← Chapters

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉-၁၄၁)

Vol. 10 Ch. 139-141

အခန်း (၁၃၉) - အမြုတေ ဖွဲ့စည်းခြင်း အဆင့် စွမ်းအားနှင့် (ဒုတိယအဆင့်) ထိပ်တန်း အရည်အသွေး ရုပ်သေး (အပိုင်း ၄)

~စုယွီ ဆေးခင်းထဲတွင် ရှိနေစဉ်က အတိတ်ကာလ အတွေ့အကြုံများကို ပြန်ပြောင်း သတိရနေမိချိန်မှာပင် သူ့မိသားစုမှ သက်ကြီးပိုင်း အဖွဲ့ဝင် တစ်ဦး ကွယ်လွန်သွားခဲ့လေသည်။

ယခင်က ပထမ အကြီးအကဲ ကွယ်လွန်သွားစဉ်က သူ ကြီးကြီးမားမား မခံစားခဲ့ရပေ။

သို့သော် ယခု စုချန်ကို လိုက်ပို့ပေးပြီးနောက်၊ ဤ အကြီးအကဲ ဆွေမျိုးတော်စပ်သူ အကြောင်းကို တွေးတောရင်း စုယွီ ဝမ်းနည်းကြေကွဲမှုနှင့် ဆုံးရှုံးမှု ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။

"တတိယ အစ်ကိုကြီးက သူ့ရဲ့ သေဆုံးချိန် မရောက်ခင်မှာ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားခွင့် ရသွားတာနဲ့တင် လုံလောက်ပါပြီ... သူ နောင်တမရဘဲ ထွက်ခွာသွားတာပါ"

စုယွင်နှင့် စုရို့ဆုတို့က စုယွီကို နှစ်သိမ့်ကြလေသည်။

သူတို့၏ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် သတင်းကို အပြင်သို့ မပေါက်ကြားစေခဲ့ပေ။

မိသားစု အကြီးအကဲများ ဖြစ်ကြသော စုပင်း၊ စုဖုန်း၊ စုကျင်းပန်တို့မှလွဲ၍ မည်သူမျှ မသိရှိကြချေ။

စုရို့ဆုပင်လျှင် အကြီးအကဲ ရာထူးမှ နုတ်ထွက်လိုက်ပြီး ဒုတိယ မိသားစု အကြီးအကဲ ဖြစ်လာခဲ့သည်။ သူမသည် နောက်ကွယ်သို့ ဆုတ်ခွာလိုက်ပြီး မိသားစု မျိုးဆက်သစ်များ၏ ကျင့်ကြံခြင်းကို ကြီးကြပ်ကွပ်ကဲရန်သာ အာရုံစိုက်လိုက်တော့သည်။

အခြား အကြီးအကဲများ အနေဖြင့် စုဟယ်သည် စုမိသားစု၏ ပထမ အကြီးအကဲ ဖြစ်လာပြီး၊ စုကျန်းသည် ဒုတိယ အကြီးအကဲ၊ စုရွေ့အန်းသည် တတိယ အကြီးအကဲ၊ စုကူထုန်းသည် စတုတ္ထ အကြီးအကဲနှင့် စုတာ့ကျွင်းသည် ပဉ္စမ အကြီးအကဲ အသီးသီး ဖြစ်လာကြ၏။

ထို့အပြင် စီမံခန့်ခွဲရေး အကြီးအကဲ နှစ်ဦး ဖြစ်ကြသော ယွီချန်ချင်းနှင့် လီပင်ချန်းတို့လည်း ရှိကြပြီး၊ အဓိကအားဖြင့် ဆေးလုံးမျှော်စင်ကို တာဝန်ယူကြလေသည်။

(ပထမအဆင့်) ထိပ်တန်း အရည်အသွေး ဆေးပညာရှင် စုကူထုန်းသည် ယွင်ရှန်း ဈေးမြို့တော်ရှိ ဆေးပညာ ကက်ဘိနက်ကို တာဝန်ယူရ၏။

စုတာ့ကျွင်းသည် အကြီးအကဲ ဖြစ်လာသော စုကျင်းပန်၏ နေရာတွင် အစားထိုး ဝင်ရောက်ကာ မိသားစုအတွက် ဝိညာဉ်ဆေးပင်များ သယ်ယူပို့ဆောင်သူ ဖြစ်လာသည်။ နှစ်များစွာ ကြာပြီးနောက် စုတာ့ကျွင်း၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၉) သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ပဉ္စမ အကြီးအကဲ ဖြစ်လာသော စုတာ့ကျွင်းသည် ချန်တောင်တန်း မင်္ဂလာမြေကို စောင့်ရှောက်ရန် တာဝန်ယူရမည် ဖြစ်၏။

စုမိသားစု အတွင်း ဤအပြောင်းအလဲများသည် တိတ်တဆိတ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။

စုယွင်နှင့် စုရို့ဆုတို့သည် 'အားအနည်းဆုံး' အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိနေကြသော်လည်း၊ သူတို့သည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်နေကြဆဲပင်။ သူတို့၏ အဆင့်တက်လှမ်းခဲ့သော အတွေ့အကြုံများနှင့် ဗဟုသုတများသည် စုမိသားစု၏ မျိုးဆက်ပေါင်းများစွာအတွက် အခြေခံ အုတ်မြစ် ဖြစ်လာပေလိမ့်မည်။

စုယွီနှင့် စုဇီတို့ကိုပါ ထည့်တွက်လိုက်လျှင် ယခုအခါ စုမိသားစု၌ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၆) ဦး ရှိနေပြီ ဖြစ်၏။

အကယ်၍ ယွီခယ်အာ၊ ယွီချန်ချင်းနှင့် လီပင်ချန်းတို့ကိုပါ ထည့်သွင်း ရေတွက်လိုက်ပါက စုစုပေါင်း (၉) ဦး ရှိလာမည် ဖြစ်၏။

တစ်နေ့နေ့တွင် စုမိသားစု၌ အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့်၊ သို့မဟုတ် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) စွမ်းအားရှင်များ ပေါ်ထွက်လာပါက ယွီမိသားစု၊ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့ကဲ့သို့သော ကျင့်ကြံခြင်း မိသားစုကြီးများနှင့် စုမိသားစုကြား ကွာဟချက်ကို လက်လှမ်းမီနိုင်သော အကွာအဝေးသို့ လျှော့ချနိုင်ကောင်း လျှော့ချနိုင်ပေလိမ့်မည်။

မမှားပါ။ နက်ရှိုင်းသော အခြေခံ အုတ်မြစ်များ အပိုင်းတွင်မူ စုမိသားစုသည် သူတို့နှင့် ယှဉ်လျှင် များစွာ နောက်ကျကျန်နေပါသေးသည်။

စုယွီသည် စုမိသားစု အတွင်း အပြောင်းအလဲများကို ဝင်ရောက် မစွက်ဖက်ပေ။

ပထမ အကြီးအကဲ စုချန်၏ ဈာပန ကိစ္စရပ်များကို စီမံဆောင်ရွက်ပြီးနောက် စုယွီသည် ပြန်လည် တံခါးပိတ် ကျင့်ကြံလိုက်၏။ 'မြေကမ္ဘာနှင့် သစ်သား သိုင်းကျမ်း' ထဲသို့ ပေါင်းစပ်ထားသော 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' တို့သည် ပျောက်ဆုံးသွားခြင်း မရှိဘဲ ပေါင်းစည်းထားသော အရာတစ်ခု အနေဖြင့် လုပ်ဆောင်နေကြ၏။

