အခန်း (၄၄၂၆-၄၄၃၀)
Vol. 225 Ch. 4426-4430
Chapter 4426
နက်ရှိုင်းသော နဂါးဟိန်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
နံဘေးတစ်ဖက်မှစောင့်ကြည့်နေသော လူများထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။သူတို့သည် ထိုနဂါးဟိန်းသံကို တောင့်ခံနိုင်ရန်အတွက် သူတို့၏နားများကို အလျှင်အမြန်ဖုံးအုပ်လိုက်ကြ၏။
ဤသည်မှာ သန့်စင်သောအသံနည်းစနစ်တစ်ခုပင်။
လူများအားလုံးသည် ထိုအသံကိုကြားချိန်၌ သူတို့၏နားများအတွင်း၌ ကျယ်လောင်စွာပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။သူတို့ရှေ့ရှိ အရာရာတိုင်း အလွန်အမင်းပြောင်းလဲသွားခဲ့ကာ ရွှေရောင်နဂါးတစ်ကောင်သည် သူတို့၏ရှေ့၌ ထွက်ပေါ်လာပြီး သူတို့အား ကြည့်ကာ ဟိန်းဟောက်နေသည့်အလားပင်။
သူတို့အနက်မှတချို့သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်သွားပေ၏။
လီထန်ရှုသည် အသံနည်းစနစ်ကိုအသုံးပြု၍ လုယွီကိုဖိနှိပ်လိုခြင်းပင်။အဆုံးသတ်၌ လုယွီ တွေဝေမိန်းမောသွားချိန်တွင် သူသည် အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ရပေမည်။
သို့ရာတွင် သူ၏မျှော်လင့်ချက်များ အချည်းနှီးဖြစ်သွားခဲ့သည်။လုယွီသည် ထိုနဂါးဟိန်းသံကိုကြားချိန်တွင် သူ့၏မျက်နှာအမူအယာ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ကာ သူ့အပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှုမရှိသည့်အလားပင်။
ဝေါင်း....
လုယွီကလည်း တချက်ဟိန်းဟောက်လိုက်ရာ မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားနဂါးဟိန်းသံတစ်သံအလား ပဲ့တင်ထပ်သွားသည်။
ဤနဂါးဟိန်းသံသည် အရပ်မျက်နှာအသက်ဘက်သို့ ပဲ့တင်ထပ်သွားကာ လေထုအတွင်း၌ ပြည့်နှက်သွားပေ၏။လီထန်ရှု၏နားနှစ်ဖက်မှနေ၍ တဖောက်ဖောက်အသံနှစ်သံကို ကြားလိုက်ရပြီးနောက် သူ၏နားအတွင်းမှနေ၍ သွေးများယိုစီးကျလာသည်။
"အား...."
လီထန်ရှူသည် သူ၏နားနှစ်ဖက်ကိုဖုံးအုပ်ကာ နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။
သူ၏နားစည်များ စုတ်ပြဲသွားလေပြီ။
လုယွီ၏မျက်လုံးများ တစတစပို၍အေးစက်တင်းမာလာသည်။လီထန်ရှုသည် အောင်းကွမ်း၏နဂါးသွေးမျိုးဆက်ကို လုယူခဲ့ခြင်းကြောင့် ဤနဂါးဟိန်းသံစွမ်းရည်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။
ဤသည်မှာ နဂါးသွေးကို လုယူထားမှသာ အသုံးပြုနိုင်သော နည်းစနစ်တစ်ခုပင်။
အမှန်အားဖြင့် လုယွီသည် လီထန်ရှုကို လွယ်လင့်တကူအလွတ်ပေးရန် ရည်ရွယ်မထားချစ်။
"အရှင့်သား..."
အဝေးတစ်နေရာတွင်ရှိနေသော ထန်အင်ပါယာမှအစောင့်များသည် တဟုန်ထိုးပြေးဝင်လာကာ သူတို့၏အရှင်သခင်ကို ကယ်တင်ရန် ဟန်ပြင်လိုက်ကြသည်။
ဘုန်း....ဘုန်း...ဘုန်း...
သို့ရာတွင် ထိုလူများသည် လီထန်ရှု၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် သူတို့အားလုံး၏ခန္ဓာကိုယ်များသည် သွေးမြူများအဖြစ် ပေါက်ကွဲသွားလေ၏။
သွေးများ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။ရှီးလျန်မြို့၏လမ်းများပေါ်တွင် သွေးများ အိုင်ထွန်းသွားပြီး လေထုအတွင်း၌ သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်ရှိလူများသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။ဤနေရာသို့ ရောက်ရှိလာသူများသည် ထန်အင်ပါယာ၏ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။ သို့ရာတွင် လုယွီ၏လက်အတွင်း၌ သူတို့၏ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိ မြင့်မားနေပါစေ ပုရွက်ဆိတ်များကဲ့သို့ အားနည်းနေသည်။
"လုယွီ....ငါ မင်းကို သတ်မယ်"
လီထန်ရှု၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူ၏မျက်လုံးတစ်စုံသည် လုံးလုံးလျားလျားနီမြန်းနေပေ၏။
သူသည် ရုတ်တရက် ခုန်ထပြီး မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်သည်။မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများက အရပ်မျက်နှာအသက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထို့နောက် လီထန်ရှုသည် လေထုအတွင်းသို့ခုန်တက်ပြီး လုယွီရှိနေသောနေရာသို့ဦးတည်၍ ကန်လိုက်သည်။
သူ၏ခြေထောက် ကျရောက်သွားသည်နှင့် ကျယ်လောင်သော ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လီထန်ရှု၏ခြေထောက်များသည်လည်း မွမ်းမံထားသည်ကို လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး နားလည်သဘောပေါက်သွားသည်။
သူ၏ခြေထောက်နှစ်ဖက်ပေါ်တွင် နတ်ဘုရားသင်္ကေတအက္ခရာအမြောက်အများ ထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။
ဝှစ်....
