← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅) - ရှေးဟောင်း မြေပုံနှင့် နေလမင်း ကျွန်း ဂူစံအိမ် (အပိုင်း ၄)

~ဤမြေပုံကို သေချာ စစ်ဆေးကြည့်ပါက တာ့ယွဲ့နယ်မြေ၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့် ဆင်တူသော အချက်အလက်များကို ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဥပမာအားဖြင့် ၎င်းဘေးနားတွင် တည်ရှိသော 'တာ့ယွဲ့တောင်တန်း' သည် တစ်ချိန်က လော့ယွဲ့ ရေကန်၏ အလယ်ဗဟို ကျွန်းကြီး ဖြစ်ခဲ့ဖူးသည်။

ဤ ရှေးဟောင်း မြေပုံများကို ကြည့်ရှုရင်း၊ သူ့မှတ်ဉာဏ်ထဲရှိ တာအိုဆရာ ပင်းယွီ၏ အမွေအနှစ် မှတ်တမ်းများနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ၊ လော့ယွဲ့ ရေကန်သည် အလွန် ကျယ်ဝန်းပြီး ကျွန်းပေါင်းများစွာ ပါဝင်ကြောင်း သူ သဘောပေါက်လိုက်၏။ ထိုကျွန်းများပေါ်ရှိ ဝိညာဉ်ကြော ရှိသော နေရာများကို ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း အင်အားစုများက သိမ်းပိုက်ထားခဲ့ကြ၏။

ဥပမာအားဖြင့် နေလမင်း ကျွန်းကို တာအိုဆရာ ပင်းယွီနှင့် သူ့မိတ်ဖက် တာအိုဆရာ ကျဲ တို့က သိမ်းပိုက်ခဲ့ကြ၏။

"နေလမင်း ကျွန်းက ဒီနေရာမှာ ရှိတာပဲ"

ထိုအချိန်တွင် စုယွီ၏ အကြည့်သည် ရှေးဟောင်း မြေပုံ၏ တောင်ဘက်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ကျရောက်သွားပြီး စူးစိုက်ကြည့်နေမိသည်။

လက်ရှိ တာ့ယွဲ့နယ်မြေ၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် စုယွီ အံ့သြတုန်လှုပ်စွာ တွေ့ရှိလိုက်ရ၏။

"ဒီ နေလမင်း ကျွန်း တည်နေရာက... ဆေးလုံးတောင် အနီးအနား ဖြစ်နေတာများလား"

ရှေးဟောင်း မြေပုံပေါ်ရှိ ကျွန်းများ၏ တည်နေရာများကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီးနောက် စုယွီသည် လေးနက်သော မျက်နှာ အမူအရာဖြင့် သားရေချပ်ကို ပြန်လည် ခေါက်သိမ်းလိုက်ပြီး စုဇီကို ပြန်ပေးလိုက်၏။

လေးနက်သော လေသံဖြင့် စုယွီက ဖွင့်ဟ လိုက်၏။

"အစ်မ... ဒီ ရှေးဟောင်း မြေပုံက အရမ်း အရေးကြီးတယ်... ဒီကျွန်းတွေရဲ့ တည်နေရာတွေမှာ ရှေးဟောင်းခေတ်က အဖိုးတန် အမွေအနှစ်တွေ ရှိနေနိုင်တယ်"

ထိုစကားကို ကြားသောအခါ စုဇီ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ပြန်မေးလိုက်၏။

"ဒီမြေပုံကနေတစ်ဆင့် အဲဒီနေရာတွေကို ရှာတွေ့နိုင်မလား"

စုယွီ ဖြည်းညှင်းစွာ ခေါင်းငြိမ့်ပြလိုက်၏။

စုဇီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ၊

"အချိန်ကာလတွေ အများကြီး ပြောင်းလဲသွားပြီ ဆိုတော့ ရှာတွေ့ဖို့ အရမ်း ခက်ခဲလိမ့်မယ်... ပြီးတော့ အဲဒီနေရာတွေ တကယ် ရှိမရှိ ဆိုတာလည်း မသေချာသေးဘူးဗျ"

စုယွီက ခပ်ရေးရေး ပြုံးပြီး ထပ်၍ ပြောလိုက်၏။

"ဒါပေမဲ့ အနည်းဆုံးတော့ အခု ဒါတွေရဲ့.. တည်နေရာ အကြမ်းဖျင်းကို သိနေပြီလေ... ဒါကြောင့် အစ်မ... ဒီကိစ္စကို အပြင် လုံးဝ မပေါက်ကြားစေနဲ့နော်... မဟုတ်ရင် ပြဿနာ တက်နိုင်တယ်"

စုဇီက အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သက်ပြင်းချလိုက်၏။

"အဆင်ပြေပါတယ်... အခုထိ မောင်လေးနဲ့ အစ်မပဲ မြင်ဖူးသေးတာပါ"

ခေတ္တမျှ ကြားဖြတ် ပြောဆိုပြီးနောက် သူတို့နှစ်ဦး စကား ဆက်လက် မပြောဆိုတော့ပေ။ စုဇီသည် ထိုနေရာတွင် ခေတ္တ နေထိုင်ပြီး သူမ၏ အခန်းသို့ ပြန်သွားကာ လျှို့ဝှက်ခန်းမဆောင် အတွင်းသို့ ဝင်ရောက်ပြီး ရှေးဟောင်း မြေပုံကို နောက်တစ်ကြိမ် ထုတ်ယူကာ မှတ်သားလိုက်ပြန်သည်။

ခေတ္တမျှ တွေးတောပြီးနောက် စုဇီ ပြန်လည် သိမ်းဆည်းလိုက်၏။

"မိသားစု နေအိမ်ကို ပြန်ရောက်ရင် ဒါကို ငါ သိမ်းထားလိုက်မယ်"

ထို့နောက် စုဇီသည် 'ကောင်းကင်ဖီးနစ် နန်းတော်' ခရီးစဉ်မှ ရရှိခဲ့သော ပစ္စည်းများကို စတင် စစ်ဆေးလိုက်၏။

သူမသည် ကောင်းကင်ဖီးနစ် နန်းတော်၏ ဝင်ခွင့်အဆင့် တပည့် စမ်းသပ်မှု (၃) ခုစလုံးကို အောင်မြင်ခဲ့သည်။

ထိုနေရာတွင် ကောင်းကင်ဖီးနစ် နန်းတော် ဝင်ခွင့် တံဆိပ်ပြား တစ်ခုနှင့် 'ဝင်ခွင့်အဆင့် ဦးစားပေး ဆက်ဆံမှု' လက်ဆောင်ထုပ် တစ်ခုကို ရရှိခဲ့သည်။

မူလဝိဉာဉ် အဆင့် ကျင့်စဉ် တစ်ခု၊ အရည်အသွေးမြင့် မှော်လက်နက် တစ်ခုနှင့် 'ဖီးနစ် ယွမ် ဆေးလုံး' တစ်လုံးတို့ ပါဝင်သည်။

