အခန်း (၄၃၈၆-၄၃၉၀)
Vol. 223 Ch. 4386-4390
Chapter 4386
"မင်းတို့က ထန်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တွေ မဟုတ်လား.. မင်းတို့က ငါ့ရဲ့နယ်မြေထဲကို ခြေချလာဝံ့မှတော့ ထွက်သွားဖို့မစဉ်းစားကြနဲ့"
လုယွီက ရုတ်တရက် ထန်စစ်ဗိုလ်ချုပ်များကိုကြည့်ပြီး ပြောဆိုသည်။
သူ့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အစိုင်အခဲတစ်ခုအလား ကျစ်လစ်သိပ်သည်းနေကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျံ့လွင့်သွားသည်။
လုယွီ၏စူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသော ထန်စစ်ဗိုလ်ချုပ်များအားလုံးသည် ငရဲမှတက်လာသော သရဲတစ္ဆေတစ်ကောင်၏စူးစိုက်ကြည့်ခြင်းကို ခံရသည့်အလား ခံစားမိသည်။သူတို့၏နောက်ကျောများ အေးစက်သွားကာ သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားပြီး သူတို့၏နဖူးများမှ ချွေးများယိုစီးကျလာသည်။
ဤအချိန်အခိုက်အတန့်တွင် မည်မျှထိ ရဲဝံ့ပြီးအရည်အချင်းရှိသော စစ်ဗိုလ်ချုပ်ဖြစ်နေပါစေ စကားပြောဆိုနိုင်ခြင်းမရှိချေ။
လုယွီသည် သူတို့၏စိတ်နှလုံးသားအတွင်းရှိ အားအကောင်းဆုံး ထိတ်လန့်ကြောက်ရွံ့မှုများကို ပေါက်ဖွားစေခဲ့သည်။
စစ်ဗိုလ်ချုပ်များသည် သူတို့၏စိတ်ဆန္ဒများ မည်မျှထိ သန်မာအားကောင်းသည်ဖြစ်စေ ပြိုလဲကျသွားတော့မည့်အလား ခံစားနေရသည်။
"ဒါက အဆုံးသတ်သွားပြီ.. ငါ့ရဲ့အသက်က ငါ့ရဲ့အပိုင်မဟုတ်တော့သလိုမျိုး ခံစားနေရတယ်....ငါ့ရဲ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဥ်ကိုတောင် ငါ မထိန်းချုပ်နိုင်တော့ဘူး"
စစ်ဗိုလ်ချုပ်တယောက်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုသည်။
လုယွီသည် သူတို့၏ရှေ့သို့ ဆင်းသက်လာပေ၏။
အမှောင်ထုအတွင်းတွင် လုယွီသည် မိုးကောင်းကင်ယံမှဆင်းသက်လာသောအစစ်အမှန်နတ်ဘုရားတစ်ပါးအလားပင်။
လုယွီက ရုတ်တရက် သူ၏လက်ကိုမြှောက်ပြီး ထန်စစ်ဗိုလ်ချုပ်များရှိနေသောနေရာသို့ဦးတည်၍ အောက်သို့ပြင်းပြင်းထန်ထန်ဖိနှိပ်လိုက်သည်။
ထန်စစ်ဗိုလ်ချုပ်များအားလုံး ရှိနေသောနေရာမှ လေဟာနယ်သည် ချက်ချင်းအေးခဲတောင့်တင်းသွားကာ တလက်လက်တောက်ပနေသော ပယင်းကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤလေဟာနယ်အတွင်းတွင် ထန်စစ်ဗိုလ်ချုပ်တစ်ယောက်စီတိုင်း၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံ့သော အမူအယာတစ်ရပ်ရှိနေသည်။
သူတို့သည် ထိတ်လန့်ကြောက်ရွံ့နေသော်လည်း လုယွီကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့တတ်နိုင်သောအရာဟူ၍ မရှိချေ။
နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏လက်သီးကို ဖမ်းဆုပ်လိုက်၏။
ဤဖမ်းဆုပ်မှုနှင့်အတူ...
လေဟာနယ် ရုတ်တရက် ပေါက်ကွဲသွားသည်။
ထိုလေဟာနယ်အတွင်းတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏ ရုပ်ခန္ဓာကိုယ်များနှင့်စိတ်ဝိညာဉ်များလည်း လွတ်မြောက်နိုင်ခြင်းမရှိချေ။
စစ်တပ်ကြီးကိုအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သေဆုံးသွားလေပြီ။
ကြွင်းကျန်သောစစ်သားများသည် သူတို့၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားရသည်။သူတို့သည် သတ္တိကောင်းပြီး စစ်တိုက်ခိုက်ရသည်ကိုချစ်မြတ်နိုးသူများ ဖြစ်သည့်တိုင် ဤကဲ့သို့ ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။
ချီစစ်တပ်သည် ထွက်ပြေးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေနေပြီ။ထွက်ပြေးလာသော ချီစစ်သားအများစုသည် ထန်စစ်တပ်၏စစ်စခန်းအတွင်းသို့ ပြေးဝင်လာသဖြင့် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်သွားသည်။
အဝေးတစ်နေရာတွင်ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်မှလူများသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ကြက်သေသေသွားကြသည်။
လုယွီသည် သူတစ်ယောက်တည်းဖြင့် ထန်စစ်တပ်ကို လုံးလုံးလျားလျားအနိုင်ယူနိုင်ခဲ့ပေ၏။
ထန်စစ်ဗိုလ်ချုပ်များသည် တုံ့ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရရှိဘဲ သေဆုံးသွားခဲ့သည်။သူတို့ထံတွင်လည်း ကောင်းကင်မူဝါဒရုံးတော်မှလူများနှင့် တူညီသောကံကြမ္မာမျိုး ရှိနေသည်။
"ငါတို့ သွားဖို့မလိုလောက်တော့ဘူး"
လက်ထောက်တပ်မှူးက တီးတိုးရေရွတ်လိုက်သည်။
အဝေးတစ်နေရာတွင် အနက်ရောင်မိုခံတပ်၏ အလွန်မြင့်မားသောမြို့ရိုးကြီး မားမားမတ်မတ်တည်ရှိနေသည်။
အနက်ရောင်မိုခံတပ်၏ အထက်ကောင်းကင်ယံမှနေ၍ တံပိုးခရာသံများထွက်ပေါ်လာကာ စစ်သားများကိုနောက်ဆုတ်ရန် အချက်ပေးခြင်းပင်။
မြို့ရိုးပေါ်တွင် မီတာတစ်ထောင်အကွာအဝေးတိုင်း၌ စောင့်ကြည့်မျှော်စင်တစ်ခုရှိသည်။ထိုစောင့်ကြည့်မျှော်စင်များမှနေ၍ မိုးပြာရောင်အလင်းတန်းများ တပြိုင်နက်တည်း ထွက်ပေါ်လာကာ အနက်ရောင်မိုခံတပ်၏အထက်ရှိ တိမ်တိုက်များအတွင်းသို့ ပျံ့လွင့်သွားသည်။
"မဟာအကာအကွယ်ဝင်္ကပါကြီးကို မြန်မြန်အသက်သွင်းလိုက်တော့"
အနက်ရောင်မိုခံတပ်ကို စောင့်ကြပ်နေသည့် ခုခံကာကွယ်ရေးစစ်သားများသည် ထိတ်လန့်တကြားဖြစ်သွားကာ ဝင်္ကပါကြီးကို အလျှင်အမြန်အသက်သွင်းလိုက်ကြ၏။
စူးရှတောက်ပသော အလင်းတိုင်လုံးကြီးတစ်တိုင်သည် မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင်သွားကာ တောက်ပသောအလင်းလွှာကြီးအဖြစ် သိပ်သည်းသွားသည်။