လုယွီက ရှေ့သို့လက်ညှိုးညွှန်လိုက်ရာ သူ၏လက်ချောင်းထိပ်များမှနေ၍ ကြီးကျယ်ခမ်းနားသော ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး ရှေ့သို့ပျံ့လွင့်သွားသည်။
ထက်ရှသောဓားချီသည် ချက်ချင်းဆိုသလိုပင် လီထန်ရှု၏ခြေထောက်များအတွင်းသို့ ထွင်းဖောက်သွားပေ၏။သူ့၏ခြေထောက်အရိုးနှစ်ချောင်းသည်လည်း ထိပ်သီးပါရမီရှင်များ၏ခန္ဓာကိုယ်များမှ ထုတ်ယူထားခြင်းပင်။
သူ၏ခြေထောက်များတွင် ကျားနှင့်ဝံပုလွေတို့၏စွမ်းအားမျိုးပါဝင်ကာ အလွန်အမင်းမာကျောသည်။
သို့ရာတွင် အင်မော်တယ်သုတ်သင်ဓားချီ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်၌ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ်ကို သယ်ဆောင်လာသည်။ထိုဓားချီသည် လီထန်ရှု၏ခြေထောက်များကို ထောပတ်ကိုဖြတ်တောက်သည့် ဓားပူတစ်လက်အလား ထွင်းဖောက်သွားကာ အစိတ်စိတ်အမွှာမွှာကြေမွှပျက်စီးသွားစေသည်။
လီထန်ရှုသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားကာ သူ့၏ခြေထောက်များ ကြေမွပျက်စီးသွားသဖြင့် သူသည် မသန်မစွမ်းအဖြစ်သို့ ရောက်ရှိသွားလေပြီ။
"သောက်ချေးပဲ....သောက်ချေးပဲ...လုယွီ ငါ ဒီနေ့ မင်းကိုသတ်မယ်"
လီထန်ရှုသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်ပြီးနောက် သူ၏မျက်လုံးတစ်စုံအတွင်းတွင် ရုတ်တရက် အလွန်ကြီးမားသောပြောင်းလဲမှုတစ်ခု ဖြစ်သွားပေ၏။
ကြီးကျယ်ခမ်းနားသော ယင်ချီစွမ်းအားများက ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ထို့နောက် လီထန်ရှု၏မျက်လုံးတစ်စုံသည် ချက်ချင်းဆိုသလိုပင် ပိန်းပိတ်သည်အထိ နက်မှောင်သွားသည်။
သူ၏မျက်လုံးအတွင်း၌ သရဲတစ္ဆေငယ်လေးနှစ်ကောင် ရှိနေသည်။
ထိုသရဲတစ္ဆေငယ်လေးများသည် မျက်ဆံတစ်ခု၏အရွယ်အစားမျှသာ ရှိသည်။ဤအချိန်အခိုက်အတန့်တွင် ထိုသရဲတစ္ဆေနှစ်ကောင်သည် လီထန်ရှု၏မျက်လုံးများအတွင်းမှ ထွက်လာကာ ကြေးနီရောင်မျက်လုံးတစ်စုံ ပေါ်လွင်လာသည်။
"ငါ မင်းကို ကျိန်စာတိုက်မယ်...ငရဲကို ထာဝရကျရောက်သွားစမ်း"
Chapter 4427
လီထန်ရှု၏ကျိန်စာရွတ်ဆိုနေသောအသံသည် မိုးနှင့်မြေအကြား၌ ပဲ့တင်ထပ်နေသည်။
သူ၏ယခုလက်ရှိ သွေးထွက်သံယိုပုံပန်းသွင်ပြင်နှင့် ပေါင်းစပ်လိုက်ပါက သူသည် လှောင်အိမ်တစ်ခုအတွင်းမှ ထွက်လာသည့် သရဲတစ္ဆေတစ်ကောင်နှင့်တူညီနေကာ အဆုံးစွန်ဆုံးအဆင့်ထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။
ဤသည်မှာ ကျင့်ကြံသူတစ်ယောက်မှနေ၍ တခြားလူတစ်ရပ်ကို ကျိန်စာတိုက်သော မှော်မန္တန်တစ်ပုဒ်ဖြစ်ပြီး အလွန်အမင်းနတ်ဆိုးဆန်သည်။
ထိုကျိန်စာမန္တန်၏ သက်ရောက်ခြင်းကိုခံရသော လူအများစုသည် အနည်းနှင့်အများ သက်ရောက်ခြင်းခံရလေ၏။ဤကျိန်စာတိုက်ခံရပြီးနောက် ကျင့်ကြံသူအများစုသည် သူတို့၏ခန္ဓာကိုယ်များမှ ပြည်များထွက်လာကာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်မှစွမ်းအားများ အလျှင်အမြန်ပျက်ပြယ်သွားပေမည်။ဤသည်မှာ သူတို့သည် ကျိန်စာ၏သက်ရောက်ခြင်းကို ခံရသောကြောင့်ပင်။
ဤတိုက်ပွဲကွင်းပြင်နှင့် မလှမ်းမကမ်းအကွာပင်ရှိနေသော လူများပင်လျှင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကျိန်စာကိုကြားမိချိန်၌ သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိကာ သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်။
ဤကျိန်စာမန္တန်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။
လီထန်ရှု၏နောက်၌ သရဲသစ္ဆေများ၏ဝိုးတဝါးပုံရိပ်များ ထွက်ပေါ်လာသည်။သူတို့သည် အတူတကွပူးကပ်၍ မတ်တတ်ရပ်နေကာ သူတို့၏မျက်လုံးများသည် ခံစားချက်ကင်းမဲ့ပြီးအသက်မဲ့စွာဖြင့် ရှေ့သို့ကြည့်နေသည်။
"သူက လူတွေ ဘယ်လောက်ထိများများ သတ်ခဲ့တာလဲ"
"သူရဲ့နာကျည်းမုန်းတီးမှုစွမ်းအားတွေက အရမ်းမြင့်မားနေတာကြောင့် ထူးဆန်းတဲ့ပုံရိပ်တစ်ခုတောင် ထွက်ပေါ်လာခဲ့တယ်..ဒါက မိုးကောင်းကင်ကတောင် သည်းမခံနိုင်တဲ့ လုပ်ရပ်ပဲ....အဲ့ဒီလူက စစ်ဗိုလ်ချုပ်တွေထက်တောင် ပိုပြီးရက်စက်ကြမ်းကြုတ်တယ်လို့ ငါ ဘာလို့ခံစားနေရပါလိမ့်"
လူအမြောက်အများသည် ရှင်းပြနိုင်စွမ်းမရှိသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရသည်။ သူတို့ရှေ့ရှိမြင်ကွင်းသည် သူတို့အပေါ် များစွာသက်ရောက်မှုရှိစေသည်။
လုယွီသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးအတွင်း၌ ခက်ထန်တင်းမာသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