ဤ ဝင်ခွင့်အဆင့် လက်ဆောင်ထုပ်သည် ယွင်ကျန်းဂိုဏ်း၏ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) ကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့ဖူးသော စုဇီအတွက် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်စဉ် တစ်ခု ရရှိရန်အတွက်ပင် သူမသည် ဂိုဏ်းအကျိုးပြု အမှတ် များဖြင့် လဲလှယ်ရဦးမည် ဖြစ်၏။

မူလဝိဉာဉ် အဆင့် ကျင့်စဉ် သို့မဟုတ် ပထမတန်းစား မှော်လက်နက် ဆိုသည်မှာ ထည့်ပြောစရာပင် မလိုတော့ပေ။

ထို့အပြင် 'ဖီးနစ် ယွမ် ဆေးလုံး' သည် သာမန် ပစ္စည်း မဟုတ်ပေ။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ၎င်း၏ ဆေးစွမ်းအာနိသင် (၈၀) ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး ကျင့်ကြံခြင်း အခြေခံကို သန့်စင်ပေးကာ ခိုင်မာစေနိုင်သည်။

ယခင်က စုဇီသည် သူမ၏ ကျင့်ကြံခြင်း နှုန်းထား သိသိသာသာ နှေးကွေးလာသည်ဟု ခံစားခဲ့ရပြီး အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) သို့ တက်လှမ်းရန် လွယ်ကူသော ကိစ္စ မဟုတ်ကြောင်း သိရှိခဲ့သည်။

သို့သော် ထိုဆေးလုံးကို မျိုချပြီးနောက် သူမ၏ ကျင့်ကြံခြင်းသည် ယခင်ကထက် များစွာ ပိုမို မြန်ဆန်လာကြောင်း ခံစားလိုက်ရ၏။

"ငါ့ရဲ့ ကျင့်စဉ်ကို ပြောင်းလဲပြီးတာနဲ့ တံခါးပိတ် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တော့မယ်"

စုဇီ စိတ်ထဲမှ ရေရွတ်လိုက်၏။

သူမ၏ လက်ရှိ ကျင့်ကြံခြင်း နှုန်းထားအရ စမ်းသပ်မှုများ ပြုလုပ်ရန် အပြင်ထွက်စရာ မလိုတော့ပေ။

မှန်ကန်သော ရွေးချယ်မှုမှာ တည်ငြိမ်အေးဆေးစွာဖြင့် တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ပြီး ရရှိထားသော အကျိုးကျေးဇူးများကို ကျင့်ကြံခြင်း အောင်မြင်မှုများ အဖြစ်သို့ ပြောင်းလဲပစ်ရန်သာ ဖြစ်၏။

တပြိုင်နက်တည်းမှာပင်၊ စုယွီသည် ရှေးဟောင်း မြေပုံပေါ်ရှိ နေလမင်း ကျွန်းများ၏ တည်နေရာကို ဘယ်မှာ ရှိမလဲ အကြံထုတ်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"တကယ်ပဲ ဆေးလုံးတောင် အနီးအနားမှာ ရှိနေတာလား... ဒါမှမဟုတ် တောင်အောက်မှာ ရှိနေတာများလား"

အကယ်၍ တောင်အောက်တွင် ရှိနေပါက ရှာဖွေတွေ့ရှိရန် လွယ်ကူမည် မဟုတ်ပေ။

သို့သော် (တတိယအဆင့်) ဂူစံအိမ်တွင် တည်ရှိသော ရေခဲနှင့် မီး ခန်းမဆောင် အကြောင်း ပါဝင်သည့် တာအိုဆရာ ပင်းယွီ၏ အမွေအနှစ်ကို တွေးမိရင်း စုယွီ အံကြိတ်လိုက်၏။

ရှာဖွေရ မည်မျှ ခက်ခဲပါစေ၊ သူ ရှာဖွေတွေ့ရှိအောင် လုပ်ရပေမည်။

ဘာပဲဖြစ်ဖြစ် အဲဒါက (တတိယအဆင့်) ဂူစံအိမ် နှစ်ခုလေ။

(တတိယအဆင့်) ဝိညာဉ်ကြော ရှိနေနိုင်သေးသည်။ ထိုအရာကို ပိုင်ဆိုင်ထားပါက အမြုတေ ဖွဲ့စည်းခြင်း အဆင့် မရောက်မီ ကျင့်ကြံရန်အတွက် သဘာဝ ဝိညာဉ် စွမ်းအင် မလုံလောက်မည့် အရေးကို စိုးရိမ်စရာ မလိုတော့ပေ။

ထိုညနေခင်းတွင် စုယွီ အလွန် ဝမ်းမြောက်ပြီး ကျေနပ်နေမိသည်။

ဘာပဲဖြစ်ဖြစ် သူသည် မျှော်လင့်မထားသော အကျိုးအမြတ်ကို ရရှိခဲ့သည် မဟုတ်ပါလော။

နောက်တစ်နေ့ဝယ်၊

အသက် (၁၀၀) ကျော်နေပြီ ဖြစ်ပြီး ဆံပင်များ ဖြူဖွေးနေသော အိမ်တော်ထိန်း ယွီလင်းဖုန်း ကို ကြည့်ရင်း စုယွီ အတွေးတစ်ခု ဝင်လာသည်။ သူ့တွင် အခြေခံ အရည်အသွေး 'အမှောင်နတ်ဘုရား ဆေးလုံး' တစ်လုံး ရှိနေသေးသည်။

အကယ်၍များ...

သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ မလုပ်ရန် ဆုံးဖြတ်လိုက်၏။

လောလောဆယ် မည်သည့် အန္တရာယ်မှ မယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

စောင့်ဆိုင်းတာ ပိုကောင်းပါလိမ့်မည်။

သူ့၏ လက်ရှိ အင်အားကို ထည့်သွင်းစဉ်းစားပါက မည်သည့် အန္တရာယ်ကိုမျှ မယူနိုင်သေးပေ။

*မကြာမီမှာပင်၊

သူ့နေအိမ်သို့ ဧည့်သည် တစ်ဦး ရောက်ရှိလာသည်။ ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး တက်ကြွနေသော နုပျိုသည့် စုယွီကို မြင်လိုက်ရသောအခါ ထိုလူက မချုပ်တည်းနိုင်ဘဲ သက်ပြင်းချကာ ပြောလိုက်၏။

"တာအို မိတ်ဆွေ စု က နုပျိုအောင် နေတတ်လိုက်တာဗျာ... ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း တိုးတက်လာပုံပဲ"

စုယွီက သူ့ကို ကြည့်ပြီး ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်သည်။

