အခန်း (၂၉၄)
Vol. 30 Ch. 294
(294)
တစ်ဖက်တွင်တော့ နိုင်ငံပိုင်ဟိုတယ်ထဲ၌ ရှုကျစ်ဝမ်နှင့် ချန်ကျားယန်တို့နှစ်ယောက်က စားပွဲတစ်ခုတည်းတွင် အတူထိုင်နေခဲ့ကြလေသည်။ သူတို့နှစ်ယောက်လုံးက စကားမပြောခဲ့ကြသော်လည်း သူတို့၏ကြားထဲမှ လေထုက အနေရခက်မနေခဲ့ပေ။
“အစ်ကိုရှု၊ အစ်ကိုချန် ရောက်နေကြပြီလား၊ ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”
လမ်းကြားထိပ်တွင် ပျောက်ကွယ်သွားခဲ့သော လူငယ်လေးက သူတို့နှစ်ဦး၏ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။ ထိုအချိန်မှသာ ရှုကျစ်ဝမ်နှင့် ချန်ကျားယန်တို့က သတိပြန်ဝင်လာကြပြီး လူငယ်လေးကို မော့ကြည့်လိုက်ကြ၏။
“ရှောင်ဟူ ၊ မင်း ရောက်လာပြီလား၊ ထိုင်ပါဦး၊ ဘာတွေစားချင်လဲဆိုတာကြည့်လိုက်လေ”
ရှုကျစ်ဝမ်မှ ရှောင်ဟူအမည်ရသော လူငယ်လေးကို အပြုံးတစ်ခုနှင့် ကြည့်လိုက်ပြီး ဝင်ထိုင်ရန် ပြောလိုက်လေသည်။
ဘေးနားတွင်ရှိနေသော ချန်ကျားယန်ကလည်း ပြောလာ၏။
“ရောက်လာပြီပဲ၊ အခြေအနေဘယ်လိုလဲ ”
သူသည်က နှုတ်ဆက်စကားထက် စုန့်စစ်ယွီ၏ လတ်တလော လှုပ်ရှားမှုများကိုသာ ပို၍ စိတ်ဝင်စားနေခဲ့သောကြောင့် ရှောင်ဟူ ဝင်ထိုင်လိုက်သည်နှင့် အလျင်အမြန် မေးလိုက်သည်။
ရှောင်ဟူက ပြုံးလိုက်ပြီး စကားကို ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောလာခဲ့သည်
“ခင်ဗျားတို့ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း တကယ်ဖြစ်လာပြီ၊ ဒီနေ့ စုန့်စစ်ယွီကို လာရှာတဲ့လူ နှစ်ယောက် ရှိတယ်၊ သူ့အဖေလို့ ပြောတာပဲ”
ထိုစကားကို ကြားလျှင် ချန်ကျားယန်နှင့် ရှုကျစ်ဝမ်တို့က တစ်ဦးကိုတစ်ဦး ချက်ချင်းကြည့်လိုက်ကြပြီးနောက် နှစ်ယောက်ပြိုင်တူ ရယ်မောလိုက်ကြလေသည်။
ရှောင်ဟူ၏ အမူအရာကို ကြည့်ရုံနှင့်ပင် သူသည်က ထိုကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ကြောင်းကို သူတို့ ခန့်မှန်းမိပြီး ဖြစ်ပေသည်။
သို့မဟုတ်ပါက တစ်ဖက်လူက ပြုံးရယ်ပြီး သူတို့ဆီသို့ လာရောက်တွေ့ဆုံမည် မဟုတ်ပေ။
သေချာပေ၏။ ချန်ကျားယန်နှင့် ရှုကျစ်ဝမ်တို့ ခန့်မှန်းသည့်အတိုင်းပင် ။ ရှောင်ဟူက ကိစ္စများကို အလွန်ကောင်းမွန်စွာ ကိုင်တွယ်ခဲ့သည်။
သူက စုန့်ဝေ့အား စုန့်စစ်ယွီ ဤနေရာတွင် လုံးဝမနေကြောင်း ယုံကြည်သွားသည်အထိ လိမ်လည်နိုင်ခဲ့ပေ၏။
ရှုကျစ်ဝမ်၏ စုန့်ဝေ့ကို နားလည်မှုအရ စုန့်စစ်ယွီမှ ဤနေရာတွင် မရှိကြောင်းကို စုန့်ဝေ့ ယုံကြည်သွားခဲ့ပါက နောက်ထပ်တစ်ကြိမ် ပြန်လာမည်မဟုတ်ပါချေ။
ထို့ကြောင့် ဤနည်းဖြင့် စုန့်စစ်ယွီတစ်ယောက် မည်သူ၏အကူအညီကိုမျှ ရနိုင်တော့မည် မဟုတ်ပေ။ သူမက ဤနေရာ၌ မည်သည့်အရာနှင့်ပင် ကြုံတွေ့ရသည်ဖြစ်စေ မည်သူကမျှ သူမကို လာရောက် ကယ်တင်နိုင်လိမ့်မည် မဟုတ်တော့ချေ။
ထိုအချက်ကို တွေးမိသည်နှင့် ချန်ကျားယန်တစ်ယောက် ခေါင်းကိုမော့ပြီး ဟားတိုက်၍ မရယ်မိအောင် မနည်းထိန်းထားလိုက်ရလေသည်။
စုန့်စစ်ယွီ...
