← Chapters

အခန်း (၄၃၅၁-၄၃၅၅)

Vol. 221 Ch. 4251-4355

အခန်း (၄၃၅၁-၄၃၅၅)

Vol. 221 Ch. 4251-4355

Chapter 4351

ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ တာအိုသခင်ဟူ၍ အနည်းစုသာရှိပေ၏။သူတို့အနက်မှမည်သည့်တစ်ယောက်မဆို လူသားမျိုးနွယ်၏ထိပ်သီးတည်ရှိမှုကြီးများဖြစ်ကာ လောကကြီးအတွင်း၌ ကြီးကျယ်ခမ်းနားစွာ ရပ်တည်နိုင်သူများပင်။

သူတို့အနက်မှအများစုသည် အစဉ်အမြဲ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် လောကီအရေးကိစ္စများသည် သူတို့ပေါ်သို့ သက်ရောက်နိုင်ခြင်းမရှိတော့ချေ။သူတို့သည် ထာဝရအသက်၏လျှို့ဝှက်ချက်များကို တွေ့ရှိနိုင်ရန်သာ ကျင့်ကြံနေကြပြီး တစ်ရက်တွင် ဉာဏ်အလင်းရမည်ဟု မျှော်လင့်ထားကြသည်။

ထိုကြောင့် တာအိုသခင်များကိုမြင်တွေ့ဖူးသူဟူ၍ လူအနည်းငယ်သာရှိသည်။လူအများစုအတွက် တာအိုသခင်တစ်ယောက်သည် ဒဏ္ဍာရီလာ တည်ရှိမှုကြီးတစ်ခုပင်။တချို့လူများသည်သူတို့၏ဘဝသက်တမ်းတလျှောက် တာအိုသခင်တစ်ယောက်ကိုပင် မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

လုယွီ၏အသက်သည် မည်မျှရှိသေးသနည်း။မည်သည်ကြောင့် သူသည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤကဲ့သို့အဆင့်တစ်ခုသို့ ရောက်ရှိနေသနည်း။

စုန်ချင်းဖုန်းသာမက ယင်မိသားစုဝင်များအားလုံးသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။

လုယွီ မည်သူမည်ဝါဖြစ်သည်ကို သူတို့အားလုံး သိရှိထားပြီးဖြစ်သည်။သို့ရာတွင် လုယွီသည် ရုတ်တရက်ကြီး အလွန်သန်မာအားကောင်းလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။သူသည်ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးတည်ရှိမှုကြီးများနှင့် အင်အားခြင်းယှဉ်ပြိုင်နိုင်သောအဆင့်တွင် ရောက်ရှိနေလေပြီ။

ယုဝမ်ယဲ့နှင့်ချီအင်ပါယာမှအရာရှိများသည် မြေပြင်ပေါ်၌ဒူးထောက်နေကာ သူတို့၏ခေါင်းများကို မော့မကြည်ဝံ့ကြချေ။သို့ရာတွင် သူတို့၏မျက်လုံးထောင့်များမှနေ၍ ထိုကိစ္စများ၏အရိပ်အယောင်များကို တွေ့မြင်မိသည်။ သူတို့၏ခန္ဓာကိုယ်များ အဆက်မပြတ်တုန်ရီနေကာ လောကကြီး၏အဆုံးသတ်အချိန်သို့ ရောက်ရှိသွားသည့်အလား ခံစားနေရသည်။

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဒီနေ့ကနေစပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်က ငါ့ရဲ့အပိုင်ဖြစ်သွားပြီ....ကောင်းကင်ချိုးဖျက်ခံတပ်ကနေ ထန်စစ်သားတွေအားလုံးကိုပြန်ရုတ်သိမ်းဖို့ ငါ မင်းတို့ကို အချိန်လေးနာရီပေးမယ်"

ဤအသံသည် အစစ်အမှန်နဂါးတစ်ကောင်၏ဟိန်းဟောက်သံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ မိုးကောင်းကင်တာအိုမှ‌နေ၍ ငြင်းဆန်၍မရသော အမိန့်တစ်ခုကို ပေးအပ်လိုက်သည့်အလားပင်။

ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ ထန်စစ်သားများအားလုံးသည် သူတို့၏ခေါင်းများအထက်၌ အချိန်မရွေးပြုတ်ကျလာနိုင်သည့် ထက်ရှာသောဓားတစ်လက် ပျံဝဲနေသည့်အလား ခံစားနေရသည်။

ထန်စစ်ဗိုလ်ချုပ်များသည်လည်း ထိတ်လန့်ကြောက်ရွံ့နေသဖြင့် သူတို့၏လက်အောက်ငယ်သားများကို နောက်ဆုတ်ရန် အလျှင်အမြန်အမိန့်ပေးလိုက်သည်။

အတိတ်တွင် လွန်စွာမောက်မာထောင်လွှားခဲ့သော ထန်စစ်တပ်သည် နောက်ဆုံး၌ အလွန်ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အလျှင်အမြန်ထွက်ခွာသွားကြသည်။

"ထန်အင်ပါယာက ဒီနေရာထိတောင် သူတို့ရဲ့လက်တံတွေ ဆန့်ထားပြီးတော့ သိမ်းပိုက်ချင်နေတာပါလား"

လုယွီ၏မျက်လုံးအတွင်း၌ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။ မည်သည့်အရာမျှ သူ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

သူသည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းပြီး ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။ကောင်းကင်ချိုးဖျက်ခံတပ်၏ မြေပြင်တပြင်လုံး ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါသွားလေ၏။ထို့နောက် မြေပြင်မှနေ၍ အဝါရောင်မြေနဂါးတစ်ကောင် တိုးထွက်လာသည်။

ဝေါင်း....

