အခန်း (၂၉၅)
Vol. 30 Ch. 295
(295)
စုန့်မိသားစုအနေဖြင့် လင်းရန်အပေါ် အလွန်ကျေနပ်နေပြီး သူမကို မည်မျှ တန်ဖိုးထားကြောင်း ပြသရန်အတွက် ဤမျှများပြားသောပစ္စည်းများကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းကို သူတို့သိပေသည်။
သို့သော်လည်း တခြားအရာများကို မဆိုဘဲ ရေဒီယိုတစ်ခုတည်းကိုသာ ပြောရလျှင်ပင်..။
သူတို့၏အိမ်တွင် လျှပ်စစ်မီးပင် မရှိသေးသောကြောင့် ထိုရေဒီယိုပို မည်သို့ အသုံးပြုမည်နည်း။
အလှပြဖို့အတွက် ဝယ်လာခဲ့တာလား။
အပ်ချုပ်စက်နှင့် ပတ်သက်လျှင်လည်း အဘွားလင်းက သူမ၏ မြေးလေး လင်းရန်ကို အရင်က မေးဖူးခဲ့သည်။ သူမသည်က အဝတ်အစားချုပ်သည့် အတတ်ပညာနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ မသိထားခဲ့ပါချေ။
ထို့ကြောင့် ဤပစ္စည်းများကို ဝယ်လာခဲ့သော်လည်း သုံးတတ်လိမ့်မည် မဟုတ်ပေ။
စက်ဘီးကတော့ တစ်နည်းနည်းဖြင့် အသုံးဝင်ပုံရသည်။
သို့ သော်လည်း အရင်ဆုံး စီးးတတ်အောင် သင်ယူရဦးမည်ပင်။
“အိုက်ယား၊ ကြည့်စမ်းပါဦး၊ ဒါတွေအတွက် မင်း ပိုက်ဆံတွေ ဘယ်လောက်တောင် ကုန်သွားပြီလဲ၊ တကယ်ပါပဲ!”
အဘွားလင်းတစ်ယောက် ဘေးမှနေ၍ မပြောဘဲ မနေနိုင်တော့ဘဲ ညည်းညူပြောဆိုနေမိလေသည်။
စုန့်ရှီးယန်က တိတ်တဆိတ် နားထောင်နေခဲ့သော်လည်း ထိုစကားများမှာ ဘယ်ဘက်နားမှဝင်၍ ညာဘက်နားမှ ထွက်သွားခဲ့လေ၏။
အဘွားလင်းမှ စကားအနည်းငယ် ပြောနေရုံမျှဖြင့် သူ ဝယ်ထားသော ပစ္စည်းများကို ပြန်ပေးရန် မဖြစ်နိုင်ပါချေ။
မည်သို့ပင်ဖြစ်စေ သူ လင်းရန်၏ အမူအရာကို အကဲခတ်ကြည့်လိုက်လျှင် သူမက ဤပစ္စည်းများကို စိတ်ဝင်စားပုံရကြောင်း တွေ့လိုက်ရလေ၏။ ထို့ကြောင့် သူ ဝယ်လိုက်သော ပစ္စည်းများက တန်ဖိုးရှိကြောင်းကို သိလိုက်ပေသည်။
လင်းကျန်းအန်းက မည်သည့်စကားကိုမှ မပြောဘဲ ညွှန်ကြားချက်သာ ပေးလိုက်လေသည်။
“ဒီပစ္စည်းတွေကို အရင်ဆုံး နှစ်ရက်လောက် ပြန်သယ်သွားကြတာပေါ့၊ ပြီးရင် ရန်ရန်မြို့ကိုပြန်လာတဲ့အချိန်ကျမှ သူ့အတွက် မြို့ပေါ်ကို တစ်ခါတည်း သယ်သွားပေးလိုက်မယ်”
