← Chapters

အခန်း (၂၉၂)

Vol. 30 Ch. 292

အခန်း (၂၉၂)

Vol. 30 Ch. 292

(292)

လင်းကျန်းအန်းအနေဖြင့် သမီးဖြစ်သူ၏ သိတတ်လိမ်မာမှုတို့ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကာ စိတ်လည်း လှုပ်ရှားခဲ့ရသည်။

ထို့ကြောင့် သူ မြို့ထဲသို့ ပထမဆုံးအကြိမ် လာခဲ့ပြီး ပထမဆုံး ဝင်ငွေရရှိပြီးကတည်းက သမီးဖြစ်သူအတွက် သင့်တော်သောမီးဖိုချောင်သုံး ပစ္စည်းအသစ်တစ်စုံကို စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပေသည်။

ယခုအချိန်တွင် နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ အရာအားလုံးက ပြင်ဆင်ပြီးဆုံးသွားခဲ့ပေပြီ။

သူ စုဆောင်းထားသော ငွေများသည်လည်း ကုန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏လက်ထဲတွင် စက်မှုလက်မှတ် အလုံအလောက်မရှိသောကြောင့် ငွေကြေးကိုသုံး၍ လဲလှယ်သည့် နည်းလမ်းများကိုသာ ရှာဖွေခဲ့ရသည့်အတွက် သူပိုင်ဆိုင်သည့် ငွေကြေးများအားလုံး ကုန်သလောက်နီးပါးဖြစ်သွားခဲ့ရလေ၏။

သို့သော် သူသည်က ထိုငွေများကို သုံးစွဲခဲ့ရခြင်းအတွက် လုံးဝ စိတ်မကောင်း မဖြစ်ခဲ့ပေ။ သမီးဖြစ်သူသာ ထိုပစ္စည်းများကို နှစ်သက်မည်ဆိုလျှင် သူသည်လည်း ပျော်ရွှင်ရပေလိမ့်မည်။

သူ့အနေဖြင့် ငွေကြေးများကို ပြန်ရှာနိုင်သည်။ နောက်ပိုင်းတွင်လည်း သူမ ပို၍နှစ်သက်မည့် ပစ္စည်းများကို ဝယ်ပေးရန် ပို၍ပင်ရှာဖွေနိုင်လိမ့်မည်။

လင်းရန်တစ်ယောက် အိမ်တွင်ရှိနေသော ထင်းမီးဖိုနှင့်သုံးစွဲသော ဒယ်အိုးကြီးထက် ထက်ဝက်ခန့် ပိုငယ်သော ဒယ်အိုးနှင့် အသုံးပြုရပိုမိုလွယ်ကူမည့် ယောက်မတို့ကို မြင်လိုက်ရချိန်တွင် အဖေဖြစ်သူ၏ စိတ်သဘောထားကို အမှန်တကယ် သဘောပေါက်သွားခဲ့လေ၏။

သူမအနေဖြင့် ထိုကဲ့သို့အလွန်ကြီးမားသော ဒယ်အိုးများနှင့် မီးဖိုများကို အသုံးမပြုတတ်သည်ကို သူမ၏အဖေက သတိပြုမိနေခဲ့သည်။

ထိုအကြောင်းကို နှလုံးသားထဲတွင် မှတ်သားထားကာ သူမနှင့် သင့်တော်မည့် ကိရိယာတစ်စုံကို စိတ်ကြိုက်မှာယူရန် နည်းလမ်းရှာခဲ့သည်ပင်။

ဤကဲ့သို့စိတ်ရင်းစေတနာနှင့် ဤလက်ဆောင်ကို လင်းရန်အနေဖြင့် အကောင်းဆုံးနှင့် အမွန်မြတ်ဆုံး လက်ဆောင်ဟု ခေါ်ဝေါ်ရန် ဝန်လေးမည်မဟုတ်ပေ။

တခြားသူများအတွက် ထူးဆန်းနေနိုင်သော်လည်း သူမအတွက်တော့ ဤပစ္စည်းများက သူမ၏ နှစ်သက်မှုနှင့် အကိုက်ညီဆုံးသော လက်ဆောင်ဖြစ်ပေသည်။

“အဖေ၊ ကျွန်မ ဒါကို အရမ်းကြိုက်တယ်၊ ကျေးဇူးတင်ပါတယ်!”

