← Chapters

🍼 Chapter 49 🍼 Qingqing is Kidnapped

Vol. 6 Ch. 49

🍼 Chapter 49 🍼 Qingqing is Kidnapped

Vol. 6 Ch. 49

"သွားကြစို့၊ သွားကြစို့၊ လက်ချင်းတွဲလို့ သွားကြစို့၊ အတူတူ ပျော်ပွဲစားထွက်ကြစို့၊ အဖြူရောင် တိမ်တိုက်လေးတွေ လွင့်မျောလို့..."

ကလေးငယ်များ၏ မြူးကြွသော သီချင်းသံလေးများမှာ မူကြိုကျောင်းအတွင်း ပျံ့လွင့်နေပြီး ပျော်ရွှင်စရာကောင်းသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားသည်။

ချင်ချင်လေး၊ ဟန်ဟန်နှင့် နောက်ထပ်ကလေးတစ်ဦးတို့မှာ လက်ချင်းတွဲလျက် ဆရာမသင်ပေးထားသော ပျော်ပွဲစားထွက် သီချင်းကို ပျော်ရွှင်စွာသီဆိုနေကြသည်။ ကလေးတိုင်းမှာ ကိုယ်စီ လွယ်အိတ်လေးများ လွယ်ထားကြပြီး ကျောင်းကစီစဉ်ပေးသော ဘတ်စ်ကားပေါ်သို့ တက်ရန် လိမ္မာပါးနပ်စွာတန်းစီနေကြတော့သည်။

ဤခရီးစဉ်အတွက် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ကျောင်းက အငယ်တန်းအတန်းအတွက် ဆရာမ ခြောက်ယောက်အပိုထပ် ဆောင်း ထည့်ပေးထားသည်။ မူလ ဆရာမ လေးယောက်နှင့်ဆိုလျှင် စုစုပေါင်း ဆရာမ ဆယ်ယောက်ရှိပြီး ကလေးအယောက် နှစ်ဆယ်ကို ထိန်းကျောင်းရမည်ဖြစ်သည်။ ဆရာမ တစ်ယောက်လျှင် ကလေးနှစ်ယောက်နှုန်းဖြင့် အနီးကပ်ကြီးကြပ်ရမည်ဖြစ်ရာ အလွန်စိတ်ချရသော အစီအစဉ်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဟန်ဟန်နှင့် ချင်ချင်လေးမှာ ဆရာမ တစ်ယောက်တည်း၏လက်အောက်သို့ ရောက်သွားကြသည်။ ဤဆရာမအသစ်လေးမှာ ကလေးမျက်နှာလေးနှင့် ချစ်စဖွယ်ကောင်းပြီး ချဉ်းကပ်ရလွယ်ကူပုံရသည်။

သူမသည် ချင်ချင်နှင့် ဟန်ဟန်ကို လူကြီးမှ ကလေးကို ဆက်ဆံသလိုမျိုးအထက်စီးမှ မဟုတ်ဘဲ သူငယ်ချင်းများသဖွယ် တန်းတူရည်တူ စကားပြောပေးရှာသည်။ ထို့ကြောင့်လည်း ချင်ချင်လေးသည် သူမကို ပထမဆုံးတွေ့ကတည်းက သဘောကျ သွားခြင်းဖြစ်သည်။

"ဆရာမထန်... ကွတ်ကီးလေး စားဦးမလားဟင် ?"

ချင်ချင်လေး၏ချစ်ခင်မှုကို ဖော်ပြသည့် နည်းလမ်းမှာ သူမ စားစရာများကို ဝေမျှခြင်းပင်။

"ကျေးဇူးပဲ ချင်ချင်လေးရေ”

ဟွားထန်သည် ကလေးပေးသည်ကို ငြင်းပယ်ခြင်းမပြုပေ။ ချင်ချင်လေးပေးသော ကွတ်ကီးကိုယူပြီးနောက် သူ့ အိတ်ထဲမှ ဂျယ်လီလေး နှစ်ခုကိုထုတ်ကာ ကလေးနှစ်ယောက်ကို တစ်ယောက်တစ်ခုပြန်ပေးလိုက်သည်။

"ရော့... ဒါက တို့တွေ မုန့်ချင်းလဲစားကြတာပေါ့”

"သမီးလည်း လုပ်မယ်! သမီးလည်း ဆရာမနဲ့ မုန့်လဲစားချင်တယ်!" ဟန်ဟန်လည်း အားကျမခံ ဆရာမပေးသော ဂျယ်လီကို ဆုပ်ကိုင်ရင်း သူ့ လွယ်အိတ်လေးထဲမှ... အစပ်ချောင်း တစ်ထုပ်ကို ထုတ်ပေးလိုက်တော့သည်။

"အယ်..."

