← Chapters

🍼 Chapter 48 🍼 Qingqing Goes on an Autumn Outing

Vol. 6 Ch. 48

🍼 Chapter 48 🍼 Qingqing Goes on an Autumn Outing

Vol. 6 Ch. 48

"မလိုပါဘူး"

အန်းရန်က ပစ္စည်းများသိမ်းရန် ထမည်ပြင်စဉ် ဖူဟန်က အရင်ဦးအောင် မတ်တတ်ရပ်ကာ တားလိုက်သည်။

"ဦးဦးတို့ကသာ အန်းရန်ကို အနှောင့်အယှက်ပေးမိတာပါ၊ ဒါကြောင့် ဦးဦးတို့ပဲ ထွက်သွားရမှာပေါ့”

"ဒါပေမဲ့..."

အန်းရန် တစ်ခုခုပြောရန် ကြိုးစားသော်လည်း ကူးလန်က ကြားဖြတ်ပြောလိုက်သည်။

"စိတ်မပူပါနဲ့” ဒီကလေးမလေးသည် သူ့အစ်မ မွေးစားထားသည့် သမီးဖြစ်မှန်း သိလိုက်ရကတည်းက ကူးလန် သဘောထားမှာ အလွန်နူးညံ့သိမ်မွေ့သွားခဲ့သည်။

"ဦးလေး ဟိုတယ်ဘွတ်ကင် လုပ်ပြီးသား၊ ဒါ အန်းရန်အိမ်ပဲလေ၊ စိတ်အေးလက်အေးသာ နေပါ။ ပြီးတော့ ဒါလေးယူထား... တစ်ခုခုအကူအညီလိုရင် ဦးလေးဆီ ဖုန်းဆက်လိုက်နော်၊ ဘာပဲဖြစ်ဖြစ် ဦးလေးက အန်းရန်ရဲ့ မွေးစားဦးလေးပဲ မဟုတ်လား?"

ရွှေရောင်စာလုံးများဖြင့် ရိုက်နှိပ်ထားသည့် လိပ်စာကတ်တစ်ခုကို အန်းရန်အားကမ်းပေးလိုက်သည်။ ထိုကတ်ပေါ်ရှိ ဖုန်းနံပါတ်မှာ ကူးလန်၏ ကိုယ်ပိုင်နံပါတ်ဖြစ်သည်။

"ဦးလေးက ဒီနေ့မှ အန်းရန်အကြောင်း သိရတာဆိုတော့ ဘာလက်ဆောင်မှ မပြင်ဆင်ရသေးဘူး၊ နောက်တစ်ခါကျမှ သေချာပေါက် ပြန်ပေးပါ့မယ်”

"မလိုပါဘူး ဦးလေး..."

"ဒါလေးလည်း ယူထားဦး၊ တစ်ခုခုဆို ဦးလေးကို ဆက်သွယ်လိုက်”

ဖူဟန်ကလည်း သူ့လိပ်စာကတ်ကို ကမ်းပေးရင်း ဖုန်းကိုထုတ်လိုက်သည်။

"တို့တွေ WeChat အပ်ထားကြရအောင်၊ ဒါမှ ဆက်သွယ်ရတာ ပိုလွယ်မှာ”

"အော်... ဟုတ်ကဲ့၊ ဟုတ်ကဲ့..."

အန်းရန်မှာ ကြောင်တောင်တောင်လေးနှင့် ဖူဟန်ကို သူငယ်ချင်းအဖြစ် အပ်လိုက်ရာ ချက်ချင်းပင် ငွေလွှဲဝင်လာသည့် Notification ရောက်လာတော့သည်။

သူ မယုံနိုင်ဘဲ ငုံ့ကြည့်လိုက်မိသည်။

လွှဲလိုက်သည့် ပမာဏမှာ ၈၈၈,၈၈၈ (ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင် ရှစ်ရာ ရှစ်ဆယ့်ရှစ်) ယွမ် ဖြစ်သည်။

"မရပါဘူး ဦးလေး၊ သမီး ဒါကို လက်မခံနိုင်ပါဘူး”

