← Chapters

အခန်း (၄၄၅၆-၄၄၆၀)

Vol. 226 Ch. 4456-4460

အခန်း (၄၄၅၆-၄၄၆၀)

Vol. 226 Ch. 4456-4460

Chapter 4456

ချီတော်ဝင်နန်းတော်၏ မြင့်မားသောတစ်နေရာ၌....

အဆောက်အအုံတစ်လုံး၏ခေါင်မိုးပေါ်တွင် ဆရာကျန်းနှင့် ကောင်းကင်ကွန်ယက်အဖွဲ့မှသူလျှိုတို့ မတ်တတ်ရပ်နေသည်။ဤနေရာမှကြည့်ပါက တစ်ချက်ကြည့်ရုံဖြင့် တော်ဝင်နန်းတော်တစ်ခုလုံးကို မြင်တွေ့နိုင်ပေ၏။

သူတို့နှစ်ယောက်၏နံဘေးပတ်လည်တွင် တိမ်မြူခိုးများ ရှိနေပုံရကာ သူတို့၏ပုံရိပ်များကို လုံးလုံးလျားလျားဖုံးကွယ်ထားသည်။တခြားတစ်နေရာမှကြည့်ပါက သူတို့၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။

"အခု အော်ဟစ်နေတဲ့လူတွေက မင်း ရှာထားတာလား"

သူလျှိုက အံ့အားတစ်သင့်မေးမြန်းသည်။

ကျောင်းသားတစ်စုသည် ဒေါသတကြီးအော်ဟစ်နေပြီးနောက် မရေမတွက်နိုင်သောလူများ နောက်မှလိုက်ပါလာသည်ကို သူ ကူကယ်ရာမဲ့ဖြင့် စောင့်ကြည့်နေခဲ့ရသည်။

ဤသည်မှာ ယခင်က သူ တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိသည့် မြင်ကွင်းတစ်ခုပင်။

"ငါက သူတို့ကို ရည်ရွယ်ချက်ရှိရှိ ရှာထားတာမဟုတ်ဘူး"

ဆရာကျန်းက တည်ငြိမ်စွာပြောဆိုသည်။

"ငါက ထန်အင်ပါယာရဲ့လူတွေ အနိုင်ကျင့်ခဲ့တဲ့ ကိစ္စတချို့ကို ပြန်ပြီးအမှတ်ရစေဖို့ သူတို့ကို ကူညီပေးခဲ့ရုံပဲ"

"ချီအင်ပါယာရဲ့နည်းဗျူဟာက ထန်အင်ပါယာရဲ့လူတွေကို ဦးစားပေးတယ်...ဒါကြောင့် နောင်အနာဂတ်မှာ ဘေးကပ်ဆိုကြီးဖြစ်လာနိုင်တဲ့ အမြစ်တစ်ခု ကြွင်းကျန်ခဲ့တယ်... သူတို့ရဲ့ဆက်ဆံရေးက မညီမျှခဲ့တဲ့အပြင် အထူးသဖြင့် ထန်အင်ပါယာရဲ့လူတွေကို အကျိုးအမြတ်တွေ ပိုပြီးပေးခဲ့တယ်....ဒီခွဲခြားဆက်ဆံမှုက မနာလိုမှုတွေကို သယ်ဆောင်လာခဲ့တယ်... ဒါကြောင့် အခုဒေါသတကြီးအော်နေတဲ့လူတွေက အသိစိတ်လုံးလုံးပျောက်သွားကြပြီ"

သူလျှို၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူက ပြောဆိုလိုက်၏။

"မင်းက သူလျှိုတစ်ယောက် မဖြစ်သင့်ဘူး...နည်းဗျူဟာရှင်တယောက်ဖြစ်ဖို့ သင့်တော်တယ်...မင်းက အချိန်သုံးရက်ပဲလိုတယ်လို့ ပြောခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး....မင်းက အရှင်ရဲ့ရှေ့မှာ မင်းကိုယ်မင်း ဖော်ထုတ်ပြသပြီးတော့ နာမည်ကျော်ကြားဖို့ ပြင်ဆင်ထားခဲ့တာလား"

ဆရာကျန်းက ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

....

မိုးကောင်းကင်ယံအတွင်း၌ အနက်ရောင်တိမ်တိုက်များ ရုတ်တရက် လွမ်းခြုံလာသည်။

ပတ်ဝန်းကျင်နေရာတဝိုက်၌ မိုးရေစက်များဖြင့် ပြည့်နှက်သွားသည်။သို့ရာတွင် စီမံကွပ်ကဲရေးရုံးတော်သို့ ဝင်နိုင်ခဲ့သော ကျောင်းတော်သားများသည် အဆင့်တစ်ခုထိကျင့်ကြံခဲ့သော ကျင့်ကြံသူများဖြစ်ပေ၏။ထိုကြောင့် သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ မှော်စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် မှော်စွမ်းအားအတားအဆီးလွှာတစ်ခုကို ဆင့်ခေါ်ကာ ပြင်ပရှိမိုးရေစက်များကို ပိတ်ဆို့ဟန့်တားနိုင်သည်။

ဤမိုးသည် လူအများ၏ စိတ်နှလုံးသားအတွင်းမှဒေါသများကို တားဆီးနိုင်ခြင်းမရှိချေ။ထိုအစား ပို၍ပို၍ပြင်းထန်လာစေသည်။

"ထန်အင်ပါယာရဲ့လူတွေက ရှေ့မှာရှိနေတယ်"

တစ်စုံတစ်ယောက်သည် တော်ဝင်နန်းတော်၏တံခါးမကြီးသို့ လက်ညှိုးညွှန်ပြပြီး အော်ဟစ်လိုက်၏။

မရေမတွက်နိုင်သောမျက်လုံးအကြည့်များ ထိုနေရာသို့ ကျရောက်သွားသည်။

နန်းတော်၏တံခါးမကြီးတွင် နတ်ဆိုးသားရဲတချို့ ထွက်ပေါ်လာသည်။ထိုနတ်ဆိုးသားရဲများကိုကြည့်ရသည်မှာ အစွမ်းထက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။

တော်ဝန်နန်းတွင်း၌ နတ်ဆိုးသားရဲများစီးနင်းခြင်းကို တားမြစ်ထားသော်လည်း ထိုလူများသည် အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိချေ။သူတို့သည် နတ်ဆိုးသားရဲများကို ပြောင်ပြောင်တင်းတင်းစီနင်းကာ တော်ဝင်နန်းတော်အတွင်း၌ ထင်ရာစိုင်းသောင်းကျန်းကြသည်။ဤနေရာတွင် သူတို့ ကြောက်ရွံ့ရသောအရာဟူ၍ တစ်စုံတစ်ခုမျှ မရှိသည့်အလားပင်။

ထိုနတ်ဆိုးသားရဲများကို စီးနင်းလာသူများမှာ ကျိုးထန်နှင့်ထန်ကျောင်းတော်သားများပင်။

ဤလူများသည် ရှုခင်းများကိုလှည့်ပတ်ကြည့်ရာမှ ပြန်လာပုံရသည်။သူတို့၏မျက်နှာများပေါ်၌ အပြုံးများရှိနေကာ အချင်းချင်း ရယ်ရယ်မောမောဖြင့် စကားစမြည်ပြောဆိုနေကြ၏။

