← Chapters

အခန်း (၂၉၆)

Vol. 30 Ch. 296

အခန်း (၂၉၆)

Vol. 30 Ch. 296

(296)

ဧည့်သည်များ ပြန်သွားကြပြီးနောက် လင်းမိသားစုဝင်များအားလုံးက ခြံထဲရှိ ပစ္စည်းအမျိုးမျိုးကို ဝိုင်းဝန်းသိမ်းဆည်းခဲ့ကြပြီး နောက်ထပ် နှစ်နာရီခန့် ကြာမြင့်သွားလေသည်။

အပြင်ဘက်တွင် နေဝင်ခါနီးဖြစ်လာခဲ့ပြီးနောက် ခွဲခွာရတော့မည်ဟူသော အငွေ့အသက်များက ပိုမိုသိသာလာခဲ့၏။

စုန့်ရှီးယန်က အိမ်နီးနားချင်းများထံမှ ငှားရမ်းထားသော စားပွဲများကို လိုက်လံပို့ဆောင်ပေးနေဆဲဖြစ်ကြောင်းကိုမြင်လျှင် အဘွားလင်းက သူ့ကို အမြန်တားဆီးလိုက်လေသည်။

“ရှောင်စုန့်၊ တော်ပြီ၊ မရွှေ့နဲ့တော့ မင်းက မနက်ဖြန်မနက်စောစော တပ်ဖွဲ့ကို ပြန်ရမှာ မဟုတ်လား၊

ညဘက် စောစောအိပ်လိုက်လေ၊ မင်းမှာ ကားလည်း ရှိနေတာပဲဆိုတော့ ဒီည ပစ္စည်းတွေနဲ့ ရန်ရန်ကို မြို့ထဲကို အရင်ပို့လိုက်ဦး.. ဒါမှ သူလည်း ပစ္စည်းတွေ သယ်ရမှာကို စိတ်မပူရတော့မှာ”

စုန့်ရှီးယန်မှာ ခဏမျှ ကြောင်အသွားပြီးနောက် အလိုအလျောက်ပင် ပြန်ပြောလိုက်မိသည်။

“အဘွား၊ အချိန်စောပါသေးတယ်၊ ကျွန်တော် ခဏလောက် ဝိုင်းသိမ်းပေးပြီးမှ သွားလည်းရတယ်၊ နောက်ပြီး ကျွန်တော် မအိပ်ချင်သေးပါဘူး၊ ကျွန်တော်က နောက်ကျမှအိပ်ရတာကို နေသားကျနေပြီ”

သူ့အနေဖြင့် တောထဲတွင် လေ့ကျင့်ရေးဆင်းစဉ်က နှစ်ရက်၊ သုံးရက်ခန့် မျက်စိမမှိတ်ဘဲ နေခဲ့ရသည့် အချိန်များစွာ ရှိခဲ့ဖူးကြောင်း ဆက်ပြောချင်ခဲ့သည်။ တစ်ညလုံး မအိပ်ဘဲ နေရခြင်းမှာ သူ့အတွက် မခက်ခဲပါချေ။

ယနေ့တွင် ပစ္စည်းများ အလွန်များပြားလှသောကြောင့် ရွှေ့ပြောင်းသယ်ယူစရာများ ရှိနေသေးသည်။

သူ့ကဲ့သို့ အားအင်ကောင်းမွန်သော လူမှ ဝိုင်းကူပေးပါက ကျန်ရှိသူများအတွက် ပို၍ သက်သာစေလိမ့်မည်။

စုန့်ရှီးယန်မှာ အဘွားလင်း၏ ဆိုလိုရင်းကို ရိပ်မိခြင်းမရှိဘဲ အလုပ်ကူလုပ်ရန်သာ ပြောလာသည်ကိုကြားလျှင် အဘွားလင်းတစ်ယောက် မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားရလေ၏။

ဒီတုံးအတဲ့ ကောင်လေးက သူမရဲ့ စကားကို အမှန်တကယ်ပင် နားမလည်တာလား ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေတာလား။

အခုချိန်က သူ အလုပ်လုပ်ဖို့အရေးကြီးတဲ့အချိန်လား။ အချိန်စော၊ မစောက အရေးကြီးနေလို့လား!

