← Chapters

အခန်း (၂၂၁၇-၂၂၁၈)

Vol. 162 Ch. 2217-2218

အခန်း (၂၂၁၇-၂၂၁၈)

Vol. 162 Ch. 2217-2218

အခန်း(၂၂၁၇)

အောက်ဘက်သို့ ထိုးဆင်းသွားသော ရွှေတောင်ပံလင်းယုန်ကြီး၏ ပုံရိပ်ကိုကြည့်ကာ ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။

ရွှေတောင်ပံလင်းယုန်ကြီးသည် ရှေးဟောင်းဒဏ္ဍာရီလာ သားရဲဖြစ်ပြီး ၎င်း၏ အထွတ်အထိပ်ကာလတွင် အုပ်စိုးသူအဆင့်နှင့်ပင် ယှဥ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထား၏။

ထို့ကြောင့် ဤသည်က စွမ်းအင်ကိုယ်ပွားမျှသာ ဖြစ်သော်လည်း အလွန်တရာပင် စွမ်းအားကြီးမားသည်။

အကယ်၍သာ ရွှေတောင်ပံ လင်းယုန်ကြီးပင်လျှင် မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲမှ ကယ်မထုတ်နိုင်ခဲ့လျှင် မုန့်ချင်းရွှယ်၏ အခြေအနေက အတော်လေး ဆိုးရွားနေသည်ဟု ဆိုရပေတော့မည်။

“အစ်ကိုကျန်းချန် အရမ်းကြီးလည်း စိတ်မပူပါနဲ့ .. ရွှေတောင်ပံလင်းယုန်ကြီးရဲ့ စွမ်းရည်နဲ့ဆိုရင် အစ်မချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲကနေ ဘေးကင်းကင်းနဲ့ သေချာပေါက် ကယ်ထုတ်နိုင်မှာပါ”

ကျန်းချန်၏ နံဘေးတွင် ရှိနေသည့် ကူဖုန်းအာက ခပ်တိုးတိုးပြောလိုက်သည်။

မူလက သူမသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးတစ်ပါးကို ဖိတ်ခေါ်၍ ပိုင်မင်ချောက်နက်ထဲတွင် မုန့်ချင်းရွှယ်ကို ရှာဖွေခိုင်းရန် ရည်ရွယ်ထားခဲ့သည်။

သို့ရာတွင် ကျန်းချန်က ရွှေတောင်ပံ လင်းယုန်ကြီး၏ ဝိညာဥ်ကိုယ်ပွားကို ခေါ်ထုတ်လိုက်သောအခါတွင် သူမသည် သူမ၏ အကြံကို ယာယီ လက်လျှော့ထားလိုက်သည်။

ဆိုရလျှင် ‌ရွှေတောင်ပံလင်းယုန်ကြီးသည် ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သည့် ဖီးနစ်သားရဲကြီးနှင့် ဂုဏ်သတင်းကျော်‌စောမှုခြင်း တူညီသူ ဖြစ်သည်။

ဤသည်က ဝိညာဥ်အသိစိတ်ရှိသည့် စွမ်းအင်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သော်လည်း စွမ်းအားကမူ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကိုပင် ဖိနှိပ်ရန် လုံလောက်သည်။

သို့ဖြစ်ရာ မုန့်ချင်းရွှယ် အသက်ရှင်နေသေးသရွေ့ ရွှေတောင်ပံ လင်းယုန်ကြီးသည် သူမကို ပိုင်မင်ချောက်နက်ထဲကနေ ဘေးကင်းစွာ ခေါ်ထုတ်လာနိုင်မည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ပြန်မပြောဘဲ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေ ဆီသို့သာ စိုက်ကြည့်နေခဲ့သည်။

ပိုင်မင်ရင်နှင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ လူများသည်လည်း လေးနက်သော အမူအရာများဖြင့် တားမြစ်နယ်မြေဆီသို့ ကြည့်နေခဲ့ကြသည်။

ယခုအခါတွင် သူတို့သည် ရွှေတောင်ပံလင်းယုန်ကြီးက ပိုင်မင်ချောက်နက်ထဲကနေ မုန့်ချင်းရွှယ်ကို ကယ်တင်နိုင်ရန် အတွက် ဆုတောင်းရုံသာ တတ်နိုင်ခဲ့သည်။

သို့မဟုတ်လျှင် ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးသည် ပျက်စီးသွားပေလိမ့်မည် မဟုတ်ပါလော။

“နတ်ဘုရားမ.. ဂိုဏ်းချုပ်က အဲဒီကောင်လေးရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရပြီ.. ကျွန်တော်တို့ အခုဘာဆက်လုပ်သင့်လဲ”