နောက်ဆက်တွဲ ကျင့်စဉ် အဆင့်များအတွက်မူ ထိုကျင့်စဉ် နှစ်ခုကို အသုံးပြုရန် လိုအပ်နေဆဲ ဖြစ်၏။

စုယွီသည် 'မြေကမ္ဘာနှင့် သစ်သား သိုင်းကျမ်း' ကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံလေလေ၊ ဤကျင့်စဉ်၏ စွမ်းအားကို ပိုမို ခံစားလာရလေလေ ဖြစ်၏။

၎င်းသည် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' တို့၏ ဂုဏ်သတ္တိများကို အပြည့်အဝ အမွေဆက်ခံထားသော ပြီးပြည့်စုံသည့် ပြောင်းလဲပေးသူ တစ်ခုနှင့် တူညီနေသည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။

စုယွီ၏ မြေကမ္ဘာနှင့် သစ်သား ဓာတ်သဘာဝ နှစ်မျိုး ပေါင်းစပ် မှော်စွမ်းအင်သည် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့၏။။ သူ၏ မီးဓာတ် ကျင့်စဉ် ဖြစ်သော 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' သည်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ တိုးတက်မှု နှုန်းထားသည် မှန်းဆ၍ မရနိုင်လောက်အောင် မြန်ဆန်နေလေသည်။

သို့သော် ဓာတ်သဘာဝ သုံးမျိုး ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားခြင်းကြောင့် စုယွီသည် နေ့စဉ် ဘဝတွင် အရင်းအမြစ်များနှင့် ဝိညာဉ် စွမ်းအင်များကို ပိုမို သုံးစွဲရလေသည်။

(ဒုတိယအဆင့်) ဝိညာဉ်ကြောသည် သူ၏ ဝိညာဉ် စွမ်းအင် လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတော့သဖြင့် ဝိညာဉ်ကျောက်တုံးများကို သုံးစွဲရတော့သည်။

*

တာ့ယွဲ့နယ်မြေ ၏ အစွန်းဘက်၊ ဖီးနစ်သက်ဆင်း နယ်မြေ နှင့် နယ်စပ်ဝယ်၊

ဖီးနစ် နန်းတော် အပျက်အစီးများ၏ လျှို့ဝှက်နယ်မြေ အတွင်းမှာ၊

"ဖောက်"

နတ်မိမယ် ဖုန်းလင်က လက်ချောင်းလေး တစ်ချက် တောက်လိုက်သည်နှင့် လေဓားသွား တစ်ခု ချက်ချင်း ပျောက်ကွယ်သွား၏။ ထွက်ပြေးရန် ကြိုးစားနေသော ပါရမီရှင် တစ်ဦးသည် မကျေမနပ်ဖြင့် မြေပြင်ပေါ်သို့ ခွေခေါက် လဲကျသွားသည်။ သူ့ကျောပြင်တွင် သွေးထွက်သံယို အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေပြီး သူ့နှလုံးသားကို ဖျက်ဆီးပစ်ခံလိုက်ရ၏။ ထိုပါရမီရှင်သည် သွေးများဖြင့် ရွှဲနစ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။ နတ်မိမယ် ဖုန်းလင် ကိုယ်တိုင်လည်း သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူမ၏ ကျောက်စိမ်းရောင် လက်မောင်း တစ်ဖက်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာ တစ်ခု ရရှိထားကာ သွေးများ စီးကျနေလေသည်။

ဤပါရမီရှင်သည် ဖီးနစ်သက်ဆင်း နယ်မြေမှ လာခြင်း ဖြစ်ပြီး၊ သူ၏ ကျင့်ကြံခြင်း အဆင့်သည် သူမနှင့် အတူတူပင် ဖြစ်ကာ နှစ်ဦးစလုံး အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) တွင် ရှိနေကြ၏။

သို့သော် ဤ ဖီးနစ် နန်းတော် စမ်းသပ်မှု လျှို့ဝှက်နယ်မြေများ အတွင်း၌ ကြီးမြတ်သော တာအို အခွင့်အလမ်းများကို ယှဉ်ပြိုင် လုယူခြင်းသည် အမြဲတမ်း သေရေးရှင်ရေး ကိစ္စ ဖြစ်နေစမြဲပင်။

"ထန်"

နောက်ထပ် မီးလုံး တစ်ခု ပေါ်လာသည်။ နတ်မိမယ် ဖုန်းလင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ အလောင်းနှင့် သွေးကွက်များ မီးလောင်ကျွမ်းသွားတော့သည်။

ကျိုးပဲ့နေသော မှော်လက်နက် အပိုင်းအစ အနည်းငယ်နှင့် ချန်ခွန်းအိတ် တစ်လုံးသာ ကျန်ရစ်ခဲ့လေသည်။

သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် အနီးနားဝန်းကျင် တစ်ခုလုံး အပျက်အစီးများ ဖြစ်သွားပြီး သစ်ပင် အများအပြား လဲပြိုနေသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိသာထင်ရှားနေသည်။

မည်သို့ပင် ဖြစ်စေ နတ်မိမယ် ဖုန်းလင်သည် အသာစီး အနည်းငယ် ရရှိပြီး အသက်ရှင် ကျန်ရစ်ခဲ့သည်။

နတ်မိမယ် ဖုန်းလင်သည် ချန်ခွန်းအိတ်ကို လက်ထဲသို့ ဆွဲယူလိုက်ပြီး ဖွင့်ကြည့်လိုက်၏။ အတွင်းထဲရှိ အနီရောင် ပုံဆောင်ခဲ တစ်ခုကို တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် ရှင်းပြ၍ မရနိုင်သော လေးစားမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ပင့်သက်ရှိုက်မိသွားရ၏။

"ဒီ အရှိန်အဝါက... ရှေးဟောင်း မှတ်တမ်းတွေထဲမှာ ရေးထားတဲ့... ဖီးနစ် နန်းတော်က ဒီလျှို့ဝှက်နယ်မြေထဲမှာ ချန်ထားခဲ့တဲ့ ရတနာတွေထဲက တစ်ခု ဖြစ်တဲ့ 'ဖီးနစ် သွေး ကျောက်တုံး' များလား"

မကြာသေးမီက လျှို့ဝှက်နယ်မြေ အတွင်းမှ ရှေးဟောင်း စာအုပ် အများအပြား ထွက်ပေါ်လာခဲ့ပြီး၊ ထိုစာအုပ်များထဲတွင် ရှေးဟောင်း ဖီးနစ် နန်းတော်၏ အမွေအနှစ် ဖြစ်သော ဤလျှို့ဝှက်နယ်မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက် အများအပြား ပါဝင်လေသည်။

ထိုအထဲတွင် ပါဝင်သော ထိပ်တန်း ရတနာများထဲမှ တစ်ခုမှာ 'ဖီးနစ် သွေး ကျောက်တုံး' ပင် ဖြစ်၏။