အစပ်ချောင်းထုပ်ကိုကိုင်ထားရင်း ဟွားထန်တစ်ယောက် ဘာပြောရမှန်း မသိတော့ပေ။ ဟန်ဟန့် မိဘများတွေက ဘယ်လို ဖြစ်ကြတာလဲ ? ကလေးအတွက် အစပ်ချောင်းတွေ ပြင်ပေးလိုက်သတဲ့လား ?

"ဟန်ဟန်ရဲ့ အိတ်ထဲမှာ ဘာတွေရှိသေးလဲ ? ဆရာမက သမီးကြိုက်တာနဲ့ အကုန်လဲပေးမယ်လေ၊ ဟုတ်ပြီလား?"

ကလေးအတွက် မသင့်တော်သော အစားအစာများပါလာမည်ကို စိုးရိမ်သဖြင့် ဟွားထန်က ဟန်ဟန့် အိတ်ကိုရအောင် ချော့ယူ လိုက်သည်။ ဟန်ဟန် စိတ်သဘောထား ကောင်းသောကလေးဖြစ်သဖြင့် သူ့ အိတ်တစ်ခုလုံးကို ဟွားထန်အား ပေးလိုက်တော့ သည်။

ဟွားထန် အိတ်ကို မွှေနှောက်ကြည့်လိုက်သည့်အခါ အာလူးကြော်၊ အချိုရည်၊ ငါးခြောက်စပ်၊ နောက်ဆုံး ကြက်ကြော်ဘူး တစ်ဘူးကိုပါတွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။ ထိုကြက်ကြော်မှာ ကိုင်ကြည့်လိုက်လျှင် နွေးနေသေးရာ မိဘများက မနက်စောစောကမှ ဝယ်ထားခြင်း (သို့မဟုတ်) အိမ်မှာ ကိုယ်တိုင်ကြော်ပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်။

မည်မျှပင် စေတနာပါပါ၊ ကလေးနှင့် မသင့်တော်သောအရာများဖြစ်သောကြောင့် ဟွားထန် မျက်နှာကို တင်းထားပြီး အားလုံးကို သိမ်းဆည်းလိုက်တော့သည်။ ကလေး ငိုမည်စိုးသဖြင့် သူ့ ကိုယ်ပိုင်အိတ်ထဲမှ မုန့်အချို့ကို ဟန်ဟန့်အိတ်ထဲသို့ ပြန်ထည့်ပေး လိုက်ရသည်။ ဟန်ဟန်မှာတော့ သူမအတွက် အကျိုးအမြတ်များစွာရလိုက်ပြီဟု ထင်ကာ အိတ်သစ်လေးကို ပွေ့ဖက်ပြီး နားရွက်တက်ချိတ်မတတ် ပြုံးနေတော့ရာ ချင်ချင်လေးမှာ အနည်းငယ်အားကျသွားရသည်။

ပြတိုက်သို့ ရောက်ရှိသောအခါ ဟွားထန်က ကလေးနှစ်ယောက်ကို တစ်ဖက်စီလက်ဆွဲ၍ တန်းစီဝင်ရောက်ခဲ့ကြသည်။ မူကြို ကျောင်းက ပြတိုက်နှင့် ကြိုတင် ညှိနှိုင်းထားသဖြင့် ယနေ့တွင် ကလေးများအတွက် လူမရှုပ်စေရန်နှင့် အန္တရာယ်မဖြစ်စေရန် ဧည့်သည်ဦးရေကို ထက်ဝက်လျှော့ချထားသည်။