နောက်လာမည့် ကာလအတွင်း သူမ၏သမီး လင်းရန်မှာ မြို့ပေါ်တွင် စားဖိုမှူးရှုန်းထံမှ ပညာဆက်လက် သင်ယူရဦးမည် ဖြစ်သောကြောင့် အိမ်တွင် ထိုပစ္စည်းများကို ထားပါကအသုံးပြုရန် အချိန်ရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူမ အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် သူမနေထိုင်မည့် မြို့ပေါ်ရှိ နေရာသို့ တိုက်ရိုက် ပို့ပေးလိုက်ခြင်းက ပို၍ ကောင်းပေသည်။
စုန့်ရှီးယန်လည်း ထိုစကားကို ကြားမှသာ သူ့အနေဖြင့် ကိစ္စများကို အဘက်ဘက်မှ မစဉ်းစားမိခဲ့ကြောင်း နားလည်သွားခဲ့ရသည်။
“ကောင်းပါပြီ၊ နောက်နေ့ ကျရင် ကျွန်တော် အားလုံးကို ပြန်ပို့ပေးလိုက်ပါ့မယ်”
ဤပစ္စည်းများ၏ အဓိက ရည်ရွယ်ချက်မှာ အသုံးပြုရန် ဖြစ်သော်လည်း ၎င်းတို့ကို ကျေးလက်သို့ တစ်ရက်၊ နှစ်ရက်ခန့် အရင်ဆုံးသွားထားရပေလိမ့်မည်။
အနည်းဆုံး ဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်ရှုစေခြင်းဖြင့် စုန့်မိသားစုဘက်မှ လင်းရန်အပေါ် မည်မျှ ကျေနပ်နေကြောင်းနှင့် ဤအိမ်ထောင်ရေးကို မည်မျှအလေးထားကြောင်း သိနိုင်လိမ့်မည်ပင်။
သူတို့က ပစ္စည်းများကို စီစဉ်ပြီးသွားသောကြောင့် လင်းရန်တစ်ယောက် သူမ ဝင်ပါစရာမလိုအပ်ကြောင်း တွေးတောကာ တိတ်ဆိတ်စွာပင် ထိုင်နေခဲ့လေသည်။
နောက်ဆုံး မှောင်စပျိုးအချိန်၌ သူတို့က ပစ္စည်းအပြည့်ဖြင့် တပ်မဟာသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
မိသားစုဝင်များ၏ ယနေ့ ကြေညာချက်များနှင့် သန့်ရှင်းရေး ပြုလုပ်မှုများကြောင့် တပ်မဟာရှိ လူတိုင်းနီးပါးမှာ စုန့်ရှီးယန်နှင့် လင်းရန်တို့က မနက်ဖြန်တွင် မင်္ဂလာပွဲ ကျင်းပတော့မည် ဖြစ်ကြောင်းကို သိရှိသွားကြလေပြီ။
လူတိုင်းတွင် ခံစားချက် အမျိုးမျိုး ရှိနေကြသည်။ မနေ့ကပင် စုန့်ရှီးယန်၏ မိဘများ လာရောက်လည်ပတ်ကြောင်းနှင့် သူတို့က လက်ထပ်ရန် စီစဉ်နေကြကြောင်း ကြားခဲ့ကြသော်လည်း ယခုက အလွန်ပင် လျင်မြန်လှပေသည်။
သူတို့အနေဖြင့် မနေ့ကမှ ထိုအကြောင်းကို ပြောနေကြသေးပြီး ယနေ့တွင်တော့ မင်္ဂလာဆောင်တော့မည်ဟု ဆိုခဲ့ကြလေ၏။
ဤသည်မှာ အမှန်တကယ်ပင် ကမန်းကတန်း နိုင်လှပေသည်။
သို့သော် စုန့်ရှီးယန်တစ်ယောက် ကားပေါ်မှ စက်ဘီး၊ အပ်ချုပ်စက်နှင့် ရေဒီယိုများကို ချနေသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်းက မကောင်းသောစကား တစ်လုံးကိုမျှ မပြောရဲကြတော့ပေ။
‘အိုက်ယား ၊ ကြည့်စမ်းပါဦး!’
