← Chapters

🍼 Chapter 47 🍼 Qingqing's Adopted Daughter

Vol. 6 Ch. 47

🍼 Chapter 47 🍼 Qingqing's Adopted Daughter

Vol. 6 Ch. 47

ဖူဟန်တို့အဖွဲ့ အသည်းအသန် အပြေးအလွှား လာခဲ့ကြသော်လည်း ကူးလန်၏ မိခင်တက်ရောက်နေသည့် ဆေးရုံသို့ ရောက်ရှိချိန်တွင် ည ၈ နာရီကျော်သွားခဲ့ပြီ ဖြစ်သည်။

လမ်းခရီးတွင် ကူးလန်၏ သူငယ်ချင်းဖြစ်သူက အခန်းနံပါတ်ကို ကြိုတင်အကြောင်းကြားထားသဖြင့် သူတို့သည် ချင်ချင်လေးကို ခေါ်ဆောင်ကာ လူနာခန်းသို့ တန်းစီပြီး သွားခဲ့ကြသည်။ ထိုနေရာတွင် ကူးလန်၏ သူငယ်ချင်းဖြစ်သူ ဝမ်ဟောင်နှင့် ဖခင်ဖြစ်သူတို့အား တွေ့ဆုံလိုက်ရသည်။

"ကျေးဇူးပဲ သူငယ်ချင်း"

"ရပါတယ်ကွာ၊ ဘာမှမဟုတ်ပါဘူး၊ မင်း အမေဆီ အရင်ဝင်ကြည့်လိုက်ဦး၊ ငါလည်း လုပ်စရာလေးတွေ ရှိသေးလို့ အခုပဲ သွားတော့မယ်၊"

ဝမ်ဟောင်က ကူးလန်၏ ပုခုံးကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်ကာ မိသားစုဝင်များ သီးသန့်ရှိနေနိုင်ရန် အလိုက်တသိ ထွက်ခွာသွားပေးသည်။

မထွက်ခွာမီ သူသည် ဖူဟန်၏ ရင်ခွင်ထဲတွင်ရှိပြီး ကူးလန်နှင့် အလွန်တူကာ တောက်ပသော မျက်ဝန်းလေးများဖြင့် ဟိုကြည့်သည် ကြည့် လုပ်နေသည့် ချင်ချင်လေးကို စူးစမ်းသလို တစ်ချက်ကြည့်သွားသည်။ ချင်ချင်လေးက တစ်စုံ တစ်ယောက် သူမကို ကြည့်နေသည်ကို သတိထားမိသဖြင့် ခေါင်းလေးမော့ကာ ချိုသာစွာပြုံးပြလိုက်သည်။ ဝမ်ဟောင်မှာ ခဏတာကြောင်အသွားပြီးမှ ပြန်လည် ပြုံးပြလိုက်တော့သည်။

"ဒါ မင်းရဲ့ကလေးလား၊ အရမ်းချစ်ဖို့ကောင်းတာပဲ၊ မင်းနဲ့လည်း တော်တော်တူတယ်" ဟု သူက ခပ်ပေါ့ပေါ့ပင် ချီးကျူးစကားဆိုပြီး ကူးလန် အဖြေကိုပင် မစောင့်တော့ဘဲ ထွက်သွားသည်။ သူ ထွက်သွားခြင်းမှာ အခြားသူများကို အနှောင့်အယှက် မဖြစ်စေရန်အတွက်သာမက သူကိုယ်တိုင်လည်း တကယ်ပင် အလုပ်များနေသောကြောင့် ဖြစ်သည်။

"ဟိုဦးဦးက..." ချင်ချင်လေး ဝမ်ဟောင့်ကျောပြင်ကိုကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်— "မြင်ဖူးသလိုပဲ"

သူမ ထိုလူကို တစ်နေရာရာတွင် မြင်ဖူးသလိုခံစားနေရသည်။ ကံမကောင်းစွာဖြင့် ကူးလန်နှင့် ဖူဟန်တို့၏အာရုံမှာ လူနာခန်းထဲရှိ မိခင်ဖြစ်သူထံသို့သာ ရောက်နေသဖြင့် သူ့ မေးခွန်းလေးကို မည်သူမျှသတိမပြုမိကြပေ။

သူတို့ ရောက်လာသည်ကို မြင်သည့်အခါ ကူးလန်ဖခင်မှာ အားကိုးရာတစ်ခုကိုတွေ့လိုက်ရသကဲ့သို့ အပြေးအလွှား လာကြိုတော့ သည်။