စုန့်စစ်ယွီ...
မင်းမှာလည်း ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ လုံးဝ ထင်မထားဘူးမလား။
စုန့်စစ်ယွီမှ သူ့အပေါ်သို့ ပြုလုပ်ခဲ့သမျှအရာအားလုံးအတွက် သူ့ဘက်မှ သူမကို လုံးဝပြန်မထနိုင်သည်အထိ ခံစားရအောင် လုပ်ဆောင်မည်ဟု နှလုံးသားထဲတွက် တိတ်တဆိတ် ကျိန်ဆိုထားခဲ့သည်။
သူ၏ ရည်မှန်းချက်က ဤမျှလောက်အလျှင်အမြန် အောင်မြင်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထိုအကြောင်းကို တွေးမိပြီးနောက် ချန်ကျားယန်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှုကျစ်ဝမ်ကို လှမ်းကြည့်ပြီး ပြောလိုက်လေသည်။
“အစ်ကိုရှု၊ ခင်ဗျားဆီက အကူအညီ ရလိုက်တာ တကယ်ကို ကံကောင်းတာပဲ၊ မဟုတ်ရင် ကျွန်တော် တစ်ယောက်တည်းနဲ့ အဲဒီမိန်းမယုတ်ကို ဒီလောက်ထိ ကောင်းကောင်း ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး!”
ရှုကျစ်ဝမ်က ခပ်တိုးတိုးရယ်မောလိုက်လေ၏။ ချန်ကျားယန်၏ ကျေးဇူးတင်စကားကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။
“ ဘာတွေများပြောစရာလိုအပ်နေမှာလဲ၊ အစ်ကိုချန် ၊ ကျွန်တော် ခင်ဗျားကို ကူညီတယ်ဆိုတာက ကျွန်တော့်ကိုယ်ကျွန်တော် ကူညီတာနဲ့ အတူတူပဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နှစ်ယောက်လုံးရဲ့ ရည်ရွယ်ချက်က အတူတူပဲ မဟုတ်ဘူးလား”
သူတို့နှစ်ဦး၏ကြားတွင် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို သူတို့ကိုယ်တိုင်သာ သိသောကြောင့် ဘေးတွင်ရှိသော ရှောင်ဟူတစ်ယောက် ရှုပ်ထွေးနေခဲ့သည်။
သို့သော် မည်သို့ပင်ဖြစ်စေ သူ သေချာပေါက် သိလိုက်သည့်အချက် တစ်ချက်ရှိပေ၏။
စုန့်စစ်ယွီဆိုသည့်အမျိုးသမီးမှာ ချန်ကျားယန်နှင့် ရှုကျစ်ဝမ်တို့အား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခဲ့ပြီး သူတို့၏ အငြိုးအတေးကို ခံထားရခြင်း ဖြစ်ပေလိမ့်မည်။
သို့မဟုတ်ပါက ထိုအမျိုးသားနှစ်ဦးအနေဖြင့် သူမကဲ့သို့ မိန်းကလေးတစ်ဦးကို ပစ်မှတ်ထားမည် မဟုတ်ပေ။
ထို့အပြင် အမျိုးသားနှစ်ဦးကို ဒေါသထွက်စေနိုင်သည့် တစ်ခုတည်းသော ရိုးရှင်းသည့်အချက်မှာ ခံစားချက်များကို လိမ်လည်လှည့်ဖြားခြင်းပင် ဖြစ်မည်ဟု သူ ယူဆထားခဲ့သည်။
စုန့်စစ်ယွီထံတွင် အမျိုးသားများကို လှည့်ဖြားနိုင်သည့် စွမ်းရည်ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ကျစ်! သူမက မိန်းမကောင်းတစ်ယောက် လုံးဝမဖြစ်နိုင်ဘူးပဲ!
