← Chapters

အခန်း (၂၂၁၃-၂၂၁၄)

Vol. 162 Ch. 2213-2214

အခန်း (၂၂၁၃-၂၂၁၄)

Vol. 162 Ch. 2213-2214

အခန်း(၂၂၁၃)

မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်မင်ဟန်သည် နတ်ဘုရင်ပဉ္စမအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ကျန်းချန်က ကောင်းကင်အရှင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် အင်မော်တယ်ကိုယ်ခံပညာရပ် ဖြစ်သော အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကိုပါ တတ်မြောက်ထားခဲ့ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

နတ်ဘုရင် ပဉ္စမအဆင့်ကျင့်ကြံသူနှင့် ထိပ်တိုက် ရင်ဆိုင်ရလျှင်ပင် ကျန်းချန်သည် အရေးနိမ့်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း နတ်ဘုရင် ပဉ္စမအဆင့်ကျင့်ကြံသူကို အပြတ်အသတ် အနိုင်ယူရန်မှာပင် မလွယ်ကူ‌ချေ။

သူ့အနေဖြင့် အစွမ်းကုန် အားထုတ်ကာ ရှေးဟောင်းရွှေရောင်ဓားနှင့် နတ်ခန္ဓာပုံရိပ်ကို ပေါင်းစပ်၍ တိုက်ခိုက်ခြင်း သို့မဟုတ် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အသုံးပြုခြင်းမှ လွဲလျှင် အခြားသော နည်းလမ်းမရှိပေ။

သို့သော်လည်း ဤအချိန်တွင် ကျန်းချန်သည် ပိုင်မင်ဟန်ကို ခွန်အား အကုန်အစင်သုံးကာ တိုက်ခိုက်ရန် မရွေးချယ်နိုင်ပေ။

ထို့ကြောင့်ပင် ကျန်းချန်သည် သန္ဓေတာအိုနတ်လက်နက်ဖြင့်ပင် နှိုင်းယှဥ်နိုင်သော မဟာနဂါးကျောက်တိုင်ဖြင့် ပိုင်မင်ဟန်ကို သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

“မဟာနဂါးကျောက်တိုင် ဖိနှိပ်စမ်း”

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ မဟာနဂါးကျောက်တိုင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး လေထုထဲတွင် ပေတစ်သောင်း အမြင့်ရှိသော နတ်ဘုရား ကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် ကောင်းကင်ကိုပင် ချေမှုန်းနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားများ သယ်ဆောင်ကာ အရှိန်အဟုန်ဖြင့် ပိုင်မင်ဟန်ဆီ ကျဆင်းလာခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ပိုင်မင်ဟန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏ အစွမ်းဖြင့်ပင် သူ့ထံသို့ သက်ဆင်းလာသော မဟာနဂါးကျောက်တိုင်ထံကနေ အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားမိလိုက်သည်။

သို့သော်လည်း ပိုင်မင်ဟန်သည် နောက်ဆုတ်၍မရတော့ကြောင်း သိနေခဲ့၏။

သူ နောက်ဆုတ်လိုက်သည်နှင့် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးသည် ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများကို ခံစားရလိမ့်မည် မဟုတ်ပါလော။

“နတ်ဘုရင်လမ်းစဥ်.. အရာအားလုံးကို ချေမှုန်းပစ်လိုက်စမ်း”

ပိုင်မင်ဟန်က လည်ချောင်းကို အသားကုန်ခြစ်၍ ကြုံးဝါးလိုက်သည်။

သူ၏ ကျောဘက်တွင် ကြည်လင်တောက်ပသော ရေခဲလမ်းစဥ် ထွက်ပေါ်လာခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသည့် ပေတစ်သောင်း အမြင့်ရှိ နတ်ဘုရားကျောက်တိုင်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

“ဝုန်း..”