ပုံမှန်ဆိုလျှင် ဤပစ္စည်းများထဲမှ တစ်ခုကို မြင်ရရုံနှင့်ပင် သူတို့ အံ့သြနေကြရမည် ဖြစ်သော်လည်း၊ စုန့်မိသားစုသည်က ဤပစ္စည်းများအားလုံးကို တစ်ပြိုင်နက်တည်း ရအောင် ယူလာနိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
ပိုက်ဆံ မည်မျှ ကုန်သွားသနည်းဆိုသည်ကို ထည့်မတွက်လျှင်ပင် ဤကဲ့သို့သော စေတနာထားမှုကို ကြည့်ရုံနှင့်ပင် လူတိုင်းတိတ်ဆိတ်သွားကြရသည်။
စုန့်ရှီးယန်၏ အခြေအနေမှာ အလွန်ကောင်းမွန်လှသဖြင့် သူ အလိုရှိသော မည်သည့် မိန်းကလေးကိုမဆို ရှာနိုင်သော်လည်း နောက်ဆုံးတွင်တော့ လင်းရန်ကိုသာ ချစ်မိသွားခဲ့လေသည်။
လင်းရန်က ရုပ်ရည်လေး အနည်းငယ် ပိုလှနေရုံသာ မဟုတ်ပါလား။
ကျန်သည့်အချက်များအတွက်တော့ သူမတွင် ထူးခြားချက် မရှိပေ။ သူမသည်က အိမ်မှုကိစ္စများကိုပင် ကောင်းမွန်စွာ မလုပ်တတ်သကဲ့သို့ သူတို့၏မိသားစုမှ ငါးနှစ်၊ ခြောက်နှစ်အရွယ် မိန်းကလေးများလောက်ပင် ဝီရိယ မရှိလှချေ။
သို့သော် လူတိုင်းက မည်မျှပင် မနာလိုဖြစ်နေကြပါစေ၊ သူတို့က ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့က အချက်တစ်ချက်ကို စတင်၍ သတိထားမိလာကြသည်။
ထိုအချက်မှာ မိန်းကလေးတစ်ဦး၏ ရုပ်ရည်ပင် ဖြစ်ပေသည်။ အမှန်တကယ်ပင် ရုပ်ရည်ကို အထူးဂရုစိုက်ရန် လိုအပ်လှပေသည်။
သူတို့ ပြန်ရောက်ပါက သူတို့၏ သမီးပျိုများကို ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ဂရုစိုက်ခိုင်းရမည်။
သို့မှသာ စုန့်ရှီးယန်ကဲ့သို့ ရုပ်ရည်ကိုသာ ကြည့်တတ်သောသူမျိုးနှင့် ကြုံလာလျှင် အဆင်ပြေနိုင်ပေလိမ့်မည်။
လူတိုင်း၏ အမျိုးမျိုးသော ဆွေးနွေးမှုများကြားတွင် လင်းရန်နှင့် စုန့်ရှီးယန်တို့၏ မင်္ဂလာဧည့်ခံပွဲကို နောက်တစ်နေ့၌ ကျင်းပခဲ့လေသည်။
အချိန်မှာ အလွန်ပင် ကပ်နေသဖြင့် ကိစ္စရပ်များစွာကို အပြည့်အစုံ မပြင်ဆင်နိုင်ခဲ့ပေ။ ထို့ကြောင့် စုန့်ကျယ်နှင့် ချင်းယွင်ကျစ်တို့မှာ ပို၍ပင် ကြိုးစားအားထုတ်ခဲ့ကြရသည်။
အနည်းဆုံးတော့ သူတို့၏ ချွေးမဖြစ်သူ ရန်ရန်အပေါ် မည်မျှကျေနပ်နေကြောင်း တခြားသူများကို သိစေလိုခဲ့ကြသည်။
ထို့ကြောင့် ထိုနေ့တွင် အမြဲတစေ အေးစက်နေတတ်သော စုန့်ကျယ်အား ချင်းယွင်ကျစ်မှ ပြုံးနေရန် အမိန့်ပေးခဲ့လေသည်။ ပြုံးနေရုံသာမက ဧည့်သည်အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ဧည့်ခံရန် ပြောခဲ့သေး၏။
စုန့်ကျယ်: “...”
သူ့ကို သတ်လိုက်တာကမှ ပိုကောင်းဦးမယ်!
သို့သော် စုန့်ကျယ်တစ်ယောက် ဤစကားများကို ရင်ထဲ၌သာ တိတ်တဆိတ် ရေရွတ်နိုင်ခဲ့လေသည်။
နောက်ဆုံးတွင် ချင်းယွင်ကျစ်၏ ခြိမ်းခြောက်မှုအောက်၌ သူသည်က သူ၏ အေးစက်ခန့်ညားသည့် အမူအရာကို စွန့်လွှတ်လိုက်ရပြီး နှုတ်ခမ်းထောင့်များကို တင်းတင်းစေ့ကာ “ပြုံး” နေသော ယောက္ခမကြီးတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့ရလေတော့၏။
သို့သော်လည်း...
