အခန်း (၂၂၁၅-၂၂၁၆)
Vol. 162 Ch. 2215-2216
အခန်း(၂၂၁၅)
ဘိုးဘေးပိုင်မင်က ပိုင်မင်ဟန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။
ပိုင်မင်ဟန်၏ မိုက်မဲမှုကြောင့် သူက ဒေါသအလွန်အမင်းထွက်နေခဲ့ပြီး လက်ဝါးဖြင့် ရိုက်သတ်ချင်စိတ်ပင် ပေါက်နေခဲ့၏။
နတ်ဘုရားနယ်မြေသည် အလွန်တရာပင် ကျယ်ပြောလှပြီး ထိပ်သီး ကျင့်ကြံသူများဖြင့် ပြည့်နှက်နေခဲ့သည်။
ဂိုဏ်း၏ အထွတ်အထိပ်ကာလတွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် အင်အား မသေးလှသော်လည်း သူတစ်ယောက်တည်းဖြင့် အရာအားလုံးကို ထိန်းကျောင်းရန်မှာမူ အလွန်တရာ ခက်ခဲသည်။
ထို့ကြောင့်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အစဥ်အဆက်ဂိုဏ်းခေါင်းဆောင်များသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် အမြဲတစေ မဟာမိတ် ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း ဤဂိုဏ်းခေါင်းဆောင် ငတုံးကောင်ကမူ တပည့်တစ်ယောက် အတွက်ဖြင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းနှင့်ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတို့ကြားမှ ဆက်ဆံရေးကို ဤမျှအထိ ပျက်စီးအောင် လုပ်ဆောင်ခဲ့၏။
မြောက်ပိုင်းမင်နတ်ဂိုဏ်းက မည်ကဲ့သို့ စဥ်းစားပြီး ဤကဲ့သို့သောသူမျိုးကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ခဲ့မှန်း သူအမှန်တကယ် နားမလည်နိုင်တော့ပေ။
ပိုင်မင်ဟန်၏ မျက်နှာက ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။
သူက ဘိုးဘေးပိုင်မင်၏ ရှေ့တွင် ဒူးထောက်ချလိုက်၏။
“ဘိုးဘေး.. မြေးတပည့်က ဒေါသကြောင့် အမှောင်ဖုံးပြီး မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲ ပို့လိုက်မိတာပါ.. ဘိုးဘေးအနေနဲ့ ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်”
မည်သို့ပင်ဖြစ်စေကာမူ ပိုင်မင်ဟန်အနေဖြင့် သူ၏သမီးပိုင်မင်ယွဲ့၏ အဆင့်အတန်းကို မုန့်ချင်းရွှယ်က ခြိမ်းခြောက်လာမည် စိုး၍ မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲ ပို့လွှတ်ခဲ့ကြောင်း ဘိုးဘေးပိုင်မင်အား အသိမပေးဝံ့ပေ။
သို့မဟုတ်လျှင် ကျန်းချန် မပြောနှင့်၊ ဘိုးဘေးပိုင်မင် ကိုယ်တိုင်ပင် သူ့ကို အလွှတ်ပေးမည်မဟုတ်လောက်ချေ။
“ဖုန်းအာ.. ပိုင်မင်ချောက်နက်က ဘယ်လိုနေရာမျိုးလဲ”
ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။
ဘိုးဘေးပိုင်မင်၏ အမူအရာကို ကြည့်ချင်းအားဖြင့် ပိုင်မင်ချောက်နက်သည် သေချာပေါက် ကောင်းမွန်သောနေရာ မဟုတ်လောက်ပေ။
“ပိုင်မင်ချောက်နက် ဆိုတာက မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ တားမြစ်နေရာ တစ်ခုပါ.. အဲဒီနေရာက ထူးဆန်းပြီး အန္တရာယ်များလွန်းတဲ့ အတွက် နတ်ဘုရင်အဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ မဝင်ရဲကြဘူး”
ကူဖုန်းအာ၏ လှပသော မျက်နှာလေးသည် အလွန်တရာပင် အေးစက်နေခဲ့သည်။
ပိုင်မင်ဟန်က မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲ အထိ ပို့လိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။
“ဝုန်း..”