တုန်လှုပ်ဖွယ်ကောင်းသော ရိုက်ခတ်မှုအသံသည် မိုင်ပေါင်းထောင်ချီအထိ ပဲ့တင်ထပ်သွားခဲ့ပြီး ကြောက်မက်ဖွယ်အဖျက်စွမ်းအင်မုန်တိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ လွင့်ပျံသွားခဲ့သည်။

ကမ္ဘာတစ်ခုလုံးက ပရမ်းပတာဖြစ်သွားခဲ့ပြီး နေနှင့်လတို့ပင် မှောင်မိုက်ကာ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်လာသကဲ့သို့ပင် ဖြစ်နေခဲ့သည်။

အောက်ဘက်ရှိ လူတိုင်းသည် ကောင်းကင်ယံမှ တိုက်ပွဲကို ထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

ပိုင်မင်ဟန် ထုတ်ဖော်လိုက်သော နတ်ဘုရင်လမ်းစဥ်သည် ပေတစ်သောင်း အမြင့်ရှိ နတ်ဘုရားကျောက်တိုင်၏ ရှေ့တွင် တစ်စက်ကလေးမှ ခံနိုင်ရည်မရှိခဲ့ဘဲ အမှုန့် ဖြစ်သည်အထိ ချေမှုန်းခံလိုက်ရသည်ကို သူတို့ မြင်လိုက်ရသည်။

“မကောင်းတော့ဘူး”

နတ်ဘုရားကျောက်တိုင်သည် ပိုင်မင်ဟန်၏ နတ်ဘုရင်လမ်းစဥ်ကို ချေမှုန်းပြီးနောက်တွင် ပိုမို ပြင်းထန်သော စွမ်းအားကို သယ်ဆောင်ကာ ပိုင်မင်ဟန် ဆီသို့ သက်ရောက်လာခဲ့သည်။

ပိုင်မင်ဟန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်ကာ နတ်ဘုရင်အဆင့်၏ စွမ်းအားများကို ထုတ်ဖော်၍ သူ့ထံသို့ သက်ရောက်လာသည့် နတ်ဘုရားကျောက်တိုင်ကြီး ဆီသို့ ပစ်လွှတ်လိုက်သည်။

သို့သော်လည်း မဟာနဂါးကျောက်တိုင်သည် သန္ဓေတာအိုနတ်လက်နက်များထက်ပင် မနိမ့်ကျသည့် ပြိုင်ဘက်ကင်းနတ်လက်နက်တစ်ခု ဖြစ်သည်။

ဆိုရလျှင် သူတော်စင်နဂါးဘုရင်သည် နတ်ဘုရင် စတုတ္ထအဆင့်ဖြင့်ပင် ဤမဟာနဂါးကျောက်တိုင်၏ အကူအညီဖြင့် နတ်ဘုရင် သတ္တမအဆင့်ကိုပင် ယှဥ်နိုင်ခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေး၍ မဟာနဂါးကျောက်တိုင်၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးပေ။

သို့သော်လည်း နတ်ဘုရင် ပဉ္စမအဆင့်သာ ရှိသည့် ပိုင်မင်ဟန်ကို နှိမ်နင်းရန် အတွက်မူ အလွန်ပင် လွယ်ကူလှ၏။

ပိုင်မင်ဟန် ပစ်လွှတ်လိုက်သော စွမ်းအားများသည် မဟာနဂါးကျောက်တိုင်ကို မည်သည့် ထိခိုက်မှုမှ မရရှိစေခဲ့ပေ။

ဤသို့ဖြင့်ပင် မဟာနဂါး ကျောက်တိုင်သည် ပိုင်မင်ဟန် အနီးသို့ တဖြည်းဖြည်း ချဥ်းကပ်လာခဲ့ပြီး ပိုင်မင်ဟန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

“ဝုန်း..”