"တာအို မိတ်ဆွေ ရှုယွီ နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲဗျာ... ပြီးခဲ့တဲ့ အခေါက် တွေ့တုန်းက ခင်ဗျားက အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) ပဲ ရှိသေးတာ... အခုဆိုရင် (အဆင့် ၆) တောင် ရောက်နေပြီ"

တာအိုဆရာ ရှုယွီ ရယ်မောလိုက်၏။

"ဒါက မတူပါဘူးဗျာ... ကျုပ်မှာက ကောင်းကင်ဘုံ အပျက်အစီး ခန်းမဆောင် ရဲ့ ပံ့ပိုးမှု ရှိတယ်လေ... ခင်ဗျားက ကိုယ့်ကိုယ်ကို အားကိုးနေရတာ... အဲဒီအတွက် ကျုပ်က ခင်ဗျားကို အရမ်း လေးစားပါတယ်"

သူတို့ စကားစမြည် ပြောဆိုကြပြီး ရယ်မောလိုက်ကြ၏။

ထို့နောက် တာအိုဆရာ ရှုယွီသည် လက်ကမ်းစာစောင် တစ်ခုကို ထုတ်ယူကာ စုယွီကို ပြုံးပြုံးလေး ပေးလိုက်၏။

"ဒါက ဒီလေလံပွဲမှာ ပါဝင်မယ့် ပစ္စည်း စာရင်းပါ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျသင့်ပါမယ်"

စုယွီ ဘာမှ မပြောဘဲ ဝိညာဉ်ကျောက်တုံးများကို ပေးလိုက်ပြီး စာရင်းကို ယူလိုက်၏။

ထို့နောက် တာအိုဆရာ ရှုယွီသည် နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။ ကြာကြာ မနေခဲ့ပေ။

စုယွီသည် စာရင်းကို ဖွင့်ပြီး ကြည့်ရှုလိုက်၏။ ဤစာရင်းပါ ပစ္စည်းများသည် လောလောဆယ် လေလံတင်ရန် စာရင်းသွင်းထားသော ပစ္စည်းများသာ ဖြစ်ပါသည်။ သူ့ ရုပ်သေး တွင် ရှိနေသော ပစ္စည်းများကို မပို့ဆောင်ရသေးပေ။

"ပစ္စည်းကောင်းတွေ မနည်းပါလား... အခြေခံ တည်ဆောက်ခြင်း ဆေးလုံး အတွက် ကုန်ကြမ်း ပစ္စည်းတွေ... သန့်စင်သော မိစ္ဆာ အမြုတေ တွေ... ကောင်းကင်ဘုံ သစ်သီး တွေနဲ့ တခြား အဓိက ပါဝင်ပစ္စည်းတွေ... ငါ လေလံဆွဲသင့်မလား ကြည့်ရမယ်"

"ဟောင်ထျန်း ဆေးလုံး အတွက် ကုန်ကြမ်း ပစ္စည်းတချို့လည်း ပါတာပဲ... 'ခုန်းလင်အသီး တော့ မပါဘူး... ဒါပေမဲ့ အစစ်အမှန် 'ဟောင်ထျန်း ဆေးလုံး' တစ်လုံး ပါလာတယ်"

စုယွီ 'ဟောင်ထျန်း ဆေးလုံး' ကို ကြည့်ပြီး မျက်မှောင် ထပ်မံ ကြုတ်လိုက်မိပြန်သည်။

ဘယ်သူက ဒီပစ္စည်းကို ထုတ်ရောင်းတာလဲ။

စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

'ယွင်ကျန်းဂိုဏ်း၊ ဟွမ်မိသားစု၊ ဒါမှမဟုတ် ကျန်းမိသားစုတွေ လက်ထဲ မရောက်သွားပါစေနဲ့လို့ မျှော်လင့်ရတာပဲ’

အခန်း (၁၄၆) - ရှေးဟောင်း မြေပုံနှင့် နေလမင်း ကျွန်း ဂူစံအိမ် (အပိုင်း ၅)

~ထို့အပြင် စုယွီသည် (ဒုတိယအဆင့်) ထိပ်တန်း အဆောင်လက်ဖွဲ့များနှင့် (ဒုတိယအဆင့်) ထိပ်တန်း ရုပ်သေး သားရဲများ ဖန်တီးရာတွင် အသုံးပြုနိုင်သော ကုန်ကြမ်း ပစ္စည်း အများအပြားကိုလည်း တွေ့ရှိလိုက်ရ၏။ ဤအရာများသည် သူ အလွန် လိုချင်တပ်မက်နေသော တန်ဖိုးကြီး ပစ္စည်းများ ဖြစ်ကြ၏။

ရက်အနည်းငယ် ကြာပြီးနောက်၊

တာအို ကိုယ်ပွား ရုပ်သေးသည် ဂူစံအိမ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားပြီး အတွင်းပိုင်း ဈေးကွက်ရှိ လေလံ အိမ်တော်သို့ သွားရောက်ကာ လေလံတင်မည့် အဆောင်လက်ဖွဲ့များနှင့် ရုပ်သေး သားရဲများကို ပို့ဆောင်ပေးလိုက်၏။

အဆောင်လက်ဖွဲ့များကို အသုတ် (၂) သုတ်ခွဲ၍ လေလံတင်မည် ဖြစ်၏။ ပထမ အသုတ်တွင် (ဒုတိယအဆင့်) အဆင့်နိမ့် အဆောင်လက်ဖွဲ့ (၁၀၀) နှင့် ဒုတိယ အသုတ်တွင် (ဒုတိယအဆင့်) အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ (၅၀) ပါဝင်မည် ဖြစ်၏။ နှစ်သုတ်စလုံးကို အလယ်အလတ်စား ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူနိုင်မည် ဖြစ်၏။

ထို့အပြင် စုယွီသည် (ဒုတိယအဆင့်) အဆင့်နိမ့် ရုပ်သေး သားရဲ နှစ်ကောင်ကိုလည်း လေလံတင်ရန် ဆုံးဖြတ်လိုက်၏။

လေလံ အိမ်တော်ရှိ ဈေးနှုန်းများသည် သာမန် ရောင်းဝယ်မှု ဈေးနှုန်းများထက် သိသိသာသာ မြင့်မားလေသည်။

တာအို ကိုယ်ပွား ရုပ်သေး၏ စွမ်းအားနှင့် ဆိုလျှင် ဖိအားများကို ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်၏။

(၁၀) ရက် ကြာပြီးနောက်၊

လေလံပွဲ ကျင်းပမည့် နေ့ရက်သို့ ရောက်ရှိလာပြီ ဖြစ်၏။ စုယွီ၊ စုဇီ၊ ယွီခယ်အာ၊ လီပင်ချန်းနှင့် လန်ညီအစ်မနှစ်ဦးတို့သည် ဂူစံအိမ်မှ ထွက်ခွာလာကြပြီး အတွင်းပိုင်း ဈေးကွက်သို့ ဦးတည် ထွက်ခွာလာကြသည်။

