အခန်း (၄၃၉၁-၄၃၉၅)
Vol. 223 Ch. 4391-4395
Chapter 4391
ယွမ်ဝမ်ချန်းသည် စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားခဲ့ကာ လုယွီသည် သူ့အား ဟန့်တားခြင်းမပြုချေ။
ယွမ်ဝမ်ချန်းကို သူ မသတ်သည့်အကြောင်းအရင်းမှာ သူထံတွင် သနားကြင်နာစိတ်ရှိခြင်းကြောင့်မဟုတ်ပေ။အကြောင်းအရင်းမှာ ယွမ်ဝမ်ချန်းသည် ကံကြမ္မာဟောကိန်းနည်းစနစ်ကို အသုံးပြုပြီးနောက် ဘဝသက်တမ်းကုန်ဆုံးချိန်သို့ ရောက်ရှိသွားသောကြောင့်ပင်။
ယင်ယန်ကျမ်းစာ၏ ရှေးဟောင်းအချိန်ကာလများအတောအတွင်း၌ လူသားဧကရာဇ်သည် ချင်အင်ပါယာ၏ကံကြမ္မာစွမ်းအားကို လုယွီထံသို့ ပေးခဲ့သည်။
ယခုချိန်တွင် သူ့ထံ၌ ရှေးဟောင်းအင်ပါယာတစ်ခု၏ကံကြမ္မာ ရှိနေသည်။သူသည် ချင်အင်ပါယာ၏အစစ်အမှန်ဧကရာဇ်ဖြစ်ကာ သူ့ထံ၌ လူသားဧကရာဇ်တစ်ယောက်၏ကံကြမ္မာ ရှိနေသည်။
လူသားဧကရာဇ်၏ကံကြမ္မာကို မည်သူကမျှ ဟောကိန်းထုတ်ဝံ့မည် မဟုတ်ချေ။
ကောင်းကင်ဘုံနန်းတော်အတွင်း၌ပင် အရာရှိအမြောက်အများသည် လူသားဧကရာဇ်ကိုမြင်တွေ့ချိန်၌ သူတို့၏ခေါင်းများကို အောက်သို့ငုံ့ထားကြပြီး မော့မကြည့်ဝံ့ကြချေ။
ယွမ်ဝမ်ချန်းသည် အတင့်ရဲကာ လုယွီ၏ကံကြမ္မာကို နက်နက်ရှိုင်းရှိုင်းတွက်ချက်ခဲ့သည်။ဤသည်မှာ ကြီးမားသော တားမြစ်ချက်ကြီးတစ်ခုပင်။
အကယ်၍ ယွမ်ထန်းဂန် သက်ရှိထင်ရှားရှိနေလျှင်ပင် ဤကဲ့သို့ပြုလုပ်ရန် သတ္တိရှိမည်မဟုတ်ချေ။
ယွမ်ဝမ်ချန်းသည် ကြီးမားသောတားမြစ်ချက်ကြီးတစ်ခုကို ဖောက်ဖျက်ခဲ့သည်။ထို့ကြောင့် သူ၏ဘဝသက်တမ်းသည် ကုန်ဆုံးလုနီးပါး ဖြစ်သွားလေပြီ။သူသည် ထန်တော်ဝင်မြို့တော်သို့ အသက်ရှင်လျက် ပြန်ရောက်နိုင်မည်မရောက်နိုင်မည်ကပင် မသေချာတော့ချေ။
ယွမ်ဝမ်ချန်းသည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေသော လူတစ်ယောက်ဖြစ်သဖြင့် လုယွီကိုယ်တိုင် အဆုံးသတ်ပေးရန် မလိုအပ်တော့ပေ။
"ထန်အင်ပါယာကထိပ်သီးကျင့်ကြံသူတွေ ဒီနေရာမှာ တစ်ယောက်မှမရှိတာကတော့ စိတ်ပျက်စရာပဲ"
လုယွီက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ယခုလက်ရှိချိန်၌ လုယွီ၏ခန္ဓာကိုယ်အတွင်း၌ သွေးချီစွမ်းအားများနှင့် ပြည့်နက်နေကာသူ၏မှော်စွမ်းအားများ တလိမ့်လိမ့်ထနေသည်။သူသည် အကန့်အသတ်မရှိသော စွမ်းအားပမာဏကို ပိုင်ဆိုင်ထားရသည့်အလား သူ ခံစားနေရသည်။
အကယ်၍ နယ်မြေသခင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ခြေလှမ်းတဝက်တာအိုသခင်တစ်ယောက် ဤနေရာ၌ ရှိနေလျှင်ပင် လုယွီသည် သူတို့အား အစိတ်စိတ်အမွှာခြေမွှနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ဤသည်မှာ ခွန်အားမှတစ်ဆင့် ရရှိလာသော ယုံကြည်ချက်ပင်။
ကောင်းကင်မူဝါဒရုံးတော်၏သခင်လေးကို ကာကွယ်ပေးနေသော အကြီးအကဲများကမူ လုယွီ၏မျက်လုံးအတွင်း၌ အနည်းငယ်မျှအရေးမပါလှချေ။
"အောင်းကွမ်းက ဘယ်နေရာမှာလဲ"
လုယွီက သူ၏လက်ကိုမြှောက်ကာ သူ၏လက်ချောင်းများကို ချိုးလိုက်သည်။သူသည် အောင်ကွမ်း၏ကံကြမ္မာမှတဆင့် တွက်ချက်နေခြင်းပင်။
လေဟာနယ်အတွင်း၌ ထူထပ်သိပ်သည်းသော ကံကြမ္မာစွမ်းအားလှိုင်းများ ရောယှက်နေသည်။ ထိုအရာများသည် ပုံသဏ္ဍာန်မဲ့ကာ အမှန်တကယ်ထိတွေ့ရန်အတွက် မဖြစ်နိုင်သော်လည်း ဟော်ကိန်းထုတ်နိုင်သော ပုံစံတစ်ခုရှိနေဆဲပင်။
အကယ်၍ ယွမ်ဝမ်ချန်းသာ ဤနေရာတွင် ရှိနေပါက လုယွီ၏နည်းစနစ်သည် သူ၏နည်းစနစ်ထက် သာလွန်နေသည်ကိုမြင်တွေ့ပြီး ထိတ်လန့်တုန်လှုပ်သွားပေမည်။
အမှန်အားဖြင့် သူ၏ကံကြမ္မာနည်းစနစ်သည် ယွမ်ဝမ်ချန်းရရှိထားသော အမွေအနှစ်ထက် ပို၍နက်နဲသိမ်မွေ့သည်။
အချိန်တခဏကြာပြီးနောက် လုယွီသည် ရုတ်တရက် ရပ်တန့်လိုက်၏။သူသည် ခြေတစ်လှမ်းရှေ့တိုးကာ အုပ်ချုပ်ရေးရုံးတော်၏နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားသည်။
အုပ်ချုပ်ရေးရုံးတော်၏အနောက်ဘက်ခြံဝန်းအတွင်း၌ အလွန်အမင်း ကြီးမားကျယ်ပြန့်သောမြေကွက်လပ်ကြီးတစ်ခု ရှိနေသည်။
ဤနေရာကို လေ့ကျင့်ရေးကွင်းပြင်အဖြစ် အသုံးပြုခြင်းပင်။တာယွီအင်ပါယာမှနေ၍ အုပ်ချုပ်ရေးရုံးတော်ကို တည်ဆောက်စဉ်အချိန်၌ စစ်ရေးအရာရှိများအတွက် စံသတ်မှတ်ချက်များနှင့်အညီ လိုအပ်သော ဖွဲ့စည်းပုံများကိုထည့်သွင်းထားခဲ့သည်။
ရလဒ်အနေဖြင့် ဤနေရာသည် အလွန်ကျယ်ဝန်းကာ လူတစ်ထောင်ကျော်ခန့် တစ်ချိန်တည်းလေ့ကျင့်ရန် လုံလောက်သည်။
ဤအချိန်အခိုက်အတန့်တွင် မြေကွက်လပ်ကြီးပေါ်၌ မှော်လက်နက်အမြောက်အများ ပြန့်ကျဲနေသည်။
