အခန်း (၂၉၃)
Vol. 30 Ch. 293
(293)
လွန်ခဲ့သော အချိန်များတွင် စုန့်ယီအနေဖြင့် စက်ရုံမှ ရာထူးချခံရခြင်းနှင့် သာမန်အလုပ်သမား မိသားစုများနေသော အိမ်သို့ ပြောင်းရွှေ့ခဲ့ရခြင်းတို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။
အချိန်အတော်ကြာသည့်တိုင်အောင် သူ၏ သမီးဖြစ်သူ စုန့်စစ်ယွီအကြောင်းကို တွေးတောရန် အချိန်နှင့် အင်အား မရှိခဲ့ပေ။
နောက်ပိုင်းတွင် သူ့အနေဖြင့် ကောင်းကင်ဘုံမှ ငရဲသို့ ကျဆင်းသွားခဲ့ရသော အဖြစ်မှန်ကို လက်ခံနိုင်ခဲ့သည်။
ရင်ဆိုင်ရန် ဝန်လေးနေခဲ့သော်လည်း သူအနေဖြင့် မည်သို့မှမတတ်နိုင်ဘဲ ခွင့်ပြုလိုက်ရတော့သည်။
အဆိုးဆုံးအနေဖြင့် သူက မည်သူ့ကိုမျှ ဂရုမစိုက်တော့ဘဲ တခြားသူများမှ သူ့နောက်ကွယ်တွင် အတင်းအဖြင်းပြောဆိုနေကြသည်ကိုလွှတ်ထားလိုက်ရုံသာရှိပေသည်။
ဤသို့ တွေးလိုက်ပြီးနောက် စုန့်ဝေ့တစ်ယောက် အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားခဲ့သည်။
ထိုအချိန်မှသာ သမီးဖြစ်သူ စုန့်စစ်ယွီအကြောင်းကို တွေးတောမိလာရသည်။
သမီးဖြစ်သူ၏အကြောင်းကိုတွေးတိုင်း သူ ပို၍ပင် စိုးရိမ်လာရလေ၏။
နောက်ပိုင်းတွင် သူက ရုံးဌာနသို့ သွားရောက်မေးမြန်းခဲ့သည်။
သမီးဖြစ်သူ အိမ်မှ ထွက်ပြေးသွားချိန်တွင် နေရာထိုင်ခင်းအတွက် ရုံးဌာနတွင် သွားရောက် လျှောက်ထားခဲ့လိမ့်မည်ဟု တွေးခဲ့မိသည်။
အကယ်၍ လျှောက်ထားချက်သာ ရှိခဲ့ပါက သူမအနေဖြင့် အိမ်မဲ့ရာမဲ့ ဖြစ်နေမည်မဟုတ်ပေ။ အနည်းဆုံး သူမဘာသာ တည်းခိုခန်းတစ်ခုတွင် အခန်းငှား၍ နေထိုင်နိုင်လိမ့်မည် ။
သို့သော် သွားရောက်မေးမြန်းချိန်တွင် သူ၏ သမီးဖြစ်သူ စုန့်စစ်ယွီသည်က လက်မှတ်လာယူခြင်း မရှိခဲ့သကဲ့သို့ ၊ ရုံးတွင်လည်း သူမကို မြင်တွေ့ခဲ့ရခြင်းမရှိကြောင်းကို သိလိုက်ရလေ၏။
လက်မှတ်မရှိပါက တည်းခိုခန်းတွင် နေထိုင်၍ မရနိုင်ပေ။ ယခုခေတ်တွင် မိသားစုတိုင်း၏ နေထိုင်မှု အခြေအနေသည်လည်း ထိုမျှ မကောင်းနေခဲ့ပါချေ။ သူမတွင်လည်း ရင်းနှီးသော သူငယ်ချင်းများ မရှိသောကြောင့် မည်သည့်နေရာသို့ သွားနိုင်ပါမည်နည်း။
သမီးဖြစ်သူ လမ်းဘေးတွင် အိပ်စက်နေရမည်ကို တွေးမိတိုင်း စုန့်ဝေ့တစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်လာရလေ၏။
ထို့ကြောင့် သူက လူပျောက်ရှာရန်အစီအစဉ်ကို စတင်ခဲ့ပြီး အလုပ်ဆင်းသည်နှင့် လိုက်လံရှာဖွေခဲ့သည်။
ထိုမျှမက သူနှင့် သိကျွမ်းသူများကိုလည်း လူရှာပေးရန် အကူအညီတောင်းထားခဲ့ပြီး စုန့်စစ်ယွီကို တွေ့ရှိပါက သူ့အား အကြောင်းကြားရန် မှာကြားထားခဲ့သည်။