တခြားလူများသည် ဤကိစ္စကို သိရှိမည်မဟုတ်သော်လည်း သူ ကောင်းစွာသိရှိထားသည်။သူသည် ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော နာကြီးမုန်းတီးမှုစွမ်းအားများ၏ မူရင်းဇစ်မြစ်ကို သိရှိထားပေ၏။
လီကျင်း၏စစ်နတ်ဘုရားရုပ်တုနောက်တွင် သွေးလွှမ်းသောအကျဉ်းထောင်တစ်ခု ရှိနေသည်။
ထိုအကျဉ်းထောင်အတွင်း၌ ငယ်ရွယ်ပြီးချောမောခန့်ညားသော လူငယ်ပါရမီရှင်အမြောက်အများ ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ နတ်ဘုရားအရိုးများ ထုတ်ယူခြင်းခံရကာ သူတို့၏စိတ်ဝိညာဥ်များသည်လည်း လွတ်မြောက်ခြင်းမရှိချေ။သူတို့သည် လီထန်ရှု၏သန့်စင်ခြင်းကိုခံရပြီးနောက် အငြိုးကြီးစိတ်ဝိညာဥ်များ ဖြစ်လာကြသည်။
ပြင်းထန်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်သည် လေထုအတွင်း၌ ပျံ့လွင့်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြင်းထန်သောသွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။
သရဲတစ္ဆေလေးနှစ်ကောင်သည် ရုတ်တရက် လုယွီထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။လီထန်ရှုက ဤသည်မှာ လုံလောက်ခြင်းမရှိမည်ကို စိုးရိမ်နေပေ၏။သူသည် သူ၏နောက်ရှိ အငြိုးကြီးစိတ်ဝိညာဥ်များအားလုံးကိုဆင့်ခေါ်ကာ လုယွီထံသို့ ပြေးဝင်သွားစေသည်။
အကန့်အသတ်မရှိသောအမှောင်ထုကြီးက လုယွီကို ချက်ချင်းလွှမ်းခြုံသွားသည်။
ပြင်ပမှစောင့်ကြည့်နေသူများသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ထူထပ်သိပ်သည်းသောအမှောင်ထုကြီး ကျရောက်သွားကာ လုံးလုံးလျားလျားဝါးမြိုသွားသည်ကိုသာ မြင်တွေ့ရပေမည်။
"ဟား ဟား ဟား...လုယွီ အဆုံးသတ်မှာ အနိုင်ရတဲ့သူက ငါ ဖြစ်နေတုန်းပဲ..မင်းကို အရမ်းဆိုးဝါးတဲ့နာကျင်မှုတွေ ခံစားရအောင် ငါ လုပ်ပြမယ်....ငါက မင်းမသေမချင်း ညှဉ်းပန်းနှိပ်စက်မယ်"
လီထန်ရှုကိုကြည့်ရသည်မှာ ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်နှင့်တူညီနေပြီး ကျယ်လောင်စွာအော်ဟစ်ရယ်မောနေလေ၏။
"အရှင်..."
ပုန်းကွယ်နဂါးစစ်တပ်၏စစ်ဗိုလ်ချုပ်များသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်သွားကာ လီထန်ရှုကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဖေးထျန်ကွမ်းက အေးစက်တင်းမာသောလေသံဖြင့် ဆူပူကြိမ်းမောင်းသည်။
"မင်းတို့အားလုံး ရပ်လိုက်စမ်း..မင်းတို့ ဘာတွေလုပ်နေကြတာလဲ...ဘယ်သူ့ကိုမှ လှုပ်ရှားခွင့်မပြုဘူး"
"အရှင်လုက အန္တရာယ်ရှိနေပြီ...ငါတို့က သူ့ကို သွားမကယ်ရဘူးလား"
စစ်ဗိုလ်ချုပ်တစ်ယောက်က တိုးညှင်းသောအသံဖြင့် မေးမြန်းသည်။
ဖေးထျန်ကွမ်းက တည်ငြိမ်စွာတုံ့ပြန်လေ၏။
"လီထန်ရှုလောက်ကတော့....သူက အရှင်လုရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"
ဖေးထျန်ကွမ်းသည် ကောင်းကင်ကွန်ယက်အဖွဲ့ကို ချုပ်ကိုင်ထားသူဖြစ်သဖြင့် လုယွီ၏ယခုလက်ရှိခွန်အားကို ကောင်းစွာသိရှိထားသည်။
ကောင်းကင်မူဝါဒရုံးတော်မှအကြီးအကဲများနှင့် ထန်အင်ပါယာ၏ကျန်းယွင်အမတ်ကြီးပင်လျှင် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
လုယွီသည် ယခုလက်ရှိအချိန်ထိ လီထန်ရှုနှင့် အချိန်အတော်ကြာ တိုက်ခိုက်နေသည်မှာ တခြားအကြောင်းအရင်းတစ်ခု ရှိနေသောကြောင့် ဖြစ်ပေမည်။
ဤအချိန်အခိုက်အတန့်တွင် အကန့်အသတ်မရှိသော အမှောင်ထုကြီးအတွင်း၌ လုယွီ၏နားအတွင်းသို့ ငိုကြွေးမြည်တမ်းသံများ အဆက်မပြတ် ဝင်ရောက်နေသည်။
ဤအငြိုးကြီးစိတ်ဝိညာဥ်များသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။အချိန်များကုန်လွန်လာသည့်နှင့်အမျှ ပြင်းထန်သော နာကြည်းမုန်းတီးမှုရန်ငြိုးများသည် သူတို့ထံ၌ ပေါက်ဖွားလာကာ အစိုင်အခဲတစ်ခုအဖြစ်သို့ ရောက်ရှိလုနီးပါးဖြစ်နေလေပြီ။
လုယွီ၏နံဘေး၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမျက်နှာများ ထွက်ပေါ်လာသည်။ သူတို့အနက်မှတချို့ထံတွင် ရှည်လျားသောရှာကြီးများရှိကာ တချို့ထံတွင်မူ နက်မှောင်နေသောမျက်လုံးများရှိသည်။ဤမျက်နှာတိုင်းသည် လူအများအား မရေမတွက်နိုင်သောအိပ်မက်ဆိုးများ မြင်မက်စေကာ ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားစေနိုင်စွမ်းရှိသည်။
သို့ရာတွင် လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်ကာ သူ၏မျက်နှာအမူအယာ တည်ငြိမ်နေပြီး အနည်းငယ်ပင် အေးစက်တင်မှာနေသည်။
"လီထန်ရှု့က အရမ်းအားနည်းတာပဲ...ငါ့ရဲ့မှော်နည်းစနစ်တွေကို ထိန်းညှိနိုင်တဲ့ အခွင့်အရေးမရနိုင်ဘူး"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
သူသည် ထန်အင်ပါယာ လီတော်ဝင်မိသားစု၏လူငယ်ပါရမီရှင်ထံတွင် လုံလောက်သည့်အရည်အချင်းမျိုးရှိမည်ဟု တွေးထင်ခဲ့သည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မှာ သူ့အား အလွန်အမင်းစိတ်ပျက်သွားစေခဲ့သည်။
Chapter 4428
တိုက်ပွဲအစမှယခုအချိန်ထိ လုယွီသည်သူ၏ပြိုင်ဘက်ကို ချေမှုန်းရန်အတွက် ခွန်အားများစွာ အသုံးမပြုခဲ့ချေ။
ဤအဆင့်တိုက်ပွဲတစ်ပွဲသည် သူ့ကိုယ်သူထက်မြက်အောင် ပြုလုပ်ရန်အတွက် အကျိုးကျေးဇူးမရှိနိုင်ပေ။ဤသည်မှာ အချိန်ဖြုန်းခြင်းသာ ဖြစ်ပေမည်။
"ထားလိုက်တော့....မင်း သေသင့်ပြီ"
လုယွီက သူ၏လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။သူ၏ရှေ့တွင် တုန်လှုပ်ချောက်ချားကောင်းသော လေလှိုင်းတစ်ရပ် ထွက်ပေါ်လာကာ ချက်ချင်းဆိုသလိုပင် အမှောင်ထုကြီးကို ဆုတ်ဖြဲလိုက်သည်။
ထိုအမှောင်ထုကြီးသည် မူလက လုယွီကို လုံးလုံးလျားလျား လွှမ်းခြုံထားခဲ့သည်။သို့ရာတွင် လုယွီသည် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သောအချိန်တွင် ထိုအရာများသည် နုနယ်သောစက္ကူတစ်ရွက်အလား ညင်သာစွာထိတွေ့မိရုံဖြင့် ကြေမွှပျက်စီးသွားသည်။
လူများအားလုံးသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့မိလေ၏။
လီထန်ရှု စေလွှတ်လိုက်သော အငြိုးကြီးစိတ်ဝိညာဥ်များအားလုံး လုယွီ၏နံဘေး၌ ဒူးထောက်နေကြသည်။သူတို့၏မျက်လုံးများအတွင်း၌ ရူးသွပ်စွဲလန်းခြင်း လေးစားကြည်ညိုခြင်းတို့ဖြင့် ပြည့်နှက်နေကာ နတ်ဘုရားတစ်ပါးကို အရူးအမူးကိုးကွယ်နေသော လူတစ်စုအလားပင်။
ယခင်က ဤအငြိုးကြီးစိတ်ဝိညာဥ်များသည် ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အငြိုးကြီးစိတ်ဝိညာဥ်များအားလုံး မြေပြင်ပေါ်၌ နာခံရို့ကျိုးစွာဒူးထောက်နေကြကာ သူတို့၏ခေါင်းများကိုပင် မော့မကြည့်ဝံ့ကြချေ။
"ဘာတွေ ဖြစ်သွားခဲ့တာလဲ"
"အဲ့ဒီအငြိုးကြီးစိတ်ဝိညာဥ်တွေမှာ သူတို့ရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ မရှိတော့ဘူး...သူတို့က သတ်ဖြတ်ဖို့တစ်ခုကိုပဲ သိတော့တာ မဟုတ်လား...သူက ဘယ်လိုလုပ်လိုက်တာလဲ"
အမှောင်ထုကြီးအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပွားသွားခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။
သူတို့သည် လုယွီ၏နောက်ရှိ လေဟာနယ်အတွင်း၌ မမြင်နိုင်သောအလင်းဘီးကြီးတစ်ခု ပုန်းကွယ်နေသည်ကို တွေ့မြင်နိုင်မည်မဟုတ်ပေ။ထိုအလင်းဘီးကြီးမှနေ၍ မြင့်မြတ်ပြီးတည်ကြည်လေးနက်သော အလင်းရောင်တစ်ရပ် ဖြာထွက်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားသည်။
လုယွီသည် မြေအောက်လောကနတ်ဘုရားဖြစ်ပြီး သရဲတစ္ဆေများအားလုံး၏အရှင်သခင်ပင်။
လီထန်ရှုသည် မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို မသိသော်လည်း သူ အချိန်အတော်ကြာ မွေးမြူထားခဲ့သော အငြိုးကြီးစိတ်ဝိညာဥ်များသည် လုယွီ၏နံဘေး၌ ဒူးထောက်နေသည်ကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာ တက်နိုင်တော့သည်။
"သူ့ကို သတ်....သူ့ကို သတ်စမ်း"
လီထန်ရှု၏မျက်လုံးအတွင်းမှနေ၍ သွေးများယိုစီးကျလာသည်။သူ၏ကြက်သွေးရောင်မျက်ဆံအတွင်းမှနေ၍ အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ် ဖြာထွက်လာကာ အငြိုးကြီးစိတ်ဝိညာဥ်များအားလုံးကို ထိန်းချုပ်လိုက်သည်။
သို့ရာတွင် ထိုအငြိုးကြီးစိတ်ဝိညာဥ်များသည် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။
ဤအငြိုးကြီးစိတ်ဝိညာဉ်များအပေါ် သူ၏ထိန်းချုပ်နိုင်မှု ပျောက်ကွယ်သွားလေပြီ။
"မင်းက ဘယ်သူ့ကို သတ်ချင်နေတာလဲ"
လုယွီက အေးစက်စက် အော်ငေါက်လိုက်ကာ သူ့၏မျက်လုံးအတွင်းမှနေ၍ စူးရှသောရွှေရောင်အလင်းတန်းတစ်တန်း ပျံ့လွင့်လာသည်။
ထိုရွှေရောင်အလင်းတန်းသည် လီထန်ရှု၏မျက်လုံးကို ထွင်းဖောက်သွားသဖြင့် ရုတ်တရက် စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူသည် သူ၏မျက်လုံးကိုဖုံးအုပ်ကာ မြေပြင်ပေါ်၌ လူးလိမ့်နေပေ၏။
သူ၏နည်းစနစ်များအားလုံးကို လုယွီက ချေဖျက်နိုင်ခဲ့သည်။
လီထန်ရှုသည် နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူ၏နောက်ကျောမှနေ၍ အရိုးတောင်ပံတစ်စုံထွက်လာကာ ထိုတောင်ပံတစ်စုံကိုခတ်၍ ပြင်းထန်သောလေပြင်းတရပ်ကို ဖန်တီးလိုက်သည်။
လေများတဟူးဟူးတိုက်ခတ်လာပြီးနောက် လီထန်ရှုကို လေထုအတွင်းသို့ မြောက်တက်သွားစေသည်။
ဤတောင်ပံများသည် နဂါးတစ်ကောင်၏ခန္ဓာကိုယ်မှ ဖြတ်တောက်ထားခြင်းပင်။ထိုအရာများကို လီထန်ရှု၏ကျောရိုးအတွင်းသို့ ထည့်သွင်းထားကာ သူနှင့်အပြည့်အဝပေါင်းစပ်သွားစေသည်။
သူသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးရန်ဟန်ပြင်လိုက်၏။ဤအချိန်အခိုက်အတန့်တွင်သူ့၏နာမည်ဂုဏ်သတင်း အရှက်သိက္ခာတို့သည် အရေးမပါတော့ချေ။
လီထန်ရှု ပြင်ဆင်ခဲ့သည့် မရေမတွက်နိုင်သောနည်းစနစ်များသည် လုယွီ၏ရှေ့၌ ကလေးတစ်ယောက် ကစားနေသည့်အလားပင်။ထိုအရာများသည် လုယွီကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အနည်းငယ်မျှ အသုံးမဝင်ခဲ့ချေ။
"ငါ အရမ်းစိတ်ပျက်မိတယ်"
လုယွီက စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောဆိုသည်။
"မင်းရဲ့အရည်အချင်းက ဒီလောက်ထိ ဆိုးရွားတာတောင်....မင်းက မောက်မာထောင်လွှားဝံ့တာလား"
ဤစကားလုံးများသည် မိသားစုတစ်စု၏အကြီးအကဲမှနေ၍ စိတ်ပျက်ဖွယ်ကောင်းသော ဂျူနီယာများကို ဆူပူကြိမ်းမောင်းနေသည့်အလားပင်။
လီထန်ရှုသည် စိုးရိမ်သောကနှင့်ဒေါသထွက်မှုတို့ကို ခံစားလိုက်ရသည်။ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်နှလုံးသားအတွင်း၌ ဆိုးရွားသောအတွေးများ ထွက်ပေါ်လာပေ၏။သူ၏အတွေးတိုင်းလိုလို လုယွီအား ကိုယ်လက်အင်္ဂါအပြည့်အစုံမကျန်ဘဲ သေဆုံးသွားစေလိုသည်။
"ဒါက အဆုံးသတ်သွားပြီ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။ထို့နောက် သူ၏လက်ကိုဆန်တန်းကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခုအား ပြုလုပ်လိုက်သည်။မီတာတစ်ထောင်ခန့်ရှည်လျားသောခရမ်းရောင်ချီစွမ်းအားလှိုင်းတစ်လှိုင်းသည် လေဟာနယ်အတွင်းသို့ ဆန့်တန်းသွားပြီး သုံးပေခန့်ရှည်သော ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားလေ၏။
လုယွီက ထိုဓားကိုပစ်လွှတ်လိုက်ရာ မြှားတစ်စင်းအလား လီထန်ရှု၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားသည်။ထိုဓားရှည်ထံတွင်ရှိနေသောအားလှိုင်းကြောင့် လီထန်ရှု့၏ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေကာ သူ့အား မြို့ရိုးတစ်နေရာ၌ စိုက်ဝင်နေစေသည်။
ရှီးလျန်မြို့၏မြို့ရိုးသည် အလွန်အမင်းမာကျောသော်လည်း လုယွီ၏ဓားချီမှစွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိချေ။
ဤှဓားချီသည် မာကျောသောအရာဝတ္ထုတစ်ခုအသွင်သို့ ပြောင်းလဲကာ လီထန်ရှုကို မြို့ရိုး၌ စိုက်ဝင်နေစေသည်။သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားကာ သူသည် အလွန်ကြီးမားသောနောင်တများဖြင့် သေဆုံးသွားရလေ၏။
ပတ်ဝန်းကျင်မှစောင့်ကြည့်နေသူများအားလုံး ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။ လီထန်ရှူသည် သူ့မျိုးဆက်၏ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ အလွန်ဆိုးရွားသောအခြေအနေဖြင့် သေဆုံးခဲ့ရသည်။
Chapter 4429
လီထန်ရှု သေဆုံးသွားပြီးနောက် သူ၏အလောင်းသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား မြို့ရိုးတွင် တွဲလောင်းကျနေသည်။
သူ၏စိတ်ဝိညာဥ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်လာပေ၏။သူသည် ထွက်ပြေးလိုသော်လည်း လုယွီ၏အင်္ကျီလက်ကို တစ်ချက်ခါယမ်းလိုက်ခြင်းနှင့်အတူ အသတ်ခံလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ တစ်ချိန်က မောက်မာထောင်လွှားခဲ့သော ပါရမီရှင်တယောက်သည် အေးစက်စက်အလောင်းတလောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
"လီထန်ရှုရဲ့စိတ်ဝိညာဥ်က နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ပြီ"
"သူက ထန်အင်ပါယာ လီတော်ဝင်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပဲလေ...ဘယ်လိုလုပ်ပြီးတော့ သူရဲ့ကျင့်ကြံနည်းစနစ်တွေက ဒီလောက်ထိ နတ်ဆိုးဆန်နေတာလဲ"
"ကျောက်စိမ်းအရေပြား....နဂါးပျံနတ်ဘုရားအရိုး... ဖြစ်နိုင်တာတော့ လီထန်ရှုက နတ်ဆိုးနည်းစနစ်တစ်ခုကို သင်ထားပြီးတော့ ပါရမီရှင်တချို့ရဲ့မွေးရာပါနတ်ဘုရားအရိုးတွေကို အတင်းအကြပ်ထုတ်ယူထားတာများလား"
ပတ်ဝန်းကျင်ရှိ လူအများကြားတွင် အသိပညာဗဟုသုတကြွယ်ဝသူများ ရှားပါးခြင်းမရှိချေ။ထို့ကြောင့် သူတို့သည် သဲလွန်စများကို အလျှင်အမြန်ရှာဖွေတွေ့ရှိသွားလေ၏။
လီထန်ရှုသည် နတ်ဆိုးနည်းစနစ်တစ်ခုကိုကျင့်ကြံခဲ့သည့်သတင်း အလျှင်အမြန် ပြန့်သွားခဲ့သည်။လူများအားလုံး၏စိတ်ထားများ ချက်ချင်းပြောင်းလဲသွားကာ လီထန်ရှုကို အော်ဟစ်ကျိန်ဆဲလိုက်ကြသည်။
လီထန်ရှုသည် သေဆုံးသွားခဲ့သော်လည်း သူသည် အလွန်ကြီးမားသော သွေးကြွေးရန်ငြိုးများကို စုဆောင်းထားခဲ့ကာ သူ၏လက်အတွင်း၌ သွေးများဖြင့် စွန်းထင်းနေသည်။
"လီထန်ရှုက နတ်ဆိုးကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံထားခဲ့တယ်ဆိုတာ သက်သေအထင်အရှားရှိနေတယ်.. လာကြစမ်း...မှတ်တမ်းတင်သလင်းကျောက်ဘောလုံးကို အသုံးပြုပြီးတော့ ဒီသတင်းကိုကောင်းကင်ဘုံနယ်မြေတခွင်လုံး သိသွားအောင် ဖြန့်လိုက်ကြစမ်း"
လုယွီက ပြောဆိုသည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ လုယွီ၏လှုပ်ရှားမှုများသည် အမှန်တကယ်ကို ထူးချွန်သည်ဟု တွေးတောလိုက်ကြ၏။
လီထန်ရှုသည် သေဆုံးသွားခဲ့သော်လည်းသူ၏ခန္ဓာကိုယ်မှနေ၍ နတ်ဆိုးချီအငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။သူ၏အလောင်းအား မြင်တွေ့မိသော မည်သူမဆို နတ်ဆိုးနည်းစနစ်တစ်မျိုးကို ကျင့်ကြံသူဖြစ်ကြောင်း သိရှိသွားပေမည်။ထိုအရာအား မှတ်တမ်းတင်ထားသောသလင်းကျောက်ဘောလုံးကို ဖြန့်ချီလိုက်သည်နှင့် ထန်အင်ပါယာ၏လီတော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သော လီထန်ရှုနာမည်ဂုဏ်သတင်း ညှိုးနွမ်းသွားပေမည်။
ထို့ပြင် ဤမြင်ကွင်းသည် ဟန့်တားနိုင်မှုတစ်ရပ်လည်း ဖြစ်သွားခဲ့သည်။နောင်အနာဂတ်တွင် ပုန်းကွယ်နဂါးစစ်တပ်၏စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်ဝံ့သော မည်သူမဆို ဤကဲ့သို့ အကျိုးဆက်များ ရှိလာနိုင်သည်ကို ထည့်သွင်းစဉ်းစားရပေမည်။
မကြာမီမှာပင် ကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ထွက်လာကာ သူ့ရှေ့ရှိမြင်ကွင်းကို သလင်းကျောက်ဘောလုံးဖြင့် မှတ်တမ်းတင်လိုက်၏။
လီထန်ရှု၏နောက်သို့လိုက်လာသော လူများအားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် အဝေးသို့ထွက်ပြေးသွားကြသည်။
"သူတို့အားလုံးကို သတ်လိုက်စမ်း...တစ်ယောက်ကိုမှ အသက်ရှင်ရက်ချန်မထားနဲ့"
လုယွီက အေးစက်တင်းမာသောအသံဖြင့် အမိန့်ပေးသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် သူတို့၏စိတ်နှလုံးသားများအတွင်းရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထပ်မံ၍ထိန်းချုပ်မထားတော့ချေ။သူတို့သည် သူတို့၏လက်များအတွင်းရှိ ဆေဘာဓားများကိုမြှောက်ပြီး လီထန်ရှု၏နောက်လိုက်များကို အဆုံးသတ်လိုက်သည်။
မြေပြင်ပေါ်၌ သွေးများစွန်းထင်းနေကာ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
"အရှင်...ငါတို့ ဒီအလောင်းတွေကို ဘာလုပ်လိုက်ရမလဲ"
ဖေးထျန်ကွမ်းက ရှေ့သို့လျှောက်လှမ်းလာပြီး လုယွီကို မေးမြန်းသည်။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"မြို့ရိုးမှာ ခုနှစ်ရက်ကြာအောင် ချိတ်ဆွဲထားလိုက်စမ်း"
ထို့နောက် သူက ဆက်လက်၍အမိန့်ပေးသည်။
"ထန်အင်ပါယာဆီကို စာတစ်စောင်ပို့ပြီးတော့ လီထန်ရှုက ပုန်းကွယ်နဂါးစစ်တပ်ရဲ့နယ်မြေထဲကို ဘာလို့ ကျူးကျော်ဝင်ရောက်လာရဲတာလဲဆိုတာ မေးလိုက်စမ်း....ဒါက ထန်အင်ပါယာရဲ့ရန်စစော်ကားမှုတစ်ခုလား"
တခြားလူများသည် အမိန့်ကိုနားထောင်ပြီးနောက် တိတ်တဆိတ်ကျွတ်စုပ်လိုက်ကြသည်။
လုယွီသည် ထန်အင်ပါယာ၏တော်ဝင်မိသားစုဝင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ရုံသာမက သူသည် ဖြေရှင်းချက်တစ်ခုကိုလည်း တောင်းခံနေခဲ့သည်။သူသည် အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။
သို့ရာတွင် လုယွီသည် ထန်အင်ပါယာကို မကြောက်သည့် အကြောင်းအရင်းမှာ ထန်အင်ပါယာ၏ပင်မစစ်အင်အားစုသည် တော်ဝင်မြို့တော်အနီး၌ရှိနေပြီး ရှေ့တန်းရှိတိုက်ပွဲများကို ကူညီထောက်ပံ့ပေးနိုင်မှုမရှိကြောင်း သိရှိထားသောကြောင့်ဟု ယုံကြည်နေကြသည်။
ယခုအချိန်တွင် လုယွီ ပြန်လည်ရောက်ရှိလာခြင်းကြောင့် ပုန်းကွယ်နဂါးစစ်တပ်၏အင်အားသည် ယခင်နှင့်မတူညီတော့ချေ။အကယ်၍ ထန်အင်ပါယာသည် လုယွီအပေါ် ထပ်မံ၍ရန်စလာပါက သူတို့သည် ကျဉ်းထဲကျပ်ထဲအခြေအနေမျိုးသို့ ကျရောက်သွားပေမည်။
"မင်းက ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်နေပြီ...ဘာလို့ သူ့အပေါ်မှာ လေကုန်ခံနေတာလဲ...မင်း သူ့ကို တစ်ချက်တည်းနဲ့ ရိုက်မသတ်နိုင်ဘူးလား"
ခွေးနက်ကြီးက သူ၏အမြှီးကိုဝှေ့ယမ်းပြီးလျှောက်လှမ်းလာသည်။သူ၏ပါးစပ်တွင် ဆီများဝေ့နေလေ၏။
ဤသေသင့်သောခွေးသည် နေရာကောင်းတစ်ခုကို ရွေးချယ်ထားခဲ့သည်။အစောပိုင်းက သူသည် အသားများစားသောက်ရင်း ပြပွဲကောင်းတခုကို ပျော်ရွှင်စွာ ကြည့်ရှုနေခြင်းဖြစ်သည်။
လုယွီထံတွင် သူ့အတွေးနှင့်သူရှိနေသော်လည်း ခွေးနက်ကြီးက အထင်အမြင်သေးစွာဖြင့် ပြောဆိုသည်။
"တာအိုနည်းစနစ်တွေနဲ့ရုပ်ခန္ဓာကိုယ်ခွန်အားက အချင်းချင်းဖြည့်စွက်ပေးနေကြတာ....မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာတာနဲ့ မင်းရဲ့ရုပ်ခန္ဓာကိုယ်ခွန်အားကလည်း သန်မာအားကောင်းလာလိမ့်မယ်"
ခွေးနက်ကြီးက သရော်တော်တော် ရယ်မောလိုက်သည်။
"ဒါပေမဲ့ မင်းက လောဘအရမ်းကြီးတယ်...ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်တောင် ဒီအရာနှစ်ခုကို ပြီးပြည့်စုံအောင် မလုပ်ရဲခဲ့ဖူး...မင်းက လမ်းကြောင်းနှစ်ခုလုံးကို လျှောက်လှမ်းချင်ခဲ့တယ်...တကယ်လို့ မင်းကအခုအချိန်မှာ သိုင်းပညာအင်မော်တယ်တစ်ယောက် မဟုတ်ရင်တောင် ရွှယ်အင်မော်တယ် ကျင့်ကြံဆင့်စွမ်းအားကို မှီခိုအားထားပြီးတော့ လီထန်ရှုလိုကောင်တစ်ကောင်ကို အလွယ်တကူရင်ဆိုင်နိုင်လိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်ကျရင် မင်း လမ်းကြောင်းနှစ်ခုလုံးကို လျှောက်လှမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
Chapter 4430
ခွေးနက်ကြီးက လုယွီကို လှောင်ပြောင်သရော်လိုက်သည်။လုယွီ၏အတွေးများသည် စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျဟု သူ ခံစားမိသည်။
"ကောင်လေး...မင်းရဲ့သွေးချီတွေကို တိုးတက်အောင်လုပ်ပြီးတော့ သိုင်းပညာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ပြီး သိုင်းပညာအာဏာရှင်တစ်ယောက်ဖြစ်အောင်သာ လုပ်လိုက်စမ်းပါ... .အတိတ်မှာတုန်းက လူသားဧကရာဇ်ကနတ်ဆိုးဘိုးဘေးတစ်ကောင်ကို အမှိုက်တစ်စလို သတ်သွားတာကို မင်း တွေးကြည့်စမ်း.... ဘယ်လောက်တောင် လွှမ်းမိုးချုပ်ကိုင်နိုင်လဲ....ဒါက မင်း လျှောက်သင့်တဲ့လမ်းကြောင်းပဲ...ဘာအမှားအယွင်းမှ မရှိနိုင်ဘူး"
ခွေးနက်ကြီးက နံဘေးတစ်ဖက်မှနေ၍ အကြံပြုသည်။
"ဒါပေမဲ့ တကယ်လို့ အဲ့ဒီလိုလုပ်လိုက်ပြီဆိုရင် လမ်းကြောင်းကပိတ်သွားပြီလို့ ဆိုလိုတယ်မဟုတ်လား"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ယခင်က လူသားဧကရာဇ်သည် အလွန်အစွမ်းထက်သူတစ်ယောက်ဟု လုယွီ တွေးထင်ထားခဲ့သည်။
သို့ရာတွင် မူလဘူတသက်ရှိနှင့်ရင်ဆိုင်ရသောအချိန်၌ လူသားဧကရာဇ်သည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။သူသည်လသူ၏သွေးခန္ဓာကိုယ်ကို လောင်ကျွမ်းကာ မူလဘူတသက်ရှိကို ချိတ်ပိတ်ခဲ့လေ၏။
ဤသည်မှာ လူသားဧကရာဇ်သည် မူလဘူတသက်ရှိကို အနိုင်ယူရန်အတွက် ယုံကြည်ချက်မရှိဟု ဆိုလိုခြင်းပင်။
အတိတ်ရှိ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏ ကောင်းကင်ဘုံဧကရာဇ်ပင်လျှင် နွားရိုင်းစီးသော လူအိုကြီး၏လက်အတွင်း၌ သေဆုံးသွားခဲ့ရသည်။
သိုင်းပညာအာဏာရှင်နယ်ပယ်နှင့် ရွှေအင်မော်တယ်နယ်ပယ်နှစ်ခုလုံးသည် အားအကောင်းဆုံး မဟုတ်သေးချေ။အကယ်၍ သူတို့သည် မူလဘူတခေတ်မှ ရှေးဟောင်းသက်ရှိကဲ့သို့ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရပါက သူတို့ သေဆုံးသွားပေမည်။
"သူတို့ရဲ့လမ်းကြောင်းတွေက မှားယွင်းနေတယ်...တကယ်လို့ ငါက တူညီတဲ့အမှားမျိုးကို မလိုချင်ဘူးဆိုရင် ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းဖို့လိုတယ်"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သော်လည်း ခွေးနက်ကြီးနှင့် ငြင်းခုံခြင်းမပြုချေ။
ရုတ်တရက် လုယွီ၏စိတ် လှုပ်ရှားသွားသည်။သူသည် နေရာမှာပင် မတ်တတ်ရပ်ကာ သူ လွှတ်ပေးလိုက်သော စိတ်ဝိညာဥ်ကို အာရုံခံလိုက်၏
....
အလွန်မြင့်မားသော စိတ်ဝိညာဉ်တောင်၌ ဗုဒ္ဓအလင်းတန်းများဖြင့် လင်းထိန်နေသည်။
ဤနေရာသည် မိုင်ပေါင်းသုံးသောင်းခန့်ကျယ်ပြန့်ကာ မြင့်မားသောတောင်များသွယ်တန်းနေသည်။စိတ်ဝိညာဉ်တောင်တန်းအတွင်း၌ ဗုဒ္ဓဘုရားကျောင်းအမြောက်အများတည်ရှိကာ တစ်စုံတစ်ယောက်သည် ဤနေရာ၏အဆုံးသတ်ကို တွေ့မြင်နိုင်မည်မဟုတ်ချေ။
ချမ်းသာသုခနှင့်ပြည့်စုံသော ဗုဒ္ဓလောကသည် ထာဝရတောက်ပနေပေ၏။
နေရောင်ခြည်၏အလင်းတန်းသည် ဗုဒ္ဓလောက၏ထောင့်တစ်နေရာတိုင်းသို့ ဖြာကျနေသည်။လေထုအတွင်း၌ အမွှေးတိုင်ထွန်းညှိထားခြင်းမှ မွှေးရနံ့များဖြင့် ပြည့်နှက်နေပေ၏။ဘုန်းတော်ကြီးများ၏ကျမ်းစာရွတ်ဆိုသံများကလည်း အရမ်းမျက်နှာအဘက်ဘက်၌ ပဲ့တင်ထပ်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် အဝေးတစ်နေရာမှကြည့်ပါက တောက်ပနေသောရွှေရောင်အလင်းတန်းများနှင့်တူညီသည့် အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားလှိုင်းများသည် နေရာတစ်နေရာ၌ ပေါင်းစီးသွားကာ ဗုဒ္ဓဘုရားကျောင်းတစ်ကျောင်း၏အနက်ရှိုင်းသောနေရာသို့ ကျရောက်သွားကြောင်း မြင်တွေ့ရပေမည်။
မဟာမိုးခြိမ်းသံဘုရားကျောင်း....
