← Chapters

အခန်း (၂၂၁၁-၂၂၁၂)

Vol. 162 Ch. 2211-2212

အခန်း (၂၂၁၁-၂၂၁၂)

Vol. 162 Ch. 2211-2212

အဆတစ်ရာစနစ် စာစဥ်(၁၆၂)

အခန်း(၂၂၁၁)

သူ့ရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကိုမြင်လျှင် ကျန်းချန်သည် သူမ မည်သူမည်ဝါ ဖြစ်မှန်း အများကြီး စဥ်းစားနေစရာ မလိုဘဲ ခန့်မှန်းမိလိုက်သည်။

ထိုအမျိုးသမီးသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၃၆ နေရာ၌ ရှိသော မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရားမ ပိုင်မင်ယွဲ့ ဖြစ်သည်။

ဤအချိန်တွင် ပိုင်မင်ယွဲ့၏နံဘေး၌ အရှိန်အဝါ အားကောင်းသော အစွမ်းထက်ပုံရိပ် ဆယ်ခုထက်မက ရှိနေခဲ့ပြီး လူတိုင်း၏ အရှိန်အဝါသည် အနည်းဆုံး ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

အထူးသဖြင့် ပိုင်မင်ယွဲ့၏ နံဘေးတွင် ရပ်နေသော အကြီးအကဲ နှစ်ဦးထံကနေ ရေခဲလမ်းစဥ် နတ်စွမ်းအားများ ခပ်သဲ့သဲ့ ထွက်ပေါ်နေခဲ့ရာ ၎င်းတို့သည် ရေခဲလမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်မှန်း ထင်ရှားနေခဲ့သည်။

ကျန်းချန်က ပိုင်မင်ယွဲ့တို့ကို အကဲခတ်နေစဥ်မှာပင် ပိုင်မင်ယွဲ့တို့ လူစု၏ အကြည့်သည်လည်း ကျန်းချန်တို့ နှစ်ယောက်ဆီသို့ ကျရောက်လာခဲ့သည်။

ကျန်းချန်၏ရှေ့တွင် ရပ်နေသော ကူဖုန်းအာကို မြင်လျှင် ပိုင်မင်ယွဲ့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ကူဖုန်းအာ.. နင်.. နင် ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”

ပိုင်မင်ယွဲ့သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကနေ အသစ်စက်စက် ခန့်အပ်ထားသော နတ်ဘုရားမ ကူဖုန်းအာနှင့် မစိမ်းပေ။

ကူဖုန်းအာနှင့် မုန့်ချင်းရွှယ် တို့သည် အလွန်တရာ ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ကြသည်။

ယခင်ကဆိုလျှင် ကူဖုန်းအာသည် မုန့်ချင်းရွှယ်နှင့် တွေ့ဆုံရန် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ မကြာခဏ လာလည်လေ့ ရှိသည်။

သို့ရာတွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကူဖုန်းအာသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ရောက်မလာတော့ပေ။

ထို့ကြောင့် ပိုင်မင်ယွဲ့သည် ကူဖုန်းအာနှင့် မုန့်ချင်းရွှယ်တို့၏ ပတ်သက်မှုကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။

ဤအချိန်တွင် မုန့်ချင်းရွှယ်သည် ကူဖုန်းအာကို ရှာဖွေရန် မြောက်ပိုင်းမင်နတ်ဂိုဏ်း ဆီသို့‌ ရောက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

အကယ်၍ ကူဖုန်းအာသာ မြောက်ပိုင်းမင်နတ်ဂိုဏ်းရှိ မုန့်ချင်းရွှယ်၏ အခြေအနေကို သိရှိသွားခဲ့လျှင် သေချာပေါက် လျစ်လျူရှုလိမ့်မည် မဟုတ်ချေ။

ကူဖုန်းအာက အပိုစကားများ ပြောမနေတော့ဘဲ ပိုင်မင်ယွဲ့ကို အေးစက်စက် စူးစိုက်ကြည့်လိုက်သည်။

“ပိုင်မင်ယွဲ့.. ငါ့အစ်မချင်းရွှယ် ဘယ်မှာလဲ”