ထိုအဝါရောင်မြေနဂါးသည် ပုံရိပ်ယောင်တစ်ခုနှင့်တူညီကာ ပြင်းပြင်းထန်ထန်ရုန်းကန်နေသည်။ ထိုအရာသည် အလွန်ကြီးမားခြင်းမရှိသော်လည်း ရက်စက်ကြမ်းကြုတ်ကာ အဆက်မပြတ်ဟိန်းဟောက်နေသည်။

သို့ရာတွင် ဤအဝါရောင်မြေနဂါး မည်မျှထိ ပြင်းပြင်းထန်ထန်ရုန်းကန်သည်ဖြစ်စေ လုယွီ၏လက်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

"လီကျီး...မင်း ဒီနေရာထိ မင်းရဲ့လက်တံကို ဆန့်မလာသင့်ဘူး"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

လုယွီ၏လက်အတွင်း၌ ညည်းတွားနေသော ထန်အင်ပါယာ၏အဝါရောင်မြေနဂါးသည် ကျယ်လောင်သော ဘုန်းခနဲမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားသည်။ကံကြမ္မာစွမ်းအားအမျှင်တန်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကြဲသွားကာ မည်သည့်အရာမျှ မရှိခဲ့သည့်အလား ပြောင်းလဲသွားသည်။

ဤသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ဤကံကြမ္မာအဝါရောင်မြေနဂါးသည် ကောင်းကင်နှင့်မြေပြင်အကြားမှ မွေးဖွားလာသော စိတ်ဝိညာဥ်သက်ရှိတစ်ကောင်ပင်။ထိုအရာတွင် အင်ပါယာတစ်ခု၏အကန့်အသက်မရှိသော ကံကြမ္မာစွမ်းအားများကို စုစည်းထားသဖြင့် ဖျက်ဆီး၍မရနိုင်ချေ။နယ်မြေသခင်တစ်ယောက်ပင်လျှင် ထိုအရာကို လွယ်လင့်တကူ လှုပ်ခတ်စေနိုင်မည် မဟုတ်ချေ။

သို့ရာတွင် ထိုအဝါရောင်မြေနဂါးဖြစ်စေ ထန်စစ်သင်္ဘောဖြစ်စေ လုယွီ၏လက်အတွင်း၌ အလွန်အမင်းနုနယ်နေပြီး ကြေမွှပျက်စီးသွားခဲ့သည်။

သို့ရာတွင် လူတချို့သည် လုယွီ၏စကားများကြောင့် ပို၍ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူသည် ထန်ဧကရာဇ်ကို စစ်ကြော်ညာလိုက်သလော....

ဤသည်မှာ မည်မျှထိ အတင့်ရဲသောကိစ္စဖြစ်သနည်း....

ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ ထန်အင်ပါယာမှလူအမြောက်အများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။လုယွီသည် သူတို့ထံသို့လာ၍ ပြဿနာရှာမည်ကို သူတို့အားလုံး အလွန်စိုးရိမ်ပူပန်နေကြ၏။

သူတို့အနက်မှအများစုသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ စီးပွားရေးလုပ်ကိုင်နေသော ကုန်သည်များပင်။သူတို့သည် ဤနေရာ၌ စီးပွားရေးလုပ်ကိုင်နေစဉ်တွင် တာယွီအင်ပါယာ၏လူတချို့ကို ဆဲဆိုခြင်း ရိုက်နှက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယခုအချိန်၌ ကျိုးပဲ့သွားသောထန်စစ်သင်္ဘောနှင့် ကံကြမ္မာအဝါရောင်မြေနဂါးကိုကြည့်ပြီး သူတို့သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပေ၏။

သူတို့သည် ထန်စစ်တပ်၏နောက်မှ အလျှင်အမြန်လိုက်ပါသွားကာ ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ ဆက်၍မနေဝံ့ကြတော့ချေ။

"လုယွီ...မင်း အခု တာအိုသခင်တစ်ယောက် တကယ်ကြီးဖြစ်သွားပြီလား"

ယင်ကျန်းသဲက မေးမြန်းသည်။

သူသည် အသိပညာဗဟုသုတပြည့်စုံသောလူတစ်ယောက်ပင်။ထိုကြောင့် လုယွီ၏ယခင်လှုပ်ရှားမှုများ မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သူ ကောင်းစွာသိရှိထားသည်။

Chapter 4352

ယင်ကျန်းသဲက သူ့ကိုယ်သူ ပြန်၍မေးခွန်းထုတ်လိုက်သည်။အကယ်၍ သူသည် လုယွီ၏စွမ်းအားဖြင့် ရင်ဆိုင်ရပါက သူ အနည်းငယ်မျှ ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။

"မဟုတ်ဘူး...ငါက အခုထိ တာအိုသခင်အဆင့်ကို မရောက်သေးဘူး"

လုယွီက အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"အခုချိန်မှာ ငါက အများဆုံးအနေနဲ့ တာအိုသခင်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပဲ တိုက်ခိုက်နိုင်လိမ့်မယ်....တကယ်လို့ ကျင့်ကြံဆင့်အခြေခံနက်ရှိုင်းတဲ့ တာအိုသခင်တစ်ယောက်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ငါ လွယ်လွယ်ကူကူရင်ဆိုင်နိုင်မှာမဟုတ်ဘူး"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

တာအိုသခင်များသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးတည်ရှိမှုကြီးများများပင်။လုယွီသည် ထိုကဲ့သို့ထိပ်သီးတည်ရှိမှုကြီးများကို တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ပြောဆိုလိုက်သလော။

ဤသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောကိစ္စပင်။

သို့ရာတွင် လုယွီ၏တည်ကြည်လေးနက်သောမျက်နှာအမူအယာကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အလိမ်အညာတစ်ခု မဟုတ်နိုင်ချေ။သူ့ထံ၌ တာအိုသခင်တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အရည်အချင်း အမှန်တကယ်ရှိနေနိုင်သည်။

ထို့ပြင် အစောပိုင်းက လုယွီ ထုတ်ဖော်ပြသခဲ့သောစွမ်းအားကို လူများအားလုံး မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ဤသည်မှာ အတုအယောင် မဟုတ်ချေ။

သူသည် အများဆုံးအနေဖြင့် တာအိုသခင်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုသာ တိုက်ခိုက်နိုင်သည်ဟု ပြောဆိုသည်မှာ မည်သည့်အရာအား ဆိုလိုခြင်းဖြစ်သနည်း....

တာအိုသခင်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အား လွယ်လင့်တကူ ရင်ဆိုင်နိုင်မည်ဟုသူ တွေးထင်နေသလော....