နတ်ဆိုးသားရဲတစ်ကောင်၏နောက်တွင် ကြိုးတစ်ချောင်းကို ချည်နှောင်ထားကာ နောက်သို့တန်းလန်းချထားပြီး ကြိုး၏အဆုံး၌ လူတစ်ယောက်ကို ချည်ထားသည်။

လူများအားလုံးသည် ထိုလူအား ဂရုတစိုက်ကြည့်လိုက်ကြရာ ဝမ်လျန့်ဖြစ်နေသည်ကိုမြင်တွေ့မိသည်။

ဤအချိန်အခိုက်အတန့်တွင် ဝမ်လျန့်၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သွေးများစွန်းထင်းနေသည်။သူ့ကိုကြည့်ရသည်မှာ လူရုပ်မပေါက်တော့ချေ။

သူသည် တိုင်ကြားရန်အတွက် ဝေ့ယန်စီရင်စုရုံးတော်သို့ သွားခဲ့သော်လည်း မမျှော်လင့်ဘဲ လူတချို့၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။သူ့အား နတ်ဆိုးသားရဲတစ်ကောင်၏နောက်တွင် ကြိုးဖြင့်ချည်ကာ မြေပြင်ပေါ်သို့ တရွတ်တိုက်ဆွဲသွားကြလေ၏။

မညီညာသော အစိမ်းရောင်အုတ်ကြမ်းခင်းပေါ်တွင် ရှည်လျားသော သွေးစွတ်ကြောင်းရာကြီး ကြွင်းကျန်ခဲ့သည်။

ဝမ်လျန့်၏ခေါင်းသည်လည်း ကွဲနေပုံရကာ သွေးများ အဆက်မပြတ်ယိုစီးကျနေသည်။ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ဝမ်လျန့်ကို လွှတ်ပေးကြစမ်း"

"ထန်ကောင်တွေ...မင်းတို့ သေချင်နေတာလား...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ရဲ့ရှေ့မှာ ရိုင်းပျဝံ့တာလဲ"

ကျောင်းတော်သားများအားလုံး ဒေါသူပုန်ထသွားသည်။

သူတို့အားလုံးသည် အနိုင်ကျင့်မှုမျိုးစုံကိုမြင်တွေ့ဖူးကာ အားနည်းသူကိုအနိုင်ကျင့်ပြီး သန်မာသူကိုကြောက်ရွံသည့် လူများ၏အကြောင်းကို သိရှိထားသည်။သို့ရာတွင် သူတို့သည် တခြားလူများကို ဤမျှအဆင့်ထိ အနိုင်ကျင့်သူတစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

ဝမ်လျန့်၏အဖိုးသည် သူတို့ကြောင့် သေဆုံးသွားခဲ့ရလေ၏။သို့ရာတွင် ထိုလူများသည် စိတ်ကျေနပ်ခြင်း မရှိသေးချေ။သူတို့သည် ဝမ်လျန့်ကို အဆုံးစွန်ဆုံးအဆင့်ထိ ညှဉ်းပန်းနှိပ်စက်လိုကြသည်။

ကျောင်းတော်သားအမြောက်အများသည် ထို လူစုအားဝိုင်းရံကာ ဒေါသတကြီးဖြင့် စူးစိုက်၍ကြည့်လိုက်ကြ၏။

ကျိုးထန်က ကျယ်လောင်စွာ အောင်ငေါက်လိုက်သည်။

"မင်းတို့အားလုံးက ဘာလုပ်နေကြတာလဲ...မင်းတို့က ပုန်ကန်ချင်တာလား"

"နယ်စားကျိုး...မင်းက ဘာလို့ ဝမ်လျန့်ကို နှိပ်စက်နေတာလဲ"

တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းသည်။

ကျိုးထန်က သရော်တော်တော်အပြုံးနှင့် ပြောဆိုသည်။

"ဒီကောင်စုတ်လေးရဲ့အဖိုးက လေဟာနယ်ဓားပြတစ်ယောက်ပဲ...ငါတို့က အဲ့ဒီလူအိုကြီးကိုရှာဖွေဖော်ထုတ်နိုင်ခဲ့တာကြောင့် သတ်ပစ်လိုက်တယ်...ဆိုရိုးစကားပြောရရင် ဓားပြတစ်ယောက်က တခြားဓားပြတစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်...ဒီကောင်စုတ်လေးက လေဟာနယ်ဓားပြတွေကနေ မွေးဖွားလာခဲ့တာ... ငါက ချီအင်ပါယာရဲ့မြင့်မြတ်တဲ့နယ်စားတစ်ယောက်အနေနဲ့ ဒီလိုကောင်မျိုးကို မမြင်ချင်ဘူး..ငါ သူ့ကို အလွယ်တကူ အလွတ်မပေးနိုင်ဘူး....သူ့ကို ငါက အခုချက်ချင်း သတ်မပစ်တာနဲ့တင် ငါ့ရဲ့သနားညှာတာမှုကို ပြသရာရောက်နေပြီ"

Chapter 4457

ကျိုးထုံ၏စကားများသည် လူများအားလုံး၏ဒေါသများကို ပျက်ပြယ်မသွားစေရုံသာမက မီးပုံအတွင်းသို့ ဆီလောင်းထည့်လိုက်သည့်အလားပင်။

"မင်းက အဲ့ဒီကိစ္စကို စုံစမ်းမှုတောင် မလုပ်ခဲ့ဖူးလား....ဝမ်လျန့်ရဲ့အဖိုးကို ကွပ်မျက်နိုင်တဲ့အခွင့်အာဏာမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"

"လူသတ်တရားခံတွေက ဘာလို့ ဥပဒေရဲ့အောက်ကနေ လွတ်မြောက်နိုင်တာလဲ...ဝမ်လျန့်က တရားမျှတမှုကို ရှာဖွေဖို့တောင် ဘာလို့ အခွင့်အရေးမရတာလဲ"

"နယ်စားကျိုး...မင်းတို့ကျိုးမိသားစုက တော်ဝင်မိသားစုဝင်တွေ ဖြစ်နေတာနဲ့ တခြားလူတွေကို အနိုင်ကျင့်လို့ရပြီလား"

မေးခွန်းထုတ်သံများက ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပဲ့တင်ထပ်သွားသည်။

လူအများသည် ဒေါသထွက်စပြုလာကာ ကျိုးထန်တို့လူစုကိုဝိုင်းရံပြီး သူတို့အား လွတ်မြောက်ရန်အတွက် အခွင့်အရေးမပေးချေ။

ကျိုးထန်သည် မျက်မှောင်ကြုတ်ကာ သူ့ရှေ့ရှိ ဒေါသထွက်နေသော ကျောင်းတော်သားများကို ကြည့်လိုက်၏။

"ထူးဆန်းတယ်... သူတို့က ဘာလို့ အရင်နဲ့မတူတော့တာလဲ"

ကျိုးထန်က တီးတိုးရေရွတ်လိုက်သည်။

သာမာန်နေ့ရက်များတွင် ကျောင်းတော်မှကျောင်းတော်သားများသည် သူတို့၏ကိုယ်ပိုင်ကျင့်ကြံခြင်းတွင်သာ အာရုံစူးစိုက်ထားကြသည်။သူတို့သည် များသောအားဖြင့် ပြင်ပလောက၏အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြချေ။

