ၏ခုခံကာကွယ်မှုမှ အခိုင်မာဆုံးအစိတ်အပိုင်းကို ဝင်ရောက်တိုက်ခိုက်သည်နှင့်ကွဲပြားခြားနားခြင်းမရှိချေ။
ဤှတိုက်ပွဲဝင်ဝင်္ကပါသည် အလွန်အမင်း ရူးသွပ်မိုက်မဲသောနည်းဗျူဟာပင်....
ဤကဲ့သို့ နိမ့်ကျသော တိုက်ခိုက်ရေးနည်းဗျူဟာတစ်ခုကို လုယွီအား လေ့လာဆင်ခြင်ခိုင်းသည်မှာ အလွန်ရယ်ရွှင်ဖွယ်ကောင်းသောပြက်လုံးတစ်ခု ဖြစ်ပေ၏။
"ဟား ဟား ဟား...လောကကြီးက တကယ့်ကို ပြောင်းလဲသွားပြီပဲ...ဘာတစ်ခုကိုမှမသိတဲ့ ကောင်စုတ်လေးတစ်ယောက်က တိုက်ခိုက်ရေးနည်းဗျူဟာတွေအကြောင်းကို ငါ့ကိုလာပြီး သင်ကြားပေးနေတယ်"
လော့ရှင်းက ကူကယ်ရာမဲ့စွာဖြင့် သရော်တော်တော်ပြောဆိုသည်။
သူသည် အထင်အမြင်သေးသော မျက်လုံးတစ်စုံဖြင့် လုယွီကို ကြည့်လိုက်သည်။
လော့ရှင်း၏အမြင်အရ လုယွီသည် ပြင်ပသို့လေ့ကျင့်ရန်ထွက်လာသည့် ရှီးလျန်မြို့အတွင်းရှိ မြင့်မြတ်သောမိသားစုတစ်စုမှသခင်လေးတစ်ယောက်ပင်။
လော့ရှင်းသည် ဤကဲ့သို့လူချမ်းသာသခင်လေးများကို အထင်အမြင်သေးပေ၏။
ဤကဲ့သို့လူငယ်များသည် သူတို့၏မိသားစုနောက်ခံအင်အားများကို မှီခိုအားထား၍ သူတို့၏အခွင့်အာဏာကို ပြသကြသည်။အမှန်အားဖြင့် ထိုလူငယ်များထံတွင် စွမ်းအားများစွာမရှိသည့်အပြင် ကောင်းမွန်သည့်အခြေခံအုတ်မြစ်လည်း မရှိပေ။
ဤကဲ့သို့လူစားမျိုးတစ်ယောက်သည် သူ့အားတိုက်ခိုက်ရေးနည်းဗျူဟာအရာတွင် လမ်းညွှန်မှုများပေးလိုခဲ့သည်။ဤသည်မှာ အလွန်အမင်းရယ်ရွှင်ဖွယ်ကောင်းပေ၏။
လုယွီက လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များကိုကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်သည်။
"သူ ပြောတာတွေက အဓိပ္ပါယ်ရှိတယ်လို့ မင်းတို့အားလုံး ထင်ကြလား"
စစ်ဗိုလ်ချုပ်များသည် သူတို့၏ခေါင်းများကို အောက်သို့ငုံလိုက်ကြ၏။
သူတို့သည် စစ်မြေပြင်၌နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် လော့ရှင်း၏တိုက်ခိုက်ရေးနည်းဗျူဟာများသည် အလွန်အမင်းကိုးရိုးကားရားဆန်ကြောင်း သူတို့အားလုံး သိရှိပြီးဖြစ်သည်။
သို့ရာတွင် စစ်ဗိုလ်ချုပ်အယောက်နှစ်ဆယ်ကျော်အနက်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လော့ရှင်းကို မေးခွန်းပြန်မထုတ်ဝံ့ချေ။
"သူတို့က ငါ့ရဲ့နည်းဗျူဟာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်လို့ မင်း ထင်နေတာလား...ငါ မင်းကို သိခွင့်ပြုလိုက်မယ်...ငါ့ရဲ့ဆရာသခင်က တော်ဝင်မြို့တော်ရဲ့လုမိသားစုက ပဉ္စမအရှင်လုပဲ...မင်း တော်ဝင်မြို့တော်ရဲ့လုမိသားစုကို သိတယ်မဟုတ်လား...ဒါက စစ်သူတော်စင်မိသားစုတစ်စုပဲ...မင်းက ငါ ရထားတဲ့အမွေအနှစ်တွေကို စိတ်ကူးတောင်ယဉ်ကြည့်ဖူးမှာမဟုတ်ဘူး"
Chapter 4372
လော့ရှင်းသည် ထိုစကားကိုပြောဆိုနေချိန်၌ သူ့၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
တော်ဝင်မြို့တော်၏လုမိသားစုမှ သင်ယူခွင့်ရခဲ့ခြင်းသည် သူ ဂုဏ်ယူဝံ့ကြွားရဆုံးကိစ္စတစ်ခုပင်။
စစ်နည်းဗျူဟာရှင်များနှင့်စစ်ဗိုလ်ချုပ်များသည် လုမိသားစုကို မြင့်မြတ်နယ်မြေတစ်ခုဟု သတ်မှတ်ထားသည်။ထိုနေရာမှ အနည်းငယ်သင်ယူခွင့်ရရုံနှင့် သူတို့၏ကြွင်းကျန်သောဘဝတလျှောက်တွင် အကျိုးကျေးဇူးများရရှိနေရန် လုံလောက်သည်။
အတိတ်တွင် အလယ်ခေတ်အချိန်ကာလအတွင်း၌ စစ်သူတော်စင်လုပိုယွမ်သည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် ရန်သူစစ်စခန်းများကိုမီးရှို့ပြီး သန်းနှင့်ချီသောရန်သူများကို သတ်ဖြတ်နိုင်ခဲ့သည်။ဤကိစ္စကြောင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံး တုန်လှုပ်ချောက်ချားသွားပေ၏။
လုမိသားစုသည်လည်း စစ်နည်းဗျူဟာရှင်များအားလုံးအတွက် မြင့်မြတ်နယ်မြေကြီးတစ်ခုဖြစ်လာခဲ့သည်။
တာယွီကောင်းကင်ဘုံအင်ပါယာကို တည်ထောင်ခဲ့သည့်အချိန်၌ ပါဝင်ခဲ့သော စစ်ဗိုလ်ချုပ်အမြောက်အများသည် လုမိသားစုမှထွက်ပေါ်လာခြင်းဖြစ်ကာ သူတို့အားလုံးသည် အတွေ့အကြုံအလွန်ရင့်ကျက်ပေ၏။
လော့ရှင်း၏စကားလုံးများသည် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏မျက်နှာများထက်တွင် မနာလိုအားကျသောအမူအယာများ ထင်ဟပ်လာသည်။