ပိုင်မင်ယွဲ့၏ နံဘေးမှ လူယုံတစ်ဦးသည် သူ့ရှေ့မှ အခြေအနေကို မြင်လျှင် အလွန်တရာ စိုးရိမ်တုန်လှုပ်သွားခဲ့ပြီး ပိုင်မင်ယွဲ့ကို ခပ်တိုးတိုး မေးလိုက်သည်။

“ငါတို့ မြောက်ပိုင်းမင်နတ်ဂိုဏ်းကနေ အမြန်ဆုံး ထွက်သွားမှဖြစ်မယ်”

ပိုင်မင်ယွဲ့၏ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့ပြီး သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

သူမ ဖန်တီးခဲ့သော ကိစ္စများသည် ကျန်းချန်၏ လက်ထဲတွင် သူမ အဖေကို အသက်ပျောက်စေသည်အထိ ကြီးကျယ်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိခဲ့ပေ။

သူမသည် မုန့်ချင်းရွှယ်ကို အကွက်ဆင်ကာ ပိုင်မင်ချောက်နက်ထဲကို ပို့စေသည်အထိ လုပ်ဆောင်ခဲ့သည့် အဓိက တရားခံ ဖြစ်သည်။

ယနေ့တွင် မုန့်ချင်းရွှယ်က ပိုင်မင်ချောက်နက်ထဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည်ဖြစ်စေ၊ ပြန်မထွက်လာနိုင်သည်ဖြစ်စေ၊ ကျန်းချန်သည် သူမကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်လောက်ပေ။

ထို့ကြောင့် သူမ အသက်ရှင်လိုလျှင် တစ်ခုတည်းသောအခွင့်အရေးမှာ ကျန်းချန် သူမ အပေါ် အာရုံမရောက်ခင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ အမြန်ဆုံး ထွက်ပြေးရန်ပင် ဖြစ်၏။

ထိုသို့ တွေးမိသည်နှင့် ပိုင်မင်ယွဲ့သည် တုံ့ဆိုင်းမနေဘဲ အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ အဝေးရှိ ကောင်းကင်ယံသို့ ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ ပိုင်မင်ယွဲ့ ဆီသို့ တိုက်ရိုက်ပင် ပစ်လွှတ်လိုက်သည်။

“မသတ်ပါနဲ့”

ပိုင်မင်ယွဲ့က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။

ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးနေသော ပိုင်မင်ယွဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထိုခဏမှာပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံထားရသကဲ့သို့ အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ပေ။

ပိုင်မင်ယွဲ့အနေဖြင့် ကျူးရှန်းစည်းတံဆိပ်က သူမ ထံသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

ထိုဏမှာပင် ကျူးရှန်းစည်းတံဆိပ်သည် အရှိန်အဟုန်ဖြင့် သူမထံ သက်ရောက်လာခဲ့ပြီး သူမနှင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပါ တစ်စစီ ချေမှုန်းပစ်လိုက်သည်။

“မြောက်ပိုင်းမင်နတ်ဂိုဏ်းကနေ ဘယ်သူထွက်ပြေးရဲလဲ.. သေချာကြည့်ထားကြ.. ဒါအားလုံးအတွက် နမူနာပဲ”

ပိုင်မင်ယွဲ့ကို ကျူးရှန်းစည်းတံဆိပ်ဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

အကယ်၍ မုန့်ချင်းရွှယ်သာ ယနေ့တွင် ပိုင်မင်ချောက်နက်ထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့လျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို မုန့်ချင်းရွှယ်နှင့်အတူ မြေမြှုပ်ပစ်မည်ဟု သူက ကျိန်ဆိုထားခဲ့ရာ မည်သူ့ကိုမျှ အသက်ရှင်လျက် ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။

ထို့အပြင် ပိုင်မင်ယွဲ့သည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရားမ ဖြစ်ပြီး ပိုင်မင်ဟန်နှင့် သားအဖ တော်စပ်သူလည်း ဖြစ်သည်။

မုန့်ချင်းရွှယ် ပိုင်မင်ချောက်နက်ထဲသို့ ပစ်ချခံရသော ကိစ္စတွင် ပိုင်မင်ဟန်တို့ သားအဖသည် တရားခံများ ဖြစ်ကြသည်။

သို့ဖြစ်ရာ ကျန်းချန် အနေဖြင့် သူမကို အလွယ်တကူ ထွက်ပြေးခွင့် မည်ကဲ့သို့ ပေးနိုင်ပါအံ့နည်း။