“စိတ်မကောင်းပါဘူး ကူဖုန်းအာ.. ချင်းရွှယ်က အခု တံခါးပိတ်ကျင့်ကြံနေလို့ လောလောဆယ်တော့ တွေ့နိုင်ဦးမှာမဟုတ်ဘူး”

ပိုင်မင်ယွဲ့က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

သူမနှင့် ကူဖုန်းအာတို့ နှစ်ဦးစလုံးသည် နတ်ဘုရားမများ ဖြစ်ကြသော်လည်း ကူဖုန်းအာသည် နတ်ဘုရင်အဆင့်ကို ထိုး‌ဖောက်ခဲ့ပြီ ဖြစ်သလို မြောက်ပိုင်းမင်နတ်ဂိုဏ်းသည်လည်း ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် နှိုင်းယှဥ်၍ မရပေ။

ဆိုရလျှင် နောက်ခံဖြစ်စေ၊ ပါရမီဖြစ်စေ သူမသည် ကူဖုန်းအာ၏ နောက်တွင် များစွာ ပြတ်ကျန်ရစ်နေခဲ့သည်။

ထို့ကြောင့်လည်း ကူဖုန်းအာနှင့် ရင်ဆိုင်ရသောအခါတွင် ပိုင်မင်ယွဲ့သည် အလွန် ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေခြင်းဖြစ်၏။

“ပိုင်မင်ယွဲ့.. နင် ငါ့ကို ဘယ်အချိန်အထိ လိမ်နေဦးမှာလဲ”

ကူဖုန်းအာ၏ မျက်ဝန်းများက နှင်းခဲကဲ့သို့ အေးစက်နေခဲ့သည်။

“ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်.. အစ်မချင်းရွှယ်ကို ငါ့ရှေ့ ချက်ချင်း ခေါ်ထုတ်လာခဲ့.. မဟုတ်ရင်တော့ ငါကိုယ်တိုင် အစ်မချင်းရွှယ်ကို ရှာရလိမ့်မယ်”

ကူဖုန်းအာ၏ စကားကိုကြားလျှင် ပိုင်မင်ယွဲ့သည် မျက်နှာပျက်သွားခဲ့သည်။

သူမက ခက်ထန်သော အမူအရာဖြင့် ကူဖုန်းအာကို စူးစိုက်ကြည့်လိုက်သည်။

“ကူဖုန်းအာ.. ငါနင့်ကို သေချာရှင်းပြခဲ့ပြီးပြီ.. မုန့်ချင်းရွှယ်က အခု တံခါးပိတ်ကျင့်ကြံနေတယ်.. ဒါ့အပြင် ဒါက မြောက်ပိုင်းမင်နတ်ဂိုဏ်းပဲ.. နင့်ရဲ့‌ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု မဟုတ်ဘူး.. နင်သိပ်လွန်မလာနဲ့”

“ပိုင်မင်ယွဲ့.. နင်တို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက အစ်မချင်းရွှယ်ရဲ့ တပည့်ရင်း အဆင့်အတန်းကို ရုတ်သိမ်းပြီး ပြင်းထန်တဲ့ အပြစ်ဒဏ်ပေးထားပြီးမှ အစ်မချင်းရွှယ်ကို တံခါးပိတ်ကျင့်ကြံနေပါတယ်လို့ ပြောနေတာ မရှက်ဘူးလား"

"ငါ ကူဖုန်းအာက တကယ်ပဲ အနိုင်ကျင့်လို့ လွယ်တယ်များမှတ်နေလား.. မြောက်ပိုင်းမင်နတ်ဂိုဏ်းနဲ့‌ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု တို့ကြားက ဆက်ဆံ‌ရေးကို ထောက်ထားပြီး အစ်မချင်းရွှယ်ကို အခုအချိန်မှာ ငါ့ဆီ လွှဲပေးမယ်ဆိုရင် အချိန်မီသေးတယ်နော်.. မဟုတ်ရင်တော့ ကူဖုန်းအာက ဆက်ဆံရေးကို မငဲ့ကွက်ဘူး ဆိုပြီး အပြစ်မတင်နဲ့”