သူတို့အနက်မှအများစုအတွက် လုမိသားစုထံမှ သင်ယူရန်နေနေသာသာ လုအိမ်တော်အတွင်းသို့ခြေချရန်ပင် အခွင့်အရေးမရှိချေ။
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"လုမိသားစုလား...ဒါက လုမိသားစုရဲ့ စစ်နည်းဗျူဟာတွေဆိုတာ အမှန်ပဲလား"
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ စစ်သူတော်စင်မိသားစုကို မေးခွန်းထုတ်ရဲတာလဲ"
လုယွီ၏စကားကိုကြားချိန်တွင် လော့ရှင်းသည် သူ၏စားပွဲကိုရိုက်ပုတ်ကာ မတ်တတ်ထရပ်ပြီး ဒေါသတကြီးအော်ငေါက်လိုက်သည်။
စစ်ဗိုလ်ချုပ်များသည်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်နေကြလေ၏။ဤလူငယ်လေးသည် သူ၏သတ္တိများကို မည်သည့်နေရာမှ ရရှိလာသနည်း။
တိုက်ပွဲစစ်မြေပြင်တွင် အနိုင်နှင့်အရှုံး ဒွန်တွဲနေသည်။
သို့ရာတွင် အကယ်၍ သူတို့ရှုံးနိမ့်နေလျှင်ပင် စစ်ဗိုလ်ချုပ်အများစုသည် သူတို့၏တပ်ရင်းများမှ အရည်အသွေးကိုထိန်းချုပ်နိုင်ရန် စစ်နည်းဗျူဟာများကို တစ်ဖက်ရန်သူများထံသို့ ပေးအပ်မည်မဟုတ်ချေ။
ကောင်းကင်ဘုံနယ်မြေအတွင်းတွင်ရှိနေသော စစ်နည်းဗျူဟာစာအုပ်များအနက် စစ်သူတော်စင်လု၏ စစ်နည်းဗျူဟာစာအုပ်သည် နက်နဲသိမ်မွေ့မှုအရှိဆုံးဖြစ်ပြီး စစ်နည်းဗျူဟာရှင်အများစုအတွက် စံသတ်မှတ်ချက်အဖြစ် ယူဆထားသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ဤသည်မှာ ကွန်ဖြူးရှပ်ကျင့်ကြံသူများအကြားရှိ စာပေသူတော်စင်တစ်ယောက်၏အဆင့်အတန်းနှင့် တူညီသည်။အကယ်၍ တစ်စုံတစ်ယောက်သည် စာပေသူတော်စင်ကို ပြောင်ပြောင်တင်းတင်းမေးခွန်းထုတ်ဝံ့ပါက ကွန်ဖြူးရှပ်ကျင့်ကြံသူများ၏ဒေါသကို ရင်ဆိုင်ရပေမည်။
"မင်းရဲ့ကိစ္စတွေကို ငါ ဂရုမစိုက်တော့ဘူး...ဒီအတိုင်း ဆက်သွားမယ်ဆိုရင် အနှေးနဲ့အမြန် ငါတို့ရှုံးနိမ့်ရလိမ့်မယ်"
လုယွီသည် လော့ရှင်းနှင့်စကားပြောဆိုပြီး အချိန်ဖြုန်းလိုစိတ်မရှိတော့ချေ။သူသည် ပုန်းကွက်နဂါးတံဆိပ်ပြားကို တိုက်ရိုက်ထုတ်ယူပြီး အသံနက်ကြီးဖြင့် ပြောဆိုလိုက်၏။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်ကြော်ငြာလိုက်စမ်း....စစ်သားတွေအားလုံး အခုချက်ချင်းဆုတ်ခွာမယ်...ထပ်ပြီးတိုက်ခိုက်ခွင့်မပြုတော့ဘူး"
"ဘယ်သူလုပ်ရဲလဲဆိုတာ ငါ ကြည့်ချင်တယ်"
လော့ရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။သူသည် သူ၏ခါးမှ ကျားတံဆိပ်ပြားကိုဖြုတ်ယူကာ စားပွဲခုံပေါ်သို့ရိုက်နှက်ပြီး ပြောဆိုသည်။
"ဘယ်သူက လှုပ်ရှားမှုလုပ်ရဲလဲဆိုတာ ငါ စောင့်ကြည့်မယ်"
စားပွဲပေါ်ရှိ ကျားတံဆိပ်ပြားကိုမြင်တွေ့ချိန်၌ စစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင် တွေဝေတုံ့ဆိုင်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ပုန်းကွယ်နဂါးတံဆိပ်ပြားတွင် အမြင်မားဆုံးအခွင့်အာဏာရှိသော်လည်း ဤသည်မှာနာမည်ခံအရပင်။မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် နံပါတ်လေးတပ်ရင်း ဖြစ်နေပေ၏။
လုယွီ ရှိနေစဉ်အချိန်က ပုန်းကွယ်နားကားတံဆိပ်ပြားသည် အမြင့်မားဆုံးအခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။သို့ရာတွင် လုယွီ ထွက်ခွာသွားသောအချိန်၌ ဤတံဆိပ်ပြားကိုင်ဆောင်သူ၏အမိန့်ကိုလိုက်နာရန်မှာ အနည်းငယ်အခက်တွေ့သွားခဲ့သည်။
ယာယီတပ်မှူးတစ်ယောက်ဖြစ်သော လော့ရှင်းထံတွင် စစ်တပ်တတပ်လုံး၏အင်အားကို ထိန်းချုပ်နိုင်သော အခွင့်အာဏာရှိသည်။အကယ်၍ သူတို့သည် သူနှင့်ရန်ငြိုးဖွဲ့မိပါက သူတို့၏အနာဂတ်လမ်းကြောင်းသည် လွယ်ကူချောမွေ့တော့မည်မဟုတ်ချေ။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ပုန်းကွယ်နဂါးစစ်တပ်ထဲမှာနေနေပြီးတော့ မင်းတို့က ဒီတံဆိပ်ပြားရဲ့အမိန့်အာဏာကို မလိုက်နာဖို့ ကြံရွယ်နေကြတာလား"
စစ်ဗိုလ်ချုပ်များအားလုံးသည် သူတို့၏ခေါင်းများကို အောက်သို့ငုံထားကြကာ လုယွီပြောသည့်စကားများကို မကြားသည့်အလားပင်။
လော့ရှင်းသည် သူရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။
"စစ်တပ်တစ်တပ်ကို ဦးဆောင်တဲ့နေရာမှာ မင်းက ငါ့ကိုလိုက်မှီဖို့ အဝေးကြီးလိုသေးတယ်...ငါစစ်တပ်ထဲကို ရောက်လာတဲ့အချိန်မှာ မင်းက ရွှံတွေနဲ့ကစားနေတဲ့ ကလေးအရွယ်ပဲရှိအုံးမယ်.... မင်းမှာ တံဆိပ်ပြားတစ်ခုရှိနေတာနဲ့ ထောင်နဲ့ချီတဲ့စစ်သားတွေကို အမိန့်ပေးလို့ရနိုင်မယ်လို့ မင်း ထင်နေတာလား...ဘယ်လောက်တောင် တုံးအလိုက်လဲ"