တခြားသူများက အဖေဖြစ်သူကို မည်သို့ မြင်ကြောင်းကို စုန့်ရှီးယန် မသိခဲ့ပေ။ သူ သိသည့်အချက်မှာ သူ၏ဖခင်ဖြစ်သူ စုန့်ကျယ်တစ်ယောက် ဤကဲ့သို့သော အမူအရာမျိုးကို ပြနေသည်ကို မြင်လိုက်ရပြီးနောက် အရှေ့သို့ပြေးသွားပြီး ဖခင်ဖြစ်သူ၏ မျက်နှာကို ပုဝါနှင့် ဖုံးအုပ်ပေးလိုက်ချင်စိတ်သာ ဖြစ်နေခဲ့ရသည်။
သူ ထပ်မံ၍မကြည့်ချင်တော့ပေ။ အမှန်တကယ်ကို မျက်စိစူးသည့်မြင်ကွင်း ဖြစ်နေခဲ့သည်။
ကျန်ရှိသောလူများ၊ အထူးသဖြင့် လင်းမိသားစုဝင်များမှာတော့ စုန့်ကျယ်၏ လုပ်ဆောင်ချက်အပေါ် အလွန်ပင် ကျေနပ်နေကြပြီး ကျေးဇူးတင်နေခဲ့ကြလေသည်။
ယနေ့ စုန့်ကျယ်၏ ပြုမူပုံမှာ သူတို့မိသားစုအတွက် အလွန်ပင် မျက်နှာပန်းလှစေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ရွာသားများကလည်း သူတို့၏ ခမည်းခမက်များမှာ အလွန်တော်ကြောင်းနှင့် လင်းမိသားစုမှာ ကံကောင်းလှကြောင်း ပြောနေကြလေသည်။
ထိုစကားကို ကြားလျှင် အဘွားလင်းက မပျော်ဘဲ နေနိုင်ပါမည်လား။
ထို့အပြင် စုန့်ကျယ် ဤနေရာသို့ ရောက်ရှိနေကြောင်းကို ကြားလိုက်ရသောကြောင့် လူပေါင်းများစွာက အလျှင်အမြန်ပင် လာရောက်ကာ မင်္ဂလာပွဲသို့တက်ရောက်ခဲ့ကြသည်။
အနီးအနားမှ အကြီးအကဲဆိုသူများ အားလုံး ရောက်ရှိလာကြသည်။ ကွန်မြူနတီ ခေါင်းဆောင်များအကြောင်းကိုတော့ ပြောနေရန်ပင် မလိုတော့ပေ။
ကွန်မြူနတီ ခေါင်းဆောင်များက လင်းရန်နှင့် လင်းကျန်းအန်းတို့ကြောင့်ပင် လာရောက်ခဲ့ကြသည်။
ထို့နောက် ကွန်မြူနတီမှ လူများအပြင် မြို့နယ်၊ ခရိုင်နှင့် မြို့ပေါ်ရှိ ခေါင်းဆောင်တချို့ကလည်း လက်ဆောင်ပစ္စည်းများ ပေးပို့ခဲ့ကြသေးသည်။ လင်းမိသားစုက အလွန်ပင် ဂုဏ်ယူဝမ်းသာနေကြလေတော့၏။
တခြားလူများမှာလည်း ဤကဲ့သို့သော ရာထူးကြီးခေါင်းဆောင်ကြီးများကပင် လက်ဆောင်များ လာပို့ကြခြင်း သို့မဟုတ် လူကိုယ်တိုင် ရောက်ရှိလာကြခြင်းတို့ကို မြင်ပြီးနောက် စုန့်မိသားစု၏ အဆင့်အတန်းနှင့် အင်အားကို ပို၍ရှင်းလင်းစွာ သိရှိသွားကြပြီး လင်းရန်နှင့် လင်းမိသားစုကို ပို၍ပင် မနာလို ဖြစ်သွားကြရပြန်သည်။
နှိုင်းယှဉ်လို့ မရနိုင်တော့ဘူး။
တကယ်ကို နှိုင်းယှဉ်လို့ မရနိုင်တော့ဘူး!