ကျန်းချန်က စည်းတံဆိပ် တစ်ခုကို ထုတ်ဖော်၍ ပိုင်မင်ယွဲ့အား သတ်ဖြတ်လိုက်သည်ကို မြင်လျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ ဂိုဏ်းဝင် အားလုံးသည် တိတ်ဆိတ်သွားခဲ့ကြသည်။

ဤအချိန်တွင် ကျန်းချန်ကို ရန်မူခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် မခြားကြောင်း သူတို့ ကောင်းစွာ သိရှိလိုက်ကြ၏။

ပိုင်မင်ယွဲ့နှင့်အတူ ထွက်ပြေးရန် ကြံစည်နေသော မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ အကြီးအကဲ နှစ်ဦးပင်လျှင် ငြိမ်ကုတ်သွားခဲ့သည်။

ထိုခဏဝယ် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ လူအားလုံးသည် ဂိုဏ်း၏ တားမြစ်နယ်မြေရှိ ပိုင်မင်ချောက်နက် ဆီသို့သာ မျှော်ကြည့်နေခဲ့ကြသည်။

ယခုအခါတွင် ရွှေတောင်ပံ လင်းယုန်ကြီးက မုန့်ချင်းရွှယ်ကို ပိုင်မင်ချောက်နက်ထဲကနေ ဘေးကင်းစွာ ကယ်ထုတ်လာနိုင်ဖို့သာ သူတို့အနေဖြင့် ဆုတောင်းနေကြရ၏။

သို့မဟုတ်လျှင် နတ်ဆိုးဆန်သော ကျန်းချန်သည် သူတို့ကို အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရင်းဖြင့်ပင် အချိန်များသည် တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။

အချိန်မည်မျှ ကြာသွားမှန်းပင် မသိလိုက်ပေ။

လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ တားမြစ်နယ်မြေ ဆီကနေ စူးရှသော လင်းယုန် ဟိန်းသံ တစ်သံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ရွှေတောင်ပံ လင်းယုန်ကြီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အနှိုင်းမဲ့လှပသော အမျိုးသမီးတစ်ဦးကို သယ်‌ဆောင်၍ တားမြစ်နယ်မြေဆီကနေ ပျံသန်းလာသည်ကို အားလုံးက မြင်လိုက်ကြသည်။

ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ ကျန်းချန် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည့် မုန့်ချင်းရွှယ်ပင် ဖြစ်သည်။

သို့သော် ဤအချိန်တွင် မုန့်ချင်းရွှယ်၏ လှပသော မျက်နှာလေးသည် အနည်းငယ် ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ရွှေတောင်ပံလင်းယုန်ကြီး၏ ကျောပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်။

သူမကို ကြည့်ရသည်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေသော အလှနတ်သမီးလေး တစ်ပါးကဲ့သို့ပင်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ပိုင်မင်ရင်နှင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ လူများသည် မျက်နှာအနည်းငယ် ပျက်ယွင်းသွားကြသည်။

ရွှေတောင်ပံ လင်းယုန်ကြီးက မုန့်ချင်းရွှယ်ကို ကယ်ထုတ်လာနိုင်ခဲ့သော်လည်း မုန့်ချင်းရွှယ်၏ အခြေအနေသည် သိသိသာသာပင် မကောင်းလှပေ။

ထို့ကြောင့် ကျန်းချန်က ထိုကိစ္စအတွက် မြောက်ပိုင်းမင်နတ်ဂိုဏ်းအပေါ်တွင် ဒေါသမပုံချရန်သာ သူတို့ မျှော်လင့်နေခဲ့ကြသည်။

“ကောင်လေး မင်းကံကောင်းတယ်.. ငါ မင်းအတွက် ကလေးမကို ခေါ်လာပေးနိုင်ခဲ့ပြီ”

မုန့်ချင်းရွှယ်ကို ကျန်းချန်ဆီသို့ ခေါ်ဆောင်လာပြီးနောက်တွင် ရွှေတောင်ပံ လင်းယုန်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်နတ်အလင်းတန်းများသည် အလွန်တရာပင် မှိန်ဖျော့သွားခဲ့သည်။

ယခု တစ်ကြိမ် ပိုင်မင်‌ချောက်နက် ထဲသို့ သွားရောက်ခြင်းသည် ရွှေတောင်ပံလင်းယုန်ကြီး၏ ကိုယ်ပွားကို အလွန်အမင်း စွမ်းအင် ကုန်ခမ်းစေခဲ့သည်မှာ ထင်ရှား၏။

ကျန်းချန်က ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“စီနီယာရဲ့ ကြီးမားလှတော့ ကျေးဇူးကို ကျန်းချန် ဘယ်တော့မှမမေ့ပါဘူး”