လင်းရန်က အဖေလင်းကို ပျော်ရွှင်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများသည်လည်း အနည်းငယ် နီမြန်းနေခဲ့သည်။

သူမက အဖေလင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ချက်ချင်းပင် ငိုချလိုက်ချင်စိတ်တို့ဖြစ်လာခဲ့ရလေ၏။

သူမ၏တုံ့ပြန်မှုကို မြင်မှသာ အဖေလင်းလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်နိုင်တော့သည်။

သူ ပေးလိုက်သည့်ပစ္စည်းများကို သမီးဖြစ်သူ မနှစ်သက်မည်ကို သူ စိုးရိမ်နေခဲ့သည်။

သို့သော်လည်း သူ၏ အာရုံခံစားမှုကည မှန်ကန်နေခဲ့ပေ၏။

“ ဘာတွေပြောနေတာလဲ? အဖေက မင်းရဲ့အဖေပဲလေ၊ အဖေက မင်းကို တစ်ခုခုပေးတာကို ကျေးဇူးတင်စကား ပြောဖို့ လိုနေလို့လား”

အဖေလင်းက ဂရုမစိုက်သကဲ့သို့ သာမန်ကာလျှံကာ အမူအရာမျိုးကို တမင်လုပ်ပြနေသော်လည်း သူ၏ နှုတ်ခမ်းထောင့်ရှိ အပြုံးများမှာ ကောင်းကင်သို့ ပျံတက်တော့သယောင် ဖြစ်နေသည်ကိုတော့ သူ မသိရှိခဲ့ပေ။

ဘေးနားတွင်ရှိနေသော အဘွားလင်းနှင့် လင်းကျန်းဖူတို့သည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လင်းကျန်းအန်း ပြင်ဆင်ထားသော လက်ဆောင်က အမှန်တကယ်ပင် စဉ်းစားတွေးခေါ်မှုတို့ပါရှိနေကြောင်းကိ ရုတ်တရက် သဘောပေါက်သွားခဲ့ကြလေ၏။

သူတို့က လင်းရန်အပေါ်တွင် အလွန်ကောင်းသည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း အမှန်တကယ်တမ်းတွင် သူမ အလိုအပ်ဆုံးအရာကိုပင် သူတို့ သတိမထားမိခဲ့ကြပေ။

သို့သော် ဖခင်နှင့် သမီးကြားရှိ ကောင်းမွန်သောဆက်ဆံရေးကို မြင်တွေ့ရသည့်အတွက် သူတို့လည်း ပျော်ရွှင်နေခဲ့ကြလေ၏။

စုန့်ရှီးယန်သည်ကား နှလုံးသားထဲအတွက် မနာလိုစိတ်များ ဖြစ်ပေါ်လာရသည်။ သူက လင်းကျန်းအန်းကိုပင် အနည်းငယ် အားကျပြီး မနာလိုသော အကြည့်ဖြင့် ကြည့်လိုက်မိလေ၏။

အမြဲတစေ အေးဆေးတည်ငြိမ်စွာ နေတတ်သော လင်းကျန်းအန်းက တိတ်တဆိတ်ဖြင့် ယခုကဲ့သို့ ကြီးကျယ်သော အလုပ်မျိုးကို လုပ်ဆောင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

လင်းရန်၏ ပျော်ရွှင်နေသည့်အမူအရာများကို မြင်လိုက်ရသည့်အချိန်တွင် နောင်တရစွာတွေးတောမိခဲ့သည်။

