အခန်း (၂၂၁၉-၂၂၂၀)
Vol. 162 Ch. 2219-2220
အခန်း(၂၂၁၉)
ထျန်းကျီမြို့တော်သည် နတ်ကုန်းမြေတိုက်တွင် နာမည်ကျော်ကြားသော မြို့များထဲမှ တစ်မြို့ ဖြစ်ပြီး ထျန်းကျီမျှော်စင်၏ ဌာနချုပ် တည်ရှိရာမြို့လည်း ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ ရှေးအကျဆုံး အင်အားစု ဖြစ်၍ ထျန်းကျီမျှော်စင်၏ ဂိုဏ်းခွဲများသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးနီးပါးတွင် ပျံနှံ့နေခဲ့သည်။
ဆိုရလျှင် ထျန်းကျီမျှော်စင်သည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှ၏။
နတ်ဘုရားနယ်မြေ တစ်ခုလုံးတွင် ထျန်းကျီမျှော်စင်က မည်သည့်အချိန်က ပေါ်ပေါက်လာ၍ မည်သူ တည်ထောင်ခဲ့သည်ကို သိရှိသူ အလွန်တရာပင် နည်းပါးသည်။
ထျန်းကျီမျှော်စင်သည် ဤကမ္ဘာလောကတွင် ဖြစ်ပျက်သမျှအရာအားလုံးကို သိရှိသည်ဟု လူသိများ၏။
သင့်အနေဖြင့် ထျန်းကျီမျှော်စင်မှ သတ်မှတ်ထားသည့် တန်ဖိုးကို ပေးဆောင်နိုင်သရွေ့ ထျန်းကျီမျှော်စင်ကနေ သင်လိုချင်သည့် သတင်း အချက်အလက်ကို ရရှိနိုင်မည်ဖြစ်သည်။
လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ဆောင်ရွက်ခြင်း အပြင် ထျန်းကျီမျှော်စင်သည် အမြဲတစေ သိုသိုသိပ်သိပ် နေထိုင်လေ့ရှိပြီး ၎င်း၏ စစ်မှန်သောစွမ်းရည်ကို ပြသခဲ့သည်။
သို့သော်လည်း ထျန်းကျီမျှော်စင်၏ အကြောင်းကို အနည်းငယ် သိထားသည့် မည်သူမဆို ထျန်းကျီမျှော်စင်က မည်မျှအထိ လျှို့ဝှက်ဆန်းကြယ်မှန်း သိရှိကြလိမ့်မည်ဖြစ်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းရာချီက မြောက်ပိုင်းမင်နတ်ဂိုဏ်းထက် မနိမ့်သော ပထမတန်းစား အင်အားစုတစ်စု ရှိခဲ့ဖူးသည်။
ထိုအင်အားစုသည် ထျန်းကျီမျှော်စင်ကို ဒေါသထွက်စေခဲ့ရာ ရလဒ်အနေဖြင့် တစ်ညတည်း အတွင်း နတ်ကုန်းမြေတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။
ထို့ကြောင့်ပင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ နတ်ကုန်းမြေတိုက်၏ ထိပ်သီးအင်အားစုများ ပင်လျှင် ထျန်းကျီမျှော်စင်ကို လေးစားကြောက်ရွံ့ကြသည်။
ထျန်းကျီမြို့တော်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုနှင့် မိုင်ပေါင်းသန်းရာချီ ကွာဝေးသော နေရာတွင် တည်ရှိပြီး နတ်ကုန်းမြေတိုက်၏ ဗဟိုချက်မတွင် တည်ရှိသည်ဟု ဆိုနိုင်၏။
ထျန်းကျီမျှော်စင်၏ တည်ရှိမှုကြောင့် ထျန်းကျီမြို့တော်သည် နတ်ကုန်းမြေတိုက်၏ နာမည်အကျော်ကြားဆုံး မြို့တော် ဖြစ်လာသည့် အပြင် နတ်ကုန်းမြေတိုက်၏ အရောင်းအဝယ်ပြုလုပ်သော နေရာများထဲတွင် အဆင့်အမြင့်ဆုံး နေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။
ဤမြို့တော်တွင် နတ်ဘုရင်အဆင့် ကျင့်စဥ်အမျိုးမျိုးနှင့် ရှေးဟောင်းနတ်လက်နက် ပစ္စည်းများသည် ရှားပါးသောအရာများ မဟုတ်ပေ။
သို့သော်လည်း သင့်အနေဖြင့် တစ်စုံတစ်ရာကို လိုချင်လျှင် တစ်ဖက်လူ ကျေနပ်လောက်သည့် အရာတစ်ခုနှင့် လဲလှယ်ရမည် ဖြစ်ပြီး မသမာသော နည်းလမ်းကို လုံးဝ ပြုလုပ်၍မရချေ။