လော့ရှင်းက လုယွီကို လက်ညှိုးငေါက်ငေါက်ထိုး၍ပြောဆိုကာ သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
"တကယ်လို့ မင်းက လက်နက်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိဘူးဆိုရင်လည်း စကားလျှော့ပြောပြီးတော့ ဘေးကနေကြည့်ပြီးသင်ယူနေစမ်း....ငါက မင်းလို နောက်ဖေးပေါက်ကနေဝင်လာပြီးတော့ အခွင့်အာဏာရလာတဲ့လူငယ်တွေကို အရမ်းမုန်းတယ်..မင်းက ငယ်ရွယ်ပြီးတော့ အရမ်းမောက်မာထောင်လွှားတယ်...မင်းက ဘာတစ်ခုကိုမှ မလုပ်ဆောင်နိုင်ပေမယ့် အရမ်းရူးသွပ်မိုက်မဲတယ်"
လုယွီ လော့ရှင်းကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်းက လူတွေအများကြီးကို သတ်နေတာပဲ"
လော့ရှင်းက သူ၏ခေါင်းကို ခါယမ်းပြလေသည်။
"ငါရဲ့နည်းဗျူဟာက မမှားဘူး...ထားလိုက်တော့...မင်းနဲ့စကားပြောတာက လေကုန်တာပဲ အဖက်တင်တယ်....ငါတို့ရဲ့စစ်တပ်က အောင်ပွဲကိုယူပြီး ပြန်လာတဲ့အချိန်ကျရင် ငါ ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်း သိသွားလိမ့်မယ်"
ထိုအချိန်မှာပင် စစ်သားတစ်ယောက်သည် ထိတ်လန့်တကြားအမူအယာဖြင့် ပြင်ပမှနေ၍ အခန်းအတွင်းသို့ ပြေးဝင်လာသည်။
"ယာယီတပ်မှူးကို သတင်းပို့ပါတယ်...ရှေ့ပြေးစစ်တပ်ငါးတပ်လုံး ရှုံးနိမ့်သွားလုနီးပါးပဲ...ငါတို့ရဲ့စစ်တပ်က အကြီးအကျယ်ရှုံးနိမ့်နေတယ်"
ထိုစစ်သားက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
Chapter 4373
"ဘာ..."
ပင်မတဲအတွင်းတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
သူတို့သည် မူလက ပြင်ပသို့ထွက်၍ တိုက်ပွဲအခြေအနေကို ကြည့်လိုခဲ့သည်။သို့ရာတွင် လော့ရှင်းသည် အနိုင်ရလဒ်ကို ဆုပ်ကိုင်ထားနိုင်ပြီဟု အခိုင်အမာပြောဆိုနေသဖြင့် သူတို့ စောင့်ကြည့်ခြင်းမပြုတော့ချေ။သူတို့သည် ပင်မတဲအတွင်း၌သာနေ၍ တိုက်ပွဲအခြေအနေကို စောင့်ဆိုင်းနေခဲ့သည်။
စစ်တပ်ငါးတပ်လုံး အလွန်လျှင်မြန်စွာ ရှုံးနိမ့်သွားမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးထင်မထားမိချေ။
"မဖြစ်နိုင်ဘူး ရှေ့ပြေးစစ်တပ်တွေရဲ့စစ်ဗိုလ်ချုပ်တွေက ရှုံးနိမ့်ချင်ယောင်ဆောင်တာပဲဖြစ်မယ်...ငါ့ရဲ့စကားကို နားထောင်ကြစမ်း..ခဏနေကျရင် သတင်းကောင်းတွေ ရောက်လာလိမ့်မယ်"
လော့ရှင်းက အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုသည်။
သူသည် သူ၏ငှက်မွှေးယပ်တောင်ကို ညင်သာစွာခတ်နေကာ အနည်းငယ်မျှပင် ထိတ်ထိတ်ပြာပြာဖြစ်သွားခြင်းမရှိချေ။
ကြည့်ရသည်မှာ လော့ရှင်၏အပြုအမူသည် အလွန်စိတ်အေးနေပုံရသည်။ထို့ကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော စစ်ဗိုလ်ချုပ်များသည်လည်း စိတ်သက်သာရာရာသွားကြသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ငါတို့ရဲ့စစ်တပ်က ရှုံးနိမ့်နေပြီဆိုတဲ့ သတင်းကိုကြားတာတောင် မင်းက အပြင်ကိုထွက်ပြီး တစ်ချက်ကြည့်ဖို့ အစီအစဉ်မရှိဘူးလား"
ဤသည်မှာ တပ်မှူးတစ်ယောက်၏သာမန်တုံ့ပြန်မှုတစ်ရပ် မဟုတ်ချေ။
တပ်မှူးတစ်ယောက်သည် အရေးပေါ်အခြေအနေများတွင် တိုက်ပွဲကိုအဆက်မပြတ်ကြည့်ရှုပြီး ဆုံးဖြတ်ချက်များကို တည်ငြိမ်စွာချရန်လိုအပ်သည်။
သို့ရာတွင် ဤကဲ့သို့တည်ငြိမ်မှုသည် တိုက်ပွဲရှုံးနိမ့်သောသတင်းကို ကြားချိန်၌ တည်ငြိမ်နေရမည်ဟု ဆိုလိုခြင်းမဟုတ်ချေ။စစ်တပ်ငါးတပ်လုံး ရှုံးနိမ့်သွားပြီဟူသော သတင်းသည် အလွန်ဆိုးရွားပေ၏။
"မင်း ဘာသိလို့လဲ...အရာအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"
လော့ရှင်းက မောက်မာထောင်လွှားစွာ ပြောဆိုသည်။
သူသည် တိုက်ပွဲအခြေအနေကိုကြည့်ရန်အတွက် ပြင်ပသို့မသွားလိုချေ။ဤသို့လုပ်လိုက်ပါက သူ၏အရည်အချင်းကို နှိမ့်ချလိုက်သကဲ့သို့ ဖြစ်သွားပေမည်။
"သတင်းပို့ပါတယ် ကြွင်းကျန်တဲ့စစ်သားတွေအားလုံးကို ဗိုလ်ချုပ်ချန်ဖေးယု ဦးဆောင်ပြီးတော့ ရန်သူရဲ့တိုက်ပွဲဝင်ဝင်္ကပါထဲကို ဝင်သွားပြီ"
စစ်သားတစ်ယောက်က ခန်းမအတွင်းသို့ ပြေးဝင်လာပြီး သတင်းပို့သည်။
"ဟား ဟား ဟား...."
