ဆရာ... ကျွန်တော်လည်း စာဖတ်ဖူးပါတယ်
Vol. 4 Ch. 31
“တခြား ရွေးချယ်စရာတွေ မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နှစ်တစ်ထောင် ရေခဲကန်တို့၊ နှစ်တစ်ထောင် ကမ္ဘာ့မိစ္ဆာမြေတို့ဆိုတာကတော့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် မရှင်သန်နိုင်လောက်ဘူး”
ချူဖုန်းသည် လေးနက်စွာ ပြောလိုက်သည်။
ထိုနေရာနှစ်ခု၏ အမည်ကို ကြားလိုက်ရသည်နှင့် ချောင်ရို့ချန်၏ မျက်နှာသည် ချက်ချင်းပင် ရှုံ့မဲ့သွားသည်။
“ဆရာ... အဲဒီနေရာတွေက မပြင်းထန်လွန်းဘူးလား”
ချူဖုန်းက တဟားဟား ရယ်မောလိုက်၏။ “လူတော်တွေထဲက လူတော် ဖြစ်ချင်ရင်တော့ ဒုက္ခတွေကို အောင့်အီးသည်းခံနိုင်ရမယ်ကွ။ မင်းရဲ့ စီနီယာအစ်ကိုလည်း ဒီလိုပဲ ဖြတ်သန်းခဲ့ရတာ”
ချောင်ရို့ချန်သည် ဘေးနားရှိ ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။
ရှောင်ချန်းက ခေါင်းအသာညိတ်ပြလိုက်သည်။ “ဟုတ်တယ်။ အရင်တုန်းက ငါ ပေတစ်ထောင်မြင့်တဲ့ ရေတံခွန်အောက်မှာ ကျင့်ကြံခဲ့ရတာ။ အစပိုင်းမှာသေတာထက်တောင် ပိုဆိုးတယ်”
ဟူးလားလား။
ချောင်ရို့ချန်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
‘ စီနီယာအစ်ကို ဘာလို့ ဒီလောက် သန်မာနေရလဲဆိုတာ အခုမှ သိတော့တယ်။ ဒီလောက်တောင် ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံခဲ့တာကို’
မကြာသေးခင်က ကြုံတွေ့ခဲ့ရသမျှကို ပြန်စဉ်းစားရင်း အံကို တင်းတင်းကြိတ်လိုက်သည်။ “ကျွန်တော် အပင်ပန်းခံပါ့မယ်”
“ကောင်းတယ်။ကောင်းတယ်”
ချူဖုန်းသည် ချောင်ရို့ချန်ကို မြေကမ္ဘာမီးလျှံထဲက အစီအရင်ကို ပိတ်ခိုင်းလိုက်သည်။ “သွားကြစို့။ ပြန်ချိန်တန်ပြီ။ ငါ မင်းအတွက် ဖရိုဖရဲခန္ဓာကျမ်းကို ပေးလိုက်မယ်”
“ဆရာ... ဆရာက ကျွန်တော့်ကို ခန္ဓာကိုယ်ကျင့်ကြံခိုင်းတာလား”
ချောင်ရို့ချန်သည် မှင်တက်သွားသည်။ သူသည် ထိုလမ်းစဉ်ကို တစ်ခါမှ မလျှောက်လှမ်းခဲ့ဖူးပေ။
“ဟုတ်တယ်”
ချူဖုန်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “မင်းရဲ့ ဒန်ထျန်းက မွေးကတည်းက တခြားသူတွေထက် သေးပေမဲ့ သွေးကြောတွေက ပိုကျယ်နေတယ်။ ထူးခြားတဲ့သွေးကြောမကြီး ရှစ်ခုထဲမှာဆို ဆေးအဆိပ်တွေက အတော်လေးကို ပိတ်ဆို့နေပြီ။ အချိန်တိုအတွင်းမှာ ပိုပြီး သန်မာလာချင်ရင် ခန္ဓာကိုယ်ကို သန့်စင်ဖို့က တစ်ခုတည်းသော ရွေးချယ်စရာပဲ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ နားလည်နိုင်စွမ်းက ပုံမှန်ပဲ ရှိတယ်။ ငါ မင်းကို အထွတ်အထိပ်ကျင့်စဉ်တွေ သင်ပေးရင်တောင် ချက်ချင်း နားလည်မှာ မဟုတ်ဘူး”