လုယွီသည် အနက်ရောင်မိုခံတပ်၏ရှေ့သို့ ရောက်ရှိမလာခင်အချိန်၌ ထန်စစ်သားများသည် လေ့ကျင့်ရေးကွင်းပြင်ပေါ်၌ လေ့ကျင့်နေဆဲပင်။
လုယွီသည် ရုတ်တရက်ကြီး မြို့တွင်းသို့ ဝင်ရောက်လာမည်ဟု ထန်စစ်သားများ မျှော်လင့်မထားမိကြချေ။သူတို့သည် ထိတ်လန့်ကြောက်ရွံ့သွားကာ သူတို့၏လက်အတွင်းမှ မှော်လက်နက်များကို မြေပြင်ပေါ်သို့ပစ်ချပြီး ထွက်ပြေးခဲ့ကြသည်။
လေ့ကျင့်ရေးကွင်းပြင်၏အလယ်ဗဟိုတွင် နတ်ဘုရားရုပ်ထုတစ်ခု ရှိနေသည်။
ဤရုပ်တုသည် ဆယ့်ငါးမီတာခန့်မြင့်မားကာ ထိုအရာ၏အောက်ခြေသည် ကြီးမားကျယ်ပြန့်ပေ၏။ဤရုပ်တုကို ကြီးမားသောကျောက်တုံးကြီးဖြင့် ထွင်းထုထားပုံရကာ ရုပ်ထု၏မျက်နှာပြင်မှနေ၍ မြင့်မြတ်သောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။
ဤနတ်ဘုရားရုပ်တုသည် တိုက်ပွဲဝင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားကာ ထိုအရာ၏လက်၌ စေတီတစ်ဆူကို ကိုင်ထားသည်။
ရုပ်တု၏မျက်လုံးများသည် တောက်ပပြီး သက်ဝင်းလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ထိုအရာ၏နောက်တွင် အလင်းဘီးကြီးတစ်ခုရှိနေကာ ရုပ်တု၏ကိုယ်ထည်တစ်ခုတွင် ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ တိုက်ပွဲအမြောက်အများကို ဖြတ်ကျော်ခဲ့သော ဗိုလ်ချုပ်အိုကြီးတစ်ယောက်၏ရုပ်ထုပင်။သူ သေဆုံးသွားပြီးနောက် သူ၏စိတ်ဝိညာဉ်သည် ရှင်သန်နေဆဲဖြစ်သောကြောင့် စစ်နတ်ဘုရားအဖြစ်သို့ အသွင်ပြောင်းကာ နှစ်ပေါင်းများစွာကြာသည်အထိ တောင့်ခံနိုင်ခဲ့သည်။
"ထန်စစ်နတ်ဘုရား လီကျင်း..."
လုယွီက ထိုရုပ်ထုကို တစ်ချက်ကြည့်ပြီးနောက် မူရင်းဇစ်မြစ်ကို မှတ်မိသွားသည်။
ကောလဟာလများအရ ထန်အင်ပါယာ၏ အစောပိုင်းကာလများအတွင်းတွင် လီကျင်းသည် စစ်တပ်အတွင်း၌ စစ်နတ်ဘုရားဟု နာမည်ကျော်ကြားသော စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။
လီကျင်း သေဆုံးသွားပြီးနောက် ထန်အင်ပါယာသည် သူ့အတွက် သိုင်းပညာဘုရားကျောင်းများတည်ဆောက်ကာ ဝတ်ပြုကိုးကွယ်ရန် အထူးသီးသန့်အမိန့်ထုတ်ပြန်ခဲ့သည်။အချိန်များကုန်လွန်လာသည်နှင့်အမျှ လီကျင်းသည် အမွေးနံ့သာစွမ်းအားအမြောက်အများကို စုစည်းမိကာ ထန်စစ်သားများ၏ ဝတ်ပြုကိုးကွယ်ခြင်းကိုခံရသော စစ်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။
Chapter 4392
ထန်အင်ပါယာနှင့်ပတ်သက်သော ရှေးဟောင်းစာအုပ်အမြောက်အများတွင် လီကျင်း၏ပုံရိပ်ကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
ထန်စစ်တပ်သည် စစ်ချီတက်ခြင်းမပြုမီ လီကျင်း၏ရုပ်တုရှေ့၌ အမွှေးနံ့သာဆက်သပြီး အရိုအသေပြုကြသည်။သူတို့သည် စစ်နတ်ဘုရား၏ကောင်းချီးပေးမှုကို ရရှိစေရန် ဆုတောင်းကြလေ၏။
လီကျင်း၏ရုပ်ထုကို ထန်စစ်သားများဝတ်ပြုကိုးကွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အချိန်များကုန်လွန်လာသည်နှင့်အမျှ လီကျင်းသည် လုံလောက်သောအမွှေးနံ့သာစွမ်းအားများကိုရရှိကာ အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်စပြုလာသည်။ထန်အင်ပါယာ၏သမိုင်းမှတ်တမ်းများတွင် လီကျင်းသည် စစ်တပ်၏ခွန်အားကို မြှင့်တင်ပေးနိုင်သော နတ်ဘုရားစွမ်းအားကို ကြိမ်ဖန်များစွာပြသခဲ့ပြီး အရှုံးကိုအနိုင်အဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်ဟု ပါရှိသည်။
ဤအချိန်အခိုက်အတန့်တွင် ရုပ်ထု၏ရှေ့၌ လေးထောင့်ပုံအမွှေးတိုင်အိုးကြီးတစ်လုံးကို နေရာချထားသည်။ထိုအရာအတွင်း၌ အမွှေးတိုင်များ လောင်ကျွမ်းနေဆဲဖြစ်ကာ အစိမ်းရောင်အခိုးအငွေ့များ ဖြည်းညှင်းစွာမြင့်တက်နေသည်။
လုယွီသည်လည်း နတ်ဘုရားတစ်ပါးပင်။သူသည် လီကျင်း၏နတ်ဘုရားရုပ်ထုကို မြင်တွေ့ချိန်၌ ထိုအရာအတွင်း၌ရှိနေသည့် ကြီးမားသောနတ်ဘုရားစွမ်းအားများကို ရှင်းရှင်းလင်းလင်းအာရုံခံမိသည်။
ဤကဲ့သို့နတ်ဘုရားစွမ်းအားများသည် သာမန်နတ်ဘုရားတစ်ပါး စုစည်းနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
ကြီးမားကျယ်ပြန်သော နတ်ဘုရားစွမ်းအားများသည် အစိုင်အခဲဖြစ်လုနီးပါးပင်။ဤကဲ့သို့နတ်ဘုရားစွမ်းအားမျိုးကို လုယွီ၏အတိတ်ဘဝတွင် သူ၏မြေအောက်လောကဘုရားကျောင်းများအတွင်း၌သာ တွေ့မြင်ခဲ့ဖူးသည်။
လုယွီသည် အောင်းကွမ်း၏တည်နေရာကို ရှာဖွေရန်အတွက် ကံကြမ္မာဟောကိန်းနည်းစနစ်ကို အသုံးပြုခဲ့သည်။