ဆိုရလျှင် ထျန်းကျီမြို့တော်သည် ထျန်းကျီမျှော်စင်၏ နယ်မြေ ဖြစ်သည်။
မြို့တော်အတွင်းရှိ ကုန်သွယ်မှု စည်းမျဥ်းများကို ထျန်းကျီမျှော်စင်က ချမှတ်ထားခြင်း ဖြစ်ရာ ထိုစည်းမျဥ်းကို မည်သူက အလွယ်တကူ ဖျက်ဆီးဝံ့ပါအံ့နည်း။
ဤနှစ်ပေါင်းများစွာ အတွင်း ထျန်းကျီမျှော်စင်၏ စည်းမျဥ်းများကို ဖောက်ဖျက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း ရလဒ်ကမူ သေလမ်း တစ်လမ်းတည်းသာ ရှိခဲ့သည်။
ထိုအချက်ကြောင့်ပင် ထျန်းကျီမြို့တော်သည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ အတွက် စိတ်အချရဆုံး ကုန်သွယ်ရေး မြို့တော်များထဲမှ တစ်မြို့ ဖြစ်လာခဲ့၏။
ထူးခြားဆန်းပြားသော ရတနာများကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူအချို့သည် ကုန်သွယ်မှုများ ပြုလုပ်ရန်အတွက် တုံ့ဆိုင်းမနေဘဲ ထျန်းကျီ မြို့တော်သို့သာ လာရောက်ရန် အမြဲတစေ ရွေးချယ်ခဲ့ကြသည်။
“ရွှစ်..”
ထျန်းကျီမြို့တော်၏အပြင်ဘက်ရှိ တိမ်ကင်းစင်သော ကောင်းကင်ယံထက်တွင် ရုတ်တရက် လေထုကို ထိုးခွဲလာသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ပုံရိပ်နှစ်ခုသည် ထျန်းကျီမြို့တော်၏ ပြင်ပတွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်ထွက်လာခဲ့သည်။
“အစ်ကိုကျန်းချန်.. ထျန်းကျီမြို့တော်ကို ရောက်ပြီ”
ဤနှစ်ဦးသည် အခြားသူများ မဟုတ်ဘဲ ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကနေ ထျန်းကျီမြို့တော်သို့ ခရီးထွက်လာကြသော ကျန်းချန်နှင့် ကူဖုန်းအာ တို့ပင် ဖြစ်သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထျန်းကျီမြို့တော် ဆီသို့ ဦးတည်နေကြသော ပတ်ဝန်းကျင်မှ လူများကို အကဲခတ်လိုက်သည်။
ထိုအခါ သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤလူများသည် အစွမ်းထက်ကြပြီး အားအနည်းဆုံးသူပင် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိနေခဲ့ကြသည်။
အများစုကမူ ကြယ်နှစ်ပွင့် ကောင်းကင်အရှင်အဆင့်နှင့် ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်များ ဖြစ်ကြ၏။
ထိုမျှသာမက မဟာလမ်းစဥ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် နတ်ဘုရင်အဆင့် ကျင့်ကြံသူလည်း တစ်ဦးမက ရှိနေခဲ့၏။
ထိုအထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူသည် နတ်ဘုရင်စတုတ္ထအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သိထားရမည့်အချက်မှာ နတ်ဘုရင်အဆင့်တွင် အဆင့်တစ်ဆင့်နှင့် တစ်ဆင့်ကြား ကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။
နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင် အများစုသည် နတ်ဘုရင်စတုတ္ထအဆင့်အောက်တွင်သာ ရှိကြသည်။
ဆိုရလျှင် နတ်ဘုရင် စတုတ္ထအဆင့်သည် နတ်ကုန်းမြေတိုက်တွင် အလွန်တရာ ရှားပါးလှ၏။
မြောက်ပိုင်းမင်နတ်ဂိုဏ်း ကဲ့သို့ ပထမတန်းစား နတ်ဘုရင်အင်အားစုတွင်ပင် ပျောက်ဆုံးနေသော နတ်ဘုရင်သတ္တမအဆင့် ဘိုးဘေးမှလွဲလျှင် နတ်ဘုရင် စတုတ္ထအဆင့် ဟူ၍ ပိုင်မင်ဟန် နှင့် ပိုင်မင်ရင်တို့ နှစ်ဦးသာ ရှိကြသည် မဟုတ်ပါလော။