ကူဖုန်းအာက ပိုင်မင်ယွဲ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

သူမ၏ လှပသော မျက်ဝန်းလေးတွင် သည်းမခံနိုင်တော့သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်နှင့် မုန့်ချင်းရွှယ် တို့သည် ဤကမ္ဘာလောကတွင် သူမနှင့် အနီးစပ်ဆုံး လူသားများ ဖြစ်ကြသည်။

ထိုနှစ်ဦး၏ ဆံခြည်မျှင် တစ်မျှင်ကို ထိပါးရဲသူသည် ကူဖုန်းအာ၏ ရန်သူပင် မဟုတ်ပါလော။

ပိုင်မင်ယွဲ့က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ကူဖုန်းအာ.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ မျက်နှာကို ထောက်ထားပြီး မင်းရဲ့ ရိုင်းစိုင်းမှုကို လျှော်ပေးလိုက်မယ်.. ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး ထပ်မပြောချင်တော့ဘူး.. တကယ်လို့နင်က မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင်တော့ ငါနင့်ကို အရင်ဆုံး ဖမ်းထားပြီးမှ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကို လာခေါ်ခိုင်းရလိမ့်မယ်”

“ညီမလေး.. သူတို့နဲ့ အချိန်ဖြုန်းမနေနဲ့တော့”

ထိုခဏဝယ် ကျန်းချန်သည် ကူဖုန်းအာ၏‌‌‌ ရှေ့သို့ တိုးထွက်လာခဲ့သည်။

သူက သတ်ဖြတ်လိုသော အကြည့်ဖြင့် ပိုင်မင်ယွဲ့နှင့် အခြားသူများကို ဝေ့ကြည့်လိုက်သည်။

သူ၏ အေးစက်စက် ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ဒီနေ့ ငါ မုန့်ချင်းရွှယ်ကို သေချာပေါက်တွေ့မယ်.. တကယ်လို့ မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက ငါ့ကို တားရဲတယ်ဆိုရင် ငါ မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို အမြစ်ကနေ လှန်ပစ်မယ်”

ကျန်းချန်၏ မောက်မာသောစကားကိုကြားလျှင် ပိုင်မင်ယွဲ့နှင့်အခြားသူများ၏ မျက်နှာအမူအရာသည် အလွန်ပင် သုန်မှုန်သွားခဲ့သည်။

“ဟေ့ကောင်.. ရိုင်းစိုင်းလှချည်လား ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက မင်းရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး.. သေဖို့သာ ပြင်ထားလိုက်တော့”

ပိုင်မင်ယွဲ့၏ အနောက်တွင် ရပ်နေသည့် လူငယ်နှစ်ဦးသည်ဒေါသထွက်သွားခဲ့ပြီး ရေခဲလှံတစ်စင်းကို တိုက်ရိုက်ပင် ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်၏ အမူအရာက အေးစက်သွားခဲ့ပြီး သူ၏ လက်တစ်ဖက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ထိုလူငယ်သည် အစအနပင် မကျန်ရှိတော့သည်အထိ တစစီ ဖြစ်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ပိုင်မင်ယွဲ့နှင့် အခြားသော မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ အဖွဲ့ဝင်များ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

အစောပိုင်းက တိုက်ခိုက်ခဲ့သော လူငယ်သည် ကြယ်သုံးပွင့်အရှင်သခင် တစ်ဦး ဖြစ်သည်။

ထိုလူငယ်က အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် မပါဝင်နိုင်ခဲ့သော်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ထိပ်တန်းလူငယ်ပါရမီရှင် ငါးဦးထဲတွင် တစ်ဦး အပါအဝင် ဖြစ်၏။

ထိုသို့သော သူမျိုးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဆိုလျှင် သူတို့ရှေ့မှ ကောင်လေးသည် အနည်းဆုံး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်နိုင်လောက်သည်။

“ကောင်လေး.. မင်းအတင့်ရဲလှချည်လား”

သူတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ကြယ်သုံးပွင့် ပါရမီရှင်လူငယ် တစ်ဦးကို ကျန်းချန် သတ်ပစ်လိုက်သည်ကို မြင်လျှင် ပိုင်မင်ယွဲ့၏ နံဘေးမှ နတ်ဘုရင်နှစ်ပါးသည် ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။

သူတို့နှစ်ဦးက ချက်ချင်းပင် ရှေ့ထွက်လာခဲ့ပြီး နတ်ဘုရင်အဆင့် စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ကြ၏။

ထိုအခိုက်အတန့်မှာပင် ပိုင်မင်ယွဲ့သည် ရုတ်တရက် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး အမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

“သတိထားကြ.. သူက..”