ဤကံကြမ္မာလမ်းကြောင်းများသည် ရှုပ်ထွေးပြီးဖရိုဖရဲဖြစ်နေသော်လည်း မတူကွဲပြားသောလမ်းကြောင်းများမှနေ၍ နေရာတနေရာတည်းကို ညွှန်ပြနေသည်။
ထိုနေရာသည် ဤရုပ်တု၏နောက်ရှိ လေဟာနယ်အတွင်း၌ ပုန်းကွယ်နေပေ၏။
ကြီးကျယ်ခမ်းနားသော စစ်နတ်ဘုရားရုပ်ထု၏နောက်တွင် ကြီးမားသောလေဟာနယ်နယ်မြေတစ်ခု ပုန်းကွယ်နေသည်ဟု မည်သူကမျှ တွေးတောမိမည်မဟုတ်ချေ။
"ဒီနေရာမှာ ဘာတွေပုန်းကွယ်နေလဲဆိုတာ ငါ ကြည့်ချင်တယ်"
လုယွီက သူ့၏ခြေထောက်ကိုမြှောက်ပြီး ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။သူ၏ရှေ့ရှိ လေဟာနယ်အတွင်းတွင် လှိုင်းဂယက်များ ထွက်ပေါ်လာပေ၏။
ဤသည်မှာ ကြည်လင်သောကြေးမုံမှန်တစ်ချပ်၏မျက်နှာပြင် အနည်းငယ်လှုပ်ခတ်သွားသည့်အလား လေဟာနယ်တစ်နေရာ၌ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
အကယ်၍ သာမန်လူတစ်ယောက်သာ ဤနေရာသို့ ရောက်ရှိလာပါက ထိုလေဟာနယ်နယ်မြေကို မည်သို့မျှ ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။
လေဟာနယ်ဥပဒေသကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားသောလူများ သို့မဟုတ် ဤနေရာအကြောင်းကို ကောင်းစွာသိရှိထားသူများသာလျှင် သဲလွန်စကို ရှာဖွေတွေ့ရှိနိုင်ပေမည်။
ဝုန်း...
လုယွီသည် ဤနေရာအတွင်းသို့ ခြေချလိုက်သည်နှင့် ကျယ်လောင်သော တုန်ခါသံကြီးတစ်သံ မြည်ဟီးသွားသည်ကို သူ၏နားအတွင်း၌ ကြားလိုက်ရသည်။
ဤသည်မှာ မိုးနှင့်မြေ ပြိုလဲသွားပြီး နေနှင့်လ ပြောင်းပြန်လန်သွားသည့်အလားပင်။မူလက သူ့ရှေ့တွင်ရှိနေသော ကြည်လင်သည့်မိုးကောင်းကင်ယံသည် ရုတ်တရက် တိမ်မည်းများဖြင့် ပြည့်နှက်သွားပေ၏။
အမှောင်ထုကြီးတစ်ရပ်က လုယွီကို လုံးလုံးလျားလျားလွမ်းခြုံသွားသည်။သူသည် နံဘေးပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်ရတော့ဘဲ သူ၏နံဘေး၌ အဆက်မပြတ်ပဲ့တင်ထပ်နေသော တုန်ခါသံများကိုသာ ကြားနေရသည်။
လုယွီသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုအတွင်းသို့ ရောက်ရှိသွားလေပြီ။
ဤနေရာသည် ပြင်ပကမ္ဘာလောကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားပေ၏။ဤသည်မှာ လွတ်လပ်သော လေဟာနယ်နယ်မြေတစ်ခုပင်။
ရွှေရောင်မျက်လုံးတစ်စုံက လုယွီကို စူးစိုက်၍ကြည့်နေသည်။စစ်ဘုရားလီကျင်းကိုကြည့်ရသည်မှာ နှစ်ခြိုက်စွာအိမ်မောကျနေရာမှ နိုးထလာသည့်အလားပင်။သူ၏ကြီးမားသောခန္ဓာကိုယ်ဖြင့် လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေကာ သူ့ထံမှနေ၍ တောင်တစ်လုံးကိုပင် ပြိုလဲသွားစေနိုင်သည့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။
သူ၏မှော်စွမ်းအားလှိုင်းများသည် တိမ်စိုင်များအတွင်းထိ မြင့်တက်နေကာ လောကကြီးတစ်ခုလုံးကို အရောင်ပြောင်းလဲသွားစေသည်။ သူ့၏လက်အတွင်းရှိ စေတီမှနေ၍ ငါးရောင်ခြယ်အလင်းတန်းများ ဖြာထွက်နေပေ၏။နတ်ဘုရားအလင်းတန်းများသည်လည်း ရံဖန်ရံခါ၌ ထွက်ပေါ်လာကာ အလွန်အမင်းစူးရှတောက်ပသည်။
"သေစမ်း"
လီကျင်းထံမှနေ၍ ဒေါသတကြီးအော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဤသည်မှာ သူတို့သည် ရှေးဟောင်းခေတ်ကာလအချိန်အတွင်းသို့ အစစ်အမှန်ပြန်လည်ရောက်ရှိသွားသည့်အလားပင်။စစ်နတ်ဘုရားလီကျင်း အမိန့်ပေးလိုက်သည်နှင့် ထောင်သောင်းချီသောစစ်သားများသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် ရှေ့သို့တိုးဝင်တိုက်ခိုက်ကြသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
"ဒီနေရာကို စစ်နတ်ဘုရားရုပ်ထုနဲ့ ကာကွယ်ဟန့်တားထားတာလား...ဘယ်လောက်တောင်ကောင်းတဲ့ နည်းစနစ်လဲ...တကယ်လို့ တစ်စုံတစ်ယောက်က အခွင့်အာဏာမရှိဘဲနဲ့ ဒီနေရာကို ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် သူက စစ်နတ်ဘုရားရဲ့တိုက်ခိုက်တာကို ခံရလိမ့်မယ်... ဒီနေရာကို တစ်ယောက်ယောက်က မတော်တဆဝင်လာမိတယ်ဆိုရင်တောင် စစ်နတ်ဘုရားကြောင့် သေဆုံးရလိမ့်မယ်"
လုယွီသည် သူ၏ရှေ့ရှိ နတ်ဘုရားပုံရိပ်ယောင်ကြီးကိုကြည့်ပြီး သူ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းတန်းတစ်တန်း ဖြာထွက်လာသည်။
နတ်ဘုရားရုပ်ထုတစ်ခုတစ်ခု၏ အကာအကွယ်ဟူသည်မှာ မည်သည့်နေရာတွင်မဆို ရှာဖွေတွေ့ရှိနိုင်သည့် တစ်စုံတစ်ခုမဟုတ်ချေ။