ပိုင်မင်ဟန်သည် နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းကနေ ဆက်ခံထားသော အကာအကွယ် ရတနာဝတ်စုံ ရှိသည်။

သို့သော်လည်း မဟာနဂါးကျောက်တိုင်၏ ရိုက်ခတ်မှုအောက်တွင် ထိုအကာအကွယ် ရတနာဝတ်စုံနှင့် ပိုင်မင်ဟန်၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြီး ရွှေရောင်အရိုးနှင့် သွေးစက်များ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံကနေ ကျဆင်းသွားခဲ့သည်။

​ပိုင်မင်ဟန်၏ ဝိညာဥ်က ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး နေရာလွတ် ကျောက်စိမ်းပြားတစ်ခုကို အလျင်အမြန် ရိုက်ခွဲကာ မိုင်ပေါင်းထောင်ချီ အကွာအဝေးသို့ ချက်ချင်းဆိုသလို ထွက်ပြေးခဲ့၍ ဖျက်ဆီးခံရမည့် ဘေးကနေ လွတ်မြောက်သွားခဲ့သည်။

“ဂိုဏ်းချုပ် ရှုံးသွားပြီလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ပိုင်မင်ဟန်၏ အခြေအနေကို မြင်လိုက်ရလျှင် အောက်ဘက်ရှိ မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ လူအများအပြားသည် မိခင်ဆုံးရှုံးသွားသော သမီးပျိုများ ကဲ့သို့ မျက်နှာများ ဖြူဖျော့သွားကြသည်။

ကျန်းချန် ထုတ်ဖော်လိုက်သော နတ်ဘုရားကျောက်တိုင်သည် ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးထားခဲ့ကြပေ။

ပိုင်မင်ဟန် ကဲ့သို့ နတ်ဘုရင် ပဉ္စမအဆင့်သည် နတ်ဘုရားကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် မည်သည့်ခုခံမှုမှ မပြုလုပ်နိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ အကြီးအကဲများ၏ မျက်နှာထက်၌ အလွန်အမင်း တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

ယမန်နေ့က ပိုင်မင်ရင်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ အလျင်အမြန် ပြန်ရောက်လာခဲ့ပြီး ကျန်းချန် မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ကို ပြောပြခဲ့သော်လည်း သူတို့ ဂရုမစိုက်ခဲ့ကြပေ။

ဤအချိန်တွင် ကျန်းချန်သည် သူတို့ ထင်ထားသည်ထက်ပင် များစွာ ပို၍ ကြောက်မက်ဖွယ်ရာကောင်းကြောင်း အထိတ်တလန့် သိရှိခဲ့ရသည်။

ယခုအခါ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးသည် ဂိုဏ်းတွင် မရှိ၍ နတ်ဘုရင် ပဉ္စမအဆင့် ဖြစ်သည့် ပိုင်မင်ဟန်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်သည်။

ပိုင်မင်ဟန်ပင်လျှင် အလွယ်တကူ အနိုင်ယူခံလိုက်ရသည် ဖြစ်ရာ သူတို့အနေဖြင့် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

“ကျန်းချန်.. မင်းက တကယ်ပဲ ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ရန်သူဖြစ်ချင်တာလား”

ကောင်းကင်ယံတွင် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာရပ်နေသာ ကျန်းချန်ကို ကြည့်ကာ ပိုင်မင်ဟန်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

“တကယ်လို့ မင်းသာ ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ထိပါးရဲမယ်ဆိုရင် ဘိုးဘေး ပြန်ရောက်လာတာနဲ့ မင်းအတွက် မြေမြှုပ်စရာ နေရာတောင် ရှိမှာမဟုတ်ဘူး”

“အခုမှပဲ မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေး ရှိမနေတာ သိရတော့တယ်.. ဒါကြောင့် မင်းတို့တွေက ချင်းရွှယ်ကို အနိုင်ကျင့်ရဲတာကိုး”

ကျန်းချန်၏ အကြည့်က အလွန်တရာပင် အေးစက်နေခဲ့သည်။

ယခု ကြည့်ရသည်မှာ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ရှိမနေပုံ ရ၏။

ဤသည်ကပင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ လူယုတ်မာများကို မုန့်ချင်းရွှယ်အား အနိုင်ကျင့်ရန် အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

မုန့်ချင်းရွှယ်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ နတ်ဘုရင် သတ္တမအဆင့်ဘိုးဘေး၏ မျက်စိကျခြင်းကို ခံရပါလျက်ဖြင့် အဘယ်ကြောင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် အပြစ်ပေးခံနေရသည်ကို သူတွေးတောနေခဲ့သည်။

မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေး တစ်ဦးတည်းသာလျှင် ကျန်းချန်ကို အမှန်တကယ် စိုးရိမ်စေသူ ဖြစ်သည်။

ယခု ထိုသူက မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ရှိမနေသည် ဖြစ်ရာ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို သူ့အနေဖြင့် အဘယ်ကြောင့် ကြောက်စရာ ရှိပါအံ့နည်း။

သူက ပိုင်မင်ဟန်ကို တည်ငြိမ်စွာ ငုံ့ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

“ပိုင်မင်ဟန်.. ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်.. မင်းအခု မုန့်ချင်းရွှယ်ကို ငါ့ဆီ လွှဲပေးမယ်ဆိုရင် အချိန်မီသေးတယ်.. ဒီလိုမှမဟုတ်ရင်တော့ ဒီနေ့ကစပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်းက ရှိတော့မှာမဟုတ်ဘူး”

ထိုစကားကို ကြားလျှင် ပိုင်မင်ဟန်၏ မျက်နှာအမူအရာသည် အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။

သူ၏ မျက်ဝန်းများတွင် ရက်စက်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“ကျန်းချန်.. ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက ရှေး‌ခေတ်ကာလကတည်းကနေ ဆင်းသက်လာခဲ့တဲ့ အင်အားစုကြီးပဲ.. မင်းလို မလောက်လေး မလောက်စားကောင်လေး တစ်ယောက်ကို ဘာလို့ ကြောက်နေရမှာလဲ”

“ပိုင်မင်ဟန်.. မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး စကားဆုံးသည်နှင့် ပေတစ်သောင်း အမြင့်ရှိ မဟာနဂါးကျောက်တိုင်ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်ကာ ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ပိုင်မင်ဟန်ကို တိုက်ခိုက်လိုက်သည်။

“မိုက်မဲတဲ့ မြေးတပည့် ပိုင်မင်ဟန်က ဘိုးဘေးတွေကို ပင့်ဖိတ်ပါတယ်”

ကျန်းချန်က မဟာနဂါးကျောက်တိုင်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်အား မြင်လျှင် ပိုင်မင်ဟန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး နှုတ်ကနေ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပိုင်မင်ဟန်၏ စကားဆုံးသည်နှင့် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေ အလယ်ဗဟိုရှိ ဝင့်ကြွားစွာ ရပ်နေသော ကျောက်ရုပ်ထုသည် ရုတ်တရက် အက်ကွဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး၏ ပုံရိပ်ယောင်သည် ကျောက်ရုပ်ထုထဲကနေ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

ထိုအဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက လေထုကို ထိုးခွင်းလာသော မဟာနဂါးကျောက်တိုင်ကို တိုက်ရိုက်ပင် စူးစိုက်ကြည့်လိုက်သည်။

ထို့နောက် သူ၏ အေးစက်စက် မျက်ဝန်းများကနေ အလွန်တရာ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသည့် ကောင်းကင်ယံတစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် အေးခဲသွားစေခဲ့သည်။

ပိုင်မင်ဟန်ကို သတ်ဖြတ်ရန် ကျဆင်းလာသော မဟာနဂါးကျောက်တိုင်သည် နေရာမှာပင် ချက်ချင်းဆိုသလို အေးခဲသွားခဲ့၏။

ယင်းနောက်တွင် အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး မဟာနဂါးကျောက်တိုင်သည် ပေတစ်သောင်း အကွာအဝေးအထိ လွင့်ထွက်သွားခဲ့သည်။

ကျန်းချန်သည်လည်း အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏ စွမ်းအား သက်ရောက်မှုကို ခံလိုက်ရပြီး ပေပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

အခန်း(၂၂၁၃)ပြီး၏။

အခန်း(၂၂၁၄)

“အစ်ကိုကျန်းချန် သတိထားပါ.. ဒါက မြောက်ပိုင်းမင်နတ်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးပိုင်မင်ပဲ”

ဤရုတ်တရက်ဖြစ်ရပ်ကြောင့် အောက်ဘက်ကနေ ကြည့်ရှုနေသော ကူဖုန်းအာ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