သူမ ငွေကို ပြန်လွှဲရန် အသည်းအသန် ကြိုးစားနေစဉ်မှာပင် သူငယ်ချင်းအဖြစ် အပ်လိုက်ရုံရှိသေးသည့် ကူးလန်ထံမှလည်း ငွေလွှဲစာ ထပ်ရောက်လာပြန်သည်။

ပမာဏက အတူတူပင် ၈၈၈,၈၈၈ ယွမ်။ ဤလူကြီးနှစ်ယောက်သည် ဤဂဏန်းအပေါ် မည်သည့် အထူးသံယောဇဉ်များ ရှိနေကြသလဲဟု သူမ တွေးတောမိသွားသည်။

သို့သော် အဓိကအချက်မှာ ထိုငွေများကို အမြန်ပြန်လွှဲရန်ဖြစ်သည်။

"တကယ်ပါ၊ မလိုပါဘူး၊ သမီး အချိန်ပိုင်းအလုပ် လုပ်နေတာဆိုတော့ စားစရိတ်အတွက် လုံလောက်ပါတယ်ရှင်”

နိုင်ငံခြားတွင် ကျောင်းတက်ရသည့် ကုန်ကျစရိတ်ကြီးမားသော ကျောင်းလစာမှလွဲ၍ ကျန်ရှိသည့် အသေးသုံးစရိတ်အားလုံးကို အန်းရန်သည် သူမ ဘာသာ ရှာဖွေဖြေရှင်းရန် အမြဲကြိုးစားလေ့ရှိသည်။

"ဒါက သမီးအတွက် မုန့်ဖိုးအနည်းငယ်ပဲလေ၊ အရေးကြီးတာ မဟုတ်ပါဘူး၊ ယူထားလိုက်ပါ၊ ထပ်ငြင်းနေရင် ဦးလေးတို့ စိတ်မကောင်းဖြစ်ရလိမ့်မယ်”

ကူးလန်က မျက်နှာကို အနည်းငယ် တည်လိုက်ကာ အန်းရန် ငွေပြန်လွှဲမည်ကို တားလိုက်သည်။

သူနှင့် ဖူဟန်မှာ ချင်ချင်လေးနှင့် ပတ်သက်သည့် မိန်းကလေးတိုင်းကို ငွေပေးနေမည့် အရူးများ မဟုတ်ကြပေ။ ဤကလေးမလေး မှာ ချင်ချင်၏ မွေးစားသမီးဖြစ်နေသည်သာမက၊ ခဏတာ စကားပြောကြည့်ရုံဖြင့် အန်းရန်မှာ စရိုက်ကောင်းသည့် မိန်းကလေး ဖြစ်ပြီး ချင်ချင်အပေါ် သံယောဇဉ်ကြီးသူဖြစ်ကြောင်း သူတို့ သိမြင်လိုက်ရသည်။

ယခု ချင်ချင်မှာ အတိတ်မေ့နေသည့် အခြေအနေဖြစ်ရာ အန်းရန်ကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူကြီးများအနေဖြင့် ချင်ချင်ကိုယ်စား ဤကလေးကို စောင့်ရှောက်ပေးရမည် မဟုတ်ပါလား။

"နိုင်ငံခြားမှာ နေရတာ အကုန်အကျများတယ်လေ၊ ဒီပိုက်ဆံကို ယူထားပြီး စားချင်တာစား၊ ဝတ်ချင်တာဝတ်ပါ၊ ကိုယ့်ကိုကိုယ် မညှဉ်းဆဲပါနဲ့”

နောက်ဆုံးတွင် ဖူဟန်က အတည်ပြု ဆုံးဖြတ်ပေးလိုက်သဖြင့် အန်းရန်မှာ အားနာနာနှင့်ပင် ထိုငွေများကို လက်ခံလိုက်ရတော့ သည်။

သို့သော် သူမ ထိုငွေများကို အလွယ်တကူ သုံးစွဲမည်မဟုတ်သည်မှာ သိသာလှသည်။ အခွင့်အရေးရလျှင် ပြန်ဆပ်ရန် နည်းလမ်းရှာဦးမည်သာ။