အကယ်၍ စစ်နတ်ဘုရားရုပ်ထု၏စွမ်းအားကို ထုတ်ဖော်ပြသလိုပါက ဤနတ်ဘုရားရုပ်တုအတွင်းတွင် လီကျင်း၏အကျွင်းအကျန်စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု ရှိနေရပေမည်။
ဤနတ်ဘုရားစိတ်ဝိညာဥ်အမျှင်တန်းများကို အနည်းငယ်သာ အသုံးပြုနိုင်သည်။ဤသည်မှာထန်အင်ပါယာအတွင်း၌ပင် အလွန်အမင်းအဖိုးတန်ရှားပါးသောအရာဖြစ်သည်။
"စိတ်ဝင်စားစရာပဲ"
လုယွီက စုံစမ်းစစ်ဆေးရန် ဟန်ပြင်လိုက်သည်။
မူလက သူသည် ဤနေရာကို ဖုံးကွယ်ထားသောလေဟာနယ်နယ်မြေတစ်ခုဟုသာ တွေးထင်ခဲ့သည်။သို့ရာတွင် ဤစစ်နတ်ဘုရားရုပ်တု၏အကာအကွယ် ရှိနေသောကြောင့် ဤနေရာသည် မည်သည့်နည်းနှင့်မျှ မရိုးရှင်းနိုင်ချေ။
ဤလေဟာနယ်အတွင်းတွင် အမျိုးအမည်မသိရသော လျှို့ဝှက်ချက်တစ်ခုပုန်းအောင်းနေနိုင်သည်။
Chapter 4393
လုယွီ စဉ်းစားတွေးတောနေစဉ်မှာပင် စစ်နတ်ဘုရားလီကျင်းသည် သူ့၏ရှေ့သို့ ရောက်ရှိနေလေပြီ။
ဤသည်မှာ လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်ပြီး အရှိန်အဝါကြီးမားကာ ကြီးကျယ်ခမ်းနားသော ပုံပန်းသွင်ပြင်ရှိသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်ဝတ်စုံမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။
သူ ဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံတွင် နတ်ဘုရားစွမ်းအားများ ရောယှက်နေသဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်၌ တောက်ပနေသည်။သူသည် သေမျိုးလောကသို့ဆင်းသက်လာသော အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့်တူညီသည်။သူ့အား မြင်တွေ့မိသောလူများသည် ဝတ်ပြုကိုးကွယ်လိုစိတ်ကို တွန်းလှန်နိုင်မည်မဟုတ်ချေ။
အဆင့်မြင့်နတ်ဘုရားတစ်ပါး...
ဤကဲ့သို့ နတ်ဘုရားတစ်ပါးသည် အလွန်ရှားပါးပေ၏။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို လောကကြီးတစ်ခုလုံးကို လှုပ်ခတ်နိုင်စွမ်းရှိသော တည်ရှိမှုကြီးတစ်ခုပင်။
"ငါတို့ ထန်အင်ပါယာရဲ့နယ်မြေထဲကို ကျူးကျော်ဝင်လာဝံ့တဲ့ ဘယ်သူ့ကိုမဆို ဘာသနားညှာတာမှုမှမရှိဘဲ သတ်မယ်"
လီကျင်း၏အသံသည် အေးစက်တင်းမာနေကာ သူ ရေရွတ်လိုက်သော စကားလုံးတစ်လုံးစီတိုင်း လူတစ်ယောက်၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။
လုယွီက ရယ်မောပြီး ကျယ်လောင်စွာပြောဆိုလိုက်၏။
"မင်းတို့ထန်အင်ပါယာက ငါ့ရဲ့နယ်မြေပဲကိုကျူးကျော်ဖို့ လူတွေ စေလွှတ်ခဲ့တာပဲ...ဒါတောင်မှ မင်းက ငါ့ကို စွပ်စွဲချင်သေးတာလား"
"မင်းက ရန်သူတစ်ယောက်ပဲ....ဒါကြောင့် မင်းသေသင့်တယ်"
လီကျင်း၏မျက်နှာ သုန်မှုန်နေသော်လည်း သူ့ကိုကြည့်ရသည်မှာ အနည်းငယ်တောင့်တင်းနေပုံရသည်။
အဆုံးသတ်၌ သူသည် သေဆုံးသွားပြီဖြစ်သော လူတစ်ယောက်ပင်။ယခုလက်ရှိချိန်တွင် သူသည် နတ်ဘုရားတစ်ပါးအဖြစ်သာ တည်ရှိနိုင်တော့သည်။
ဤနတ်ဘုရားထံတွင် သူ၏အတိတ်ဘဝရှိမှတ်ဉာဏ်များအနက်မှ အစိတ်အပိုင်းတစ်ပိုင်းသာရှိသည်။သူသည် ထန်အင်ပါယာ၏စစ်ပညာကို ပြသသော သင်္ကေတတစ်ခုပင်။သူ့ထံ၌ အလွန်ကြီးမားသော နတ်ဘုရားစွမ်းအားများ ရှိနေသော်လည်း လုံလောက်သောဉာဏ်ရည်ဥာဏ်သွေး ရှိမနေချေ။
"ဆရာသခင်လီရှု ဗုဒ္ဓဘုန်းတော်ကြီးရွှမ်ကျန်း တာအိုပညာရှင်ယွမ်ထန်းဂန်....ရှေးဟောင်းအလယ်ခေတ်ရဲ့ထန်အင်ပါယာက အရမ်းကြီးကျယ်ခမ်းနားခဲ့တယ်ဆိုပေမယ့်...အခုက မင်းရဲ့ခေတ်ကာလ မဟုတ်တော့ဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထန်အင်ပါယာ၏မျိုးရိုးစဉ်ဆက်မှ ဘုရားကျောင်းများတည်ဆောက်ကာ ဝတ်ပြုကိုးကွယ်ခဲ့ကြသဖြင့်သာ လီကျင်းသည် နတ်ဘုရားတစ်ပါးအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းပင်။
လီကျင်းသည် နတ်ဘုရားတစ်ပါးအဖြစ် ရပ်တည်နိုင်သော်လည်း သူသည် ပြန်လည်မွေးဖွားလာသောလူများ သို့မဟုတ် တခြားနည်းလမ်းတစ်ခုခုဖြင့်ရှင်သန်လာသူများနှင့် မတူညီချေ။
လီကျင်းက သူ့ရှေ့ရှိကျူးကျော်လာသူသည် နောက်ဆုတ်ရန် ဆန္ဒမရှိသည်ကိုကြည့်ပြီး အလွန်ဒေါသထွက်သွားသည်။သူသည် သူ၏ကြီးမားသောလက်ဝါးကြီးကို ဆန့်တန်းကာ လုယွီကိုဖမ်းဆုပ်ရန် ကြံရွယ်လိုက်၏။
ထိုလက်ဝါးကြီး ကျရောက်လာသောအချိန်တွင် ဤကွဲပြားခြားနားသော ကမ္ဘာလောက၏ ကောင်းကင်နှင့်နေလုံးကြီးကို ပိတ်ဖုံးလုမတတ်အလွန်ကြီးမားသည်။
သို့ရာတွင် လုယွီကလည်း သူ၏လက်ကို ဆန့်တန်းလိုက်သည်။သူ၏လက်ဝါးရိုက်ချက် ထွက်ပေါ်လာချိန်တွင် ပြင်းထန်သောသွေးချီစွမ်းအားများက ဤကမ္ဘာလောကကြီးအတွင်း၌ ပြည့်နှက်သွားသည်။
ဘုန်း....