"မင်းတို့ ရောက်လာပြီလား! မင်းအမေကို မြန်မြန်ကြည့်ပေးပါဦး၊ သူ သတိရလာကတည်းက ဒီအတိုင်းပဲ၊ ခေါ်လည်း မထူးဘူး"

ကူးလန်သည် သူ့ဖခင်၏ ကမ်းလင့်လာသော လက်ကို ရှောင်တိမ်းလိုက်ပြီး ဖခင်ဖြစ်သူ၏ မျက်နှာတွင် ပေါ်လာသော စိတ်ပျက် သည့် အရိပ်အယောင်များကိုလည်း လျစ်လျူရှုကာ စိတ်မရှည်စွာဖြင့်မေးလိုက်သည်— "သူ ဘာဖြစ်တာလဲ? ဘာလို့ ရုတ်တရက် သတိလစ်သွားရတာလဲ?"

တကယ်ကြီး ကိုယ်ဝန်ပျက်ကျတာလား?

ကူးလန်၏ စိတ်အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ သူသည် ယခင်က မိခင်ဖြစ်သူကို ဒေါသတကြီးဖြင့် ကိုယ်ဝန်ပျက်ကျပါစေဟု ဆုတောင်းခဲ့ဖူးသော်လည်း၊ တကယ်တမ်း ဖြစ်လာသည်ဟု ထင်လိုက်ရသည့်အခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။ လူသားများမှာ တကယ်ပင် ရှေ့နောက်မညီသော သတ္တဝါများ ဖြစ်ကြသည်။

"ကိုယ်ဝန်လည်း တစ်ခါမှ မရှိခဲ့ပါဘူး၊ ဘယ်က ကိုယ်ဝန်ပျက်ကျရမှာလဲ?" ကူးလန် မိခင်မှာ ကုတင်ပေါ်တွင် တစ်ဖက်သို့ လှည့်လိုက်ပြီး ခနဲ့တဲ့တဲ့လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ဟင် ?" ကူးလန်နှင့် ဖူဟန်တို့ နှစ်ဦးစလုံး အံ့သြသွားကာ နားမလည်နိုင်သလိုဖြစ်သွားကြသည်။

"ဘာကို ဆိုလိုတာလဲ? ရှင်းရှင်းလင်းလင်း ပြောစမ်းပါဦး!"

ကူးလန်သည် လူများ စကားအားဝေ့ဝိုက်ပြောခြင်း သို့မဟုတ် အဓိကအချက်ကို မရောက်ဘဲ ဝေဝေဝါးဝါး ပြောခြင်းကို အလွန်မုန်းတီးသူဖြစ်သည်။

"မင်း အမေက..." ကုယန်ယွီက တုန်တုန်ယင်ယင်နှင့် တိုးတိုးလေး ပြောလိုက်သည်— "သူ့မှာ ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူး။ ဆရာဝန်ပြောတာတော့ သားအိမ်အသားလုံးရှိနေတာတဲ့။"

ထိုအသားလုံးမှာ အတော်လေးကြီးမားနေသဖြင့် သူ၏ဇနီးဖြစ်သူ ဝမ်းဗိုက်မှာဖောင်းထွက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး ကိုယ်ဝန်ရှိသည်ဟု အထင်မှားခဲ့ကြခြင်းပင်။

ကူးလန်: "..."

ဖူဟန်: "..."

ချင်ချင်လေး: "???"

လူကြီးများပြောနေသည်ကို ဘာမှနားမလည်သော ချင်ချင်လေးမှာတော့ အူကြောင်ကြောင်လေးဖြင့်ကြည့်နေရှာသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်...

"ဖွီးးးး!" ကူးလန်မှာ မထိန်းနိုင်တော့ဘဲ လက်သီးဖြင့် ပါးစပ်ကို ပိတ်ကာ ရယ်ချလိုက်တော့သည်။

"ကူးလန်!" မိခင်ဖြစ်သူမှာ ကုတင်ပေါ်ထထိုင်လိုက်ပြီး ဒေါသတကြီးဖြင့်အော်လိုက်သည်— "ဒါ ဘယ်လိုအမူအရာမျိုးလဲ ?"