၎င်းကို ကြားလိုက်ရသော် ချောင်ရို့ချန်သည် စိတ်မဆိုးသည့်အပြင် ပို၍ပင် ပျော်ရွှင်သွားသည်။
‘ကြည့်ရတာ ဆရာက တကယ်ကို သေသေချာချာ စဉ်းစားပေးထားတာပဲ၊ သူ့ကို ကြုံရာကျပန်း ကျင့်စဉ်တစ်ခု ပေးပြီး မနှင်ထုတ်ဘူး’
သူတို့သုံးဦးစလုံး သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်လာလိုက်သည်။
ချူဖုန်းသည် ဖရိုဖရဲခန္ဓာကျမ်းကို ချောင်ရို့ချန်ထံသို့ ပေးလိုက်သည်။
“အရင်ဆုံး ဖတ်ထားလိုက်။ မနက်ဖြန်ကျရင် ငါ ကိုယ်တိုင် မင်းရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးပြီး အားနည်းချက်တွေကို ထောက်ပြပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ချောင်ရို့ချန်သည် ထိုကျမ်းကို အဖိုးတန် ရတနာတစ်ခုပမာ တန်ဖိုးထားပြီး သူ၏ သိုလှောင်အိတ်ထဲသို့ အမြန် ထည့်လိုက်တော့သည်။
ညတာမှာ ထူးထူးခြားခြား မရှိဘဲ ကုန်လွန်သွားခဲ့သည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင်။
ချူဖုန်းသည် ထူးထူးခြားခြားပင် စောစောစီးစီး နိုးလာသည်။
သူသည် ပင်မခြံဝင်းအတွင်း၌ ရှောင်ချန်းနှင့် ချောင်ရို့ချန်ကို စောင့်နေသည်။
မကြာမီမှာပင် နှစ်ယောက်စလုံး ရောက်ရှိလာကြသည်။
“တပည့်တို့က ဆရာသခင်ကို ဂါရဝပြုပါတယ်”
“အေး... ထထ”
ချူဖုန်းသည် ချောင်ရို့ချန်ကို ကြည့်လိုက်သည်။
“ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်ကြံခြင်း အပိုင်းကို ဖတ်ပြီးပြီလား၊ ဘယ်လိုနေလဲ”
ချောင်ရို့ချန်က လက်သီးဆုပ်ကာ ပြော၏။ “ဆရာ့ကို တင်ပြရရင် ကျွန်တော် ပထမဆုံး အပိုင်းကို ဖတ်ပြီးသွားပါပြီ။ ဒီ ဖရိုဖရဲခန္ဓာကျမ်းအရဆို တာအိုဆိုတာ ရိုးရှင်းခြင်းပဲ ဆိုတဲ့ စကားလုံးနဲ့ပဲ ဖော်ပြလို့ ရမယ် ထင်တယ်”
ချူဖုန်းက စနောက်လိုက်သည်။ “မင်းက တစ်ညလောက် စာဖတ်လိုက်ရုံနဲ့ စကားပြောတာတွေပါ ယဉ်ကျေးလာလိမ့်မယ်လို့ မထင်ထားဘူး”
ချောင်ရို့ချန်က ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။”ဆရာ... ကျွန်တော်လည်း အရင်က စာတွေ အများကြီး ဖတ်ဖူးပါတယ်... အရင်က အပျော်အပါး လိုက်စားခဲ့တာတွေက ဟန်ဆောင်ခဲ့တာပါ”
“အေးပါ”
ချူဖုန်းသည် လက်ဝေ့ယမ်းလိုက်ကာ ဆိုသည်။
“သွားကြစို့”
သူတို့နှစ်ယောက်သည် ချူဖုန်း၏ နောက်သို့ လိုက်ကာ တောင်အနောက်ဘက်က မြေကမ္ဘာမီးလျှံဂူဆီသို့ ဦးတည်လိုက်ကြသည်။
ခဏအကြာတွင် သုံးဦးစလုံး ဂူအဝသို့ ရောက်ရှိလာကြသည်။
ချူဖုန်းသည် ချောင်ရို့ချန်ကို အထဲသို့ ချက်ချင်း မဝင်ခိုင်းသေးပေ။ အရင်ဆုံး ကျောက်စိမ်းပြားအား ထိန်းချုပ်နည်းကို သူနှင့် ရှောင်ချန်းကို သင်ပေးလိုက်သည်။