လီကျင်းသည် နောက်သို့ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်လိုက်ရသည်။သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများသည် ပျက်ပြယ်သွားမည့်အရိပ်အယောင်များ ပြသလာကာ သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားလေ၏
လုယွီ၏ယခုလက်ရှိခွန်အားဖြင့် သူ၏လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်သူဟူ၍ လူအမြောက်အများရှိမည် မဟုတ်ပေ။
ဤလက်ဝါးရိုက်ချက်မှစွမ်းအားသည် မြို့တစ်မြို့လုံးကို ဖျက်ဆီးနိုင်သည်အထိ အလွန်ကြီးမားသည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လီကျင်းသည်နတ်ဘုရားတစ်ပါးပင်။သူသည် နာကျင်မှုကို အာရုံခံနိုင်ခြင်းမရှိချေ။သူသည် အလွန်များပြားသော ယုံကြည်ကိုးကွယ်သူများထံမှ အမွေးနံ့သာစွမ်းအားများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
"ငါတို့ထန်အင်ပါယာကို ရန်စဝံ့တဲ့ကောင် သေစမ်း"
လီကျင်းက ဒေါသတကြီး အော်ဟစ်ကြုံဝါးလိုက်သည်။သူ၏လက်အတွင်းရှိ ဘုံခုနစ်ဆင့်ရွှေရောင်စေတီသည် ရုတ်တရက် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။ထိုစေတီမှနေ၍ ရွှေရောင်အလင်းတန်းများတောက်ပလာကာ ထိုအရာ၏နံဘေးပတ်လည်တွင် မရေမတွက်နိုင်သော သင်္ကေတအက္ခရာများ လှည့်ပတ်ပျံသန်းနေသည်။
ကြီးမားကျယ်ပြန့်သော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး လုယွီ၏ခေါင်းထက်သို့ ကျရောက်လာကာ သူ့ကို ဖိနှိပ်လိုသည့်အလားပင်။
တချိန်တည်းမှာပင် လီကျင်းသည် မှော်ရတနာနှစ်ခုကိုထုတ်ယူပြီး နတ်ဘုရားမန္တန်တစ်ပုဒ်ကိုရေရွတ်လိုက်သည်။ထို့နောက် ထိုမှော်လက်နက်နှစ်ခုကို ရွှေရောင်အလင်းလွှာတစ်လွှာက လွှမ်းခြုံသွားသည်။
ထိုမှော်လက်နက်နှစ်ခုအနက်မှ တစ်ခုသည် ဖန်ထျန်းသုံးခွမှိန်းဖြစ်ပြီး တခြားတစ်ခုသည် နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးပင်။
အလွန်ကြီးမားသောနတ်ဘုရားစွမ်းအားများ အဆုံးစွန်ဆုံးအဆင့်ထိ စုဝေးလာသည်။
ဤဖိအားအရှိန်အဝါအောက်တွင် ကွဲပြားခြားနားသော ကမ္ဘာလောက၏လေဟာနယ်သည် ပုံပျက်စပြုလာပေ၏။ဤလေဟာနယ်အတွင်း၌ရှိနေသော မည်သူတစ်ဦးတစ်ယောက်မဆို နှိုင်းယှဉ်ပြစရာမရှိသည်အထိ မွန်းကြပ်လာမှုကို ခံစားရပေမည်။
ဤမှော်ရတနာနှစ်ခုသည် လီကျင်း စစ်တပ်အတွင်း၌ရှိနေစဉ်တွင် ကြိမ်ဖန်များစွာ အသုံးပြုခဲ့သောအရာများပင်။ဤမှော်လက်နက်နှစ်ခုအောက်တွင် သက်ရှိအမြောက်အများ သေဆုံးခဲ့ရသည်။ထိုအရာများအတွင်း၌ရှိနေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါသည် အလွန်အမင်းကြီးမားပေ၏။ထိုမှော်လက်နက်နှစ်ခု ထွက်ပေါ်လာသည်နှင့် ငိုကြွေးမြည်တမ်းသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
လီကျင်းသည် လုယွီကိုသတ်ဖြတ်ရန်အတွက် ဤကြောက်မက်ဖွယ်ကောင်းသော မှော်တနာနှစ်ခုကို အသုံးပြုခဲ့သည်။
ဤကဲ့သို့ ပြင်းထန်သောစွမ်းအားလှိုင်းများအောက်တွင် လုယွီ၏ခန္ဓာကိုယ်သည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ သေးငယ်နေကာ သူသည် အချိန်မရွေးသေဆုံးသွားတော့မည့်အလားပင်။
ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏မျက်လုံးတစ်စုံမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းနှစ်တန်း ပျံ့လွင့်လာသည်။
ထိုအလင်းတန်းနှစ်တန်းသည် လျှပ်စီးမိုးကြိုးများအလား ကွဲပြားခြားနားသောကမ္ဘာလောက၏မိုးကောင်းကင်ယံကို ချက်ချင်းထွင်းဖောက်သွားသည်။ထိုအလင်းတန်းများ၏အရှိန်အဝါသည် မည်သူကမျှ ယှဉ်ပြိုင်နိုင်ခြင်းမရှိသော ပြိုင်ဘက်ကင်းနဂါးတစ်ကောင်နှင့် တူညီနေပေ၏။
Chapter 4394
ဘုံခုနစ်ဆင့်ရွှေရောင်စေတီတွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ဖိနှိပ်နိုင်သော စွမ်းအားတစ်ရပ်ရှိနေသည်။ထိုအရာမှစွမ်းအားကို ဖြန့်ကျက်လိုက်သော အချိန်အခိုက်အတန့်၌ အလွန်ကြီးမားသော အားလှိုင်းတစ်ရပ်က လုယွီထံဦးတည်၍ တိုးဝင်လာသည်။
တခြားတစ်ဖက်တွင် လုယွီသည် စေတီ၏ဖိနှိပ်မှုကို အနည်းငယ်မျှမခံရချေ။
သူ၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေပုံရသည်။ထိုမီးတောင်များအကြားမှနေ၍ ရွှေရောင်နဂါးတစ်ကောင်၏ထူးဆန်းသောပုံရိပ် ထွက်ပေါ်လာကာမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။ဤသည်မှာ သူကို ရွှေရောင်အလင်းတန်းများက ရစ်ပတ်လွှမ်းခြုံထားသည့်အလားပင်။
"ငါ မင်းကို ဖျက်ဆီးပေးမယ်"
လုယွီက နတ်ဘုရားတစ်ပါး၏လေသံနှင့် ပြောဆိုလိုက်သည်။သူသည်လည်း နတ်ဘုရားတစ်ပါးအဖြစ်သို့ အသွင်ပြောင်းလဲပြီးလေပြီ။