'ဖီးနစ် သွေး ကျောက်တုံး' - တာအို အခြေခံ အုတ်မြစ်၊ ကိုယ်ခန္ဓာနှင့် ဝိညာဉ်အမြစ် တို့ကို သန့်စင်ပေးနိုင်သည်။ ၎င်းကို အသုံးပြုနိုင်သူများအတွက် တစ်ဖန် ပြန်လည် မွေးဖွားခြင်း သို့ ဦးတည်စေနိုင်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် လူတချို့က ၎င်းကို သာမန် ကောင်းကင်ဘုံ ရတနာ တစ်ပါး အနေဖြင့် အသုံးပြုနိုင်ပြီး၊ သူတို့၏ တာအို အခြေခံ အုတ်မြစ်၊ ကိုယ်ခန္ဓာနှင့် ဝိညာဉ်အမြစ် တို့ကို အနည်းငယ် မြှင့်တင်ပေးနိုင်သည်။

သို့သော် အခြားသူများ အတွက်မူ တစ်ဖန် ပြန်လည် မွေးဖွားခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

ထိုအကြောင်းကို တွေးမိရင်း နတ်မိမယ် ဖုန်းလင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွား၏။ သူမ၏ လှပသော မျက်ဝန်းများ တောက်ပလာပြီး ရူးသွပ်မှု အရိပ်အယောင်များ ယှက်သန်းနေသည်။

'ဒီအရာက ငါ့ကို ရွှေရောင် အမြုတေ တာအိုလမ်းစဉ် ရဲ့ အစွန်းအဖျားလေးကို ထိတွေ့ခွင့် ပေးမယ်လို့ မျှော်လင့်ပါတယ်’

အခန်း (၁၄၀) - အမြုတေ ဖွဲ့စည်းခြင်း အဆင့် စွမ်းအားနှင့် (ဒုတိယအဆင့်) ထိပ်တန်း အရည်အသွေး ရုပ်သေး (အပိုင်း ၅)

~သူမသည် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) တွင် နှစ်ပေါင်း (၆၀) ကျော်ကြာ စောင့်ဆိုင်းခဲ့ပြီး၊ နှစ်ပေါင်း (၆၀) တိုင်တိုင် ဗျူဟာများ ချမှတ်ခဲ့လေသည်။

အကယ်၍ သူမသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့်၏ အစွန်းအဖျားသို့ ရောက်ရှိနေမည် ဆိုပါက ရွှေရောင် အမြုတေ မပါဘဲနှင့်ပင် သူမ ကိုယ်တိုင် အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်မည့် အခွင့်အရေး (၄၀) မှ (၅၀) ရာခိုင်နှုန်း ရှိသည်ဟု ယုံကြည်မှု ရှိလေသည်။

သို့သော် သူမ၏ ရည်မှန်းချက် မည်မျှ ကြီးမားကြောင်းကို မည်သူမျှ မသိရှိကြချေ။

သူမ လိုက်စားနေသည်မှာ သာမန် အမြုတေ ဖွဲ့စည်းခြင်း အဆင့် မဟုတ်ဘဲ၊ ဒဏ္ဍာရီလာ 'ရွှေရောင် အမြုတေ လမ်းစဉ်' သာ ဖြစ်၏။

သူမသည် တာအိုသခင် စစ်မှန်သူ ပိုင်ယွဲ့ ချန်ထားရစ်ခဲ့သော အမွေအနှစ် တစ်ခုကို တစ်ချိန်က မြင်တွေ့ခဲ့ဖူးသည်။ ၎င်းသည် တိုတောင်းသော မှတ်တမ်းတစ်ခု ဖြစ်သော်လည်း အလွန် အရေးကြီးသော စာကြောင်းတစ်ကြောင်း ပါဝင်လေသည်။

'ရွှေရောင် အမြုတေ လမ်းစဉ်သည် အင်မော်တယ် အဖြစ် တက်လှမ်းခြင်း လမ်းစဉ် ဖြစ်၏'

အင်မော်တယ် အစစ်အမှန် တစ်ပါး။

အခြေခံ တည်ဆောက်ခြင်း အဆင့်ကို မကြာသေးမီကမှ ရောက်ရှိခဲ့သော သာမန် ကျင့်ကြံသူ တစ်ဦးသည် ထိုစာကြောင်းကို ဖတ်ရှုပြီးနောက် အင်မော်တယ် အဖြစ် တက်လှမ်းရန် ရိုင်းစိုင်းသော ရည်မှန်းချက်ကြီးများ မွေးမြူလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ တာအိုသခင် စစ်မှန်သူ ပိုင်ယွဲ့ ကိုယ်တိုင်ပင် ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

အင်မော်တယ် ဖြစ်ခြင်းသည် အလွန် ဝေးကွာသော ပန်းတိုင် တစ်ခု ဖြစ်၏။

နောက်ထပ် တစ်ရက် ကြာပြီးနောက် နတ်မိမယ် ဖုန်းလင်သည် သူမ၏ အတွေးများကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး စိတ်ကို အာရုံစိုက်လိုက်၏။ 'ဖီးနစ် သွေး ကျောက်တုံး' ကို ကိုင်ဆောင်ကာ ဤ ထိပ်တန်း ရတနာကို စတင် သန့်စင် ကျင့်ကြံလိုက်တော့သည်။

*

နှစ်ဝက်ခန့် ကြာသောအခါ၊

"ဝုန်း"

နတ်မိမယ် ဖုန်းလင်သည် အကန့်အသတ်မဲ့သော မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သူမ၏ အသား၊ သွေးများ မီးလောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ အဆင့်မြင့် ဝတ်ရုံသည် အပူဒဏ်ကို မခံနိုင်တော့ဘဲ အရည်ပျော်ကျတော့မည့်အလား ဖြစ်လာသည်။

ထိုအခြေအနေကို အာရုံခံမိသောအခါ နတ်မိမယ် ဖုန်းလင် အံ့အားသင့်သွားပြီး သူမ၏ ဝတ်ရုံကို ဒန်တျန် အတွင်းသို့ အမြန် ပြန်လည် သိမ်းဆည်းလိုက်ရ၏။

အဆုံးမဲ့ မီးတောက်များ သူမကို လွှမ်းခြုံသွားချိန်တွင် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး၌ စူးရှသော ငှက်အော်သံကြီး တစ်ခု ပဲ့တင်ထပ်သွား၏။

"အွီ"

ခဏအကြာဝယ်၊

ခမ်းနားထည်ဝါသော သွေးရောင် ဖီးနစ်ငှက်ကြီး တစ်ကောင် ကောင်းကင်ယံသို့ ပျံတက်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။ သွေးရောင် ဖီးနစ်ငှက် တစ်ကောင်သည် အချိန်မြစ်ရေစီးကြောင်း အတွင်းသို့ တိုးဝင်သွားပြီး ရေပက်လက်များ ဖြစ်ပေါ်စေခဲ့သည်ကို မည်သူမျှ မသိရှိလိုက်ကြပေ။

"ဝုန်း"

"ဝူး"