အနက်ရှိုင်းဆုံးခံစားချက်ရှိနေသူများသည် ယင်ချူးရွှေနှင့်ယင်ထျန်းမင်တို့ပင်။

တစ်ချိန်တုန်းက ယင်ချူးရွှေသည် လုယွီကို ထပ်ခါတလဲလဲ လှောင်ပြောင်သရော်ကာ ပြက်ရယ်ပြုခဲ့သည်။လုယွီသည် ထန်စစ်တပ်၏ပြိုင်ဘက်မဖြစ်နိုင်ဟု သူမ တွေးထင်ခဲ့လေ၏။

သို့ရာတွင် အဆုံးသတ်၌ လုယွီသည် သူမ၏မျက်နှာကို ပါးဖြတ်ရိုက်သည့်အလား ထန်စစ်တပ်ကို ဆက်တိုက်အောင်နိုင်ခဲ့ကာ သူ၏နာမည်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ကျော်ကြားသွားခဲ့သည်။

ထို့နောက် လုယွီသည် ကြယ်မြစ်အရှင်တစ်ယောက်ဖြစ်လာခဲ့ကာ ယင်ချူးရွှေတို့နှင့် အလှမ်းကွာဟသောနေရာသို့ ရောက်ရှိသွားခဲ့သည်။

ယခုလက်ရှိအချိန်၌ လုယွီ ရောက်ရှိလာပြီးနောက် သူ ထုတ်ဖော်အသုံးပြုလိုက်သောခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပေ၏။

"ငါတို့က မတူကွဲပြားတဲ့လူတွေဖြစ်ဖို့ ကံကြမ္မာရှိနေတဲ့ပုံပဲ"

ယင်ချူးရွှေ၏မျက်နှာပေါ်၌ ခါးသည်းသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူမသည် မူလက သူမကိုယ်သူမ လူငယ်မျိုးဆက်သစ်၏ထိပ်သီးပါရမီရှင်တစ်ယောက်ဟု တွေးထင်ထားသည်။သူမ၏အသက်ငယ်ရွယ်စဉ်မှာပင် တိုက်ပွဲစစ်မြေပြင်၌ နာမည်တစ်ခုထင်ကျန်အောင် ပြုလုပ်နိုင်ခဲ့သဖြင့် အလွန်ဂုဏ်ယူဝံ့ကြွားနေခဲ့သည်။

သို့ရာတွင် လုယွီနှင့်နှိုင်းယှဉ်ပါက သူမရရှိခဲ့သော အောင်မြင်မှုများသည် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။

"ကြည့်ရတာတော့ စာပေသူတော်စင်က လူကဲခတ်မှားပုံမရဘူး..မင်းက ဒီလောကကြီးထဲမှာ ထိပ်သီးပါရမီရှင်တယောက်ပဲ"

ယင်ကျန်းသဲက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး တည်ငြိမ်စွာပြောဆိုသည်။

"ဒါက ကံကောင်းသွားလို့ပါ"

ထို့နောက် သူ၏အကြည့်သည် ရုတ်တရက် ပတ်ဝန်းကျင်ရှိ အကျဉ်းသားများထံသို့ ဖြတ်သန်း၍ကျရောက်သွားပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။

ရွှပ်...

ထို့နောက် လုယွီသည် သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်ခြင်းနှင့်အတူ ကလေးတစ်ယောက်က သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

ဤကလေးသည် ကြီးမားသောအကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ပွယောင်းယောင်းဖြစ်နေသည်။ဤဝတ်စုံသည် တခြားအကျဉ်းသားများမှ ကြွင်းကျန်ခဲ့ပုံရပြီး သူနှင့် အံ့ဝင်ခွင်ကျဖြစ်မနေချေ။

ဤကလေး၏မျက်နှာပေါ်တွင် ဖုန်မှုန့်များပေကျံနေကာ ဒဏ်ရာဒဏ်ချက်အမြောက်အများလည်း ရှိနေသည်။

လုယွီက လက်ညှိုးညွှန်လိုက်ရာ ကလေး၏ခန္ဓာကိုယ်ကို ချည်နှောင်ထားသောသံကြိုးကြီး ချက်ချင်းကြေမွှပျက်စီးသွားသည်။

"နင်ချန်းရှန်...မင်းက ဘယ်လိုဖြစ်ပြီး ဒီနေရာကိုရောက်နေတာလဲ"

လုယွီက မေးမြန်းသည်။

လုယွီသည် နင်မိသားစုထံသို့ အလည်အပတ်သွားဖူးသဖြင့် သူ့ရှေ့ရှိကလေးကို ကောင်းစွာသိရှိထားသည်။

နင်ရှို့သည် လုယွီမှနေ၍ ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် စုံစမ်းထောက်လှမ်းရန် ဖွဲ့စည်းထားသော ကောင်းကင်ကွန်ယက်၏အဖွဲ့ဝင်တစ်ယောက်ပင်။သူသည် တိုက်ပွဲစစ်မြေပြင်၌ သေဆုံးသွားခဲ့သဖြင့် လုယွီက သူ၏မိသားစုကို စောင့်ရှောက်ပေးခဲ့သည်။

နင်ချန်းရှန်၏မျက်လုံးများ နီမြန်းနေကာ သူသည် အဝေးတစ်နေရာသို့ စူးစိုက်၍ကြည့်နေလေ၏။

ထိုနေရာ၌ မြင်းရထားလုံးတစ်စီးရှိနေသည်။မြင်းရထားလုံးကိုဆွဲသော မီးတောက်မြင်းလေးကောင်သည် လုယွီ၏ဖိအားဒဏ်ကို တောင့်မခံနိုင်ကြသဖြင့် သူတို့၏ရှေ့ခြေထောက်များဖြင့် မြေပြင်ပေါ်၌ဒူးထောက်နေကြ၏။ထိုမြင်းလေးကောင်အပြင် မြင်းရထားလုံးမောင်းသူသည်လည်း ဒူးထောက်နေသည်။

"ကျွန်တော်ကို ဓားတစ်လက်ပေးပါ"

နင်ချန်းရှန်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော လူများထံတွင် အံ့အားသင့်တုန်လှုပ်သွားသော မျက်နှာအမူအယာများ ထင်ဟပ်လာသည်။

ဤကောင်လေးသည် အလွန်အတင့်ရဲကာ လုယွီ၏ရှေ့၌ ဤကဲ့သို့ကိစ္စမျိုးကိုပင် ပြောဆိုဝံ့သည်။

လုယွီက ဤသည်မှာ ကိစ္စကြီးတစ်ရပ်ဟု တွေးတောခြင်းမရှိချေ။သူသည် သူ၏လက်ကိုမြှောက်ကာ ဖမ်းဆုပ်လိုက်၏။သေဆုံးသွားသော ထန်စစ်သားတစ်ယောက်၏လက်အတွင်းမှ ဆေဘာဓားတစ်ချောင်း ပျံ့လွင့်လာကာ သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