ကူဖုန်းအာ၏ စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သည့် လူသတ်ငွေ့များ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
“ပိုင်မင်ဟန် မင်းသေသင့်တယ်.. တကယ်လို့ ချင်းရွှယ်သာ ပိုင်မင်ချောက်နက်ထဲမှာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို သွေးကြောင်းစီးအောင် လုပ်ပစ်မယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး မဟာနဂါးကျောက်တိုင်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုကာ ပိုင်မင်ဟန်ကို အညှာအတာ ကင်းမဲ့စွာဖြင့် ရိုက်ချလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဘိုးဘေးပိုင်မင်သည် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ရာ ရုတ်ခြည်းဆိုသလိုပင် ဧရာမလက်ဖဝါးတစ်ဖက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး မဟာနဂါးကျောက်တိုင်ကို တားဆီးလိုက်သည်။
ဘိုးဘေးပိုင်မင်က ကျန်းချန်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်၏။
“လူငယ်လေး.. ဒီကိစ္စက ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ ဖြစ်ပျက်သွားတာ ဆိုတော့ မင်း ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးမယ်လို့ ငါကတိပေးပါတယ်”
“ကောင်းပြီလေ.. မင်းငါ့ကို ဘယ်လိုမျိုး ဖြေရှင်းပေးမှာလဲ”
ကျန်းချန်၏ စကားသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
“ဒီနေ့ မုန့်ချင်းရွှယ်ကို အထိအခိုက်မရှိဘဲ ငါ့ရှေ့ကို ခေါ်မလာနိုင်ဘူးဆိုရင် မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို အမြစ်ကမကျန် ဖျက်ဆီးပစ်မယ်”
“ကောင်လေး.. ငါက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့မျက်နှာကို ထောက်ထားပြီး မင်းကို သည်းခံပေးနေတာပဲ.. သိပ်ကမ်းတက်မလာနဲ့”
ဘိုးဘေးပိုင်မင်က ဒေါသတကြီး ပြောဆိုလိုက်သည်။
သူက ရှေးခေတ်ကာလက ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူ၏ အထွတ်အထိပ်အချိန်က ဆိုလျှင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု တစ်ခုလုံးမှာပင် သူ့ကို ဤကဲ့သို့ စကားပြောဝံ့သူ မရှိသလောက် ဖြစ်၏။
ဆိုရလျှင် ကျန်းချန်၏ အနည်းငယ်မျှ အလျှော့မပေးလိုသော အမူအရာသည် ဘိုးဘေးပိုင်မင်ကို ဒေါသထွက်စေခဲ့သည်။
ကျန်းချန်က အေးစက်စက်သာ စိုက်ကြည့်နေခဲ့ပြီး ဘာမျှ ပြန်မပြောခဲ့ပေ။
သူက သူ၏ စွမ်းအားများကို မြှင့်တင်လိုက်ပြီး မဟာနဂါးကျောက်တိုင်ဖြင့် ဘိုးဘေးပိုင်မင် ထုတ်ဖော်ထားသည့် ဧရာမ လက်ဝါးကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်သည်။
“ကောင်းပြီ ကောင်လေး.. မင်း ဒီလောက်တောင် တိုက်ချင်နေမှတော့ ငါ မင်းကို ညှာမနေတော့ဘူး”
ဘိုးဘေးပိုင်မင်က ဒေါသအိုး ပေါက်ကွဲကာ ကြုံးဝါးလိုက်သည်။
စကားဆုံးသည်နှင့် ဘိုးဘေးပိုင်မင်သည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျန်းချန်ကို ချုပ်နှောင်ရန် ပြင်လိုက်သည်။