"ဘာအမူအရာလဲ ?" ကူးလန်သည် ရယ်သံကို ထိန်းထားရာမှ ဆူပူခံရသည့်အခါ ပွင့်လင်းစွာပင် လှောင်ရယ်လိုက်တော့သည်— "ခင်ဗျားတို့ နှစ်ယောက်လုံးက တကယ် ဘာမှမသိကြဘူးပဲ၊ ဆေးရုံကိုသွားပြီး စစ်ဆေးဖို့တောင်မသိဘဲ သားအိမ်အသားလုံးကို ကိုယ်ဝန်လို့အထင်မှားပြီး ဒီလောက်အမှားကြီး မှားခဲ့တာတောင် သူများရယ်တာကိုမခံနိုင်ဘူးလား?"

"ကဲပါ... တော်ကြပါတော့၊ စကားမများကြပါနဲ့ ကူးလန်ရာ၊ မင်းအမေ အခုမှ ဆေးရုံတက်ရခါစရှိသေးတယ် ဆရာဝန်ပြော တာတော့ နောက်ရက်အနည်းငယ်အတွင်း သားအိမ်တစ်ခုလုံးကို ထုတ်ပစ်ဖို့ ခွဲစိတ်ရမယ်တဲ့၊ သူ အခု စိတ်မကောင်းဖြစ်နေတာမို့ စကားကိုလျှော့ပြောပြီး သူ့ကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့"

ကူးယန့်ယွီက အဆင်ပြေအောင် ကြားဝင်ဖျန်ဖြေပေးသော်လည်း ကူးလန်ကမူ အဖက်မလုပ်ပေ။

"သူက စိတ်ဓာတ်အရမ်းမာတဲ့သူပဲ၊ ကျွန်တော် သူ့ကို စိတ်ဆင်းရဲအောင် လုပ်လို့မရပါဘူး၊ အခု ခင်ဗျားတို့ အဆင်ပြေနေပြီဆိုတော့ ကျွန်တော် ပြန်တော့မယ်"

ဤနေရာတွင် နေရသည့် စက္ကန့်တိုင်းမှာ သူ့အတွက် အသက်ရှူကျပ်သလိုခံစားနေရသည်။ ထို့ပြင် ချင်ချင်လေးကိုလည်း ဤကဲ့သို့သော စိတ်ပျက်စရာကိစ္စများနှင့် မရင်ဆိုင်စေချင်သဖြင့် ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီမှာ ဆရာဝန်တွေ၊ သူနာပြုတွေ ရှိနေတာပဲ၊ သူတို့ နှစ်ယောက်လုံး ဘာမှမဖြစ်နိုင်ပါဘူး။

"ခဏစောင့်ဦး!"

အနောက်ဘက်မှ မိခင်ဖြစ်သူ၏အားနည်းသောအသံ ထွက်ပေါ်လာသည်။ ကူးလန် ခြေလှမ်းများကိုရပ်လိုက်သည်။ သူမ ဘာများ ထပ်ပြောဦးမလဲဆိုသည်ကို သူ နားထောင်ချင်နေမိသည်။

"နင့်လက်ထဲက ချင်ချင်လေးလား ? ငါ့ကိုပေး၊ ငါ ချီချင်တယ်"

သူမ လေသံမှာ အမိန့်ပေးသကဲ့သို့တည်ငြိမ်နေသည်— "သူက ငါ့မြေးမလေးပဲဟာ၊ ငါ့ကို အဘွားလို့ ခေါ်ရမှာပေါ့။"

ထိုစကားကို ကြားလိုက်ရချိန်တွင် ကူးလန်ရင်ထဲ၌ ဒေါသတရားတို့က ရုတ်တရက် အဟုန်ပြင်းစွာ တက်လာတော့သည်။ သူဝုန်းခနဲ လှည့်ကြည့်လိုက်ရာ သွေးရောင်လွှမ်းနေသည့် သူ့မျက်ဝန်းအစုံက မိခင်ဖြစ်သူအား စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

"ခင်ဗျား ဘာလုပ်ဖို့ ကြံနေတာလဲ? ကိုယ်တိုင် ကလေးမရနိုင်တော့လို့ သူများကလေးကိုလာလုချင်နေတာလား? အခုကတည်းက ပြောထားမယ်၊ စိတ်တောင်မကူးနဲ့၊ ချင်ချင်လေးနား တစ်လှမ်းလှမ်းဖို့ ဘယ်တော့မှ အခွင့်အရေးပေးမှာမဟုတ်ဘူး။"