ကျောင်းတော်တွင် ပညာသင်ယူရခြင်း၏အဓိကရည်ရွယ်ချက်သည် သူတို့ ပို၍သန်မာအားကောင်းစေရန်ပင်။အကယ်၍ အရေးမပါသောကိစ္စအမြောက်အများ ပါဝင်ပတ်သက်လာပါက သူတို့၏ကျင့်ကြံခြင်းအပေါ် သက်ရောက်မှုရှိလာနိုင်ကာ ဆုံးရှုံးမှုများကို ပြန်လည်၍ဖြည့်တင်းနိုင်တော့မည် မဟုတ်ချေ။

သို့ရာတွင် ယမန်နေ့ကစတင်၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ဤလူများသည် နယ်စားတစ်ယောက်ဟူသော သူ၏အဆင့်အတန်းကို အနည်းငယ်မျှကြောက်ရွံ့ခြင်းမရှိဘဲ သူ့အား မျက်နှာချင်းဆိုင်၍ပင် ပြစ်တင်စွပ်စွဲနေကြသည်။

အတိတ်တွင် ဤကဲ့သို့ကိစ္စများသည် တကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိချေ။

"နယ်စားလေး....ဘာမှ မစိုးရိမ်ပါနဲ့....အဲ့ဒီလူတွေက ပုရွက်ဆိတ်တွေပဲ....သူတို့နဲ့ပတ်သက်ပြီးတော့ ဘာမှစိုးရိမ်ပူပန်ဖို့မလိုဘူး....သူတို့က အမြဲတမ်း အတူတကွ စုဝေးနေနိုင်မှာမဟုတ်ဘူး....သူတို့ထဲကတစ်ယောက်ကို ခြိမ်းခြောက်လိုက်တာနဲ့ ကျန်တဲ့လူတွေက ပြန့်ကျဲသွားတဲ့သဲမှုန်တွေလိုပဲ အလိုအလျောက် ပျက်ပြယ်သွားလိမ့်မယ်"

ကျောင်းတော်သားများအနက်မှတစ်ယောက်က သရော်တော်တော်ပြောဆိုသည်။

တခြားထန်ကျောင်းတော်သားများသည်လည်း ရယ်မောနေကြကာ အရာအားလုံးကို ဂရုမစိုက်သည့်အလား စောင့်ကြည့်နေကြသည်။

သူတို့အတွက် ဤဒေါသထွက်နေသော ချီအင်ပါယာသားများသည် အသုံးမကျသော ဝက်များခွေးများအလားပင်။

အကယ်၍ ဤလူများ ဒေါသထွက်နေလျှင်ပင် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပွားနိုင်ချေ။

သူတို့သည် မြင့်မြတ်ပြီးအစွမ်းထက်သော ထန်အင်ပါယာမှလူများပင်။ဤလူများ မည်မျှထိ ဒေါသထွက်နေသည်ဖြစ်စေ သူတို့အား တစ်စုံတစ်ခုမျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။

.....

"သူတို့က တိုက်ခိုက်ဖို့ ရည်ရွယ်မထားကြဘူး...ကြည့်ရတာတော့ ဒီတစ်ကြိမ်မှာ မင်းရဲ့အစီအစဉ် ကျရှုံးသွားတဲ့ပုံပဲ"

ကောင်းကင်ကွန်ယက်မှ သူလျှိုက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"သူရဲဘောကြောင်တဲ့လူတွေနဲ့ ရဲဝံ့တဲ့လူတွေကို အတွေးတစ်ခုတည်းနဲ့ ဆုံးဖြတ်နိုင်တယ်"

ဆရာကျန်းက ပေါ့ပေါ့ပါးပါးပြောဆိုသည်။

"သူတို့ရဲ့ဒေါသတွေက မလုံလောက်သေးဘူး....ငါက နောက်ထပ် မီးစာထပ်ထည့်ဖို့ လိုနေတုန်းပဲ"

ထိုသို့ပြောဆိုပြီးနောက် ဆရာကျန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။အဝေးတစ်နေရာတွင် လူအနည်းငယ်ထွက်ပေါ်လာကာ နားလည်သဘောပေါက်သောအမူအယာဖြင့် ဆရာကျန်းထံဦးတည်ပြီး ခေါင်းညိတ်ပြလေ၏။

မိုးကောင်းကင်ယံအတွင်း၌ လျှပ်စီးတန်းတစ်တန်း ဖျက်ခနဲလင်းလက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းမျှော်စင်ရှိနေသောနေရာသို့ လက်ညှိုးညွှန်ပြကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"တယောက်ယောက်က ကြိုးဆွဲချနေတယ်"

လူများအားလုံး၏မျက်လုံးအကြည့်များသည် ကျင့်ကြံခြင်းမျှော်စင်ထံသို့ ရောက်ရှိသွားပေ၏။

ကျင့်ကြံသူများသည် လီတစ်ထောင်အကွာအဝေးထိ မြင်နိုင်စွမ်းရှိသည်။သူတို့သည် ကျင့်ကြံစင်မျှော်စင်နှင့် အတန်ငယ်ဝေးကွာသောနေရာ၌ ရှိနေသည့်တိုင် ထိုနေရာတွင် ဖြစ်ပျက်နေသော အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်သည် ဆံပင်များ ဖရိုဖရဲပြေလျော့ထားကာ ကျင့်ကြံခြင်းမျှော်စင်၏ထိပ်မှ တွဲလောင်းကျနေသည်။

ဤကျင့်ကြံဆင့်မျှော်စင်သည် တိမ်စိုင်များကို ထိလုမတတ်အလွန်မြင်မားသည်။မျှော်စင်ထိပ်ရှိလေသည် အလွန်ပြင်းထန်သဖြင့် လေတိုက်ခတ်ခြင်းနှင့်အတူ ထိုအမျိုးသမီး၏အလောင်း ရှေ့နောက်လူးလွန့်နေသည်။

"ဘယ်သူ သေသွားတာလဲ"

ကျောင်းတော်သားတစ်ယောက်သည် ရုတ်တရက် သူ၏ဓားပျံကို စီးပြီးထွက်သွားကာ အမျိုးသမီး၏အလောင်းကို အောက်သို့သယ်ဆောင်လာခဲ့သည်။

"ကျင့်ကြံခြင်းမျှော်စင်မှာ သေကြောင်းကြံစည်တဲ့ကိစ္စမျိုး အရင်က တစ်ခါမှမဖြစ်ခဲ့ဖူးဘူး"

"ငါ သူ့ကို သိတယ်....သူက စိတ်ဝိညာဥ်ဓားခန်းမက တပည့်တစ်ယောက်ပဲ...ဘယ်လိုလုပ်ပြီးတော့ သူက ဒီလိုသတ်သေတဲ့ ကိစ္စမျိုးကို လုပ်ခဲ့တာလဲ"

"သူ့ရဲ့စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားပြီ....သူ မသေဆုံးခင်အချိန်က အဆိပ်သောက်ထားခဲ့တယ်...သူ့ရဲ့အသက်ကို ရှင်သန်ခွင့်ပေးမယ့်အတွေးမျိုး သူ တစ်ခါမှမတွေးခဲ့တဲ့ပုံပဲ"