ထို့နောက်တွင်တော့ ချန်ကျားယန်နှင့် ရှုကျစ်ဝမ်တို့က ရှောင်ဟူနှင့်အတူ စုန့်စစ်ယွီအကြောင်းကို ဆက်လက် ပြောဆိုခဲ့ကြပြီးနောက် ရှောင်ဟူကို အရင် ထွက်သွားခိုင်းလိုက်ကြသည်။
သူတို့နှစ်ဦးကတော့ နောက်ထပ် အစီအစဉ်များကို ဆွေးနွေးနေခဲ့ကြပြန်သည်။ဆိုရလျှင် သူတို့နှစ်ဦး ပေါင်းမိသွားခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေသည်။
ချန်ကျားယန်တစ်ယောက် စုန့်ရှီးယန်၏ ကယ်တင်ခြင်းကို ခံလိုက်ရပြီးနောက် မူလက ကျေးလက်သို့ ပြန်သွားပြီး ပညာတတ်လူငယ်အဖြစ် ဆက်နေရန်သာ ရည်ရွယ်ထားခဲ့သည်။
သူ့အနေနဲ့ ပိုက်ဆံများများ စုဆောင်းပြီးမှ စုန့်စစ်ယွီကို ကလဲ့စားချေရန် နည်းလမ်းရှာမည်ဟု တွေးထားခဲ့၏။
မမျှော်လင့်ဘဲ သူ ရထားပေါ်မှ ဆင်းသည်နှင့် ရှုကျစ်ဝမ်၏ တားဆီးခြင်းကို ခံလိုက်ရလေ၏။
ရှုကျစ်ဝမ်က သူ့ကို အဘယ်ကြောင့် သိရှိနေကြောင်းကိုတော့ သူ မသိခဲ့ပေ။
အတိုချုပ်ပြောရလျှင် ရှုကျစ်ဝမ်က သူ့ကို တွေ့သည်နှင့် စုန့်စစ်ယွီကို လက်စားချေချင်လားဟု မေးမြန်းခဲ့ပြီး သူ၏ မည်သူဖြစ်ကြောင်းကို မိတ်ဆက်ပေးခဲ့သည်။
ထိုအချိန်မှ ချန်ကျားယန်တစ်ယောက် စုန့်စစ်ယွီသည်က သူနှင့် ပတ်သက်နေချိန်တွင် အပြင်၌လည်း ရှုကျစ်ဝမ်နှင့် ချိတ်ဆက်နေခဲ့ကြောင်း သိလိုက်ရလေ၏။
သူတို့နှစ်ဦးလုံးမှာ စုန့်စစ်ယွီဟူသော ထိုမိန်းမ၏ လိမ်လည်မှုကို ခံလိုက်ရခြင်း ဖြစ်ကြောင်း နားလည်သွားခဲ့ရသည်။
စုန့်စစ်ယွီက ဟောင်ဖင်းနှင့်လည်း ပတ်သက်ခဲ့ကြောင်းကို ရှုကျစ်ဝမ်ကမှ သူ့အား ပြောပြခဲ့သေးသည်။
သို့သော် ဟောင်ဖင်းသည်ကား ယခုအချိန်တွင် စုန့်စစ်ယွီ၏ စရိုက်ကို ရှင်းရှင်းလင်းလင်း မြင်သွားခဲ့လေ၏။ ထို့အပြင် စုန့်စစ်ယွီ၏ အကြံအစည် မအောင်မြင်မီကတည်းက သူမနှင့် အဆက်အသွယ် ဖြတ်ထားခဲ့နိုင်သောကြောင့် ဤကိစ္စတွင် ပါဝင်လာနိုင်လိမ့်မည်မဟုတ်ပေ။
မှန်ပေ၏။ ရှုကျစ်ဝမ်က အမှန်တရားအားလုံးကိုတော့ ထုတ်မပြောခဲ့ပါချေ။
ဆိုရလျှင် ဟောင်ဖင်း၏ အုပ်ထိန်းသူမှာ ပရော်ဖက်ဆာဟောင် ဖြစ်ကြောင်းကို သူ သိထားခဲ့သည်။
ပရော်ဖက်ဆာဟောင်မှ စုန့်စစ်ယွီကို မုန်းတီးနေသော်လည်း သူ၏မြေးဖြစ်သူကို ဤကဲ့သို့သော ကိစ္စများတွင် ပါဝင်ပတ်သက်ခွင့်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် တခြားနည်းလမ်း မရှိတော့ဘဲ ရှုကျစ်ဝမ်တစ်ယောက် ချန်ကျားယန်ကိုသာ ရှာဖွေခဲ့ရသည်။
ချန်ကျားယန် ရထားပေါ်တွင် ရှိနေကြောင်းကို သိရှိရန် သူ အတော်လေး ကြိုးစားခဲ့ရသေးသည်။ ထိုနေ့ကလည်း ချန်ကျားယန်ကို သူ့ဘက်သို့ ဆွဲဆောင်ရန်အတွက် အစောကြီး လာရောက်ခဲ့ခြင်း ဖြစ်လေသည်။