ပြတိုက်အတွင်းရှိ ပြကွက်များမှာ ချင်ချင်လေး တစ်ခါမှမမြင်ဖူးသည့် အရာများပင်။ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ပိုးမွှားများ၊ ရှားပါး တိရစ္ဆာန် ရုပ်ကြွင်းများသာမက အကောင်ရှင်လေးများကိုပါတွေ့မြင်ရသည်။ ၎င်းမှာ ပြတိုက်နှင့် တိရစ္ဆာန်ဥယျာဉ်ကို ပေါင်းစပ်ထားသကဲ့သို့ပင်။

"ကလေးတို့ရေ... ဒီဘက်ကို ကြည့်လိုက်ကြဦး..."

ငှက်ပြခန်းထဲသို့ ရောက်သည်နှင့် လမ်းညွှန်ဆရာက ချင်ချင်လေးတို့အဖွဲ့ကို လက်လှမ်းပြကာ နှုတ်ဆက်လိုက်သည်။ ဟွားထန်က ကလေးနှစ်ယောက်ကိုခေါ်ဆောင်ကာ အခြားသူများနှင့် ပူးပေါင်းလိုက်ပြီး လမ်းညွှန်ဆရာ၏ရှင်းပြချက်များကို နားထောင်ရင်း လှည့်လည် ကြည့်ရှုကြတော့သည်။

"ဒီငှက်က ဘာငှက်မျိုးလဲဆိုတာ ကလေးတို့ သိကြလား?" လမ်းညွှန်ဆရာက နံရံပေါ်ရှိ ပန်းချီကားတစ်ချပ်ပေါ်သို့ အနီအောက် ရောင်ခြည်ကလောင်တံဖြင့် ထိုးပြလိုက်ရာ အားလုံး၏အာရုံမှာ ထိုနေရာသို့ ရောက်ရှိသွားတော့သည်။

အခြားသော ပြကွက်များကဲ့သို့ ရုပ်ကြွင်းများ သို့မဟုတ် ဓာတ်ပုံများ ပြသထားခြင်းမျိုး မဟုတ်ဘဲ ဤပြကွက်မှာ ပန်းချီကား တစ်ချပ်သာ ဖြစ်သည်။ အလွန်ဟောင်းနွမ်းလှသော ပန်းချီကားတစ်ချပ်ပင်။

တစ်ချိန်က ဖြူစင်ခဲ့သောစက္ကူသားမှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် ရင့်ရော်သောအဝါရောင်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ သို့သော်လည်း ပုံဖော်ထားမှုမှာ အသက်ဝင်လွန်းလှရာ သစ်ကိုင်းပေါ်တွင် နားနေသော ငှက်ကလေးမှာ ပန်းချီကားထဲမှ ခုန်ထွက် လာတော့မည့်အတိုင်းပင်။ ထို့ကြောင့်လည်း ဟန်ဟန်နှင့် အခြားကလေးများမှာ အံ့အားသင့်ကာ ငေးမောနေကြရသည်။

"ချင်ချင် သိတယ်!" ချင်ချင်လေးက လက်ကလေးကို အသည်းအသန် မြှောက်ပြလိုက်သည်— "အဲဒါ ငှက်ကလေးပဲ!"

"ဟားဟား... သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ၊ ဟုတ်တယ်၊ အဲဒါ ငှက်ကလေးပါပဲ" ချင်ချင်လေး အဖြေမှာ လုံးဝမှန်ကန်နေ သော်လည်း လမ်းညွှန်ဆရာမမှာတော့ မရယ်ဘဲမနေနိုင်ပေ။

"ဒါပေမဲ့ ဒီငှက်က သာမန်ငှက်တော့ မဟုတ်ဘူးနော်" သူမသည် ကလေးများ စိတ်ဝင်စားလာအောင် စကားကို ဆိုင်းထားလိုက် သည်။

"အဲဒါ ဘာငှက်လဲဟင် ?" စပ်စုတတ်သော ကိုယ်လုံးဖိုင့်ဖိုင့် ကောင်လေးတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"သူ့ကို 'ဆုတောင်းပြည့် အိမ်မက်ငှက်' လို့ ခေါ်တယ်၊ ဒဏ္ဍာရီအရတော့ တစ်စုံတစ်ယောက်က ဒီငှက်နဲ့တွေ့လို့ ကောင်းချီးပေးတာကို ခံရရင် သူတို့ရဲ့ အိမ်မက်တွေက တကယ်ဖြစ်လာတတ်တယ်လို့ဆိုကြတယ်၊ ဒါကြောင့် ဒီလို အမည်တွင်တာပေါ့”

"ဝါး—!!!"