“အစ်ကိုကျန်းချန်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ စီနီယာတစ်ယောက်က ထျန်းကျီမြို့တော်မှာ တစ်နှစ်ပတ်လုံး နေထိုင်လေ့ရှိပြီး ထျန်းကျီမျှော်စင်ရဲ့ အကြီးအကဲ တစ်ယောက်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်.. အဲဒီ စီနီယာကို ထျန်းကျီမျှော်စင်နဲ့ဆက်သွယ်ပေးဖို့ ညီမ ပြောထားပြီးပြီ.. ခဏတော့ အချိန်ယူရလိမ့်မယ် ထင်တယ်”
ကူဖုန်းအာက ပြုံးရွှင်စွာ ပြောလိုက်သည်။
“ညီမတို့ ထျန်းကျီမြို့တော်ကို အရင်ပတ်ကြည့်ကြမလား.. အပြင်လောကမှာ ရှားပါးတဲ့ရတနာတွေ ဒီမြို့မှာ အများကြီးရှိတယ်”
“ကောင်းပြီလေ”
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် စူးစမ်းလိုသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားခဲ့၏။
သူကိုယ်တိုင်လည်း နတ်ကုန်းမြေတိုက်တွင် အဆင့်အမြင့်ဆုံး အရောင်းအဝယ် ပြုလုပ်သောနေရာဟု လူသိများသည့် ထျန်းကျီမြို့တော်သည် မည်မျှအထိ အဆင့်မြင့်သည်ကို သိမြင်ချင်နေခဲ့သည်။
သူတို့နှစ်ဦးက ပြောပြောဆိုဆိုဖြင့်ပင် ထျန်းကျီမြို့တော် ထဲသို့ တိုက်ရိုက်ပင် ပျံသန်းကာ ဝင်ရောက်သွားခဲ့ကြသည်။
ထျန်းကျီမြို့တော်သည် နတ်ကုန်းမြေတိုက်၏ အခြားသောအင်အားစုများနှင့် မတူဘဲ အလွန် လွတ်လပ်ပုံရပြီး ဝင်ထွက် သွားလာနေကြသော ကျင့်ကြံသူများ အပေါ်တွင် မည်သည့် ကန့်သတ်ချက်မျှ မရှိပေ။
အပေါ်ယံကြည့်လျှင် အလွန်တရာပင် ပေါ့လျော့သည်ဟု ထင်ရသော်လည်း မည်သည့် ကျင့်ကြံသူကမှ ထျန်းကျီမြို့တော်ထဲတွင် မရမ်းကားဝံ့ကြချေ။
ထျန်းကျီမြို့တော်၏ အကြောင်းကို အနည်းငယ် သိရှိသူ မည်သူမဆို ထျန်းကျီမျှော်စင်က သတ်မှတ်ထားသော စည်းမျဥ်းများကို ဖောက်ဖျက်လျှင် မည်မျှအထိ ဆိုးရွားစွာ ခံစားရမည်ကို သိရှိထားကြ၏။
ထျန်းကျီမြို့တော်ထဲသို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်နှင့်ကူဖုန်းအာတို့ နှစ်ဦးသည် လူသွားလူလာများသော လမ်းမကြီး တစ်ခုဆီသို့ ရောက်လာခဲ့သည်။
လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင် ကျောက်စင်မြင့်များ ရှိနေခဲ့၏။
ထိုကျောက်စင်မြင့်များ ပေါ်တွင် အမျိုးမျိုးသော ရတနာများကို တင်ထားကြပြီး ထိုရတနာများထံကနေ အလင်းတန်းများ ခပ်မှိန်မှိန် ဖြာထွက်နေခဲ့သည်။
အနက်ရောင် ကျောက်စင်မြင့်များ၏ အနောက်ဘက်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော လူတချို့ ရှိနေခဲ့ပြီး ထိုသူများသည် ထိုရတနာများကို ရောင်းချသူများ ဖြစ်ကြသည်မှာ ထင်ရှားနေခဲ့သည်။
ကျန်းချန်က အနက်ရောင် ကျောက်စင်မြင့်များ ပေါ်သို့ အကဲခတ်လိုက်ရာ စုံလင်လှသော ပစ္စည်းအမျိုးမျိုးသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
“နတ်ဘုရင်လက်သီးသိုင်း၊ မီးလျှံဘုရင်လက်သီးသိုင်း ၊နတ်ဘုရင်ကျင့်စဥ်၊ မိုးကြိုးတစ်သောင်း အချုပ်အနှောင်ကျင့်စဥ်၊ မိုးကြိုးအထူးပြု နတ်လမ်းစဥ်ကို ဥာဏ်အလင်းပွင့်စေမဲ့ မိုးကြိုးကျောက်တုံး”
“..............”