ထို့နောက် သူက ပြောလိုက်သည်။”မင်းရဲ့ သိုလှောင်အိတ်၊ အဝတ်အစားနဲ့ ကျန်တာတွေကို အကုန် ချွတ်လိုက်တော့”
ချောင်ရို့ချန်သည် သူ၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ပိုက်ကာ မေးလိုက်သည်။ “နေပါဦးဗျ... ကျွန်တော်က ကိုယ်တုံးလုံးကြီး ဝင်ရမှာလား”
“မင်းမှာ အတွင်းဝတ်တွေ ကျန်သေးတာပဲ မဟုတ်လား”
ချူဖုန်းက သူ့ကို မျက်လုံးလှိမ့်ကာ ကြည့်လိုက်သည်။
“ဆရာ... ကျွန်တော့်မှာ မေးစရာ တစ်ခု ကျန်သေးတယ်” ချောင်ရို့ချန်က ဆိုသည်။
“ပြော”
ချူဖုန်းက ပြောလိုက်သည်။
“ဓာတ်ကြီးငါးပါး အပိုင်းမှာ ကျွန်တော်က မြေကမ္ဘာမီးလျှံထဲမှာ (၈၁) ရက်တိတိ ကျင့်ကြံရမယ်လို့ တွေ့ပါတယ်။ ဒါဆို ကျွန်တော် မီးလောင်လို့ မသေရင်တောင် အစာငတ်လို့ သေသွားမှာပေါ့”
ချူဖုန်းက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ “ငါတို့က ခန္ဓာကိုယ်ကို ကျင့်ကြံနေတာကွ၊ ဆေးလုံး ဖော်စပ်နေတာ မဟုတ်ဘူး။ မင်းက တစ်နေ့ကို ကိုးနာရီပဲ ကျင့်ကြံဖို့ လိုတာ။ ကျန်တဲ့ သုံးနာရီကတော့ နားလို့ ရတယ်။ (၈၁) ရက်လုံးကို အဲဒီလိုပဲ လုပ်ရမှာ”
ဟူး။
ချောင်ရို့ချန်သည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ ထို့နောက်သူ၏ သိုလှောင်အိတ်နှင့် ပစ္စည်းများကို ဖယ်လိုက်ပြီး အတွင်းဝတ်ကိုသာ ချန်လိုက်ကာ မြေကမ္ဘာမီးလျှံဂူအတွင်းသို့ ဝင်သွားတော့သည်။
“မီးတောက်စမ်း”
ရှောင်ချန်းသည် အစီအရင်ကို တိုက်ရိုက်ပင် အသက်သွင်းလိုက်သည်။
ဗုန်း။
ဂူအတွင်းမှ မီးတောက်တစ်ခု ဟုန်းခနဲ ထွက်ပေါ်လာသည်။
ထိုအခိုက် အတွင်းမှ ချောင်ရို့ချန်၏ အော်ဟစ်သံ ထွက်လာသည်။ “အား... ပူတယ်၊ ပူတယ်။ စီနီယာအစ်ကို ကျွန်တော် အဆင်သင့် မဖြစ်သေးဘူးလေ”
ချူဖုန်းက တည်ငြိမ်စွာပင် ပြောသည်။ “မင်း စကား အရမ်းများနေပြီ။ ကျင့်ကြံတော့”
“ဟုတ်ကဲ့ပါဗျ”
ထိုတစ်ခွန်း ပြောပြီးနောက် ချောင်ရို့ချန်သည် ထပ်ပြီး မပြောရဲတော့ပေ။
စောစောက မီးတောက်အရှိန်ကြောင့် သူ၏ အတွင်းဝတ်စုံမှာ ပြာကျသွားသည်။
အကယ်၍ သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားများက အလိုအလျောက် အကာအကွယ်အလွှာတစ်ခု မဖန်တီးထားပေးခဲ့လျှင် သူသည် နေရာမှာတင် မည်းတူးခြစ်သွားလောက်ပြီ ဖြစ်သည်။