ကလေးများမှာ တကယ်ပင် အရူးလုပ်ရလွယ်ကူလှသည်။ အထောက်အထား မခိုင်လုံသော ရှင်းပြချက်တစ်ခုကပင် သူတို့ကို လွယ်လွယ်ကူကူ ယုံကြည်သွားစေသည်။

"တကယ်လို့... တကယ်လို့ ဟန်ဟန်သာ အဲဒီငှက်လေးနဲ့ တွေ့ရင် အရမ်းကောင်းမှာပဲ"

ဟန်ဟန်က မျှော်လင့်တကြီး ကြည့်နေသည်။ ၎င်းကို မြင်သောအခါ ဟွားထန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်— "တကယ်လို့ ငှက်လေးနဲ့ တွေ့ရင် ဟန်ဟန် ဘာဆုတောင်းမလဲ?"

"ဟန်ဟန်က စားချင်တာအကုန်စားရပေမဲ့ ဝမလာတဲ့ လှလှပပမိန်းကလေးတစ်ယောက် ဖြစ်ချင်တယ်!"

ဟွားထန်: "..."

ဒါ တကယ်ကို ရည်မှန်းချက်ကြီးမားတဲ့ အစားအသောက် ဝါသနာအိုးလေးပဲ။

"ချင်ချင်လေးကရော?"

"ချင်ချင်က..." ချင်ချင်လေးက ခေါင်းလေးစောင်းကာ ခဏလောက် စဉ်းစားပြီးနောက် ပျော်ရွှင်စွာ ပြုံးလိုက်သည်— "ချင်ချင်က လူကြီးမဖြစ်ချင်ဘူး၊ အမြဲတမ်း ပူပင်ကြောင့်ကြမဲ့တဲ့ ကလေးလေးပဲဖြစ်ချင်တယ်”

ဟွားထန် ခဏတာ မှင်သက်သွားပြီးနောက် ညင်သာစွာပြုံးလိုက်သည်— "အင်း... တကယ်လှတဲ့ ရည်မှန်းချက်လေးပဲ”

ကလေးတိုင်းက လူကြီးမြန်မြန် ဖြစ်ချင်ကြသော်လည်း လူကြီးဖြစ်လာသည့်အခါမှာတော့ ကလေးဘဝသို့ ပြန်သွားချင်ကြသည်မှာ ထုံးစံပင်။ သို့သော် အချိန်ဆိုသည်မှာ ပြောင်းပြန်လှန်၍မရနိုင်ချေ။ တစ်နေ့တွင် ချင်ချင်လေးသည်လည်း လူကြီးဖြစ်လာပြီး သူမဆန္ဒနှင့် ဆန့်ကျင်ဘက် အရာများကိုလုပ်ဆောင်ရပေလိမ့်မည်။

ဟွားထန်သည် ချင်ချင်နှင့် ဟန်ဟန့်လက်ကလေးများကို ဆွဲကာ အခြားပြခန်းများသို့ ခေါ်သွားရန် ပြင်လိုက်သည်။ သို့သော် ငှက်ပြခန်းမှ အထွက်တွင်ပင် လေပြင်းတစ်ချက် ဝှေ့ယမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ဟွားထန့်လက်ထဲမှ လက်ကလေး တစ်ဖက်လွတ်ထွက်သွားတော့သည်။

ဟန်ဟန် အလုခံလိုက်ရပြီ!