လော့ရှင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ကြည့်လိုက်အုံး...အရာအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်...အခုဏက သူတို့ရှုံးနိမ့်သွားတယ်ဆိုတာက ယောင်ပြသက်သက်ပဲ....အဆုံးသတ်ကျတော့ ငါတို့က လက်ဦးမှုယူပြီး တိုက်ခိုက်နိုင်ခဲ့တယ်"
သူသည် ရန်စသည့်အကြည့်ဖြင့် လုယွီကို စောင်းငဲ့ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
"ဘာလဲ ဒါက မင်းကိုမင်း ပါးဖြတ်ရိုက်လိုက်သလို ဖြစ်သွားပြီးတော့ ရှက်နေတာမဟုတ်လား... လူငယ်လေး တကယ်လို့ မင်းရဲ့အမှားကိုဝန်ခံမယ်ဆိုရင် မင်း ပြောင်းလဲလို့ရတယ်...မင်းထက်တော်တဲ့လူတစ်ယောက်ကို တောင်းပန်တာက ဘာမှရှက်စရာမလိုဘူး"
လော့ရှင်းက လုယွီကိုစူးစိုက်ကြည့်ပြီး ပြောဆိုသည်။လော့ရှင်းသည် လုယွီ သူ့ကိုယ်သူ အရူးလုပ်နေသည်အား မြင်တွေ့လိုသည့်အလားပင်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိသဖြင့် သူ စိတ်ပျက်သွားသည်။
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။
"တိုက်ပွဲထဲမှာရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေက ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး...အခုချက်ချင်း သူတို့ကိုကယ်ဖို့ စစ်သားတွေကိုလွှတ်လိုက်စမ်း ....အခုက အချိန်မီသေးတယ်"
"ဘာလို့ ကယ်ရမှာလဲ...ထန်စစ်တပ်ရဲ့ရှေ့မှာ ငါတို့ အရှက်ရအောင် မင်းက လုပ်စေချင်တာလား"
လော့ရှင်းက အမေးစကားဖြင့်တုံ့ပြန်သည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။သူသည် ဤလူကို ဖြောင့်ဖျပြောဆိုရန် လက်လျှော့လိုက်လေပြီ။
လော့ရှင်းသည် စစ်နည်းဗျူဟာများကို မည်ကဲ့သို့အသုံးပြုရမည်အား နားလည်သဘောပေါက်ခြင်း မရှိရုံသာမက အလွန်ခေါင်းမာသည်။သူသည် တပ်မှူးတစ်ယောက်ဖြစ်ရန်အတွက် အနည်းငယ်မျှ အရည်အချင်းမပြည့်မီပေ။
လုယွီသည် တပ်မှူးတစ်ယောက်၏ဆုံးဖြတ်ချက်အပေါ် အလေးထားသည်။ထိုကြောင့် သူသည် လော့ရှင်းကို တိုက်ရိုက်ဖယ်ရှားခြင်းမပြုဘဲနံဘေးတစ်ဖက်မှနေ၍ အခြေအနေကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိအချိန်ထိ လော့ရှင်း၏လုပ်ဆောင်ချက်များအားလုံးသည် လုယွီကို အလွန်အမင်းစိတ်ပျက်သွားစေခဲ့သည်။
"စစ်တပ်တစ်တပ်လုံးမှာရှိတဲ့ စစ်သားတွေကို အမိန့်ပေးလိုက်စမ်း....ရှေ့တန်းကို ကူညီထောက်ပံ့ပေးဖို့အတွက် စစ်သားတွေကို အခုချက်ချင်းစေလွှတ်ရမယ်"
လုယွီသည် လော့ရှင်း သဘောတူသည်မတူသည်ကို ဂရုမစိုက်တော့ချေ။သူသည် ပုန်းကွယ်နဂါးတံဆိပ်ပြားကိုထုတ်ပြပြီး တိုက်ရိုက်အမိန့်ပေးလိုက်၏။
"ဘယ်သူက ဒီအမိန့်ကို နာခံရဲလဲဆိုတာ ငါ စောင့်ကြည့်နေမယ်"
လော့ရှင်းက သရော်တော်တော်ပြောဆိုသည်။
"ဘာလဲ မင်းက ရှက်သွားတာကြောင့် ဒေါသကြီးနေတာလား....အခု မင်း စိုးရိမ်နေတာမဟုတ်လား...ငါတို့စစ်တပ်က နိုင်တော့မယ်ဆိုတာကိုမင်း ကြည့်ပြီးတော့ ငါ့ဆီကနေ တိုက်ပွဲအောင်မြင်မှုတွေကို လုယူဖို့ ကြံစည်နေတာမဟုတ်လား....အဲ့ဒီကိစ္စကို မင်း စဥ်းတောင်မစဉ်းစားစမ်းနဲ့"
လုယွီသည် အနည်းငယ်ကူကယ်ရာမဲ့ဖြစ်သွားသကဲ့သို့ ခံစားမိလေ၏။
ဤလူသည် ကိစ္စတစ်ခုကို ဤကဲ့သို့နည်းလမ်းဖြင့် စဉ်းစားတွေးတောမည်ဟု သူ တွေးထင်ထားမိခြင်းမရှိချေ။
နံပါတ်လေးတပ်ရင်း၏ရှေ့ပြေးတပ်များသည် ခါးသည်းသောတိုက်ပွဲတစ်ပွဲနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လုယွီက ခန့်မှန်းမိသည်။
လော့ရှင်၏တိုက်ခိုက်ရေးနည်းဗျူဟာအောက်တွင် နံပါတ်လေးစစ်တပ်သည် အနှေးနဲ့အမြန်ရှုံးနိမ့်သွားပေမည်။ယခုချိန်၌ သူတို့သည် ကူညီထောက်ပံ့ပေးရန်အတွက် စစ်သားမျာူကိုစေလွှတ်မှသာ အနည်းဆုံးအနေဖြင့် လူတချို့ကို ကယ်တင်နိုင်ပေမည်။
"ငါက မင်းရဲ့ခွင့်ပြုချက်ကိုယူဖို့ လိုလို့လား"
လုယွီက သူ၏လက်ကိုမြှောက်ပြီး အောက်သို့ဖိနှိပ်လိုက်သည်။အစွမ်းထက်သောအားလှိုင်းတစ်ရက်သည် ချက်ချင်းဆိုသလိုပင် လော့ရှင်းကို လွှမ်းခြုံသွားလေ၏။
ဘန်း...