ချင်ချင်လေးနှင့် လူကြီးနှစ်ယောက်ကို နှုတ်ဆက်ပြီးနောက် အန်းရန် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမ၏ဖုန်းကို ကောက်ကိုင်ကာ ငွေလွှဲမှတ်တမ်းနှစ်ခုကို ကြည့်ရင်း ရုတ်တရက် ရယ်မောမိသွားသည်။

"ငါ့မှာ အားကိုးရမယ့် လူကြီးနှစ်ယောက် ထပ်တိုးလာတာလား?"

ရယ်မောရင်းနှင့်ပင် သူ့ မျက်ဝန်းများ အနည်းငယ်ရဲတက်လာသည်။

"ကြည့်စမ်း... အခုမှဆုံဖူးတဲ့ လူကြီးနှစ်ယောက်တောင် ကျမအပေါ် ဒီလောက်ကောင်းပေးကြတာ၊ ရှင်တို့ကျတော့ ဘာလို့... ထားလိုက်ပါတော့လေ၊ ငါ ဘာကို မျှော်လင့်နေမိတာလဲ။ ကူးအန်းရန် ဆိုတာ ကူးချင်ချင်ရဲ့ သမီးပဲလေ၊ ငါ့မှာ တခြားမိဘ မရှိတော့ဘူး”

အန်းရန် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ ဖုန်းစာတို (SMS) မှတ်တမ်းများကို စစ်ဆေးလိုက်သည်။ ကြော်ငြာစာများမှလွဲ၍ သူ လိုချင်သည့် သတင်းစကားမှာပေါ်မလာသေးပေ။ လွန်ခဲ့သောလအနည်းငယ်က ပေးပို့ထားပြီး အပေါ်ဆုံးတွင် Pin ချထားသည့် စာတိုလေးတစ်ခုသာ ရှိနေသည်။

ကလေးဆန်သော သရဲလေး [Blacklist]: "တို့တွေ လမ်းခွဲကြရအောင်”

အချိန်မည်မျှပင် ကုန်လွန်သွားပါစေ၊ ဤစာကို ပြန်မြင်ရတိုင်း အန်းရန်ရင်ထဲ နာကျင်မှုကြောင့် မွန်းကျပ်သွားရမြဲဖြစ်သည်။ သူမ၏ လက်ထိပ်လေးများသည် ထိုစာတိုပေါ်တွင် အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် စိတ်ကိုပြတ်ပြတ်သားသား ဆုံးဖြတ်ကာ Contactနှင့်အတူ စာတိုအားလုံးကို ဖျက်ပစ်လိုက်တော့သည်။

"ငယ်ငယ်ရွယ်ရွယ်မှာ လူရှုပ်လူပွေ တချို့နဲ့ကြုံရတတ်တာပဲ မဟုတ်လား ? အန်းရန်... စိတ်ဓာတ်မကျစမ်းနဲ့၊ နင့်မှာ ဘာသာပြန်ရ မယ့် အလုပ်တွေ အများကြီးကျန်နေသေးတယ်လေ”

စိတ်ကြည်လင်သွားအောင် ပါးလေးကို အသာပုတ်ကာ အားတင်းလိုက်ပြီးနောက် ဖုန်းကို ဆိုဖာပေါ် ပစ်တင်လိုက်ကာ အလုပ်စရန် သူ့အခန်းထဲသို့ ဝင်သွားပါတော့သည်။

"ဦးဦး... ချင်ချင်တို့တွေ ကျဲကျဲအိမ်မှာ မအိပ်ကြတော့ဘူးလား?"

ကားပေါ်သို့ အတင်မခံရခင်မှာပင် ချင်ချင်လေးက ပြတင်းပေါက်ကို တွယ်ကပ်ကာ အန်းရန် နေထိုင်သည့် အဆောက်အဦးဘက်သို့ လှမ်းကြည့်နေဆဲဖြစ်သည်။

ချင်ချင်လေး၏ပုံစံကိုကြည့်ပြီး ကူးလန် စိတ်ထဲတစ်မျိုးဖြစ်သွားကာ ရုတ်တရက် မေးလိုက်သည်— "ချင်ချင်လေး... အဲဒီကျဲကျဲကို အရမ်းသဘောကျလို့လား?"