ဘာပဲ​ဖြစ်ဖြစ် ဒီနေ့က သူနှင့် လင်းရန်တို့အတွက် မင်္ဂလာဦးညလေ။ ဒီလို နေ့မျိုးအတွက် “စောစောအိပ်စက်ခြင်း” ရဲ့ အဓိပ္ပာယ်ကိုတောင် ဒီငတုံးကောင်လေးက မသိသေးတာလား။

အဘွားလင်းတစ်ယောက် စုန့်ရှီးယန်၏ ခေါင်းမာမှုကြောင့် စိတ်ပျက်သွားရကာ မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။

မိန်းကလေးဘက်မှ အကြီးအကဲဖြစ်သူအနေဖြင့် လင်းရန်ကို အရင်ဆုံးခေါ်သွားခိုင်းခြင်းကပင် အကန့်အသတ်သို့ ရောက်နေပြီဖြစ်ရာ ဤထက်ပို၍ ရှင်းလင်းအောင် ပြောရန်မှာ မဖြစ်နိုင်ပါချေ။

သူမက အသက်ကြီးပြီဖြစ်သော်လည်း ဂုဏ်သိက္ခာကိုတော့ ငဲ့ရဦးမည် မဟုတ်ပါလား။

ထို့ကြောင့် စုန့်ရှီးယန်ကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် အဘွားလင်းက ပင်ပန်းနွမ်းနယ်စွာဖြင့်သာ လက်ကို ဝှေ့ရမ်းလိုက်တော့သည်။

“ထားလိုက်ပါတော့၊ မင်းသဘောပဲ၊ မင်း ကြိုက်သလိုသာ လုပ်တော့ နောင်ကျမှ နောင်တမရစေနဲ့ဦး”

ထိုသို့ပြောပြီးနောက် အဘွားလင်းက စိတ်ပျက်စွာဖြင့် လှည့်ထွက်သွားကာ သူမ၏ အလုပ်များကိုသာ ဆက်လုပ်နေလေ၏။

စုန့်ရှီးယန်တစ်ယောက် သူမ၏ နောက်ကျောကို ကြည့်ရင်း ကြောင်အစွာ ကျန်ရစ်ခဲ့ရ၏။

သူ တစ်ခုခုအမှားလုပ်မိသောကြောင့် အဘွားလင်းက ဒေါသထွက်သွားသည်လား။

သူ့အနေဖြင့် အတည်တကျ အဆင့်အတန်းတစ်ခုကို ယနေ့မှသာ ရရှိခဲ့ပြီဖြစ်၍ ပထမဆုံးနေ့တွင်ပင် အဘွားလင်း ဒေါသမထွက်စေချင်ပါချေ။

စုန့်ရှီးယန်တစ်ယောက် အဘွားလင်း၏နောက်သို့ လိုက်ကာ အသေးစိတ် မေးမြန်းရန် တွေးလိုက်ချိန်တွင် ဘေးနားရှိ စုန့်ကျယ်က ရုတ်တရက် နှာခေါင်းရှုံ့လိုက်လေသည်။

“ဒီနေ့ကစပြီး မင်းကိုယ်မင်း ငါ့ရဲ့သားပါလို့ အပြင်ဘက်မှာ မပြောနဲ့တော့၊ ငါ့မှာ မင်းလိုမျိုး တုံးအတဲ့သားမျိုး မရှိဘူး”

သူ၏ လေသံက အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေ၏။

တစ်ဖက်မှ အခွင့်အရေး ပေးသော်လည်း အသုံးမချတတ်သည့် သားဖြစ်သူကို အတော်လေးအထင်သေးနေခဲ့သည်ပင်။

အခုချိန်ထိ နားမလည်သေးသော စုန့်ရှီးယန်: “?”