လော့ရှင်းသည် လုယွီ၏မှော်စွမ်းအားများဖြင့် အနီးရှိတိုင်လုံးတစ်လုံးတွင် ချည်နှောင်ထားခြင်းခံလိုက်ရသည်။သူသည် အနည်းငယ်မျှ လှုပ်ရှား၍မရတော့ချေ။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် လော့ရှင်းကိုကယ်တင်ရန် သွားလိုသော်လည်း လုယွီ၏ပုန်းကွယ်နဂါးတံဆိပ်ပြားကို မြင်တွေ့ချိန်၌ တွေဝေတုံ့ဆိုင်းသွားကြသည်။
တစ်ဖက်လူသည် ရှီးလျန်အုပ်ချုပ်ရေးရုံးတော်မှ အရေးပါသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပုံရသဖြင့် သူ့ထံတွင် ကြီးမားသောနောက်ခံအင်အား ရှိနေနိုင်သည်။ထိုသို့မဟုတ်ပါက သူသည် ဤကဲ့သို့နည်းလမ်းဖြင့် လော့ရှင်းကို တိုက်ခိုက်ဝံ့မည်မဟုတ်ချေ။
Chapter 4374
လော့ရှင်းသည် အားကုန်ရုန်းကန်လိုက်၏။
သို့ရာတွင် လုယွီ၏ယခုလက်ရှိစွမ်းအားသည် အလွန်အစွမ်းထက်သဖြင့် သူသည် ခွန်အားကုန်အသုံးပြု၍ ရုန်းကန်သည့်တိုင် အနည်းငယ်မျှလှုပ်ခတ်နိုင်စွမ်းမရှိချေ။
"မင်းက အခွင့်အာဏာကို အသုံးပြုပြီးတော့ ကိုယ်ရေးကိုယ်တာရန်ငြိုးကို လက်စားချေချင်တာလား....ဘာလဲ ငါ့ရဲ့စစ်နည်းဗျူဟာတွေက မင်းကို ပါးဖြတ်ရိုက်သလို ဖြစ်သွားတာကြောင့် မင်းက အရှက်ကွဲတယ်ဆိုပြီးတော့ ဒေါသထွက်သွားတာလား"
လော့ရှင်းကဒေါသတကြီးအော်ဟစ်လိုက်သည်။
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါက စစ်သားတွေ ထိခိုက်ဆုံးရှုံးမှုနည်းအောင် လုပ်ဖို့ မင်းကို ထိန်းသိမ်းထားတာပဲ"
"ရယ်စရာ ကောင်းလိုက်တာ...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"
လော့ရှင်းက လှောင်ပြောင်သရော်လိုက်သည်။
ထို့နောက် သူသည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး တစ်စုံတစ်ခုကိုပြောဆိုရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်မှာပင် တဲ၏ပြင်ပရှိလိုက်ကာ ရုတ်တရက် မြောက်တက်သွားသည်။
ထို့နောက် စစ်သားတစ်ယောက်သည် ထိတ်လန့်တကြားအမူအယာဖြင့် အတွင်းသို့ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။
"သတင်းပို့ပါတယ်...ဗိုလ်ချုပ်ချင်ဖေးယူအသတ်ခံလိုက်ရပြီ...လက်ဝဲစစ်တပ်တစ်တပ်လုံးရှုံးနိမ့်သွားလုနီးပါးပဲ"
"ဘာ ခုဏကတင် သူက စစ်သားတွေကိုဦးဆောင်ပြီးတော့ ရန်သူရဲ့စစ်စခန်းထဲကို ဝင်သွားတာမဟုတ်လား"
စစ်ဗိုလ်ချုပ်တစ်ယောက်က စိုးရိမ်ပူပန်တကြီးလေသံဖြင့် ချက်ချင်းမေးမြန်းသည်။
"သတင်းပို့ပါတယ်...လက်ယာစစ်တပ်တစ်တပ်လုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီးတော့ အဓိကစစ်ဗိုလ်ချုပ်လည်း အသတ်ခံလိုက်ရပြီ"
"သတင်းပို့ပါတယ်...ရှေ့ပြေးစစ်တပ်က ရှုံးနိမ့်သွားခဲ့ပြီးတော့ အခုအချိန်မှာ ထန်စစ်တပ်က စစ်စခန်းထဲကို ဝင်လာတော့မယ်"
သတင်းပို့ရန်အတွက် စစ်သားများ မကြာခဏရောက်ရှိလာကာ တိုက်ပွဲအခြေအနေ တစတစပို၍ပြင်းထန်လာသည်။
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်တချို့၏မျက်နှာအမူအယာများ သိသိသာသာပျက်ယွင်းသွားသည်။စစ်ဗိုလ်ချုပ်တချို့သည် ပြင်ပရှိတိုက်ပွဲအခြေအနေကို ကြည့်ရန်အတွက် ပြေးထွက်သွားလေ၏။
"ဒါက အမှန်ပဲ...ငါတို့ တကယ်ကြီး ရှုံးနိမ့်သွားခဲ့ပြီ"
ထိုစစ်ဗိုလ်ချုပ်များသည် ဖြူရော်နေသောမျက်နှာများဖြင့် ပင်မတဲအတွင်းသို့ ပြန်ဝင်လာသည်။
ပြင်ပရှိတိုက်ပွဲစစ်မြေပြင်၌ ပုန်းကွယ်နဂါးစစ်တပ်သည် ရှုံးနိမ့်နေပြီဖြစ်ကြောင်း သူတို့ မြင်တွေ့မိသည်။
နှိုင်းယှဉ်ကြည့်ပါက ထန်ချီမဟာမိတ်စစ်တပ်သည် ဟန့်တား၍မရသောအရှိန်အဟုန်ဖြင့် ရှေ့သို့ချီတက်လာပေ၏။