"အွန်း!" ချင်ချင်လေးက သူမ၏ခံစားချက်ကို မဖုံးကွယ်ဘဲ ဖြေလိုက်သည်— "ကျဲကျဲက အရမ်းကြင်နာတတ်တဲ့ပုံစံပဲ”

သူမအတွက်တော့ အန်းရန်မှာ ရင်းနှီးကျွမ်းဝင်ပြီးသား သူတစ်ယောက်လိုခံစားနေရခြင်း ဖြစ်သည်။ ဖူစစ်ကျင်း၊ ဖူစစ်ချန်တို့နှင့် နီးနီးကပ်ကပ်ရှိနေရသလိုမျိုး အလိုလိုက်ချင်သည့်စိတ်၊ မိသားစုဝင်တစ်ယောက်လို ခံစားချက်မျိုး ပေးစွမ်းနေခြင်းပင်။

"ချင်ချင်လေး သဘောကျတယ်ဆိုရင် နောက်ကျရင် ကျဲကျဲဆီ ခဏခဏ လာလည်လို့ရတာပေါ့" ဟု ဖူဟန်က ချင်ချင်လေး၏ ခေါင်းလေးကို အသာအယာပုတ်ရင်း ညင်သာစွာ ပြောလိုက်သည်။

ချင်ချင်လေးသာ မူလအတိုင်းပြန်ဖြစ်သွားခဲ့လျှင် ဤကလေးမလေးကို ပြန်လည်မွေးစားရန် သူမနှင့် ထပ်မံတိုင်ပင်နိုင်ပေလိမ့်မည်။ သူမကိုသာ သမီးအဖြစ် မွေးစားထားလိုက်လျှင် မည်သူမျှ အနိုင်ကျင့်ဝံ့တော့မည်မဟုတ်ပေ။

"ဒါပေမဲ့ ကျဲကျဲက ချင်ချင်နဲ့ ကစားချင်ပါ့မလားဟင်?"

ချင်ချင်လေးမှာ အန်းရန်က သူ့ကို သဘောမကျမှာထက် အလုပ်ရှုပ်နေသော ကျဲကျဲအား အနှောင့်အယှက်ဖြစ်မိမှာ စိုးရိမ်နေခြင်း ဖြစ်သည်။ ဖူဟန်နှင့် ကူးလန်တို့ကဲ့သို့ပင် ၎င်းတို့မှာ အလွန်အလုပ်ရှုပ်ကြသူများဖြစ်ပြီး ၂၄ နာရီကို နှစ်ပိုင်းခွဲ၍ သုံးချင်ကြသူများ မဟုတ်ပါလား ?

သူမအတွက်ကြောင့်သာ သူတို့မှာ အချိန်လုပြီးပေးနေကြရခြင်းဖြစ်သည်။ ချင်ချင်လေး နှုတ်မှထုတ်မပြောသော်လည်း ဤအရာ အားလုံးကို နားလည်သလို သူတို့အတွက်လည်း စိတ်မကောင်းဖြစ်မိနေရှာသည်။

ချင်ချင်လေး၏ စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသည့်အခါ ဖူဟန် မျက်နှာအမူအရာမှာ ပျော့ပျောင်းသွားပြီး သူမ နဖူးပေါ်ရှိ ဖရိုဖရဲဖြစ်နေသော ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်။

"အဆင်ပြေသွားမှာပါ"

သူမသာ သူ့သမီးဖြစ်လာခဲ့လျှင် သူမကို သေချာပေါက် စောင့်ရှောက်ပေးမည်သာ။ အသက်မွေးဝမ်းကျောင်းအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရသည်ကို သူ မကြည့်ရက်နိုင်ပေ။