ကြီးမားသော အမွေအနှစ်သည် ရုတ်တရက် ပေါ်ထွက်လာသည်။ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော နတ်မိမယ် ဖုန်းလင်သည် ထိုဒဏ်ကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပျော့ခွေကာ လဲကျသွားပြီး သတိလစ်မေ့မြောသွားတော့သည်။

*

အခြား တစ်နေရာဝယ်၊

နန်းတော် တစ်ခု အတွင်း၌ လော့ချန်ယွီသည် သူမ၏ ရှေ့ရှိ ဓားကိုင်ဆောင်ထားသော အရိုးစု တစ်ခုကို ကြည့်ရှုနေ၏။ ထို အရိုးစုသည် ကြွပ်ဆတ်နေပုံ ရသော်လည်း နှစ်ပေါင်းများစွာ ကြာညောင်းနေပြီ ဖြစ်သည့်တိုင် မတ်မတ်ရပ်နေဆဲ ဖြစ်ပြီး ခိုင်မာပြတ်သားနေဆဲ ဖြစ်သည်။ အဆုံးမဲ့သော ခေတ်ကာလများ ကုန်ဆုံးသွားသော်လည်း မှေးမှိန်ပျောက်ကွယ်သွားခြင်း မရှိသော မလျှော့သော ဇွဲလုံ့လ ဝိညာဉ်များ ကိန်းအောင်းနေသကဲ့သို့ ထင်ရ၏။

ဤ လွှမ်းမိုးထားသော စိတ်ဆန္ဒကို ခံစားလိုက်ရသောအခါ လော့ချန်ယွီ၏ အသိစိတ်များ တုန်လှုပ်သွားပြီး ခန္ဓာကိုယ်မှာလည်း တုန်ရီလာသည်။ သူမ၏ မျက်လုံးအိမ်များ ဖြည်းညှင်းစွာ ကျယ်ဝန်းလာပြီး မျက်နှာမှာ ပိုမို ဖြူဖျော့လာ၏။

လဝက်ခန့် ကြာသောအခါ မျက်စိဖြင့် မမြင်နိုင်သော ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။

"ဒုန်း"

လော့ချန်ယွီသည် ဒူးတစ်ဖက် ထောက်လိုက်ပြီး သူမ၏ လေသံမှာ လုံးဝ ရိုးသားဖြူစင်နေ၏။

"ဂျူနီယာ လော့ချန်ယွီ... စီနီယာကြီးရဲ့ အမွေအနှစ်ကို လေးစားစွာ တောင်းခံအပ်ပါတယ်"

"ဝူး"

ထိုအခိုက်အတန့်တွင်၊ ဆွေးမြေ့နေသော အရိုးစု လက်အောက်ရှိ ဓားသည် နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် ဓားမြည်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဓားပေါ်ရှိ ဖုန်မှုန့် အလွှာများ ကွာကျသွားပြီး ကျောက်စိမ်းဖြူကဲ့သို့ ဖြူစင်သော ဓားသွား တစ်ခု ပေါ်ထွက်လာလေသည်။

"ရွှစ်"

နောက်တစ်ခဏတွင် ထိုဓားသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လော့ချန်ယွီ၏ နဖူးထဲသို့ တိုးဝင်သွား၏။

"ဓားသခင် ပိုင်ယင်း"

လော့ချန်ယွီသည် ဓား၏ အမည်နာမကို သိရှိလိုက်ရသည်နှင့် တပြိုင်နက် ရွှေရောင် ဓားချီစွမ်းအင်များ ကြမ်းတမ်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့၏။

သူမ၏ ခန္ဓာကိုယ်ကို စုတ်ဖြဲပစ်တော့မည့်အလား ဖြစ်နေသည်။

လော့ချန်ယွီ၏ မျက်ဝန်းများမှာ မျက်ဖြူလန်သွားပြီး နန်းတော် အတွင်း၌ သူမ ..လဲကျသွားတော့သည်။

*

လျှို့ဝှက်နယ်မြေ၏ ထောင့်တစ်နေရာဝယ်၊

ဝတ်ရုံ ဝတ်ဆင်ထားသော တာအိုဆရာ ရှုဟိုင်သည် သူ့နောက်မှ လိုက်ပါလာသော လက်ဖဝါး အရွယ်အစားခန့်ရှိ မိစ္ဆာလိပ် ကို ကြည့်နေသည်။ သူသည် အသက်ကို ပြင်းပြင်း ရှူရှိုက်နေရပြီး ဆက်လက် သွားရန် အသက်ရှူ မဝတော့သဖြင့် လက်နှစ်ဖက် မြှောက်ကာ အရှုံးပေးလိုက်ရ၏။

"ငါ... ငါ အရှုံးပေးပြီကွာ"

မိစ္ဆာလိပ်က တဟီးဟီး ရယ်မောလိုက်၏။

"မင်း စောစောကတည်းက အရှုံးပေးလိုက်သင့်တာ... မင်း ကံကောင်းပါတယ် ကောင်လေးရဲ့... ငါ လမ်းပြပေးနေမှတော့ မင်း ကံကောင်းခြင်းတွေကြားမှာ ကူးခပ်နေရတော့မှာပါ"

တာအိုဆရာ ရှုဟိုင်သည် လိပ်ကို တည်ငြိမ်သော မျက်နှာ အမူအရာဖြင့် ကြည့်လိုက်၏။ နားမလည်နိုင်အောင် ဖြစ်နေမိ၏။ သူသည် မိစ္ဆာလိပ်ထံမှ မည်သည့် အရှိန်အဝါကိုမျှ အာရုံမခံမိပေ။ သို့သော် ၎င်း၏ အခွံမှာမူ အလွန် မာကျောလှပြီး သူ၏ အဆင့်မြင့် မှော်လက်နက်များဖြင့် တိုက်ခိုက်တာတောင် အရာထင်ခြင်း မရှိခဲ့ချေ။

သူသည် 'နတ်ဘုရား အမြန်နှုန်း အဆောင်လက်ဖွဲ့' နှင့် 'မြေလျှိုး အဆောင်လက်ဖွဲ့' အားလုံးကို အသုံးပြုပြီး ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မိစ္ဆာလိပ်ကို မည်သို့မျှ ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။

စကားပြောတတ်သည် ဆိုတော့... မိစ္ဆာမျိုးနွယ်ဝင် တစ်ဦး ဖြစ်ရပေမည်။

သို့သော် အဘယ်ကြောင့် ဤမိစ္ဆာသည် သူ့ကို ဒဏ်ရာရအောင် မလုပ်ဘဲ နောက်လိုက် တစ်ယောက် အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရသနည်း။

သူသည် တာ့ယွဲ့ နန်းတော် ၏ တိုက်ရိုက် တပည့် တစ်ဦး ဖြစ်ပါလျက်နှင့် လက်ဖဝါး အရွယ်အစားခန့်သာ ရှိသော မိစ္ဆာလိပ် တစ်ကောင်ကို အလုပ်အကျွေး ပြုရမည့် အဆင့်အထိ ကျရောက်သွားရသည်ကို တွေးမိရင်း၊ တာအိုဆရာ ရှုဟိုင် ကောင်းကင်ကို မော့ကြည့်ကာ စကားမပြောနိုင်အောင် ဖြစ်နေရ၏။ သူ ငိုချင်လာသော်လည်း မျက်ရည်များကို ပြန်သိမ်းဆည်းလိုက်ရ၏။