ဤသို့ဖြင့် ရှုကျစ်ဝမ်က ချန်ကျားယန်ကို ယာယီ နေစရာနေရာ ရှာပေးကာ အစီအစဉ်များကို အတူတကွ ဆွေးနွေးခဲ့ကြသည်
ချန်ကျားယန်အနေဖြင့် စုန့်စစ်ယွီကြောင့် လူကုန်ကူးသူများထံသို့ ရောင်းစားခံခဲ့ရသည့်အတွက် သူမအပေါ် ထားရှိသော သူ၏ အမုန်းတရားမှာ သူ့ထက်ပင် ပို၍ ကြီးမားလိမ့်မည်ကို ရှုကျစ်ဝမ် သိနေခဲ့သည်။
ထို့ကြောင့် သူ့ကိုသာ နည်းလမ်းစဉ်းစားခိုင်းပါက စုန့်စစ်ယွီအား အလွန်ပင် ဒုက္ခရောက်စေမည့် နည်းလမ်းမျိုးကို စဉ်းစားပေးနိုင်လိမ့်မည် ။
သူ၏ ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းကို လက်ရှိ အခြေအနေများက သက်သေပြနေခဲ့သည်။ ချန်ကျားယန်၏ အကြံအစည်ကို ကြားလိုက်ရချိန်တွင် ရှုကျစ်ဝမ်ပင်လျှင် ကျောချမ်းသွားခဲ့ရလေသည်။
သို့သော် စုန့်စစ်ယွီကဲ့သို့သော ယုတ်မာသည့် မိန်းမတစ်ယောက်အတွက် ဤကဲ့သို့သော နိဂုံးမျိုးက ထိုက်တန်ပေသည်။
“အချိန်ကျလာရင် အန်တီ့ကို သင့်တော်မဲ့ မိန်းကလေးတစ်ယောက်လောက် ရှာခိုင်းမယ်၊ ပြီးရင် အဲဒီလူကြီးမင်းကျောက်နဲ့ မိတ်ဆက်ပေးဖို့ နည်းလမ်းရှာရမယ်
ဒါပေမဲ့ ခင်ဗျားဘက်ကနေ အခွင့်အရေးကို သေသေချာချာဆုပ်ကိုင်ထားရမယ်၊ အဲဒီမိန်းမယုတ် ဘက်က ခင်ဗျားကို သတိမထားမိပါစေနဲ့”
ချန်ကျားယန်က သူ၏ နောက်ထပ်အစီအစဉ်ကို ပြောပြလိုက်လေသည်။
ရှုကျစ်ဝမ်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေ၏။
“ဒါက လွယ်ပါတယ်၊ ငါ စီစဉ်လိုက်မယ်”
မည်သို့ပင်ဖြစ်စေ စုန့်စစ်ယွီကို စိတ်မချမ်းသာအောင် လုပ်နိုင်သရွေ့ မည်မျှပင် ခက်ခဲပါစေ သူ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
…
လင်းရန်သည်ကား ထိုအကြောင်းအရာများကို လုံးဝ မသိရှိခဲ့ပေ။ သူတို့တစ်ဖွဲ့လုံးက ဆေးရုံသို့ ရောက်ရှိလာပြီးနောက် စုန့်ရှီးယန်၏ ကားပေါ်သို့ ပစ္စည်းများကို တင်ဆောင်နေကြသော လူတချို့ကို တွေ့လိုက်ရလေသည်။
ထိုပစ္စည်းများက အရွယ်အစားကြီးသည့်ပစ္စည်းများ ဖြစ်ပုံရ၏။
“ရှောင်စုန့်၊ မင်း ဘာတွေ ဝယ်ထားတာလဲ?”
အဘွားလင်းက ထိုပစ္စည်းများကို အရင်ဆုံး သတိထားမိပြီး စုန့်ရှီးယန်ကို ချက်ချင်း မေးလိုက်လေသည်။
အရောင်းအဝယ် ကိစ္စများက ပြီးစီးသွားပြီဖြစ်သောကြောင့် စုန့်ရှီးယန်သည်လည်း ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
သူက သူ ဝယ်ယူခဲ့သည့် ပစ္စည်းများကို အဘွားလင်းနှင့် လင်းရန်တို့အား အမှန်အတိုင်း ပြောပြလိုက်လေ၏။
စုန့်ရှီးယန်က သူတို့ကို စကားတစ်လုံးမျှ မပြောဘဲ ဤမျှများပြားသည့် ပစ္စည်းများစွာကို ဝယ်ယူထားကြောင်း ကြားလိုက်ရလျှင် အဘွားလင်းတစ်ယောက် ပထမတွင် မင်တက်သွားခဲ့လေ၏။
ပြီးနောက်တွင် နှမြောခြင်းကြီးစွာဖြင့် မျက်နှာကလည်း ရှုံ့မဲ့သွားခဲ့ရလေသည်။
*