"မင်း ဒီဆေဘာသားကို ယူလို့ရတယ်...မင်း ဘာလုပ်ချင်တယ်ဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ပါ"

လုယွီက ထိုဆေဘာဓားကို နင်ချန်းရှန်၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

ဤဆေဘာဓားသည် ထန်စစ်တပ်၏စံသတ်မှတ်ချက်ဓားတစ်လက်ပင်။ဤသည်မှာ အလွန်လေးလံပေ၏။နင်ချန်းရှန်သည် ဤဆေဘာဓားကိုဆုပ်ကိုင်နိုင်ရန်အတွက် သူ့၏လက်နှစ်ဖက်ဖြင့်မကာ ပြင်းပြင်းထန်ထန်ကြိုးစားနေရသည်။

ထို့နောက် နင်ချန်းရှန်၏မျက်လုံးများ နီမြန်းသွားကာ သူသည် မြင်းရထားလုံးမောင်းသူထံသို့ဦးတည်၍ ပြေးဝင်သွားတော့သည်။

Chapter 4353

လူအုပ်ကြီး၏အကြည့်များအောက်တွင် အလွန်ငယ်ရွယ်သော ကလေးတစ်ယောက်သည် ဆေဘာဓားတစ်လက်ကိုဆုပ်ကိုင်ပြီး မြင်းရထားလုံးမောင်းသူထံသို့ လျှောက်လှမ်းသွားသည်။

သူ၏ခြေလှမ်းများသည် ဒယိမ်းဒယိုင်ဖြစ်နေသော်လည်း မလျှော့သောဇွဲဖြင့် ဆေဘာဓားကိုဆုပ်ကိုင်ထားဆဲပင်။နင်ချန်းရှန်သည် အကျဉ်းထောင်အတွင်း၌ တစ်ရက်သာ နေထိုင်ခဲ့ရသည်။

ခြေလှမ်းသံများကိုကြားမိသဖြင့် မြင်းရထားလုံးမောင်းသူသည် သူ၏ခေါင်းကို အနည်းငယ်မော့ကြည့်လိုက်၏။

အစောပိုင်းက လုယွီ၏အသံကိုကြားချိန်တွင် သူ့၏ခေါင်းကို အနည်းငယ်မျှ မော့မကြည့်ဝံ့ခဲ့ချေ။

သို့သော် ယခုချိန်၌ သူ၏ခေါင်းကို အနည်းငယ်မော့လိုက်ချိန်တွင် မြင်းရထားလုံးမောင်းသူသည် နင်ချန်းရှန်ကို မြင်တွေ့မိလေ၏။

ဤအချိန်တွင် နင်ချန်းရှန်သည် ဆေဘာဓားကိုဆုပ်ကိုင်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။မည်သူမည်ဝါဖြစ်နေပါစေ အကြည့်တချက်ဖြင့် တစ်ဖက်လူသည် မည်ကဲ့သို့ပြုလုပ်ရန် ကြံရွယ်နေသည့်အား အတပ်ပြောနိုင်သည်။

"ခွေးမသားလေး...မင်း...."

မြင်းရထားလုံးမောင်းသူသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

သူသည် နင်ချန်းရှန်ကို ကြောက်ရွံ့ခြင်းမရှိချေ။သို့ရာတွင် ထိုကလေး၏လက်အတွင်း၌ ဆေဘာ ဓားတစ်လက်ရှိနေသည်။

နင်ချန်းရှန်၏ခြေလှမ်းများသည် ရပ်တန့်သွားခြင်းမရှိချေ။သူသည် အစောပိုင်းက အကျဉ်းသားများ၏နေရာ၌ ရှိနေသော်လည်း မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြင်းရထားလုံးမောင်းသူနှင့် နီးကပ်သွားလေပြီ။

အန္တရာယ်သည် သူ၏ရှေ့သို့ ရောက်ရှိလာသဖြင့် မြင်းရထားလုံးမောင်းသူသည် တန်ပြန်တိုက်ခိုက်ရန်အတွက် မတ်တတ်ထရပ်လိုက်သည်။

"အား ငါ့ရဲ့လက်တွေ လှုပ်လို့မရတော့ဘူး"

မြင်းရထားလုံးမောင်းသူထံမှနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်ရှိကြွက်သားများနှင့်အရိုးများအားလုံးကို မမြင်နိုင်သောအားလှိုင်းတစ်ရပ်မှ ဖိနှိပ်ထားသည်အား ခံစားနေရသည်။ဤသည်မှာ အလွန်လေးလံသောတောင်ကြီးတစ်လုံး သူ၏ခေါင်းထက်သို့ ဖိစီးနေသဖြင့် သူ အနည်းငယ်မျှ မလှုပ်ရှားနိုင်တော့သည့်အလားပင်။

ရှပ်....ရှပ်...ရှပ်...

မကြာမီမှာပင် နင်ချန်းရှန်သည် သူ၏ရှေ့သို့ ရောက်ရှိလာပေ၏။

"မလုပ်နဲ့...ငါ မသေချင်သေးဘူး"

မြင်းရထားလုံးမောင်းသူသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး ရုတ်တရက်အော်ဟစ်လိုက်သည်။

နောက်ထပ်အချိန်အခိုက်အတန့်၌ နင်ချန်းရှန်သည် သူ၏လက်တွင်းမှ ဆေဘာသားဖြင့် မြင်းရထားလုံးမောင်းသူ၏လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

နင်ချန်းရှန်၏ခွန်အားသည် အလွန်အားနည်းပေ၏။ထိုဆေဘာဓားသည် မြင်းရထားလုံးမောင်းသူ၏လည်ပင်းကို ထိုးစိုက်မိရုံမျှသာရှိပြီး သူ၏ခေါင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းမရှိချေ။

မြင်းရထားလုံးမောင်းသူ၏လည်ပင်းမှ အနီရောင်သွေးများ ပန်းထွက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီစပြုလာကာ သူ၏မျက်လုံးအတွင်း၌ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် သူ့ထံသို့သက်ရောက်နေသည့် ဖိအားအရှိန်အဝါသည် အလွန်ပြင်းထန်သဖြင့် သူ ထွက်ပြေး၍မရချေ။

နင်ချန်းရှန်သည် အလွန်စိတ်လှုပ်ရှားသွားပေ၏။သူသည် ရုတ်တရက် မြင်းရထားလုံးမောင်းသူ၏ခါးကြားမှ ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။ထို့နောက် သူသည် ဓားမြှောင်ဖြင့် မြင်းရထားလုံးမောင်းသူ၏ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။

ရွှပ်...