သူမက ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ နံဘေးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

“မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တည်ထောင်သူလား”

သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် ပိုမို၍ လေးနက်သွားခဲ့၏။

ကျန်းချန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည့် ပုံရိပ်ယောင်ကို စူးစိုက်ကြည့်လိုက်သည်။

သူ့ရှေ့ရှိ အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုသည် ဘိုးဘေးပိုင်မင်၏ ကျန်ရှိနေသော စွမ်းအင်ကိုယ်ပွား တစ်ခု မျှသာ ဖြစ်သည်။

သို့သော်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် ရှေးခေတ်ကာလကတည်းကပင် ဆင်းသက်လာခြင်း ဖြစ်၍ ဘိုးဘေးပိုင်မင်သည် ရှေးခေတ်ကာလက ပေါ်ပေါက်ခဲ့သည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဤသည်က စွမ်းအင်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း စွမ်းရည်ကမူ အလွန်တရာပင် ကြီးမားလှ၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ရှေးခေတ်ကာလကနေ အမွေဆက်ခံလာခဲ့သော မြောက်ပိုင်းမင်နတ်ဂိုဏ်း ကဲ့သို့ ရှေးဟောင်းဂိုဏ်းကြီးများသည် ကိုင်တွယ်ရန် မလွယ်ကူလှသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

“ငါအဘိုးကြီး တည်ထောင်ခဲ့တဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက ဒီလောက်အထိ ဆုတ်ယုတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဘိုးဘေးပိုင်မင်က ကျန်းချန်၏ တိုက်ခိုက်မှုကို အသာအယာဖြိုခွင်းလိုက်ပြီးနောက်တွင် သက်ပြင်းတစ်ချက်ချကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မကြာမီမှာပင် ဘိုးဘေးပိုင်မင်က ပိုင်မင်ဟန် ဆီသို့ အကြည့်လွှဲလိုက်ကာ အနည်းငယ် စိတ်ပျက်သော လေသံဖြင့် ပြောလိုက်၏။

“မင်းက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်လား.. နတ်ဘုရင် ပဉ္စမအဆင့်က မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် ဖြစ်နိုင်နေပြီလား”

“မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ၇၉ယောက်မြောက် ဂိုဏ်းချုပ် ပိုင်မင်ဟန်က ဘိုးဘေးကို ဂါဝရပြုပါတယ်”

ပိုင်မင်ဟန်၏ မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“မြေးတပည့်က အရည်အချင်း မရှိတဲ့အတွက် ဘိုးဘေးကို အနှောင့်အယှက် ပေးမိပါပြီ”

ဘိုးဘေးပိုင်မင်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ မျက်နှာချင်းဆိုင်ရှိ ကျန်းချန်တို့ နှစ်ဦးကို အကဲခတ်ကြည့်လိုက်သည်။

ထိုခဏဝယ် ဘိုးဘေးပိုင်မင်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့ရှိ လူနှစ်ဦးသည် ပြိုင်ဘက်ကင်း သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြပြီး ထိုအထဲမှ တစ်ဦးသည် နတ်ကုန်းမြေတိုက်၏ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

နောက်တစ်ယောက်ကမူ ‌ကောင်းကင်အရှင် အဆင့်ဖြင့်ပင် နတ်ဘုရင် ပဉ္စမအဆင့်ကို အနိုင်ယူနိုင်စွမ်းရှိသော လူငယ်လေး တစ်ယောက် ဖြစ်၏။

ထိုလူငယ်လေးသည် နတ်ဘုရားကျောက်တိုင်၏ စွမ်းအားကို အသုံးချခဲ့ခြင်း ဖြစ်သော်လည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လွန်းပြီး ကြယ်သုံးပွင့် အဆင့်၏ ကန့်သတ်ချက်ကိုပင် ကျော်လွန်နေနိုင်ခြေ ရှိသည်။