အစောင့်များအားလုံးသည် ရူးသွပ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေလေပြီ။သူတို့သည်စစ်ဗိုလ်ချုပ်အမြောက်အများသေဆုံးသွားခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသဖြင့် အလွန်အမင်းစိတ်ပျက်အားငယ်နေကာ ဝင်္ကပါကြီး၏စွမ်းအားကို မြှင့်တင်ရန် ကြိုးစားလိုက်ကြသည်။
အနက်ရောင်မိုခံတပ်၏အကာအကွယ်ဝင်္ကပါကြီး ပို၍တောက်ပလာသည်။မရေမတွက်နိုင်သော စိတ်ဝိညာဉ်စွမ်းအားများ၏စုစည်းမှုအောက်တွင် ထိုဝင်္ကပါကြီးသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အဆင့်တစ်ခုထိ ထူထပ်သိပ်သည်းသွားသည်။
"မင်းတို့ ငါ့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး"
လုယွီက ခြေလှမ်းတစ်လှမ်းခြင်း ရှေ့သို့လျှောက်လှမ်းသွားသည်။သူ့၏နှာခေါင်းနံဘေးပတ်လည်တွင် အဖြူရောင်အခိုးအငွေ့များ ရစ်သိုင်းလွှမ်းခြုံနေသည်။
ဤသည်မှာ စိတ်ဝိညာဉ်ချီစွမ်းအားများကို ပြင်းပြင်းထန်ထန်ရှူရှိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝလွန်ပုံရိပ်တစ်ခုပင်။လုယွီသည် ရှေးဟောင်းနဂါးတစ်ကောင်အလား ပတ်ဝန်းကျင်တွင်ရှိနေသော စိတ်ဝိညာဥ်ချီများအားလုံးကို ဝါးမြိုကာ သူ့၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သောခွန်အားများအဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် သူ၏လက်ကိုမြှောက်ကာ အောက်သို့ရိုက်နှက်လိုက်၏။
အထက်ကိုးကောင်းကင်ဘုံမှကျဆင်းလာသော မိုးခြိမ်းသံအလား အလွန်အမင်းကျယ်လောင်သောအသံကြီး မြည်ဟီးလာကာ..
လုယွီ၏လက်ဝါးရိုက်ချက်သည် မိုးကောင်းကင်ယံအတွင်းရှိ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးကို ကိုင်ထားပြီး အောက်သို့ရိုက်ချလိုက်သည့်အလားပင်။
ဘန်း....
ထိုလက်ဝါးရိုက်ချက်မှစွမ်းအားနှင့် ထိတွေ့မိသည်နှင့် အကာအကွယ်ဝင်္ကပါကြီး ကြေမွှပျက်စီးသွားသည်။
သို့ရာတွင် ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။
လုယွီ၏လက်ဝါးရိုက်ချက်မှစွမ်းအားတွင် အကန့်အသတ်မရှိသော ဖျက်ဆီးခြင်းတာအိုစွမ်းအားများ ပါဝင်နေပုံရသည်။အကာအကွယ်ဝင်္ကပါကြီး ကြေမွှပျက်စီးသွားပြီးနောက် ထိုစွမ်းအားသည် အနက်ရောင်မိုခံတပ်၏မြေပြင်ပေါ်သို့ ကျရောက်သွားပေ၏။
ဝုန်း....
မြေပြင်တပြင်လုံးသုံးခါသွားကာ အရာရာတိုင်းပြိုလဲသွားတော့လုမတတ်ပင်။
အနက်ရောင်မိုခံတပ်မြို့တစ်မြို့လုံး ပြင်းပြင်းထန်ထန်တုန်ခါစ ပြုလာသည်။
အနက်ရောင်မိုခံတပ်မြို့၏မြေပြင်ကြီး ရုတ်တရက် ကွဲထွက်သွားကာ မိုင်တစ်သောင်းကျော်ရှည်လျားသော တောင်တန်းကြီးသည် အောက်သို့ အဆက်မပြတ်ကျွံ့ဝင်နေပေ၏။ လက်ဝါးရိုက်ချက်တစ်ချက်၏စွမ်းအားကြောင့် မြေပြင်တပြင်လုံးသည် ကျန်းပေါင်းများစွာအနက်ထိ နိမ့်ဆင်းသွားခဲ့သည်။
Chapter 4387
ဝုန်း...
ထိုလက်ဝါးရိုက်ချက်စွမ်းအား ကျရောက်သွားသည့်နေရာကို ဗဟိုပြု၍ မိုင်ပေါင်းတစ်သောင်းကျော်အကွာအဝေးထိ မြေပြင်တပြင်လုံး တုန်ခါသွားသည်။
ဤသည်မှာ နဂါးသွေးကြော ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည့် အလားပင်။မြေအောက်ရှိနက်ရှိုင်းသောနေရာမှ ကျယ်လောင်သောတုန်ခါသံများ ထွက်ပေါ်လာကာ မြို့တစ်မြို့လုံး ပြင်းပြင်းထန်ထန်တုန်ခါနေသည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အဓိကနယ်စပ်လေးနေရာမှတစ်နေရာဖြစ်သော အနက်ရောင်မိုခံတပ်၏ခုခံကာကွယ်မှုသည် ကောင်းကင်ချိုးဖျက်ခံတပ်ထက် နိမ့်ပါးခြင်းမရှိချေ။ မြို့ရိုးသည် ကျန်းတစ်သောင်းကျော်မြင့်မားကာ အုတ်ချပ်တစ်ချပ်စီတိုင်းတွင် ထူထပ်သိပ်သည်းသော သင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။ထိုအရာများအတွင်းတွင် မှော်စွမ်းအားများ စီးဆင်းနေသောကြောင့် အလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေပေ၏။
ထိုမျှသာမက အနက်ရောင်မိုခံတပ်၏ခုခံကာကွယ်နိုင်စွမ်းမှာ အလွန်အမင်းမြင့်မားသည်။
အတိတ်တွင် ဤအလွန်ခိုင်ခံသော ခံတပ်ကြီးကို တည်ဆောက်နိုင်ရန်အလို့ငှာ တာယွီတော်ဝင်နန်းတွင်းသည် ဝင်္ကပါပညာရှင်များနှင့်ဖုန်းရွှေပညာရှင်အမြောက်အများကို ဖိတ်ခေါ်ခဲ့သည်။ထိုပညာရှင်များအားလုံး အတူတကွပူးပေါင်း၍ အနက်ရောင်မိုခံတပ်၏ဖွဲ့စည်းပုံကို ခင်းကျင်းခဲ့ကြခြင်းဖြစ်သည်။
ဝူတင်းအမတ်ကြီးလီကျိုးစီသည် ထန်စစ်တပ်ကိုဦးဆောင်၍ အနက်ရောင်မိုခံတပ်ကို တိုက်ခိုက်စဉ်အချိန်တုန်းက သူတို့သည် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့သည့်တိုင် အောင်မြင်နိုင်ခဲ့ခြင်းမရှိချေ။
အကယ်၍ ချီဘုရင်သည် လူများကိုစေလွှတ်ပြီး အနက်ရောင်မိုခံတပ်၏တံခါးကို အတွင်းမှဖွင့်ပေးခဲ့ခြင်းသာ မရှိပါက ထန်စစ်တပ်သည် ဤနေရာကို တိုက်ခိုက်နိုင်လျှင်ပင် အလွန်ကြီးမားသောတန်ကြေးကို ပေးဆပ်ရပေမည်။
သို့ရာတွင် ဤမျှထိကြီးမားသော ခံတပ်ကြီးသည် လုယွီထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကို တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
ခံတပ်မြို့တစ်မြို့လုံးသည် မြေပြင်၏နက်ရှိုင်းသောနေရာ၌ ထိုးစိုက်ထားခြင်းခံရသော သံတစ်ချောင်းနှင့် တူညီနေသည်။
အနက်ရောင်မိုခံတပ်ကို ဗဟိုပြု၍ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဖူး....
