ကျွန်တော့်ရဲ့ အကန့်အသတ်က ဘယ်အထိလဲဆိုတာ သိချင်တယ်
Vol. 4 Ch. 32
“ဘယ်လို ပြောလိုက်တာလဲ”ချူဖုန်းသည် စိတ်အနှောင့်ယှက်ဖြစ်သွားဟန် ပြန်ဖြေသည်။
“မင်း ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို သံသယဝင်လို့ရတယ်။ဒါပေမဲ့ ငါရဲ့ အတတ်ပညာရပ်တွေအပေါ်မှာတော့ သံသယမဝင်နဲ့ကွ။ မသိရင် ငါကပဲ အဆက်အသွယ်ကြောင့် သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးဖြစ်လာတာကြနေတာပဲ။”
“တပည့် စကားမှားသွားပါတယ်” ရှောင်ချန်းက ရှက်သွားသည်။
‘ငါ အဆူခံရသင့်တယ်။ ဆရာ့အပေါ် ဘာလို့များ သံသယဝင်ရတာလဲ’
‘သောင်းပြောင်းပညာရပ်ဌာနမှာ တပည့်ဆိုလို့ ဆရာတစ်ယောက်တည်းပဲ ရှိခဲ့ဖူးတာ။ အဲတော့ ဆရာက ဌာနရဲ့ ပညာရပ်အားလုံးကို ဆက်ခံထားမှာပဲ’
မည်သို့ပင်ဖြစ်စေ ဝမ်တောက်ကျောင်းတော်သည် အသုံးမကျသူများကို မမြှောက်စားပေ။
“ဆရာ... ကျွန်တော့်ကို လက်ဖက်ရည်ဖျော်နည်း သင်ပေးလို့ ရမလား”
“ရတာပေါ့” “
ချူဖုန်းက ပြုံးလိုက်သည်။ “လက်ဖက်ရည်ပညာဆိုတာ လက်ဖက်ရည်ဖျော်ရုံသက်သက် မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို ထိန်းညှိတာပဲ”
“ဗျာ...”
၎င်းကို ကြားလိုက်ရသည့်အခါ ရှောင်ချန်းသည် စိတ်ဝင်စားသွားပြီး အသေးစိတ် ရှင်းပြပေးရန် တောင်းဆိုလိုက်သည်။
“ပထမဆုံးအနေနဲ့ လက်ဖက်ရည်မဖျော်ခင်မှာ မင်းရဲ့စိတ်က တည်ငြိမ်နေရမယ်။ လက်ဖက်ရည်ကို ကျိုနေတဲ့အချိန်မှာလည်း အာရုံကို အပြည့်စိုက်ထားရမယ်။ကိုယ်ပိုင်ဆန္ဒကို အထဲကို ပေါင်းစပ်ရမယ်။”
ချူဖုန်းက အေးအေးလူလူပင် ရှင်းပြလိုက်သည်။
ရှောင်ချန်းက ပြန်ပြောသည်။” ကျွန်တော် ပထမတစ်ချက်ကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ဆန္ဒဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာကိုတော့ သိပ်ပြီး သဘောမပေါက်ဘူး”
“ဆန္ဒဆိုတာ စိတ်ခွန်အားကို ပြောတာ။ ဒါပေမဲ့ ဓားဆန္ဒလို့လည်း ပြောလို့ရတယ်။ ရှေးခေတ်တုန်းက စွမ်းအားကြီးကျင့်ကြံသူတွေက သူတို့ရဲ့ တာအိုဆန္ဒတွေကို သုံးပြီး လက်ဖက်ရည်ဖျော်ခဲ့ကြတယ်လို့ ဌာနမှူးဟောင်းကြီး ပြောတာ ကြားဖူးတယ်။ သူတို့ဖျော်တဲ့ လက်ဖက်ရည်ကို သောက်လိုက်တာနဲ့ တာအိုရဲ့ အမှန်တရားတွေကို မြည်းစမ်းနိုင်တယ်တဲ့”
ချူဖုန်းက လျှောက်ပြောနေခြင်း မဟုတ်ပေ။ ထိုစကားများသည် ဌာနမှူးဟောင်းကြီး အမှန်တကယ် ပြောခဲ့ခြင်းဖြစ်သည်။
ထိုစဉ်တုန်းက သူသည် တစ်နေ့ကျရင် တာအိုသဘောတရာများပါဝင်နေသည့် လက်ဖက်ရည်ကို ဖျော်ပြမည်ဟုပင် ကျိန်ဆိုခဲ့သေးသည်။
သို့ပေမဲ့ လက်တွေ့ဘဝက ခါးသီးလှပါ၏။ ချူဖုန်းကို ကျင့်ကြံသူတစ်ယောက်အဖြစ်တောင် မသတ်မှတ်နိုင်သေးပေ။ သို့ဖြစ်ရာ တာအိုသဘောတရားများ ပါဝင်သည့် လက်ဖက်ရည်ကို မဖျော်နိုင်သေးပေ။