သူ့၏နောက်တွင် မြေအောက်လောကနတ်ဘုရား၏ကြီးမားသောပုံရိပ်ရောင်ကြီး ထွက်ပေါ်လာသည်။မြေအောက်လောကနတ်ဘုရား၏နှုတ်မှနေ၍ ရှေးကျပြီးရှုပ်ထွေးသော မှော်မန္တန်တစ်ပုဒ် ထွက်ပေါ်လာသည်။
လုယွီ၏ရုပ်ခန္ဓာကိုယ်သည် အလွန်သန်မာအားကောင်းပေ၏။ယခုအချိန်တွင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားနှင့်မှော်စွမ်းအားများ ပေါင်းစပ်ထားသဖြင့် ခန့်မှန်း၍မရနိုင်သောအဆင့်တခုထိ ရောက်ရှိနေလေပြီ။
လီကျင်း၏နတ်ဘုရားပုံရိပ်ယောင်သည် အလွန်အစွမ်းထက်ကာ လုယွီ၏သွေးချီများသည် အလွန်သန်မာအားကောင်းပေ၏။ဤသည်မှာ နဂါးတကောင်နှင့်ကျားတစ်ကောင် ရင်ဆိုင်တွေ့နေသဖြင့် တောင်များနှင့်မြစ်များကို ပြိုလဲသွားစေသည့်အလားပင်။
ဤကွဲပြားခြားနားသော လောကကြီးအတွင်း၌ အဆင့်မြင့်နတ်ဘုရားနှစ်ပါးသည် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်ကြတော့သည်။
ဘန်း...
လုယွီက လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ သူ၏ခေါင်းထက်တွင် မျောလွင့်နေသော ဘုံခုနစ်ဆင့်ရွှေရောင်စေတီ၏ အလင်းတန်းများမှေးမှိန်သွားကာ မှိန်ဖျော့ဖျော့အနက်ရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့ထံမှ နောက်ထပ် လက်သီးတချက်ထွက်ပေါ်လာပြီးနောက် စေတီသည် ချက်ချင်းကွဲအက်သွားလေ၏။စေတီမှနေ၍ ရွှေရောင်သွေးစက်များ ယိုစီးကျလာကာ ထိုအရာ၏အကျိုးသက်ရောက်မှုများ ဆုံးရှုံးသွားလေပြီ။
ဟန်ထျန်းသုံးခွမှိန်းသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်ကို သယ်ဆောင်ကာ လုယွီထံသို့ တိုးဝင်လာသည်။
လုယွီသည် ထိုသုံးခွမှိန်းကို စူးစိုက်၍ကြည့်လိုက်၏ သူ၏မျက်လုံးတစ်စုံအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များထင်ဟပ်လာကာ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ကိန်းအောင်းနေသည်။
လီကျင်းသည် တချိန်က တိုက်ပွဲစစ်မြေပြင်တွင် စစ်နတ်ဘုရားဖြစ်ခဲ့သူပင်။သူသည် မရေမတွက်နိုင်သောလူများကို သတ်ဖြတ်ခဲ့သော်လည်း လုယွီသည်လည်း ထပ်တူထပ်မျှပင်။
ဗိုလ်ချုပ်တစ်ယောက်၏အောင်မြင်မှုသည် ထောင်သောင်းချီသော အရိုးများပေါ်မှ နင်းလျှောက်ခဲ့ရသည်။နတ်ဘုရားနှစ်ပါးထံမှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများကြောင့် ဤနေရာပတ်ဝန်းကျင်သည် အသူရာကြေးချွတ်သန့်စင်ဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အကန့်အသတ်မရှိသော ငိုကြွေးမြည်တမ်းသံများဖြင့် ပြည့်နှက်သွားသည်။
သုံးခွမှိန်းသည် ရှေ့သို့တိုးဝင်လာသော်လည်း လုယွီက သူ၏လက်ဖြင့် ဟန့်တားလိုက်သည်။
လုယွီ၏လက်ယာဘက်လက်ပေါ်ရှိ ကြွက်သားများသည် ချက်ချင်းဖောင်းကြွလာကာ နဂါးများနှင့်တူညီသည့် အပြာရောင်သွေးကြောကြီးများ ထောင်ထလာသည်။
ဤနေရာပတ်ဝန်းကျင်တွင် ကျယ်လောင်သောပေါက်ကွဲသံများ အဆက်မပြတ်ပဲ့တင်ထပ်နေသည်။လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအားလုံးတွင် ပြင်းထန်သောသွေးချီများဖြင့် ပြည့်နှက်နေသည်။ထို့ကြောင့် သူ၏ခွန်အားကို သိသိသာသာမြင့်တက်သွားစေကာ အဆုံးစွန်ဆုံးအဆင့်ထိ ထုတ်ဖော်အသုံးပြုနိုင်သည်။
ထို့နောက် လုယွီသည် သုံးခွမှိန်း၏ထိပ်ကို သူ၏လက်ဝါးဖြင့်ဖိနှိပ်ပြီး ကွေးညွတ်သွားစေသည်။
ရုတ်ချည်းဆိုသလိုပင် သုံးခွမှိန်းပေါ်၌ မီးပွားများထွက်ပေါ်လာကာ အက်ကွဲသံများကို ကြားနေရသည်။ဤသုံးခွမှိန်းကို မည်သည့်အရာဖြင့်ပြုလုပ်ခဲ့သည့်အား မသိနိုင်သော်လည်း ဤအချိန်အခိုက်အတန့်၌ ထိုအရာသည် ကွေးညွတ်သွားလေ၏။
ဘုရားကျောင်းအတွင်းရှိ မရေမတွက်နိုင်သောအမွေးတိုင်များ ပေါက်ကွဲသွားခြင်းနှင့်အတူ လီကျင်း၏နောက်ရှိ အလင်းဘီးကြီး ကြေမွှပျက်စီးသွားသည်။
လုယွီသည် သူ၏ရက်စက်ကြမ်းကြုတ်မှုကို ပြသပြီးဖြစ်သဖြင့် ဤကိစ္စကို အလွတ်ပေးရန် ရည်ရွယ်မထားချေ။သူသည် ထပ်မံ၍ လက်သီးနှစ်ချက်ထိုးနှက်လိုက်၏။
လီကျင်း၏ပုံရိပ်ယောင် ချက်ချင်းမှိန်ဖျော့သွားသည်။သူ၏ခန္ဓာကိုယ်တခြမ်းသည် ပျောက်ကွယ်သွားလုနီးပါးဖြစ်နေကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်ဝတ်စုံပင်လျှင်အလွန်အမေးမှေးမှိန်နေလေပြီ။
သူသည် ကံကြမ္မာစွမ်းအားများဖြင့် သိပ်သည်းထားသော နတ်ဘုရားပုံရိပ်ယောင်တစ်ခုသက်သက်ပင်။စစ်နတ်ဘုရားလီကျင်း၏အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ချေ။
"သေစမ်း"
လီကျင်းက အော်ဟစ်ကြုံးဝါးလိုက်သည်။ဤမျှထိ ပြင်းထန်သောတိုက်ခိုက်မှုများကို ခံယူရသည့်တိုင် သူသည် နောက်ဆုတ်ရန် ရည်ရွယ်မထားချေ၏ထိုအစား သူသည် အော်ဟစ်ကြုံးဝါးကာ လုယွီထံသို့ တိုးဝင်တိုက်ခိုက်လေ၏။
ခရက်...ခရက်...ခရက်....