ထိုဓားချက်သည် ချက်ကောင်းကိုထိသွားလေ၏

မြင်းရထားလုံးမောင်းသူ၏မျက်လုံးများ မှေးမှိန်သွားကာ သူ၏ခေါင်းး တစ်ဖက်သို့တိမ်းစောင်းပြီး သေဆုံးသွားတော့သည်။

"အား...."

နင်ချန်းရှန်ထံမှနေ၍ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။သူသည် ဓားမြှောင်ကိုဆွဲထုတ်ကာ မြင်းရထားလုံးမောင်းသူကို ထပ်မံ၍ကြိမ်ဖန်များစွာထိုးစိုက်လိုက်၏။

သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားပြီး နင်ချန်းရှန်၏ခန္ဓာကိုယ်ပေါ်တွင်လည်း စွန်းထင်းသွားသည်။

လူအမြောက်အများသည် နင်ချန်းရှန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ဤသည်မှာ

ကလေးတစ်ယောက်၏စွမ်းအားဖြစ်ကြောင်း တွေးတောကြည့်နိုင်ရန် လွန်စွာခက်ခဲသည်။

"နင်ချန်းရှန် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဘယ်သူသိလဲ"

လုယွီက မေးမြန်းသည်။

ယင်မိသားစုဝင်များသည် သူတို့၏ခေါင်းများကို ခါလိုက်ကြ၏။သူတို့သည် ယခင်ကတည်းက ချီအင်ပါယာမှလူများ၏ဖမ်းဆီးအကျဉ်းချခြင်းကို ခံထားရသည်။ထိုကြောင့် ပြင်ပ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိရှိခဲ့ချေ။

"အရှင် အဲ့ဒီကိစ္စကို ကျွန်တော်သိပါတယ်"

ထိုအချိန်မှာပင် လူအုပ်အကြားမှနေ၍ လူတစ်ယောက် မတ်တတ်ထရပ်ကာ သတိကြီးစွာထား၍ပြောဆိုသည်။

သူ၏နံဘေးတွင်ရှိနေသော တခြားအလုပ်သမားများကလည်း သူတို့၏ခေါင်းများကို မော့ထားကြသည်။သူတို့သည် ဤမတော်တဆကိစ္စကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသော်လည်း လုယွီကို စကားပြောဆိုဝံ့ခြင်းမရှိချေ။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုပြောစမ်း"

လုယွီက မေးမြန်းသည်။

ထိုလူသည် ဦးညွှတ်အရိုအသေပြုပြီးနောက် လမ်းပေါ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို လုယွီအား ပြောပြလေ၏။

နင်ချန်းရှန်း၏မိခင်သည် လမ်းပေါ်၌ သာမန်အတိုင်း လမ်းလျှောက်နေခဲ့ဖြစ်သော်လည်း ထန်အင်ပါယာ၏ရထားလုံးမှ မဆင်မခြင်ဒုန်းစိုင်းမောင်းနှင်မှုကြောင့် ဝင်တိုက်ခံရပြီး သေဆုံးသွားခဲ့သည်။

သို့ရာတွင် ဒေါသဖြစ်ဖွယ် အကောင်းဆုံးကိစ္စမှာ ချီစစ်သားများသည် ဤကိစ္စကို မမြင်ချင်အောင်ဆောင်နေပြီး ထန်အင်ပါယာ၏ရထားလုံးကို ဆက်လက်၍မောင်းနှင်ခွင့်ပြုလိုက်ခြင်းပင်။ထိုအစား နင်ချန်းရှန်နှင့်အလုပ်သမားတစ်ချို့သည် ဖမ်းဆီးခြင်းခံရလေ၏။

ချီစစ်သားများသည် ထန်အင်ပါယာမှလူများကို အလွန်အကျွံ့မျက်နှာသာပေးသည်မှာ ရှက်ရွံဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

"အမှိုက်လိုကောင်တွေ"

ယင်ကျန်းသဲသည် မြေပြင်ပေါ်၌ဒူးထောက်နေသော ချီအင်ပါယာ၏အရာရှိများကိုကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

Chapter 4354

စုန်ချင်းဖုန်းသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးသွားပြီး ယုဝမ်ယဲ့ကို ဖမ်းဆုပ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ယုဝမ်ယဲ့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏မျက်နှာ ဖြူရော်နေသည်။သူသည် ခွင့်လွှတ်မှုရရန်အတွက် ထပ်ခါတလဲလဲအသနားခံတောင်းပန်နေလေ၏။

"အရှင်လု ဝမ်ရှင်းအမတ်ကြီး...ဒီကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်ပါဘူး...ဒါတွေအားလုံးက ထန်အင်ပါယာရဲ့လူတွေ ငါ့ကိုဖိအားပေးပြီး လုပ်ခိုင်းတာပါ...တကယ်လို့ ငါ ဒီလိုမလုပ်ဘူးဆိုရင် အကျိုးဆက်တွေက အရမ်းကြောက်ဖို့ကောင်းလိမ့်မယ်..."

"ခွေးမသား"

စုန်ချင်းဖုန်း၏မျက်နှာပေါ်၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေကာ ယုဝမ်ယဲ့ကို မြေပြင်ပေါ်သို့ သာမန်ကာလျှံကာပစ်ချလိုက်သည်။

လုယွီက ယင်ကျန်းသဲကိုကြည့်ပြီး မေးမြန်းသည်။

"ဝမ်ရှင်းအမတ်ကြီး...သူ့ကိုဘာလုပ်ဖို့ စီစဉ်ထားလဲ"

ယင်ကျန်းသဲ၏မျက်နှာ သုန်မှုန်နေကာ သူက ယုဝမ်ယဲ့ကို စူးစိုက်၍ကြည့်လိုက်သည်။

"ယုဝမ်မိသားစုက အစကတော့ တော်ဝင်နန်းတွင်းရဲ့လက်အောက်ခံမိသားစုတစ်စုပဲ...ဒါပေမဲ့ အရေးကြီးတဲ့ အချိန်အခိုက်အတန့်မှာ သူတို့က ချီဘုရင်နဲ့ပူးပေါင်းပြီးတော့ ပုန်ကန်ခဲ့ကြတယ်....သူတို့က ပုန်ကန်သူတွေပဲ"