သူက အကောင်းအဆိုးကို နားမလည်သော ထိုကောင်လေးကို အရင်ဆုံး ဖမ်းထားပြီးမှ သူ၏ စွမ်းအင်ခန္ဓာကိုယ် မပျောက်ကွယ်မီ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထံ ကိုယ်တိုင်သွားရောက်၍ ဖြေရှင်းရန် ဆုံးဖြတ်ထားခဲ့သည်။
“အဘိုးကြီး.. ချင်းရွှယ်က မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ရောက်လာတာ မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း အတွက် ဂုဏ်ယူစရာပဲ.. မင်းတို့တွေက ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ ကောင်းကောင်း မပျိုးထောင်တဲ့အပြင် ချင်းရွှယ်ကိုတောင် ဒုက္ခပေးဝံ့သေးတယ်.. ဒီနေ့ သိကြားမင်းကိုယ်တိုင် ဆင်းတားရင်တောင် မင်းတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ငါ ဖျက်ဆီးမှာကို တားဆီးနိုင်မှာ မဟုတ်ဘူး”
ကျန်းချန်၏ မျက်ဝန်းများက ခက်ထန်နေခဲ့သည်။
သိပ်မကြာမီမှာပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရိုးရှင်းသော ခရမ်းရောင်သေတ္တာ တစ်လုံးသည် ကျန်းချန်၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။
ထိုခရမ်းရောင်သစ်သားသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကနေ ထွက်ခွာစဥ်က မျိုးနွယ်စုခေါင်းဆောင် ဖုန်းချီ သူ့ကို ပေးအပ်ခဲ့ခြင်း ဖြစ်၏။
ထိုသေတ္တာထဲတွင် မည်သည့်အရာရှိမှန်း ကျန်းချန် မသိသော်လည်း နတ်ကုန်းမြေတိုက်တွင် အကျပ်အတည်း တစ်စုံတစ်ရာ ကြုံတွေ့လာပါက အကူအညီပေးနိုင်မည်ဟု ဖုန်းချီ ပြောဆိုခဲ့သောကြောင့် ကျန်းချန်က စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ သေတ္တာကို ခပ်သွက်သွက်ဖွင့်လိုက်သည်။
ရုတ်တရက် အလွန်တောက်ပသော ခရမ်းရောင်နတ်အလင်းတန်းတစ်ခုသည် ကြောက်မက်ဖွယ် အရှိန်အဝါများနှင့်အတူ သေတ္တာထဲကနေ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ကျန်းချန်ထံသို့ ဘိုးဘေးပိုင်မင် တိုက်ခိုက်လိုက်သော စွမ်းအားများကို ချေမှုန်းပစ်လိုက်သည်။
ထိုခရမ်းရောင်နတ်အလင်းတန်းသည် လေထုထဲတွင် ဧရာမ လင်းယုန်ကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုလင်းယုန်ကြီးသည် ရွှေရောင်တောင်ပံများကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်က ခရမ်းရောင် အလင်းများဖြင့် တောက်ပနေခဲ့၏။
၎င်းက ကမ္ဘာဦးသားရဲဘုရင်ကြီး လောကသို့ ဆင်းသက်လာသကဲ့သို့ပင် ခန္ဓာကိုယ် တစ်ခုလုံးကနေ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
လင်းယုန်ကြီးက သူ၏ စူးရှသော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ကောင်လေး.. မင်းက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင်မဟုတ်ဘဲ ဘာလို့ ငါ့ရဲ့ ဝိညာဥ်ကိုယ်ပွားက မင်းဆီမှာ ရှိနေရတာလဲ”
“ကျွန်တော်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို အကူအညီပေးခဲ့ဖူးတဲ့ အတွက် မျိုးနွယ်စုခေါင်းဆောင်က ကျွန်တော့်ကို ဒီသေတ္တာလေး လက်ဆောင်ပေးခဲ့တာပါ”