အနက်ရောင်ကျောက်စင်မြင့်ပေါ်မှာ ပစ္စည်းများကို ကြည့်ရင်း ကျန်းချန်သည် စိတ်ထဲကနေ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်သည်။
ဤထျန်းကျီမြို့တော်သည် နတ်ဘုရားနယ်မြေ၏ အဆင့်အမြင့်ဆုံး အရောင်းအဝယ် ပြုလုပ်သောနေရာဟု ခေါ်ဆိုရန် ထိုက်တန်လှ၏။
ရတနာများဖြင့် ပြည့်နှက်နေသော မြို့တော်ဟု ဆိုလျှင်ပင် မှားအံ့မထင်။
ထို့အပြင် ဤနေရာရှိ ရတနာတိုင်းသည် သာမန် ကျင့်ကြံသူများအတွက် တန်ဖိုးဖြတ်၍မရသော ရတနာများ ဖြစ်ကြသည်။
ထိုရတနာများစွာထဲတွင် ကျန်းချန် ကိုယ်တိုင် အလွန်အမင်းလိုချင်သော ရတနာများလည်း ပါဝင်နေခဲ့သည်။
သို့သော်လည်း ထျန်းကျီမြို့တော်ရှိ အရောင်းအဝယ်များသည် များသောအားဖြင့် လူနည်းစုသာ ရောင်းချလေ့ရှိပြီး အားလုံးနီးပါးသည် သူတို့ လိုအပ်သောအရာများနှင့် ပြန်လည် လဲလှယ်ခြင်းမျိုးသာ ဖြစ်ကြသည်။
ကျန်းချန်က ရတနာတချို့ကို စိတ်ဝင်စားခဲ့သော်လည်း တစ်ဖက်လူ လိုအပ်သည့် ပစ္စည်းမျိုးကို မပေးနိုင်ခဲ့ပေ။
တစ်ခါတစ်ရံ သူပေးနိုင်သည့် အရာမျိုးနှင့် တွေ့ခဲ့လျှင်ပင် တစ်ဖက်လူ တောင်းဆိုသော စျေးနှုန်းသည် ရောင်းချသောပစ္စည်း၏ တန်ဖိုးထက် များစွာ မြင့်မားနေသဖြင့် အဆုံးသတ်တွင် လက်လျှော့လိုက်ရုံသာ ရှိခဲ့သည်။
“အစ်ကိုကျန်းချန်.. ထျန်းကျီမြို့တော်မှာ မြေခွေးအိုကြီးတွေလို လည်တဲ့လူတွေ အများကြီးရှိတယ်.. သူတို့ဆီကနေ စျေးပေါပေါနဲ့ ရဖို့ဆိုတာ မလွယ်လောက်ဘူး”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကူဖုန်းအာသည် ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ကူဖုန်းအာကို ပြောလိုက်၏။
“အဆင်ပြေပါတယ်.. အစကတည်းက ဒီကိုလာတာ အရောင်းအဝယ်လုပ်ဖို့မှ မဟုတ်တာပဲ”
အစောပိုင်းက သူစိတ်ဝင်စားခဲ့သော ရတနာတချို့သည် ကောင်းမွန်သောရတနာများ ဖြစ်သော်လည်း ထိုရတနာများကို သေချာပေါက် ရရှိရန် မလိုအပ်ပေ။
ထို့အပြင် တစ်ဖက်သား တောင်းဆိုသော စျေးနှုန်းသည် အလွန်တရာ မြင့်မားနေသဖြင့် သူက အမြတ်ထုတ်ခံမည်မဟုတ်ချေ။
ဤသို့ဖြင့်ပင် ကျန်းချန်နှင့် ကူဖုန်းအာတို့ နှစ်ဦးသည် ထျန်းကျီမြို့တော်ထဲတွင် လည်ပတ်နေခဲ့ကြပြီး လမ်းမ၏ ဘေးတစ်ဖက်စီတွင် ရောင်းချနေသော ရတနာများကို ကြည့်ရှုနေခဲ့သည်။
သို့ရာတွင် လမ်းဘေးတွင် ရတနာများစွာ ရှိနေသော်လည်း ကျန်းချန်တို့သည် မည်သည့် ရတနာနှင့်မှ မလဲလှယ်ခဲ့ပေ။
ထိုအခိုက်အတန့်မှာပင် ကျန်းချန်သည် တစ်စုံတစ်ရာကို ရုတ်တရက် ခံစားမိလိုက်သည်။
သူ၏ ခြေလှမ်းများက ရပ်တန့်သွားခဲ့ပြီး ညာဘက်ရှိ အနက်ရောင် ကျောက်စင်မြင့် တစ်ခု ဆီသို့ လှမ်းမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
အခန်း(၂၂၁၉)ပြီး၏။
အခန်း(၂၂၂၀)
ကျန်းချန်က အနက်ရောင် ကျောက်စင်မြင့်ပေါ်သို့ ကြည့်လိုက်ရာ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ရွှေရောင် အရာဝတ္ထုတစ်ခု ပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။