ကူးလန်သည် ဖူဟန့်ရင်ခွင်ထဲမှ ချင်ချင်လေးကိုဆွဲယူပွေ့ချီကာ အခန်းထဲမှ အမြန်လှမ်းထွက်သွားတော့သည်။ ဤတစ်ကြိမ်တွင်မူ သူ နောက်ပြန်လှည့်မလာတော့ပေ။

"ယောက္ခမကြီးတို့... ကျွန်တော့်ကိုလည်း ပြန်ခွင့်ပြုပါဦး"

ဖူဟန်က ကူးလန်၏မိဘများကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ကူးလန်နောက်သို့ အမြန်လိုက်သွားရသည်။ ထိုကောင်သည် ယခုအချိန်တွင် စိတ်အခြေအနေမကောင်းလှသဖြင့် ချင်ချင်လေးအား ထိတ်လန့်သွားအောင် လုပ်မိမည်ကိုစိုးရသည်။

ဖူဟန် ကူးလန်ကို ပြန်ရှာတွေ့သည့်အခါ သူသည် ရေခဲမုန့်ဆိုင်တစ်ဆိုင်တွင် မန်ဂိုရေခဲခြစ်အား အငန်းမရစားနေပြီး ချင်ချင်လေးကမူ မျက်နှာချင်းဆိုင်တွင်ထိုင်ကာ အာလူးကြော်များကို လိမ္မာပါးနပ်စွာစားနေသည်ကို တွေ့လိုက်ရသည်။

ရင်ထဲမှ ဒေါသများကိုဖြေဖျောက်လို၍လားမသိ၊ ကူးလန်သည် ရေခဲများကို ပါးစပ်ထဲသို့ အလုအယက်ထိုးထည့်နေသည်။ နှုတ်ခမ်းများအေးခဲသွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ဖူဟန် ကူးလန်၏ စားပွဲရှေ့တွင် ရပ်ကာ ခါးထောက်လျက် သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်သည်။

"စိတ်ဆိုးနေတုန်းလား ?"

"ဘာမှ မပတ်သက်တဲ့လူအတွက်နဲ့ ငါက ဘာလို့ ဒေါသထွက်နေရမှာလဲ?" အကယ်၍ သူသာ ဤမျှ အငမ်းမရ စားမနေလျှင် ထိုစကားမှာ အနည်းငယ်ယုံကြည်စရာကောင်းပေဦးမည်။

ချင်ချင်လေး ချက်ချင်းရိပ်မိသည်— "တိတိ လိမ်နေတာ၊ တိတိ စိတ်ဆိုးနေတာပဲ"

"စားစရာရှိတာ ဆက်စား!" ကူးလန် အာလူးကြော်နှစ်ခုကိုယူကာ ချင်ချင်လေး ပါးစပ်ထဲသို့အတင်းထိုးထည့်ပြီး သူမ၏ စကားသံကို ပိတ်ပစ်လိုက်သည်။

"အင့်... ခရမ်းချဉ်သီးဆော့စ် မပါဘူး..." ခရမ်းချဉ်သီးဆော့စ်မပါသော အာလူးကြော်မှာ ဝိညာဉ်မပါသကဲ့သို့ဖြစ်ရာ ချင်ချင်လေးက မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်သွားသည်။ သို့သော် ဖူဟန် ချက်ချင်းချော့မော့လိုက်သည်။

"ကလေးတွေက ခဏခဏမျက်မှောင်မကြုတ်ရဘူး၊ အဲဒါဆို အရေးအကြောင်းတွေ စောစောပေါ်လာလိမ့်မယ်။"

"အာ!" ချင်ချင်လေးမှာ ထိတ်လန့်သွားပြီး သူမ၏ချောမွတ်နေသော နဖူးလေးကိုအမြန်စမ်းကြည့်လိုက်သည်— "ချင်ချင် နောက်ကို မျက်မှောင်မကြုတ်တော့ဘူးနော်"

"ဝိတ်တာ... ကျွန်တော့်ကို ပင်လယ်စာထမင်းကြော် တစ်ပွဲပေးပါ။"

ရေခဲမုန့်ဆိုင်တွင် အစားအစာများလည်း ရောင်းသော်လည်း အရသာမှာ အပြင်ဆိုင်ကြီးများလောက် မကောင်းပေ။ သို့သော် ဖူဟန်မှာ နေ့လယ်ကတည်းက ဗိုက်ဆာနေသဖြင့် အစားမရွေးတော့ဘဲ စားစရာရှိလျှင်ပင် ကျေနပ်နေပြီဖြစ်သည်။