မြို့အကာအကွယ်ဝင်္ကပါကို ထိန်းချုပ်ရာ၌ တာဝန်ယူထားသော ထန်စစ်သားများ၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ မြေပြင်ပေါ်သို့လဲကျပြီး သတိလေးမေ့မျောသွားတော့သည်။
မြို့ရိုးများ၏နောက်ရှိ ဝင်္ကပါအမှတ်အသားများကြားတွင် ပုန်းကွယ်နေသော စောင့်ကြည့်မျှော်စင်များလည်း ပြိုလဲသွားလေပြီ။
လုယွီ၏လက်ဝါးရိုက်ချက်တချက်ဖြင့် သူတို့၏နောက်ရှိခံတပ်ကြီး ပြိုလဲပျက်စီးသွားသည်ကို သန်းနှင့်ချီသော ထန်စစ်သားများသည် ကူကွယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေကြ၏။သူတို့အားလုံးသည် မြေပြင်ပေါ်၌ အမြစ်တွယ်နေသည့်အလား မတ်တတ်ရပ်နေကာ ကြက်သေသေနေကြသည်။
ဤကဲ့သို့ကိစ္စတစ်ရပ်ကို ပြုလုပ်နိုင်ရန်အတွက် မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားရမည်နည်း။
သူတို့သည် သူတို့၏မဟာစစ်ဗိုလ်ချုပ်နှင့်ဗိုလ်ချုပ်များကို လုယွီမှ သတ်ဖြတ်လိုက်သည်ကိုလည်း ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာ တက်နိုင်ခဲ့သည်။
ထိုစစ်ဗိုလ်ချုပ်များအနက်မှ မည်သည့်တစ်ယောက်မဆို အစွမ်းထက်သော်လည်း လုယွီထံမှတိုက်ခိုက်မှုတစ်ခုကိုပင် တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။
ထန်စစ်သားများအနက်မှအများစုကို ရာနှင့်ချီသောတိုက်ပွဲများကို တိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံရင့်ကျက်သော စစ်သားများဟု သတ်မှတ်နိုင်သည်။သို့ရာတွင် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားနှင့် ရင်ဆိုင်ရသောအချိန်တွင် သူတို့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူတို့၏ခေါင်းများကို အောက်သို့ ငုံလိုက်ရသည်။
"ဟူး ကြည့်ရတာတော့ ငါတို့အားလုံးက အရှင်လုကို လျှော့ထွက်ခဲ့မိတဲ့ပုံပဲ"
ပုန်းကွယ်နဂါးစစ်တပ်အတွင်းတွင်ရှိနေသော စစ်သားများသည်လည်း မျက်လုံးအပြူးသားဖြင့် ဤမြင်ကွင်းကို စူးစိုက်၍ကြည့်နေကြသည်။သူတို့ရှေ့၌ ဖြစ်ပျက်သွားခဲ့သည့် အရာရာတိုင်းကို သူတို့ မယုံကြည်နိုင်ကြချေ။
အနက်ရောင်မိုခံတပ်မြို့ ပြိုလဲပျက်စီးသွားပြီးနောက် သန်းနှင့်ချီသော ထန်စစ်သားများသည် သူတို့၏ခေါင်းစွပ်များနှင့်သံချပ်ကာများကို ချွတ်လိုက်ကြ၏။
ဤကိစ္စများအားလုံးကို လုယွီတစ်ယောက်တည်းဖြင့် လုပ်ဆောင်ခဲ့ခြင်းပင်။
အထူးသဖြင့် မြို့အတွင်းရှိမြေပြင်တပြင်လုံး အလွန်နက်ရှိုင်းစွာ ကျွံ့ဝင်သွားခဲ့ခြင်းပင်။ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားအမြောက်အများသည် ဤမြင်ကွင်းကိုကြည့်ပြီး အလွန်အမင်းထိတ်လန့်တုန်လှုပ်နေသည်။
လက်ထောက်တပ်မှူးက ရုတ်တစ်ရက် သူ၏နဖူးကိုရိုက်ပုတ်ပြီး အော်ဟစ်လိုက်သည်။
"ဒါက အခွင့်အရေးကောင်းတစ်ခုပဲ...ထန်စစ်တပ်က ဖရိုဖရဲဖြစ်နေပြီ...ငါတို့စစ်တပ်က ဒီအခွင့်အရေးကိုယူပြီးတော့ တိုက်ခိုက်ရမယ်"
"ညီအစ်ကိုတို့ ငါ့ရဲ့နောက်ကို လိုက်ခဲ့တော့"
လက်ထောက်တပ်မှူးက အော်ဟစ်ကြုံးဝါးကာ သူ၏အစစ်အမှန်ခန္ဓာကိုယ်အသွင်သို့ ပြောင်းလဲလိုက်သည်။ပေတစ်ထောင်ကျော်ရှည်လျားသော အသူရာနဂါးတစ်ကောင်သည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာချက်ချင်းဆိုသလိုပင် ထန်စစ်တပ်ထံသို့ တိုးဝင်သွားသည်။
သူ၏နောက်တွင်ရှိနေသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည်လည်း တပြိုင်နက်တည်းအော်ဟစ်ကြုံးဝါးကာ ပြင်းပြင်းထန်ထန်တိုးဝင်တိုက်ခိုက်တော့သည်။
သူတို့အနက်မှအများစုသည် အစောပိုင်းကမှ ကြီးမားသောတိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသည်။ သူတို့၏ရုပ်ခန္ဓာကိုယ်များနှင့်စိတ်စွမ်းအားနှစ်ခုလုံး ပင်ပန်းနွမ်းနယ်နေသော်လည်း သူတို့၏မျက်နှာများပေါ်တွင် တက်ကြွဖျတ်လတ်မှုများ ရှိနေသည်။
လုယွီ၏လက်သီးချက်သည် ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံး၏တိုက်ခိုက်လိုခြင်းစိတ်ဝိညာဉ်များကို နှိုးဆွလိုက်သည့်အလားပင်။
ပုန်းကွယ်နဂါးစစ်တပ်မှ မရေမတွက်နိုင်သောစစ်သားများသည် ရှေ့သို့တဟုန်ထိုးပြေးဝင်သွားပေ၏။အတိတ်တွင် အလွန်အမင်းမောက်မာထောင်လွှားခဲ့သော ထန်စစ်တပ်သည် နောက်ဆုံး၌ ကြီးမားသောရှုံးနိမ့်မှုကြီးတစ်ခုကို စတင်၍ရင်ဆိုင်ရတော့သည်။
စစ်ဗိုလ်ချုပ်များ၏အမိန့်ပေးခြင်း မရှိသောကြောင့် ထန်စစ်သားများထံတွင် တိုက်ခိုက်ရန်အတွက် အရည်အချင်းပျောက်ဆုံးသွားလေပြီ။ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည် ထန်စစ်သားများကို အလျှင်အမြန်အနိုင်ယူနိုင်ခဲ့လေ၏။