လမ်းတစ်လျှောက်တွင် အခြား ကျင့်ကြံသူ အများအပြားလည်း မိမိတို့ ဂူစံအိမ်များမှ ထွက်ခွာလာကြပြီး၊ လေလံပွဲသို့ တက်ရောက်ရန် စိတ်အားထက်သန်စွာဖြင့် လေလံပွဲ ကျင်းပရာ နေရာသို့ ပျံသန်း သွားရောက်နေကြပါ၏။

ရှေးဟောင်း အင်မော်တယ် ဂိုဏ်း အပျက်အစီး နယ်မြေ ဖြစ်သော ကောင်းကင်ဖီးနစ်နန်းတော်မှ ပါရမီရှင် အများအပြားသည် ကံတရားကို စမ်းသပ်ရန် ထိုနေရာသို့ စွန့်စားသွားရောက်ခဲ့ကြ၏။ တချို့က ထိုနေရာတွင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး၊ တချို့ကမူ ကံကောင်းခြင်းများ ရရှိပြီးနောက် ပြန်လာခဲ့ကြ၏။

ထို့ကြောင့် တာ့ယွဲ့ မှောင်ခိုဈေး လေလံပွဲသို့ တက်ရောက်လာကြသော ကျင့်ကြံသူများ၏ မျက်နှာ အမူအရာများသည် အမျိုးမျိုး ကွဲပြားနေကြတော့သည်။

တချို့က ပြုံးပျော်ရွှင်နေကြသော်လည်း၊ တချို့ကမူ အုံ့မှိုင်းနေကြ၏။

ထိုအချိန်တွင် စုယွီတို့ အဖွဲ့နှင့် မလှမ်းမကမ်း၌ လူရိပ်အနည်းငယ် ပေါ်ထွက်လာသည်။ ထိုအဖွဲ့ ခေါင်းဆောင်၏ မျက်လုံးများသည် စုယွီဘေးတွင် ရပ်နေသော စုဇီကို မြင်လိုက်ရသောအခါ အရောင်လက်သွား၏။ သူသည် လျင်မြန်စွာ ပျံသန်းလာပြီး စုယွီ၊ စုဇီနှင့် အခြားသူများကို တားဆီးလိုက်၏။

ထိုလူကို မှတ်မိလိုက်သည်နှင့် စုဇီ၏ မျက်နှာ အမူအရာ မည်းမှောင်သွားပြီး အေးစက်စွာ မေးလိုက်သည်။

"ညီအစ်ကို ချန်... ဘာသဘောလဲ"

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ သူတို့ကို တားဆီးလိုက်သူမှာ ယွင်ကျန်းဂိုဏ်းမှ ချန်ပိုင်လိုင် ပင် ဖြစ်၏။ သူတို့သည် ယွင်ကျန်းဂိုဏ်း ဝင်ခွင့် စာမေးပွဲကို အတူတကွ ဖြေဆိုခဲ့ကြဖူးပြီး၊ ချန်ပိုင်လိုင်သည် သူ၏ ထူးချွန်သော ပါရမီကြောင့် ဂိုဏ်းဝင် ဖြစ်လာခဲ့သည်။

သို့သော် ချန်ပိုင်လိုင်သည် ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ်၏ နောက်လိုက် တစ်ဦး ဖြစ်သောကြောင့် စုဇီတို့ အဖွဲ့ကို သဘောမကျပေ။

ချန်ပိုင်လိုင်သည် ရုပ်ရည် သာမန်သာ ရှိပြီး အနည်းငယ် ရုပ်ဆိုးသည်ဟုပင် ပြောနိုင်သည်။ သူသည် စုဇီကို အမြဲတမ်း နှောင့်ယှက်လေ့ ရှိသည်။

ကောင်းကင်ဖီးနစ်နန်းတော် အပျက်အစီးများ ပေါ်ထွက်လာသောအခါ ဂိုဏ်းချုပ်၏ တိုက်ရိုက် တပည့် ဖြစ်သော ကုန်းဆွန်းယီ သည် အန္တရာယ်များသဖြင့် စွန့်စားသွားရောက်ခြင်း မပြုခဲ့သော်လည်း၊ ချန်ပိုင်လိုင်ကမူ သွားရောက်ခဲ့ပြီး တာ့ယွဲ့ မှောင်ခိုဈေးသို့ ဘေးကင်းစွာ ပြန်ရောက်လာခဲ့သည်ပင်။

မသွားမီက ချန်ပိုင်လိုင်သည် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၅) တွင်သာ ရှိသေးသော်လည်း ယခုအခါ (အဆင့် ၆) သို့ ရောက်ရှိနေလေပြီ။

ချန်ပိုင်လိုင်သည် စုဇီကို ကြောက်စရာ ကောင်းသော အပြုံးဖြင့် ကြည့်လိုက်ပြီးနောက် စုယွီနှင့် အခြားသူများကိုပါ ကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် ရမ္မက်ဆန္ဒများ တောက်ပနေပြီး နှာခေါင်းရှုံ့ကာ ရယ်မောလိုက်၏။

"ညီမလေး စု... ငါတို့က မိသားစု တစ်ခုတည်းကပဲလေ"

"ငါ နင့်ကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်... ငါနဲ့ အခု လိုက်ခဲ့ပြီး ငါ့ရဲ့ တာအို မိတ်ဖက် လုပ်လိုက်... အဲဒါက နင့်အတွက် တစ်ခုတည်းသော အသက်ရှင်မယ့် လမ်းပဲ"

"မဟုတ်ရင်... နင့်ရဲ့ မပြောပလောက်တဲ့ စုမိသားစုက ငါ့ကို တားဆီးနိုင်မယ်လို့ တကယ် ထင်နေတာလား"

ထိုသို့ ပြောပြီးနောက် ချန်ပိုင်လိုင်သည် ယွီခယ်အာ၊ လန်ရှီနှင့် လန်ကုန်းတို့ကို ရမ္မက်ကြီးသော မျက်နှာ အမူအရာဖြင့် ကြည့်လိုက်ပြီး တခွီးခွီး ရယ်မောလိုက်ပြန်သည်။

"သူတို့ကလည်း နင်တို့ စုမိသားစုကပဲလား... ကောင်းတယ်... သူတို့လည်း ငါ့နောက် လိုက်ခဲ့လို့ ရတယ်"

"နင်တို့သာ လိမ်လိမ်မာမာ နေမယ်ဆိုရင်..."

"ဂါး"

ထိုအချိန်တွင် ဆူညံသံကြောင့် ယွီခယ်အာ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော တိမ်တိုက်ကျား နိုးလာခဲ့သည်။ သခင်မ၏ စိတ်ဆန္ဒကို အာရုံခံမိလိုက်သော တိမ်တိုက်ကျားသည် ခေါင်းထောင်လိုက်ပြီး တိုးတိုးလေး ဟိန်းဟောက်လိုက်ကာ ချန်ပိုင်လိုင်ကို စူးစိုက်ကြည့်လိုက်၏။

"..."