လုယွီက သုံးခွမှိန်းကိုဆုပ်ကိုင်ပြီး သာမန်ကာလျှံကာ ဖျစ်ညှစ်လိုက်သည်။
အစွမ်းထက်သော မှော်ရတနာသည် သာမန်သစ်သားတုတ်တစ်ချောင်းအလား သူ၏လက်အတွင်း၌ ချက်ချင်းကြေမွှပျက်စီးသွားသည်။
မှော်ရတနာအစအနများသည် မြေပြင်ပေါ်သို့ကျရောက်သွားကာ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။
လုယွီက နောက်ထပ်ခြေသလမ်းရှေ့တက်ပြီး လီကျင်း၏ရှေ့သို့ ရောက်ရှိသွားသည်။ သူ၏ခန္ဓာကိုယ်မှ ငါးရောင်ခြယ်အလင်းတန်းများ ထွက်ပေါ်လာကာ သူ၏နံဘေးပတ်လည်၌ နဂါးတစ်ကောင်နှင့်ကျားတကောင်မှ ရစ်သိုင်းလွှမ်းခြုံထားသော ပုံရိပ်ယောင်ရှိနေသည်။
လုယွီသည် လီကျင်း၏ပခုံးပေါ်သို့ ဖိနှိပ်လိုက်၏။သူ၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင်...
လုယွီသည် သူ၏လက်နှစ်ဖက်ကို ရုတ်တရက်မြှောက်လိုက်ခြင်းနှင့်အတူ...
ဘုန်း....
မသဲမကွဲအသံကြီးနှင့် အတူယှဉ်တွဲ၍ လီကျင်၏ပုံရိပ်ယောင်ကြီးသည် တစ်ဝက်ခန့်ပျက်ပြယ်သွားလေ၏။
Chapter 4395
ဤသည်မှာ ခွန်အားသီးသန့်ဖြင့် တိုက်ခိုက်ခြင်းပင်။
လုယွီ၏တိုက်ခိုက်မှုများသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ လူရိုင်းများနှင့်တူညီပြီး သန့်စင်သောခွန်အားများဖြင့် ပြည့်နှက်နေသည်။
"သေစမ်း"
လေထုအတွင်း၌ လီကျင်း၏ မကျေမချမ်းအော်ဟစ်ကြုံဝါးသံကြီး ပဲ့တင်ထပ်နေသည်။
အဆုံးသတ်၌ သူသည် ပုံရိပ်ယောင်တစ်ခုသက်သက်ပင်။သူ့ထံ၌ အမွှေးနံ့သာစွမ်းအားများရှိနေသော်လည်း သူ၏စွမ်းအားသည်အကန့်အသတ်ရှိပေ၏။သူသည် သိုင်းပညာအင်မော်တယ် မဟာအောင်မြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုကို တောင့်ခံနိုင်မည်မဟုတ်ချေ။
ပုံရိပ်ယောင်ကြီး ကြေမွှပျက်စီးသွားသော်လည်း မည်သည့်သွေးမျှ ဖြာကျလာခြင်းမရှိချေ။ထိုအစား ပုံရိပ်ယောင်ကြီးအတွင်းမှနေ၍ ရွှေရောင်လေစီးကြောင်းများ ထွက်ပေါ်လာသည်။
ထိုရွှေရောင်လေစီးကြောင်းများသည် အမွှေးနံ့သာစွမ်းအားများ သိပ်သည်းခြင်းမှ ဖြစ်ပေါ်လာခြင်းပင်။
စစ်နတ်ဘုရားရုပ်တု၏ရှေ့တွင် ထန်စစ်သားများသည် နေ့စဉ်နေ့တိုင်း အမွှေးတိုင်များဆက်သကာ ဝတ်ပြုကိုးကွယ်ကြသဖြင့် လီကျင်းအား အမွှေးနံ့သာစွမ်းအားများကို ထောက်ပံ့ပေးနိုင်ခဲ့သည်။
နတ်ဘုရားတစ်ပါးကို ယုံကြည်ကိုးကွယ်သူပို၍များပြားလေလေ ထိုနတ်ဘုရား၏စွမ်းအား ပို၍သန်မာအားကောင်းလေလေပင်။စစ်နတ်ဘုရားလီကျင်းသည် ရှေးဟောင်းအလယ်ခေတ်အတွင်းမှယခုခေတ်အချိန်ကာလအထိ မရေမတွက်နိုင်သောလူများ၏ ဝတ်ပြုကိုးကွယ်ခြင်းကို ခံရသည်။ထို့ကြောင့် သူ စုပ်ယူထားသော အမွှေးနံ့သာစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းပြီး ဂျင်ထောင်ပေါင်းများစွာလေးလံသည်။
"ဒါက ကိစ္စကောင်းလေးတစ်ခုပဲ...ငါ ဒီနေရာကိုလာတာ အလဟဿမဖြစ်တော့ဘူး"
လုယွီသည် သူ့ရှေ့ရှိ ရွှေရောင်လေစီးကြောင်းများကို မြင်တွေ့ချိန်၌ သူ၏ပါးစပ်ကိုဖွင့်ဟကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဤအသက်တစ်ရှိုက်စာအချိန်အတွင်းတွင် မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော အမွှေးနံ့သာစွမ်းအားများအားလုံး လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ဟူး...ဟူး...ဟူး....