ဟိုတယ်သို့ ရောက်ရှိသည့်အခါ ကလေးဆန်သော လူကြီးနှစ်ဦးမှာ ထုံးစံအတိုင်း ယနေ့ည ချင်ချင်လေးနှင့် မည်သူက အတူအိပ် မည်နည်းဆိုသည်ကို အငြင်းပွားကြတော့သည်။

"ချင်ချင်လေးက အိမ်ထောင်ကျပြီးသားလေ၊ မင်းက သူ့တိတိဖြစ်ပြီးတော့ အခုထိ ဒီလောက် ကပ်တွယ်နေတာ သိပ်တော့ မသင့်တော်ဘူး မဟုတ်လား ?" ဟု ဖူဟန် အေးစက်စက် လေယူလေသိမ်းဖြင့် ပြောလိုက်သည်။

"သူက အခုမှ သုံးနှစ်ပဲ ရှိသေးတာလေ၊ ငါနဲ့ အတူအိပ်တာ ဘာမှားလို့လဲ ?" ဟု ကူးလန်ကလည်း မလျှော့တမ်း ပြန်ပြောသည်။

"အရင်က သူ ငါနဲ့ပဲ အိပ်နေကျဆိုတော့ ရုတ်တရက် တခြားတစ်ယောက်နဲ့ အိပ်ရရင် ချင်ချင်လေး အသားမကျမှာစိုးလို့ပါ"

"မဟုတ်ပါဘူး၊ ကျွန်တော့်ကျဲက ဘယ်အခြေအနေမျိုးမှာမဆို အသားကျလွယ်ပါတယ်"

"ဒါဆို သူ့သဘောကို မေးကြည့်ကြတာပေါ့"

နှစ်ယောက်သား အဖြေမထွက်နိုင်တော့သဖြင့် နောက်ဆုံးတွင် ချင်ချင်လေးကိုသာ ရွေးချယ်ခိုင်းလိုက်ရတော့သည်။

"ဒီည ချင်ချင်လေး ဘယ်သူနဲ့ အတူအိပ်ချင်လဲ?"

ကူးလန်က သူမကို ရွေးစေချင်သဖြင့် မျက်ရိပ်ပြနေသည်။ ဖူဟန်ကမူ ကူးလန်၏အကြည့်ကို ပိတ်ဆို့ထားကာ— "ဒီည ဦးဦးနဲ့ အတူအိပ်မလား ချင်ချင်လေး ?" ဟု ခပ်တည်တည်ပင် မေးလိုက်သည်။

ချင်ချင်လေးက ခေါင်းလေးမော့ကာ ရင်ခုန်နေသော ကူးလန်နှင့် ဖူဟန်တို့ကို တစ်လှည့်စီကြည့်လိုက်သည်။ ထို့နောက် ပါးစပ်လေးကို စိပြီး ပြုံးလိုက်ကာ ဆိုဖာပေါ်မှ ဒိုင်နိုဆောခေါင်းအုံးကြီးကို ပျော်ရွှင်စွာကောက်ကိုင်လိုက်သည်— "ချင်ချင်က ဒီဒိုင်နိုဆောကြီးနဲ့ အတူအိပ်မှာ!"

ဖူဟန် ကူးလန်အား စွေကြည့်လိုက်ကာ— "မင်း ဘာလို့ ဒိုင်နိုဆောအပြင်အဆင်နဲ့ အခန်းကို ဘွတ်ကင်လုပ်လိုက်တာလဲ ?"

ကူးလန် အံကြိတ်ရင်း ပြန်ပြောသည်— "ချင်ချင်လေးက ဒိုင်နိုဆော ဝါသနာပါမှန်းသိလို့ သူပျော်အောင် လုပ်ပေးတာပါနော်!"