ကျန်းချန်က ကောင်းကင်ယံမှ ခရမ်းရောင်လင်းယုန်ကြီးကိုကြည့်ကာ စိတ်ထဲတွင် အလွန်တရာ တုန်လှုပ်သွားမိသည်။
ဤလင်းယုန်ကြီးသည် ကမ္ဘာဦးကာလက မွေးဖွားလာခဲ့သည့် ရှေးဟောင်းဒဏ္ဍာရီလာ သားရဲကြီး ဖြစ်ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေးလည်း ဖြစ်သည်။
မှတ်တမ်းမှတ်ရာများအရ ရှေးဟောင်းဒဏ္ဍာရီလာ သားရဲများသည် သူတို့၏ အထွတ်အထိပ်ကာလတွင် အုပ်စိုးသူအဆင့်နှင့်ပင် ယှဥ်နိုင်စွမ်းရှိသည်ဟု ဆိုကြ၏။
မျိုးနွယ်စုခေါင်းဆောင် ဖုန်းချီ သူ့ကိုပေးခဲ့သော သေတ္တာလေးထဲတွင် ရှေးဟောင်းဒဏ္ဍာရီလာသားရဲ ရွှေတောင်ပံနတ်လင်းယုန်၏ ဝိညာဥ်ကိုယ်ပွား ရှိနေလိမ့်မည်ဟု ကျန်းချန် တစ်ခါမှ မတွေးထားမိခဲ့ပေ။
ရွှေတောင်ပံနတ်လင်းယုန်က ခဏမျှ မျက်လုံးမှိတ်ထားပြီးနောက် ပြန်ဖွင့်ကာ ပြောလိုက်သည်။
“ဒီနတ်ကုန်းမြေတိုက်မှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု မရှိတော့ပါလား”
“ကောင်လေး ငါ့ရဲ့မျိုးနွယ်စု ဘာတွေဖြစ်သွားခဲ့လဲ ဆိုတာ မင်းငါ့ကို ပြောပြပေးနိုင်မလား”
“ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆုံးသတ်မှာ ရှုံးနိမ့်သွားခဲ့လို့ နတ်ကုန်းမြေတိုက်ကနေ ဆုတ်ခွာသွားခဲ့ပါပြီ”
ကျန်းချန်က ဖုံးကွယ်မထားဘဲ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အခြေအနေကို ရှင်းပြလိုက်သည်။
“ငါ့ရဲ့ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ဒီအခြေအနေအထိတောင် ဆုတ်ယုတ်သွားပြီကိုး”
ဧရာမလင်းယုန်ကြီးက သူ့ဘာသာသူ တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ဘိုးဘေးပိုင်မင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်လေး.. မင်းက ဒီအဘိုးကြီးကို ဖြေရှင်းဖို့အတွက် ငါ့ကိုခေါ်ထုတ်ခဲ့တာလား”
ဧရာမလင်းယုန်ကြီး၏ အကြည့်ကို ခံစားမိလျှင် ဘိုးဘေးပိုင်မင်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
မြောက်ပိုင်းမင်နတ်ဂိုဏ်းကို တည်ထောင်သူ ဖြစ်ပြီး ရှေးခေတ်ကာလက ကျင့်ကြံသူတစ်ဦး အနေဖြင့် ဘိုးဘေးပိုင်မင်၏ အတွေ့အကြုံသည် အလွန်တရာပင် ကြွယ်ဝလှသည်ဖြစ်ရာ ဤလင်းယုန်ကြီးကို တစ်ချက် ကြည့်ရုံဖြင့် မည်သူမည်ဝါဖြစ်မှန်း သိနိုင်ခဲ့သည်။
ကျန်းချန်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုနှင့် ပတ်သက်မှု ရှိနေခဲ့ပြီး ရှေးဟောင်းဒဏ္ဍာရီလာ ရွှေတောင်ပံနတ်လင်းယုန်၏ ဝိညာဥ်ကိုယ်ပွားပင် ကျန်းချန်ထံတွင် ရှိနေလိမ့်မည်ဟု ဘိုးဘေးပိုင်မင် ထင်မထားခဲ့ပေ။
သူက ရှေးခေတ်ကာလက အစွမ်းထက် ကျင့်ကြံသူတစ်ဦးဟု သတ်မှတ်ခံထားရသော်လည်း အဆုံးသတ်တွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူသာ ဖြစ်ပြီး အုပ်စိုးသူအဆင့်ကို မထိုးဖောက်နိုင်ခဲ့ပေ။
ဒဏ္ဍာရီလာ ရွှေတောင်ပံ လင်းယုန်ကြီးကမူ အုပ်စိုးသူ အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သည့် ရှေးဟောင်း ဒဏ္ဍာရီလာ သားရဲဖြစ်သည်။