"ဒါက အဆုံးသတ်သွားပြီ"
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ယခင်က သူတို့သည် လော့ရှင်းကို အလွန်အမင်းအထင်ကြီးခဲ့ကြသည်။လော့ရှင်းသည် အခြေအနေအားလုံး သူ၏ထိန်းချုပ်မှုအောက်၌ရှိနေသည်ဟု အခိုင်အမာပြောဆိုခဲ့သဖြင့် သူတို့အားလုံး ယုံကြည်ခဲ့သည်။
လော့ရှင်းက အော်ဟစ်လိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး...ငါ့ရဲ့စစ်နည်းဗျူဟာက မရှုံးနိမ့်နိုင်ဘူး...ဒါက ရှေ့တန်းမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေ သေမှာကိုကြောက်နေတာကြောင့်ပဲဖြစ်မယ်...သူတို့က ငါ့ရဲ့အမိန့်ကို မလိုက်နာခဲ့တာပဲ"
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏မျက်နှာများထက်တွင် ရွံရှာစပ်ဆုပ်သောအမူအယာများ ထင်ဟပ်လာသည်။
နံပါတ်လေးတပ်ရင်းသည် ပုန်းကွယ်နဂါစစစ်တပ်တစ်တပ်လုံးတွင် ခွန်အားအကောင်းဆုံးတပ်ရင်းပင်။သူတို့သည် ဆိုးရွားသောအထောက်အပံ့ပစ္စည်းများကြောင့် အခွင့်မသာသည့်တိုင် တိုက်ပွဲကိုတိုက်ခိုက်နေသော စစ်ဗိုလ်ချုပ်များသည် အလွန်အမင်းရဲဝံ့ပေ၏။
သို့ရာတွင် လော့ရှင်း၏စကားများအရ ထိုစစ်ဗိုလ်ချုပ်များသည် သေရမည်ကိုကြောက်ရွံ့သောလူများ ဖြစ်လာခဲ့သည်။
"မင်းက ပင်မတဲထဲကနေ အပြင်ကိုတောင်မထွက်ဘဲနဲ့ သူတို့က သေရမှာကိုကြောက်နေတယ်ဆိုတာ...မင်း ဘယ်လိုလုပ်ပြီးသိတာလဲ"
စစ်ဗိုလ်ချုပ်တယောက်က ချေပပြောဆိုသည်။
လော့ရှင်းက အေးစက်စက်အော်ငေါက်လိုက်၏။
"ငါက သူတို့ကိုသွားပြီး စောင့်ကြည့်ဖို့လိုလို့လား....တကယ်လို့ ငါ့ရဲ့နည်းဗျူဟာအတိုင်းတိုက်ခိုက်မယ်ဆိုရင် သူတို့က ဘယ်လိုမှမရှုံးနိမ့်နိုင်ဘူး"
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချူပ်များအားလုံး ဒေါသထွက်သွားသည်။
သူတို့သည် လော့ရှင်းကို ရိုသေလေးစားခဲ့သည်မှာ သူသည် တစ်ချိန်က လုမိသားစုတွင် ကျင့်ကြံခဲ့ဖူးသူ ဖြစ်နေသောကြောင့်ပင်။
သူတို့သည် လုမိသားစုကို ရိုသေလေးစားသည်မှာ စစ်သူတော်စင်လုကြောင့်ပင်။
သို့သော် ယခုလက်ရှိချိန်၌ တိုက်ပွဲရှုံးနိမ့်သွားချိန်တွင် လော့ရှင်းသည် စစ်ဗိုလ်ချုပ်များအပေါ်သို့ အပြစ်ပုံချခဲ့သည်။
စစ်ဗိုလ်ချုပ်များ၏စိတ်နှလုံးသားများအတွင်းတွင် အေးစက်တင်းမာမှုများ လွှမ်းခြုံသွားကာ လော့ရှင်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။
"မင်း ဘာပြောချင်သေးလဲ"
လုယွီက လော့ရှင်းကိုကြည့်ပြီး မေးမြန်းလိုက်သည်။
လော့ရှင်းက သူ့၏ခေါင်းကိုမော့ပြီး ကျယ်လောင်စွာပြောဆိုလေ၏။
"တိုက်ပွဲစစ်မြေပြင်မှာ အနိုင်နဲ့အရှုံးဆိုတာ ဒွန်တွဲနေတယ်....အင်အားတွေကို ပြန်လည်စုစည်းပြီးတော့ ထပ်ပြီးတိုက်ခိုက်တာပေါ့...နောက်တစ်ကြိမ်ကျရင် ငါကိုယ်တိုင် တိုက်ပွဲကို စီမံကွပ်ကဲမယ်...ဘယ်သူက ရှေ့ကိုတိုးပြီး မတိုက်ခိုက်ရဲတာလဲဆိုတာ ငါ စောင့်ကြည့်ချင်တယ်"
လော့ရှင်း၏အလွန်အမင်းခေါင်းမာမှုကိုကြည့်ပြီး လုယွီ၏မျက်လုံးအကြည် တစတစပို၍အေးစက်တင်းမာလာသည်။
"သူ့ကို ခေါ်သွားပြီးတော့ ဖမ်းချုပ်ထားလိုက်စမ်း"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။
လော့ရှင်းက အပြုံးနှင့်တုံ့ပြန်လေ၏။
"အရူးကောင်...ဒီနေရာက နံပါတ်လေးတပ်ရင်း ...ငါက ဒီတပ်ရင်းရဲ့တပ်မှူးဘဲ...မင်းမှာ ငါ့ကို ဖမ်းချုပ်နိုင်တဲ့ အခွင့်အာဏာမျိုးရှိလို့လား"
ထိုအချိန်မှာပင် ပင်မတဲ၏လိုက်ကာရုတ်တရက် မြောက်တက်သွားကာ အရပ်ရှည်ပြီး တုတ်ခိုင်သန်မာသောလူတယောက် တဲအတွင်းသို့ ဝင်ရောက်လာသည်။