သို့သော်လည်း ပိုင်မင်ယွဲ့၏ စကားမဆုံးခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါများသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏအတွင် ရှေးဟောင်း ရွှေရောင်ဓား တစ်လက်သည် ကျန်းချန်၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဓားကွက်နှစ်ကွက်ကို ဇယ်ဆတ်သလို ထုတ်ဖော်လိုက်သည်။

“ဝုန်း..ဝုန်း..”

နတ်ဘုရင်နှစ်ပါးသည် ဘာမှပင် မတုံ့ပြန်နိုင်လိုက်ဘဲ ကျန်းချန်၏ ဓားအလင်းများ ထိမှန်က သွေးမြူများအဖြစ် ပြောင်းလဲသွားခဲ့သည်။

အောက်ဘက်ရှိ ကျယ်ပြောလှသော နှင်းဖုံးတောင်တန်းသည် အနီရောင် သွေးစက်များဖြင့် အလှဆင်ခြင်းကို ခံလိုက်ရ၏။

နတ်ဘုရင်နှစ်ပါး ကျဆုံးသွားပြီးနောက်မှသာ ပိုင်မင်ယွဲ့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမ၏ စကားကို အဆုံးသတ်နိုင်ခဲ့သည်။

“သူ.. သူက ကျန်းချန်ပဲ”

ကျန်းချန်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်တွင် အလယ်ပိုင်း‌ဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် လုံကျိုးဟန်ကို အနိုင်ယူနိုင်ခဲ့သော သတင်းသည် အလယ်ပိုင်းဒေသတွင် သိပ်မပျံ့နှံ့သေးပေ။

သို့သော်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရားမ တစ်ဦးအနေဖြင့် ပိုင်မင်ယွဲ့သည် ထိုသတင်းကို ကြားသိခဲ့ပြီးပြီဖြစ်၏။

ယမန်နေ့ကပင် ပိုင်မင်ရင်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ချက်ချင်းဆိုသလို ပြန်ရောက်လာခဲ့ပြီး အစည်းအဝေး ခေါ်ခဲ့သည်။

ပိုင်မင်ယွဲ့က ထိုအစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ပွဲတော်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိရှိထားခဲ့သည်။

ကူဖုန်းအာနှင့်အတူ မြောက်ပိုင်းမင်နတ်ဂိုဏ်းတို့ ရောက်ရှိလာသော လူငယ်သည် ကျန်းချန် ဖြစ်မည်ကို သူမ အစောကတည်းကပင် စဥ်းစားမိသင့်၏။

ဤလူသည် လုံကျိုးဟန် ကဲ့သို့ ထိပ်သီးပါရမီရှင် ဆယ်ဦးစာရင်းဝင်ကိုပင် အနိုင်ယူနိုင်စွမ်းရှိသော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျန်းချန်ကို တိုက်ခိုက်ခဲ့သော နတ်ဘုရင် နှစ်ပါးသည် နတ်ဘုရင် ပထမအဆင့်မျှသာ ရှိရာ ကျန်းချန်၏ ရှေ့တွင် ပုရွက်ဆိတ်နှင့် မည်ကဲ့သို့ ကွာခြားပါမည်နည်း။

“ရှင်က ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှာ လုံကျိုးဟန်ကို အနိုင်ယူခဲ့တဲ့ ကျန်းချန်ပေါ့”

ပိုင်မင်ယွဲ့က သူမ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှင်က အစွမ်းထက်တယ် ဆိုပေမဲ့လည်း ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက ဘယ်သူမဆို လာရောက် ရမ်းကားလို့ရတဲ့ ပျော့ညံ့ညံ့ နေရာတစ်ခု မဟုတ်ဘူး.. ရှင်က တကယ်ပဲ ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်တာလား”