ပတ်ဝန်းကျင်ရှိလူများ ဆက်လက်၍ တိုင်ပင်ဆွေးနွေးနေကြသည်။

သို့ရာတွင် ထိုအချိန်မှာပင် လူအုပ်အကြားမှာနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ကျောင်းတော်သားတစ်ယောက်သည် အနီရောင်ဝတ်စုံဝတ် မိန်းကလေးအလောင်း၏နံဘေးသို့ ရုတ်တရက်ပြေးလာကာ ကြေကွဲဝမ်းနည်းစွာဖြင့်အော်ဟစ်လိုက်သည်။

"ထုံအာ....မင်း ဘာလို့ ဒီလိုလုပ်တာလဲ"

တခြားလူများသည် သူ့အတွက် လမ်းဖွင့်ပေးလိုက်ကြ၏။ဤကျောင်းတော်သားသည်အနီရောင်ဝတ်စုံဝတ်မိန်းကလေးထုံအာ၏တာအိုလက်တွဲဖော်ပင်။

ထိုကျောင်းတော်သားသည် ငိုကြွေးမြည်တမ်းနေလေ၏။သူသည် ရုတ်တရက် အနီရောင်ဝတ်စုံအမျိုးသမီး၏လက်ကို ထိကိုင်မိချိန်၌ သူမ၏လက်အတွင်းတွင် စာတစ်စောင်ရှိနေသည်ကို မြင်တွေ့မိသည်။

Chapter 4458

ထိုကျောင်းတော်သားသည် တုန်ရီနေသောလက်များဖြင့် ထိုစာကို ဖွင့်လိုက်၏။

သူသည် ထိုစာပေါ်၌ သွေးများဖြင့်ရေးသားထားသော စာကြောင်းများရှိနေသည်ကို မြင်တွေ့မိသည်။

ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သောလူများ စုဝေးနေသည်။သူတို့သည် ထိုစာရွက်ပေါ်ရှိ စာလုံးများကိုမြင်တွေ့ချိန်တွင် ဒေါသကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

ထုံအာသည် စီမံကွပ်ကဲရေးရုံးတော် စိတ်ဝိညာဥ်ဓားခန်းမ၏ သာမန်တပည့်တစ်ယောက်ပင်။သူမသည် နေ့စဉ်နေ့တိုင်း ပြင်းပြင်းထန်ထန်ကြိုးစားကျင့်ကြံကာ သူမကိုယ်သူမ နှိမ့်ချ၍နေခဲ့သည်။

သို့ရာတွင် လွန်ခဲ့သော ရက်အနည်းငယ်အကြာက သူမသည် ထန်ကျောင်းတော်သားတချို့၏ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

ထန်ကျောင်းတော်သားများသည် ထုံအာထံ၌ တာအိုလက်တွဲဖော်ရှိသည်ကို သိရှိသည့်တိုင် သူမကို မရပ်မနားအနှောင့်အယှက်ပေးကြလေ၏။

ထုံအာသည် ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သဖြင့် ထန်ကျောင်းတော်သားများသည် ရှက်ရွံ့ရာမှတဆင့် ဒေါသထွက်လာကြသည်။ထို့ကြောင့် သူတို့သည် ယုတ်မာသောနည်းလမ်းများကိုအသုံးပြု၍ ထုံအာကိုလှည့်စားကာ မြေပြင်ပေါ်သို့ လှဲချခဲ့ကြသည်။

ထို့နောက်မှနေ၍ ထန်ကျောင်းတော်သားဆယ်ယောက်ကျော်သည် သူမအား အလှည့်ကျ အဓမ္မပြုကျင့်ကြလေ၏။

ထုံအာ နိုးထလာပြီးနောက် သူမထံတွင် ကြေကွဲဝမ်းနည်းမှု ဒေါသထွက်မှုတို့ဖြင့် ပြည့်နက်နေသည်။သူမသည် ထန်ကျောင်းတော်သားများ၏လုပ်ရပ်ကို တိုင်ကြားလိုသဖြင့် ဝေ့ယန်စီရင်စုရုံးတော်သို့ အပြေးသွားလိုက်သည်။

သို့ရာတွင် ဝေ့ယန်စီရင်စုရုံးတော်သို့ သူမ ရောက်ရှိသွားသောအချိန်မှာပင် ကျိုးထန်နှင့်ထန်ကျောင်းတော်သားတစ်စုသည် ဝမ်လျန့်အား ခွေးသေတကောင်ကဲ့သို့ ဆွဲသွားသည်ကို သူမ မြင်တွေ့မိသည်။

ထုံအာသည် အလွန်အမင်း စိတ်ပျက်အားငယ်သွားပေ၏။

သူမသည် သူမထံ၌ ကျောထောက်နောက်ခံမရှိခြင်းကိုလည်း ကောင်းစွာသိရှိထားသည်။ထို့ကြောင့် သူမသည် ကျိုးထန်နှင့်ထန်ကျောင်းတော်သားများထံမှနေ၍ တရားမျှတမှုကို တောင်းခံနိုင်မည်မဟုတ်ချေ။

ထုံအာသည် အလွန်စိတ်ဓာတ်ကျနေသဖြင့် သူမကိုယ်သူမ သေကြောင်းကြံရန်ရွေးချယ်လိုက်သည်။

ဝေ့ယန်မြို့တော်အတွင်းရှိ မြင့်မားသော ကျင့်ကြံခြင်းမျှော်စင်မှ ငုံကြည့်ပါက ဝေ့ယန်မြို့တစ်မြို့လုံးကို မြင်တွေ့နိုင်သည်။သူမသည် ထိုမျှော်စင်၏ထိပ်မှနေ၍ သူမကိုယ်သူမ ဆွဲကြိုးချခဲ့သည်။

သူမ၏အနီရောင်ဝတ်စုံသည် လေထုအတွင်း၌ လူးလွန့်နေကာ သူမ၏မျက်လုံးများသည် အချိန်အတော်ကြာသည်အထိ ပိတ်နိုင်ခြင်းမရှိချေ။

"ထုံအာ....သူတို့က မင်းအတွက် တရားမျှတမှုကိုမပေးနိုင်ပေမယ့် ငါက မင်းကို ကူညီပြီးတော့ တရားမျှတမှုကို ယူပေးမယ်"

ကျောင်းတော်သား၏မျက်လုံးများ နီမြန်းနေသည်။ထို့နောက် သူ၏ဓားကိုဆုပ်ကိုင်ကာ ကျိုးထန်နှင့်ထန်ကျောင်းတော်သားများထံဦးတည်ပြီး ခုတ်ပိုင်းလိုက်သည်။

"မင်းက သေချင်နေတာလား"

ကျိုးထန်နှင့်ထန်ကျောင်းတော်သားများသည် လှောင်ပြောင်သရော်လိုက်၏။

သူတို့သည် ကျောင်းတော်အတွင်း၌ အလွန်အမင်းများပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိခဲ့သည်။သူတို့ရရှိခဲ့သော ကျင့်ကြံနည်းစနစ်များနှင့်မှော်ရတနာများသည် ကျောင်းတော်သားများအကြား၌ အကောင်းဆုံးပင်။

ဤသည်ကြောင့် သူတို့သည် စီမံကွပ်ကဲရေးရုံးတော်မှ တခြားကျောင်းတော်သားများကိုရင်ဆိုင်ရန် အလွန်အမင်းလွယ်ကူသည်။