ဆိုရလျှင် ပါရမီရှင် အများအပြား ပေါ်ပေါက်ခဲ့သည့် ရှေးခေတ်ကာလမှာပင် ထိုနှစ်ဦးနှင့် ယှဥ်ပြိုင်နိုင်သော ပါရမီရှင်များသည် လက်ချိုးရေတွက်၍ပင် ရလောက်၏။

“မင်းတို့နှစ်ယောက်က ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက အဖွဲ့ဝင်တွေဖြစ်မယ်ထင်တယ်.. ဘာကြောင့် ငါ့ရဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို လာတိုက်ခိုက်ရတာလဲ”

ကျန်းချန်ကို အကဲခတ်ကာ ဘိုးဘေးပိုင်မင်၏ မျက်ဝန်းထဲတွင် နားမလည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဇာစ်မြစ်ကို သူ မခန့်မှန်းနိုင်သော်လည်း ထိုလူငယ်၏ နံဘေးမှ အမျိုးသမီးထံတွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် ကျင့်စဥ် အရှိန်အဝါများ ရှိနေခဲ့သည်။

ယင်းအတွက်ကြောင့် ထိုနှစ်ဦးသည် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှ ဖြစ်နိုင်ခြေ အလွန်များ၏။

သူ အသက်ရှင်စဥ်အခါက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦးနှင့် ညီရင်းအစ်ကို သဖွယ် ရင်းနှီးခဲ့သောကြောင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းနှင့် ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတို့ကြားရှိ ဆက်ဆံရေးသည် အလွန်တရာပင် ခင်မင်ရင်းနှီးခဲ့ကြသည်။

ကျိုးကြောင်းဆီလျော်စွာ ဆိုရလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

သို့ဆိုလျှင် ထိုနှစ်ဦးသည် အဘယ်ကြောင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းကို လာရောက် တိုက်ခိုက်ရပါသနည်း။

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ကျွန်တော်တို့ ဘာလို့ တိုက်ခိုက်ရသလဲဆိုတာ စီနီယာအနေနဲ့ စီနီယာရဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက လူတွေကိုပဲ မေးကြည့်သင့်တယ်”

ထိုစကားကိုကြားလျှင် ဘိုးဘေးပိုင်မင်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပိုင်မင်ဟန်ကို ကြည့်လိုက်သည်။

“ငါ့ကို ရှင်းပြစမ်း”

ပိုင်မင်ဟန်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး တရိုတသေဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။

“ဘိုးဘေး.. ဒီကိစ္စက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တပည့် တစ်ယောက်ကြောင့် ဖြစ်ရတာပါ”

ထို့နောက်တွင် ပိုင်မင်ဟန်သည် မုန့်ချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ စည်းမျဥ်းကို မည်ကဲ့သို့ ချိုးဖောက်ခဲ့ကြောင်း အကျဥ်းချုံး ရှင်းပြလိုက်သည်။

သို့‌သော်လည်း သမီးဖြစ်သူ ပိုင်မင်ယွဲ့က မုန့်ချင်းရွှယ်ကို လျှို့ဝှက်စွာ အကွက်ချ၍ စီစဥ်ခဲ့သည်ကိုမူ ပိုင်မင်ဟန်သည် ဖုံးကွယ်ထားခဲ့၏။

ပိုင်မင်ဟန်က ရှင်းပြပြီးနောက်တွင် ဘိုးဘေးပိုင်မင်ကို ကြည့်ကာပြောလိုက်သည်။

“ဘိုးဘေး.. မြေးတပည့်က မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းအတိုင်း တပည့်ကို ကိုင်တွယ်ခဲ့တာပါ.. ဘာများမှားသွားလို့လဲ”

ထိုစကားကိုကြားလျှင် ဘိုးဘေးပိုင်မင်သည် ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

“ပိုင်မင်ဟန်ရဲ့ စကားနဲ့ ပတ်သက်ပြီး မင်းတို့မှာ ဘာပြောစရာရှိသေးလဲ”