အခန်း(၂၂၁၁)ပြီး၏။

အခန်း(၂၂၁၂)

“မင်းမှာရွေးချယ်စရာတစ်ခုပဲရှိတယ်.. အဲဒါက မုန့်ချင်းရွှယ်ကို ဘာထိခိုက်ဒဏ်ရာမှ မရှိဘဲ ငါ့ဆီ လက်လွှဲပေးဖို့ပဲ”

ကျန်းချန်က လူသတ်ငွေ့များ လွှမ်းခြုံနေသော မျက်ဝန်းများဖြင့် ပိုင်မင်ယွဲ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်အတွက် မုန့်ချင်းရွှယ်သည် အမြတ်တနိုး တန်းဖိုးထားရသော လူသားတစ်ယောက် ဖြစ်သည်။

“ဒီလိုမှ မဟုတ်ရင်တော့ ဒီနေ့ ငါ မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သတ်ဖြတ်ပစ်မယ်”

ယခု မုန့်ချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တပည့်အဖြစ်ကနေ ထုတ်ပယ်ခံရပြီး ပြစ်ဒဏ်ပေးခြင်း ခံနေရသည်ကို သိလိုက်ရလျှင် ကျန်းချန်အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ပိုင်မင်ယွဲ့၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းသွားခဲ့သည်။

မကြာသေးခင်က သူမသည် မုန့်ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ စည်းမျဥ်းများအား ချိုးဖောက်မိစေရန် တမင်တကာ အကွက်ချ၍ စီစဥ်ခဲ့သည်။

ထို့နောက်တွင် သူမ၏ ဖခင်ကို တိုက်တွန်းကာ မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲသို့ ပစ်ချစေခဲ့သည်။

ပိုင်မင်ချောက်နက် ဆိုသည်မှာ မြောက်ပိုင်းမင်နတ်ဂိုဏ်းရှိ သေမင်းတမန် နေရာတစ်ခု ဖြစ်သည်

ထိုနေရာ၏ ပတ်ဝန်းကျင်သည် အလွန်ပင် ကြမ်းတမ်းပြီး လျှို့ဝှက်ဆန်းကြယ်ကာ ထူးဆန်းသည်။

သာမန် နတ်ဘုရင်အဆင့်ကျင့်ကြံသူများပင်လျှင် ထိုနေရာသို့ မဆင်မခြင် မဝင်ရောက်ရဲပေ။

နတ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် အသက်ရှင်လျက် ပြန်လည်ထွက်လာနိုင်သူ အလွန်တရာ နည်းပါး၏။

မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲသို့ ပစ်ချခဲ့သည်မှာ လပေါင်းများစွာပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူမ အသက်ရှင်နေသေးသလား ဆိုသည်ကပင် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ရာ သူတို့အနေဖြင့် မုန့်ချင်းရွှယ်ကို အထိအခိုက်မရှိဘဲ မည်ကဲ့သို့ လွှဲပြောင်းပေးနိုင်ပါအံ့နည်း။

“ကျန်းချန်.. ရှင်သိပ်လွန်မလာနဲ့”

ပိုင်မင်ယွဲ့က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ရှင် ကျွန်မတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို သတ်ဖြတ်ချင်တယ်ဆိုရင် ရှင့်မှာအဲလို အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့”

မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် ရှေးခေတ်ကာလကတည်းပင် ဆင်းသက်လာခဲ့သော အင်အားစုကြီးတစ်ခု ဖြစ်သည်။

လက်ရှိ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အစွမ်းသည် အထွတ်အထိပ်ကာလ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိတော့သော်လည်း ဖျက်ဆီးချင်တိုင်း ဖျက်ဆီး၍ရသည့် နေရာမျိုးတော့ မဟုတ်ပေ။

“မင်းစကားအရမ်းများတာပဲ”