အကယ်၍ သူသာ ဤပစ္စည်းများကို ကြိုတင်တွေးမိခဲ့ပါက လင်းရန်အနေဖြင့် သူနှင့်အတူ လက်ထပ်မှတ်ပုံတင်လက်မှတ်သွားယူရန် ထိုနေရာမှာပင် သဘောတူလောက်မည်လားမသိနိုင်ပေ။

စုန့်ရှီးယန်တစ်ယောက် အဆုံးမရှိသော နောင်တများရရှိနေပြီး နောက်ပိုင်းတွင် ပိုမိုစဉ်းစားတွေးခေါ်ရမည်ဟု သူ့ကိုယ်သူ ပြန်လည်သတိပေးနေခဲ့သည်။

စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားပြီးနောက် လင်းရန်က ထိုပစ္စည်းကိရိယာများကို သူမ၏ လက်ထဲသို့ ဂရုတစိုက်ယူလိုက်လေ၏။ ထိုပစ္စည်းများသည်က သူမအတွက် ရတနာများကဲ့သို့ဖြစ်နေခဲ့သည်။

သူမက အခုချက်ချင်းပင် အသုံးပြုချင်နေလေပြီ။

သို့သော်လည်း နောက်ပိုင်းတွင် သူမအနေဖြင့် မြို့ထဲ၌ စားဖိုမှူးရှုန်းနှင့်အတူ ဆက်လက်ပညာသင်ယူရမည်ကို တွေးမိကာ လင်းရန်တစ်ယောာ် ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

နောက်ဆုံးတွင်တော့ ထိုပစ္စည်းကိရိယာများကို ကျေးလက်မှနေအိမ်သို့ ပြန်မယူသွားရန် ဆုံးဖြတ်လိုက်လေသည်။သူမက ချင်းယွင်ကျစ် သူမအတွက်ပေးထားသော အိမ်သို့ သူမ၏မိသားစုဝင်များကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

အဖေလင်းပေးသည့် ပစ္စည်းများကိုလည်း သူမ အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် ထိုအိမ်တွင် ချန်ထားရန် စီစဉ်လိုက်လေ၏။

သူမသည်က ဤပစ္စည်းများကို အိမ်တွင် သိမ်းဆည်းထားရန် ရည်ရွယ်ချက်မရှိပေ။ ပစ္စည်းဝယ်ခြင်း၏ ရည်ရွယ်ချက်က အသုံးပြုရန်ပင် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဖုန်တက်အောင် ထားရှိမည်ဆိုပါက အဓိပ္ပာယ် ရှိမည်မဟုတ်ပါချေ။

ထို့အပြင် ပစ္စည်းများကို ပိုမိုအသုံးပြုလေလေ၊ လက်ဆောင်ပေးသူကလည်း ပို၍ဂရုစိုက်ခံရသည်ဟု ခံစားရလေလေဖြစ်ကာ ပိုမိုပျော်ရွှင်လာပေလိမ့်မည်။

တိုက်ဆိုင်စွာဖြင့် လင်းကျန်းအန်းသည်လည်း မြို့ထဲတွင် ရှိနေသည့် သူမ၏ အိမ်လိပ်စာနှင့် ဘေးပတ်ဝန်းကျင်အကြောင်းကို သိချင်နေခဲ့သည်။

သို့ဆိုပါက နောက်တစ်ကြိမ် သမီးဖြစ်သူကို လာတွေ့ချိန်တွင် လမ်းရှာနေစရာမလိုတော့ပေ။

ဤသို့ဖြင့် လင်းရန်က သူမ၏မိသားစုကို သူမ၏ အိမ်သစ်ဆီသို့ ခေါ်ဆောင်သွားခဲ့လေ၏။

အိမ်သို့ရောက်ရှိပြီးနောက် လင်းမိသားစုဝင်များက ပတ်ဝန်းကျင် အခြေအနေနှင့် အိမ်ထဲမှအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ကျေနပ်သွားခဲ့ကြလေ၏။