ထန်စစ်တပ်ကြီးသည် လုံးလုံးလျားလျားရှုံးနိမ့်သွားခဲ့လေပြီ။
ထန်အင်ပါယာ၏ အဝါရောင်မြေနဂါးအလံနှင့် ချီအင်ပါယာ၏စန်းဟယ်အလံတို့သည်လည်း ဖယ်ရှားခြင်းခံလိုက်ရသည်။
ပုန်းကွယ်နဂါးစစ်တပ်၏စစ်သားများထံမှ တိုက်ပွဲခေါ်သံများက မိုးကောင်းကင်ယံတခွင်လုံးကို တုန်ခါသွားစေသည်။
အနက်ရောင်မိုခံတပ်မြို့တစ်မြို့လုံး ဖရိုဖရဲဖြစ်နေသည်။ထန်စစ်သားများ ချီစစ်သားများနှင့် မြို့သူမြို့သားများသည် ဘေးလွတ်ရာသို့အလျှင်အမြန် ထွက်ပြေးနေကြ၏။အနက်ရောင်မိုခံတပ်မှ ထန်စစ်သားများ၏ခုခံကာကွယ်မှုများအားလုံး လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့သည်။
Chapter 4388
လုယွီသည် မိုးကောင်းကင်ယံမှ ဆင်းသက်ပြီး အုပ်ချုပ်ရေးရုံးတော်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။
အနက်ရောင်မိုခံတပ်သည် စစ်တပ်မြို့တစ်မြို့ဖြစ်သဖြင့် ဤနေရာတွင် အနက်ရောက်မိုခံတပ်တစ်ခုလုံးကို ထိန်းချုပ်သော အုပ်ချုပ်ရေးရုံးတော်လည်း ရှိနေသည်။
နောက်ပိုင်းတွင် ထန်စစ်တပ် မြို့အတွင်းသို့ ဝင်လာသည့်အချိန်၌ ဤနေရာများအားလုံးကို ချီအင်ပါယာထံမှ လွှဲပြောင်းယူခဲ့ကာ နေရာအနှံ့အပြား၌ ထန်အင်ပါယာမှလူများ ကြီးစိုးလာခဲ့သည်။
ယခုလက်ရှိအချိန်တွင် အုပ်ချုပ်ရေးရုံးတော်အတွင်း၌ရှိနေသော ထန်အင်ပါယာမှအရာရှိများ ထိတ်လန့်ကြောက်ရွံ့နေသည်။ဤနေရာ၌ အခြေချပြီးသော အချိန်မှစ၍ သူတို့သည်အနက်ရောင်မိုခံတပ်ကို ထန်အင်ပါယာ၏နယ်မြေဟု သတ်မှတ်ထားခဲ့ကြသည်။တစ်ရက်တွင် သူတို့ထံမှနေ၍ ဤနေရာကို ပြန်လည်လွှဲပြောင်းပေးရမည်ဟု တကြိမ်တစ်ခါမျှ အိပ်မက်မမက်ဖူးချေ။
အုပ်ချုပ်ရေးရုံးတော်အတွင်း၌ လုယွီ ထွက်ပေါ်လာသည်ကိုကြည့်ပြီး ထန်အင်ပါယာမှအရာရှိများအားလုံးသည် ဆောင်းရာသီအတွင်းရှိ ပုစဉ်းရင်ကွဲကောင်များအလား တိတ်ဆိတ်ငြိမ်သက်နေသည်။သူတို့သည် စကားတစ်ခွန်းမျှပြောဆိုခြင်းမရှိဘဲ အလှမ်းကွာဟသောနေရာ၌ မတ်တတ်ရပ်နေကြသည်။
"ထွက်သွားကြစမ်း"
လုယွီက ထိုလူများအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး အေးစက်တင်မာစွာ အော်ငေါက်လိုက်၏။
ထန်အင်ပါယာမှအရာရှိများသည် အသက်ချမ်းသာရာရသွားသည့်အလား အလျှင်အမြန်ထွက်ပြေးသွားကြသည်။
အုပ်ချုပ်ရေးရုံးတော်ကို စောင့်ကြပ်နေသော စစ်သားများသည်လည်း အလျှင်အမြန်ဆုတ်ခွာသွားကြကာ လုယွီနှင့် ရင်ဆိုင်ဝံ့ခြင်းမရှိချေ။
လုယွီသည် အလွန်အစွမ်းထက်ပေ၏။သူ၏လက်ဝါးတစ်ချက်ဖြင့် မြို့တစ်မြို့လုံး၏အကာအကွယ်ဝင်္ကပါကြီးကို ဖျက်ဆီးနိုင်ခဲ့သဖြင့် လူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။သာမန်အားဖြင့် အလွန်သတ္တိကောင်းသောလူများပင်လျှင် လုယွီကို တိုက်ခိုက်ဝံ့ခြင်းမရှိပေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားသည်။
သို့ရာတွင် တံခါး၏နံဘေး၌ တာအိုပညာရှင်အိုကြီးတစ်ယောက် မတ်တပ်ရပ်နေပြီး ထွက်ခွာသွားရန် ဆန္ဒရှိပုံမရချေ။
ဤတာအိုပညာရှင်အိုကြီးကို ကြည့်ရသည်မှာ သနားကြင်နာတက်ပုံရသည်။သူ၏တာအိုဝတ်စုံတွင် အဖာအစပ်များဖြင့် ပြည့်နှက်နေသော်လည်း အလွန်သန့်ရှင်းပြီး သေသပ်သည်။
သူသည် ထိုနေရာ၌ မတ်တတ်ရပ်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ သူတစ်ယောက်တည်း ရှိနေသည့်အလားပင်။ သူ၏သရုပ်မှန်ကို မည်သူမျှ မသိကြသော်လည်း ဤလူအိုကြီးသည် အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံး၌ အစွမ်းထက်ဆုံးလူဖြစ်သည်မှာ သိသာထင်ရှားသည်။
ဤလူအိုကြီးကို မြင်တွေ့ရသော မည်သူမဆို သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ကျော်လွှားရန်ခက်ခဲသည့် တောင်ကြီးတလုံးကို မြင်တွေ့ရသည့်အလား ခံစားမိပေမည်။
"ငါက ယွမ်ဝမ်ချန်းပါ...အရှင်လုကို အရိုအသေပြုပါတယ်"
တာအိုပညာရှင်အိုကြီးက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အပြုံးနှင့်ပြောဆိုသည်။
လုယွီ၏မျက်ခုံး မြင့်တက်သွားပြီး တာအိုပညာရှင်အိုကြီးကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်
"လူအိုကြီး...မင်းက ရှေးဟောင်းထန်အင်ပါယာရဲ့အမွေအနှစ်ဖြစ်တဲ့ ယွမ်ထန်းဂန်နည်းစနစ်ကိုကျင့်ကြံထားတာပဲဖြစ်မယ်"
တာအိုပညာရှင်အိုကြီး၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညှင်းစွာပြောဆိုလိုက်၏။
"အရှင်လုရဲ့အမြင်အာရုံက အရမ်းစူးရှတာပဲ....ကြည့်ရတာတော့ ငါတို့ထန်အင်ပါယာက မင်းကို လျှော့တွက်ခဲ့မိပုံရတယ်..မင်းက အကြည့်တစ်ချက်နဲ့ ငါ့ရဲ့အမွေအနှစ်ကို ထွင်းဖောက်မြင်နိုင်ခဲ့တဲ့ ပထမဆုံးလူပဲ"
သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပုံရသော်လည်း အမှန်အားဖြင့် သူ၏စိတ်နှလုံးသားအတွင်း၌ ဗလောင်ဆူနေခဲ့သည်။
ယွမ်ထန်းဂန်သည် ရှေးဟောင်းအလယ်ခေတ်ကာလ၌ ထန်အင်ပါယာအတွင်းတွင် နာမည်ကျော်ကြားသော တာအိုပညာရှင်တစ်ယောက်ပင်။သူသည် ကိစ္စအမြောက်အမြားကို ကြိုတင်၍ နိမိတ်ဖတ်နိုင်ခဲ့ပေ၏။
သူသည် အစစ်အမှန် ကျွမ်းကျင်ပညာရှင်တစ်ယောက်ပင်။သူသည် အလယ်ခေတ်အတွင်း၌ နာမည်ကျော်ကြားခဲ့ပြီး တာအိုဂိုဏ်းများအတွင်းတွင် သူ၏အဆင့်အတန်း အလွန်မြင့်မားသည်။
သို့သော် နောက်ပိုင်း၌ ထန်အင်ပါယာ နိမ့်ပါးသွားခြင်းနှင့်အတူ သမိုင်း၏ရှည်လျားသောမြစ်ကြီးအတွင်းတွင် ဤအမွေအနှစ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ဝမ်ချန်းသည် အလွန်အမင်း သတိကြီးသူတစ်ယောက်ပင်။သူသည် ရှေးဟောင်းအလယ်ခေတ်မှ ယွမ်ထန်းဂန်၏အမွေအနှစ်ကို ရရှိခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။ထန်အင်ပါယာ၏ကျင့်ကြံသူများပင်လျှင် သူ၏သရုပ်မှန်ကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိပေ။
လုယွီကမူ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သူ၏မူရင်းဇစ်မြစ်ကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည်။ဤသည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
သို့ရာတွင် လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ပိုင်ဆိုင်ထားကာ ကောင်းကင်ဘုံနယ်မြေအတွင်း၌ နက်နဲသိမ်မွေ့ဆုံး အသိပညာဗဟုသုတများကို ရရှိထားသည်အား သူ သိရှိနိုင်မည်မဟုတ်ချေ။
အတိတ်နှင့်လက်ရှိကာလအတွင်းရှိ စကြာဝဠာအတွင်းမှအရာရာတိုင်း သူ နားလည်သဘောပေါက်ခြင်း မရှိနိုင်သောအရာဟူ၍ မရှိချေ။
လုယွီက သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ယွမ်ဝမ်ချန်းကိုစူးစိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်းကလည်း ငါ့ကို ဟန့်တားချင်တာလား"
ယွမ်ဝမ်ချန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုထင်ဟပ်လာပြီး အလျင်စလိုပြောဆိုသည်။
"ငါက သခင်လေးလီထန်ရှုရဲ့ဓမ္မအစောင့်အရှောက်ပါ....ငါက ပဋိပက္ခကို ချည်နှောင်ပေါင်းစည်းမှုအဖြစ် ပြောင်းလဲဖို့အတွက်...ငါက ထန်အင်ပါယာကိုကိုယ်စားပြုပြီး မင်းကို ဖြောင့်ဖျချင်တယ်"
"အော်...."
လုယွီက အံအားတသင့်ရေရွတ်လိုက်သည်။
"အရှင်လုက အခုချိန်မှာ တာယွီအင်ပါယာရဲ့ဒုတိယအဆင့် အမတ်ကြီးတစ်ယောက်ပဲ...မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးမားတဲ့အောင်မြင်မှုတွေကို ရထားပြီးတော့ အရမ်းအရေးပါတဲ့ ရာထူးတစ်ခုကို ယူထားနိုင်တယ်...ဒါပေမယ့် ငါ့အထင်တော့ တာယွီအင်ပါယာထဲမှာ မင်းကိုသတ်ချင်နေတဲ့ ရန်သူတွေအများကြီး ရှိနေနိုင်တယ်"
ယွမ်ဝမ်ချန်းသည် အချိန်တခဏကြာခန့် ရပ်တန့်ပြီးနောက် လုယွီမှ သူ့အား ဟန့်တားခြင်းမရှိသည်ကိုကြည့်ပြီး ဆက်လက်၍ပြောဆိုသည်။
"အုပ်ချုပ်သူအရှင်ဆိုတဲ့ မင်းရဲ့ရာထူးကို တော်ဝင်အတွင်းဝန်ရုံးက ခန့်အပ်ခဲ့တာပဲ...မင်းကို အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အုပ်ချုပ်သူအရှင်အဖြစ် ခန့်အပ်ခဲ့တဲ့ အကြောင်းအရင်းက မင်းကိုအသုံးချပြီးတော့ ချီဘုရင်ကျိုးထုံကို စောင့်ကြည့်ချင်လို့ပဲ...ဖြစ်နိုင်မယ်ဆိုရင် တော်ဝင်နန်းတွင်းက မင်းတို့နှစ်ယောက်ကို အချင်းချင်းတိုက်ခိုက်စေချင်နေတယ်"
Chapter 4389
"မင်းက အများကြီးသိထားတာပဲ"
လုယွီ၏မျက်နှာအမူအယာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိချေ။
အင်ပါယာနှစ်ခု တိုက်ခိုက်သောအချိန်တွင် နှစ်ဖက်စလုံး၌ သူလျှိုများ ရှိနေနိုင်သည်
ဤကိစ္စများသည် သာမန်လူများအတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံရသော်လည်း ရာထူးအနည်းငယ်မြင်သော့ မည်သူမဆို သိရှိနိုင်သည်။
ယွမ်ဝမ်ချန်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုသည်။
"ကံဆိုးချင်တော့ ကျိုးထုံက ပြောင်ပြောင်တင်းတင်းပုန်ကန်ခဲ့တဲ့အပြင် ချီအင်ပါယာကို တည်ထောင်ခဲ့တယ်.. သူက ကျိုးမိသားစုကို သစ္စာဖောက်ပြီးတော့ ပုန်ကန်သွားခဲ့ပြီ...မင်းရဲ့တစ်ခုတည်းသောအသုံးဝင်မှုက ကျိုးထုံကို ဟန့်တားထားဖို့ပဲ....သူတို့အတွက် အကောင်းဆုံးရလဒ်ကတော့ ကျိုးထုံနဲ့အတူ မင်းသေဆုံးသွားတာပဲ ဖြစ်လိမ့်မယ်"