"ဒါတင်မကဘူး...ယုဝမ်မိသားစုက ထန်အင်ပါယာနဲ့ပူးပေါင်းပြီးတော့ သာမန်လူတွေကိုလက်အောက်ခံဖို့ ဖိအားပေးခဲ့တယ်...သူတို့က အရမ်းအရှက်မဲ့တဲ့လူတွေပဲ....တရားဥပဒေအရဆိုရင် သူတို့က သေဒဏ်ပေးခံရသင့်တယ်"

ယုဝမ်ယဲ့သည် ထိုစကားများကိုကြားချိန်၌ သူ၏ခန္ဓာကိုယ် ပို၍ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

သူထံ၌ တန်ပြန်တိုက်ခိုက်ရန်အတွက်လည်း ရည်ရွယ်ချက်မရှိချေ။လုယွီသည် အလွန်အစွမ်းထက်သူဖြစ်သဖြင့် သူသည် ခုခံရန်ပင် သတ္တိမရှိတော့ချေ။

ယုဝမ်ယဲ့၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသဖြင့် အလျင်စလိုပြောဆိုလိုက်သည်။

"အရှင်လု...ငါ့မှာ အသုံးဝင်မှုတချို့ ရှိနေပါတယ်...အရင်ဆုံး ငါ့ကို မသတ်ပါနဲအုံး"

"မင်းမှာ အသုံးဝင်တာ ဘာရှိလို့လဲ...ငါတို့ကောင်းကင်ချိုဖျက်ခံတပ်မှာ လူမျိုးစုံရှိပေမယ့် မင်းလိုသူရဲဘောကြောင်တဲ့ကောင်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"

နံဘေးတစ်ဖက်တွင်ရှိနေသော ယင်ထျန်းမင်က သရော်တော်တော်ပြောဆိုသည်။

ယုဝမ်ယဲ့က အလျင်စလိုပြောဆိုလိုက်၏။

"ငါ့ရဲ့အစ်ကိုယုဝမ်ကျီးက ချီအင်ပါယာရဲ့အမတ်ချုပ်ကြီးပါ...တကယ်လို့ မင်းတို့ရဲ့လက်ထဲကို ငါ ရောက်နေတယ်ဆိုတာ သူ သိသွားရင် ....ငါ့ရဲ့အစ်ကိုက ငါ့ကိုလာကယ်မှာ သေချာတယ်...အဲ့ဒီအချိန်ကျရင် မင်းတို့က သူတို့အားလုံးကို ဖမ်းလို့ရတယ်"

ယုဝမ်ယဲ့သည် ချေပပြောဆိုလိုက်သော်လည်း ကျယ်ကျယ်လောင်လောင် ပြောဆိုဝံ့ခြင်းမရှိချေ။

သူသည် ချီအင်ပါယာ၏အင်အားကို ကောင်းစွာသတိပြုမိလေ၏။

မြို့အတွင်းရှိပုန်ကန်သူများကို ဖိနှိပ်ရုံဖြင့် ချီစစ်တပ်ထံတွင် ဆုံးရှုံးမှုအမြောက်အများ ရှိခဲ့သည်။ကျားများ ဝံပုလွေများနှင့်တူညီသော တာယွီအင်ပါယာ၏ပုံမှန်စစ်တပ်များကို ရင်ဆိုင်ရန်မှာ ချီစစ်တပ်အတွက် မည်သို့မျှ မဖြစ်နိုင်ချေ။

ထန်အင်ပါယာ၏အကူအညီမရှိပါက ယခုအချိန်၌ ချီအင်ပါယာသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေပေမည်။

"ထားလိုက်တော့...သူ့ကို အခုချက်ချင်း သတ်လိုက်တော့"

ယင်ကျန်းသဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ယင်မိသားစုဝင်နှစ်ယောက်သည် ရှေ့သို့ပြေးထွက်လာကာ ယုဝမ်ယဲ့ကို ဖမ်းချုပ်လိုက်၏။ထို့နောက် သူတို့၏လက်များအတွင်းမှ ဓားများကိုမြှောက်လိုက်ခြင်းနှင့်အတူ ယုဝမ်ယဲ့၏ခေါင်း လေထုအတွင်းသို့ မြောက်တက်သွားတော့သည်။

သူ အသက်ရှင်သန်နေစဉ်အချိန်တွင် မူလကယင်မိသားစုဝင်များအတွက် ပြင်ဆင်ထားခဲ့သော ကွပ်မျက်ရေးကွင်းပြင်သည် အဆုံးသတ်၌ သူ့အတွက် ဖြစ်သွားမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိမည် မဟုတ်ချေ။

"တခြားလူတွေကို ဘယ်လိုဖြေရှင်းမယ်လို့ အရှင်လု စဉ်းစားထားလဲ"

ယင်ကျန်းသဲက မေးမြန်းသည်။

သူသည် အမတ်ကြီးတစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံးအနက် လုယွီသည် အစွမ်းထက်ဆုံးပင်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ခွန်အားသည်သာ အရာရာဖြစ်သည်။လက်သီးချက်ပို၍ပြင်းသောမည်သူမဆို တခြားသူများကို နာခံအောင် ပြုလုပ်နိုင်ပေမည်။

ထို့ပြင် လုယွီသည် အစောပိုင်းက ကောင်းကင်ချိုးဖျက်ခံတပ်သည် သူ၏အပိုင်ဖြစ်သွားပြီဟု ပြောဆိုခဲ့သည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ဤသည်မှာ ရယ်စရာပြက်လုံးတစ်ခုဖြစ်သည်ဟု မခံစားရချေ။

ယင်ကျန်းသဲ၏လက်အောက်တွင်ရှိနေသော ကောင်းကင်ချိုးဖျက်စစ်တပ်သည် ယခင်ကတည်းက ပြန့်ကျဲနေကာ အထိန်းအကွပ်မရှိသော စစ်တပ်တစ်တပ်သာ ဖြစ်နေလေပြီ။ယခုအချိန်၌ ဤနေရာတွင် နောက်ဆုံးပြောရေးဆိုခွင့်ရှိသူသည် လုယွီပင်။

လုယွီက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

ချီစစ်တပ်မှ စစ်ဗိုလ်ချုပ်များနှင့်အရာရှိများအားလုံး မြေပြင်ပေါ်၌ဒူးထောက်နေတာဟဆောင်းရာသီအတွင်းရှိ ပုစဥ်းရင်ကွဲကောင်များအလား တိတ်ဆိတ်ငြိမ်သက်နေသည်။

"မင်းတို့က ထန်အင်ပါယာရဲ့နောက်ကိုလိုက်ပြီးတော့ ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်...တကယ်လို့ ဒီနေ့ ငါက မင်းတို့ကို အပြစ်မပေးဘူးဆိုရင်တောင် ကောင်းကင်ဘုံက မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး"

လုယွီက မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်သည်။

ဘုန်း....ဘုန်း....ဘုန်း....