ရက်အတန်ကြာပြီးနောက်တွင် လူတစ်ဦးက စုန့်စစ်ယွီကို ဤနေရာတွင် တွေ့လိုက်ရမိကြောင်း၊ သူမက ဤမိသားစု၏ အိမ်တွင် နေထိုင်နေပုံရကြောင်း ပြောပြလာခဲ့လေ၏။
ဤသို့ဖြင့် စုန့်ဝေ့က စုန့်စစ်ယွီကို ရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပေ၏။
သူက လီရှို့လီကို ဂရုမစိုက်ဘဲ သတိလက်လွတ်ဖြင့် သူ၏ခြေလှမ်းများကို မြှင့်လိုက်မိသည်။
ထို့နောက် ထိုလူပြောပြသော အိမ်ဆီသို့ တိုက်ရိုက်လျှောက်သွားခဲ့ပြီး တံခါးကို ခေါက်လိုက်လေ၏။
မကြာခင် အထဲမှ လူက တံခါးဖွင့်ပေးလာခဲ့သည်။
စုန့်ဝေ့လည်း စုန့်စစ်ယွီက ဤနေရာတွင် နေထိုင်ခြင်း ရှိ၊ မရှိကို စိုးရိမ်တကြီး မေးမြန်းလိုက်လေ၏။
မမျှော်လင့်စွာဖြင့် အိမ်ထဲမှထွက်လာသော သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းကိုခါရမ်းကာ ငြင်းဆိုလာခဲ့သည်။
“စုန့်စစ်ယွီဆိုတဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ ရှိလည်း မရှိဘူး၊ နင် နေရာမှားနေပြီ၊ အမြန်သွားလိုက်တော့၊ ငါတို့ကို လာမနှောင့်ယှက်နဲ့၊ စိတ်ရှုပ်စရာကောင်းလိုက်တာ”
ထိုသို့ပြောပြီးနောက် သူမက တံခါးကို ချက်ချင်းပင် ပြန်ပိတ်လိုက်ပြီး စုန့်ဝေ့ကို အပြင်ဘက်၌ ချန်ထားခဲ့လေ၏။
“ကျွန်မ ပြောသားပဲ၊ စစ်ယွီက ဒီမှာ နေလောက်မှာမဟုတ်ဘူးလို့၊ အဲဒီမိန်းမရဲ့ ပုံစံကိုပဲ ကြည့်လိုက်၊ စစ်ယွီသာ ဒီမှာနေရင် သေချာပေါက် ဒုက္ခရောက်မှာပေါ့
သူမက အဲဒီလောက် မအပါဘူး၊ ဒီလို ပညာမတတ်တဲ့ မိန်းမမျိုးနဲ့ စစ်ယွီက ဘယ်လိုလုပ် အဆင်ပြေမှာလဲ?”
လီရှို့လီ၏ စကားများက စုန့်ဝေ့၏ နားထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် ထိုစကားများကို အနည်းငယ် ယုံကြည်သွားခဲ့မိလေ၏။
ဤအသက်လတ်ပိုင်းအမျိုးသမီးမှာ ကြည့်ရုံနှင့်ပင် ဆက်ဆံရခက်ခဲမည်ဖြစ်ကြောင်း သိနိုင်သည်။
အကယ်၍ သူမ၏သမီးတွင် သွားစရာနေရာ ရှိပါက ဤကဲ့သို့နေရာ၌ နေထိုင်မည်မဟုတ်ပါချေ။
သတင်းပေးလိုက်တဲ့လူက တကယ်ပဲ မှားသွားခဲ့တာများလား။
နောက်ဆုံးတွင်တော့ စုန့်ဝေ့က စက္ကန့်အနည်းငယ်မျှသာ ရပ်တန့်နေခဲ့ပြီး လှည့်ထွက်သွားခဲ့တော့သည်။
သို့သော် သူ့အနေဖြင့် တံခါးအတွင်းဘက်မှ သက်လတ်ပိုင်းအမျိုးသမီးက သူတို့နှစ်ဦးထွက်သွားသည်နှင့် ရင်ဘတ်ကိုဖိကာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ခြင်းကိုတော့မသိလိုက်ပါချေ။
“သားလေး၊ မင်းခန့်မှန်းတာက တကယ်မှန်တာပဲ၊ အဲဒီကောင်မလေးက အိမ်ကနေ ထွက်ပြေးလာတာဆိုတော့ သူမရဲ့မိသားစုက တကယ်လိုက်ရှာနေတာ၊
တော်သေးတာပေါ့၊ ငါက မသိချင်ယောင်ဆောင်ပြီး လိမ်လိုက်လို့၊ မဟုတ်ရင် အဲဒီလူနှစ်ယောက်က သူ့ကို အတင်းခေါ်သွားကြမှာသေချာတယ်၊ ဒါဆို ငါတို့တွေ ဒီဝင်ငွေလေးကို ဆုံးရှုံးသွားရမှာ”