ဓာတ်ကြီးငါးပါးအပိုင်းမှ ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို လိုက်နာရင်း သူသည် မြေကမ္ဘာမီးလျှံအတွင်း စတင်ကျင့်ကြံလိုက်သည်။ ၎င်းနည်းစနစ်က မီးတောက်များကို တိုက်ရိုက် လောင်ကျွမ်းခွင့်မပေးဘဲ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ကာကွယ်ထားရင်း မြေကမ္ဘာမီးလျှံအတွင်းရှိ မီးဝိညာဉ်အဆီအနှစ်များကို ဆွဲယူကျင့်ကြံခြင်း ဖြစ်သည်။
ထိုစဉ် ချူဖုန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ လက်ဖက်ရည်အိုးကို ထုတ်ယူကာ လက်ဖက်ရည် ဖျော်နေတော့သည်။
တစ်ဖက်တွင်မူ ရှောင်ချန်းသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။
ကျင့်ကြံခြင်းဆိုသည်မှာ တိုက်ခိုက်ခြင်းသက်သက် မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့လည်း လိုအပ်သည်။
လွန်ခဲ့သော နှစ်ဝက်အတွင်း သူသည် အစဉ်မပြတ် တိုက်ခိုက်နေခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း စိတ်အခြေအနေမှာ မလိုက်နိုင်ခဲ့ပေ။
အကယ်၍ သူသာ ဤလမ်းအတိုင်း ဆက်သွားနေလျှင် နှလုံးသားသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာမည် ဖြစ်ပြီး အဆင့်တက်ရန် အချိန်ရောက်သည့်အခါ အတွင်းမိစ္ဆာစိတ်ရိုင်းများ ဝင်လာပေလိမ့်မည်။
၎င်းမှာ သူ သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်လာရသည့် အဓိက အကြောင်းအရင်းဖြစ်သည်။ သူ၏ စိတ်ကို တည်ငြိမ်စေရန်နှင့် ဝိညာဉ်ကို သန့်စင်ရန် ဖြစ်သည်။
ခဏအကြာတွင် မွှေးကြိုင်လှသော လက်ဖက်ရည်အနံ့မှာ လေထုထဲတွင် ပျံ့နှံ့လာသည်။
ချူဖုန်း၏ အသံသည် ရှောင်ချန်း၏ နားထဲသို့ ဝင်လာသည်။
“ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ အာရုံစိုက်မနေနဲ့။ လက်ဖက်ရည်ကို သောက်လိုက်ဦး။ ဘဝရဲ့ အနှစ်သာရကို နည်းနည်းလောက် ခံစားကြည့်စမ်းပါ”
၎င်းကို ကြားလိုက်ရသည့်အခါ ရှောင်ချန်းသည် ချက်ချင်းပင် မျက်လုံးများကို ဖွင့်လိုက်သည်။ ဆရာ၏ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်သော်လည်း သူသည် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “ဆရာ... ကျွန်တော် လက်ဖက်ရည် ငှဲ့ပေးပါ့မယ်”
“အင်း”
ချူဖုန်းက နောက်ထပ် ဘာမှ မပြောလာတော့ပေ။
ရှောင်ချန်းသည် နှစ်ခွက် ငှဲ့လိုက်ပြီး တစ်ခွက်ကို ချူဖုန်းရှေ့ တင်ပေးကာ ကျန်တစ်ခွက်ကိုမူ ကိုယ်တိုင် ကိုင်ထားလိုက်သည်။ ထို့နောက် သူက နှစ်ချက်ခန့် အသာအယာ မှုတ်လိုက်ပြီး တစ်ငုံ သောက်လိုက်သည်။
လက်ဖက်ရည်မှာ သာမန် စိတ်ဝိညာဉ်လက်ဖက်ရည်သာ ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ၎င်းမှာ သူ၏ လည်ချောင်းထဲသို့ ဝင်လာသည့် အခိုက် စိတ်က တည်ငြိမ်သွားတော့၏။
“ဆရာ... ဒီလက်ဖက်ရည်က...”