မိုးကြိုးလှိုင်းတချို့သည် ရုတ်တရက် မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာကာ အရာရှိတချို့၏ခန္ဓာကိုယ်များကို ရိုက်ခတ်သွားသည်။

ထိုအရာရှိများသည် အော်ဟစ်ရန်ပင် အချိန်မရရှိခဲ့ဘဲ သူတို့၏ခန္ဓာကိုယ်များသည် ပြာပုံများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ထိုလူများ၏နံဘေးတွင်ရှိနေသော လူများ၏ခန္ဓာကိုယ်များ အဆက်မပြတ်တုန်ရီနေသည်။မိုးကြိုးလှိုင်းသည် သူတို့၏နံဘေးသို့ ပွတ်ကာသီကာကျရောက်သွားသဖြင့် အကယ်၍ အနည်းငယ်ပို၍နီးကပ်လာပါက သူတို့ကို ထိမှန်သွားပေမည်။

ဤမိုးကြိုးလှိုင်းများအောက်၌ လူတစ်ရာကျော် သေဆုံးသွားခဲ့သည်။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"သေသွားတဲ့ လူတွေအားလုံးက အပြစ်သားတွေပဲ....သူတို့က သေဖို့ထိုက်တန်တယ်...ကျန်တဲ့လူတွေကတော့ ကောင်းကင်ပုံကပ်ဘေးမိုးကြိုးရဲ့ အပြစ်ပေးတာကို မခံရတဲ့အတွက် မင်းတို့ရဲ့အသက်တွေကို ချမ်းသာပေးလိုက်မယ်...ထွက်သွားကြစမ်း"

လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရလေ၏။

ဤကဲ့သို့ အပြစ်ပေးသောနည်းလမ်းတစ်ခုကို သူတို့သည် ယခင်က တကြိမ်တခါမျှ ကြားခဲ့ဖူးခြင်းမရှိချေ။

"မိုးကောင်းကင်ယံမှာ ကောင်းကင်ဘုံမျက်လုံး မျောလွင့်နေပြီးတော့ တစ်စုံတစ်ယောက်ရဲ့စိတ်နှလုံးသားကို ထွင်းဖောက်မြင်နိုင်တယ်...ဒါက တာအိုသခင်တွေပဲ အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခု မဟုတ်လား...."

Chapter 4355

တာအိုသခင်တစ်ယောက်၏စိတ်အာရုံသည် အလွန်အမင်းထက်ရှပေ၏။ဤကဲ့သို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် မည်သူမည်ဝါဖြစ်နေပါစေ သူတို့၏လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နေနိုင်သည့်အလား ခံစားရပေမည်။

အတိတ်တွင် ကောင်းမွန်သောကိစ္စများကို လုပ်ခဲ့သူများသည် ယခုလက်ရှိအချိန်၌ ဘေးကင်းလုံခြုံနေသည်။မည်သူမဆို သူတို့၏ခန္ဓာကိုယ်များတွင် သူတို့ပြုလုပ်ခဲ့သော ကံကြမ္မာများဖြင့် စွန်းထင်းနေပေ၏။

မိုးကောင်းကင်သည် လူသားများလုပ်ဆောင်သည့်အရာဟူသမျှကို စောင့်ကြည့်နေခဲ့သည်။

တခြားတစ်ဖက်တွင် တာအိုသခင်များသည် မဟာတာအိုဥပဒေသများကို ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်သည်။အမှန်အားဖြင့် တာအိုသခင်များသည် ကောင်းကင်ဘုံတာအို၏စွမ်းအားမှ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

မိုးကြိုးများဖြင့် အပြစ်ပေးခြင်း အဆုံးသတ်သွားချိန်၌ လုယွီက တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ဒါက ငါ မင်းတို့ကို အသက်ချမ်းသာပေးတာမဟုတ်ဘူး...မင်းတို့သေဖို့ အချိန်မကျသေးလို့ပဲ""

"အရှင်လုကို ကျေးဇူးတင်ပါတယ်...ကျွန်တော်တို့ကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်"

အသက်ရှင်ရက်ကျန်ရှိနေသော ချီအင်ပါယာမှအရာရှိများအားလုံး ပြင်းပြင်းထန်ထန် ဦးတိုက်အရိုအသေပြုလိုက်ကြ၏။သူတို့အနက်မှတချို့သည် ချီအင်ပါယာ၏လက်အောက်ခံများဖြစ်လာရန် အတင်းအကြပ်ဖိအားပေးခြင်း ခန့်ထားရသဖြင့် ဆိုးရွားသောကိစ္စအမြောက်အများကို လုပ်ဆောင်ခဲ့ခြင်းမရှိချေ။

ဤအကြောင်းအရင်းကြောင့် သူတို့ အသက်ရှင်သန်နိုင်ခဲ့ခြင်းပင်။

"အခုချိန်ကနေစပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်က ငါ့ရဲ့အမိန့်ကို နားထောင်ရမယ်...အရှင်အမတ်ကြီးက ဘယ်လိုသဘောရလဲ"

လုယွီက ယင်ကျန်းသဲကိုကြည့်ပြီး မေးမြန်းသည်။

လက်ရှိနေရာတွေရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ဤအချိန်ကျမှသာ ကောင်းကင်ချိုဖျက်ခံတပ်သည် သူ၏အပိုင်ဖြစ်သွားပြီဟု လုယွီပြောဆိုသောစကားသည် အချည်းနှီးမဟုတ်ကြောင်း လူများအားလုံး နားလည်သွားသည်။

လုယွီ၏အမိန့်ကိုလိုက်နာခြင်းနှင့် တော်ဝင်နန်းတွင်း၏အမိန့်ကိုလိုက်နာခြင်းဟူသည်မှာ မတူကွဲပြားသော အခန်းကဏ္ဍနှစ်ခုပင်။

ဖြစ်နိုင်သည်မှာ သူ၏ကိုယ်ပိုင်နယ်မြေကိုတည်ထောင်ရန် ကြံရွယ်နေသလော...