တစ်ရက်လျှင် တည်းခိုခ နှစ်ယွမ် ဆုံးရှုံးရတော့မည့်အရေးကို တွေးမိသည်နှင့် ထိုအမျိုးသမီး၏မျက်နှာက နှမြောသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့လေ၏။တစ်ရက်လျှင် နှစ်ယွမ်ဆိုသည်မှာ တစ်လလျှင် ယွမ်ခြောက်ဆယ်ပင် မဟုတ်ပါလား။
ထိုလစာက စက်ရုံတွင်လုပ်ကိုင်နေသော သူမ၏ခင်ပွန်းသည်၏ လစာထက် နှစ်ဆပင်ပိုများနေသေးသည်။
သူမထံမှ ငွေရှာရသည်မှာ အလွန်လွယ်ကူလှ၏။ သူမအနေဖြင့် ထိုမိန်းကလေးကို ညအိပ်ရန် နေရာပေးရုံသာလိုအပ်ပြီး ကျန်သည့်ကိစ္စများကို စိတ်ပူနေရန်ပင် မလိုပါချေ။
သူမက ထိုကဲ့သို့ ကောင်းမွန်သော စီးပွားရေးအခွင့်အလမ်းကို အဆုံးရှုံးမခံလိုခဲ့ပေ။
“ဒါနဲ့ မင်း အဲဒီကောင်မလေးအကြောင်းကို ဘယ်လိုလုပ်ပြီးသိနေတာလဲ?”
သူမ၏သားဖြစ်သည့် လူငယ်လေးမှာ သွားကြားထိုးတံကို ကိုက်လျက် အဓိပ္ပာယ်ရှိစွာပြုံးလိုက်ပြီး ပြောလာသည်။
“အဲဒါကို စိတ်မပူပါနဲ့၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို အဲဒီမိန်းကလေးကို လုံးဝမပြောလိုက်နဲ့၊ မဟုတ်ရင် သူမ ထွက်ပြေးသွားလိမ့်မယ်”
“ကောင်းပြီ၊ ငါသိပါတယ်”
သူမ၏သားက ထပ်မပြောလာသည့်အတွက် ထိုအမျိုးသမီးကလည်း ဆက်မမေးတော့ချေ။ သူမ၏သားဖြစ်သူက အလွန်တော်လွန်းသည်ဟုသာ တွေးတောနေခဲ့လေ၏။
ဟမ့်! အပြင်လူတွေက ဘာကိုမှမသိဘဲ သူမရဲ့ အဖိုးတန်သားလေးကို အသုံးမကျတဲ့လူလို့ ပြောကြတယ်။
သူတို့သာ သူမရဲ့သားလေး ဘယ်လောက်ထိတော်လဲဆိုတာ သိသွားရင် မနာလိုဖြစ်ပြီးသေသွားနိုင်တယ်။
သို့ရာတွင် သူမ၏သားဖြစ်သူက အလိန်မှန်ကန်စွာ ခန့်မှန်းနိုင်ခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို ကြိုတင်ပြောပြထားခြင်းသာ ဖြစ်ကြောင်းကိုတော့ သူမ မသိနိုင်ပါချေ။
ကြိုတင်ပြောဆိုခဲ့သည့်လူအကြောင်းကိုပြောရလျှင် ..
ထိုသူမှာ မကြာသေးမီက သူနှင့်ခင်မင်ခဲ့သော ညီအစ်ကိုကောင်းများပင်ဖြစ်လေသည်။ ထိုအကြောင်းကို တွေးမိပြီးနောက် လူငယ်လေးက ရုတ်တရက် ထရပ်လိုက်ပြီး မိခင်ဖြစ်သူအား ပြောလိုက်၏။
“အမေ၊ကျွန်တော် အပြင်ကိုသွားဦးမယ်၊ ဒီနေ့ညစာ ပြန်မစားတော့ဘူး၊ ကျွန်တော့်ကို မစောင့်နဲ့တော့!”
ထို့နောက် သူက အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။ မိခင်ဖြစ်သူက သားဖြစ်သူကို သတိပေးစကားသာ ပြောနိုင်ခဲ့၏။
“မင်းဆီမှာ ပိုက်ဆံမလောက်ရင် အမေ့ဆီက လာတောင်းဦးနော်၊ ဗိုက်အဆာမခံနဲ့ဦး”
“ သိပါတယ်၊ စားသောက်ဖို့အတွက်က ပိုက်ဆံကုန်မှာမဟုတ်ဘူး၊ ကျွန်တော့်ကို ထမင်းကျွေးမယ့်သူတွေ ရှိတယ်!”