"ကယ်ကြပါဦး! ကလေးကို လုသွားပြီ!" ဆိတ်ငြိမ်နေသော ပြတိုက်အတွင်း စူးရှသော အော်ဟစ်သံကြီး ပဲ့တင်ထပ်သွားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။

ချင်ချင်လေးနှင့်အတူ ပါလာသော သက်တော်စောင့် နှစ်ဦးမှာ ချက်ချင်းအနားသို့ရောက်လာပြီး သူမကိုအလယ်တွင် ထားကာ သေချာကာကွယ်လိုက်ကြသည်။ ဟွားထန်မှာမူ ဟန်ဟန်ကိုလုသွားသော အနက်ရောင်ဝတ် လူနောက်သို့အမှီလိုက်နေပြီ ဖြစ်သည်။

"ဦးဦး... ကယ်... ဟန်ဟန်ကို ကယ်ပေးပါဦး!"

ချင်ချင်လေးမှာ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် အလွန်ထိတ်လန့်နေသော်လည်း တုန်တုန်ရင်ရင်ဖြင့် သက်တော်စောင့်အင်္ကျီစကို ဆွဲကာ ကယ်တင်ပေးရန်တောင်းပန်နေရှာသည်။

သက်တော်စောင့် အားတသည် သူ့ အဖော်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူ့ တာဝန်မှာ ချင်ချင်လေးကို ကာကွယ်ရန် ဖြစ်သော်လည်း အပြစ်မဲ့သော ကလေးတစ်ဦး အလုခံရသည်ကိုလက်ပိုက်ကြည့်မနေနိုင်ပေ။ သူ ချင်ချင်လေးကို အားပုလက်ထဲသို့ ထည့်ပေးလိုက်ပြီး အပြင်သို့အပြေးထွက်သွားတော့သည်။

"မမလေး ချင်ချင်၊ ကျွန်တော် မမလေးကို ဘေးကင်းတဲ့နေရာကို အရင်ခေါ်သွားမယ်”

အားပုသည် ချင်ချင်လေးအား ချီကာ လူအုပ်နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ ချင်ချင်လေး၏ လက်ကလေးများက အားကိုး တကြီးဖြင့် အားပုရင်ဘတ်ကို ဆုပ်ကိုင်ထားစဉ် အမှတ်မထင်ဘဲ ထူးဆန်းသော ဦးခေါင်းခွံပုံစံဆွဲကြိုးတစ်ခုကို သွားစမ်းမိသည်။

ဦးဦးအားပုက... ဘယ်တုန်းကမှ ဆွဲကြိုးမဆွဲဖူးပါဘူး။

သူမ၏နုနယ်သော ကိုယ်လေးမှာ ချက်ချင်းဆိုသလိုတောင့်တင်းသွားပြီး ချင်ချင်လေးသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်ရာ ရက်စက်ကြမ်းကြုတ်သော မျက်လုံးတစ်စုံနှင့်ဆုံမိတော့သည်။ သူမ ထိတ်လန့်တကြား အော်ဟစ်ရန် ပြင်လိုက်သော်လည်း လည်ပင်းကို အတင်းညှစ်ပိတ်ခြင်းခံလိုက်ရသည်။

'အားပု' ဟု အမည်ခံထားသူမှာ ချင်ချင်လေးကိုချီကာ အမြန်လျှောက်ထွက်သွားသည်။ သူသည် ပစ်မှတ်ကို အမြန်ခေါ်သွားရန်သာ အာရုံစိုက်နေသဖြင့် အသက် ၅ နှစ်၊ ၆ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် ချင်ချင်လေး၏ထိတ်လန့်နေသော မျက်နှာကို မြင်သွားပြီး— "ချင်ချင်... ညီမလေးလား ?" ဟု အံ့သြတကြီး အော်လိုက်သည်ကို သတိမပြုမိလိုက်ပေ။

နျန်ကောသည် ဆရာမလက်မှရုန်းထွက်ကာ အနောက်မှ ခေါ်သံများကိုလျစ်လျူရှုပြီး အပြေးလိုက်သွားတော့သည်။ သူသည် စိတ်လွတ်ကိုယ်လွတ် ပြေးနေခြင်းမဟုတ်ပေ။ ပြေးနေရင်းမှာပင် သူ့ကလေးဝတ် လက်ပတ်နာရီမှ အရေးပေါ် အချက်ပေးခလုတ် ကို နှိပ်ရန် မမေ့ခဲ့ပေ။

"ချင်ချင် ညီမလေးကို လွှတ်ပေး!"