သူတို့ သုံးယောက်မှာ ရေခဲမုန့်ဆိုင်တွင်ပင် ရိုးရိုးရှင်းရှင်း စားသောက်ပြီးနောက် မြို့ထဲရှိ ကူးမိသားစုပိုင် အိမ်ရာတစ်ခုသို့ တန်းစီသွားခဲ့ကြသည်။ ထိုနေရာတွင်ပင် ယနေ့ည အိပ်စက်အနားယူရန်စီစဉ်ထားခြင်းဖြစ်သည်။ ထိုအိမ်ရာမှာ အမည်ခံအားဖြင့် ဖူမိသားစုပိုင်သော်လည်း လက်တွေ့တွင်မူ ချင်ချင်လေးအတွက် တင်တောင်းပစ္စည်းအဖြစ်ပေးထားသည့် အိမ်ဖြစ်သောကြောင့် သူမ ပိုင်ဆိုင်မှုဖြစ်သည်။

တည်နေရာကောင်းပြီး အိမ်အကျယ်အဝန်းမှာလည်း ကြီးမားလှသဖြင့် ငှားရန်မသင့်ဟုယူဆကာ ချင်ချင်လေး သူ ကိုယ်တိုင်နေရန် သိမ်းထားခြင်းဖြစ်သည်။ သန့်ရှင်းရေးအတွက် လူတစ်ယောက်အားပုံမှန်ငှားရမ်းထားပြီး အိမ်မှာနေရသည်မှာ ငြီးငွေ့သည့်အခါ မျိုးတွင် ဤနေရာ၌ လာရောက်နေထိုင်လေ့ရှိသည်။

တံခါးမှာ လက်ဗွေစနစ်ဖြစ်ပြီး ချင်ချင်လေးနှင့် ကူးလန်တို့နှစ်ဦးစလုံး၏လက်ဗွေကို မှတ်ပုံတင်ထားသဖြင့် အလွယ်တကူဝင်နိုင် သည်။ သို့သော် သူတို့ သုံးယောက် ဓာတ်လှေကားမှ ဆင်းလိုက်သည်နှင့် တစ်ခုခု မှားယွင်းနေသည်ကိုခံစားလိုက်ရသည်။

ချင်ချင်လေး၏အိမ်တံခါးမှာ ဟောင်းလောင်းပွင့်နေသည်!

ဒီနေ့က သန့်ရှင်းရေးသမားလာရမည့်နေ့ မဟုတ်ပေ။ လူကြီးနှစ်ဦးစလုံး အကြည့်ချင်းဆုံသွားကြပြီး သူခိုးဝင်သည်ဟု သံသယဝင် သွားကြသည်။

သူခိုးကို သတိမထားမိစေရန် တစ်ယောက်ကမူ ချင်ချင်လေးအား အနောက်မှကာကွယ်ထားပြီး ကျန်တစ်ယောက်က တိတ်တဆိတ် ချဉ်းကပ်သွားသည်။ တံခါးဝသို့ မရောက်မီမှာပင် တစ်ဝက်ပွင့်နေသော တံခါးမှာ အတွင်းမှ ဝုန်းခနဲပွင့်လာပြီး ကိုယ်လုံးသေး သေးလေးနှင့် မိန်းကလေးတစ်ဦးထွက်လာသည်။ သူမသည် အမှိုက်အိတ်အကြီးကြီးများကို သယ်ဆောင်လာရင်း သူတို့နှင့် မျက်နှာချင်းဆိုင် တိုးပါတော့သည်။

"ဦးလေးကူး ?"

"နင်က ဘယ်သူလဲ ?"

အံ့သြသံတစ်ခုနှင့် သံသယဖြစ်သံတစ်ခု ပြိုင်တူထွက်လာသည်။ ကူးလန် မျက်နှာမှာ ချက်ချင်းတင်းမာသွားသည်— "နင် ငါ့ကို ဘယ်လိုလုပ် သိတာလဲ?"