ချူဖုန်းက ကြားဖြတ်၍ပြောသည်။ “အများကြီး မမေးနဲ့။ မင်းရဲ့ နှလုံးသားနဲ့ပဲ အရသာကို ခံစားကြည့်”
သူ သောင်းပြောင်းပညာရပ်ဌာနတွင် ကုန်လွန်ခဲ့သည့် နှစ်နှစ်ခွဲအချိန်က အလကားမဖြစ်ခဲ့ပေ။ ရှေ့က ဌာနမှူးဟောင်းက ကျင့်ကြံခြင်းအပြင် တခြားအရာများစွာကို သူ့အား သင်ပေးခဲ့သည်။
ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီတို့အပြင် ချူဖုန်းသည် လက်ဖက်ရည်တည်ခင်းခြင်း၊ ချက်ပြုတ်ခြင်း၊ ဝိုင်ဖောက်ခြင်းတို့အားလုံးကို အဆင့်မြင့်ဆုံးအထိ တတ်မြောက်ထားခဲ့ပါသည်။
ဌာနမှူးဟောင်းကြီး အသက်ရှိစဉ်က ချူဖုန်း၏ ပါရမီကို မကြာခဏ ချီးကျူးခဲ့ဖူးသည်။သူက ကျင့်ကြံလို့ မရလျှင်ပင် ထူးခြားကာ အဓိပ္ပာယ်ရှိသည့် ဘဝတစ်ခုကို ဖြတ်သန်းနိုင်လိမ့်မည်ဟု ဆိုခဲ့ဖူးသည်။
ချူဖုန်းကမူ ထိုစကားကို ကြားသော် ပြုံးရုံသာ ပြုံးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာကြီးတွင် သန်မာခြင်းကသာ တစ်ခုတည်းသောလမ်းစဉ်ပေ။
သောင်းပြောင်းပညာရပ်ဆိုသည်က ကျင့်ကြံခြင်းကို အထောက်အကူပြုရုံသက်သက်ပင်။
လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက်။
ရှောင်ချန်းသည် သူ၏ စိတ်ထဲတွင် ကြည်လင်မှုကို ခံစားလိုက်ရပြီး နှလုံးသားထဲတွင်လည်း ငြိမ်သက်သွားခဲ့ကာ သတ်ဖြတ်လိုစိတ်မှာလည်း သိသိသာသာ မှေးမှိန်သွားခဲ့သည်။
သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ “ဆရာ... ဆရာ့ရဲ့ လက်ဖက်ရည်ပညာက တကယ်ကို အံ့ဩစရာပဲ။ ဆရာ ဖျော်ပေးတဲ့ သာမန် စိတ်ဝိညာဉ်လက်ဖက်ရည် တစ်ခွက်ကတောင်မှ ထိပ်တန်းအဆင့် လက်ဖက်ရည်တွေရဲ့ အာနိသင်မျိုး ရှိနေတယ်။”
ချူဖုန်းက ရယ်မောလိုက်သည်။ “ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနက ဘာကို အခြေခံထားလဲဆိုတာ မေ့သွားပြီလား”
ရှောင်ချန်းသည် ခဏငြိမ်သွားပြီးမှ ရုတ်တရက် သဘောပေါက်သွားသည်။
‘ဟုတ်သားပဲ။ သူတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနက ဒီလို သောင်းပြောင်းထွေလာ ပညာရပ်တွေကိုပဲ အလေးထားတာမလား။ ဆရာက အဲဒီအရာတွေမှာ ကျွမ်းကျင်နေတာက မထူးဆန်းပါဘူး။’
“ဆရာ... ဆရာက ဒီဌာနရဲ့ ပညာရပ်တွေ အကုန်လုံးကို တတ်တာလား။”