ထို့အပြင် တစ်ယောက်တည်းတောင် မကသေးချေ။
နောက်ဆုံးတွင်တော့ ထိုလူငယ်လေးက သီချင်းတညည်းညည်းဖြင့် အပြင်သို့ ထွက်သွားခဲ့တော့သည်။
လမ်းကြားမှအထွက်သို့ ရောက်ချိန်တွင်ဆော့ သူတို့၏အိမ်ရှေ့တွင် အခြေအနေ လာမေးခဲ့သည့် စုန့်ဝေ့နှင့် လီရှို့လီတို့ကို မြင်လိုက်ရပြန်၏။
စုန့်ဝေ့သည်ကား သူ၏သမီးကို ရှာမတွေ့သည့်အတွက် မျက်နှာအမူအရာတို့က အလွန်အမင်း ပျက်ယွင်းနေခဲ့ပြီး မျက်လုံးများတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေခဲ့လေ၏။
သူ၏ဘေးတွင်ရှိသော လီရှို့လီက ဝတ်ကျေတန်းကျေဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။
“အဆင်ပြေပါတယ်၊ စစ်ယွီက အရမ်းတော်တဲ့မိန်းကလေးပဲလေ၊ ဘာမှဖြစ်မှာမဟုတ်ပါဘူး၊ ကျွန်မတို့ ဆက်ရှာကြတာပေါ့”
ထို့နောက် လီရှို့လီက စုန့်ဝေ့၏လက်ကိုဆွဲကာ ထွက်ခွာသွားခဲ့လေသည်။
သူမက စုန့်စစ်ယွီကို ဆက်ရှာရန်အတွက် စုန့်ဝေ့နှင့်အတူ လိုက်ပေးခဲ့သော်လည်း တကယ်တမ်းတွင် ဤကိစ္စတွင် လုံးဝမပတ်သက်ချင်ဘဲ အချိန်ကုန်သည်ဟုသာ တွေးနေခဲ့၏။
စုန့်စစ်ယွီသာ ပြန်မလာပါက ပိုကောင်းပေမည်။
ယခုတွင် စုန့်စစ်ယွီ မရှိတော့သည့်အတွက် စုန့်ဝေ့က သူမ မရှိလျှင် မဖြစ်တော့ပေ။ ဤကာလအတွင်း စုန့်ဝေ့၏ သူမအပေါ် ဆက်ဆံပုံမှာလည်း သူတို့နှစ်ဦး အဆင်မပြေမဖြစ်ခင် အချိန်ထက်ပင် ပို၍ ကောင်းမွန်လာခဲ့သေးသည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
အလယ်မှ နှောင့်ယှက်နေသည့် စုန့်စစ်ယွီဟူသော မိမ်းကလေးသာ မရှိပါက သူမနဲ့ စုန့်ဝေ့တို့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပေလိမ့်မည်။
အစကတည်းက အဲဒီကောင်မလေးကိုပဲ ပညာတတ်လူငယ်အဖြစ် ကျေးလက်ကို ပို့လိုက်ရမှာ။ ဒါမှ သူမရဲ့သမီး လင်းရန်ကလည်း မြို့ပေါ်မှာ ဆက်နေနိုင်ပြီး သူမရဲ့ဘေးမှာ ရှိနေမှာပဲ။
ဒီလိုဆိုရင် အခုအချိန်မှာ သူမ ဘယ်လောက်တောင် သက်တောင့်သက်သာ ရှိနေလိုက်မလဲ။
ဒါပေမဲ့ အခုလည်း အဆင်ပြေပါတယ်။ အနည်းဆုံး စုန့်ဝေ့က သူမ မရှိရင် မဖြစ်တော့သလို သူမရဲ့ ဘဝကလည်း သက်သောင့်သက်သာရှိနေတာပဲလေ။
နောက်ဆုံးတွင် စုန့်ဝေ့က လီရှို့လီ၏ ဖျောင်းဖျမှုကို ခံလိုက်ရပြီး စုန့်စစ်ယွီက ဤနေရာတွင် မရှိကြောင်းကို ယုံကြည်သွားကာ တခြားတစ်နေရာတွင် သွားရောက်ရှာဖွေရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဤသို့ဖြင့် စုန့်ဝေ့တစ်ယောက် သူ၏သမီးဖြစ်သူ စုန့်စစ်ယွီနှင့် တွေ့ဆုံနိုင်မည့် နောက်ဆုံးသောအခွင့်အရေးကို လွဲချော်သွားခဲ့ရလေတော့၏။
…