ဤကဲ့သို့သော တည်ရှိမှုမျိုး၏ ရှေ့တွင် သူ၏ စွမ်းရည်ဖြင့်ပင် မည်သည့် ခုခံမှုကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်သည်မှာ သေချာသလောက်ပင်။
အခန်း(၂၂၁၅)ပြီး၏။
အခန်း(၂၂၁၆)
“စီနီယာ ကျွန်တော့်ကို အကူအညီပေးပါ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လင်းယုန်ငှက်ကို ဂါဝရပြု၍ တောင်းဆိုလိုက်သည်။
လင်းယုန်ငှက်က ခေါင်းညိတ်ပြလိုက်ပြီး ၎င်း၏ စူးရှသော အကြည့်ဖြင့် ဘိုးဘေးပိုင်မင်ကို ကြည့်လိုက်သည်။
“မင်းရဲ့အစွမ်းက မဆိုးပါဘူး.. အသက်ရှင်စဥ်က နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိခဲ့ပုံပဲ.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းက အုပ်စိုးသူ အဆင့်ကိုတော့ မထိုးဖောက်နိုင်ခဲ့ဘူး.. မင်းက ငါ့ရှေ့မှာ အရမ်းကို အားနည်းလွန်းတယ်”
စကားဆုံးသည်နှင့် ရွှေတောင်ပံ လင်းယုန်ကြီးသည် ဧရာမလက်သည်းကို အသာအယာပင် ဝှေ့ယမ်းလိုက်သည်။
ထိုလက်သည်းတိုက်ကွက်သည် သာမန်ဟုသာ ထင်ရပြီး လေထုထဲတွင် မည်သည့် စွမ်းအင်လှိုင်းမှ မထွက်ပေါ်ခဲ့ပေ။
သို့သော်လည်း ထိုကဲ့သို့ သာမန်ဟုသာ ထင်ရသော လက်သည်းတိုက်ကွက်သည် ဘိုးဘေးပိုင်မင်ကို ထိမှန်သွားခဲ့ပြီး ဘိုးဘေးပိုင်မင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေပေါင်းထောင်ချီ အကွာအဝေးသို့ လွင့်စင်သွားခဲ့သည်။
မူလက အနည်းငယ် ခပ်ရေးရေး ဖြစ်နေသော ဘိုးဘေးပိုင်မင်၏ ပုံရိပ်ယောင်သည် ယခုအခါတွင် ပို၍ပင် မှေးမှိန်သွားခဲ့၏။
“ပိုင်မင်ဟန်.. မင်းလို ငတုံးတစ်ယောက်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် ဘာလို့ ရွေးချယ်ခဲ့သလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး.. ငါတည်ထောင်ခဲ့တဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းက ဒီကနေ့ မင်းလက်ထဲမှာ ပျက်စီးရတော့မှာပဲ.. ငါလည်း မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မကာကွယ်ပေးနိုင်တော့ဘူး... မင်း စိုက်ပျိုးခဲ့တဲ့ အကျိုးဆက်ကို မင်းဘာသာပဲ ခံယူပေတော့”
စကားဆုံးသည်နှင့် ဘိုးဘေးပိုင်မင်၏ ပုံရိပ်ယောင်သည် တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့သည်။
ဘိုးဘေးပိုင်မင်၏ ဝိညာဥ်ကိုယ်ပွားသည် ရွှေတောင်ပံလင်းယုန်ကြီး၏ လက်သည်းတိုက်ကွက် တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့သည်မှာ ထင်ရှားနေခဲ့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ပိုင်မင်ဟန်သည် မျက်နှာအလွန်အမင်း ဖြူဖျော့သွားခဲ့သည်။
ကျန်းချန်သည် ကြောက်မက်ဖွယ် စွမ်းရည်များကို ပိုင်ဆိုင်ထားရုံသာမက လက်ထဲတွင်လည်း ဤမျှ အစွမ်းထက်သော ဝှက်ဖဲ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဘိုးဘေးပိုင်မင် ပင်လျှင် ရွှေတောင်ပံလင်းယုန်ကြီး၏ ဝိညာဥ်ကိုယ်ပွား လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း အနိုင်ယူခံရသည် မဟုတ်ပါလော။