ခြံဝန်းဧရိယာက သူတို့၏ကျေးလက်မှ အိမ်ကဲ့သို့ မကျယ်ဝန်းသော်လည်း ဤနေရာက မြို့ပေါ်တွင် ဖြစ်ကာ စည်ကားသော မြို့လယ်နှင့်လည်း မဝေးပါချေ။

ဤလမ်းကြားလေးက အနည်းငယ် ဟောင်းနွမ်းနေသော်လည်း တည်နေရာက ကောင်းမွန်ပြီး အရာရာတိုင်းအတွက် အဆင်ပြေနေခဲ့သည်။

အိမ်ကို ကြည့်ရှုပြီးနောက်တွင် ချင်းယွင်ကျစ်၏ စေတနာကို ခံစားမိသွားသောကြောင့်လား မသိပါချေ။ လင်းကျန်းအန်းမှ စုန့်ရှီးယန်ကို အလွန်ကျေနပ်သောအကြည့်ဖြင့် ကြည့်လာခဲ့လေဒ။

လင်းရန်နှင့် သူတို့၏မိသားစုဝင်များ အိမ်ကိုကြည့်ရှုပြီးနောက် တံခါးပိတ်ပြီး အိမ်သို့ပြန်တော့မည့်အချိန်တွင် စုန့်ရှီးယန်က ယမန်နေ့မှ စုန့်စစ်ယွီ ဝင်သွားသည့် အိမ်ကို လှမ်းကြည့်လိုက်ပြီး လင်းရန်ကို ပြောပြလိုက်သည်

“ရန်ရန်၊ စုန့်စစ်ယွီက ဟိုအိမ်မှာ နေတာ၊ မင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်ရမယ်”

စုန့်စစ်ယွီက နေ့လယ်ဘက်တွင် မည်သည့်အရာကိုမှ မလုပ်ရဲလောက်ပေ။ ထို့အပြင် သူမသည်က ယခုအချိန်၌ အချက်အလက်ပြည့်စုံစွာမရှိသော အမည်မည်းစာရင်းဝင် တစ်ယောက်ဖြစ်နေသည့်အတွက် ပြဿနာများ ရှာရန် မဝံ့ရဲလောက်ပါချေ။

သို့သော်လည်း သူမကို သတိထားသင့်ပေ၏။ ထိုကဲ့သို့လူမျိုးနှင့်ပတ်သက်လျှင် ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။

လင်းရန်လည်း စုန့်ရှီးယန် ပြောနေသော နေရာသို့ လှမ်းကြည့်လိုက်လေ၏။ တစ်ဖက်လူ ညွှန်ပြနေသည့် အိမ်ကို မြင်လိုက်ရလျှင် သူမ ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။

ဆိုရလျှင် ထိုအိမ်သည်က လမ်းကြားတစ်ခုလုံးတွင် အထူးဆန်းဆုံး မိသားစုဟု ပြောဆိုခြင်းခံရသည့် အိမ်ဖြစ်သည်။

ထိုအမျိုးသမီးက မည်သို့ထူးဆန်းနေကြောင်းကို လင်းရန် အတိအကျ မသိရှိသေးသော်လည်း ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများက ထိုမိသားစုနှင့် အဆက်အသွယ် မလုပ်ရန် သူမကို အမြဲတစေ သတိပေးလေ့ ရှိကြသည်။

ထိုမိသားစုက ဆက်ဆံရ မလွယ်ကူဘဲ လမ်းကြားတစ်ခုလုံးမှ လူအနည်းငယ်သာ သူတို့နှင့် ဆက်ဆံချင်ကြလေ၏။

လင်းရန်အနေဖြင့် ထိုမိသားစုက ပုံမှမ်မဟုတ်ကြောင်း သိရပြီးနောက်တွင် သူတို့နှင့် အဆက်အသွယ် မလုပ်ရန် တိုက်ရိုက်ပင် ရွေးချယ်ခဲ့သည်။