လောကကြီးက ဘာတွေများ ဖြစ်နေတာလဲ။

ဘာလို့ လူတိုင်းက သူ့ကို ဝိုင်းပြီး ပစ်မှတ်ထားနေကြတာလဲ။

သူ့ကို ပွင့်ပွင့်လင်းလင်း ပြောလို့မရတဲ့ ကိစ္စတွေ ရှိနေလို့လား။

စုန့်ရှီးယန်အနေဖြင့် ဤကဲ့သို့သော လျှို့ဝှက်ချက်များရှိနေသည်ကို အမုန်းဆုံးပင် ဖြစ်သည်။

သို့သော် သူသည်က အဖေဖြစ်သူနှင့် အမြဲတစေ သဘောထားကွဲလွဲနေသူ ဖြစ်နေသောကြောင့် သူ့ကို မေးလိမ့်မည်မဟုတ်ပါချေ။ သူက တည်ငြိမ်ဟန်ဆောင်လျက်ပင် ပြန်လည်ဖြေလိုက်သည်။

“ရတယ်၊ အဖေလည်း အပြင်ဘက်မှာ ကျွန်တော့်ရဲ့ အဖေပါလို့ မပြောပါနဲ့”

စုန့်ကျယ်မှ သူ၏စကားကို ကြားလျှင် စိတ်ဆိုးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း စုန့်ကျယ်က စိတ်မဆိုးသည့်အပြင် စုန့်ရှီးယန်ကို သနားကရုဏာသက်သော မျက်လုံးများဖြင့် ကြည့်လာခဲ့လေ၏။

ဒီငတုံးကိုတော့ တကယ်ကို မကယ်နိုင်တော့ဘူးဟူ၍ ပြောချင်နေသကဲ့သို့။

စုန့်ရှီးယန် : “???”

နောက်ဆုံးတွင် ချင်းယွင်ကျစ်က အခန်းထဲမှ ထွက်လာခဲ့လေသည်။ စုန့်ရှီးယန်၏ မျက်နှာအမူအရာက ထူးဆန်းနေသည်ကို မြင်လျှင် သူမက သံသယဖြင့် မေးလိုက်၏

“ဘာဖြစ်နေတာလဲ”

မိခင်ဖြစ်သူ၏ အသံကို ကြားလျှင် စုန့်ရှီးယန်က သတိပြန်ဝင်လာခဲ့သည်။ သူ၏ မျက်လုံးတို့က တောက်ပသွားခဲ့ပြီး သူ့ကို လှောင်ရယ်လိုစွာ ကြည့်နေသော စုန့်ကျယ်ကို ပြန်ကြည့်ကာ ချင်းယွင်ကျစ်ထံသို့ တိုင်တန်းလိုက်လေသည်။

“အမေ၊ အဖေက ကျွန်တော့်ကို အနိုင်ကျင့်နေတယ်၊ ဒီနေ့က ကျွန်တော့်အတွက် ထူးခြားတဲ့နေ့ဖြစ်နေတာကို သူက ကိစ္စတစ်ခုကို တမင်ဖုံးကွယ်ထားတယ်လေ

အဲဒါက သေချာပေါက် အတော်လေး အရေးကြီးတဲ့ ကိစ္စဖြစ်လိမ့်မယ်၊ သူသာ ကျွန်တော့်ကို မပြောရင် ကျွန်တော် အဲဒါကိုပဲ အမြဲ စဉ်းစားနေမိပြီး စိတ်အေးရမှာ မဟုတ်ဘူး၊ အဲလိုဆိုရင် ရန်ရန်အပေါ်မှာပါ သက်ရောက်သွားနိုင်တယ်...”

ဘာ!

ချင်းယွင်ကျစ်က အစပိုင်းတွင် စိတ်ရှည်လက်ရှည်ဖြင့် နားထောင်နေသော်လည်း စုန့်ရှီးယန်မှ လင်းရန်အပေါ်သို့ပါ သက်ရောက်နိုင်သည်ဟု ပြောလိုက်ချိန်တွင်တော့ သူမက စုန့်ကျယ်ကို တိုက်ရိုက်ပင် အော်ဟစ်လိုက်လေတော့သည်။

“စုန့်ကျယ်၊ ရှင် အသက်ဘယ်လောက်တောင်ရှိနေပြီလဲ၊ အခုချိန်ထိ ကိုယ့်သားကို အနိုင်ကျင့်နေတယ်၊ ဘယ်လိုတောင် အရှက်မရှိ ဖြစ်နေရတာလဲ၊ အခု ဘာတွေဖြစ်နေတာလဲဆိုတာ သူ့ကို မြန်မြန်ပြောပြလိုက်!”