"ထန်ကျောင်းတော်သားတွေက ငါတို့ရဲ့နယ်မြေပေါ်က လူတွေကို အနိုင်ကျင့်ပြီးတော့ ဆိုးသွမ်းတဲ့လုပ်ရပ်မျိုးစုံကို ကျူးလွန်ခဲ့တယ်...ဘယ်သူကမှ သူတို့ကို အရေးမယူကြဘူး...ဒီလောကကြီးထဲမှာ တရားမျှတမှု မရှိတော့ဘူးလား"

"ငါတို့က ကျင့်ကြံသူတွေ....လောကကြီးရဲ့ကံကြမ္မာကို လုယက်ပြီးတော့ အင်မော်တယ်လမ်းကြောင်းကို ရှာဖွေရတယ်....တကယ်လို့ ငါတို့က ဒီလိုမျိုးအရှက်ရမှုကို သည်းခံလိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ငါတို့က ဘယ်လိုလုပ်ပြီးတော့ အင်မော်တယ်လမ်းကြောင်းကို ရှာဖွေနိုင်တော့မှာလဲ"

"ယီးကိုအနာဂတ်လမ်းကြောင်း....ငါက ဒီလိုမျိုး ဆိုးရွားတဲ့ ချီအင်ပါယာမှာ ဆက်ပြီးတာဝန်မထမ်းဆောင်နိုင်တော့ဘူး"

တစ်စုံတစ်ယောက်သည် အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ထောက်ခံမှုအမြောက်အများကို ရရှိသွားခဲ့သည်။

သူတို့ သည်းခံခဲ့သည်မှာ အချိန်အလွန်ကြာမြင့်နေလေပြီ။

ကျင့်ကြံခြင်းမျှော်စင်ကို အသုံးပြုရသည့် အခကြေးငွေသည် အလွန်မြင့်မားပေ၏။အကယ်၍သာ ကျောင်းတော်သားများတွင် ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံမရှိပါက ကျင့်ကြံခြင်းမျှော်စင်သို့ ဝင်ရောက်နိုင်ရန်အတွက် အချိန်အတော်ကြာ စုဆောင်းရပေမည်။

ထန်အင်ပါယာမှလူများအတွက်ကမူ သူတို့သည် ဝေ့ယန်မြို့တော်သို့ ရောက်ရှိချိန်၌ ကျင့်ကြံခြင်းမျှော်စင်ကို သူတို့ ဆန္ဒရှိသကဲ့သို့အသုံးပြုနိုင်သည်။

ထို့ပြင် ကျမ်းစာဆောင် ယှဉ်ပြိုင်ရေးကွင်းပြင် ပုံရိပ်ယောင်စမ်းသပ်ခြင်းဝင်္ကပါ အစရှိသည့်နေရာများကိုလည်း ထန်အင်ပါယာမှလူများအတွက် အတားအဆီးမရှိ ဖွင့်လှစ်ပေးထားသည်။

ထိုကြောင့် ကျောင်းတော်သားများအားလုံး၏ စိတ်နှလုံးသားများအတွင်းတွင် ဒေါသများ အနည်းနှင့်အများ စုစည်းမိနေသည်။

ထိုဒေါသများသည် အဆုံးစွန်ဆုံးအဆင့်ထိ စုဆောင်းမိရာမှ နောက်ဆုံးတွင် ဤကဲ့သို့ နည်းလမ်းဖြင့် ပွင့်အံ့ထွက်လာသည်။

"သူတို့ကို သတ်ကြစမ်း"

"အဲ့ဒီခွေးမသားတွေကို သတ်ကြစမ်း"

လူများအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြကာ သူတို့၏ဒေါသများသည် အလွန်အမင်းမြင့်မားနေလေပြီ။

ဤသည်မှာ သူတို့၏ဒေါသများကို ပုံချလိုက်သော အော်ဟစ်ကြုံးဝါးသံများအလားပင်။

ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျိုးထန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"မကောင်းတော့ဘူး....မြန်မြန်ထွက်သွားကြစို့"

ကျိုးထန်သည် နတ်ဆိုးသားရဲကိုစီးကာ နောက်သို့ပြန်လှည့်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် ပတ်ဝန်းကျင်၌ ကျောင်းတော်သားအမြောက်အများမှ ဝိုင်းရံထားသဖြင့် ထွက်ပြေးနိုင်ရန်အတွက် လမ်းကြောင်းမရှိချေ။

"ဒါက အဆုံးသတ်သွားပြီ"

ကျောင်းတော်သားများ၏ခန္ဓာကိုယ်များသည်လည်း တုန်ရီနေသည်။သူတို့ထံတွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားသော ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။

"ငါ့ကို မသတ်ပါနဲ့....ငါက တော်ဝင်နန်းတွင်းရဲ့နယ်စားတစ်ပါးပဲ....တကယ်လို့ မင်းတို့ ငါ့ကို သတ်ရဲရင် မင်းတို့ရဲ့မိသားစုတွေ အမြစ်ပြတ်....အား...."

ကျိုးထန်သည် စိတ်ပျက်အားငယ်စွာ အော်ဟစ်ပြီးနောက် လူအုပ်ကြီးအကြား၌ နစ်မြုပ်သွားတော့သည်။

"သတ်...သတ်...သတ်...."

စီမံကွပ်ကဲရေးရုံးတော်မှ ကျောင်းတော်သားများ၏မျက်လုံးများသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် နီမြန်းနေပေ၏။သူတို့သည် ကျိုးထန်နှင့်ထန်ကျောင်းတော်သားများကို သတ်ဖြတ်လိုက်ကြကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသက်ချမ်းသာခွင့်မပေးချေ။

ထိုလူများစီးလာသော နတ်ဆိုးသားရဲများပင်လျှင် ဒေါသထွက်နေသောလူအုပ်ကြီး၏ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။

Chapter 4459

တရားရေးအရာရှိသည် အပြေးရောက်လာသော်လည်း ထိတ်လန့်တုန်လှုပ်သွားကာ နောက်သို့ချာခနဲပြန်လှည့်ပြီး ထွက်ပြေးတော့သည်။

"ဒါက အဲ့ဒီလူဆိုးကောင် မဟုတ်လား...သူက ထန်ကောင်တွေရဲ့အပြစ်တွေကို ဖုံးကွယ်ပေးပြီးတော့ ဆိုးရွားတဲ့လုပ်ရပ်တွေကို လုပ်ခွင့်ပြုခဲ့တယ်"

"သူ့ကို သတ်ကြစမ်း"

စီမံကွပ်ကဲရေးရုံးတော်မှ ကျောင်းတော်သားများအားလုံး ရူးသွပ်နေလေပြီ။

သူတို့သည် ရှေ့သို့ပြေးဝင်ကာ ကြုံရာကျပန်း ရိုက်နှက်နေကြသည်။တရားရေးအရာရှိသည် နေရာမှာပင်သေဆုံးသွားကာ သူ၏ခန္ဓာကိုယ်သည် သွေးအန်တစ်အိုင်အတွင်း၌ လဲကျနေပေ၏။

"ဒါက...."