သူ ငိုလို့ မဖြစ်သေး။ အနည်းဆုံးတော့ သူ မသေသေးပေ။

သောက်ကျိုးနည်း။

ငါ ဒီလိပ်ကို အခွင့်အရေး ပေးလို့ မဖြစ်ဘူး။ အလစ်မှာ ထွက်ပြေးမှ ..။

တာ့ယွဲ့ နန်းတော်သို့ ပြန်ရောက်သွားလျှင် ဤသတ္တဝါ သူ့နောက်သို့ လိုက်ရဲဦးမည်လော ဆိုသည်ကို တာအိုဆရာ ရှုဟိုင် မယုံကြည်ပေ။

သို့သော်…..၊

မူလက အခွင့်အလမ်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော သူသည် မိစ္ဆာလိပ် ဦးဆောင်မှုဖြင့် နေ့ဝက်ခန့် လိုက်ပါသွားပြီးနောက် ထိပ်တန်း အဆင့် မှော်လက်နက် တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်ရ၏။

တာအိုဆရာ ရှုဟိုင်သည် လိပ်ကို ရှိခိုးချင်စိတ် ပေါက်သွားပြီး မျက်ရည်များ ဝဲသွား၏။

ဘုရားရေ... ဒါ နတ်ဘုရား လိပ်ကြီးပဲ။

ထို့နောက်တွင် သူသည် အခွင့်အလမ်းများကို ရှာဖွေရန်အတွက် မိစ္ဆာလိပ်၏ နောက်သို့ စိတ်လှုပ်ရှားစွာ လိုက်ပါသွားတော့၏။

တာအိုဆရာ ရှုဟိုင် မည်မျှ စိတ်လှုပ်ရှားနေသနည်း ဆိုလျှင် တစ်စုံတစ်ယောက်က သူ့ကို ခြိမ်းခြောက်၍ ထွက်ခွာခိုင်းလျှင်တောင် သူ ထွက်သွားမည် မဟုတ်တော့ပေ။

*

ချိုင့်ဝှမ်း တစ်ခု အတွင်းဝယ်၊

ဟွမ်မိသားစုမှ ဟွမ်ရှန်းယီနှင့် ကျန်းမိသားစုမှ ကျန်းပိုင်ယွီတို့သည် (ဒုတိယအဆင့်) ထိပ်တန်း မှော်သားရဲ အများအပြား၏ လိုက်လံ တိုက်ခိုက်မှုကို ခံနေရပြီး အသည်းအသန် ထွက်ပြေးနေကြရ၏။ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော သားရဲများကြောင့် သူတို့သည် ချိုင့်ဝှမ်း အတွင်းရှိ ရေကန်နက်ကြီး တစ်ခုထဲသို့ ခုန်ချလိုက်ပြီး ရေအောက် နက်နက်သို့ ငုပ်လျှိုးသွားကြသည်။

လိုက်လံ တိုက်ခိုက်သူများကို ရှောင်တိမ်းပြီးနောက် ရေကန် အောက်ခြေမှ ရေအောက် ဥမင်လိုဏ်ခေါင်း တစ်ခုကို တွေ့ရှိလိုက်ရသဖြင့် လွတ်မြောက်ရန်အတွက် ဥမင်လိုဏ်ခေါင်း တစ်လျှောက် တရကြမ်း.. ကူးခတ်သွားကြ၏။

မတော်တဆ မြေအောက် လိုဏ်ဂူ တစ်ခုထဲသို့ ရောက်ရှိသွားကြပြီး၊ ထိုနေရာတွင် ထူးဆန်းသော ပုံစံဖြင့် ရစ်ပတ်နေသည့် အရိုးစု နှစ်ခုကို တွေ့လိုက်ရတော့သည်။

ထိုအချိန်တွင် ဟွမ်ရှန်းယီနှင့် ကျန်းပိုင်ယွီတို့၏ မျက်လုံးအစုံ အံ့သြမှုကြောင့် ပြူးကျယ်သွားကြ၏။

"အခွင့်အလမ်း တစ်ခုလား"

ချက်ချင်းပင် သူတို့ ရှေ့သို့ ပြေးသွားကြသော်လည်း အရိုးစု နှစ်ခုလုံးကို လှန်လှော ရှာဖွေပြီးနောက် ကျောက်စိမ်းမှတ်တမ်း တစ်ခုတည်းကိုသာ တွေ့ရှိခဲ့ကြရ၏။

ကျန်းပိုင်ယွီသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ နတ်ဘုရား အာရုံကို ကျောက်စိမ်းမှတ်တမ်းထဲသို့ ပို့လွှတ်လိုက်ရာ ကြီးမားလှသော အမွေအနှစ် ဗဟုသုတ ပမာဏကြီးသည် သူ့စိတ်ထဲသို့ ဝင်ရောက်လာလေသည်။ အချိန်အတော်ကြာမှ ကျန်းပိုင်ယွီ မျက်လုံးများကို ဖွင့်လိုက်၏။ သူ့မျက်လုံးအိမ်များ အနည်းငယ် နီရဲနေပြီး မျက်ဝန်းထဲတွင် အံ့သြမှင်သက်မှုများ ပြည့်နှက်နေလေသည်။

အခန်း (၁၄၁) - အမြုတေ ဖွဲ့စည်းခြင်း အဆင့် စွမ်းအားနှင့် (ဒုတိယအဆင့်) ထိပ်တန်း အရည်အသွေး ရုပ်သေး (အပိုင်း ၆)

~ဤအမွေအနှစ်မှာ...

အမြန်နှုန်းမြင့် အမြုတေ ဖွဲ့စည်းခြင်းကို ဦးတည်စေနိုင်သော စုံတွဲ ကျင့်ကြံခြင်း နည်းလမ်း ဖြစ်နေသည်ကိုး။

ဤနည်းလမ်းသည် သမားရိုးကျ မဟုတ်ဘဲ ဖြတ်လမ်းနည်း တစ်မျိုး ဖြစ်နေသော်လည်း၊ အကယ်၍ သတိမထားပါက ထို အရိုးစု နှစ်ခုကဲ့သို့ မိစ္ဆာလမ်းစဉ်သို့ ရောက်ရှိသွားပြီး ကိုယ့်မီးကိုယ်ရှို့ သေဆုံးသွားနိုင်သည်။ သို့သော် ကျန်းပိုင်ယွီ အတွက်မူ ပြိုင်ဘက်ကင်း အမွေအနှစ် တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ ခံစားနေရ၏။

အခြားတစ်ဖက်တွင် ဟွမ်ရှန်းယီသည်လည်း ဤ စုံတွဲ ကျင့်ကြံခြင်း အမွေအနှစ်ကို လက်ခံရရှိထားသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြသောအခါ တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် တောက်လောင်နေသော မီးတောက်များကို အသီးသီး မြင်တွေ့လိုက်ကြရ၏။