စုန့်ရှီးယန်က ချင်းယွင်ကျစ်၏ ဘေးနားတွင် ရပ်နေခဲ့ပြီး သူမ၏ အမြင်အာရုံမှ လွတ်ကင်းနေသော နေရာမှနေ၍ စုန့်ကျယ်အား ရန်စလိုသော မျက်လုံးများဖြင့် ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။

‘အဖေ ကျွန်တော့်ကို မပြောလည်း ရတယ်၊ ကျွန်တော့်မှာ အဖြေကို သိနိုင်တဲ့ နည်းလမ်း ရှိနေတာပဲ’

စုန့်ကျယ်:“...”

စုန့်ရှီးယန်၏ ကလေးဆန်သော တိုင်တန်းမှုကြောင့် စုန့်ကျယ်တစ်ယောက် ရယ်မောချင်သွားရလေ၏။ သို့သော်လည်း ချင်းယွင်ကျစ်က သူ့အား စိတ်မရှည်စွာဖြင့် တိုက်တွန်းနေပြန်သည်။

နောက်ဆုံးတွင်တော့ စုန့်ကျယ်တစ်ယောက် ချင်းယွင်ကျစ်၏ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်ဘဲ အဘွားလင်းပြောခဲ့သည့်စကားများကိုသာ မျက်နှာသေဖြင့် ပြန်လည်ပြောပြလိုက်ရလေသည်။

ထိုအကြောင်းကို ပြောပြီးနောက်တွင်လည်း စုန့်ရှီးယန်အား အေးစက်သော မျက်လုံးများဖြင့် ပြန်ကြည့်လိုက်ကာ စိတ်ထဲမှ ရေရွက်လိုက်ပြန်၏။

ဒီကောင်စုတ်လေးကတော့ ။ သူ့ကိုတောင် ပြန်ပြီးတွက်ချက်ရဲတယ်ပေါ့လေ။

နောက်ကို သူ့အတွက် သေချာပေါက် ကောင်းမွန်တာလေးတွေ ပြပေးမှဖြစ်မယ်။

ချင်းယွင်ကျစ်သည်က လောကကြီး၏အကြောင်းကို နားလည်သူဖြစ်သောကြောင့် အဘွားလင်းပြောခဲ့သောစကားကို ကြားလျှင်ချက်ချင်းပင် ရိပ်မိသွားခဲ့လေ၏။

သူမက အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်မိပြီး စုန့်ရှီးယန်မှာ တုံ့ပြန်မှုမရှိဘဲ ဖြစ်နေသေးကြောင်းကို မြင်လျှင် သူ့ကို အားပြင်းပြင်းနှင့်ဆွဲလိမ်လိုက်တော့သည်။

“မင်းရဲ့ ဦးနှောက်ကြီးက ဘာကိုမှစဉ်းစားလို့မရတော့ဘူးလား၊ အရေးကြီးတဲ့အချိန်ကျမှ ဦးနှောက်လည်ပတ်မှုတွေ ရပ်ဆိုင်းကုန်တာလား၊ အဘွားက မင်းကို ရန်ရန်နဲ့အတူ မြို့ထဲမှာ အရင်သွားနေခိုင်းတာလေ!”

စုန့်ရှီးယန်က မျက်မှောင်ကြုတ်လျက် ပြန်ရှင်းပြမိ၏။

“ကျွန်တော် ကြားပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ဒီမှာပဲနေပြီး ကူညီပေးချင်တာ...”