ကလေးမလေးမှာတော့ အလွန်ပျော်ရွှင်သွားပြီး ဒိုင်နိုဆောကြီးနှင့်သာ အာရုံရောက်နေတော့သည်။ လူကြီးနှစ်ဦးမှာ စိတ်ပျက် လက်ပျက်ဖြင့် အငြင်းပွားမှုကိုရပ်လိုက်ကြရသည်။ သို့သော် အံ့သြစရာကောင်းသည်မှာ ချင်ချင်လေး အိပ်ငိုက်လာသည့်အခါ ဒိုင်နိုဆောခေါင်းအုံးကြီးကို ပွေ့ချီကာ ဖူဟန့် အခန်းထဲသို့ လိမ္မာပါးနပ်စွာ ဝင်အိပ်သွားခြင်းပင်။

"ဂွတ်နိုက်နော်" ဟု ဖူဟန်က အောင်နိုင်သူအပြုံးဖြင့်ဆိုကာ၊ ကူးလန်၏သွားကြိတ်နေသော အကြည့်အောက်တွင်ပင် အခန်းထဲသို့ ဝင်သွားတော့သည်။ သူ ချင်ချင်လေးအားအိပ်ရာဝင်ပုံပြင် ပြောပြရဦးမည် မဟုတ်ပါလား ?

ကူးလန် မိခင်မှာ ကိုယ်ဝန်ရှိနေခြင်းမဟုတ်ဘဲ သားအိမ်အသားလုံးဖြစ်နေသည့်သတင်းကို ဖူမိသားစုထံအကြောင်းကြားသည့် အခါ ညီအစ်ကိုနှစ်ဦးမှာ ဘာပြောရမှန်းပင် မသိတော့ပေ။

ခေတ်သစ်ဆေးပညာအရ ဤရောဂါမှာ အလွန်စိုးရိမ်စရာ မဟုတ်ဘဲ ခွဲစိတ်ရုံဖြင့်သက်သာနိုင်သော်လည်း၊ ကူးလန်မိခင်မှာ အသက်ကြီးနေပြီဖြစ်သလို အသားလုံးများကလည်း ကြီးမားနေသဖြင့် သားအိမ်တစ်ခုလုံးကိုထုတ်ပစ်ရန် ဆရာဝန်များက အကြံပြုခဲ့သည်။

ခွဲစိတ်ပြီး နှစ်လခန့်အကြာတွင် ကူးလန်၏မိခင်မှာ ပြန်လည်ကျန်းမာလာပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ကမ္ဘာပတ်ကာ ခရီးထွက် သွားကြပြန်သည်။ ကလေးများနှင့် မြေးများအပေါ် ဂရုမစိုက်တတ်သည့် သူမ၏အကျင့်ဟောင်းမှာ ပြန်လည်ပေါ်ပေါက် လာခဲ့ခြင်းပင်။

ကူးလန်လည်း ၎င်းတို့ကို အရေးမလုပ်တော့ပေ။ သူတို့နှစ်ဦးထံတွင် ကုကုမ္ပဏီ၏ရှယ်ယာအချို့ ကျန်ရှိနေသေးရာ အမြတ်ဝေစု များဖြင့်ပင် ဇိမ်ခံကာနေထိုင်နိုင်ကြသည် မဟုတ်ပါလား ? ထို့ကြောင့် သူနှင့် ချင်ချင်လေးမှာလည်း တစ်ဦးနှင့်တစ်ဦး အနှောင့် အယှက်မပေးဘဲ ကိုယ့်ဘဝနှင့်ကိုယ် အေးအေးချမ်းချမ်းသာ နေထိုင်သွားကြတော့သည်။

အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ ချင်ချင်လေး၏ဆောင်းရာသီ အားလပ်ရက်မှာလည်း နီးကပ်လာခဲ့ပြီဖြစ်သည်။

အားလပ်ရက် မစတင်မီတွင်မူ မူကြိုကျောင်းမှ ကလေးများအတွက် "ရှားပါး တိရစ္ဆာန် ပြတိုက်" သို့ ဆောင်ဦးပေါက် လေ့လာရေး ခရီးစဉ်တစ်ခု စီစဉ်ပေးခဲ့သည်။ ဤခရီးစဉ်ကို ဆရာမများကသာ ဦးဆောင်ခေါ်ယူသွားမည်ဖြစ်ပြီး မိဘများ လိုက်ပါရန်မလိုပေ။ မိဘများအနေဖြင့် ခရီးစရိတ် ပေးချေရန်နှင့် လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ပေးရန်သာလိုအပ်သည်။