လုယွီ အသက်ရှူရှိုက်နေစဉ်အတောအတွင်းတွင် လေစီးကြောင်းသည် ရှည်လျားသောနဂါးတစ်ကောင်အလား ရှေ့နောက်လူးလွန့်နေသည်။
လုယွီ၏စုပ်ယူခြင်းကို ခံရပြီးနောက် အမွှေးနံ့သာစွမ်းအားများသည် အလွန်များပြားသောစိတ်ဝိညာဥ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။ဤအရာများအားလုံးသည် နောက်ဆုံး၌ လုယွီ၏ကိုယ်ပိုင်စွမ်းအားများအဖြစ်သို့ ရောက်ရှိသွားလေပြီ။
အမွှေးနံ့သာစွမ်းအားများသည် သာမန်ကျင့်ကြံသူများအတွက် အလွန်ပြင်းထန်သောအဆိပ်ပင်။
သို့ရာတွင် နတ်ဘုရားများအတွက်မူ ဤသည်မှာရှားပါးသော အားဖြည့်ဆေးတခွက်ပင်။သူတို့သည် တစ်ဖက်လူ၏အမွှေးနံ့သာစွမ်းအားများကို လုယက်ကာ သူတို့၏စွမ်းအားများကို ပို၍မြင့်မားအောင် ပြုလုပ်နိုင်သည်။
ဝေးလံခေါင်သီသော နေရာများတွင်ရှိနေသည့် အဆင်နိမ့်နတ်ဘုရားတချို့သည် သူတို့၏ယုံကြည်ကိုးကွယ်သူများကို အချင်းချင်းတိုက်ခိုက်ရန် တွန်းအားပေးလေ့ရှိသည်။အမှန်အားဖြင့်သူတို့သည် တစ်ဖက်နတ်ဘုရား၏ယုံကြည်ကိုးကွယ်သူများထံမှ အမွှေးနံ့သာစွမ်းအားများကို သူတို့အတွက် ခိုးယူလိုခြင်းပင်။
အမွေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ဝါးမြိုပြီးနောက် ပတ်ဝန်းကျင်၌ရှိနေသော အမွှေးနံ့သာစွမ်းအားများအားလုံး လုယွီ၏စုပ်ယူခြင်းကို ခံလိုက်ရလေပြီ။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြင့်မြတ်သောအလင်းလွှာတစ်လွှာမှ လွမ်းခြုံထားပုံရသည်။သူ၏နောက်တွင်တောက်ပသောအလင်းဘီးကြီးတစ်ခု လည်ပတ်နေကာ သူ့အား အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် တူညီနေစေသည်။
နတ်ဘုရားစွမ်းအားများသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်အတွက် အလွန်အမင်းအကူအညီဖြစ်ပေ၏။
ဥပမာအနေဖြင့် မီဖေးသည် တော်ဝင်ကြင်ယာတော်တစ်ယောက်ဖြစ်ရုံသာမက လော့ရှန်းနတ်ဘုရားမလည်း ဖြစ်သည်။ဤကံကြမ္မာစွမ်းအားနှစ်မျိုး၏ ကောင်းချီးပေးမှုကြောင့် သူမ၏ကျင့်ကြံမှုအရှိန်နှုန်းသည် သာမန်ကျင့်ကြံသူများစိတ်ကူးယဉ်တွေးတောနိုင်သည်ထက် များစွာပို၍ကျော်လွန်သည်။
အမှန်အားဖြင့် ဤကဲ့သို့ကျင့်ကြံခြင်းအရှိန်နှုန်းပင်လျှင် လုယွီနှင့်နှိုင်းယှဉ်ပါက အနည်းငယ်နိမ့်ကျနေသည်။
"တကယ်လို့ ငါ နောင်တစ်ချိန်မှာ အခွင့်အရေးရခဲ့ရင် လီကျင်းရဲ့စိတ်ဝိညာဥ်ကို ဝါးမြိုရမယ်....ဒါဆိုရင် ငါက နောက်ထပ်အဆင့်တခုကိုတက်လှမ်းနိုင်လိမ့်မယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူသည် သိုင်းပညာအင်မော်တယ်မဟာအောင်မြင်ခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ခွန်အားအရဆိုပါက သူသည် တာအိုသခင်တစ်ယောက်နှင့် တိုက်ခိုက်နိုင်သော်လည်း ကျင့်ကြံဆင့်နယ်ပယ်အရဆိုလျှင် သူသည် ရွှယ်မော်တယ်နယ်ပယ်တွင်သာ ရှိနေသည်။
ဤသည်မှာ လုယွီထံ၌ အားနည်းချက်တစ်ခုရှိသည်ဟု ဆိုလိုခြင်းပင်။သူ၏ရုပ်ခန္ဓာကိုယ်သည် ကျင့်ကြံဆင့်နယ်ပယ်၏ တားမြစ်ကန့်သတ်ခြင်းကို ခံထားရသောကြောင့် အကယ်၍ သူသည် အစစ်အမှန် ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်နှင့် ရင်ဆိုင်ကြုံတွေ့ရပါက သူ၏အသက် ဆုံးရှုံးသွားနိုင်ချေရှိသည်။
"အင်ပါယာတစ်ခုကို တည်ထောင်ပြီးတော့....ကံကြမ္မာစွမ်းအားတွေကို စုစည်းပြီး...ထာဝရအသက်ကို ရရှိနိုင်တယ်...ဒီတာအိုနဲ့ဆိုရင် ငါက ငါ့ရဲ့အတိတ်ဘဝနဲ့ မတူကွဲပြားတဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ပြီ"
လူသားဧကရာဇ်၏ပြိုင်ဘက်ကင်းပုံရိပ်ကို ပြန်လည်တွေးတောရင်း လုယွီသည် ရုတ်တရက် နားလည်သဘောပေါက်မှု အသစ်တစ်ခုကို ရရှိသွားသည်။
သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ရပ်ထွက်ပေါ်လာပြီး နတ်ဘုရားပုံရိပ်ယောင်အစအနများကို လွင့်ထွက်သွားစေသည်။
သူ၏ပတ်ဝန်းကျင်ရှိ တောက်ပသောမြင်ကွင်း ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဤသည်မှာ နတ်ဘုရားတစ်ပါးမှ ဖန်တီးထားသော နှစ်ဘုရားပုံရိပ်ယောင်နယ်မြေပင်။ထိုနတ်ဘုရား ပျောက်ကွယ်သွားသည်နှင့် သူ၏အပိုင်ဖြစ်သော နတ်ဘုရားနယ်မြေသည်လည်း ပျက်ပြယ်သွားခဲ့သည်။
နွေးထွေးပြီးမြင့်မြတ်သောအရှိန်အဝါများ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
ထို့နောက် ယခင်နှင့်လုံးလုံးလျားလျားကွဲပြားခြားနားသော အေးစက်စက်အရှိန်အဝါတစ်ရပ်က လုယွီထံသို့ တိုးဝင်လာသည်။
သူ၏ရှေ့၌ အလွန်မှောင်မည်းနေသော လှိုဏ်ခေါင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုလှိုဏ်ခေါင်း၏ နံရံများနှင့်မျက်နှာကျက်ကို ကြမ်းတမ်းသော ကျောက်တုံးအုတ်များဖြင့် ပြုလုပ်ထားကာ ထိုအရာများပေါ်တွင် ရွှံများသွေးများဖြင့် ဖုံးလွှမ်းနေသည်။