စကားလုံးများ ပြောစရာ မလိုဘဲ အရာရာကို နားလည်သွားကြသကဲ့သို့ပင်။

သို့သော် ထိုအမွေအနှစ် စီးဆင်းမှု ဝင်ရောက်လာသည်နှင့်အမျှ သူတို့၏ အသိစိတ် အနက်ရှိုင်းဆုံး နေရာ၌ အနီရောင် အလင်းတန်းလေး တစ်ခု အမြစ်တွယ်သွားပြီး ဖြည်းညှင်းစွာ ပျံ့နှံ့နေသည်ကိုတော့ သူတို့နှစ်ဦးလုံး သတိမထားမိလိုက်ကြပေ။

ထို အနီရောင် အလင်းတန်း ပျံ့နှံ့လာသည်နှင့်အမျှ သူတို့ စိတ်ထဲတွင် ရမ္မက်ဆန္ဒများသည် တောမီးပမာ ထကြွလာပြီး ဖယ်ရှား၍ မရနိုင်လောက်အောင် ဖြစ်လာတော့သည်။

*

တာ့ယွဲ့နယ်မြေ၊ ဆေးလုံးတောင် ဂူစံအိမ်။

နန်းတော်၏ လျှို့ဝှက်ခန်းမဆောင်။

နောက်ဆုံးအကြိမ် 'အမှောင်နတ်ဘုရား ဆေးလုံး' ဖော်စပ်ပြီးစီးခဲ့သည်မှာ (၃) နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော လဆန်းပိုင်းက စုယွီသည် ဓာတ်သဘာဝ နှစ်မျိုး ပေါင်းစပ် ကျင့်စဉ် ဖြစ်သော 'မြေကမ္ဘာနှင့် သစ်သား သိုင်းကျမ်း' ကို မှီခိုအားပြု၍ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) သို့ အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။ ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' တို့သည် ရှိနေဆဲ ဖြစ်၏။

'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' သည် ဒုတိယ စက်ဝန်း တတိယ အလှည့် သို့ ရောက်ရှိနေပြီး၊ 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' သည် (အဆင့် ၁၂) သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထို့အပြင် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' သည်လည်း ကံတရား အားလျော်စွာ ဒုတိယ အဆင့် ဒုတိယ နယ်ပယ် သို့ ရောက်ရှိနေသည်။

ဆိုလိုသည်မှာ စုယွီ၏ မြေကမ္ဘာနှင့် သစ်သား ဓာတ်သဘာဝ နှစ်မျိုး ပေါင်းစပ် မှော်စွမ်းအင်သည် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) သို့ ရောက်ရှိနေသည့်အပြင်၊ သူ၏ မီးဓာတ် မှော်စွမ်းအင်သည်လည်း အခြေခံ တည်ဆောက်ခြင်း (အဆင့် ၂) သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုအချိန်တွင် စုယွီသည် သူ့ရှေ့ရှိ တာအို ကိုယ်ပွား ရုပ်သေးက ဝိညာဉ်သတ္တုရိုင်း ပစ္စည်းများကို သန့်စင်နေသည်ကို ကြည့်ရှုနေသည်။

ယခုနှစ်များအတွင်း မိသားစု စုဆောင်းထားခဲ့သော (ဒုတိယအဆင့်) ထိပ်တန်း အရည်အသွေး ဝိညာဉ်သတ္တုရိုင်း အရင်းအမြစ် အားလုံး ကုန်ဆုံးသွားပြီးနောက်၊ ယခုအခါ တာအို ကိုယ်ပွား ရုပ်သေး၏ အရှိန်အဝါသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် (ဒုတိယအဆင့်) အလယ်အလတ်တန်းစား အထွတ်အထိပ် ရုပ်သေး အဖြစ်မှ (ဒုတိယအဆင့်) ထိပ်တန်း ရုပ်သေး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၇) ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်လာခဲ့သည်။

တာအို ကိုယ်ပွား ရုပ်သေး၏ ပြောင်းလဲမှုသည် လူသားခန္ဓာကိုယ်နှင့် မတူဘဲ 'လက်နက် သွန်းလုပ်ခြင်း' နည်းလမ်းနှင့် ပိုမို တူညီသည်။

'အပူချိန်' ပြည့်မီသွားသောအခါ ဤကဲ့သို့သော ပြောင်းလဲခြင်းနှင့် အဆင့်တက်လှမ်းခြင်းသည် သဘာဝကျသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။

တပြိုင်နက်တည်းမှာပင်၊

တာအို ကိုယ်ပွား ရုပ်သေးသည် (ဒုတိယအဆင့်) ထိပ်တန်း ရုပ်သေး အဖြစ်သို့ ပြောင်းလဲသွားချိန်၌၊ ရုပ်သေး အတွင်းရှိ ရုပ်သေးဝိညာဉ် သည် လုံလောက်သော ဝိညာဉ်စွမ်းအား အရှိန်အဝါများကို စုဆောင်းမိသွားပုံ ရပြီး၊ မူလက ဝေဝါးနေသော အရှိန်အဝါသည် ချက်ချင်း ခိုင်မာလာသကဲ့သို့ ဖြစ်သွား၏။

ရုပ်သေးဝိညာဉ်၏ ပြောင်းလဲမှုကို သတိပြုမိလိုက်သော စုယွီ အလွန် ဝမ်းမြောက်သွား၏။

"ရုပ်သေးဝိညာဉ် ပြောင်းလဲသွားပြီလား"

ရုပ်သေးဝိညာဉ်ကို ရရှိခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ထိုနှစ် (၂၀) အတွင်း အချိန်ရတိုင်း သူသည် 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို အသုံးပြုပြီး ဤ ရုပ်သေးဝိညာဉ် သန္ဓေသားလောင်းကို ပြုစုပျိုးထောင်ပေးခဲ့သည်။

ဤအရာသည် မှော်ရတနာများ နှင့် ယှဉ်နိုင်သည်မှာ အမှန်ပင်။ သူ၏ အခြေခံ တည်ဆောက်ခြင်း အဆင့်သည် အနည်းငယ် နိမ့်ကျနေပုံ ရ၏။

နှစ်ပေါင်း (၂၀) ကျော် ကြာပြီးနောက် ယခုမှသာ သူ အနည်းငယ် တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

လုံးဝ မလွယ်ကူလှပေ။

သို့သော် ရုပ်သေးဝိညာဉ်၏ ဝေဝါးနေဆဲ ဖြစ်သော ခန္ဓာကိုယ်ကို ကြည့်ပြီး လက်ရှိ ရုပ်သေးဝိညာဉ်သည် ကလေးဘဝ အဆင့်တွင်သာ ရှိသေးကြောင်း စုယွီ သိလိုက်၏။ အကယ်၍ ရုပ်သေးဝိညာဉ်ကို ပြီးပြည့်စုံသော ခန္ဓာကိုယ် ဖြစ်လာစေချင်ပါက သူ ဆက်လက် ပြုစုပျိုးထောင်ပေးရဦးမည် ဖြစ်၏။

ထိုအချိန် ရောက်မှသာ ရုပ်သေးဝိညာဉ်သည် မှော်ရတနာများနှင့် အမှန်တကယ် ယှဉ်နိုင်သော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် အနည်းငယ် တိုးတက်လာရုံဖြင့်ပင် ရုပ်သေးဝိညာဉ်၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ စုယွီ၏ ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရ၏။