သူသည် လက်ရှိနေရာတွင် ရှိနေသူများအားလုံးထက် အရပ်မြင့်ကာ သူ၏ခန္ဓာကိုယ်သည် အလွန်ထွားကြိုင်းပေ၏။
သူ၏မျက်လုံးများသည် အပြာရောင်ဖြစ်ပြီး ဤသည်မှာ နဂါးမျိုးနွယ်၏သင်္ကေတပင်။
ဤအချိန်အခိုက်အတန့်တွင် ထိုနဂါးလူကြီး၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့်ရွှဲနစ်နေသည်။သူ၏ခန္ဓာကိုယ်တွင် နက်ရှိုင်းသောဒဏ်ရာများ ရှိနေသဖြင့် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"ငါတို့က ရှေ့တန်းမှာ အသက်စွန့်ပြီးတိုက်ခိုက်နေတယ်...မင်းတို့က ဘာလို့ စစ်ကူတွေကိုအချိန်မီမပို့တာလဲ"
ထိုလူသည် တဲအတွင်းသို့ဝင်လာသော အချိန်အခိုက်အတန့်၌ တင်းမာခက်ထန်သောအသံဖြင့် အော်ငေါက်လိုက်၏။
Chapter 4375
ပင်မတဲအတွင်းတွင်ရှိနေသော လူများအားလုံးသည် ဤလူကိုမြင်တွေ့ချိန်၌ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤသည်မှာ နံပါတ်လေးတပ်ရင်း၏ယခင်လက်ထောက်တပ်မှူးဖြစ်ပြီး သူ၏အဆင့်အတန်းသည် အောင်းကွမ်း၏နောက် ဒုတိယနေရာတွင်ရှိနေသည်။ သူသည် အသူရာနဂါးဧကရာဇ်တစ်ကောင်ပင်။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ရိုင်းပျဝံ့ခြင်းမရှိပေ။
ပင်မတဲအတွင်းသို့ လက်ထောက်တပ်မှူးဝင်လာသည်ကို မြင်တွေ့ချိန်၌ လော့ရှင်း၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။
သူသည် စစ်ဗိုလ်ချုပ်တချို့ကို အနိုင်ကျင့်ဝံ့သည်။သို့ရာတွင် ဤလက်ထောက်တပ်မှူးနှင့် မျက်နှာချင်းဆိုင်ရသောအချိန်တွင် အကယ်၍ သူ အနိုင်ကျင့်လိုလျှင်ပင် သူ့ထံ၌ ခွန်အားကင်းမဲ့နေသည်။
မည်သို့ပင်ဆိုစေကာမူ ဤလက်ထောက်တပ်မှူးသည် စစ်တပ်အတွင်း၌ ကြီးမားသောနာမည်ဂုဏ်သတင်းရှိသည်။အကယ်၍ အောင်းကွမ်း ချန်ထားခဲ့သောအမိန့်ကြောင့်သာ မဟုတ်ပါက ယခုလက်ရှိယာယီတပ်မှူးနေရာကို သူ ရရှိမည်မဟုတ်ချေ။
"ငါ အစကတော့ မင်းတို့အတွက် စစ်ကူတွေပေးဖို့ ပြင်ဆင်ထားခဲ့တယ်...ဒါပေမဲ့ ဒီကောင်စုတ်လေး ရောက်လာမယ်လို့ ဘယ်သူက ကြိုသိမှာလဲ...သူက ဒီနေရာကို ရောက်လာပြီးတော့ ပြဿနာတွေရှာခဲ့တယ်"
လော့ရှင်းက ရုတ်တရက် လုယွီကိုလက်ညှိုးထိုးပြီး ပြောဆိုသည်။
"ငါ အဲ့ဒီအမိန့်ကို ပေးလို့မရခဲ့တာက သူ့ကြောင့်ပဲ...ငါက မင်းတို့တွေ ထိခိုက်နစ်နာသွားစေဖို့ မရည်ရွယ်ခဲ့ဘူး"
လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏မျက်လုံးများအတွင်း၌ ရွံရှာစက်ဆုပ်မှုများ ဖြတ်ပြေးသွားသည်။
ယခင်က ပင်မတဲအတွင်းတွင် လုယွီသည် တိုက်ပွဲအတွင်းရှိ စစ်သားများကိုကယ်တင်ရန်အတွက် စစ်ကူများပေးပို့ရန် အကြံပေးခဲ့သည်။
သို့ရာတွင် ထိုအချိန်တုန်းက လော့ရှင်းသည် ပြတ်ပြတ်သားသားငြင်းဆန်ခဲ့ကာ သူ့၏နည်းဗျူဟာသည် အမှားအယွင်းမရှိနိုင်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
သို့ရာတွင်....
အမှန်တရားသည် သူ့အား ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည့်အလားပင်။
သူ အသုံးပြုခဲ့သော စစ်နည်းဗျူဟာသည် အလွန်အားနည်းသဖြင့် ထန်ချီမဟာမိတ်စစ်တပ်၏တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
ဤသည်ကြောင့် နံပါတ်လေးတပ်ရင်းမှ စစ်သားများ၏စွမ်းအားများ အားနည်းသွားရုံသာမက အသေအပျောက်အရေအတွက်လည်း လွန်စွာများပြားသွားခဲ့သည်။
သူ၏စစ်နည်းဗျူဟာသည် မည်သည့်အကျိုးအကျေးဇူးကိုမျှမရရှိဘဲ ရှုံးနိမ့်မှုကိုသာရရှိစေခဲ့သည်။
ဤအခြေအနေသို့အရောက်တွင် သူသည် လုယွီကို စွပ်စွဲလိုက်၏။
"မင်း..."