“နောင်တစ်ချိန် ငါ့ကိုယ်စား ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကိုသာ ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့”

ထိုစကားကို ပြောနေစဥ် ရွှေတောင်ပံလင်းယုန်ကြီး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မှေးမှိန်လာပြီး ပျောက်ကွယ်စပြုလာခဲ့သည်။

သူက ကျန်းချန် ပွေ့ချီထားသော မုန့်ချင်းရွှယ်ကို တစ်ချက်ကြည့်လိုက်သည်။

“အချိန်အနည်းငယ် ကျန်နေသေးတဲ့ အတွင်းမှာ ဒီမိန်းကလေးရဲ့အခြေအနေ အကြောင်း မင်းကို ပြောပြခဲ့မယ်”

“စီနီယာက ချင်းရွှယ် ဘာဖြစ်နေလဲဆိုတာ သိထားတယ်လား”

ကျန်းချန်က အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

သူက မုန့်ချင်းရွှယ်ကို ရွှေတောင်ပံ လင်းယုန်ကြီးထံကနေ လွှဲပြောင်းယူစဥ်က သူမ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

သို့သော်လည်း မုန့်ချင်းရွှယ်သည် တစ်စုံတစ်ရာသော အကြောင်းတချို့ကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေမှန်း သူ နားလည်ခဲ့၏။

“ငါ့စိတ်ထင် ဒီကလေးမရဲ့ လနတ်ကြမ္မာခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲမှု စတင်နေခဲ့ပြီ.. အောင်မြင်သွားရင်တော့ ဒီကလေးမက နတ်ဘုရားနယ်မြေရဲ့ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်ထဲက တစ်ခု ဖြစ်တဲ့ လနတ်ကြမ္မာခန္ဓာကိုယ် အဖြစ် လုံးဝပြောင်းလဲသွားလိမ့်မယ်.. လနတ်ကြမ္မာခန္ဓာကိုယ်က မင်းရဲ့နံဘေးက မိန်းကလေး ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ထက် မနိမ့်ကျတဲ့ ခန္ဓာကိုယ် အမျိုးအစားပဲ.. ဒါပေမဲ့ လနတ်ကြမ္မာ ခန္ဓာကိုယ်ရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်က ကြာမြင့်တဲ့ အပြင် အန္တရာယ်လည်း အရမ်းများတယ်.. တကယ်လို့ မင်းက ဒီကလေးမရဲ့ လနတ်ကြမ္မာခန္ဓာကိုယ်ကို အဆင်ပြေပြေ ပြောင်းလဲစေချင်တယ်ဆိုရင် ပစ္စည်းတစ်ခုကို ရအောင်ယူဖို့ လိုအပ်လိမ့်မယ်”

ရွှေတောင်ပံ လင်းယုန်ကြီးက လေးနက်စွာ ရှင်းပြလိုက်သည်။

ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“စီနီယာ.. စီနီယာပြောတဲ့ပစ္စည်းက ဘာပစ္စည်းလဲဆိုတာ သိပါရစေ”

“ရှေးခေတ်ကာလတုန်းက လရဲ့စွမ်းအားကို ထိန်းချုပ်ပြီး အုပ်စိုးသူအဆင့်ကို ရောက်ခဲ့တဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ရှိခဲ့တယ်.. သူ့ကို လနတ်ဘုရားလို့ ခေါ်ဆိုကြတယ်.. အဲဒီ လနတ်ဘုရားဆီမှာ လနတ်ကျောက်တုံးလို့ခေါ်တဲ့ ရတနာတစ်ပါး ရှိတယ်.. အဲဒီလနတ်ကျောက်တုံးက ကမ္ဘာပေါ်မှာ အစင်ကြယ်ဆုံးဖြစ်တဲ့ လစွမ်းအင်တွေကို စုစည်းထားတာပဲ.. မင်းသာ လနတ်ကျောက်တုံးကို ရအောင်ယူနိုင်မယ်ဆိုရင် ဒီမိန်းကလေးက လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အောင်မြင်စွာ ဆင့်ကဲ ပြောင်းလဲနိုင်လိမ့်မယ်”

စကားဆုံးသည်နှင့် ရွှေတောင်ပံ လင်းယုန်ကြီး၏ ကြည်လင်လုနီးပါး ဖြစ်နေသော ခန္ဓာကိုယ်သည် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၂၁၇)ပြီး၏။

အခန်း(၂၂၁၈)

“လနတ်ကျောက်တုံး”

ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားခဲ့သည်။

လနတ်ကျောက်တုံးသာ မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ်ကို ချောမွေ့စွာ ပြောင်းလဲရာတွင် အကူအညီပေးနိုင်မည်ဆိုလျှင် သူ့အနေဖြင့် မည်မျှပင် ကြိုးစားရပါစေ၊ လနတ်ကျောက်တုံးကို မရရအောင် ယူမည် ဖြစ်သည်။

“အစ်ကိုကျန်းချန်.. ကျွန်မတို့ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီ အရင်ပြန်ကြရအောင်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ အင်အားကို သုံးပြီး လနတ်ကျောက်တုံး ဘယ်နေရာမှာရှိသလဲဆိုတာ အရင်ရှာကြတာပေါ့”

ကူဖုန်းအာက ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

“ကောင်းပြီ”

ကျန်းချန်က ခေါင်းညိတ်လိုက်၏။

‌ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး ပြီးနောက်တွင် နတ်ကုန်းမြေတိုက်မှ အုပ်စိုးသူအဆင့် ကျင့်ကြံသူများနှင့် အစွမ်းထက် ကျင့်ကြံသူများစွာသည် နတ်ကုန်းမြေတိုက်ကနေ သဲလွန်စမကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

လနတ်‌ကျောက်တုံးသည် သဘာဝအလျောက် ဖြစ်တည်လာသော ရတနာမဟုတ်ဘဲ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်သည့် လနတ်ဘုရား၏ အထွတ်အထိပ်ရတနာ ဖြစ်ရာ ရှာတွေ့ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ထိပ်သီး အင်အားစုကြီး ဖြစ်သည်။

ထို့ကြောင့် ကူဖုန်းအာက နတ်ဘုရားမ တစ်ဦးအနေဖြင့် အမိန့်ပေး ရှာဖွေခိုင်းလျှင် ပုံမှန်ထက် နှစ်ဆပို၍ ထိရောက်လိမ့်မည်မဟုတ်ပါလော။

အကယ်၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထံကနေ လနတ်ကျောက်တုံး၏ သတင်းကို မရရှိခဲ့လျှင် ကျန်းချန်က ထျန်းကျီမျှော်စင်ဆီသို့ သွားရန် ဆုံးဖြတ်ထားခဲ့သည်။

“ကျန်းချန်.. ခဏနေပါဦး”

ကျန်းချန်နှင့် ကူဖုန်းအာတို့ မုန့်ချင်းရွှယ်ကို ခေါ်ဆောင်ကာ ထွက်ခွာတော့မည့် ဆဲဆဲတွင် ပိုင်မင်ရင်က သူတို့ကို ဟန့်တားလိုက်သည်။

ကျန်းချန်က နောက်လှည့်၍ ပိုင်မင်ရင်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဘာလဲ.. မုန့်ချင်းရွှယ်ကို ငါခေါ်သွားတာ မင်းတို့က တားချင်သေးလို့လား”

ပိုင်မင်ရင်က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

“သခင်လေးကျန်းချန်က နောက်နေပြန်ပါပြီ.. သခင်လေးကျန်းချန်က ခေါ်သွားချင်ရင် ကျွန်မက ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ.. မုန့်ချင်းရွှယ်ရဲ့ လက်ရှိအခြေအနေနဲ့ ဆိုရင် မြောက်ပိုင်းမင်နတ်ဂိုဏ်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထက် ပိုပြီးသင့်တော်လိမ့်မယ် ဆိုတာ သတိပေးချင်လို့ပါ”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်သဘာဝသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ပတ်ဝန်းကျင်နှင့် ပို၍ ကိုက်ညီမှုရှိသည်မှာ အမှန်တရား ဖြစ်၏။

အကယ်၍သာ မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင်သာ ရှိနေမည်ဆိုလျှင် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲ့ပြောင်းလဲမှု ဖြစ်စဥ်သည် ပို၍ အကျိုးရှိပေလိမ့်မည်။

သို့သော်လည်း သူက လနတ်ကျောက်တုံးကို သွားရောက်ရှာဖွေရမည်ဖြစ်မှာ မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် မုန့်ချင်းရွှယ်​နှင့် အမြဲတစေ ရှိနေနိုင်မည် မဟုတ်ပေ။

ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ထားခဲ့ရန် အနည်းငယ် စိုးရိမ်နေမိသည်။

“ကျန်းချန် စိတ်မပူပါနဲ့.. ဒီအဘွားကြီးက အသက်နဲ့လဲပြီး အာမခံပါတယ်.. မြောက်ပိုင်းမင်နတ်ဂိုဏ်းမှာ မုန့်ချင်းရွှယ် ဘာပြဿနာမှ ထပ်မကြုံစေရပါဘူး.. အခုကစပြီး မုန့်ချင်းရွှယ်က မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ နတ်ဘုရားမ ဖြစ်သလို ဂိုဏ်းရဲ့ အနာဂတ်အမွေဆက်ခံသူလည်း ဖြစ်လာပါလိမ့်မယ်”