မူလက မာနထောင်လွှားနေသော ချန်ပိုင်လိုင်သည် မျက်နှာ ချက်ချင်း ဖြူဖျော့သွား၏။ ကျောရိုးတလျှောက် စိမ့်တက်လာသော အအေးဓာတ်ကြောင့် တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ဆံပင်များ ထောင်ထသွားစေလောက်သည့် မိစ္ဆာ အရှိန်အဝါ တစ်ခု သူ့ဆီသို့ တိုးဝင်လာနေသည်။

ယွီခယ်အာ ရင်ခွင်ထဲရှိ တိမ်တိုက်ကျားကို မြင်လိုက်ရသောအခါ ချန်ပိုင်လိုင်၏ အသံ တိတ်ဆိတ်သွား၏။ ကြောက်ရွံ့မှုကြောင့် သူ့အသံများ တုန်ရီနေသည်။

"(ဒုတိယအဆင့်) ထိပ်တန်း မိစ္ဆာသားရဲ ဟုတ်လား"

တပြိုင်နက်တည်းမှာပင် မျက်နှာ အမူအရာ ရေခဲရိုက်ထားသကဲ့သို့ အေးစက်နေသော ယွီခယ်အာ၏ အသံ ထွက်ပေါ်လာသည်။

"အခြေခံ တည်ဆောက်ခြင်း (အဆင့် ၆) လောက်ပဲ ရှိတဲ့ ကောင်က (ဒုတိယအဆင့်) ထိပ်တန်း သားရဲထိန်း တစ်ယောက်ကို ရန်စရဲတယ်ပေါ့"

"ယွင်ကျန်းဂိုဏ်းက လူတွေ ဘယ်တုန်းက ဒီလောက် မိုက်ရိုင်းသွားကြတာလဲ"

(ဒုတိယအဆင့်) ထိပ်တန်း သားရဲထိန်းတဲ့လား။

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ပိုင်လိုင် တစ်ကိုယ်လုံး အေးခဲသွား၏။

ပြေးမှ။

ချန်ပိုင်လိုင် ချက်ချင်း လှည့်ထွက်လိုက်ပြီး လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော် သူ စတင် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဟိန်းဟောက်သံ တစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွား၏။

ချန်ပိုင်လိုင် တစ်မိုင်ခန့်ပင် မရောက်သေးမီ ဧရာမ အတောင်ပံ ပါရှိသော သားရဲကြီး တစ်ကောင်သည် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူ့ခန္ဓာကိုယ်ထက် ကြီးမားသော လက်သည်းကြီးဖြင့် ရိုက်ချလိုက်တော့သည်။

"ဝုန်း"

"ဘုန်း"

"အား"

မချိမဆံ့ အော်ဟစ်သံ တစ်ခု တာ့ယွဲ့ မှောင်ခိုဈေး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူအများအပြား လန့်ဖျတ်သွားကြ၏။

တိမ်တိုက်ကျား၏ လက်သည်းချက်အောက်တွင် အမည်းရောင် အစက်ကလေး တစ်ခုသည် ကြယ်တံခွန် တစ်ခုအလား မိုင်ပေါင်းများစွာ လွင့်စင်သွားပြီး တောင်ကုန်းငယ် တစ်ခုကို ဝင်တိုက်မိကာ တောင်ကုန်း တစ်ဝက်ခန့် ပြိုကျပျက်စီးသွား၏။ ချက်ချင်း ဆိုသလိုပင် မြေကြီးများနှင့် ဖုန်မှုန့် အများအပြားသည် ထိုလူရိပ်ကို ဖုံးလွှမ်းသွားတော့သည်။

သို့သော် တိမ်တိုက်ကျား၏ လက်သည်းချက်သည် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အသက်ကယ် ပစ္စည်း အမြောက်အမြား ပိုင်ဆိုင်ထားသော ချန်ပိုင်လိုင်ကို သေအောင် မသတ်နိုင်ခဲ့ပေ။

ကာကွယ်ရေး အဆောင်လက်ဖွဲ့ အများအပြားနှင့် ထိပ်တန်း ကာကွယ်ရေး မှော်လက်နက် တစ်ခုတို့၏ ကျေးဇူးကြောင့် ချန်ပိုင်လိုင်၏ ကျောပြင် တစ်ခုလုံး ကြေမွသွားသော်လည်း အသက်ရှင်န်ိုင်ခဲ့သည်။

"ရွှစ်"

ထိုလူရိပ်သည် မြေကြီးအောက်သို့ တိုးဝင်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။

ယွီခယ်အာက ပြန်ခေါ်လိုက်သောကြောင့် တိမ်တိုက်ကျားသည် ဆက်လက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။ တိမ်တိုက်ကျားသည် ပတ်ဝန်းကျင်ကို အေးစက်သော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်ပြီးနောက် အတောင်ပံများကို ခတ်ကာ ပြန်လည် ပျံသန်းလာခဲ့သည်။ ကျားပေါက်စ အရွယ်အစားသို့ ကျုံ့ဝင်သွားပြီး ယွီခယ်အာ၏ ရင်သားများအောက် (စုယွီ၏ အမြင်တွင်မူ တောင်ကုန်းနှစ်ခုကြား) တွင် ဝင်ရောက် ပုန်းအောင်းလိုက်၏။

ကံကောင်းထောက်မစွာပင် ၎င်းသည် ကျားမလေး ဖြစ်နေသည်။ သို့မဟုတ်ပါက စုယွီက ဆွဲထုတ်ပစ်လိုက်မည် ဖြစ်၏။

စုယွီသည် ချန်ပိုင်လိုင် ထွက်ပြေးသွားရာ လမ်းကြောင်းကို ကြည့်လိုက်ပြီးနောက်၊ ချန်ပိုင်လိုင်နှင့် အတူပါလာသော်လည်း ယခုအခါ ကြောက်လန့်တကြား အော်ဟစ် ထွက်ပြေးနေကြသော ယွင်ကျန်းဂိုဏ်း တပည့်များကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် စိန်ခေါ်လိုက်သည်။

"နောက်တစ်ခါ မိုက်ရိုင်းရဲရင်... မင်းတို့ အသက်ကို ငါ ယူမယ်"

အသံမှာ တိုးသော်လည်း ယွင်ကျန်းဂိုဏ်း တပည့်များ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်စွာ ကြားလိုက်ရလေသည်။

အခန်း (၁၄၇) - ရှေးဟောင်း မြေပုံနှင့် နေလမင်း ကျွန်း ဂူစံအိမ် (အပိုင်း ၆)

~နှစ်ပေါင်းများစွာ 'ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်' ကို ကျင့်ကြံခဲ့သဖြင့် စုယွီ၏ ဝိညာဉ် စွမ်းအားသည် သာမန် အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများထက် ပိုမို အားကောင်းလေသည်။