ကျန်းချန်၏ စကားဆုံးသည်နှင့် တောက်ပသော ဓားအလင်းတန်း တစ်ခုသည် လေထုကို ထိုးခွဲကာ အရာအားလုံးကို ချေမှုန်းနိုင်သော အရှိန်အဝါအား သယ်ဆောင်၍ ပိုင်မင်ယွဲ့ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုခဏတွင် ပိုင်မင်ယွဲ့သည် သူမဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသော ဓားအလင်း၏ အရှိန်အဝါကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍ မရတော့ဘဲ ဖြစ်သွားခဲ့သည်။

ထို့ကြောင့် သူမ အနေဖြင့် သူမဆီသို့ တဖြည်းဖြည်း ချဥ်းကပ်လာသော ဓားအလင်းကို ကြည့်နေရုံမျှအပ ဘာမှ မတတ်နိုင်တော့ပေ။

“အဖေ သမီးကိုကယ်ပါဦး”

ပိုင်မင်ယွဲ့က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

“ဝုန်း..”

ပိုင်မင်ယွဲ့ အော်ဟစ်လိုက်သည့် တစ်ခဏမှာပင် အားကောင်းသော နတ်လမ်းစဥ် စွမ်းအားတစ်ခုသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ကောင်းကင်ယံ ဆီသို့ ထိုးတက်လာခဲ့သည်။

ထိုအားကောင်းသော လမ်းစဥ်နတ်စွမ်းအားသည် အေးစက်စက် ရေခဲဓားရှည်တစ်လက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာလောကကိုပင် အေးခဲစေနိုင်သော စွမ်းအားကို သယ်ဆောင်၍ ကျန်းချန်၏ ဓားအလင်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ရေခဲဓားရှည်က ကျန်းချန်၏ ဓားအလင်းကို ချေမှုန်းပစ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ စိတ်ဝိညာဥ်ကမ္ဘာထဲသို့ အတင်းပင် ကျူးကျော် ဝင်ရောက်ကာ တိုက်ခိုက်လိုက်သည်။

အဆုံးမဲ့ ဝိညာဥ်ကမ္ဘာကြီးတစ်ခုထဲတွင် ကျန်းချန်၏ ဝိညာဥ်သည် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူက ဝိညာဥ်ကမ္ဘာထဲသို့ ချိုးဖောက်ဝင်ရောက်လာသော ရေခဲဓားရှည်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ထိုရေခဲဓားရှည်ကို အစအနပင် မကျန်သည်အထိ ချေမှုန်းပစ်လိုက်သည်။

ကျန်းချန်က ရေခဲဓားရှည်ကို ချေမှုန်းပစ်လိုက်သည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အတွင်းဘက်ကနေ ညည်းညူသံ သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ဆံပင်များဖြူဖွေးနေသော အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အ မျိုးသားတစ်ဦးသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

ထိုသူမှာ တခြားသူ မဟုတ်ဘဲ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သည့် ပိုင်မင်ဟန်ပင် ဖြစ်သည်။

ယခုအခါတွင် ပိုင်မင်ဟန်၏ မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစများ စိုစွတ်နေခဲ့၏။

သူက ကျန်းချန်ကို မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အကြည့်ဖြင့် ကြည့်နေခဲ့၏။

မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ပိုင်မင်ဟန်၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အစောပိုင်းက သူ၏ တိုက်ကွက်သည် နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူများကိုပင် အခက်တွေ့စေလောက်သော တိုက်ကွက်ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ လူငယ်ကမူ အသာအယာပင် ချေမှုန်းပစ်လိုက်ရုံသာမက သူ၏ စိတ်ဝိညာဥ်ကိုပင် ဒဏ်ရာရစေခဲ့သည်။

“မင်းက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. မင်းက ကောင်းကင်အရှင် အဆင့်နဲ့တင် အလယ်ပိုင်းဒေသရဲ့ထိပ်သီးပါရမီရှင် ဆယ်ဦးစာရင်းဝင် လုံကျိုးဟန်ကို အနိုင်ရခဲ့တာ မဆန်းတော့ဘူး”