ပိုင်မင်ရင်က အလျင်အမြန်ပင် ကျန်းချန်ကို ပြောလိုက်သည်။

ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ နတ်ဘုရင်သတ္တမအဆင့်ဘိုးဘေးသည် ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဂိုဏ်းချုပ်ပိုင်မင်ဟန်နှင့် နတ်ဘုရားမ ပိုင်မင်ယွဲ့ တို့သည်လည်း ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့ကြပြီ ဖြစ်၏။

သို့ဖြစ်ရာ ယခု တစ်ဂိုဏ်းလုံးတွင် စွမ်းအားနှင့် အဆင့်အတန်းအရ သူမသည် နံပါတ်တစ် ဖြစ်နေခဲ့ပြီ ဖြစ်ရာ သူမ၏ ဆုံးဖြတ်ချက်ကို မည်သူကမှ မလွှမ်းမိုးနိုင်‌တော့ပေ။

ဆိုရလျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အင်အားသည် ယခုအခါတွင် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်း၏ အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းရန် အတွက် မုန့်ချင်းရွှယ်ကို ဂိုဏ်းတွင် ထားရှိရန်မှာ တစ်ခုတည်းသော နည်လမ်းပင် ဖြစ်၏။

အကယ်၍ မုန့်ချင်းရွှယ်သာ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို ဦးဆောင်မည် ဆိုလျှင် မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့၏ ဆက်ဆံရေးကြောင့် မြောက်ပိုင်းမင်နတ်ဂိုဏ်းနှင့် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတို့၏ မဟာမိတ်ဆက်ဆံရေးသည်လည်း ပျက်ပြားသွားတော့မည် မဟုတ်ပေ။

ထို့အပြင် ကျန်းချန်ကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အစွမ်းထက် ကျင့်ကြံသူသည်လည်း မြောက်ပိုင်းမင်နတ်ဂိုဏ်းအတွင်း ကြီးမားသော အထောက်အပံ့ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။

အချိန်တန်လျှင် မြောက်ပိုင်းမင်နတ်ဂိုဏ်းသည် မဆုတ်ယုတ်သွားရုံတင်မက မုန့်ချင်းရွှယ်၏ ဦးဆောင်မှုအောက်တွင် အဆင့်သစ် တစ်ခုသို့ပင် ရောက်ရှိသွားနိုင်ပေသည်။

“အစ်ကိုကျန်းချန်.. မြောက်ပိုင်းမင်နတ်ဂိုဏ်းက ရေခဲလမ်းစဥ်နဲ့ အအေးစွမ်းအားကို အဓိကထားပြီး ကျင့်ကြံတာပါ.. ဂိုဏ်းအတွင်းမှာလည်း နတ်ဘုရင်တွေ ချန်ရစ်ခဲ့တဲ့ ကျင့်စဥ်တွေအများအပြား ရှိတဲ့အတွက် အစ်မချင်းရွှယ်အတွက် တကယ်ကို အကျိုးရှိပါတယ်.. အကယ်၍ အစ်ကို စိတ်မချသေးဘူးဆိုရင် ညီမ မြောက်ပိုင်းမင်နတ်ဂိုဏ်းဆီကို လူလွှတ်ပြီး အစ်မချင်းရွှယ်ကို ဂရုစိုက်ခိုင်းလိုက်ပါ့မယ်”

ကူဖုန်းအာက ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှ အခြားသော အဆင့်မြင့် အကြီးအကဲများကို ကြည့်ကာ မေးလိုက်သည်။

“အနာဂတ်မှာ မြောက်ပိုင်းမင်နတ်ဂိုဏ်းကို မုန့်ချင်းရွှယ်က ဦးဆောင်ရလိမ့်မယ်.. မင်းတို့မှာ ဘာပြောစရာရှိလဲ”

“ဘာမှပြောစရာမရှိပါဘူး သခင်လေးကျန်းချန်.. ကျွန်တော်တို့ အားလုံးက မုန့်ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အဖြစ် အပြည့်အဝ ထောက်ခံပါတယ်”

ဤအခိုက်အတန့်တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများသည် ကျန်းချန်၏ ကြောက်မက်ဖွယ် စွမ်းအင်များကြောင့် အလွန်အမင်း ထိတ်လန့်နေခဲ့ကြပြီ ဖြစ်ရာ တုံ့ဆိုင်းမနေဘဲ အလျင်အမြန်ပင် သဘောတူညီကြောင်း ထုတ်ဖော်လိုက်ကြသည်။