"တိုက်ပွဲစတင်တဲ့အချိန်ကနေ အခုချိန်ထိ ပုန်းကွယ်နဂါးစစ်တပ်က အံ့အားသင့်ဖို့ကောင်းတဲ့ အရည်အချင်းတွေအများကြီးကို ထုတ်ဖော်ပြသခဲ့တယ်...တာယွီအင်ပါယာက မင်းကို ဆက်ပြီးတော့ ကြီးထွားခွင့် ပြုတော့မှာမဟုတ်ဘူး....ဒါကြောင့် သူတို့က မင်းကိုဖိနှိပ်ဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုကြလိမ့်မယ်...တကယ်လို့ မင်းက ချီအင်ပါယာကို ဖျက်ဆီးလိုက်မယ်ဆိုရင်တောင် အဆုံးသတ်မှာ မင်း သေရလိမ့်မယ်..မင်းက အရမ်းဆိုးရွားတဲ့ အခြေအနေတစ်ခုနဲ့ အဆုံးသတ်ရလိမ့်မယ်"
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ငါက ဒီလိုမျိုး အဆုံးသတ်ရလိမ့်မယ်လို့ မင်း သေချာပြောနိုင်လား"
"ဟား ဟား ဟား...အရှင်လုက ငယ်ရွယ်ပြီးတော့အရည်အချင်းရှိတဲ့လူပါ....အခုအချိန်မှာ မင်း မောက်မာထောင်လွှားတာက သဘာဝပါပဲ ....ဒါပေမဲ့ မင်း အခုထိ မသိလောက်သေးတဲ့ကိစ္စတစ်ခု ရှိသေးတယ်...မင်း သေသွားတဲ့သတင်း ပြန့်သွားတဲ့အချိန်မှာ မင်းရဲ့ပုန်းကွယ်နဂါးစစ်တပ်ကို ခွဲခြမ်းယူဖို့အတွက် တော်ဝင်နန်းတွင်းကို လျှို့ဝှက်စာတွေပို့တဲ့ အင်အားစုတွေ ဘယ်လောက်ထိများတယ်ဆိုတာ မင်း သိလား....သူတို့က မင်း တည်ထောင်ခဲ့တဲ့စစ်တပ်ကို သိမ်းပိုက်ဖို့ ကြံစည်နေကြတယ်"
ယွမ်ဝမ်ချန်းက ကျယ်လောင်စွာအော်ဟစ်ပြီး ဆက်လက်ပြောဆိုသည်။
"ငါတို့ထန်အင်ပါယာသားကနေ လက်ခံရရှိတဲ့ သတင်းတွေသက်သက်နဲ့တင် အမတ်ကြီးအယောက်တစ်ရာ့သုံးဆယ်ကျော်ကနေ တော်ဝင်နန်းတွင်းဆီ လျှို့ဝှက်စာပို့ခဲ့တာကို သိခဲ့ရတယ်... သူတို့က မင်းရဲ့အရာရှိရာထူးကို ပြန်ရုတ်သိမ်းပြီးတော့ မင်းရဲ့ကျုံးကော်စစ်ဗိုလ်ချုပ်ဆိုတဲ့ဘွဲ့ထူးကို ပြန်ပြီးသိမ်းယူဖို့ အဆိုတင်သွင်းခဲ့ကြတယ်...တချို့လူတွေဆိုရင် မင်းကို စွပ်စွဲပြစ်တင်ပြီးတော့ မင်းရဲ့မိသားစုကိုတောင် ဖမ်းဆီးချင်နေတယ်"
"ဒါတွေအားလုံးက မင်း သေသွားတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဖြစ်ခဲ့တာတွေပဲ...သူတို့က မင်း အသက်ရှင်နေတုန်းက ရခဲ့တဲ့အောင်မြင်မှုတွေကို ဂရုမစိုက်တော့ဘူး...မင်းက အသုံးမဝင်တော့တာနဲ့ သူတို့က မင်းကို ငရဲထိဆွဲချဖို့ ဝန်မလေးကြဘူး...ဧကရာဇ်က အုပ်ချုပ်သူတစ်ယောက် မဟုတ်တော့တဲ့အပြင် လက်အောက်ငယ်သားတွေကလည်းလက်အောက်ငယ်သားလို မနေကြဘူး.. မင်းက ဘာလို့ ဒီလို အင်ပါယာတစ်ခုရဲ့နောက်လိုက် ဆက်လုပ်နေမှာလဲ"
လုယွီက ပြောဆိုသည်။
"ဒါဆိုရင် မင်းက ငါ့ကို ထန်အင်ပါယာနဲ့ပူးပေါင်းစေချင်တာလား"
ယွမ်ဝမ်ချန်းက ရယ်မောပြီးပြောဆိုသည်။
"ဟား ဟား ဟား....အရှင်လုက ငါတို့ရဲ့အရှင်ဧကရာဇ်နဲ့အတူ တူညီတဲ့အောက်ဘုံကနေ တက်လှမ်းလာတာပဲ...အရှင်ဧကရာဇ်က မင်းကို သတိရနေတာ အချိန်အတော်ကြာနေပြီ..တကယ်လို့ မင်းကသာ ထန်အင်ပါယာနဲ့ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် အရှင်ဧကရာဇ်က မင်းကို ပထမအဆင့်အမတ်ကြီးအနေနဲ့ လက်ခံချင်တယ်...မင်းက ရာနဲ့ချီတဲ့အမတ်ကြီးတွေရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်...ဝူတင်းအမတ်ကြီးလီကျိုးစီတောင် မင်းကိုတွေ့တာနဲ့ အရိုအသေပြုရလိမ့်မယ်"
"ဒါက မင်း ရှေးဟောင်းနယ်မြေထဲကို ဝင်မသွားခင်ကတည်းက ငါ့ကို အရှင်ဧကရာဇ်က ပေးထားခဲ့တဲ့အမိန့်ပဲ ..အရှင်ဧကရာဇ်က မင်း ရှေးဟောင်းနယ်မြေကနေ အသက်ရှင်ရက် ထွက်လာနိုင်မယ်ဆိုတာ သိထားခဲ့တယ်....မင်းက ငါတို့အင်ပါယာနဲ့ပူးပေါင်းသရွေ့ ပထမအဆင့်အမတ်ကြီးရာထူးကိုရမှာ သေချာပေါက်ပဲ"
"မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်တစ်လုံးတွင်ကျန်အောင် လုပ်နိုင်ခဲ့တယ်...တာယွီတော်ဝင်နန်းတွင်းက ပြိုလဲလုဆဲဆဲအခြေအနေကို ရောက်နေပြီ...သူတို့ရဲ့နေဝင်ချိန်ကိုရောက်နေမှတော့ မင်းက ဘာလို့ သူတို့နဲ့အတူ ပျက်စီးခံမှာလဲ"
ထန်အင်ပါယာသည် အလွန်အမင်းကြီးမားသောတန်ကြေးဖြင့် လုယွီကို ကမ်းလှမ်းလိုက်ခြင်းပင်။
ထန်အင်ပါယာ၏ပထမအဆင့်အမတ်ကြီးရာထူးသည် တာယွီအင်ပါယာ၏အုပ်ချုပ်သူအရှင်ဟူသောရာထူးထက် အဆများစွာ ပို၍အဆင့်မြင့်သည်။
နောင်အနာဂတ်တွင် လုယွီ သေဆုံးသွားလျှင်ပင် ဤဘွဲ့ထူးကို သူ၏မျိုးဆက်များအတွက် ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ အနည်းငယ်မျှ ယုတ်လျော့သွားမည်မဟုတ်ချေ။
ဤကဲ့သို့ဘွဲ့ထူးတစ်ခုကိုရရန်အတွက် အနည်းဆုံးအနေဖြင့် ထန်အင်ပါယာအတွက် အလွန်များပြားသော အကျိုးဆောင်မှုများကို ပြုလုပ်ထားရန် လိုအပ်သည်။
လုယွီသည် ထန်အင်ပါယာအတွက် မည်သည့်အကျိုးဆောင်ထားမှုမျှ မရှိချေ။ထိုအစား သူတို့နှစ်ဖက်လုံးထံတွင် နက်ရှိုင်းသော သွေးကြွေးရန်ငြိုးများသာ ရှိနေသည်။