သူ့အနေဖြင့် အလုပ်များများကူလုပ်ပေးခြင်းဖြင့် အမှတ်ယူချင်နေခဲ့သည်။

သို့ဖြစ်သော်လည်း သူ၏စကားပင်မဆုံးသေးမီ ချင်းယွင်ကျစ်က သူ့ကို ထပ်မံလိမ်ဆွဲပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ သူမက လုံးဝ ညှာတာခြင်းမရှိတော့ပေ။ စုန့်ရှီးယန်က မည်မျှပင် အရေထူသူဖြစ်ပါစေ၊ အမေဖြစ်သူ၏ လက်ဆကြောင့် အမှန်တကယ် နာကျင်သွားရသဖြင့် မျက်မှောင်ကြုတ်သွားရလေ၏။

“မင်းဆိုတဲ့ငတုံးကတော့ ဘာတစ်ခုမှမသိဘူးလား၊ အခုလိုအချိန်မှာ ဘယ်လိုအလုပ်တွေများ လုပ်နေဦးမှာလဲ၊

ဘာလို့ ရန်ရန်နဲ့အတူ သွားအိပ်ဖို့ မလုပ်ရတာလဲ၊ မင်းရဲ့ မင်္ဂလာဦးညမှာတောင် ဒါကို မလုပ်ချင်ဘူးဆိုရင် မင်းမှာ ဦးနှောက်မရှိဘူးလို့ပဲ ငါပြောရတော့မယ်!”

ချင်းယွင်ကျစ်က အတော်လေး စိတ်တိုနေခဲ့ရ၏။ သူမက စိတ်မထိန်းနိုင်တော့ဘဲ စကားကို အရှင်းဆုံးဖြစ်အောင် ပြောချင်နေခဲ့ကာ စုန့်ရှီးယန်နှင့် လင်းရန်တို့ကို ခုတင်တစ်ခုတည်းပေါ်သို့ပင် အတင်းပို့ဆောင်ပေးချင်စိတ်များဖြစ်နေမိလေသည်။

ထိုအချိန်မှသာ စုန့်ရှီးယန်တစ်ယောက် သဘောပေါက်သွားတော့သည်။

သူက မည်သည့်အရာကို တွေးမိသည်ကို မသိရဘဲ မျက်နှာတစ်ခုလုံး နီရဲသွားပြီး အသက်ရှူသံများပင် ပြင်းထန်လာကာ စကားပင် သေသေချာချာမပြောနိုင်တော့ချေ။

“အဟမ်း၊ အမေ အသံကို နည်းနည်းလောက် လျှော့ပါဦး! ဘယ်သူက အမေ့လိုမျိုး အော်ပြောနေမှာလဲ!”

သူတို့ကို မသိသူများဆိုလျှင် စုန့်မိသားစုကို လူမိုက်များဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။

ချင်းယွင်ကျစ်က တဟားဟားရယ်သံဖြင့်သာ ပြန်လည်းတုံ့ပြန်လိုက်၏။

သူမသည်လည်း ယဉ်ယဉ်ကျေးကျေး နေချင်ပါသော်လည်း သူမသာ ယဉ်ကျေးနေပါက ဤတုံးအသောသားဖြစ်သူက သူမပြောချင်သည့် ဆိုလိုရင်းကို သိနိုင်တော့မည်မဟုတ်ပါချေ။

သူမ၏တုံးအသောသားဖြစ်သူက မျက်နှာတစ်ခုလုံးနီရဲသွားသည်ကို မြင်ရသည်မှာလည်း သူမအတွက် ရယ်စရာ ဖြစ်နေခဲ့သည်။

သို့သော် ရယ်မောပြီးနောက် ချင်းယွင်ကျစ်တစ်ယောက် စိုးရိမ်စိတ်များ ဝင်လာရပြန်သည်။

သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူတို့မိသားစုမှလွဲ၍ တခြားသူမရှိသည်ကို မြင်လျှင် စုန့်ရှီးယန်၏ဘေးသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ မင်းအဖေကို မင်းအတွက် အတွေ့အကြုံတွေ သင်ပေးခိုင်းလိုက်ရမလား”

“အမေ၊ တော်ပါတော့!”

စုန့်ရှီးယန်က မျက်နှာတစ်ခုလုံး နီရဲနေခဲ့ကာ သူမ၏စကားကို ဖြတ်ပြောလိုက်လေသည်။

“ကျွန်တော် ရန်ရန်ဆီကို အရင်သွားလိုက်ဦးမယ်၊ အမေတို့လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါဦး!”

*

All Chapters