“ဂိုဏ်းချုပ်ပိုင်.. အစ်မချင်းရွှယ်ရဲ့ စိတ်ဓာတ်ကို ကျွန်မကောင်းကောင်းသိတယ်.. သူက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို အလွယ်တကူ ချိုးဖောက်မဲ့သူမျိုး မဟုတ်ဘူး.. ဂိုဏ်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာ ဂိုဏ်းချုပ်ပိုင်အသိဆုံး ဖြစ်မှာပါ”

ကူဖုန်းအာက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ဘိုးဘေးပိုင်မင်ကို စူးစိုက်ကြည့်လိုက်သည်။

“ဒါဆိုရင် ဒီကိစ္စကို ထပ်မပြောတော့ဘူး.. မြောက်ပိုင်းမင်နတ်ဂိုဏ်းနဲ့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကြားက မျိုးဆက်ပေါင်းများစွာ ခင်မင်မှုကို ထောက်ထားပြီး အစ်မ ချင်းရွှယ်ကို လွှဲပေးပါ”

ဘိုးဘေးပိုင်မင်က တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ထို့နောက်တွင် သူက ပိုင်မင်ဟန်ကို ကြည့်ကာ‌ ပြောလိုက်သည်။

“သူတို့ပြောတဲ့ ကလေးမကို သူတို့ဆီ လွှဲပေးလိုက်ပါ”

သူ၏‌ရှေ့ရှိ အမျိုးသမီးသည် အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ် ဖြစ်သည့် ကောင်းကင်ဖီးနစ်နတ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ပြီး ကောင်းကင်ဖီးနစ် ကျင့်စဥ်ကိုလည်း ကျင့်ကြံထားသည်။

သို့ဖြစ်ရာ သူမသည် ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အဆင့်အတန်း အလွန်တရာ မြင့်မားသူ ဖြစ်နိုင်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ လက်ရှိ နတ်ဘုရားမပင် ဖြစ်နိုင်ခြေ အလွန်များ၏။

ဆိုရလျှင် ဂိုဏ်းထဲမှ တပည့်တစ်ယောက် အတွက်ဖြင့် ‌ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမကို ရန်စခြင်းသည် အလွန်ပင်မိုက်မဲသော‌ ရွေးချယ်မှု ဖြစ်သည် မဟုတ်ပါလော။

ဘိုးဘေးပိုင်မင်၏ စကားကိုကြားလျှင် ပိုင်မင်ဟန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

“ဘိုးဘေး..”

ဘိုးဘေးပိုင်မင်က ခက်ထန်သော အမူအရာဖြင့် ပိုင်မင်ဟန်ကို ကြည့်လိုက်သည်။

“ဟိုကလေးမကို လွှဲပေးလိုက်လို့ ငါပြောနေတယ်လေ.. မင်းဘာတွေ ဖြစ်နေတာလဲ”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ထိပ်သီး မျိုးနွယ်စုဖြစ်ပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်းထက် များစွာသာလွန်သည်။

မုန့်ချင်းရွှယ်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသည်ဖြစ်ရာ မြောက်ပိုင်းမင်နတ်ဂိုဏ်း အနေဖြင့် သူမကို ကောင်းမွန်စွာ ပျိုးထောင်ပြီး ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် ဆက်ဆံရေးကောင်းကို တည်ဆောက်သင့်သည်။

သို့သော်လည်း ဂိုဏ်းချုပ် ငတုံးကောင်က မုန့်ချင်းရွှယ်ကိုပင် ပြဿနာရှာခဲ့သေးသည်။

သူက စွမ်းအင်ခန္ဓာကိုယ် တစ်ခုမျှသာ ဖြစ်သော်လည်း သူ့‌ရှေ့ရှိ လူငယ်နှစ်ဦးကို ဖြေရှင်းရန် မခက်ခဲပေ။

သို့ရာတွင် ထိုနှစ်ဦးကို သတ်ဖြန်ရန်အထိမူ မဝံ့ရဲချေ။

အကြောင်းရင်းမှာ ထိုနှစ်ဦးထဲမှ တစ်ဦးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမဖြစ်နိုင်ခြေ အလွန်များသောကြောင့်ပင်။