သူသည် ချင်ချင်လေးအား ဖမ်းခေါ်သွားသော လူဆိုးများနောက်သို့ပြတိုက်တံခါးဝအထိ လိုက်သွားခဲ့ရာ၊ လူဆိုးများက ချင်ချင်လေးအား ဗင်ကားတစ်စီးထဲသို့ အတင်းတွန်းထည့်နေသည်ကို မြင်လိုက်ရသည်။ နျန်ကော အပြေးအလွှား သွားရောက် တားဆီးသော်လည်း ကားထွက်သွားသည့် ဖုန်လုံးများကြားတွင်သာ ကျန်ရစ်ခဲ့ရပါတော့သည်။

"ဟွတ်... ဟွတ်... ချင်ချင်လေး..."

အတိအကျပင် ထိုအချိန်၌ ကလေးဝတ် လက်ပတ်နာရီမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဆက်သွယ်မိသွားသည်။ ပိုင်ချီယွီဆီ ဖြစ်သည်။

"နျန်ကော၊ မင်းတို့ ဘက်မှာ ဘာတွေဖြစ်နေတာလဲ?"

ပိုင်ချီယွီ၏တည်ငြိမ်အေးဆေးသော အသံကို ကြားလိုက်ရချိန်တွင် နျန်ကောမှာ ဆက်လက်အောင့်အီးမထားနိုင်တော့ဘဲ ငိုချလိုက်တော့သည်။

"ဦးဦး... ချင်ချင်... ချင်ချင်လေးကို လူဆိုးတွေ ဖမ်းခေါ်သွားပြီဗျ!"

ဖူလုပ်ငန်းစု၏ အစည်းအဝေးခန်းမ

ဖူဟန်သည် ကုမ္ပဏီအမှုဆောင်အရာရှိကြီးများနှင့် အစည်းအဝေးလုပ်နေခြင်းဖြစ်သည်။

ဆံပင်အနည်းငယ် ပါးနေပြီဖြစ်သော ထုတ်ကုန်မန်နေဂျာကြီးမှာ ပရိုဂျက်တာဘေးတွင် ရပ်ကာ စာရွက်စာတမ်းများကို ကိုင်လျက် အဖွဲ့၏ပထမနှစ်ဝက် အရောင်းကိန်းဂဏန်းများကို အစီရင်ခံနေသည်။

တစ်ခန်းလုံးမှာ တည်ကြည်လေးနက်သော အငွေ့အသက်များ လွှမ်းမိုးနေစဉ် ဖူဟန်၏ဖုန်းမှာ ရုတ်တရက် တုန်ခါလာခဲ့သည်။ လူတိုင်းက ခေါင်းကို ဖြတ်ခနဲ လှည့်ကြည့်လိုက်ကြသော်လည်း ဥက္ကဋ္ဌ၏ဖုန်းဖြစ်နေသည်ကို မြင်သောအခါ ဘာမှမမြင်၊ ဘာမှ မကြားသလိုမျိုး ခေါင်းကိုအမြန်ပြန်လွှဲလိုက်ကြရသည်။

ဖူဟန်သည် ဖုန်းကို ချက်ချင်းချပစ်ရန်ရည်ရွယ်သော်လည်း ခေါ်ဆိုသူ ID ကို မြင်လိုက်ရသည့်အခါ ခဏတာ တွန့်ဆုတ်သွားပြီးမှ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို၊ ဖူဟန် ပြောနေပါတယ်”

"ချင်ချင်လေး ပြန်ပေးဆွဲခံလိုက်ရပြီ!"

တစ်ဖက်မှ ပထမဆုံးထွက်လာသည့် စကားကြောင့် ဖူဟန် ထိတ်လန့်သွားကာ ချက်ချင်းမတ်တတ်ရပ်လိုက်မိသည်။

"မင်း ဘာပြောလိုက်တယ်?"