ဤကဲ့သို့ ရန်သူတစ်ယောက်ဖြစ်သည့်တိုင် လီကျီးသည် လုယွီကိုသိမ်းသွင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကာ ပထမအဆင့်အမတ်ကြီးရာထူးဖြင့်ပင် ကမ်းလှမ်းခဲ့သည်။ဤသည်မှတဆင့် လုယွီ၏ရှေ့အလားအလာကို လီကျီးမှထွင်းဖောက်မြင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိနိုင်သည်။
လုယွီက အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"လီကျီး ငါ့ကိုကမ်းလှမ်းတဲ့ တန်ကြေးက မလုံလောက်သေးဘူး"
ယွမ်ဝမ်ချန်းက စိုးရိမ်ပူပန်သွားကာ အလျှင်အမြန်ပြောဆိုလိုက်၏။
"ဒါက ပထမအဆင့်အမတ်ကြီးရာထူးပါ။ အလယ်ခေတ်တုန်းကတောင် ဒီဘွဲ့ထူးကိုချီးမြှင့်ခံရတဲ့ အမတ်ကြီးတွေဆိုလို့ အနည်းစုပဲရှိတယ်...ဒါက အောင်မြင်ခြင်းနဲ့ဂုဏ်သိက္ခာကိုပြသတဲ့ ရာထူးတစ်ခုပဲ...ငါတို့က လုံလောက်တဲ့တန်ကြေးနဲ့ ကမ်းလှမ်းပြီးသွားပြီ"
"ထန်အင်ပါယာရဲ့ကံကြမ္မာက အထွတ်အထိပ်ကို ရောက်နေပြီ...မင်းက ဒီဘွဲ့ထူးကို ရရှိတဲ့အချိန်ကျရင် မင်းရမယ့်ကံကြမ္မာစွမ်းအားက အခုထက် အနည်းဆုံး နှစ်ဆသုံးဆလောက် ပိုပြီးမြင့်မားသွားလိမ့်မယ်....ဒါက မင်း အခုချက်ချင်းရနိုင်မယ့် အကျိုးကျေးဇူးပဲ...အရှင်လုက ဒီကိစ္စကို အလေးအနက်ထားပြီး ဆုံးဖြတ်ပါလို့ ငါ တောင်းဆိုပါရစေ"
Chapter 4390
ယွမ်ဝမ်ချန်းသည် သူ၏သွေးဆောင်မှု ကျရှုံးသွားမည်ဟု တကြိမ်တခါမျှ မျှော်လင့်မထားမိချေ။
လုယွီသည် ပထမအဆင့်အမတ်ကြီးရာထူးကိုရရှိမည်ဟု ကြားသောအချိန်၌ မည်သည့်စိတ်ခံစားချက်မျိုးကိုမျှ မပြသခဲ့ချေ။ဤသည်မှာ သူသည် ထိုကိစ္စကို သူ၏စိတ်အတွင်း၌ အနည်းငယ်မျှ အလေးအနက်မထားသည့်အလားပင်။
"အမတ်ကြီးရာထူးတင် မကဘူး...အရှင်ဧကရာဇ်က အရှင်လုကို မဟာတပ်မှူးချုပ်ရာထူးပေးမယ်လို့လည်း ကတိပေးထားတယ်...ဒါက အဆင့တစ်အရာရှိရာထူးနေရာဖြစ်ပြီးတော့ အရမ်းအရေးပါတဲ့ အရာရှိရာထူးပဲ...မင်းက တကယ့်ကို မစဉ်းစားတော့ဘူးလား"
ယွမ်ဝမ်ချန်းသည် လက်လျှော့အရှုံးပေးလိုခြင်းမရှိချေ။
သို့ရာတွင် လုယွီက ယွမ်ဝမ်ချန်းကိုစူးစိုက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"မင်းက ယွမ်ထန်းဂန်ဆီကနေ နက်နဲသိမ်မွေ့တဲ့ကံကြမ္မာပညာရပ်တွေကို အမွေဆက်ခံထားမှတော့ ငါ့အတွက် ဟောကိန်းထုတ်ပေးနိုင်မလား"
ယွမ်ဝမ်ချန်းသည် ကြက်သေသေသွားလေ၏။
သူရှေ့ရှိမြင်ကွင်းသည် သူ့၏မျှော်လင့်ချက်များထက် များစွာပို၍ကျော်လွန်နေလေပြီ။
"အရှင်လုက ဒီလိုပြောနေမှာတော့ ငါက အရှင်လုကို ကူညီပြီးတော့ တစ်ချက်...."
ယွမ်ဝမ်ချန်းသည် သူ၏စကားကို အဆုံးမသတ်ရသေးမီမှာပင် သူ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။
လုယွီသည် ဤခရမ်းရောင်အလင်းတန်းနှင့် များစွာရင်းနှီးကျွမ်းဝင်ပေ၏။ဤသည်မှာ သူ၏ချီစောင့်ကြည့်ခြင်းနည်းစနစ်နှင့် တူညီသောမူရင်းဇစ်မြစ်မှ ဆင်းသက်လာခြင်းပင်။
အလယ်ခေတ်အတွင်းနှင့်ယခုခေတ်ကာလအတွင်းရှိ မှော်မန္တန်အများစုသည် ရှေးဟောင်းခေတ်ကာလမှ လက်ဆင့်ကမ်းဆင်းသက်လာခြင်းပင်။နောက်ပိုင်း၌ ထိုအရာများသည် မှော်မန္တန်အမြောက်အများအဖြစ် ကွဲထွက်သွားသော်လည်း မူရင်းဇစ်မြစ်မှာမူ တူညီသည်။
ယွမ်ဝမ်ချန်းက လုယွီ၏ခေါင်းထက်သို့ ကြည့်လိုက်သည်။
ဤသည်မှာ တစ်စုံတစ်ယောက်ကိုဟောကိန်းထုတ်ရန်အတွက် ထိုလူ၏ချီကို ကြည့်ပြီး ဆုံးဖြတ်ရသော ကံကြမ္မာဟောကိန်းနည်းစနစ်တစ်မျိုးပင်။
တစ်စုံတစ်ယောက်၏ချီသည် အားကောင်းနေပါက ထိုလူသည် အောင်နိုင်သူဖြစ်ပြီး တစ်စုံတစ်ယောက်၏ချီသည် အားပျော့နေပါက ထိုလူသည် အရှုံးသမားသာဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်၏ချီသည် အနီရောင်ရှိပါက ထိုလူသည် ချမ်းသာကြွယ်ဝပြီးအစွမ်းထက်သူတစ်ယောက်ဖြစ်ကာ အကယ်၍ တစ်စုံတစ်ယောက်၏ချီသည် အနက်ရောင်ဖြစ်ပါက သူ့ထံသို့ ဘေးကပ်ဆိုးကြီးတစ်ခု ဆိုက်ရောက်လာပေမည်။ အကယ်၍ တစ်စုံတစ်ယောက်၏ချီသည် ခရမ်းရောင်ဖြစ်ပါက သူ၏အနာဂတ်ကို တိုင်းဆ၍မရနိုင်ချေ။
ယွမ်ဝမ်ချန်းသည် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုပြီးနောက် ထူးဆန်းသည့်မြင်ကွင်းတစ်ခုက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
သူသည် သူရှေ့ရှိမြင်ကွင်းများအားလုံး သိသိသာသာပြောင်းလဲသွားသည်ကို ခံစားမိလေ၏။ တောင်တစ်လုံးပေါ်တွင် မိုးရွာသွန်းပြီးနောက် ပါးလွှာသောမြူခိုးများ သူ၏နံဘေးပတ်ဝန်းကျင်၌မြင့်တက်လာကာ ညင်သာသောလေပြေလေညှင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်သွားသည်။ဤမြင်ကွင်အတွင်းရှိ တောင်များနှင့်မြစ်များသည် အလွန်ဝေဝါးနေပေ၏။