ထိုရွှေရောင်အရာဝတ္ထုသည် သတ္တုအပိုင်းအစ တစ်ခု ဖြစ်ပြီး လက်နက် တစ်ခု၏ ပျောက်ဆုံးနေသော အစိတ်အပိုင်းနှင့် ဆင်တူနေခဲ့သည်။
“ဒီသတ္တုအပိုင်းအစက ငါရထားတဲ့ ရှေးဟောင်းရွှေရောင်ဓားနဲ့ ဆက်နွှယ်မှု ရှိနေပါလား”
ကျန်းချန်က မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော လျှို့ဝှက်ဆန်းကြယ်သည့် သတ္တုအပိုင်းအစကို အသေအချာ စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစသည် ရှေးဟောင်း ရွှေရောင်ဓားနှင့် ဆက်နွှယ်မှု ရှိနေသည့် အပြင် သံလိုက်တစ်ခု ကဲ့သို့ပင် ပြုမူနေပြီး ရှေးဟောင်းရွှေရောင်ဓားကို ဆွဲဆောင်နေခဲ့သည်။
အကယ်၍ သူသာ ရှေးဟောင်းရွှေရောင်ဓားကို မထိန်းချုပ်ထားခဲ့လျှင် ထိုဓားသည် လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစ ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားလိမ့်မည်မှာ သေချာသလောက် ဖြစ်၏။
ကျန်းချန်က ထိတ်လန့် တုန်လှုပ်နေမိသည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထံကနေ သူရရှိခဲ့သည့် ရှေးဟောင်းရွှေရောင်ဓားသည် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ပေါင်းစည်းနိုင်ခဲ့သည် ဖြစ်ရာ ထိုရှေးဟောင်း ရွှေရောင်ဓားသည် လူသားဧကရာဇ်ဓားနှင့် နီးကပ်သော ပတ်သက်ဆက်နွှယ်မှု ရှိနေသည်မှာ ထင်ရှားသည်။
ယခု လျှို့ဝှက်ဆန်းကြယ်သော သတ္တု အပိုင်းအစသည်လည်း ရှေးဟောင်းရွှေရောင်ဓားနှင့် ဆက်နွှယ်မှု ရှိနေခဲ့သည် ဖြစ်ရာ ၎င်းသည်လည်း လူသားဧကရာဇ်ဓားနှင့် ဆက်စပ်နေနိုင်သည် မဟုတ်ပါလော။
ထိုသို့ တွေးမိသည်နှင့် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လက်ခနဲ ဖြစ်သွားခဲ့သည်။
သူသိထားသလောက် ဆိုလျှင် ရှေးခေတ်ကာလမှ မဟာကပ်ဘေးကြီး အတွင်း နတ်ကုန်းမြေတိုက်၏ သန္ဓေတာအိုနတ်လက်နက် ဆယ်ခုလုံးသည် ပျောက်ဆုံးသွားခဲ့ပြီး လူသားဧကရာဇ်ဓားသည်လည်း ခြွင်းချက် မဟုတ်ခဲ့ပေ။
ယခုသူက လူသားဧကရာဇ်ဓားနှင့် ပတ်သက်သည့် အပိုင်းအစများကို တစ်ခုပြီးတစ်ခု တွေ့ကြုံနေရသည် ဖြစ်ရာ သူ၏ စိတ်ထဲတွင် ခန့်မှန်းချက် တစ်ခုပင် ရှိလာခဲ့၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအချိန်က နတ်ဘုရားနယ်မြေ၏ မဟာကပ်ဘေးအတွင်း လူသားဧကရာဇ်ဓားသည် ကြေမွသွားခဲ့ခြင်း ဖြစ်နိုင်ခြေအလွန်များ၏။
ဆိုရလျှင် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံထဲကနေ သူရရှိခဲ့သော ရှေးဟောင်းရွှေရောင်ဓားသည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်း တစ်ခုကနေ ပြုလုပ်ထားခြင်း ဖြစ်နိုင်လောက်သည်။
ထို့အပြင် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစသည်လည်း လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နိုင်ခြေ အလွန်များသည်။
“အစ်ကိုကျန်းချန် ဘာဖြစ်လို့လဲ”