ပိုင်မင်ဟန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်ပြီး ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ယမန်နေ့က ပိုင်မင်ရင် ပြန်ရောက်လာစဥ်တွင် ထိုကောင်လေးက မည်မျှအထိ အစွမ်းထက်ကြောင်း ပြောပြခဲ့‌သော်လည်း ပိုင်မင်ဟန်သည် ဤအချိန်မှသာ ထိုကောင်လေးကို လျှော့တွက်မိခဲ့ကြောင်း သိလိုက်ရသည်။

“ခင်ဗျားက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်မင်ဟန်လား”

ကျန်းချန်က ပိုင်မင်ဟန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မုန့်ချင်းရွှယ် ဘယ်မှာလဲ.. မုန့်ချင်းရွှယ်ကို ငါ့ဆီ အမြန်ဆုံးလွှဲပေးစမ်း”

“မုန့်ချင်းရွှယ်က ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တဲ့ အတွက် အခု ပြစ်ဒဏ်ခံယူနေရတယ်.. ဘယ်သူမှ သူမကို တွေ့ခွင့်မရှိဘူး”

ပိုင်မင်ဟန်က အေးစက်စက် ပြောလိုက်သည်။

မုန့်ချင်းရွှယ်ကို သူကိုယ်တိုင်ပင် ပိုင်မင်ချောက်နက်ထဲသို့ ပစ်ချခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအခါတွင် မုန့်ချင်းရွှယ် အသက်ရှင်၊မရှင်နှင့်ပတ်သက်၍ပင် မသေမချာ ဖြစ်နေခဲ့ရာ သူက မုန့်ချင်းရွှယ်ကို မည်ကဲ့သို့ လွှဲပေးနိုင်ပါအံ့နည်း။

ထို့အပြင် ကျန်းချန်သည် ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တံခါးဝတွင် ဂိုဏ်းသားအချို့ကို သတ်ဖြတ်ထားခဲ့သည်။

အကယ်၍ သူသာ ဤအခြေအနေတွင် အလျှော့ပေးလိုက်လျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂုဏ်သိက္ခာသည် မြောင်းထဲရောက်သွားလိမ့်မည် မဟုတ်ပါလော။

“ဂိုဏ်းချုပ်ပိုင်.. ကျွန်မ တကယ်သိချင်မိတယ်.. အစ်မချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ ဘယ်လိုအမှားမျိုး ကျူးလွန်ခဲ့လို့လဲ.. ကျွန်မဆရာက အစ်မချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီ ပို့ချိန်မှာ အစ်မချင်းရွှယ်ကို ဘယ်လိုနစ်နာမှုမျိုးမှ မရှိစေရဘူးလို့ ရှင်တို့ရဲ့ ဘိုးဘေး ကိုယ်တိုင်က ကျွန်မဆရာကို ကတိပေးခဲ့တယ်”

ကူဖုန်းအာ၏ လှပသော မျက်နှာလေးက ရုတ်တရက်‌ အေးစက်သွားခဲ့သည်။

“ဘိုးဘေးကျိရင် ဘယ်မှာလဲ.. ဒီကိစ္စကို ဘိုးဘေးကျိရင်နဲ့ပဲ ရှင်းမယ်”

ကူဖုန်းအာသည် မုန့်ချင်းရွှယ်၏ စိတ်နေစိတ်ထားကို ကောင်းစွာသိရှိထားခဲ့သည်။

ထို့ကြောင့် မုန့်ချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ စည်းမျဥ်းများကို အလွယ်တကူ ချိုးဖောက်လိမ့်မည်ဟု သူမ လုံးဝ မယုံကြည်ပေ။

ဤကိစ္စသည် မရိုးရှင်းလှသည်မှာ သေချာသလောက်ပင်။

“ဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေတဲ့အတွက် ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး”

ပိုင်မင်ဟန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကူဖုန်းအာ.. မုန့်ချင်းရွှယ်က ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက တပည့် ဖြစ်တဲ့အတွက် မုန့်ချင်းရွှယ်ကို အပြစ်ပေးတာက ငါတို့ ဂိုဏ်းရဲ့ကိစ္စပဲ”

“ဒါဆိုရင်လည်း ငါအခုပဲ ကြေညာလိုက်မယ်.. အခုအချိန်ကစပြီး မုန့်ချင်းရွှယ်က မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တပည့် မဟုတ်တော့ဘူး”