ကောင်းကင်ကွန်ယက်မှသူလျှိုသည် အမိုးစွန်းကိုကိုင်ကာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သောအမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"အဲ့ဒီ အနီရောင်ဝတ်စုံဝတ်မိန်းကလေးက မင်း စီစဉ်ထားတာလား"

"မဟုတ်ဘူး....သူက သူ့ကိုယ်သူ တကယ်သေကြောင်းကြံခဲ့တာပဲ...တကယ်လို့ ထန်ကောင်တွေက ဆိုးရွားတဲ့ရာဇဝတ်မှုတွေ အများကြီးကို မကျူးလွန်ခဲ့ဘူးဆိုရင် သူတို့ရဲ့ဟာကွက်တွေကိုရှာဖွေဖို့ ငါ့အတွက် လွယ်ကူခဲ့မှာမဟုတ်ဘူး"

ဆရာကျန်းက မတ်တတ်ထရပ်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ သူတို့ စုစည်းထားခဲ့တဲ့ ဒေါသတွေအားလုံး အခုအချိန်မှာ ပွင့်အံ့ထွက်သွားတာပဲ....ဒါက ဒီလူတွေကို လုံးလုံးလျားလျား ပြောင်းလဲသွားစေတယ်....ကျိုးထန်ကို ဥပမာယူပြီး ကြည့်ကြစို့...သူက တကယ်တော့ ဘာကောင်မှမဟုတ်ဘူး....သူ့မှာ ကျိုးမိသားစုဝင်ဆိုတဲ့ အဆင့်အတန်းရှိနေရုံ သက်သက်ပဲ...ဒါက သူ့ကို အချိန်အတိုင်းအတာတစ်ခုထိ မောက်မာထောင်လွှားခွင့်ပြုပြီးတော့ သူလုပ်ချင်တဲ့ ဘယ်အရာကိုမဆို လုပ်နိုင်ခဲ့တယ်"

"ဒါပေမဲ့ အဲ့ဒီအဆင့်အတန်းကို ဆွဲချွတ်လိုက်ရင် သူက အားနည်းသူကိုအနိုင်ကျင့်ပြီးတော့ သန်မာသူကို ကြောက်ရွံ့တဲ့ လူတစ်ယောက်ဆိုတာထက် မပိုဘူး....ဒီကျောင်းတော်သားတွေက ပိုပြီးရဲတင်းလာကြပြီ...သူတို့က တော်ဝင်မိသားစုဖြစ်တဲ့ ကျိုးမိသားစုဝင်ကိုတောင် သတ်ဖြတ်ရဲတယ်...သူတို့မလုပ်ရဲတာ တခြားဘာကိစ္စ ရှိနိုင်အုံးမှာလဲ"

ကောင်းကင်ကွန်ယက်မှသူလျှိုက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ အဆုံးသတ်ကျတော့ ဒါက ကျောင်းတော်သားလေးတစ်စုပဲလေ"

"ကျောင်းတော်သားတွေလား....မဟုတ်ဘူး...သူတို့အကြားမှာ အထက်တန်းလွှာတွေ အများကြီးပါတယ်...သူတို့ထဲကအများစုက အစွမ်းထက်တဲ့မိသားစုတွေရဲ့ တစ်ဦးတည်းသောဆက်ခံသူတွေပဲ....ဒီလူတွေရဲ့နောက်မှာရှိတဲ့စွမ်းအားကို လျစ်လျူရှုထားလို့မရဘူး"

ဆရာကျန်းသည် ခေါင်မိုးပေါ်၌ မတ်တတ်ရပ်နေကာ ညင်သာသောလေညှင်းတစ်ရပ်က သူ၏အဝတ်အစားများကို ဖြတ်သန်းတိုက်ခတ်သွားသည်။

....

"ဝမ်လျန့်က သေသွားပြီ"

"ကျန်နေတဲ့ထန်ကောင်တွေကိုရှာပြီးတော့ ငါတို့ရဲ့ သေသွားတဲ့အတန်းဖော်အတွက် လက်စားချေမယ်"

ယခုအချိန်၌ စီမံကွပ်ကဲရေးရုံးတော်မှ ကျောင်းတော်သားများအားလုံးထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

သူတို့အနက်မှတချို့သည် ဤအခြေအနေကို အခွင့်ကောင်းယူကာ ထန်ကျောင်းတော်သားများ၏ခြံဝန်းအတွင်းသို့ ချိုးဖျက်ဝင်ရောက်လိုက်ကြသည်။

သူတို့သည် ခြံဝန်းတံခါးများကို တွန်းဖွင့်ပြီးနောက် သူတို့၏ရှေ့၌ရှိနေသော မြင်ကွင်းကြောင့် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

သူတို့ရှေ့ရှိ ခြံဝန်းသည် သုခဘုံတစ်ခုအလားပင်။ဤနေရာတွင် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်များရှိရုံသာမက ရေအိုင်များ ရေကန်ငယ်များလည်း ရှိနေသည်။ရှုမျှော်ခင်းသည် အလွန်သာယာလှပကာ စိတ်ဝိညာဉ်စွမ်းအားများသည် ပြင်ပလောကထက် အဆများစွာ ပို၍ပေါကြွယ်ဝသည်။

ဤခြံဝန်းအတွင်း၌ မှော်ဝင်္ကပါများလည်းရှိနေကာ ထန်အင်ပါယာမှလူများ အချိန်မရွေး အမိန့်ပေးစေခိုင်းနိုင်သည့် အစေခံအမြောက်အများလည်း ရှိနေသည်။

သူတို့သည် ဤနေရာသို့ လာရောက်သည်မှာ စာပေသင်ကြားခြင်းနှင့်ကျင့်ကြံခြင်းတို့ ပြုလုပ်ရန်မဟုတ်ချေ။သူတို့သည် ပျော်ပွဲစားထွက်လာကြသည်မှာ သိသာထင်ရှားလှ၏။

"တော်ဝင်နန်းတွင်းရဲ့ စာပေသင်ကြားရေးအရာရှိတွေနဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေတောင်မှ ဒီလိုဆက်ဆံမှုမျိုးကို ရကြမှာမဟုတ်ဘူး"

"သူတို့က ဘာလို့ ဒီလိုအိမ်ကြီးအိမ်ကောင်းမှာ နေရတာလဲ....ငါတို့တွေကတော့ ကျဉ်းမြောင်းတဲ့အိမ်တစ်လုံးထဲမှာ ပြွတ်သိပ်ပြီးတော့ နေနေရတယ်"

လူများအားလုံး၏စိတ်များကို ပြင်းထန်သောဒေါသတရားများက တိုက်စားသွားလေ၏။

အချိန်မီထွက်ပြေးနိုင်ခဲ့ခြင်းမရှိသော ထန်ကျောင်းတော်သားတချို့သည် အတင်းအကြပ် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည်။

စီမံကွပ်ကဲရေးရုံးတော်တစ်ခုလုံးသည် သန့်ရှင်းသောကျောင်းတော်အဖြစ်မှ သွေးများစွန်းထင်းနေသော တိုက်ပွဲစစ်မြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ဝှစ်...ဝှစ်....ဝှစ်...