ထိုခဏတွင် ကူဖုန်းအာသည် ကျန်းချန်၏ ထူးခြားသည့်အမူအရာကို သတိပြုမိသွားပြီး စူးစမ်းစွာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး.. ငါ့အတွက် အရမ်း အသုံးဝင်မဲ့ပစ္စည်းတစ်ခုကို တွေ့လိုက်ရလို့ပါ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် အနက်ရောင် ကျောက်စင်မြင့် ဆီသို့ တိုက်ရိုက်ပင် ချဥ်းကပ်သွားခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သောသတ္တုသည် သူခန့်မှန်းထားသကဲ့သို့ လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်း ဟုတ်မဟုတ် အရေးမကြီးပေ။
ထိုအရာက ရှေးဟောင်းရွှေရောင်ဓားကို အာရုံခံနိုင်နေသည်ဖြစ်ရာ သူ့အနေဖြင့် အလွယ်တကူ လျစ်လျူရှုမည် မဟုတ်ပေ။
ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစ ရှိသည့် အနက်ရောင် ကျောက်စင်မြင့် ဆီသို့ ရောက်ရှိလာခဲ့သည်။
ကျောက်စင်မြင့်၏ အနောက်ဘက်တွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် မျက်ဝန်းများကို မှိတ်ထားခဲ့ပြီး တင်ပျဥ်ခွေထိုင်နေခဲ့သည်။
ကျန်းချန်က အနက်ရောင် ကျောက်စင်မြင့် ရှေ့သို့ ရောက်ရှိလာခဲ့သည့်တိုင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်တို့ကို ကြည့်ရှုရန် အတွက် မျက်လုံးဖွင့်မလာခဲ့ပေ။
“စီနီယာ.. စီနီယာဆီက ဒီသတ္တုအပိုင်းအစကို ဘာနဲ့ လဲလှယ်ရမလဲဆိုတာ သိပါရစေ”
ကျန်းချန်က ထိုအချက်ကို ဂရုမစိုက်ဘဲ ကျောက်စင်မြင့်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစကို ကြည့်ကာ မေးလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီသတ္တုအပိုင်းအစက လဲဖို့မဟုတ်ဘူး”
“မလဲဘူး ဟုတ်လား”
ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။
[ချီး.. ဒီအဘိုးကြီးက လူကို သက်သက်မဲ့ နောက်နေတာလား.. လဲလှယ်ဖို့ အစီအစဥ်မရှိမှတော့ ဘာလို့ အပြင်မှာ ထုတ်ထားရတာလဲ]
ကျန်းချန်က စိတ်ထဲကနေ ပြောဆိုလိုက်သည်။
ထို့နောက်တွင် သူက အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“စီနီယာ.. ကျွန်တော်က စီနီယာဆီက ဒီသတ္တုအပိုင်းအစကို အရမ်း စိတ်ဝင်စားလို့ပါ.. ဘယ်လိုပစ္စည်းမျိုးနဲ့ လဲလှယ်ရင် ရမလဲဆိုတာ သိချင်ပါတယ်”
ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစကို ကြည့်ရှုနေသည့် ကူဖုန်းအာ၏အကြည့်တွင်လည်း ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ထျန်းကျီမြို့တော်ကို ရောက်လာကတည်းကပင် သူတို့သည် လမ်းတစ်လျှောက်တွင် ကောင်းမွန်သော ရတနာ အများအပြားကို တွေ့ခဲ့ရသည်။
သို့သော်လည်း ကျန်းချန်သည် အကျဥ်းချုံးမျှသာ မေးမြန်းခဲ့ပြီး လက်လျှော့ရန်သာ ရွေးချယ်ခဲ့၏။
ဆိုရလျှင် သူမ ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော သတ္တုသည် ကျန်းချန် ပထမဆုံးအကြိမ် အလွန်အမင်း အလိုရှိနေသည့် ပစ္စည်းဆိုလည်း မမှားပေ။
ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တု အပိုင်းအစသည် ပြိုင်ဘက်ကင်းရတနာ တစ်ခုခုများ ဖြစ်နေပါသလော။