ကျန်းချန်က သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်ဖော်ကာ ပြောလိုက်သည်။

“ပိုင်မင်ဟန်.. မင်း ငါ့ရဲ့သည်းခံနိုင်စွမ်းကို လာပြီး မစမ်းသပ်နဲ့.. ဒီနေ့ ငါ မုန့်ချင်းရွှယ်ကို ဘေးကင်းကင်းနဲ့ မတွေ့ရဘူးဆိုရင် မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို နတ်ကုန်းမြေတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

“မင်းတစ်ယောက်တည်းနဲ့လား”

ပိုင်မင်ဟန်က မထီမဲ့မြင် ပြုံးလိုက်သည်။

“ကျန်းချန်.. မင်းရဲ့ပါရမီက တကယ်ကို အနှိုင်းမဲ့ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါ့ရဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ဖျက်ဆီးဖို့ကတော့ အလှမ်း ဝေးလွန်းနေပါသေးတယ်”

မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် ရှေးခေတ်ကာလကတည်းကပင် ဆင်းသက်လာသော အင်အားစုကြီး ဖြစ်ရာ နောက်ခံအင်အားသည် အလွန်ပင် နက်ရှိုင်းလှသည်။

သို့သော်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်းနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် အမြဲတစေ ဆက်ဆံရေး ကောင်းမွန်ခဲ့ကြသည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ ထိပ်သီး အင်အားစုများကလွဲလျှင် မည်သူကမျှ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးဝံ့မည် မဟုတ်ပေ။

မုန့်ချင်းရွှယ် အတွက်ကြောင့်ဖြင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းနှင့် ရန်သူ အဖြစ်ရွေးချယ်လိမ့်မည်ဟု ပိုင်မင်ဟန် မယုံကြည်ခဲ့ပေ။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသာ ဝင်မပါသရွေ့ ကျန်းချန်နှင့် နတ်ဘုရားမ ကူဖုန်းအာ တို့သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မည်ကဲ့သို့ တတ်နိုင်ပါအံ့နည်း။

“သွားသေလိုက်တော့”

“ဝုန်း.. ဝုန်း.. ဝုန်း..”

ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ ရှေးဟောင်းရွှေရောင်ဓားကို အသုံးပြုကာ ပိုင်မင်ဟန် ဆီသို့ ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်။

ပိုင်မင်ဟန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများကို အထွတ်အထိပ် အဆင့်အထိ မြှင့်တင်ကာ ကျန်းချန်၏ ဓားကွက်ကို ပြန်လည် ရင်ဆိုင်လိုက်၏။

နှစ်ဦးသား အပြန်အလှန် တိုက်ခိုက်နေကြရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားကွက် ဆယ်ကွက်ထက်မနည်း တိုက်ခိုက်ခဲ့ကြသည်။

ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်မုန်တိုင်းများသည် ကမ္ဘာလောကကြီးကို လွှမ်းခြုံသွားခဲ့ပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အထက် ကောင်းကင်ယံ တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

“ကျန်းချန်.. မင်းက ကောင်းကင်အရှင်အဆင့်နဲ့တင် နတ်ဘုရင်ပဉ္စမအဆင့်နဲ့ ယှဥ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိတယ်ဆိုတော့ ဘယ်ဆိုးလို့လဲ”

ပိုင်မင်ဟန်က ကျန်းချန်ကို လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် နောက်သို့ ဆုတ်သွားစေပြီးနောက်တွင် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“တကယ်လို့ မင်းသာ နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးပြီဆိုရင် ငါ မင်းကို အနည်းငယ် ကြောက်မိကောင်း ကြောက်မိလိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းက ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို လာရောက် ရမ်းကားဖို့အတွက် အရည်အချင်း မပြည့်မီသေးဘူး”

“သေချာလို့လား”

ကျန်းချန်က ပိုင်မင်ဟန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထိုခဏဝယ် သူ၏ လက်ဖဝါးကနေ မဟာနဂါးကျောက်တိုင်သည် လေထုထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၂၁၂)ပြီး၏။

All Chapters