"ကွတ်ကီးမုန့်၊ ကလေးနို့ဘူး၊ ချောကလက် လော်လီပေါ့ပ်၊ ပေါင်မုန့်လုံးလေးတွေ... နေကာဦးထုပ်၊ မျက်မှန်အမည်း၊ တစ်ရှူး၊ ငွေသား၊ ရေဘူးလေး၊ လက်နှိပ်ဓာတ်မီး၊ ခေါက်ဓား၊ ငရုတ်ကောင်းစပရေး၊ ပြီးတော့ ငရုတ်ကောင်းစပရေး..."

"နေဦး၊ နေဦး၊ နေဦး..." နားထောင်နေရင်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသဖြင့် ဖူစစ်ကျင်းက သူ့ညီဖြစ်သူကို ရှေ့ဆက်မဖတ်ရန် လှမ်းတားလိုက်သည်— "မင်း ချင်ချင်လေးအတွက် ဘာတွေ လျှောက်ပြင်ပေးနေတာလဲ ?"

"ဘာတွေ လျှောက်ပြင်တာလဲ ဟုတ်လား? မိန်းကလေးတစ်ယောက် အပြင်ထွက်ရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ မလိုဘူးလား? ဒါတွေအားလုံးက မရှိမဖြစ် လိုအပ်တာတွေပဲလေ၊ ဟုတ်တယ်မလား ?"

ဖူစစ်ချန်မှာ သူ သေချာ စဉ်းစားပြင်ဆင်ထားသည့် ပစ္စည်းများအပယ်ခံလိုက်ရသဖြင့် စိတ်မချမ်းသာဖြစ်သွားသည်။ ဤပစ္စည်း များသည် အမျိုးသမီးများအပြင်ထွက်သည့်အခါ ဆောင်ထားသင့်သည့် ပစ္စည်းများအကြောင်းကို အင်တာနက်တွင် အထူးတလည် ရှာဖွေထားခြင်းဖြစ်သည်။

"ချင်ချင်လေးက ပြတိုက်ကိုသွားမှာလေ၊ မင်းက တောထဲကို စွန့်စားခန်းသွားမယ်လို့ထင်နေတာလား?"

ဖူစစ်ကျင်းမှာ အားကိုးမရသော ညီဖြစ်သူကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် နားထင်ကိုဖိထားမိတော့သည်။

"အဲဒါဆိုလည်း အနည်းဆုံး ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် တစ်ခုခုတော့ ပါရမှာပေါ့”

ဖူစစ်ချန်မှာ သူပြောသည်က အနည်းငယ်လွန်ကဲနေသည်ကို ရိပ်မိသွားသဖြင့် အသံမှာ တိုးသွားသော်လည်း၊ သူ သေချာ ပြင်ဆင်ထားသည့် ပစ္စည်းများကိုတော့ လက်မလွှတ်ချင်သေးပေ။

"စိတ်မပူပါနဲ့ ရှောင်ချန်... ချင်ချင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်"

ချင်ချင်လေး ဆိုဖာပေါ်တွင် မတ်တတ်ရပ်ကာ ဖူစစ်ချန်ပုခုံးကို နှစ်သိမ့်သည့်အနေဖြင့် လှမ်းပုတ်ပေးလိုက်သည်။

"ဝါး..." ဖူစစ်ချန်က ချင်ချင်လေးကို ဝက်ဝံပွေ့ ပွေ့ဖက်လိုက်ပြီး မိကျောင်းမျက်ရည်အတုများကို ညှစ်ထုတ်ပြလိုက်သည်— "တို့ရဲ့ ချင်ချင်လေးက သနားစရာလေးပဲ၊ ဒီလောက် ဝေးတဲ့နေရာကို တစ်ယောက်တည်းသွားရမှာကို၊ သူ့ရဲ့ ရက်စက်တဲ့ အစ်ကိုကြီးက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပစ္စည်းတောင် အပြည့်အစုံမထည့်ပေးဘူးတဲ့”

"မငိုပါနဲ့၊ မငိုပါနဲ့... အကယ်၍ အန္တရာယ်နဲ့ ကြုံလာရင်တောင် ချင်ချင်က အစွမ်းကုန်ပြေးမှာပေါ့!" ချင်ချင်လေးမှာ ဖူစစ်ချန်၏ စကားကြောင့် သူ့ကိုယ် သူ တကယ်ပင် သနားစရာကောင်းနေပြီဟု ထင်သွားရှာသည်။

ဖူစစ်ချန်: "..."