“ဒီပစ္စည်းကို ဘာနဲ့မှ မလဲဘူးလို့ ငါပြောပြီးပြီလေ”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို တစ်ချက်အကဲခတ်ပြီးနောက်တွင် အေးစက်စက် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းအနေနဲ့ ဒီသတ္တုအပိုင်းအစကို လိုချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. ငါ့ရဲ့ တောင်းဆိုမှုတစ်ခုကို သဘောတူပေးမယ်ဆိုရင် ဒီသတ္တုအပိုင်းအစကို မင်းဆီပေးနိုင်တယ်”
ကျန်းချန်၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားခဲ့သည်။
“စီနီယာ တောင်းဆိုချင်တဲ့ အခြေအနေက ဘာလဲဆိုတာ သိပါရစေ”
“ခဏနေရင် ငါတစ်နေရာကို သွားဖို့ရှိတယ်.. အဲဒီအတွက် ငါ့ကို အကူအညီပေးနိုင်မဲ့ လူတချို့ လိုအပ်တယ်”
ထိုစကားကိုပြောနေစဥ် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ လက်ဖဝါးထက်တွင် ရိုးရှင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် စာလိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းသာ တကယ်ပဲ ဒီသတ္တုအပိုင်းအစကို လိုချင်တယ်ဆိုရင် ဒီစာလိပ်ပေါ်မှာ မင်းရဲ့နာမည်ကို ရေးထိုးလိုက်ပါ.. ဒါဆိုရင်တော့ ဒီသတ္တုအပိုင်းအစက မင်းရဲ့အပိုင်ပဲ”
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒါက ဘာစာလိပ်လဲ”
“အစ်ကိုကျန်းချန်.. ဒါက ကတိစာချုပ် ဖြစ်မယ်ထင်တယ်.. ဒီစာချုပ်ပေါ်မှာ နာမည်ထိုးပြီးတာနဲ့ နောက်ဆုတ်လို့မရတော့ဘူး.. မဟုတ်ရင် ကောင်းကင်ရဲ့ဒဏ်ခတ်မှုကို ခံရလိမ့်မယ်”
နံဘေးရှိ ကူဖုန်းအာက ခပ်တိုးတိုး ရှင်းပြလိုက်သည်။
“မိန်းကလေး ပြောတာမှန်တယ်.. ဒါက ရှေးဟောင်းကတိကဝတ်စာချုပ်ပဲ.. ဒါ့အပြင် တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အေးစက်စက် ပြောလိုက်သည်။
“ငါ့ကို ပေးထားတဲ့ ကတိအတိုင်း မင်းတာဝန်ကျေတာနဲ့ စာချုပ်က သူ့အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်တဲ့အတွက် မင်းအတွက် ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်ဘူး”
“ကောင်းပါပြီ.. စီနီယာတောင်းဆိုတဲ့ အခြေအနေကို ကျွန်တော် သဘောတူပါတယ်”
ကျန်းချန်က လုံးဝ တုံ့ဆိုင်းမနေဘဲ စာလိပ်ပေါ်တွင် သူ၏ နာမည်ကို ရေးထိုးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက သူ့ကို မည်သည့်နေရာသို့ ခေါ်သွားချင်မှန်း ကျန်းချန် မသိသော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစသည် လူသားဧကရာဇ်ဓားနှင့် ဆက်စပ်နေသလို လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်းပင် ဖြစ်နိုင်ခြေရှိနေသည် ဖြစ်ရာ ကျန်းချန်အနေဖြင့် အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။
ထို့အပြင် ကျန်းချန်၏ စိတ်ထဲတွင် ခံစားချက်တစ်ခု ရှိနေခဲ့သည်။
ယင်းမှာ ရှေးဟောင်းရွှေရောင်ဓားသည် ဤလျှို့ဝှက် ဆန်းကြယ်သော သတ္တုအပိုင်းအစနှင့် ပေါင်းစည်းသွားလျှင် သေချာပေါက်ပို၍ အစွမ်းထက်လာမည်ဟူ၍ ဖြစ်သည်။