ယွင်ကျန်းဂိုဏ်း တပည့်အချို့၏ အာရုံခံနိုင်စွမ်းအောက်တွင်၊ ထိုခြိမ်းခြောက်နေသော အရှိန်အဝါသည် ကျောချမ်းဖွယ် ကောင်းလှပြီး သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားစေသည်။

စုယွီ၏ အသံကြောင့် ထိတ်လန့်တကြား ဖြစ်သွားသဖြင့် သူတို့သည် လေပေါ်တွင် ယိုင်လဲသွားပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားကြ၏။

"အား... စီနီယာကြီး... ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ"

"ဒီကိစ္စနဲ့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး... သနားပါ"

ထိုလူအုပ်စုသည် ကြောက်လန့်တကြား အော်ဟစ်ပြီး ထွက်ပြေးသွားကြတော့သည်။

အရာအားလုံး ငြိမ်သက်သွားသောအခါ စုယွီ တိုးတိုးလေး ပြောလိုက်၏။

"အတွင်းပိုင်း ဈေးကွက် ထဲကို ဝင်ကြရအောင်... အဲဒီမှာ ပိုပြီး အဆင်ပြေလိမ့်မယ်"

ချန်ပိုင်လိုင် မသေဆုံးခဲ့ပေ။ သို့သော် သူ့ဒဏ်ရာများကြောင့် အနည်းဆုံး လဝက် သို့မဟုတ် တစ်လခန့် အိပ်ရာထဲ လဲနေရပေလိမ့်မည်။

သူ့ကို မသတ်မိဖို့ အရေးကြီးသည်။ ချန်ပိုင်လိုင်သည် သာမန် ရွာသား မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ယခုအခါ ယွင်ကျန်းဂိုဏ်း အကြီးအကဲ တစ်ဦး၏ တိုက်ရိုက် တပည့် ဖြစ်နေပြီ မဟုတ်ပါလော။

အကယ်၍ ချန်ပိုင်လိုင်ကို လူသိရှင်ကြား သတ်ဖြတ်လိုက်ပါက ယွင်ကျန်းဂိုဏ်း အနေဖြင့် လျစ်လျူရှုထားလိမ့်မည် မဟုတ်ပေ။

ယခု ဖြစ်ပျက်ခဲ့သည်မှာ ပြီးပြည့်စုံသည်။ မည်သူမျှ မသေဆုံးခဲ့ပေ။

အခြေအနေကို ထိန်းချုပ်၍ ရသေးသည်။

ယွင်ကျန်းဂိုဏ်း အကြီးအကဲ၏ တိုက်ရိုက် တပည့် ဟူသော အဆင့်အတန်း တစ်ခုတည်းကသာ သူ့ကို ကာကွယ်ပေးထားခြင်း ဖြစ်၏။ သို့မဟုတ်ပါက ချန်ပိုင်လိုင် သေဆုံးနေလောက်ပြီ ဖြစ်၏။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်သွားပြီး ထိုရုန်းရင်းဆန်ခတ် အခြေအနေကို ကြည့်ရှု အားပေးနေကြ၏။

စုယွီနှင့် သူ့အဖွဲ့ ထွက်ခွာသွားသောအခါ လူများသည် အချင်းချင်း တီးတိုး ပြောဆိုနေကြ၏။ အဓိကအားဖြင့် တိမ်တိုက်ကျား အကြောင်း ဖြစ်၏။ တိမ်တိုက်ကျား မည်သည့်အချိန်က တိုက်ခိုက်လိုက်သည်ကို လူအများစု သတိမထားမိလိုက်ကြပေ။ သူတို့ သတိထားမိလိုက်ချိန်တွင် ချန်ပိုင်လိုင်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး လွင့်စင်ထွက်သွားခဲ့ပြီ ဖြစ်၏။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အများအပြား ထိတ်လန့်သွားခဲ့ရ၏။

အလွန် အစွမ်းထက်သော မိစ္ဆာကျားကြီးပါလား။

တိမ်တိုက်ကျားသည် ယွီခယ်အာ၏ ရင်ခွင်ထဲသို့ လိမ္မာစွာ ပြန်ဝင်သွားသည်ကို မြင်သောအခါ ကျင့်ကြံသူများ ပို၍ပင် အံ့သြမှင်သက်သွားကြ၏။

တာ့ယွဲ့ မှောင်ခိုဈေးတွင် ဤမျှ လှပသော (ဒုတိယအဆင့်) ထိပ်တန်း သားရဲထိန်း တစ်ဦး မည်သည့်အချိန်က ရောက်ရှိနေပါသနည်း။

အတွင်းပိုင်း ဈေးကွက်သို့ ဝင်ရောက်လာသောအခါ၊

စုယွီ သက်ပြင်းချလိုက်၏။ အပြင်ဘက်တွင် ပြဿနာ ရှာခဲ့ပြီးနောက် ကြီးမားလှသော ဝိညာဉ် စွမ်းအား အရှိန်အဝါ အမျိုးမျိုးကြောင့် သူ့ဦးရေပြားများ ထုံကျင်သွားပြီး၊ တုပ အမြုတေ အဆင့် အရှိန်အဝါ တစ်ခုကိုပင် အာရုံခံမိလိုက်သဖြင့် ခေါင်းကြီးသွားခဲ့ရ၏။

ယခုတော့ အဆင်ပြေသွားပါပြီ။ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက အတွင်းပိုင်း ဈေးကွက်ထဲမှာ ပြဿနာ ရှာချင်ရင်တောင်မှ နောက်ဆက်တွဲ ဆိုးကျိုးတွေကို အရင် ချိန်ဆရဦးမည် ဖြစ်၏။

ဤနေရာသည် တာ့ယွဲ့ မှောင်ခိုဈေးတွင် အလုံခြုံဆုံး နေရာ ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။

"ရွှစ်... ရွှစ်... ရွှစ်"

ထိုအချိန်တွင် ယွီပိုင်ရှန် နှင့် ယွီပိုင်ဟယ် တို့၏ ပုံရိပ်များသည် စုယွီနှင့် အခြားသူများ၏ ရှေ့တွင် ပေါ်ထွက်လာသည်။

ယွီပိုင်ရှန် မျက်မှောင်ကြုတ်လိုက်၏။

"စောစောက ဘယ်သူနဲ့ တွေ့ခဲ့တာလဲ"

စုယွီ ခေါင်းငြိမ့်ပြလိုက်၏။

"ချန်ပိုင်လိုင်ပါ... ယွင်ကျန်းဂိုဏ်း အကြီးအကဲ တစ်ယောက်ရဲ့ တိုက်ရိုက် တပည့်လေ... သူက ဖီးနစ် နန်းတော် အပျက်အစီး နယ်မြေမှာ ကံကောင်းခြင်းတချို့ ရလာပုံပဲ... ယုံကြည်မှု လွန်ကဲနေပြီး ခယ်အာနဲ့ တခြားသူတွေကို ဇွတ်တရွတ် ခေါ်သွားဖို့ ကြိုးစားနေတာ... ပြောစရာ မလိုပါဘူး... ကျွန်တော်တို့ သူ့ရဲ့ မောက်မာမှုကို သည်းခံရမှာတဲ့လား"