ကြောက်စရာ ကောင်းလိုက်တာ။

အရမ်း ကြောက်စရာ ကောင်းတာပဲ။

"အရင်ကထက် အများကြီး ပိုသန်မာလာပုံပဲ... အရင်တုန်းက စွမ်းအားက တုပ အမြုတေ အဆင့်လောက်ပဲ ရှိတာ... အခုဆိုရင် အရင် ရုပ်သေးဝိညာဉ်ကို ပါးရိုက်သတ်လို့ ရလောက်ပြီ"

စုယွီ သေချာ မသိသော်လည်း လက်ရှိ ရုပ်သေးဝိညာဉ်သည် အမြုတေ ဖွဲ့စည်းခြင်း (အဆင့် ၁) နှင့် ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားလောက်ပြီဟု ခံစားမိနေသည်။

ကံဆိုးစွာဖြင့် ရုပ်သေးဝိညာဉ်၏ စွမ်းအား တိုးတက်လာပြီးနောက် တာအို ကိုယ်ပွား ရုပ်သေး ခံနိုင်ရည် ရှိနေသော ကြီးမားသည့် ဖိအားကို စုယွီ ထပ်မံ ခံစားလိုက်ရ၏။

ကံကောင်းထောက်မစွာပင် တာအို ကိုယ်ပွား ရုပ်သေးကို (ဒုတိယအဆင့်) ထိပ်တန်း အဆင့်သို့ မြှင့်တင်ထားပြီး ဖြစ်၏။

သို့မဟုတ်ပါက ရုပ်သေးဝိညာဉ်၏ စွမ်းအား တိုးတက်လာသည့် အချိန်တွင် တာအို ကိုယ်ပွား ရုပ်သေးသည် ခံနိုင်ရည် ရှိမည် မဟုတ်ဘဲ ခန္ဓာကိုယ် ပေါက်ကွဲသွားနိုင်လေသည်။

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"ဒါဆိုရင် အခု ရုပ်သေးဝိညာဉ်ရဲ့ စွမ်းအား ပေါက်ကွဲထွက်လာရင် တာအို ကိုယ်ပွား ရုပ်သေး သေချာပေါက် ထိခိုက်ပျက်စီးသွားမှာပဲ"

ထို့အပြင် ရုပ်သေးဝိညာဉ်၏ စွမ်းအားသည် ရေရှည် တည်တံ့နိုင်ခြင်း မရှိပေ။ ပေါက်ကွဲပြီးနောက် ဆက်လက် အသုံးပြုနိုင်ရန် ပြန်လည် ပြုစုပျိုးထောင်ပေးရမည် ဖြစ်၏။

မည်သို့ပင် ဖြစ်စေ ဤ ရုပ်သေးဝိညာဉ်၏ စွမ်းအားကို မှီခိုအားထား၍ မရနိုင်ပေ။

"ဒါတွေ အားလုံးက ပြင်ပ အင်အားတွေပဲ... အင်မော်တယ် လမ်းစဉ်မှာ ခိုင်မြဲချင်ရင် ကိုယ့်ရဲ့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ်မှာပဲ အားကိုးရမယ်"

စုယွီ၏ စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး မျက်နှာ အမူအရာ ပြန်လည် တည်ငြိမ်သွား၏။ မျက်ဝန်းများ ကြည်လင်နေပြီး စိတ်အစဉ် အေးချမ်းနေကာ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' လည်ပတ်နေလေသည်။

တာအို လမ်းစဉ်ကို ရှာဖွေသော နှလုံးသားသည် လုံးဝ ပြောင်းလဲ၍ မဖြစ်ပေ။

ထို့အပြင် အမြုတေ ဖွဲ့စည်းခြင်း (အဆင့် ၁) ရှိသော ရုပ်သေးဝိညာဉ်သည် ယွင်ကျန်းဂိုဏ်း နယ်မြေ အတွင်းရှိ ယွင်ကျန်းဂိုဏ်း ဘိုးဘေးကြီးနှင့်ပင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၊ ဓားမြို့တော် ချင်မိသားစု၊ ခိုင်ယန် နန်းတော်နှင့် အပြင်လောကရှိ တာ့ယွဲ့ နန်းတော်ကဲ့သို့ လွှမ်းမိုးထားသော အင်အားကြီး အဖွဲ့အစည်းများ အကြောင်း ထည့်ပြောစရာပင် မလိုတော့ပေ။

လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ တာအို ကိုယ်ပွား ရုပ်သေးဝိညာဉ်ကို သူ့ဒန်တျန် အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး ပြုစုပျိုးထောင်နေစေသည်။ ထို့နောက် သူ လှည့်ထွက်လိုက်ပြီး လျှို့ဝှက်ခန်းမဆောင် အတွင်းမှ ထွက်ခွာလာခဲ့သည်။

*

နန်းတော် အပြင်ဘက်ဝယ်၊

လူတစ်ပိုင်း အမြင့်ခန့် ရှိသော ရွှေရောင်နှင့် အဖြူရောင် အစင်းကြား ကျားပေါက်လေး နှစ်ကောင်သည် သွားများကို ဖြီးကာ မာန်ဖီနေကြ၏။ သို့သော် (ပထမအဆင့်) သားရဲ ဆေးလုံး နှစ်လုံး ပစ်ပေးလိုက်သည်နှင့် တပြိုင်နက် ထိုကောင်လေး နှစ်ကောင်သည် အငမ်းမရ မြိုချလိုက်ကြပြီး ရှေ့မှ မိန်းကလေးကို မျက်နှာလိုမျက်နှာရ အပြုံးဖြင့် သွားဖြီး၍ ကြည့်လိုက်ကြ၏။

ထို့နောက် မိန်းကလေး အနားသို့ ပြေးသွားကြပြီး သူမ၏ ပေါင်ကို ခေါင်းဖြင့် ပွတ်သီးပွတ်သပ် လုပ်နေကြလေသည်။

စုချီက နှာခေါင်းရှုံ့လိုက်၏။

"အစားပုတ်လေး နှစ်ကောင်... ဒီနေ့ကစပြီး နင်တို့ နှစ်ကောင်ကို ဟူတာ နဲ့ ဟူအာ လို့ မခေါ်တော့ဘူး... ဖက်တီးကျား တစ် နဲ့ ဖက်တီးကျား နှစ် လို့ ခေါ်တော့မယ်"

ဟူတာနှင့် ဟူအာတို့သည် ချက်ချင်း ခေါင်းမော့လိုက်ကြပြီး မကျေမနပ် ဟိန်းဟောက်လိုက်ကြ၏။

"ဂါး"

ငါတို့ နာမည် ပြောင်းတာ လက်မခံနိုင်ဘူး။

"ရော့... ဖက်တီးကျား တစ်... ဖက်တီးကျား နှစ်... ပါးစပ်ဟထား"

ဟူတာနှင့် ဟူအာတို့သည် သားရဲ ဆေးလုံး အနံ့ ရလိုက်သည်နှင့် ချက်ချင်း ပါးစပ်ဟကာ ဆေးလုံးများကို မျိုချလိုက်ကြ၏။ ထို့နောက် ခေါင်းငုံ့ပြီး မိန်းကလေး၏ ခြေထောက်ကို ပွတ်သီးပွတ်သပ် လုပ်ရင်း တိုးတိုးလေး ညည်းတွားလိုက်ကြ၏။