“ပိုင်မင်ရင်.. ချင်းရွှယ်ကို မင်းဆီမှာ အပ်ထားခဲ့မယ်.. ချင်းရွှယ် အနည်းငယ်လေး ထိခိုက်ခဲ့ရင်တောင် ငါ မင်းကိုပဲ အပြစ်ပေးရလိမ့်မယ်”

အဆုံးသတ်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲသည့် ဖြစ်စဥ်တွင် အန္တရာယ်များရှိနေခဲ့သည်။

သူနှင့်အတူ လိုက်ပါလာခြင်းထက် သူမ၏ ကျင့်စဥ်နှင့် ကိုက်ညီသော မြောက်ပိုင်းမင်နတ်ဂိုဏ်းတွင် ကျင့်ကြံရင်း ဆင့်ကဲပြောင်းခြင်းက ပို၍ သင့်တော်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။

“စိတ်ချပါ.. ဒီအဘွားကြီး အသက်ရှင်‌နေသရွေ့ ဘယ်သူကမှ သူမကို ထိခိုက်လို့ မရစေရဘူး”

ပိုင်မင်ရင်က မု့န်ချင်းရွှယ်ကို လက်ခံယူလိုက်ရင်း ကျန်းချန်ကို ကတိပေးလိုက်သည်။

ယနေ့တွင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အင်အားသည် အကြီးအကျယ် ထိခိုက်သွားခဲ့၏။

သို့သော်လည်း တစ်ချိန်က နတ်ကုန်းမြေတိုက်၏ ပထမတန်းစား နတ်ဘုရင်အဆင့် အင်အားစု ဖြစ်ခဲ့ဖူးသည် ဖြစ်ရာ မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အားမနည်းလှပေ။

နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်နေသော သူမ အပြင် အခြားသော နတ်ဘုရင်အဆင့် ကျင့်ကြံသူငါးဦးလည်း ရှိနေသေး၏။

ထို့အပြင် မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဝှက်ဖဲများဖြင့်သာ ဆိုလျှင် သာမန် နတ်ဘုရင် ပဉ္စမအဆင့်ကို ရင်ဆိုင်ရန်ပင် လုံလောက်၏။

ဤခွန်အားဖြင့်သာဆိုလျှင် သူတို့ဘက်က စပြီး အရင် ပြဿနာမရှာသရွေ့ မုန့်ချင်းရွှယ်၏ ဘေးကင်းမှုကို ကာကွယ်ရန်မှာ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။

ကျန်းချန်က စကားအများကြီး မပြောတော့ဘဲ မုန့်ချင်းရွှယ် ဘေးကင်းစေရန် အတွက် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏ ဝိညာဥ်အသိစိတ်ကို ထားရစ်ခဲ့ကာ ကူဖုန်းအာနှင့် အတူ မြောက်ပိုင်းမင်နတ်ဂိုဏ်းကနေ ထွက်ခွာလာခဲ့သည်။

“အခုချက်ချင်း ဂိုဏ်းကာကွယ်‌ရေး အစီအရင်ကို ဖွင့်လိုက်တော့.. အခုအချိန်ကစပြီး မြောက်ပိုင်းမင်နတ်ဂိုဏ်းရဲ့ ဂိတ်တံခါးကို ပိတ်ထားလိုက်ပြီ.. ခွင့်ပြုချက်မရှိဘဲ ဘယ်သူကမှ ဂိုဏ်းထဲကို ဝင်ထွက်သွားလာခွင့်မရှိဘူး.. အမိန့်ကို ချိုးဖောက်ရင် သေလမ်းတစ်လမ်းပဲ ရှိတယ်”

ကျန်းချန်တို့နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် ပိုင်မင်ရင်သည် ချက်ချင်းဆိုသလိုပင် အမိန့်ထုတ်ပြန်လိုက်သည်။

မုန့်ချင်းရွှယ်၏ ရှင်သန်မှုသည် မြောက်ပိုင်းမင်နတ်ဂိုဏ်း တစ်ဂိုဏ်းလုံး၏ ကြီးပွားခြင်း သို့မဟုတ် ဆုတ်ယုတ်ခြင်းနှင့် တိုက်ရိုက် သက်ဆိုင်နေခဲ့၏။

ထို့ကြောင့် မည်သည့် မတော်တဆဖြစ်ရပ်များ မဖြစ်ပျက်လာစေရန် အတွက် ပိုင်မင်ရင်သည် ကျန်းချန် ပြန်လာသည် အထိ မုန့်ချင်းရွှယ်ကို အနီးကပ် ဂရုစိုက်ကာ စောင့်ရှောက်ရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန်းချန်နှင့် ကူဖုန်းအာ တို့သည် မြောက်ပိုင်းမင်နတ်ဂိုဏ်းမှထွက်ခွာလာပြီးနောက်တွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုဆီသို့ တိုက်ရိုက်ပင် ပြန်လာခဲ့ကြသည်။