အချိန်များကုန်လွန်လာပြီးနောက် မိုးကုတ်စက်ဝိုင်းမှနေ၍ မနက်ခင်းနေလုံးကြီး ဖြည်းညှင်းစွာမြင့်တက်လာသည်။ထို့နောက် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးသည် မိုးကောင်းကင်ယံအတွင်း၌ မျောလင့်လာကာ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။
စကြာဝဠာအတွင်းရှိ မိုးကောင်းကင်ယံအတွင်းတွင် အရောင်အသွေးစုံလင်သော အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ရံဖန်ရံခါ၌ အရပ်မျက်နှာအဘက်ဘက်မှနေ၍ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။အရှေ့အရပ်တွင် အသူရာနဂါးတစ်ကောင်မှ နေကိုငုံထားခြင်း အနောက်ဘက်တွင်ကျားဖြူတစ်ကောင်မှ ဟိန်းဟောက်နေခြင်းစသဖြင့် ပုံရိပ်မျိုးစုံ ထွက်ပေါ်လာသည်။ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်က တိမ်စိုင်များအတွင်းသို့ တိုးဝင်သွားသည်။ဤသည်မှာ ခရမ်းရောင်နှင့်အနီရောင်ရှိပြီး ချမ်းသာကြွယ်ဝပြီးအစွမ်းထက်မည့် နိမိတ်လက္ခဏာပင်။
ဤသည်မှာ ကောင်းကင်ဘုံကံကြမ္မာသားတော်၏အရှိန်အဝါပင်။
ထို့နောက် ခြစ်ခြစ်တောက်ပူပြင်းသော ရွှေရောင်ပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာကာ ထိုအရာတွင် ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေသည့်အလား ပီပြင်ထင်ရှားသည်။ယွမ်ဝမ်ချန်းသည် ထိုပုံရိပ်ယောင်ထံမှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရပြီးနောက် သူသည် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများကို ရှူရှိုက်မိသည်။ဤသည်မှာ သူသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်အလားပင်။
ကြီးကျယ်ခမ်းနားသော တော်ဝင်အရှိန်အဝါတစ်ရပ်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်လာခြင်းနှင့်အတူ ယွမ်ဝမ်ချန်းသည် ရုတ်တရက် မြေပြင်ပေါ်၌ဝပ်တွားကာ ဝတ်ပြုကိုးကွယ်လိုစိတ်များ ပေါက်ဖွားလာသည်။
"အား..."
ယွမ်ဝမ်ချန်းထံမှနေ၍ ရုတ်တရက် ကျယ်လောင်သော အော်သံကြီးတစ်သံထွက်ပေါ်လာကာ သူ၏မျက်လုံးကို စုံမှိတ်လိုက်
၏။ သူ၏မျက်လုံးတစ်စုံအတွင်းမှ သွေးမျက်ရည်စီးကြောင်းနှစ်ကြောင်းယိုစီးကျလာကာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"ငါတို့အားလုံး မှားခဲ့တယ်...ငါလည်း မှားသွားခဲ့တယ်...အရှင်ဧကရာဇ်လည်း မှားတယ်...အရာရှိတွေအားလုံးလည်း မှားတယ်...ငါတို့က မင်းကို သိမ်းသွင်းလို့မရဘူး.. မင်းက ဘယ်သူရဲ့လက်အောက်ခံမှ မဖြစ်နိုင်ဘူး...တာယွီအင်ပါယာက မင်းကို လက်ခံထားနိုင်မှာမဟုတ်ဘူး...ထန်အင်ပါယာကလည်း မလုပ်နိုင်ဘူး...မင်းက ရေထဲမှာနေတဲ့နဂါးတစ်ကောင်...မင်းမှာ နဂါးကြေးခွံတွေနဲ့ပြည့်နေပြီးတော့ မိုးကောင်းကင်မှာ ပျံသန်းတော့မယ့်အတိုင်းပဲ...ဒီကံကြမ္မာမျိုးက မင်းမှာ ကောင်းကင်ဘုံတာအိုရဲ့အကူအညီလည်း ရှိနေတယ်...ဖြစ်နိုင်တာတော့ မင်းက ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်လား"
ယွမ်ဝမ်ချန်းသည် ရူးသွပ်သွားပုံရကာ သူ၏လက်ချောင်းများဖြင့် အဆက်မပြတ်တွက်ချက်နေကာ လုယွီ၏ကံကြမ္မာကို ဟောကိန်းထုတ်လိုသည့်အလားပင်။
သို့ရာတွင် သူသည် တန်ပြန်ဒဏ်ကို ခံစားရလေ၏။
လုယွီ၏ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများက ရစ်သိုင်းလွှမ်းခြုံထားသည့်အလား သူသည် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း ထွင်းဖောက်မမြင်နိုင်ချေ။
ဖူး....
ယွမ်ဝမ်ချန်း၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူ၏အဖြူရောင်ဆံပင်များသည်လည်း အထွေးလိုက်ကျွတ်သွားကာ သူ၏မျက်နှာသည် ယခင်ထက်ပို၍ အိုမင်းသွားပုံရသည်။
လုယွီက ယွမ်ဝမ်ချန်းကိုစောင်းငဲ့ကြည့်ပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။
"ငါ မင်းကိုမသတ်ဘူး...မင်း ပြန်သွားပြီးတော့ လီကျီးကို ပြောလိုက်စမ်း...တကယ်လို့ သူက ငါ့ကိုရင်ဆိုင်ချင်တယ်ဆိုရင် ပိုပြီးတော့အစွမ်းထက်တဲ့လူတွေကို လွှတ်သင့်တယ်"
"ကျေးဇူးတင်ပါတယ်...အရှင်လုကို ကျေးဇူးတင်ပါတယ်"
ယွမ်ဝမ်ချန်းက ဦးညွှတ်အရိုအသေပြုလိုက်သည်။သူသည် သူ မသိသင့်သည့်လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည့်အလား ယခုချိန်ထိ သူ၏မျက်လုံးများကို ပြန်၍မဖွင့်တော့ချေ။
သူသည် အသက်ချမ်းသာရာရသွားသည်နှင့် နောက်သို့ချာခနဲလှည့်ကာ ပျံသန်းသွားတော့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေပြီ။