← Chapters

🍼 Chapter 52

Vol. 6 Ch. 52

🍼 Chapter 52

Vol. 6 Ch. 52

ချင်ချင်သည် မကြာသေးမီက ကျောင်းမတက်ဖြစ်ပေ။မိသားစုဝင်များက သူမ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ဘေးကင်းလုံခြုံမှုကို စိုးရိမ်ကြသည့်အပြင်၊ ဆောင်းဦးခရီးစဉ်အပြီး ရက်အနည်းငယ်အကြာတွင် ဆောင်းရာသီကျောင်းပိတ်ရက် ရောက်တော့မည်ဖြစ်သောကြောင့်လည်း ဖြစ်သည်။

မူလတန်းနှင့် အလယ်တန်းကျောင်းများကဲ့သို့မဟုတ်ဘဲ မူကြိုကျောင်းတွင် နှစ်ဝက်စာမေးပွဲ သို့မဟုတ် နှစ်ဆုံးစာ မေးပွဲများမရှိချေ။ ထို့ကြောင့် ဖူဟန်နှင့် ကူးလန်တို့သည် တိုင်ပင်ဆွေးနွေးပြီးနောက် ချင်ချင်အားကျောင်းလွှတ် လိုက်ပြီး ဆောင်းရာသီကျောင်းပိတ်ရက်ကိုပါ တစ်ဆက် တည်း ယူခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော်ငြား သူလေး၏ အိမ်စာများကိုမူ လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

အမှန်စင်စစ်တွင် မူကြိုအိမ်စာဟူသည်မှာ ကလေးများ၏ အိမ်စာမဟုတ်ပေ။ ဤကလေးငယ်များမှာ အသက်အနည်းငယ်သာရှိသေးပြီး ဇွန်းကိုပင် ခိုင်အောင်မကိုင်နိုင်သေးရာ အိမ်စာကို မည်သို့လုပ်နိုင်ပါမည်နည်း။

ထို့ကြောင့် ဆရာမများပေးလိုက်သော အိမ်စာများကို အခြေခံအားဖြင့် မိဘများကသာ လုပ်ဆောင်ပေးရခြင်းဖြစ်သည်။

ဥပမာအားဖြင့် ချင်ချင်ရှေ့မှ လက်မှုပညာသင်ခန်းစာကဲ့သို့ပင်။

သစ်သီးခွံများကို အသုံးပြု၍ မီးအိမ်တစ်ခုပြုလုပ်ရန်နှင့် မိဘများကဓာတ်ပုံရိုက်ကာ အတန်းပိုင် Group Chat ထဲသို့ ပေးပို့တင်ပြရန် သတ်မှတ်ထားသည်။

ချင်ချင်မှာ လုံးဝမလုပ်တတ်ပေ။ နောက်ဆုံးတွင် ဖူစစ်ချန်သည် သူ့ ဖခင်ဖြစ်သူ၊ အစ်ကိုဖြစ်သူတို့နှင့် အကြည့်ချင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် မတတ်သာသည့်အဆုံး လာရောက်ကူညီပေးခဲ့ရသည်။

"ချင်ချင် ဘာလုပ်ချင်လဲ ?"

"မီးအိမ်လုပ်ချင်တာ"

ချင်ချင်က "စစ်ချန် သိပြီးသား မဟုတ်ဘူးလား" ဟုဆိုလိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ချင်ချင် ဘယ်အသီးကို သုံးချင်လဲလို့ မေးတာပါ"

အလုပ်ပင်မစရသေးမီ ဖူစစ်ချန်မှာ မောပန်းသလိုခံစားလိုက်ရသည်။

အသီးဖြင့်လုပ်သော မီးအိမ်ဆိုသည်မှာ သုံးနှစ်အရွယ်ကလေးပင် မကစားချင်သောအရာ ဖြစ်သည်။ လူတွေကို နှိပ်စက်ဖို့ ဒီလိုစိတ်ကူးမျိုးကို ဘယ်လိုပါရမီရှင်ကများ စဉ်းစားခဲ့တာပါလိမ့်။

"လိမ္မော်သီးက အလွယ်ဆုံးလို့ ကိုကိုနျန်ကောင်းက ပြောတယ်"

ချင်ချင် သစ်သီးခြင်းထဲမှ လိမ္မော်သီးကိုညွှန်ပြသည်။ သူမသည် လိမ္မော်သီး အမျိုးအစားများကို အမြဲတမ်းမှားယွင်းတတ်သည်။

"ကောင်းပြီ၊ ခဏစောင့်၊ ကိရိယာတွေ သွားယူလိုက်ဦးမယ်"

စာကြည့်ခန်းသို့ ပြေးသွားပြီး ဓား၊ နန်းကြိုး၊ ဆေးနှင့် အခြားကိရိယာများကို ယူဆောင်လာပြီးနောက် ဖူစစ်ချနိသည် ဦးစွာလိမ္မော်သီး၏အပေါ်ယံကို လှီးထုတ်ကာ အတွင်းသားများကို ချင်ချင်စားနိုင်ရန်ထုတ်ပေးပြီး မီးအိမ်ကို ပင်ပင်ပန်းပန်းလုပ်ပေးရှာသည်။

ချင်ချင် ပြောသည့်အတိုင်းပင် သစ်သီးမီးအိမ်များကို လိမ္မော်ခွံများဖြင့် ပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်သည်။အပေါ်ဘက်တွင် အပေါက်ဖောက်၊ အလင်းရောင်ထွက်ရန် ဘေးဘက်တွင် အပေါက်အနည်းငယ်ဖောက်ကာ အလယ်တွင် ဖယောင်းတိုင်တပ်ဆင်ပြီး နန်းကြိုးဖြင့် သစ်သားချောင်းငယ်တွင် ချည်လိုက်ရုံဖြင့် ပြီးစီးသွားသည်။

ပိုမိုလှပစေရန်အတွက် အနုပညာကျောင်းသားဖြစ်သော ဖူစစ်ချန်ကမူ ချစ်စဖွယ်ပြုံးနေသည့်မျက်နှာလေးကို ရေးဆွဲပေးပြီး အရောင်ပါသော စက္ကူကတ်ပြားများဖြင့် လက်ကလေး၊ ခြေထောက်ကလေးများပါ ပြုလုပ်ပေးလိုက်ရာ လိမ္မော်သီးမီးအိမ်လေးမှာ ပြီးပြည့်စုံသွားတော့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးတွင် ချင်ချင်၏တစ်ခုတည်းသော တာဝန်မှာ အသီးများကိုကုန်အောင်စားပေးရန်သာ။

ဤသို့ဆိုလျှင် ဤကဲ့သို့သော အိမ်စာမျိုးပေးရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

မီးအိမ်ကိုထွန်းလိုက်သောအခါ နွေးထွေးသော လိမ္မော် ရောင်အလင်းတန်းသည် မီးအိမ်တစ်ခုလုံးကို လင်းထိန်စေပြီး ရေးဆွဲထားသော အပြုံးမျက်နှာလေးမှာလည်း ပိုမိုသက်ဝင်လာသည်။

"ဝါး—!"

ချင်ချင် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ဖူစစ်ချန်အတွက် လက်ကလေးများကို စိတ်အားထက်သန်စွာတီးပေးလိုက်သည်။

"ရှောင်ချန်က အရမ်းတော်တာပဲ!"

"ဒါပေါ့၊ ဒါကို ဘယ်သူလုပ်ထားလဲဆိုတာ ကြည့်ဦးလေ"

ဖူစစ်ချန် ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ဖုန်းကိုထုတ်ကာ မီးအိမ်ပုံကို အကောင်းဆုံးထောင့်မှ ရိုက်ယူလိုက်ပြီး ချင်ချင်၏အသီးအရည်များပေနေသော မျက်နှာလေးကိုပါ ရိုက်ကူးလိုက်သည်။ ၎င်းမှာ သူမ ကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သက်သေပင်။

ဓာတ်ပုံများရိုက်ပြီးနောက် ဖူစစ်ချန်သည် သူ့လက်ရာကို Group Chat ထဲသို့ တင်လိုက်ပြီး သူ့လက်ရာမှာ ပထမရမည်ဟု ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။ သို့သော် သုံးရက်အကြာ ရလဒ်ထွက်လာသောအခါ သူသည် ဒုတိယသာ ရရှိခဲ့သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

သူ မယုံကြည်နိုင်စွာ အော် ဟစ်လိုက်ပြီး သူ့လက်ရာတွင် မည်သည့်နေရာ၌ လိုအပ်ချက်ရှိနေသလဲဆိုသည်ကိုသိရှိရန် ဖုန်းကို အသည်းအသန် ပွတ်ကြည့်နေတော့သည်။

ထို့နောက်တွင်မူ…

သူသည် အလွန်ကြီးမားသော ဖရုံသီးမီးအိမ်ကြီးကိုမြင်လိုက်ရသည်။

သူ့နှုတ်ခမ်းများ တွန့်သွားပြီး ဖူစစ်ချန် ရှုံးနိမ့်မှုကိုဝန်ခံလိုက်ရသည်။

သူ့လက်ရာက ညံ့ဖျင်းလွန်း၍မဟုတ်ဘဲ ထိုဖရုံသီးမီးအိမ်မှာ ပိုမိုထုထည်ကြီးမားပြီး ထူးခြားနေသောကြောင့်သာ ဖြစ်သည်။

မီးအိမ်အခုနှစ်ဆယ်အနက် ဆယ်ခုကျော်မှာ အချိန်ကုန်သက်သာပြီး လုပ်ရလွယ်ကူသည့် လိမ္မော်သီးမီးအိမ်များဖြစ်ကြရာ ထိုဖရုံသီးမီးအိမ်ကြီးမှာ လိမ္မော်သီးပင်လယ်ပြင်ကြားတွင် တစ်ခုတည်းထင်းထွက်နေပြီး ဆုကို သိမ်းပိုက်သွားခြင်းဖြစ်သည်။

"ချင်ချင်၊ စောင့်နေလိုက်၊ နောက်တစ်ခါကျရင် ငါ မင်းအတွက် သေချာပေါက် ဆု ရအောင်ယူပေးမယ်!"

ဖူစစ်ချန်မှာ စိတ်ဓာတ်ကျမသွားဘဲ တိုက်ပွဲဝင်လိုစိတ်များ ပိုမိုတောက်လောင်လာရာ၊ ထိုအနီးမှ ဖြတ်သွားသော ဖူစစ်ကျင်းမှာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။

"ဒါက မူကြိုအိမ်စာတင်ပါ၊ ဒီလောက်အထိ အလေးအနက်ထားဖို့ တကယ်လိုအပ်လို့လား"

"မဟုတ်ဘူး၊ အစ်ကို နားမလည်ပါဘူး!"

ဖူစစ်ချန်က "သာမန်လူသားတွေက ငါ့ရဲ့ မြင့်မြတ်တဲ့ရည် မှန်းချက်တွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ" ဟု ဆို လိုသော အကြည့်မျိုးဖြင့် သူ့အစ်ကိုကိုကြည့်ကာ လက် ညှိုးခါယမ်းပြလိုက်သည်။

"ဒါက ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ကိစ္စပဲ၊ ဒါ ကလေးရဲ့မိဘတွေကြားက ဂုဏ်သိက္ခာတိုက်ပွဲပဲ၊ ငါ့ ချင်ချင်လေး အတန်းဖော်တွေကြားမှာ မျက်နှာပွင့်ဖို့နဲ့လည်း ဆိုင်တယ်၊ ဒါကြောင့် ငါ အရှုံးမပေးနိုင်ဘူး!"

"ဟင် ? ရှောင်ချန်က ချင်ချင့်ကို ခေါ်နေတာလား"

သူ့အမည်ကိုကြားလိုက်ရသဖြင့် ချင်ချင်သည် နွားနို့နှစ်များ ပေကျံနေသော သူ့ ချစ်စဖွယ် မျက်နှာလေးကို ပန်းကန်လုံးထဲမှ မော့ကြည့်လာသည်။

သူမသည် ထိုအနှစ်များကိုလျှာလေးဖြင့် လျက်နေသေးသည်။

"စားစရာတွေထဲ မျက်နှာကြီး နစ်မထားနဲ့လေ"

ဖူစစ်ကျင်း သက်ပြင်းချကာပြောလိုက်ပြီး တစ်ရှူးနှစ်ရွက်ကို ယူကာ ချင်ချင့်မျက်နှာကို သုတ်ပေးလိုက်သည်။

ချင်ချင်သည် မျက်နှာလေးကို မော့ပေးထားပြီး အလိုက် သင့် သုတ်ခိုင်းနေသည်။ သူမသည် ထူးဆန်းစွာစိတ်လှုပ် ရှားနေသော ဖူစစ်ချန်ကို ဘေးတစောင်းကြည့်လိုက်ပြီး "ရှောင်ချန် ဘာဖြစ်နေတာလဲ" ဟု သံသယဖြင့် မေးလိုက်သည်။

"သူ့ကို ဂရုမစိုက်နဲ့၊ ဒီမနက် သူ ဆေးသောက်ဖို့ မေ့သွားလို့နေမှာ"

"ဆေးမသောက်ဘူးလား? ရှောင်ချန် နေမကောင်းလို့လား"

ချင်ချင့် မျက်ခုံးလေးများမှာ စိုးရိမ်စိတ်ဖြင့် တွန့်ချိုးသွားသည်။

"သူ ကုသမှုကို လက်လျှော့လိုက်တာကြာပါပြီ"

ဖူစစ်ကျင်း သူမ ခေါင်းလေးကို ပွတ်သပ်ရင်း ချော့မော့လိုက်သည်။

"စိတ်မပူပါနဲ့၊ သူ မသေနိုင်ပါဘူး"

"ဩော်"

ချင်ချင်သည် ဖူစစ်ချန်ကို တစ်ချက်ပြန်ကြည့်ပြီးနောက် အလိုက်သင့်ပင် ခေါင်းငုံ့ကာ ဆက်စားနေတော့သည်။

ဖူဟန်သည် မနေ့ညက အလုပ်မှအိမ်ပြန်မလာခဲ့ဘဲ သားကြီးဖြစ်သူကိုသာ ချင်ချင်အားသေသေချာချာ ဂရုစိုက်ရန် ဖုန်းဆက်ညွှန်ကြားခဲ့သည်။ သားငယ်နှင့် ပတ်သက်၍မူ…

သူသည်လည်း ကုသမှုကို လက်လျှော့ထားပုံရသည်။

မိသားစုလုပ်ငန်းကို တစ်နေ့တွင် သားနှစ်ယောက်ထံလွှဲ ပြောင်းပေးရမည်ဖြစ်သောကြောင့် ဖူဟန်သည် ဖူစစ်ကျင်းနှင့် ဖူစစ်ချန် နှစ်ဦးလုံးကို ကုမ္ပဏီတွင် အလုပ်လုပ်ရန် စဉ်းစားခဲ့ဖူးသည်။

ဖူစစ်ကျင်းမှာ လိမ္မာရေးခြားရှိပြီး သားကြီးတစ်ယောက်အနေဖြင့် တာဝန်များကိုပခုံးထမ်းရမည်ကို သိနားလည် သည်။

သို့သော် ဖူစစ်ချန်မှာမူ ထိန်းကျောင်းရခက်ပြီး လုံးဝနားမထောင်သည့် ဇက်ပြတ်နေသော ဟတ်စကီးခွေးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။

ဖခင်ဖြစ်သူ၏ကုမ္ပဏီသို့ အတင်းအကျပ် သွားခိုင်းသော် လည်း သူသည် နေ့စဉ်အလုပ်ခိုခြင်း သို့မဟုတ် အလုပ်ပျက်ခြင်းများသာ ပြုလုပ်ကာ ကုမ္ပဏီကိစ္စရပ်များကို ကိုင်တွယ်ရန် စိတ်ဝင်စားမှုမရှိပေ။ ဖူဟန်မှာ အလွန်ဒေါသထွက်သွားပြီး သူ့အားအိမ်ပေါ်မှပင် နှင်ထုတ်လိုက်ရတော့ သည်။

အကယ်၍ ကုမ္ပဏီ အမွေမဆက်ခံချင်ရင် အိမ်ကသာ ထွက်သွားပေတော့။

လူအများစုသည် ဖူစစ်ချန်မှာ တာဝန်မသိဘဲ လုပ်ငန်းကို အမွေဆက်ခံခွင့် ဆုံးရှုံးသွားခြင်းအပေါ် နှမြောတသဖြစ်နေကြသည်။

သို့သော် ထိုလူမှာမူ မိသားစုလုပ်ငန်း အမွေဆက်ခံရမည့် ဘေးမှ နောက်ဆုံးတွင် လွတ်မြောက်သွားပြီဟု ဝမ်း မြောက်နေပြီး နေ့စဉ်ပေါင်နှစ်ရာရှိသော ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေလေသည်။

ဖူစစ်ကျင်းသည် သူ့ကိုကြည့်ကာ မနာလိုစိတ်အနည်းငယ်ဖြစ်ပေါ်လာပြီး ဖခင်ဖြစ်သူကို သူ့ညီအားပြန်ခေါ်ကာ ပိုမိုတင်းကျပ်စွာဆုံးမရန်ပင် အကြံပေးချင်စိတ်ပေါက်လာရသည်။

သူမှာ နေ့စဉ် ပင်ပန်းနွမ်းနယ်နေရချိန်တွင် မိဘတစ်ဦးတည်းမှမွေးဖွားလာသော သူ့ညီမှာ အဘယ်ကြောင့် ဤမျှအေးဆေးကာပျော်ရွှင်နေရသနည်း။

သားကြီး၏မကျေနပ်ချက်ကို ခံစားမိ၍ထင်သည်။ ဖူဟန်သည် ထူးထူးခြားခြား ယနေ့တွင် သူ့ကို အားလပ်ရက်ပေးထားသည်။

သို့သော် ဖူစစ်ကျင်းမှာမူ ကုမ္ပဏီသို့သွားရန် လိုအပ်နေသေးသည်။

ပြီးခဲ့သော အကြိမ်က ချင်ချင့်မူကြိုဖျော်ဖြေပွဲကြောင့် ဖူစစ်ကျင်းသည် ဒါရိုက်တာကောင်းနှင့် မထင်မှတ်ဘဲဆုံတွေ့ခဲ့သည်။

နောက်ပိုင်းတွင် ကလေးထိန်းကျောင်းနည်းများကို အပြန် အလှန် ဖလှယ်ရာမှတစ်ဆင့် သူတို့နှစ်ဦးမှာ အကြိမ်ကြိမ် ဆုံတွေ့ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး လူကောင်းများဖြစ်ကြမှန်း သိရှိသွားကာ မထင်မှတ်ဘဲ သူငယ်ချင်းကောင်းများ ဖြစ်သွားကြသည်။

မကြာသေးမီက ဒါရိုက်တာကောင်းသည် ရုပ်ရှင်အသစ်တစ်ကား ရိုက်ကူးရန်ပြင်ဆင်နေပြီး လူအများအပြားက ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်နေကြသည်။ သူ ဖူစစ်ကျင်းကို သတိရကာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိ၊ မရှိ ဖုန်းဆက်မေးမြန်းခဲ့သည်။

ဖူစစ်ကျင်းအနေဖြင့် ငြင်းပယ်ရန် ဖြစ်နိုင်ပါမည်လား ?

လုံးဝမဖြစ်နိုင်ပေ။

ဒါရိုက်တာကောင်း၏ရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံခြင်းမှာ အမြတ်ရရန် သေချာရုံသာမက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အခြေအနေဖြစ်ပြီး သူ့ကိုယ်ပိုင်ကုမ္ပဏီမှ အနုပညာရှင်များ၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးလည်းဖြစ်သည်။

အကယ်၍ ကောင်းမွန်စွာကိုင်တွယ်နိုင်ပါက အကောင်းဆုံးမင်းသား သို့မဟုတ် အကောင်းဆုံးမင်းသမီး ဆုများကိုပင် ထွက်ပေါ်လာစေနိုင်သည်။

ဟုတ်သည်။နောက်ဆုံးအချက်မှာ ရရှိရန် မလွယ်ကူသလို ဖူစစ်ကျင်း၏ရင်းနှီးမြှုပ်နှံမှုမှာလည်း မရိုးမသား ပြုလုပ်ခြင်းမျိုး မဟုတ်ပေ။

ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် သူ့ အနုပညာရှင်များ သည် အခြားကုမ္ပဏီများထက် အခွင့်အလမ်းပိုမိုရရှိနိုင်သည်မှာ အမှန်ဖြစ်သော်လည်း၊ ၎င်းတို့ လိုလားသော ဇာတ်ကောင်နေရာများကို ရရှိနိုင်ခြင်း ရှိ၊ မရှိမှာမူ ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းပေါ်တွင်သာ မူတည်သည်။

ဖူစစ်ကျင်းနှင့် ဒါရိုက်တာကောင်းတို့သည် ဒါရိုက်တာ၏ စတူဒီယိုအောက်ထပ်ရှိ ကော်ဖီဆိုင်တွင် တွေ့ဆုံရန်ချိန်းဆိုထားကြပြီး ၎င်းမှာ လွန်ခဲ့သော တစ်ပတ်ကတည်းက ကြိုတင်စီစဉ်ထားခြင်းဖြစ်သည်။

ထိုအချိန်က သူသည် ချင်ချင်နှင့်အတူ အဖော်ပြုပေးမည့်သူ တစ်ဦးဦးရှိနေလိမ့်မည်ဟု ယူဆထားခဲ့သည်။

ရလဒ်အနေဖြင့် သူ့ဖခင်မှာ အချိန်ပိုအလုပ်ဆင်းနေရပြီး၊ သူ့ဦးလေးမှာလည်း ဟိုဟိုဒီဒီပျံသန်းကာ အလုပ်ရှုပ်နေလေသည်။ သူ့ညီငယ်မှာလည်း မနက်စာစားပြီးသည်နှင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားရာ၊ သူနှင့် ဘာမျှမသိရှာသော ချင်ချင်လေးတို့သာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့တော့သည်။

"တို့တွေ ဘာလုပ်ကြမလဲ"

ချင်ချင်သည် သူ့ကိုယ် သူ အဖော်မရှိဘဲပစ်ထားခံရမှန်းသိသဖြင့် လက်ကလေးနှစ်ဖက်ကို ဘေးသို့ဖြန့်ပြလိုက်သည်။

"ငါ မင်းကိုပါ ခေါ်သွားမှဖြစ်တော့မယ်၊ ဒါပေမဲ့ ချင်ချင်၊ ဟိုရောက်ရင် လိမ္မာရမယ်နော် သိလား ? လူတိုင်းကို ယဉ် ယဉ်ကျေးကျေး နှုတ်ဆက်ရမယ်"

"အင်းအင်း..."

ချင်ချင်သည် သူ့ခေါင်းလုံးလုံးလေးကို ငြိမ့်ပြကာ ချက် ချင်းပင် သဘောတူလိုက်သည်။

ကတိကဝတ်ရရှိပြီးနောက် အချိန်လည်း နောက်ကျနေပြီဖြစ်သဖြင့် ဖူစစ်ကျင်းသည် ချင်ချင်ကိုအမြန်ချီကာအပေါ် ထပ်သို့တက်ပြီး အပြင်သွားဝတ်စုံ လဲပေးလိုက်သည်။

ရာသီဥတုမှာ တဖြည်းဖြည်း အေးလာပြီဖြစ်သောကြောင့် အဝတ်အစားကို ထပ်ဆင့်၍ ဝတ်ဆင်ရန်လိုအပ်သည်။

ယနေ့တွင် ချင်ချင်ကို လိပ်မော်နုရောင် ဂါဝန်လေး၊ လိုက် ဖက်သော အဖြူရောင်လက်ရှည်အင်္ကျီအပေါ်ထပ်နှင့် ခရင်မ်ရောင် ဒေါက်ဖိနပ်လေးတို့ဖြင့် မိန်းကလေးဆန်ဆန် ပြင်ဆင်ပေးထားသည်။

ပုခုံးစွန်းအထိရှိသော သူ့ဆံပင်များကို ဖူစစ်ကျင်းက ပြင်သစ်ဆံထုံးပုံစံ ကျွမ်းကျင်စွာ ကျစ်ပေးထားပြီး ပုခုံးတစ် ဖက်သို့ ချထားကာ ဒေစီပန်းပွင့်လေးများဖြင့် အလှဆင်ပေးထားရာ၊ ကြည့်ရသည်မှာ လတ်ဆတ်စင်ကြယ်ပြီး အလွန်ပင်လှပနေတော့သည်။

"ဦးထုပ်ဆောင်းဦးမယ်"

ဖူစစ်ကျင်း သူမကို ဤအတိုင်း ခေါ်ထုတ်သွားတော့မည်ကို မြင်သောအခါ ချင်ချင် သူ့ကိုအမြန်ဆွဲလိုက်ပြီး အဝတ်ချိတ်တွင်ရှိသော နေကာဦးထုပ်ကိုလက်ညှိုးလေးဖြင့် ညွှန် ပြသည်။

သူမသည် ယခုအခါ နုနယ်သော မိန်းကလေးငယ်လေးဖြစ်သဖြင့် အပြင်မထွက်မီ နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် လိုအပ်သည်။ သို့မဟုတ်ပါက အသားအရေ ညိုမည်းသွားပေလိမ့်မည်။

ဖူစစ်ကျင်းသည် ချင်ချင်အတွက် ဦးထုပ်ကိုအမြန်ယူ၍ ဆောင်းပေးလိုက်ပြီးနောက် ကလေးကိုချီကာ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့သည်။

သူ အတော်လေး နောက်ကျနေပြီဖြစ်သည်။ သူသည် အပြေးအလွှား သွားခဲ့ပြီးနောက် ချိန်းဆိုထားသည့်အချိန် မတိုင်မီ သုံးမိနစ်အလိုတွင် ကော်ဖီဆိုင်ရှေ့သို့ရောက်ရှိလာခဲ့သည်။

ကြမ်းပြင်မှ မျက်နှာကြက်အထိရှိသော မှန်ပြတင်းပေါက်ကြီးများမှတစ်ဆင့် ဒါရိုက်တာကောင်း ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် ဖူစစ်ကျင်းသည် ချင်ချင်ကိုချီကာဆိုင်ထဲသို့ အမြန်ဝင်ခဲ့သည်။

"တောင်းပန်ပါတယ် ဒါရိုက်တာကောင်း၊ ကျွန်တော် နောက် ကျသွားတယ်"

သူ အပြေးအလွှားလာခဲ့ရသဖြင့် အနည်းငယ်မောဟိုက်ကာ ပြောလိုက်သည်။

"ရပါတယ်၊ ရပါတယ်၊ ကျွန်တော်ကပဲ စောစောရောက်နေတာပါ၊ ဒီလောက်အထိ စောစောထွက်လာဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမဲ့ ဒီမျောက်မလေးကြောင့်ပါ"

ဒါရိုက်တာကောင်းက ဖူစစ်ကျင်းကို ထိုင်ရန် လက်ဟန်ပြရင်း အေးအေးဆေးဆေးပင်ပြောလိုက်သည်။

ထိုအခါမှ ဖူစစ်ကျင်းသည် ဒါရိုက်တာ၏ဘေးတွင် ထိုင်နေသော ပိန်ပိန်ပါးပါးနှင့် အသားညိုညို မိန်းကလေးငယ်လေးကို သတိပြုမိတော့သည်။

ကလေးငယ်များသည် အသွင်အပြင်အားဖြင့် ခွဲခြားရခက်တတ်ပြီး၊ ဆံပင်တိုတိုနှင့် ဤကလေးငယ်မှာလည်း ဆော့ကစားရင်း တစ်ကိုယ်လုံးလှုပ်စိလှုပ်စိဖြစ်နေပုံမှာ ဆိုးသွမ်း သော ယောက်ျားလေးတစ်ယောက်နှင့်တူနေသည်။

ဖူစစ်ကျင်းအကြည့်ကို သတိပြုမိသွားသောအခါ သူမသည် ခေါင်းမော့၍ သူ့ကိုပြုံးပြလိုက်သည်။ သို့သော် ချင်ချင့် စူးစမ်းသော မျက်လုံးလေးများနှင့် ဆုံမိသွားသောအခါတွင်မူ ချက်ချင်းငြိမ်ကျသွားတော့သည်။

ထိုကလေးငယ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကြာကြီး စိုက်ကြည့်နေကြပြီးနောက် ထိုမျောက်မလေးမှာ အောင့်မထားနိုင်တော့ဘဲ ချင်ချင်ကို လက်ညှိုးထိုးကာ "ဖေဖေ၊ ဒီကလေးက ဘယ်သူလဲ" ဟု အော်မေးလာသည်။

"မင်း ရိုင်းလှချည်လား! အရင်ဆုံး ဦးဦးကို နှုတ်ဆက်လေ" ဒါရိုက်တာကောင်းက သမီးဖြစ်သူ၏လက်ကို ရိုက်လိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ဆူပူလိုက်သည်။

ထိုမျောက်မလေးမှာ ဖခင်ဖြစ်သူ၏ဆူပူမှုကို နေသားကျနေပုံရပြီး ဘာမျှအရေးမစိုက်သော်လည်း "မင်္ဂလာပါ ဦးဦး" ဟု လိမ္မာပါးနပ်စွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဦးဦး" ဟုဆိုသော အခြားကလေးသံလေးတစ်ခုမှာလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။

ချင်ချင်သည်လည်း လိမ္မာယဉ်ကျေးစွာဖြင့် ဒါရိုက်တာကောင်းကို နှုတ်ဆက်လိုက်ခြင်းပင်။

All Chapters