ကူဖုန်းအာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ နတ်ဘုရားမအဆင့်အတန်းကို အသုံးပြုကာ လနတ်ကျောက်တုံးကို ရှာဖွေရန် အမိန့်ချက်ချင်း ထုတ်ပြန်လိုက်၏။

ထို့အပြင် သူတို့နှစ်ဦးသည် အားလပ်မှုများအား လျစ်လျူရှု၍ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ စာကြည့်တိုက်သို့သွားရောက်ကာ ရှေးဟောင်းကျမ်းစားများကို ဖတ်ရှုပြီး လနတ်ကျောက်တုံးနှင့် ပတ်သက်သည့် သဲလွန်စများကို ရှာဖွေခဲ့ကြသည်။

ဤသို့ဖြင့် ရက်ပေါင်း အတန်ကြာပြီးနောက်တွင် သူတို့နှစ်ဦးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကျမ်းစာများစွာကို လှန်လှောရှာဖွေခဲ့ပြီး လနတ်ဘုရားနှင့် ပတ်သက်သည့် မှတ်တမ်းများစွာကို တွေ့ရှိခဲ့ကြသည်။

သို့သော်လည်း ထိုမှတ်တမ်းများ​ထဲတွင် လနတ်ကျောက်တုံး ရှိနိုင်သည့် နေရာနှင့် ပတ်သက်၍မူ မည်သည့် သဲလွန်စမှ မပါရှိခဲ့ပေ။

ထို့အပြင် ကူဖုန်းအာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ အင်အားကို အသုံးပြု၍ လနတ်ကျောက်တုံးကို ရှာဖွေခိုင်းခဲ့သော်လည်း မည်သည့် တုံ့ပြန်ချက်ကိုမှ မရရှိသေးချေ။

“ညီမလေး.. ဒီလနတ်ကျောက်တုံးကို ရှာဖို့က မလွယ်လောက်ဘူးထင်တယ်.. ငါတို့ ထျန်းကျီမျှော်စင်ကိုပဲ သွားကြရအောင်”

ကျန်းချန်က အချိန်ကို ဆက်လက် မဖြုန်းတီးလိုသဖြင့် ကူဖုန်းအာကို တိုက်ရိုက်ပင် ပြောလိုက်သည်။

ယခုအခါတွင် မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာ ခန္ဓာကိုယ်သည် ဆင့်ကဲပြောင်းလဲနေသည့် အရေးကြီးသော ကာလသို့ ရောက်ရှိနေခဲ့သည်။

ထို့ကြောင့် လနတ်ကျောက်တုံးကို တစ်ရက်စောပြီး ရှာတွေ့နိုင်လေလေ၊ မုန့်ချင်းရွှယ် အတွက် အန္တရာယ်နည်းလေလေ ဖြစ်၏။

သို့ဖြစ်ရာ လနတ်ကျောက်တုံးနှင့် ပတ်သက်သည့် သတင်းကို အလျင်အမြန် ရရှိလိုလျှင် အကောင်းဆုံး နည်းလမ်းသည် ထျန်းကျီမျှော်စင်သို့ သွားရောက်ကာ သတင်းအချက်အလက်ဝယ်ယူရန်ပင် ဖြစ်သည်။

ကူဖုန်းအာက ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ် အစ်ကိုကျန်းချန်.. ကျွန်မတို့ ထျန်းကျီမျှော်စင်ရဲ့ဌာနချုပ်ကိုပဲ တိုက်ရိုက်သွားကြတာပေါ့”

ယခုအခါတွင် အစ်မချင်းရွှယ်သည် လနတ်ကျောက်တုံးကို အလွန်အမင်း လိုအပ်နေသည် ဖြစ်ရာ လနတ်ကျောက်တုံးကို စောစောရှာတွေ့လေ ပိုကောင်းလေဟု သူမ ဆုံးဖြတ်ထားခဲ့သည်။

ထို့ကြောင့်ပင် ကူဖုန်းအာသည် တုံ့ဆိုင်းမနေဘဲ ကျန်းချန်နှင့်အတူ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုထဲကနေ ထွက်ခွာလာခဲ့ပြီး ထျန်းကျီမျှော်စင်၏ ဌာနချုပ်ရှိရာ ဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။

အခန်း(၂၂၁၈)ပြီး၏။

All Chapters