ဤသည်မှာ ဗုဒ္ဓကျင့်ကြံခဲ့သောနေရာဖြစ်ကာ အရောင်အသွေးစုံသော အလင်းတန်းများ အဆက်မပြတ်တောက်ပနေသည်။ဗုဒ္ဓသည် တိမ်တိုက်များအကြားမှနေ၍ ဗုဒ္ဓကျမ်းစာများကို အဆက်မပြတ် လက်ဆင့်ကမ်းသင်ကြားပေးနေသည့်အလား မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်နေပေ၏။
ဤအချိန်အခိုက်အတန့်တွင် မဟာမိုးခြိမ်းသံဘုရားကျောင်း၏ခန်းမအတွင်း၌ အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းရောင်များတောက်ပနေသည့် ဓမ္မပုံရိပ်ယောင်ကြီးနှစ်ခု မတ်တတ်ရပ်နေသည်။
ထိုဓမ္မပုံရိပ်ယောင်နှစ်ခုအနက်မှတစ်ခုသည် ခြင်္သေ့ခေါင်းနှင့်လူခန္ဓာကိုယ်ရှိပေ၏။သူ၏မျက်လုံးသည် တောက်ပနေကာ သူ၏ လက်ယာဘက်လက်အတွင်း၌ ဗာဂျရာတောင်ဝှေးကိုကိုင်ထားပြီး လက်ဝဲဘက်လက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းထားသည်။
အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများသည် သူ့၏နောက်၌စုဝေးနေကာ ရွှေရောင်အလင်းဘီးကြီးအဖြစ် ဖွဲ့စည်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြာထွက်နေသည်။
တခြားဓမ္မပုံရိပ်ယောင်တစ်ခုသည် ရွှေရောင်သံချပ်ကာဝတ် စစ်ဗိုလ်ချုပ်တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ရှိပေ၏။သူ၏နဖူးပြင်ပေါ်ရှိလက်စွပ်ပုံအမာရွတ်သည် အလွန်အမင်းမျက်စိဖမ်းစားနိုင်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာကို အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများဖြင့် သိပ်သည်းထားခြင်းဖြစ်သည်။ထိုသံချပ်ကာပေါ်၌ ဆင်ဘုရင် နဂါးဘုရင်နှင့် တခြားစိတ်ဝိညာဥ်သက်ရှိရှစ်မျိုးတို့၏ပုံသဏ္ဍာန်များကို ရေးထွင်းထားသည်။
သူ၏လက်အတွင်း၌ ရွှေရောင်နဂါးပုလဲတစ်လုံးကိုကိုင်ထားလေ၏။သူ၏စွမ်းအားများသည် အလွန်အမင်းမြင့်မားကာ ဗုဒ္ဓအလင်းရောင်များ ဖြာထွက်နေစေသည်။
ဤသည်မှာ ဗုဒ္ဓလောက၏ဗုဒ္ဓဘုရားလောင်းနှစ်ပါးဖြစ်သော ဗာဂျရာလက်သီးဗုဒ္ဓဘုရားလောင်းနှင့် ထာဝရကျမ်းစာဗုဒ္ဓဘုရားလောင်းတို့ပင်။
ဗုဒ္ဓလောကအတွင်း၌ ဗုဒ္ဓဘုရားလောင်းများ၏အဆင့်အတန်းသည် ဗုဒ္ဓ၏နောက် ဒုတိယနေရာ၌ ရှိနေသည်။
သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို ဗုဒ္ဓလောက၏ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပင်။ သူတို့၏အဆင့်အတန်းသည် မြင့်မြတ်ကာ သူတို့၏စွမ်းအားများသည် သာလွန်ထူးကဲပေ၏။
သက်ရှိများအကြားတွင် သူတို့အား ယုံကြည်ကိုးကွယ်သူ အမြောက်အများ ရှိနေသည်။ထိုယုံကြည်ကိုးကွယ်သူများသည် ထိုဗုဒ္ဓဘုရားလောင်းများအတွက် သူတို့၏အသက်များကိုစတေးရန်ပင် ဆန္ဒရှိသည်။
"လုမိသားစုဝင်တွေကို လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်က ကျရှုံးသွားခဲ့ပြီ...ဒါပေမဲ့ ဗုဒ္ဓလောကကို အရှက်ရစေခဲ့တဲ့လူကတော့ ခုထိအသက်ရှင်နေတုန်းပဲ....လုယွီက ရှေးဟောင်းအပျက်အစီးနယ်မြေလို နေရာတစ်ခုကနေတကယ်ကြီးထွက်လာနိုင်ခဲ့တယ်....ဒါက မယုံကြည်နိုင်စရာပဲ"
ခြင်္သေခေါင်းနှင့်လူခန္ဓာကိုယ်ရှိသော ဗုဒ္ဓဘုရားလောင်းက ပြောဆိုသည်။သူ၏အသံသည် တိုးညှင်းပြီး ခပ်အုပ်အုပ်ဖြစ်နေလေ၏။
သူသည် ဗုဒ္ဓလမ်းစဉ်၌ စစ်ပညာကိုအဓိကကိုယ်စားပြုသည့် ဗုဒ္ဓဘုရားလောင်းဖြစ်ကာ မဟာမိုးခြိမ်းသံဘုရားကျောင်းအတွင်းရှိ ဘုန်းတော်ကြီးအမြောက်အများ၏အကြီးအမှူးပင်။
သူ၏ဗာဂျရာတောင်ဝှေးဖြင့် ရှေ့သို့ချိန်ရွယ်လိုက်သည်နှင့် လူအများကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေစေသည်။
"သူ အသက်ရှင်နေခဲ့တာက ကံကောင်းလို့ပဲ....ဒါပေမယ့် သူက ဗုဒ္ဓရဲ့အပြစ်ပေးမှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး....သူက ကျိုးထျန်းရင်ရဲ့အမိန့်တော်ကို မှီခိုအားထားနိုင်တာနဲ့ ကျန်တဲ့ကိစ္စတွေကို စိုးရိမ်ဖို့မလိုတော့ဘူးလို့ သူတကယ်ကြီး ထင်နေတာများလား...အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာပြီးတော့ ကျိုးထျန်းရင်တောင် သေဆုံးသွားခဲ့ပြီ....ကြည့်ရတာတော့ ငါတို့ဗုဒ္ဓလောကက တိတ်ဆိတ်ငြိမ်သက်နေတာ အချိန်အတော်ကြာသွားတဲ့ပုံပဲ....ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့လူတွေက ငါတို့ဗုဒ္ဓလောက ဘယ်လောက်ထိ နက်နဲသိမ်မွေ့ခဲ့တယ်ဆိုတာကို မေ့သွားကြပြီ"