မိုးကောင်းကင်ယံအတွင်း၌ လူရိပ်များ ထွက်ပေါ်လာသည်။

ဤသည်မှာ မြို့ကို ကင်းလှည့်စောင့်ကြပ်နေသော ကျင့်ကြံသူများပင်။သူတို့သည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို အာရုံခံမိသဖြင့် ဤနေရာသို့လာရောက်၍ အခြေအနေကိုစစ်ဆေးခြင်းဖြစ်သည်။

ဤကျင့်ကြံသူများ၏ကျင့်ကြံဆင့်နယ်ပယ်သည် အလွန်အစွမ်းထက်ပေ၏။သူတို့ တစ်ကြိမ်တိုက်ခိုက်လိုက်သည်နှင့် ရူးသွပ်နေသောကျောင်းတော်သားများအားလုံးကို ချက်ချင်းဖိနှိပ်နိုင်ခဲ့သည်။

"မြို့စောင့်ကျင့်ကြံသူတွေ ဒီနေရာကို ရောက်လာပြီ....ကြည့်ရတာတော့ မင်းရဲ့အစီအစဉ်က ကျရှုံးတော့မယ့်ပုံပဲ"

ကောင်းကင်ကွန်ယက်မှသူလျှိုက အေးစက်သောလေသံဖြင့် ပြောဆိုသည်။

ဆရာကျန်းက သူ၏ခေါင်းကိုခါယမ်းပြီး ပေါ့ပေါ့ပါးပါးပြောဆိုလိုက်၏။

"တဟုန်ထိုးတောက်လောင်နေတဲ့ မီးတောက်ကို ငြိမ်းသတ်ဖို့လွယ်တယ်...ဒါပေမယ့် နှလုံးသားမီးတောက်ကိုတော့ ငြိမ်းသတ်လို့မရဘူး...ငါ လောင်ကျွမ်းစေချင်တာက လူတိုင်းရဲ့စိတ်နှလုံးသားထဲမှာရှိနေတဲ့ နှလုံးသားမီးတောက်ပဲ"

....

စီမံကွပ်ကဲရေရုံးတော်အတွင်းရှိ ဆူပူအုံကြွမှုကြီးသည် ဝေ့ယန်မြို့တမြို့လုံးအနှံ့ အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။

တစ်ရက်မပြည့်သေးမီမှာပင် နယ်စားကျိုးထန်နှင့်အတူ ထန်ကျောင်းတော်သားအယောက်သုံးဆယ် သေဆုံးသွားခဲ့သည်။

ဤသေဆုံးသွားသော လူအရေအတွက်ကြောင့် ဝေ့ယန်မြို့အတွင်းရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။

ထန်အင်ပါယာမှလူများသည် ဝေ့ယန်မြို့အတွင်း၌ အလွန်မြင့်မားသော အဆင့်အတန်းရှိသူများပင်။

ဤမျှထိများပြားသော ထန်အင်ပါယာသားများ သေဆုံးသွားခဲ့သဖြင့် ချီအင်ပါယာသည် ဤကိစ္စကို ပေါ့ပေါ့တန်တန်ဆုံးဖြတ်မည်မဟုတ်ဟု လူအများစုက ခန့်မှန်းထားကြသည်။

Chapter 4460

ဝေ့ယန်မြို့အတွင်းတွင်ရှိနေသော ထန်အင်ပါယာ၏သံတမန်သည် ချက်ချင်းဆိုသလိုပင် ချီအင်ပါယာ၏အရာရှိများထံသို့ ရောက်ရှိလာကာ လူသတ်သမားများအားလုံးကို အပြစ်ပေးရန် တောင်းဆိုလိုက်သည်။

ချီအင်ပါယာဘက်မှာနေ၍ တည်ငြိမ်မှုရရန်အတွက် ထန်အင်ပါယာ၏သံတမန်အား အလျင်စလိုကတိပေးလိုက်သည်။

ဒုတိယနေ့ နေဝင်ရီတရောအချိန်တွင်....

ဝေ့ယန်မြို့တော်၏ တော်ဝင်နန်းတွင်း၌...

စာကြည့်ဆောင်အတွင်းတွင် ချီအိမ်ရှေစံမင်းသားသည် နဂါးပလ္လင်ပေါ်၌ထိုင်နေပြီး သူ၏လက်အောက်ငယ်သားများထံမှ သတင်းပို့မှုများကို နားထောင်နေသည်။သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေပေ၏။

"အရှင့်သား....ဒီသတ်ဖြတ်မှုကြီးမှာ စီမံကွပ်ကဲရေးရုံးတော်ရဲ့ ကျောင်းတော်သားတစ်ထောင်နီးပါး ပါဝင်ခဲ့တယ်....ကျောင်းတော်ထဲမှာ ရှိမနေတဲ့ လူတချို့ကလွဲပြီးတော့ အခြေခံအားဖြင့် ပြောမယ်ဆိုရင် ကျောင်းတော်သားအားလုံးနီးပါး ပါဝင်တယ်....ကျွန်တော်တို့က သူတို့ကို တကယ်ကြီးကွပ်မျက်ရမှာလား"

အမတ်ကြီးတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

တခြားအရာရှိများသည် နံဘေးတစ်ဖက်၌ မတ်တတ်ရပ်နေကြ၏။သူတို့သည် ချီဘုရင်၏သစ္စာရှိလူယုံများပင်။

ချီဘုရင် ပုန်ကန်ပြီးနောက် သူ၏သစ္စာရှိလူယုံများသည် ချီအင်ပါယာ၏အမတ်ကြီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ထိုသစ္စာရှိလူယုံများအနက်မှအများစုသည် အတိတ်တွင် အလွန်အရည်အချင်းမရှိသော်လည်း ယခုအချိန်၌ သူတို့သည် ချီအိမ်ရှေ့စံမင်းသား၏သစ္စာရှိလူယုံများ ဖြစ်နေသည်။ သူတို့သည် အိမ်ရှေ့စံမင်းသားထံမှ မြင့်မားသော ဆုလာဘ်များကိုရရှိခဲ့သဖြင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များကို အလွန်မြင့်မားသောအဆင့်ထိ မြှင့်တင်နိုင်ခဲ့သည်။

"ငါတို့က သူတို့ကို မကွပ်မျက်ဘူးဆိုရင် ဘာတွေဖြစ်လာနိုင်လဲ"

ချီအိမ်ရှေ့စံမင်းသားက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

"ထန်အင်ပါယာရဲ့တောင်းဆိုမှုက အရမ်းတရားလွန်တယ်....တကယ်လို့ သူတို့က သာမန်လူတစ်ယောက်ပဲဆိုရင်တောင် ကွပ်မျက်လို့ရတယ်.....ဒါပေမယ့် အပြစ်သားတွေထဲကအများစုက အထက်တန်းလွှာမိသားစုတွေကပဲ... သူတို့တွေထဲမှာ ဗိုလ်ချုပ်တချို့နဲ့အရာရှိတချို့ရဲ့ မိသားစုတွေထဲက လူတွေလည်း ရှိနေတယ်.... တကယ်လို့ ငါတို့က သူတို့အားလုံးကို ကွပ်မျက်လိုက်မယ်ဆိုရင် ဝေ့ယန်မြို့တမြို့လုံး ဖရိုဖရဲဖြစ်သွားလိမ့်မယ်"

အမတ်ကြီးသည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်တော့ချေ။

သို့ရာတွင် စာကြည့်ဆောင်အတွင်းရှိ လူများအားလုံး အချက်တစ်ချက်ကို ကောင်းစွာသတိပြုမိသည်။