ထိုစကားကို ကြားသောအခါ ယွီပိုင်ဟယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး မေးလိုက်၏။

"ဘာ... သူက ငါ့သမီးကို ထိရဲတယ် ဟုတ်လား"

ယွီပိုင်ရှန်က မျက်မှောင်ကြုတ်လိုက်၏။

"စိတ်မလှုပ်ရှားပါနဲ့ဗျ"

"လေလံ အိမ်တော် ရောက်မှ ဆွေးနွေးကြတာပေါ့"

ဒီမှာ လူတွေ အရမ်း များလွန်းသည်လေ။

နောက်ထပ် ဘာမှ ဆက်မပြောကြဘဲ လေလံ အိမ်တော်သို့ ဦးတည် ထွက်ခွာသွားကြ၏။

ရောက်ရှိသောအခါ ဒုတိယထပ်ရှိ သီးသန့် အခန်း တစ်ခု ရရှိခဲ့သည်။ ထိုင်လိုက်သည်နှင့် တပြိုင်နက် ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို ဆွေးနွေးကြလေသည်။

ချန်ပိုင်လိုင်က စတင် ရန်စခဲ့ခြင်း ဖြစ်သည်မှာ သေချာသဖြင့် စုယွီနှင့် သူ့အဖွဲ့၏ တုံ့ပြန်မှုသည် မျှတသည်မှာ မလွဲဧကန်ပင်။

သို့သော် ကောက်ကျစ်ပြီး ဗျူဟာကျသော ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ်တို့က သတိထားကြရန် သတိပေးလိုက်၏။ ယွင်ကျန်းဂိုဏ်းသည် သေးသိမ်သော လက်တုံ့ပြန်မှုများ လုပ်လေ့မရှိသော်လည်း၊ မလုပ်ဘူးဟု မဆိုလိုနိုင်ပေ။

ဘာပဲဖြစ်ဖြစ် ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ် မျိုးဆက်မှ လူများသည် ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိတတ်ကြ၏။

အခန်းထဲတွင် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် အောက်ထပ်ရှိ ပင်မ ခန်းမဆောင်တွင် လူပြည့်လုနီးပါး ဖြစ်လာသောအခါ လေလံပွဲ စတင်လေတော့သည်။

စောင့်ဆိုင်းနေစဉ် အတွင်း စုယွီသည် တက်ရောက်လာသူများထဲတွင် ရင်းနှီးသော မျက်နှာ အများအပြားကို တွေ့လိုက်ရ၏။ ဥပမာအားဖြင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ တာအိုသခင် စစ်မှန်သူ ပိုင်ယွဲ့ ၏ တတိယ တပည့် ဖြစ်သော ရွှီဝမ်ရှန်း လည်း ရောက်ရှိနေပြီး အတော်လေး ထင်ရှားပေါ်လွင်နေသည်။

ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့မှ ပထမ အကြီးအကဲ နှစ်ဦး၏ အရှိန်အဝါများကိုလည်း အာရုံခံမိသည်။

ခိုင်ယန် နန်းတော် ၊ ဓားမြို့တော် ၊ ချင်မိသားစု နှင့် ယခင်က ပါရမီရှင်များ စုဝေးပွဲ တွင် ပါဝင်ခဲ့ဖူးသော အခြား အင်အားကြီး မိသားစုများမှ ထူးချွန်သော လူငယ် ကျင့်ကြံသူ အချို့လည်း ရောက်ရှိနေကြ၏။

စုယွီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

"လူတွေ စည်ကားလိုက်တာ"

ယခုတစ်ကြိမ်တွင် တာအိုဆရာ ဟုန်အာ ပါဝင်ခြင်း မရှိဘဲ၊ လေလံ အိမ်တော်၏ မူလ လေလံဆွဲသူသာ ပါဝင်လေသည်။

နှစ် (၂၀) လျှင် တစ်ကြိမ် အလှည့်ကျ ပြောင်းလဲမှု ရှိပြီး၊ တာ့ယွဲ့ မှောင်ခိုဈေးကို ကြီးကြပ်ကွပ်ကဲသော တာအိုဆရာ လောင်ကျို၏ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်၏။

"လေလံပွဲကို တက်ရောက်လာကြတဲ့ တာအို မိတ်ဆွေ အပေါင်းတို့ကို ကြိုဆိုပါတယ်... ကျွန်တော် ဟုန်အာ က ဒီပွဲရဲ့ အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ပေးပါမယ်ခင်ဗျာ"

အသက်ကြီးသော တာအိုဆရာ တစ်ဦး လေလံ စင်မြင့်ပေါ်သို့ တက်ရောက်လာသည်။ သူ၏ ကျင့်ကြံခြင်း အဆင့်သည် မမြင့်မားလှဘဲ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) သာ ရှိသော်လည်း၊ လေလံ စင်မြင့်ပေါ်တွင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။

"လေလံပွဲ စတင်ပါတော့မယ်... ပထမဆုံး လေလံတင်မယ့် ပစ္စည်းကတော့ (ဒုတိယအဆင့်) အဆင့်နိမ့် ရုပ်သေး သားရဲ နှစ်ကောင် ဖြစ်ပါတယ်"

"အရည်အသွေး ကောင်းမွန်ပြီး၊ တစ်ကောင်က အခြေခံ တည်ဆောက်ခြင်း (အဆင့် ၂) ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ ညီမျှကာ၊ နောက်တစ်ကောင်က အခြေခံ တည်ဆောက်ခြင်း (အဆင့် ၃) ကျင့်ကြံသူရဲ့ စွမ်းအားနဲ့ ညီမျှပါတယ်... နာမည်ကြီး ဆရာသခင် တစ်ဦး ဖန်တီးထားတာ သေချာပါတယ်"

"ကနဦး ဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၅,၀၀၀) ဖြစ်ပြီး၊ ဈေးတိုးမြင့်မှု တိုင်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁,၀၀၀) အောက် မနည်းရပါဘူး... လေလံ စတင် ဆွဲနိုင်ပါပြီ"

တာအိုဆရာ ဟုန်အာက ခပ်ဟဟ ရယ်မောပြီး လက်ဝှေ့ယမ်းလိုက်သည်။ ကြီးမားသော ရုပ်သေး သားရဲကြီး နှစ်ကောင် စင်မြင့်ပေါ်တွင် ပေါ်လာပြီး လူတိုင်း မြင်တွေ့နိုင်စေရန် ပြသလိုက်တော့၏။