"ရှင်က ကျွန်မ မွေးစာမေမေ ရဲ့ တိတိ မဟုတ်ဘူးလား? အိမ်ထဲမှာ ရှင့်ပုံတွေနဲ့ မားမားပုံတွေ အများကြီးရှိတယ်လေ" ဟု ချင်ချင် လေးအိမ်ထဲမှ ထွက်လာသည့် ထိုမိန်းကလေးက အေးဆေးပင်ပြန်ပြောလိုက်သည်။

ကူးလန်၏ဇဝေဇဝါဖြစ်နေသော မျက်နှာကိုမြင်သည့်အခါမှ ထိုမိန်းကလေးက တစ်ခုခုကိုသတိရသွားပြီး သူ့နဖူးကို တံခါးဘောင်နှင့် "ဒေါက်" ခနဲ မြည်အောင် ရိုက်လိုက်တော့သည်။

"အော်... ဟုတ်သားပဲ၊ ကျွန်မ ဘယ်သူလဲဆိုတာ ဦးလေးတို့မသိသေးတာ မေ့သွားလို့၊ တရားဝင် မိတ်ဆက်ပေးပါရစေ၊ ကျွန်မ နာမည်က ကူးအန်းရန်ပါ၊ မွေးစာမေမေကူးချင်ချင် လမ်းဘေးမှာ ကောက်ရခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ပေါ့၊ အခု နိုင်ငံခြားမှာ ကျောင်းတက်နေရင်း အားလပ်ရက်မို့ ခဏပြန်လာတာပါ၊ သွားစရာ နေရာမရှိလို့ ဒီမှာ ခဏလာတည်းနေတာပါ"

ကူးလန်မှာ ဘာမှပြန်မပြောနိုင်ဘဲကြောင်ကြည့်နေမိသည်။ အန်းရန်မှာမူ အမှိုက်အိတ်အလေးကြီးတွေကို မပြီး စကားပြောနေ ရသဖြင့် လက်မောင်များနာကျင်လာသောကြောင့် တံခါးကိုခြေထောက်ဖြင့် အသာတွန်းဖွင့်ကာ နေရာဖယ်ပေးလိုက်သည်။

"အိမ်ထဲဝင်ပြီး ထိုင်နှင့်ကြပါဦး၊ ကျွန်မ အမှိုက်သွားပစ်လိုက်ဦးမယ်၊ ပြန်လာမှ အကျိုးအကြောင်း အသေးစိတ်ရှင်းပြပါ့မယ်"

အပြင်သို့ လှမ်းထွက်လိုက်စဉ် အန်းရန်သည် ချင်ချင်လေးအား ပွေ့ချီထားသည့် ဖူဟန်ကိုမြင်လိုက်ရသည့်အခါမှ သူမ အလှည့် ထိတ်လန့်သွားရပြန်သည်။

"ဦးလေးဖူ... ဦးလေးဖူ မဟုတ်လား ?"

ဖူဟန်သည်လည်း အန်ရန်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း ကူးလန်ထက်စာလျှင် ပိုတည်ငြိမ်လှသည်။ သူကမူ ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်ပြီး အန်းရန်အား လှေကားခြေရင်းရှိ အမှိုက်ပုံးကြီးဆီသို့သွားခွင့်ပြုလိုက်သည်။ မိနစ်အနည်း ငယ်အကြာတွင်တော့ ချင်ချင်လေးအပါအဝင် လူကြီးသုံးဦးမှာ ဧည့်ခန်းထဲ ဘာစကားမှမပြောနိုင်ဘဲ ထိုင်နေကြတော့သည်။

တိတ်ဆိတ်မှုကို မခံနိုင်တော့သဖြင့် အန်းရန် ခေါင်းကိုကုတ်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်မေးလိုက်သည်— "ဟို... ဦးလေးတို့ တစ်ခုခု သောက်ချင်လားဟင်? ရေခဲသေတ္တာထဲမှာ ဖျော်ရည်၊ နို့၊ ပြီးတော့ ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ လိမ္မော်ရည်နဲ့ မက်မန်းဖျော်ရည် လည်းရှိပါတယ်"

"မက်မန်းဖျော်ရည်ဆိုတာ ဘာလဲဟင်?" ချင်ချင်လေးကမူ ကလေးသံလေးဖြင့် မေးလိုက်သည်— "အရသာရှိလား ?"