ဘိုးဘေးပိုင်မင်၏ ကိုယ်ပွားသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်သော်လည်း ယခုအခါတွင် ကျန်းချန်သည် အလွယ်တကူပင် ချေမှုန်းပစ်လိုက်ချေပြီ။
ဆိုရလျှင် ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် သေချာပေါက် အဆုံးသတ်ရပေတော့မည်။
ထိုခဏဝယ် ပိုင်မင်ဟန်သည် အလွန်အမင်း နောင်တရနေခဲ့သည်။
ဤကဲ့သို့ ဖြစ်လာမည်မှန်း ကြိုသိခဲ့လျှင် မည်သည့် အကြောင်းရင်း ရှိနေပါစေ၊ မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲသို့ ပစ်ချခဲ့မည် မဟုတ်ပေ။
“ပိုင်မင်ဟန်.. မင်းမှာ တခြားနည်းလမ်းတွေ ရှိသေးရင် ထုတ်သုံးလိုက်ပါ.. မရှိတော့ဘူးဆိုရင်တော့ သေဖို့သာ ပြင်ထားလိုက်တော့”
စကားဆုံးသည်နှင့် ကျန်းချန်သည် မဟာနဂါးကျောက်တိုင်ကို ထုတ်ဖော်လိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအားများဖြင့် အညှာအတာ ကင်းမဲ့စွာ ရိုက်ချလိုက်သည်။
“မသတ်ပါနဲ့”
ပိုင်မင်ဟန်က ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ ခုခံရန် ကြိုးစားလိုက်သည်။
သို့ရာတွင် သူ၏ အထွတ်အထိပ် အခြေအနေမှာပင် ကျန်းချန်၏ ချေမှုန်းခြင်းကို ခံခဲ့ရသည် ဖြစ်ရာ ယခုလို ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားပြီး ဝိညာဥ်မျှသာ ကျန်ရှိတော့သည့် အခြေအနေတွင် မဟာနဂါးကျောက်တိုင်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပိုင်မင်ဟန်၏ အကာအကွယ်များသည် မဟာနဂါးကျောက်တိုင်၏ စွမ်းအားအောက်တွင် လုံးဝ ချေမှုန်းခံလိုက်ရသည်။
ပိုင်မင်ဟန်က မဟာနဂါးကျောက်တိုင် သူ့အနီးသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်ကို ကြည့်နေရုံမျှလွဲလျှင် ဘာမှ မတတ်နိုင်တော့ပေ။
“ကျန်းချန်.. ခဏလေးနေပါဦး”
ကျန်းချန်က ပိုင်မင်ဟန်၏ ဝိညာဥ်ကို ချေမှုန်းတော့မည် တစ်ခဏဝယ် ဆံဖြူအဘွားအို တစ်ဦးသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အတွင်းကနေ ပျံသန်းလာခဲ့သည်။
ထိုသူမှာ တခြားသူ မဟုတ်ဘဲ ကျန်းချန် မကြာသေးမီက တွေ့ဆုံခဲ့ဖူးသည့် ပိုင်မင်ရင် ဖြစ်သည်။
ကျန်းချန်က ပိုင်မင်ရင်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်၏။
“အဘွားကြီး ဖယ်စမ်း.. မင်းကိုပါ ငါမသတ်ရဲဘူးလို့ ထင်နေလား”
“ကျန်းချန်.. မုန့်ချင်းရွှယ်က ပိုင်မင်ချောက်နက်ထဲကို ရောက်သွားခဲ့ပြီ.. ဒါက ပြောင်းလဲလို့မရတဲ့အချက်ပဲ.. မင်းအနေနဲ့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ရင်တောင် ဘာမှ ထူးခြားလာမှာမဟုတ်ဘူး.. မုန့်ချင်းရွှယ်ရဲ့ ဝိညာဥ်ကမ္ပည်းတိုင်က အခုအထိ မကျိုးသေးဘူး.. ဒါက သူမအသက်ရှင်နေသေးတယ် ဆိုတဲ့ သက်သေပဲ”
ပိုင်မင်ရင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ လက်သည်တရားခံ ဖြစ်တဲ့ ပိုင်မင်ဟန်ကတော့ သေကိုသေရမယ်.. အခုအရေးကြီးဆုံးက ပိုင်မင်ချောက်နက်ထဲကနေ မုန့်ချင်းရွှယ်ကို ကယ်ထုတ်နိုင်ဖို့ပဲ”
စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ လက်ထဲမှ မဟာနဂါးကျောက်တိုင်ဖြင့် ပိုင်မင်ဟန်၏ ဝိညာဥ်ကို ရက်ရက်စက်စက် ရိုက်သတ်ကာ ချေမှုန်းပစ်လိုက်သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ပိုင်မင်ရင်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
“ဒါက ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပဲ”
ဤသို့ဖြင့်ပင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် နတ်ဘုရင် ပဉ္စမအဆင့် ကျင့်ကြံသူ ပိုင်မင်ဟန်သည် သေဆုံးသွားခဲ့တော့သည်။
ပိုင်မင်ဟန်က မုန့်ချင်းရွှယ်ကို ပြဿနာရှာနေစဥ်တွင် သူမသည် အကြိမ်ကြိမ် တားဆီးခဲ့သော်လည်း အဆုံးသတ်၌ ဘာမှမတတ်နိုင်ခဲ့ပေ။
ယမန်နေ့က မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက်တွင် သူမသည် ကျန်းချန်က မည်မျှပင် ကြောက်စရာကောင်းကြောင်း ပိုင်မင်ဟန်ကို ပြောပြခဲ့သော်လည်း ပိုင်မင်ဟန်သည် လုံးဝ အရေးမစိုက်ခဲ့ချေ။
ပိုင်မင်ရင်က ပိုင်မင်ဟန်ကို နားချ၍ မရကြောင်း သိလိုက်ရသောအခါ မုန့်ချင်းရွှယ်ကို သွားရှာရန် စီစဥ်ခဲ့သည်။
သူမ စိတ်ထင် ပိုင်မင်ဟန်သည် မုန့်ချင်းရွှယ်က ဘိုးဘေး၏ တပည့် ဖြစ်ဖူးသည်ကို ငဲ့ကွက်ပြီး သူမကို အချုပ်အနှောင်လောက်သာ ထားလိမ့်မည်ဟု ထင်ခဲ့သည်။
သို့ရာတွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ရှာဖွေခဲ့သော်လည်း မုန့်ချင်းရွှယ်၏ အရိပ်အယောင်ကို မတွေ့ရသောအခါမှသာ မုန့်ချင်းရွှယ်သည် ပိုင်မင်ချောက်နက် ထဲသို့ ပစ်ချခံလိုက်ရကြောင်း သူမ သိခဲ့ရသည်။
ပိုင်မင်ရင်သည် ပိုင်မင်ချောက်နက်၏ အစွန်အဖျား နေရာသို့ ဝင်ရောက်ကာ ရှာဖွေရန် ကြိုးစားခဲ့သော်လည်း မုန့်ချင်းရွှယ်၏ သဲလွန်စကို မတွေ့ရသဖြင့် အဆုံးသတ်၌ ပိုင်မင်ချောက်နက်ထဲမှ ပြန်ထွက်လာခဲ့ရ၏။
သူမ ပိုင်မင်ချောက်နက်ထဲက ပြန်ထွက်လာချိန်တွင် ကျန်းချန်သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီး ပိုင်မင်ဟန်ကို အလွယ်တကူ နှိမ်နင်းထားသည်ကို တွေ့လိုက်ရသည်။
ထိုမျှတင်မကဘဲ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးပိုင်မင်၏ ဝိညာဥ်ကိုယ်ပွားသည်ပင်လျှင် ကျန်းချန်၏ ဝှက်ဖဲကြောင့် အလွယ်တကူ ချေမှုန်းခံလိုက်ရ၏။
ကျန်းချန်နှင့် ကူဖုန်းအာတို့၏ စိတ်ထဲရှိ မုန့်ချင်းရွှယ်၏ အဆင့်အတန်းအရ အကယ်၍ မုန့်ချင်းရွှယ်ကိုသာ ပိုင်မင်ချောက်နက်ထဲကနေ ကယ်တင်နိုင်ခဲ့မည် ဆိုလျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း အတွက် အသက်ဆက်နိုင်ရန် မျှော်လင့်ချက်ရှိနေသည်ဟု ပိုင်မင်ရင် စိတ်ထဲတွင် ကောင်းစွာ သိရှိထားခဲ့သည်။
သို့မဟုတ်လျှင်မူ မြောက်ပိုင်းမင်နတ်ဂိုဏ်း အတွက် တစ်ခုတည်းသော ရလဒ်သည် ပျက်စီးခြင်းသာလျှင် ဖြစ်ပေလိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းအား ဆက်လက်ထိန်းသိမ်းထားနိုင်လျှင်ပင် ဂိုဏ်းသည် အကြီးအကျယ် ထိခိုက်သွားပြီဖြစ်ရာ ဒုတိယတန်းစား နတ်ဘုရင်အင်အားစုအဖြစ် ရပ်တည်ရန်ပင် မလွယ်ကူတော့ပေ။
“ငါ့ကို ပိုင်မင်ချောက်နက်ဆီ ခေါ်သွားပေးပါ”