သူသည် ဤနှစ်ယောက်ကြားတွင် ဇာတ်နာအောင်မလုပ်တတ်သဖြင့် အမြဲတမ်း လူပိုဖြစ်နေသလို ခံစားရသည်။

"လိုအပ်တဲ့ ပစ္စည်းတွေအပြင် နောက်ထပ် သုံးမျိုးပဲထည့်လို့ရမယ်”

ဖူစစ်ကျင်းက နောက်ဆုံးအလျှော့ပေးလိုက်ရသည်— "ချင်ချင်လေးအတွက် ပစ္စည်းတွေ အများကြီးမထည့်ပေးနဲ့၊ သူ အဲဒါတွေကို သယ်နိုင်၊ မသယ်နိုင်ဆိုတာကိုလည်း ထည့်စဉ်းစားဦး”

"အင်းပါ!" သူ့ ရည်ရွယ်ချက် အောင်မြင်သွားသဖြင့် ဖူစစ်ချန်သည် မရှိသည့်မျက်ရည်များကို တစ်စက္ကန့်အတွင်း သုတ်ပစ်လိုက်ကာ ချင်ချင်လေးလွယ်အိတ်ကို ထုပ်ပိုးရန်ပြေးသွားတော့သည်။

ပထမဆုံးအနေဖြင့် မုန့်နှင့်သောက်စရာများမှာ မရှိမဖြစ် ဖြစ်သည်။ ၎င်းတို့မှာ စားလိုက်လျှင် ကုန်သွားမည့် အရာများဖြစ်သဖြင့် ချင်ချင်လေးပြန်လာသည့်အခါ လွယ်အိတ်မှာပေါ့ပါးသွားပေလိမ့်မည်။

ဒုတိယအချက်မှာ နေရောင်ခြည်ကာကွယ်ရန်ဖြစ်သည်။ ချင်ချင်လေး၏အသားအရေမှာ အလွန်နုနယ်သဖြင့် နေပူထဲတွင် အသား အရေပျက်စီးမည်ကို သူ မကြည့်ရက်နိုင်ပေ။

ငွေသားမှာလည်း အလွန်အရေးကြီးသည်။ သုံးဖြစ်သည်ဖြစ်စေ၊ မသုံးဖြစ်သည်ဖြစ်စေ ဆောင်ထားခြင်းက အကောင်းဆုံးပင်။

နောက်ဆုံး ပစ္စည်းသုံးမျိုးအတွက် ဖူစစ်ချန်မှာ အတော်ကြာစဉ်းစားပြီးနောက် ငရုတ်ကောင်းစပရေး၊ ဆောက်ဓားနှင့် လျှပ်စစ် သေနတ်တို့ကို ရွေးချယ်လိုက်သည်။

ငရုတ်ကောင်းစပရေးမှာ မျက်လုံးထဲသို့ တိုက်ရိုက်ဖြန်းမှသာ ထိရောက်မည်ဖြစ်သော်လည်း ချင်ချင်လေး အရပ်ပုသဖြင့် ဒူးလောက်ကိုသာ ဖြန်းနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူ ၎င်းကို မထည့်တော့ရန်ဆုံးဖြတ်လိုက်သည်။

ဤလူမှာ ကျန်ရှိသည့် ပစ္စည်းသုံးမျိုးသည် သုံးနှစ်သမီးလေးအတွက် အသုံးဝင်၊ မဝင်ဆိုသည်ကို လုံးဝ ထည့်မစဉ်းစားတော့ပေ။

All Chapters