အသေးစိတ် မိတ်ဆက်ပြီးနောက် စိတ်ဝင်စားသော ကျင့်ကြံသူများကို လေလံ စတင် ဆွဲခွင့် ပြုလိုက်သည်။

(ဒုတိယအဆင့်) အဆင့်နိမ့် ရုပ်သေး သားရဲ နှစ်ကောင် ပေါ်ထွက်လာမှုသည် ကျင့်ကြံခြင်း မိသားစု အများအပြားကို စိတ်ဝင်စားစေခဲ့သည်။

"(၂၆,၀၀၀)"

"(၂၇,၀၀၀)"

"ဟဲ... ဟဲ... ငါတို့ လီမိသားစုက (၃၀,၀၀၀) ပေးမယ်"

တတိယထပ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

အောက်ဘက်မှ လေလံဆွဲသံများ ရုတ်တရက် တိတ်ဆိတ်သွား၏။ သို့သော် ခဏအကြာတွင် အခြားသူများက တွန့်ဆုတ်စွာဖြင့် ပြန်လည် လေလံဆွဲကြပြန်သည်။

"(၃၁,၀၀၀)"

ကျင့်ကြံခြင်း မိသားစု လေးငါးခု ပါဝင်သော လေလံ စစ်ပွဲသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄၃,၀၀၀) ဖြင့် ပြီးဆုံးသွား၏။ နောက်ဆုံးတွင် မြေဆရာ ထံမှ ဆင်းသက်လာသော 'ဆေးပညာရှင် လီမိသားစု' က ရရှိသွားခဲ့သည်။

ဤဈေးနှုန်းသည် စုယွီ ခန့်မှန်းထားသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄၀,၀၀၀) ထက် ကျော်လွန်နေသည်။ မဆိုးလှပေ။

(တတိယအဆင့်) ဆေးပညာရှင် ပိုင်ဆိုင်ထားသော လီမိသားစု ပီသပေသည်။ သူတို့ တကယ် ချမ်းသာကြ၏။

ထို့နောက် လေလံဆွဲသူ တာအိုဆရာ ဟုန်အာသည် အခြား လေလံပစ္စည်းများကို ထုတ်ယူလိုက်၏။ လေလံပွဲ အလယ်လောက်တွင် (ဒုတိယအဆင့်) အဆင့်နိမ့် အဆောင်လက်ဖွဲ့ (၁၀၀) ပါဝင်သော အစုံလိုက် တစ်ခုကို ထုတ်ပြလိုက်၏။ ဤ အဆောင်လက်ဖွဲ့ အစုံလိုက် ပေါ်ထွက်လာမှုသည် လူအများအပြား၏ မျက်နှာ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။

ဒီအရေအတွက်... အင်အားကြီး အဖွဲ့အစည်း အများအပြားတောင် လျစ်လျူမရှုနိုင်လောက်အောင်ပါပဲ။

(ဒုတိယအဆင့်) အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်ခု၊ သို့မဟုတ် (၁၀) ခု ဆိုလျှင် သိပ်မများလှပေ။

သို့သော် (၁၀၀) အထိ ရောက်ရှိသွားသောအခါ အရေအတွက် ရှုထောင့်မှ ကြည့်လျှင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေရန် လုံလောက်နေပေသည်။

ယွီပိုင်ရှန်နှင့် ယွီပိုင်ဟယ် နှစ်ဦးစလုံး၏ မျက်နှာ အမူအရာများ လေးနက်သွားကြ၏။ ယွီပိုင်ရှန်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"တကယ်လို့ ကျန်းမိသားစု ဒါမှမဟုတ် ဟွမ်မိသားစုက လေလံဆွဲမယ် ဆိုရင်... ငါတို့ လုံးဝ အပါမခံလို့ မဖြစ်ဘူး"

ဒါတွေက (ဒုတိယအဆင့်) အဆင့်နိမ့် အဆောင်လက်ဖွဲ့တွေသာ ဖြစ်သော်ငြား၊ သူတို့ရဲ့ သက်ရောက်မှုက စုယွီ ထင်ထားတာထက် ပိုမို ကြီးမားနေပါသည်။

အင်အားစု အများအပြား ပါဝင်သော လေလံ စစ်ပွဲသည် အဆောင်လက်ဖွဲ့များ၏ ကနဦး ဈေးနှုန်း အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၃၀၀) မှ (၅၅၀) အထိ ရောက်ရှိသွားပြီးနောက်၊ ဆံပင်ဖြူနှင့် လူငယ်လေး တစ်ဦးက အနိုင်ရရှိသွား၏။ ဤလူငယ်သည် မြေဆရာ မာမိသားစု မှ ထူးချွန်သော လူငယ် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း မာရှီချင်း မဟုတ်ပေ။

ဤရလဒ်ကြောင့် ယွီပိုင်ရှန် ကြိတ်၍ သက်ပြင်းချလိုက်နိုင်ခဲ့၏။

သို့သော် ထို့နောက်တွင် တာအိုဆရာ ဟုန်အာသည် တဟဲဟဲ.. ရယ်မောလိုက်ပြီး အဆောင်လက်ဖွဲ့ နောက်တစ်ထပ်ကို ထုတ်ယူလိုက်ပြန်သည်။

"နောက်ဆုံး အဆောင်လက်ဖွဲ့ အစုံလိုက်ပါ... (ဒုတိယအဆင့်) အလယ်အလတ်တန်းစား အဆောင်လက်ဖွဲ့ (၅၀) ပါ... အရည်အသွေးက လုံးဝ ထိပ်တန်းပါပဲ... ကနဦး ဈေးနှုန်းက အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၂၆၀) ဖြစ်ပြီး၊ ဈေးတိုးမြင့်မှု တိုင်းက အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၁၀) တုံးအောက် မနည်းရပါဘူး"

"အမယ်လေး"

ယခုတစ်ကြိမ်တွင် အောက်ထပ် လေလံ ခန်းမဆောင်ရှိ ကျင့်ကြံသူများသည် ဆူညံပွက်လောရိုက်သွားပြီး မယုံကြည်နိုင် ဖြစ်ကုန်ကြ၏။

ကျင့်ကြံခြင်း မိသားစု အများအပြား၏ မျက်နှာ အမူအရာများ လေးနက်သွားကြ၏။

‘ဒီလောက်များတဲ့ (ဒုတိယအဆင့်) အဆောင်လက်ဖွဲ့တွေကို ဘယ်သူက လေလံတင်လိုက်တာလဲ။’

အထူးသဖြင့် 'ဟောင်ထျန်း ဆေးလုံး' ကို လေလံဆွဲရန် ပြင်ဆင်နေကြသော အင်အားစုများသည် ရင်တွင်း.. ကျိန်ဆဲလိုက်ကြသည်။

ဆွဲဆောင်မှု ရှိလိုက်တဲ့ အဆောင်လက်ဖွဲ့တွေပါလား။

All Chapters