ကျန်းချန်က ပိုင်မင်ဟန်၏ ဝိညာဥ်ကို သတ်ဖြတ်ပြီးနောက်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းရှိ အခြားလူများကို ရန်မမူတော့ဘဲ ပိုင်မင်ရင်ကို အေးစက်စက် ပြောလိုက်သည်။
ပိုင်မင်ချောက်နက်သည် အလွန်ပင် အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်၏။
သို့ဖြစ်ရာ မုန့်ချင်းရွှယ်သည် ပိုင်မင်ချောက်နက်ထဲတွင် တစ်မိနစ်ကြာလေလေ၊ ပို၍ အန္တရာယ်ကြီးလေလေ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ လူများအပေါ်တွင် အချိန်မဖြုန်းလိုတော့ဘဲ မုန့်ချင်းရွှယ်ကို ကယ်တင်ရန် အတွက် ပိုင်မင်ချောက်နက် ဆီသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။
“ကျန်းချန်.. ပိုင်မင်ချောက်နက်က လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်တယ်.. မင်းအနေနဲ့ ပိုင်မင်ချောက်နက်ထဲကို ဝင်သွားရင်တောင် မုန့်ချင်းရွှယ်ကို ကယ်တင်ဖို့ ခက်ခဲလိမ့်မယ်”
ထိုစကားကိုပြောနေစဥ်တွင် ပိုင်မင်ရင်သည် ရွှေတောင်ပံလင်းယုန်ကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
“မုန့်ချင်းရွှယ်ကို ကယ်တင်ချင်တယ်ဆိုရင် မင်းရဲ့နောက်ကွယ်က စီနီယာ ကူညီမှ ဖြစ်နိုင်လိမ့်မယ် ထင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် မှင်တက်သွားခဲ့ပြီး ရွှေတောင်ပံ လင်းယုန်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“စီနီယာ.. ကျွန်တော့်ကို နောက်ထပ် အကူအညီတစ်ခုလောက်ပေးနိုင်မလား”
ပိုင်မင်ချောက်နက်ထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ မသိသော်လည်း အကယ်၍ ရွှေတောင်ပံလင်းယုန်ကြီးသာ ကူညီမည်ဆိုလျှင် မုန့်ချင်းရွှယ်ကို ကယ်တင်ရန်မှာ သေချာပေါက် ပို၍ လွယ်ကူသွားပေလိမ့်မည် မဟုတ်ပါလော။
“ငါ့ရဲ့ ဝိညာဥ်ကိုယ်ပွား ပေါ်ထွက်လာပြီ ဆိုမှတော့ ငါဘာမှမလုပ်ရင်တောင် သိပ်မကြာခင် ပျောက်ကွယ်သွားမှာပဲ.. ငါ မပျောက်ကွယ်ခင် မင်းကို တစ်ကြိမ်လောက် ကူညီပေးတာ ဘာပြဿနာမှ မရှိပါဘူး.. နောင်တစ်ချိန်မှာ မင်းအနေနဲ့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို င့ါကိုယ်စား ဂရုစိုက်ပေးမယ်လို့ ငါမျှော်လင့်ပါတယ် .. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ကနေ ထပ်ပြီး ပျောက်ကွယ်မသွားပါစေနဲ့”
ရွှေတောင်ပံလင်းယုန်ကြီးက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ကတိပေးလိုက်သည်။
“စိနီယာ စိတ်မပူပါနဲ့.. ကျွန်တော်ကျန်းချန် အသက်ရှင်နေသရွေ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို သေချာပေါက်အကာအကွယ်ပေးပါမယ်”
“မင်းဆီကနေ ဒီစကားကြားရတာ ငါကျေနပ်တယ်.. မင်းငါ့ကို ဒီမှာပဲစောင့်နေပါ.. ငါ သွားပြီးရင် ချက်ချင်းပြန်လာခဲ့မယ်”
စကားဆုံးသည်နှင့် ရွှေတောင်ပံ လင်းယုန်ကြီးသည် တောင်ပံများကို ခတ်လိုက်ရာ ခရမ်းရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ မြောက်ပိုင်းမင်နတ်ဂိုဏ်း ဆီသို့ ထိုးဆင်းသွားခဲ့သည်။
အခန်း(၂၂၁၆)ပြီး၏။