ယနေ့က အလွန်ပင် ပျော်ရွှင်စရာ ကောင်းသကဲ့သို့ အလုပ်များလှသော နေ့တစ်နေ့လည်း ဖြစ်လေသည်။
မင်္ဂလာပွဲကို လင်းမိသားစု၏ ခြံဝင်းထဲမှနေ၍ အပြင်ဘက်အထိ စားပွဲဝိုင်းများစွာဖြင့် ခင်းကျင်းထားခဲ့သည်။ ဧည့်သည်အများအပြားကတော့ လက်ဆောင်ပေးပြီးနောက် ပြန်သွားကြလေသည်။
မဟုတ်ပါက သူတို့ ထိုင်စရာ နေရာပင် ရှိမည်မဟုတ်ပေ။
ပြင်ဆင်မှုများက ကမန်းကတန်း ဖြစ်ခဲ့သော်လည်း မိသားစုနှစ်ခုလုံးသည် တတ်နိုင်သမျှ အကောင်းဆုံး ဟင်းလျာများကို ပြင်ဆင်ရန် ကြိုးစားခဲ့ကြသည်။
ထိုအထဲတွင် တတိယမြောက် ချွေးမဖြစ်သူ ယင်းဖန်က များစွာကူညီပေးခဲ့လေသည်။
ယခင်က သူမအနေဖြင့် အကြီးဆုံးယောက်မဖြစ်သူ ဝမ်ရှို့ကျူ၏ ခိုင်းစေချက်အရ ပတ်ဝန်းကျင်ရှိ တပ်မဟာများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မည်သည့်တပ်မဟာက စျေးသက်သာပြီး စစ်မှန်သောစျေးနှုန်း ပေးနိုင်မည်ကို ဆွေးနွေးရန် ကူညီပေးခဲ့ရသည်။
ယင်းဖန်အနေဖြင့် ဤကဲ့သို့သော စျေးဆစ်သည့် ကိစ္စမျိုးတွင် အလွန်ပင်ကောင်းစွာလုပ်နိုင်ပေ၏။
ထို့ကြောင့် သူမက လွန်ခဲ့သော ကာလအချို့က တပ်မဟာအသီးသီးသို့ လှည့်လည်သွားလာကာ လူအမျိုးမျိုးနှင့် စကားပြောဆိုပြီး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့လေသည်။
နောက်ဆုံးတွင်တော့ သူမက ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် တပ်မဟာတစ်ခုကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့၏။
တစ်ချိန်တည်းမှာပင် ထိုလုပ်ငန်းစဉ်အတွင်း လူပေါင်းများစွာနှင့်လည်း သိကျွမ်းခဲ့ရလေသည်။ သူမတွင် အဆက်အသွယ်များ ရှိနေခဲ့ပေပြီ ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူမ၏ ကျေးဇူးကြောင့် ဟင်းသီးဟင်းရွက်နှင့် အသားအမျိုးမျိုးကို အလျှင်အမြန်ပြင်ဆင်နိုင်ခဲ့သောကြောင့် ယနေ့ မင်္ဂလာပွဲမှာ အလွန်ပင် ခမ်းနားနေခဲ့သည်။
အလုပ်များလှသော တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် မွန်းလွဲပိုင်း သုံးနာရီ၊ လေးနာရီခန့်တွင် လင်းမိသားစုက နောက်ဆုံးကျန်ရှိသော ဧည့်သည်ကို နှုတ်ဆက်လိုက်လေသည်။
ဧည့်သည်တချို့မှာ တပ်မဟာအပြင်ဘက်မှ လာကြသူများဖြစ်ပြီး အိမ်ပြန်ရန် အလျင်လိုနေကြသောကြောင့် နေ့လယ်စာ ကျွေးမွေးသည့်အခြေအနေက အလွန်အဆင်ပြေခဲ့သည်။
လူတိုင်းက နေ့လယ်စာ စားပြီးနောက်တွင် အိမ်သို့ပြန်သွားခဲ့ကြလေ၏။
*