လက်ရှိနေရာတွင်ရှိနေသော လူအမြောက်အများသည် သူတို့၏မျက်လုံးထောင့်များမှနေ၍ လုယွီကိုကြည့်ကာ သူတို့ထံ၌ ထိတ်လန်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ လုယွီ၏ယခင်နည်းလမ်းများကြောင့်သာ မဟုတ်ပါက သူတို့အနက်မှအများစုသည် ဤစကားမှာ ရယ်စရာပြက်လုံးတစ်ခုသာဖြစ်ကြောင်း တွေးထင်ကြပေမည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုသို့တွေးတောခြင်း မရှိချေ။

လုယွီသည် ပြန်လည်မွေးဖွားလာသူတစ်ယောက်ပင်။သူသည် ပြန်လည်မွေးဖွားလာခဲ့ရုံသာမက ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသောခွန်အားကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။

သူ့ထံ၌ နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်သောခွန်အား ရှိနေလေပြီ။

ယင်ကျန်းသဲက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်၏။

"ငါက အရှင်လုရဲ့အမိန့်ကို နာခံပါ့မယ်"

ယင်မိသားစုဝင်များအားလုံးသည်လည်း တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ငါတို့အားလုံးက အရှင်လုရဲ့အမိန့်ကို နာခံပါ့မယ်"

စုန်ချန်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ထန်အင်ပါယာက ဒီတစ်ကြိမ်မှာ အများကြီးဆုံးရှုံးသွားခဲ့တယ်...သူတို့က သေမှာကို ထိုင်စောင့်နေမှာ မဟုတ်ဘူး...ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ပြင်ပမှာ စောင့်ကြပ်နေတဲ့ ချီအင်ပါယာရဲ့တပ်ရင်းနှစ်ရင်း ရှိနေတယ်...သူတို့က ဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို အငိုက်ဖမ်းပြီးတိုက်ခိုက်မှာ ငါ စိုးရိမ်မိတယ်"

"ဒါက ပြဿနာမရှိဘူး...ငါက ဖေးထျန်ကွမ်းဆီကို သတင်းစကား ပေးပို့ထားပြီးပြီ....ပုန်းကွယ်နဂါးစစ်တပ်က ငါတို့ကို ထောက်ပံ့ဖို့အတွက် ရောက်လာလိမ့်မယ်...ဒါပြင် ငါက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့စစ်သားဟောင်းတွေအားလုံးကို ဆက်သွယ်ဖို့ ကောင်းကင်ကွန်ယက်ကို တောင်းဆိုထားပြီးပြီ...ဒါကြောင့် ဆရာစုန့်က ဘာမှစိုးရိမ်ဖို့ မလိုဘူး"

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

ထိုအချိန်ကျမှသာ လူများအားလုံး စိတ်သက်သာရာရသွားကြသည်။ပုန်းကွယ်နဂါးစစ်တပ် ရောက်ရှိလာမည် ဆိုသောကြောင့် သူတို့သည် ရန်သူများကို ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိတော့ချေ။

ဤသည်မှာ လုယွီ၏ကိုယ်ပိုင်စစ်တပ်ပင်။

ကောင်းကင်ချိုးဖျက်စစ်တပ်ပင်လျှင် ပုန်းကွယ်နဂါးစစ်တပ်၏တိုက်ခိုက်ရေးစွမ်းအားကို ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။

လုယွီက ရုတ်တရက် မလှမ်းမကမ်းအကွာတွင်ရှိနေသော နင်ချန်းရှန်ကို ကြည့်လိုက်သည်။

"လက်စားချေသင့်တဲ့လူကို လက်စားချေပြီးပြီမဟုတ်လား...အခု မင်း ဘာဆက်လုပ်မှာလဲ"

နင်ချန်းရှန်၏ခန္ဓာကိုယ် တုန်ရီနေသော်လည်း သူ၏မျက်လုံးတစ်စုံသည် နာကြည်းမုန်းတီးမှုများဖြင့် တောက်ပနေကာ အက်ရှရှအသံဖြင့်ပြောဆိုသည်။

"ငါက ထန်အင်ပါယာကလူတွေကို သတ်ချင်တယ်...ငါက သူတို့အားလုံးကို သတ်မယ်...သူတို့တွေကို တစ်ယောက်မှ အသက်ချမ်းသာခွင့်မပေးနိုင်ဘူး"

ဖြောင်း...

လုယွီက နင်ချန်းရှန်၏နောက်စေ့ကို တစ်ချက်ဖြတ်ရိုက်လိုက်သည်။

"ငါက မင်းကို လက်စားချေမယ့်ကိစ္စကိုပဲ ပြောခဲ့တာ...မင်းရဲ့စိတ်နှလုံးသားတစ်ခုလုံးကို နာကြည်းမုန်းတီးမှုတွေ လွှမ်းမိုးသွားဖို့မလိုဘူး... တကယ်လို့ မင်းက လက်စားချေတာနဲ့သတ်ဖြတ်တာရဲ့ကြားက ကွဲပြားခြားနားမှုကို မသိဘူးဆိုရင် ငါ မင်းကို အခုချက်ချင်းသတ်ပစ်မယ်....ဒါဆို နောင်အနာဂတ်ကျရင် ကောင်းကင်ဘုံနယ်မြေထဲမှာ နောက်ထပ်ဘေးကပ်ဆိုကြီးတစ်ခု ထွက်ပေါ်လာတာကနေ ကာကွယ်နိုင်လိမ့်မယ်"

ဤစကားများသည် ခေါင်းလောင်းတစ်လုံး မြည်ဟီးသွားသည့်အလား နင်ချန်းရှန်၏နားအတွင်းသို့ ဝင်ရောက်သွားသည်။

နင်ချန်းရှန်သည် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရသည်။သူ၏အသက်အရွယ်ဖြင့် ဤမျှများပြားသော လောကဓံအတက်အကျများကို တောင့်ခံခဲ့ရသဖြင့် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ အထိန်းအကွပ်မဲ့စွာ ယိုစီးကျလာသည်

"ချန်းရှန်က အမြင်ကျဥ်သွားခဲ့တယ်...အရှင်လုက ကျွန်တော်ကို တပည့်တစ်ယောက်အဖြစ်လက်ခံဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်"

နင်ချန်းရှန်သည် ရုတ်တရက် လုယွီ၏ရှေ့၌ ဒူးထောက်ပြီး အသနားခံတောင်းဆိုလိုက်၏။

All Chapters