"အရမ်းရှိတာပေါ့! ဒါ မားမား သင်ပေးထားတဲ့ လျှို့ဝှက်ချက်နည်းလမ်းနဲ့လုပ်ထားတာလေ၊ ချိုချိုချဉ်ချဉ်နဲ့ လန်းဆန်းစေတယ်"

ကလေးနှင့် စကားပြောရသည့်အခါ အန်းရန်မှာ ပိုသက်သောင့်သက်သာ ရှိသွားပုံရသည်။

"ဟို..." ကူးလန်က စိမ်းသက်သော မိန်းကလေးတစ်ယောက်ထံမှ တစ်ခုခု တောင်းဆိုရသည်မှာ ထူးဆန်းသလို ခံစားနေရသော် လည်း— "မက်မန်းဖျော်ရည်... ရရင် တစ်ခွက်လောက် သောက်ချင်ပါတယ်" ဟု အားနာနာဖြင့် ပြောလိုက်ရသည်။

"ငါလည်း တစ်ခွက်" ဟု ဖူဟန်ကပါ နောက်မှထပ်ပြောသည်။

"ဟုတ်ကဲ့... ရပါတယ်" အန်းရန် ပြုံးပြီး မက်မန်းရည် သွားငှဲ့ပေးတော့သည်။ သူမ၏ မက်မန်းရည်က ဘယ်အချိန်ကစပြီး ဒီလောက် ထိ လူကြိုက်များသွားရသနည်း။

အန်းရန် မီးဖိုချောင်ထဲ ဝင်သွားသည်နှင့် ကူးလန်မှ ဖူဟန်အားမေးခွန်းထုတ်သည့် အကြည့်ဖြင့်လှည့်ကြည့်လိုက်သည်။ ဖူဟန်က အသာအယာ ခေါင်းငြိမ့်ပြရင်း တိုးတိုးလေးပြောလိုက်သည်— "သူရှိနေတာကို ငါ သိပေမဲ့ တကယ်တမ်း မဆုံဖူးသေးဘူး၊ ချင်ချင်နဲ့ ငါက ကူးအန်ရန်ဆိုတဲ့ ကောင်မလေးကို တရားဝင်သမီးအဖြစ်မွေးစားဖို့ တိုင်ပင်ခဲ့ဖူးသေးတယ်၊ ဒါပေမဲ့ သူ့မိသားစုက လာရှာနေ တယ်ဆိုတဲ့ သတင်းကြားလို့ အဲဒီကိစ္စကိုလက်လျှော့လိုက်ရတာ"

ဒီကလေးမလေးက ဘာကြောင့် ချင်ချင့်အိမ်မှာ လာနေပြီး မိမိကိုယ်ကိုယ် မိဘမဲ့ဟုပြောနေသနည်းဟူသော ကိုယ်ရေးကိုယ်တာ ကိစ္စများကိုမူ ကူးလန်နှင့် ဖူဟန်တို့က လိုက်လံစပ်စုနေမည်မဟုတ်ပေ။ ၎င်းမှာအခြားသော မိသားစုရေးရာ ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပေလိမ့်မည်။

"ဒီည တို့တွေ ဒီမှာနေလို့ မဖြစ်ဘူး၊ ဟိုတယ် ဘွတ်ကင်လုပ်လိုက်တော့မယ်"

ကူးလန်သည် ဖုန်းထုတ်ကာ အနီးဆုံးဟိုတယ်တစ်ခုကို အွန်လိုင်းမှ တန်းစီဘွတ်ကင်လုပ်လိုက်သည်။ ဈေးနှုန်းထက် သန့်ရှင်းမှုရှိ ရန်က ပိုအရေးကြီးသည် မဟုတ်ပါလား ?

၎င်းတို့ စကားပြောနေစဉ်မှာပင် အန်းရန်က မက်မန်ဖျော်ရည်လေးခွက်ယူလာပေးသည်။ သုံးခွက်တွင် ရေခဲပါပြီး တစ်ခွက်မှာတော့ ရေခဲမပါပေ။ ၎င်းမှာ ချင်ချင်လေးအတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

"ကျေးဇူးတင်ပါတယ် ကျဲကျဲ" ချင်ချင်လေး ခွက်ကိုကိုင်ကာ တစ်ငုံသောက်လိုက်ရာ တကယ်အရသာရှိလှသဖြင့် သူ့ အပြုံးလေးမှာ ပိုတောက်ပသွားတော့သည်။

"ရပါတယ်၊ ညီမလေးက အရမ်းချစ်ဖို့ကောင်းတာပဲ"

အန်းရန်သည် အခုမှတွေ့ဖူးသော ဤကလေးမလေးအပေါ် အကြောင်းပြချက်မရှိဘဲ ရင်းနှီးခင်တွယ်မှုအား မြင့်မားစွာခံစားနေရ သည်။ သူ့ မားမားနဲ့ အရမ်းတူနေတာကြောင့်များလား ?