သူ့လည်ချောင်းမှာ တစ်ခုခုနှင့် တစ်ဆို့သွားသလို ခံစားလိုက်ရပြီး ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။

တစ်ဖက်မှ ဘာတွေပြောနေသည်ကို မည်သူမျှ မသိကြသော်လည်း အမှုဆောင်အရာရှိများ မြင်လိုက်ရသည်မှာ သူတို့၏ ဥက္ကဋ္ဌကြီး ၏မျက်နှာမှာ အဆိုးရွားဆုံးအခြေအနေသို့ ပြောင်းလဲသွားခြင်းပင်။ ဖူဟန်သည် ဖုန်းကိုချလိုက်ပြီး "အစည်းအဝေး ရွှေ့လိုက်" ဟု တစ်ခွန်းတည်းပြောကာ အပြင်သို့အပြေးထွက်သွားတော့သည်။

"ဘာဖြစ်တာလဲ ?" လူတိုင်း ဇဝေဇဝါဖြင့် အကြည့်ချင်း ဖလှယ်နေကြသည်။

အလယ်တွင် ထိုင်နေသော ဖူစစ်ကျင်းမှာမူ သူ့ဖခင်၏ ထူးဆန်းသော အမူအရာကိုသတိပြုမိသွားပြီး တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသဖြင့် အမြန်ထကာနောက်ကလိုက်သွားခဲ့သည်။

"အဖေ... ဘာဖြစ်လို့လဲ?" ဖူစစ်ကျင်းသည် သူ့ဖခင်နောက်သို့ ဓာတ်လှေကားအထိ အမှီလိုက်သွားသည်။

"ချင်ချင်လေး ပြန်ပေးဆွဲခံလိုက်ရပြီ!"

ဖူဟန် တည်တင်းသော မျက်နှာဖြင့် ပြောလိုက်ရင်း၊ ချင်ချင်လေး၏လက်ပတ်နာရီမှတစ်ဆင့် တည်နေရာကို ရှာဖွေနိုင်ရန် သူ့ဖုန်းကို အသည်းအသန်နှိပ်နေသည်။

"ရဲတိုင်ပြီးပြီလား ?"

"ပိုင်ချီယွီ တိုင်ထားပြီးပြီ”

ယခု သူတို့၏တစ်ခုတည်းသော တာဝန်မှာ ချင်ချင်လေးကို ရှာဖွေရန်သာ။

မြေအောက် ကားပါကင်သို့ ရောက်သည့်အခါ ပိုင်ချီယွီထံမှ ဖုန်းထပ်ဝင်လာပြန်သည်။

"ပြတိုက်က သတင်းအရဆိုရင် ချင်ချင်လေးအပြင် သူနဲ့ ရွယ်တူ ကလေးတစ်ယောက်ရယ်၊ ဆရာမတစ်ယောက်ရယ်ပါ အဖမ်းခံလိုက်ရတယ်တဲ့”

"ဒါဆို ပြန်ပေးဆွဲသမားတွေရဲ့ ပစ်မှတ်က ချင်ချင်လေး တစ်ယောက်တည်း မဟုတ်ဘူးပေါ့" ဖူဟန် အဓိက အချက်ကို ချက်ချင်း ရိပ်မိသွားသည်။

"ဟုတ်တယ်၊ နောက်တစ်ချက်က မင်းငှားထားတဲ့ သက်တော်စောင့် နှစ်ယောက်ထဲက တစ်ယောက်ကို ပြတိုက်သန့်စင်ခန်းထဲမှာ သတိလစ်နေတာတွေ့ရတယ်၊ နောက်တစ်ယောက်ကတော့ ပျောက်နေတုန်းပဲ၊ သူလည်း အဖမ်းခံရတာ ဖြစ်နိုင်သလို... ဒါမှမဟုတ် ပြန်ပေးဆွဲသမားတွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာလည်း ဖြစ်နိုင်တယ်”

"မဖြစ်နိုင်တာ!" ဖူဟန်က စူးစူးဝါးဝါး ငြင်းဆိုလိုက်သော်လည်း ပိုင်ချီယွီ၏နောက်ထပ်စကားကြောင့် ချက်ချင်းပင် ဆွံ့အသွားရ သည်— "မဖြစ်နိုင်ဘူးဆိုရင် ချင်ချင်လေး ဘာလို့ ပြန်ပေးဆွဲခံလိုက်ရမှာလဲ!"

All Chapters