သူ ခန့်မှန်းတိုင်းသည့်အတိုင်းသာ ဖြစ်လာခဲ့လျှင် သူ၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ရှေးဟောင်းရွှေရောင်ဓားတို့၏ ပေါင်းစပ်မှုသည် ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်မှာ သေချာသလောက်ပင်။
“ကောင်းပြီ.. မင်း ဒီသတ္တုအပိုင်းအစကို ယူသွားလို့ရပြီ.. ငါ မင်းရဲ့ အကူအညီကို လိုအပ်တဲ့အခါ မင်းကို ဆက်သွယ်လိုက်မယ်”
ထိုစကားကို ပြောဆိုပြီးနောက်တွင် အဘိုးအိုသည် စာလိပ်ကို သိမ်းဆည်းလိုက်ပြီး မျက်လုံးများကို ပြန်လည် မှိတ်ထားလိုက်သည်။
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ အနက်ရောင်ကျောက်စင်မြင့်ပေါ်မှ သတ္တုအပိုင်းအစကို ယူကာ လှည့်ထွက်လာခဲ့သည်။
“အစ်ကိုကျန်းချန်.. ဒီသတ္တုအပိုင်းအစက ဘာတွေများ ထူးခြားနေလို့လဲ.. ကတိစာချုပ်မှာ နာမည်ရေးထိုးလိုက်ရတဲ့အထိ ပေးဆပ်ပြီး ဘာလို့ အစ်ကိုက လဲလှယ်ခဲ့တာလဲ”
ကူဖုန်းအာက ကျန်းချန်၏ လက်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစကို ကြည့်ကာ စူးစမ်းစွာဖြင့် မေးလိုက်သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော သတ္တုအပိုင်းအစသည် မည်သည့် ပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိရလောက်သည်အထိ ထူးခြားဆန်းကြယ်လွန်း၏။
သို့သော်လည်း ကျန်းချန်က ကတိစာချုပ် ချုပ်ဆိုကာ လဲလှယ်ရလောက်သည် အထိ အဖိုးတန်နေလိမ့်မည်ဟု ကူဖုန်းအာ မတွေးမိခဲ့ပေ။
“နတ်ကုန်းမြေတိုက်မှာ သန္ဓေတာအိုနတ်လက်နက် ဆယ်ခုရှိတယ်.. ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တုအပိုင်းအစက ပျက်စီးသွားတဲ့ လူသားဧကရာဇ်ဓားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ဖို့ အရမ်းများတယ်”
ကျန်းချန်က ဖုံးကွယ်မထားဘဲ ကူဖုန်းအာကို ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။
“ဒီသတ္တုအပိုင်းအစက သန္ဓေတာအိုနတ်လက်နက် ဖြစ်တဲ့ လူသားဧကရာဇ်ဓားရဲ့ အစိတ်အပိုင်း ဖြစ်နေတာလား”
ကျန်းချန်၏ စကားကိုကြားလျှင် ကူဖုန်းအာ၏ လှပသောမျက်နှာလေးတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အပေါ်ယံကြည့်လျှင် သာမန်လောက်သာ ထင်ရသည့် သတ္တုအပိုင်းအစသည် တကယ်တမ်းတွင် သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် လူသားဧကရာဇ်ဓား၏ အပိုင်းအစ ဖြစ်နေလိမ့်မည်ဟု ကူဖုန်းအာ မထင်ထားခဲ့ပေ။
လူသားဧကရာဇ်ဓား ဆိုသည်မှာ နတ်ကုန်းမြေတိုက်၏ သန္ဓေတာအိုနတ်လက်နက်ဆယ်ပါးထဲတွင် အစွမ်းအထက်ဆုံး နတ်လက်နက် သုံးခုထဲမှ တစ်ခု ဖြစ်သည်။
ဤသည်က အပိုင်းအစ တစ်ခုမျှသာ ဖြစ်သော်လည်း နတ်ကုန်းမြေတိုက်ရှိ ကျင့်ကြံသူပေါင်း များစွာကို ရူးသွပ်သွားစေရန် လုံလောက်၏။
“ဒီက ညီနောင်.. ကျွန်တော်က ညီနောင်ရဲ့လက်ထဲက ဒီသတ္တုအပိုင်းအစကို အရမ်းစိတ်ဝင်စားလို့ပါ.. ကျွန်တော့်ကို လဲလှယ်ပေးနိုင်မလားဆိုတာ သိပါရစေ”
ကူဖုန်းအား အံ့အားသင့်နေစဥ်မှာပင် ကြည်လင်သောအသံတစ်သံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ပဲ့တင်ထပ်လာခဲ့သည်။
အခန်း(၂၂၂၀)ပြီး၏။