ချင်ချင်လေး နံဘေးရှိ ပန်းအိုးကိုမြင်လိုက်သည့်အခါ အန်းရန် အမှတ်မထင် ၎င်းကို အဝေးသို့ရွှေ့လိုက်သည်။ သူမ၏ ထူးဆန်းသော အပြုအမူကို ကြည့်နေကြသည့် ကူးလန်နှင့် ဖူဟန်တို့ကို မြင်မှ အန်းရန်မှာ အားနာစွာပြုံးပြလိုက်သည်— "ဒီကလေးလေး ပန်းဝတ် မှုန်နဲ့ မတည့်မှာ စိုးလို့ပါ"

ထူးဆန်းလှသည်။ သူ့ မားမားမှာ ပန်းဝတ်မှုန်နှင့် မတည့်မှန်းသိသော်လည်း၊ ယခုမှ တွေ့ဖူးသည့် ကောင်မလေးအတွက် သူ ဘာကြောင့် စိုးရိမ်နေမိသနည်း။ ထိုကလေးမလေးမှာ ပန်းဝတ်မှုန်နှင့် မတည့်ချင်မှလည်း မတည့်ဘဲ နေမည်။ မိမိ၏ထူးဆန်းသော အပြုအမူကို မိမိဘာသာ နားမလည်နိုင်သဖြင့် အန်းရန်မှာ အားနာသလိုပြုံးနေရုံသာတတ်နိုင်တော့သည်။ အကယ်၍ ယခုအချိန်မှာ ကြမ်းပြင်ပေါ် အပေါက်တစ်ပေါက်သာရှိနေလျှင် သူမ သေချာပေါက်ဝင်ပုန်းမိပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ်၊ ချင်ချင်လေးက ပန်းဝတ်မှုန်နဲ့ တကယ် နည်းနည်းမတည့်ဘူး" ကူးလန်၏ဖော်ရွေသော အဖြေကြောင့် အနေရခက်သော အခြေအနေမှာပြေလျော့သွားသော်လည်း အန်းရန်မှာ တစ်ခုခုကိုသတိပြုမိသွားသည်— "ဒီညီမလေး နာမည်ကလည်း ချင်ချင်ပဲလား? ကျွန်မ မားမားနာမည်နဲ့အတူတူပဲ၊ တိုက်ဆိုင်လိုက်တာ"

"အေးအေးဆေးဆေး ရှိတယ်ဆိုတဲ့ 'ချင်' (Relaxed) ပါ၊ အသံထွက်ချင်း ဆင်တူရုံပါပဲ" ကူးလန် အန်းရန်၏အာရုံကို ခပ်ပေါ့ပေါ့ပင် လွှဲလိုက်သည်။

"ဒါဆို ကျွန်မ မှားသွားတာပဲ၊ တောင်းပန်ပါတယ်ရှင်"

"အာ... ဦးလေးတို့ ဒီည ဒီမှာပဲ တည်းကြမှာ မဟုတ်လားဟင်? တောင်းပန်ပါတယ်၊ ဦးလေးတို့ လာမယ်ဆိုတာကို ကြိုမသိထား လို့ပါ၊ သိထားရင် သူငယ်ချင်းအိမ်မှာ ခဏသွားနေပေးလို့ရတာကို၊ ဒါဆို ဒီအိမ်က ဦးလေးတို့အတွက် အဆင်ပြေပြေဖြစ်သွားမှာ..."

အန်းရန်မှာ သူမကိုယ်တိုင်ကပင် သူတစ်ပါးနေရာကိုကျူးကျော်ဝင်ရောက်နေထိုင်မိသလို ခံစားနေရသဖြင့် အားနာစိတ်ဖြင့် ပါးလေးကိုကုတ်ရင်းပြောရှာသည်။

သူ့ မွေးစားမေမေသည် ဤအိမ်အားကျောင်းဆင်းလက်ဆောင်အဖြစ်ပေးမည်ဟု ကတိပေးထားသော်လည်း၊ ယခုအချိန်တွင် သူမ ဤနေရာ၌ရှိနေခြင်းမှာ တစ်မျိုးကြီးဖြစ်နေသည်ဟု ခံစားနေရသည်။ သူ့အနေဖြင့် အရင်ဦးအောင်ထွက်သွားပေးသင့်သည်ဟု တွေးတောနေမိတော့သည်။

All Chapters