ဤကျောင်းတော်သားများ၏နောက်ကွယ်၌ အင်အားစုအမြောက်အများ မားမားမတ်မတ်တည်ရှိနေသည်။

အကယ်၍ သူတို့သည် ထိုကျောင်းတော်သားများကို လက်လွတ်စပယ်သတ်ဖြတ်လိုက်ပါက ထိုအင်အားစုများကို ဒေါသထွက်သွားစေပေမည်။ထိုအချိန်ကျပါက ဝေ့ယန်မြို့ရှိ အင်အားစုအမြောက်အများသည် ချီအင်ပါယာအပေါ် သစ္စာစောင့်သိတော့မည်မဟုတ်သဖြင့် မြို့အား ထပ်မံ၍ကာကွယ်နိုင်တော့မည် မဟုတ်ချေ။

ချီအိမ်ရှေစံမင်းသားက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဒါဆိုရင် ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းတို့ ထင်လဲ"

အရာရှိတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ဒီကိစ္စမှာ ထူးဆန်းတဲ့အချက်တွေ အများကြီးရှိနေတယ်...ကျွန်တော်တို့က အခြေအနေကို အရင်ဆုံးတည်ငြိမ်အောင်လုပ်ပြီးတော့ လူတွေကို ဂရုတစိုက် စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်... ဒီကိစ္စက မရိုးရှင်းဘူးလို့ ကျွန်တော် ခံစားမိတယ်"

"ကောင်းပြီလေ မင်းပြောသလို လုပ်ကြရအောင်"

ချီအိမ်ရှေ့စံမင်းသားသည် အလွန်အမင်းစိုးရိမ်ပူပန်နေကာ သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

သူသည် ယခင်က ချီဘုရင်အိမ်တော်၏မင်းသားတစ်ပါးပင်။ကျိုးထုံ ပုန်ကန်ပြီးနောက် သူသည် အိမ်ရှေစံမင်းသားအဖြစ် ခန့်အပ်ခြင်းခံရသည်။

သို့ရာတွင် ချီအိမ်ရှေ့စံမင်းသားသည် သူ့ကိုယ်သူထိန်းချုပ်နိုင်မှု နည်းပါးကာ သူ့အား အခက်တွေ့စေသောကိစ္စများကို သူ၏လက်အောက်ငယ်သာများအား မကြာခဏကိုင်တွယ်ဖြေရှင်းစေသည်။

"အမိန့်အတိုင်းပါ အရှင့်သား...."

အရာရှိများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် မေးမြန်းလိုက်ကြ၏။

"အရှင့်သားက ဧကရာဇ်မင်းကြီး ဘယ်နေရာကိုသွားတယ်ဆိုတာ သိလားလို့ ကျွန်တော်တို့ သိချင်မိတယ်"

ချီဧကရာဇ်ကျိုးကျင်းထန်သည် တော်ဝင်နန်းတွင်း၌ ထွက်ပေါ်မလာသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ချီဧကရာဇ်သည် အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် ထွက်ပြေးသွားခြင်းဖြစ်မည်ဟု ပြင်ပလောကမှလူများက ခန့်မှန်းထားကြသည်။

ယခုအချိန်တွင် ချီအင်ပါယာ၏တော်ဝင်နန်းတွင်းတစ်ခုလုံးသည် ချီအိမ်ရှေစံမင်းသား၏ စီမံကွပ်ကဲမှုအောက်၌ ရှိနေပေ၏။

အကယ်၍ ကျိုးမိသားစုမှ တာအိုသခင်၏ဖိအားအရှိန်အဝါကြောင့်သာ မဟုတ်ပါက ချီအင်ပါယာတစ်ခုလုံး ပျက်စီးသွားသည်မှာ အချိန်အတော်ကြာမြင့်ပြီးဖြစ်ပေမည်။

ချီအိမ်ရှေ့စံမင်းသားကို ကြည့်ရသည်မှာ အနည်းငယ်ဒေါသထွက်သွားပုံပင်။ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"ဖခမည်းတော်က ဘိုးဘေးရဲ့နံဘေးမှာ ကျင့်ကြံနေတယ်....အခုလတ်တလောမှာ သူက အတားအဆီးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်..သူ့ရဲ့နားမှာ ကာကွယ်စောင့်ကြပ်ဖို့ လူတွေလွတ်ထားလိုက်ကြစမ်း..ပြင်ပကို ကောလဟာလတွေ ပြန့်မသွားစေနဲ့"

ဘိုးဘေးဟူသည်မှာ ကျိုးမိသားစု၏ဘိုးဘေးကိုရည်ညွှန်းခြင်းပင်။

သူသည် ချီအင်ပါယာတစ်ခုလုံး၏အဓိကထောက်တိုင်ကြီး ဖြစ်ပေ၏။

....

နောက်တစ်နေ့တွင် နန်းတော်မှနေ၍ အိမ်ရှေ့စံမင်းသား၏အမိန့်တော် ထွက်ပေါ်လာသည်။

ကျိုးထန်သည် မရေမတွက်နိုင်သော ကြီးလေးသည့်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ ထို့ကြောင့် သူ့အား ကျိုးမိသားစုမှထုတ်ပယ်ကာ ကျိုးမိသားစုဘိုးဘေးသင်္ချိုင်းတွေ မြှုပ်နှံခွင့်မပြုချေ။အိမ်ရှေ့စံမင်းသားသည် ကျိုးထန်၏နယ်စားအဆင့်အတန်းကိုလည်း ပယ်ဖျက်လိုက်၏။

စီမံကွပ်ကဲရေးရုံးတော်၏ကျောင်းတော်သားများသည် ဆိုးရွားသောလုပ်ရပ်များကို ကျူးလွန်ခဲ့သော ခေါင်းဆောင်ဖြစ်သည့် ကျိုးထန်ကို ရှင်းထုတ်လိုခဲ့ခြင်းပင်။သူတို့သည် ထန်ကျောင်းတော်သားများကို မတော်တဆထိခိုက်အောင် လုပ်ခဲ့မိခြင်းဖြစ်သဖြင့် မည်သည့်အပြစ်ဒဏ်ကိုမျှ ပေးအပ်ခြင်းမခံရချေ။

သေဆုံးသွားခဲ့သော ထန်ကျောင်းတော်သားများအတွက်မူ ချီအင်ပါယာသည် လျော်ကြေးပမာဏအမြောက်အများကို ပေးအပ်ရန် ဆန္ဒရှိပေ၏။

ဤသို့ဖြင့် သုံးဦးသုံးဖလှယ်လုံးကို သင့်တင့်လျောက်ပတ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သည်။

ထိုသတင်းများကိုကြားချိန်၌ ကောင်းကင်ကွန်ယက်မှသူလျှိုသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ဆရာကျန်းကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"မင်းရဲ့အစီအစဉ်က ကျရှုံးသွားခဲ့ပြီး...ကျိုးမိသားစုမှာလည်း နည်းဗျူဟာပညာရှင်တွေရှိနေတယ်....မင်းရဲ့နည်းဗျူဟာအပေါ် သူတို့က တန်ပြန်တိုက်ခိုက်နိုင်ခဲ့တယ်"

ဆရာကျန်းက သူ၏လက်ဖက်ရည်ကို တစ်ငုံငုံ၍သောက်ပြီး ပေါ့ပေါ့ပါးပါးပြောဆိုလေ၏။

"မနက်ဖြန်က နောက်ဆုံးနေ့ပဲ...အချိန်ကျလာရင် ရလဒ်ကို မင်း သိရလိမ့်မယ်"

All Chapters