လက်ထောက်တပ်မှူးသည် လုယွီကိုကြည့်ပြီး သူ၏စိတ်နှလုံးသား ရုတ်တရက် တုန်ခါသွားသည်။
သူ၏မျက်လုံးအတွင်းမှနေ၍ အစိမ်းရောင်အလင်းတန်းတစ်တန်းဖြာထွက်လာကာ နဂါးတစ်ကောင်၏အရှိန်အဝါ ဆင်းသက်လာပြီးနောက် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ဤဖိအားအရှိန်အဝါကို ခံစားမိသည်။နဂါးတစ်ကောင်၏စိတ်ခံစားချက် လှုပ်ခတ်သွားသောအချိန်တွင် အလွန်နည်းပါးသော လူတချို့ကသာ ဤဖိအားအရှိန်အဝါကို တောင့်ခံနိုင်ပေမည်။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လော့ရှင်းသည်အလွန်ပျော်ရွှင်သွားပြီး အော်ဟစ်လိုက်၏။
"လက်ထောက်တပ်မှူးအောင်း...အဲ့ဒီလူရဲ့လက်ထဲမှာ ပုန်းကွယ်နဂါးတံဆိပ်ပြား ရှိနေတယ်... ဒါပေမဲ့ သူက ငါတို့ကို ထိခိုက်နစ်နာအောင်လုပ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်...သူက ထန်အင်ပါယာက လွတ်လိုက်တဲ့ သူလျှိုတစ်ယောက် ဖြစ်နေနိုင်တယ်...ငါတို့က သူ့ကို အရင်ဆုံး ဖမ်းဆီးပြီးတော့ အသေးစိတ်ကျကျစစ်ဆေးတာ ပိုကောင်းလိမ့်မယ်"
လက်ထောက်တပ်မှူးသည် သူ၏ခြေထောက်ကိုမြှောက်ပြီး လုယွီ၏ရှေ့သို့ လျှောက်လှမ်းသွားသည်။
လော့ရှင်း၏မျက်နှာပေါ်မှ ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။
လုယွီကိုဖမ်းဆီးပြီးနောက် သူသည် နည်းလမ်းတစ်ခုရှာ၍ ပုန်းကွယ်နဂါးတံဆိပ်ပြားကို သိမ်းပိုက်ရပေမည်။
ထိုအချိန်ကျပါက သူ၏အခွင့်အာဏာ ပို၍ကြီးမားသွားပေမည်။
သို့ရာတွင် လက်ထောက်တပ်မှူး၏ခန္ဓာကိုယ်တုန်ရီနေသည်ကို လူများအားလုံး သတိပြုမိသွားသည်။
ဤသည်မှာ သူ ဒေါသထွက်နေခြင်းကြောင့်မဟုတ်ဘဲ အလွန်အမင်းစိတ်လှုပ်ရှားနေခြင်းကြောင့်ပင်။
လက်ထောက်တပ်မှူးသည် လုယွီကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက် တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"မင်း သေသွားပြီမဟုတ်လား"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်လိုက်သည်။
"ငါ အသက်ရှင်နေတာကိုသိရင် လူတွေအများကြီး စိတ်ပျက်သွားမှာကို ငါ စိုးရိမ်မိတယ်"
လုယွီသည် သူ့ရှေ့ရှိ လက်ထောက်တပ်မှူးကို မှတ်မိပေ၏။
ဤသည်မှာ အတိတ်တွင် အောင်းကွမ်း၏နောက်လိုက်ဖြစ်သော မိုးပြာနဂါးငယ်လေးတစ်ကောင်ပင်။ထိုနဂါးငယ်လေးသည် ဤမျှအဆင့်ထိ ကြီးထွားနေမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
လက်ထောက်တပ်မှူးသည် အလွန်အမင်းစိတ်လှုပ်ရှားနေပြီး လုယွီ၏ရှေ့၌ ဒူးတစ်ဖက်ထောက်၍ အရိုအသေပြုလိုက်သည်။
"ဒီလက်အောက်ငယ်သားက အရှင်လုကို အရိုအသေပြုပါတယ်"
ဤမြင်ကွင်းကြောင့် တခြားလူများအားလုံး ကြက်သေသေသွားသည်။
လော့ရှင်း၏မျက်လုံးများ ပြူးကျယ်နေကာ သူ့ရှေ့၌ဖြစ်ပျက်သွားသည့်အရာကို သူ မယုံကြည်နိုင်တော့ချေ။
"လက်ထောက်တပ်မှူးအောင်း...မင်း ဘာလို့ သူ့ကို အရိုအသေပြုနေတာလဲ...သူက ငါတို့ကိုပြဿနာလာရှာတဲ့ အရူးတစ်ကောင်ပဲ...သူ့ကို မြန်မြန်လေး ဖမ်းချုပ်လိုက်စမ်း"
လော့ရှင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လက်ထောက်တပ်မှူးသည် သူ၏ခေါင်းကိုနောက်သို့ပြန်လှည့်ပြီး အေးစက်တင်းမာသောအကြည့်ဖြင့် လော့ရှင်းကိုကြည့်လိုက်၏။
အသူရာနဂါးတစ်ကောင်၏စူးစိုက်ကြည့်ခြင်းကိုခံရသဖြင့် လော့ရှင်းသည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိသည်။ဤသည်မှာ သူ၏စိတ်နှလုံးသားအတွင်းသို့ အကန့်အသတ်မရှိသည့် အေးစိမ့်မှုများ စီးဝင်လာသည့်အလားပင်။
"တကယ်လို့ မင်းက အရှင်လုကို ထပ်ပြီးမလေးမစားလုပ်ဝံ့မယ်ဆိုရင် ငါက မင်းရဲ့ခေါင်းကိုဖြတ်မယ်"
လက်ထောက်တပ်မှူးက အသံနက်ကြီးဖြင့်ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များအားလုံးသည် ကြောင်စီစီအမူအယာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ရုတ်တရက် ထိုစစ်ဗိုလ်ချုပ်များအနက် တစ်ယောက်သည် အသိဝင်လာကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"ဒါက မဟုတ်လောက်ပါဘူး...ဒါက လုယွီတော့ မဟုတ်လောက်ပါဘူး...ဟုတ်တယ်မလား"
ထိုစကားများကိုကြားချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ငြိမ်အတိကျသွားသည်။
လက်ထောက်တပ်မှူးက ကျယ်လောင်စွာပြောဆိုလိုက်၏။
"ဒါက တကယ့်ကို အရှင်လုပဲ...ငါက တစ်ချိန်တုန်းက တပ်မှူးအောင်းကွမ်းရဲ့နောက်ကို လိုက်သွားခဲ့တဲ့အချိန်မှာ အရှင်လုကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ဖူးတယ်"
ပတ်ဝန်းကျင်နေရာတစ်ဝိုက်ရှိ လူများအားလုံး၏အသက်ရှူနှုန်းများ လျှင်မြန်လာသည်။
လော့ရှင်းသည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားကာ သူ၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်နေပေ၏။