‘နင်က ငါတို့ရဲ့ ဆရာမကြီးပဲ... နင် ကြိုက်သလို ခေါ်ပါလေ။

နာမည်လေး ပြောင်းရုံလောက်ကတော့... ပြွတ်... ငါတို့က အစားအသောက် မက်လို့ လက်ခံလိုက်တာ လုံးဝ မဟုတ်ပါဘူးနော်။’

ထိုအချိန်တွင် ဟူတာနှင့် ဟူအာတို့ နှာခေါင်းရှုံ့လိုက်ကြပြီး မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြ၏။ သူတို့ လှည့်ထွက်လိုက်ကြပြီး နန်းတော် ရှိရာဘက်သို့ တစ်ဟုန်ထိုး ပြေးသွားကြကာ ဟိန်းဟောက်လိုက်ကြ၏။

"ဂါး... ဂါး"

စုချီက ထိုကောင်လေး နှစ်ကောင်ကို လှမ်းကိုင်ရန် ပြင်လိုက်သော်လည်း သူတို့ ထွက်ပြေးသွားသဖြင့် အလွန် စိတ်ဆိုးသွားရ၏။

စုချီ မျက်စောင်းထိုးလိုက်သည်။

"လောဘကြီးတဲ့ ကျားပေါက်စလေး နှစ်ကောင်... စားပြီးနားမလည် လုပ်ပြီး ထွက်ပြေးကြတယ်... ကျေးဇူးကန်းလိုက်တာ"

သို့သော် သူမ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏ အကြည့်များသည် နန်းတော် ရှိရာဘက်သို့ လိုက်ပါသွား၏။ ဟူတာနှင့် ဟူအာကို ဤမျှ စိတ်လှုပ်ရှားစေနိုင်သူမှာ ယွီခယ်အာမှလွဲ၍ သူမ၏ ဦးလေးယွီ တစ်ယောက်တည်းသာ ရှိလေသည်။

မှန်ပေသည်။

ခဏအကြာတွင် စုယွီ နန်းတော်ထဲမှ ထွက်လာသည်။

အပြာရောင်ဖျော့ဖျော့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ နက်မှောင်တောက်ပသော ဆံပင်များသည် ပခုံးပေါ်သို့ ဖြာကျနေသည်။ မျက်ဝန်းများ တောက်ပနေပြီး သွားများ ဖြူဖွေးနေကာ အရေးအကြောင်း တစ်ခုမျှ မရှိဘဲ အသားအရေ ချောမွေ့နေသည်။

လွန်ခဲ့သော နှစ်များစွာက သူမ ငယ်ရွယ်စဉ် အချိန်တုန်းက တာ့ယွဲ့ ဈေးမြို့တော်သို့ ခေါ်ဆောင်သွားခဲ့သော လူငယ်လေးနှင့် တစ်ပုံစံတည်းပင်။

သူမကို လေးစားရိုသေစေသော အပိုဆောင်း အရှိန်အဝါ တစ်ခုမှလွဲ၍ ဤနှစ်များတစ်လျှောက် ဦးလေးယွီသည် ဘာမှ မပြောင်းလဲခဲ့ပေ။ နုပျိုသော မျက်နှာ အမူအရာ အတိုင်းပင် ရှိနေသေးသည်။

စုယွီ၏ နောက်တွင်မူ သူမကို သစ္စာဖောက်သွားခဲ့သော ဖက်တီး ကျားပေါက်စ နှစ်ကောင်သည် ခွေးပေါက်လေးများကဲ့သို့ အမြီးတနှံ့နှံ့ဖြင့် ခြေလှမ်းတိုင်းတွင် မနာလိုစရာ ကောင်းလောက်အောင် ကပ်ပါလာကြ၏။

စုယွီသည် နန်းတော် ရှေ့တွင် ရပ်နေသော စုချီကို ကြည့်လိုက်ပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်၏။

"ရှောင်ချီ ... ဆေးဖော်တာ ဘယ်လိုနေလဲ... (ပထမအဆင့်) ထိပ်တန်း အရည်အသွေး 'ချီဖြည့် ဆေးလုံး' ဖော်စပ်တဲ့ အောင်မြင်မှု နှုန်းထား ဘယ်လောက် ရှိပြီလဲ"

ထိုစကားကို ကြားသောအခါ မူလက ရှေ့တိုးလာရန် ပြင်ဆင်နေသော စုချီ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားပြီး လှည့်ပြေးချင်စိတ် ပေါက်သွားရှာသည်။

သူမ ဘာကိုမှ မကြောက်သော်လည်း ဦးလေးယွီနှင့် တွေ့တိုင်း သူမ၏ ဆေးပညာ အကြောင်း မေးမြန်းခြင်းကိုတော့ အကြောက်ဆုံးပင် ဖြစ်၏။

စုချီ သက်ပြင်းချလိုက်ပြီး သနားစရာ မျက်နှာပေးလေး လုပ်ပြလိုက်၏။

"ဦးလေးယွီ... သမီးက ဆေးဖက်ဝင် အပင်တွေ လာပို့တာပါ... အခု ပြန်တော့မှာ... သမီး ဆေးဖော်နေတုန်း ဆရာက ဆေးပင်တွေ လာပို့ခိုင်းလို့ပါ... သမီး အပျင်းမကြီးပါဘူး... တကယ်ပါ"

ထိုသို့ ပြောပြီးနောက် စုချီသည် ချန်ခွန်းအိတ် တစ်လုံးကို အမြန် ထုတ်ယူပြီး စုယွီ့လက်ထဲသို့ ထည့်ပေးလိုက်၏။ သူမ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူပြီး စုယွီကို ပေးလိုက်၏။

"အော်... ဟုတ်သားပဲ... ဦးလေးယွီ... ဒါ တာ့ယွဲ့ မှောင်ခိုဈေးက ကောင်းကင်ဘုံ စံအိမ်တော် က ပေးလိုက်တဲ့ စာပါ... လွန်ခဲ့တဲ့ (၁၀) ရက်လောက်က ရောက်နေတာ"

"စာ ဟုတ်လား"

စုယွီ စာကို ဖွင့်ဖတ်ကြည့်လိုက်၏။ ကောင်းကင်ဘုံ စံအိမ်တော်မှ တာအိုဆရာ ရှုယွီ ထံမှ ဖြစ်ပြီး၊ မကြာမီ ကျင်းပမည့် တာ့ယွဲ့ မှောင်ခိုဈေး လေလံပွဲသို့ တက်ရောက်လိုခြင်း ရှိမရှိ မေးမြန်းထားခြင်း ဖြစ်၏။

ဤလေလံပွဲတွင် ပါဝင်မည့် ရတနာများသည် ယခင်ကထက် ပိုမို အံ့မခန်း ဖြစ်လိမ့်မည်ဟု ဆိုထားသည်။

ထို့အပြင် ဤလေလံပွဲတွင် 'ဟောင်ထျန်း ဆေးလုံး' ပါဝင်မည် ဖြစ်ကြောင်းလည်း သတင်းစကား ပါးလိုက်သေးသည်။

All Chapters