ထို့ကြောင့် ဤမျှလောက် အချိန်ကြာသည့်တိုင်အောင် စုန့်စစ်ယွီက သူမ၏အိမ်နှင့် မလှမ်းမကမ်းတွင်ရှိနေပြီး သူမနှင့် တစ်လမ်းတည်း၌ပင် နေထိုင်နေကြောင်းကို မသိရှိခဲ့ခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် စုန့်စစ်ယွီက ထိုအိမ်၌ နေထိုင်ကြောင်းကို သိလိုက်ရသည့်အတွက် သူမက သေချာပေါက် ပို၍ပင် သတိထားပေလိမ့်မည်။

“စိတ်မပူပါနဲ့၊ ကျွန်မ သေသေချာချာ ဂရုစိုက်ပါ့မယ်”

လင်းရန်က သူ၏စကားကို အလေးအနက်ထားသည်ကို မြင်လျှင် စုန့်ရှီးယန်လည်း အနည်းငယ် ပို၍ စိတ်သက်သာရာ ရသွားလေ၏။

ထို့နောက် အချိန်က အတော်လေးပင် နောက်ကျနေပြီဖြစ်သောကြောင့် သူတို့က ဆေးရုံသို့ အမြန်သွားကာ ကားဖြင့် အိမ်သို့ပြန်ရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော်လည်း သူတို့ ထွက်ခွာသွားပြီး ခေတ္တအကြာတွင် ရင်းနှီးသော ပုံရိပ်နှစ်ခုက လမ်းကြားတွင် ရုတ်တရက် ပေါ်လာခဲ့လေ၏။

လီရှို့လီတစ်ယောက် သူမ၏ရှေ့မှ ဟောင်းနွမ်းသော လမ်းကြားလေးကို ရွံရှာသည့် အကြည့်ဖြင့် ကြည့်လိုက်လေ၏။

သူမက မျက်နှာပေါ်မှ ရွံရှာမှုများကို မျိုသိပ်လိုက်ပြီး စုန့်ဝေ့ကို မေးလိုက်သည်။

“လောင်စုန့်၊ စစ်ယွီက တကယ်ပဲ ဒီမှာ နေတာလား၊ ကျွန်မကတော့ မဖြစ်နိုင်ဘူးလို့ ထင်တာပဲ၊ ရှင် နားကြားမီားခဲ့တာများလား၊ ဒါမှမဟုတ် အဲဒီလူက ကျွန်မတို့ကို တမင်လိမ်လိုက်တာလားမသိဘူး”

သူမ သိထားသော စုန့်စစ်ယွီက အလွန်ပင် စိတ်ကြီးဝင်တတ်သော မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည်က အိမ်တွင် သခင်မလေးတစ်ယောက်ကဲ့သို့ နေထိုင်လာခဲ့ပြီး နေရာကောင်းများတွင်သာ နေဖူးသူဖြစ်ပေသည်။

သူမက ဤကဲ့သို့သော နှစ်ထပ်တိုက် အိုကြီးထဲတွင် မည်သို့ နေသားကျနိုင်ပါမည်နည်း။

စုန့်စစ်ယွီကို မဆိုထားနှင့်။ လီရှို့လီကိုယ်တိုင်ပင်လျှင် ဤနေရာတွင် နေထိုင်ရန် လုံးဝမဖြစ်နိုင်ဟု ခံစားနေရသည်။ သူမသည်က ဤနေရာတွင် နေထိုင်နိုင်မည်မဟုတ်ပေ။သို့သော်လည်း စုန့်ဝေ့က သူမ၏စကားကို လုံးဝ မကြားသကဲ့သို့ တစ်ဖက်လူပြောပြလိုက်သော အိမ်ကိုသာ အသည်းအသန် ရှာဖွေနေလေ၏။

*

All Chapters