အကယ်၍ သူသာ ယနေ့တွင် ထိုလူငယ်နှစ်ဦးကို ထိခိုက်စေမည်ဆိုလျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း အတွက် တစ်ခုတည်းသောရလဒ်မှာ ပျက်စီးခြင်းသာ ဖြစ်ပေလိမ့်မည်။

သူက ထိုနှစ်ဦးကို အရေးမယူလိုက်ဘဲ သူ၏ စွမ်းအင်ခန္ဓာကိုယ် ပျောက်ကွယ်သွားခဲ့လျှင်မူ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုက ဝင်မပါလျှင်ပင် မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် ထိုနှစ်ဦးကို တားဆီးနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် လက်ရှိတွင် အကောင်းဆုံးနည်းလမ်းမှာ မုန့်ချင်းရွှယ်ကို လွှဲပေးလိုက်ပြီး ထိုနှစ်ဦး၏ ဒေါသကို ပြေလျော့စေရန်ပင် ဖြစ်သည်။

ဘိုးဘေးပိုင်မင်၏ အေးစက်စက် အကြည့်ကို ခံစားမိလျှင် ပိုင်မင်ဟန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ဘိုးဘေး.. မုန့်ချင်းရွှယ်ကို ကျွန်တော် ပိုင်မင်ချောက်နက်ထဲ ပို့လိုက်ပြီ”

“ဘာ..”

ပိုင်မင်ဟန်၏ စကားကိုကြားလျှင် ဘိုးဘေးပိုင်မင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးတစ်ဦးအနေဖြင့် ဘိုးဘေးပိုင်မင်သည် ပိုင်မင်ချောက်နက်က မည်သို့သောနေရာ ဖြစ်မှန်း မည်သူ့ထက်မဆို ကောင်းစွာ သိရှိထားခဲ့၏။

ထိုနေရာသည် ဘိုးဘေးပိုင်မင်က မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မတည်ထောင်မီ ကတည်းကပင် ရှိနှင့်နေပြီးသား ဖြစ်သည်။

ဆိုရလျှင် ပိုင်မင်ချောက်နက်သည် အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်ပြီး အတွင်း၌ အန္တရာယ်များစွာ ရှိသည်။

သူကိုယ်တိုင်ပင်လျှင် သူ၏ အထွတ်အထိပ်ကာလတွင် ရှိနေစဥ်က ပိုင်မင်ချောက်နက်ထဲသို့ စူးစမ်းရန် ဝင်ရောက်ခဲ့ဖူးပြီး ထိုချောက်နက်ထဲကနေ အလွန် အန္တရာယ်ရှိသော အငွေ့အသက်များကို ခံစားခဲ့ရသည်။

ဆိုရလျှင် သာမန် နတ်ဘုရင်တစ်ပါး အဖို့ ပိုင်မင်ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့လျှင် အသက်ရှင်လျက် ပြန်ထွက်လာရန်မှာ မလွယ်ကူပေ။

ပိုင်မင်ဟန်က မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲသို့ ပစ်ချလိုက်ခြင်းသည် သူမကို သေစေလိုသော ရည်ရွယ်ချက်ဖြင့် တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်လောက်သည် မဟုတ်ပါလော။

“ပိုင်မင်ချောက်နက်က မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေပဲ.. မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ စည်းမျဥ်းတွေထဲမှာ ဂိုဏ်းရဲ့တပည့်တွေကို ပိုင်မင်ချောက်နက်ထဲ ပို့ပြီး အပြစ်ပေးရမယ်ဆိုတဲ့ စည်းမျဥ်းမျိုး မရှိခဲ့ဖူးဘူး”

ဘိုးဘေးပိုင်မင်က ခက်ထန်သော အမူအရာဖြင့် ပိုင်မင်ဟန်ကို စူးစိုက်ကြည့်လိုက်သည်။

“ ခွေးကောင်.. မင်း ဘာကြောင့် မုန့်ချင်းရွှယ်ဆိုတဲ့ ကလေးမကို ပိုင်မင်ချောက်နက်ထဲ ပို့လိုက်ရတာလဲ”

အခန်း(၂၂၁၄)ပြီး၏။

All Chapters