သို့သော်လည်း ရှောင်ချန်းအတွက်မူ ထိုစကားများသည် ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ မြည်ဟိန်းလာသည်။
သူ၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။
ချုဖုန်းက သူ့တပည့်၏ မျက်နှာပေါ်မှ မှင်တက်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် ကျေနပ်စွာ တွေးလိုက်သည်။ ‘ဒီကောင်လေးကို အံ့ဩအောင် လုပ်ရတာ တကယ် လွယ်တာပဲ။ ငါက သာမန်ပဲ ပြောလိုက်တာကို သူက ဒီလောက်တောင် ဖြစ်သွားတယ်ပေါ့’
ခဏအကြာတွင် ရှောင်ချန်းက သတိပြန်ဝင်လာသည်။
“ဆရာ... ကျွန်တော် အခုကစပြီး လေ့ကျင့်လို့ ရမလား”
“ရတာပေါ့”
ချူဖုန်းက သူ၏ လက်ဖက်ရည်စားပွဲကို ပေးလိုက်ပြီး ရှောင်ချန်း၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေလိုက်သည်။
ထိုနှစ်ယောက် လက်ဖက်ရည်တည်ခင်းခြင်းပညာရပ်ကို အာရုံစိုက်နေကြစဉ်
မြေကမ္ဘာမီးလျှံဂူအတွင်း၌မူ။
ချောင်ရို့ချန်တစ်ယောက် ပြင်းထန်စွာ လေ့ကျင့်နေရသည်။ တစ်နာရီမျှသာ ရှိသေးသော်လည်း သူ၏အရေပြားအချို့မှာ မည်းတူးနေသည်။
မကြာခဏဆိုသလို သူသည် အသားကင်နံ့ကိုပင် ရနေမိသည်။
သို့သော် သတိမလွတ်ရဲပေ။ အထူးသဖြင့် အရေးကြီးသည့် နေရာများကိုပင်။
သူသည် ထိုနေရာများကို စိတ်ဝိညာဉ်စွမ်းအားဖြင့် သေသေချာချာ ကာကွယ်ထားသည်။ အကယ်၍ လောင်သွားခဲ့လျှင် တစ်သက်လုံး နောင်တရနေပေလိမ့်မည်။
နီဗားနားရှင်သန်ခြင်းအဆင့်သို့ မရောက်မချင်း၊ ဆုံးရှုံးသွားသည့် အင်္ဂါအစိတ်အပိုင်းတို့ကို ပြန်လည်ကုသဖို့က မဖြစ်နိုင်ပေ။
အချိန်က တစ်စက္ကန့်ချင်းစီ ကုန်ဆုံးသွားသည်။
မကြာမီ နေ့အလင်းရောင်က ကွယ်ပျောက်သွားခဲ့သည်။
ချူဖုန်းက အချိန်ကို စစ်ဆေးလိုက်သည်။ ကိုးနာရီ မပြည့်သေးပေ။
သူ ပြန်မနေတော့ဘဲ ချောင်ရို့ချန် ကျင့်ကြံလို့ ပြီးမည့်အချိန်ကို စောင့်ရင်း ရှောင်ချန်းကို အသားကင်ခိုင်းလိုက်တော့သည်။
ဂူအတွင်း၌မူ ချောင်ရို့ချန်သည် ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။
သူ အတွင်း၌ ရှိနေသည်မှာ ခြောက်နာရီ ရှိသွားပြီ ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။
သီအိုရီအရဆို စစ်မှန်ကံကြမ္မာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဒုတိယတန်းစား မြေကမ္ဘာမီးလျှံထဲတွင် တစ်ရက်တိတိ ခံနိုင်ရည်ရှိရပေမည်။
သို့ပေမဲ့ သူက စစ်မှန်ကံကြမ္မာတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စံနှုန်းနှင့် များစွာ ကွာဝေးနေသေးသည်။ မြေကမ္ဘာမီးလျှံထဲ၌ သူ၏ စိတ်ဝိညာဉ်စွမ်းအားများက ပုံမှန်ထက် ပိုပြီး မြန်မြန် ကုန်ဆုံးနေသည်။
‘တောက်... အခု ငါ ထွက်သွားလိုက်ရင် ကြိုးစားခဲ့တာတွေ အကုန် အလကား ဖြစ်ကုန်တော့မှာ။ ဒါပေမဲ့ ဆက်နေရင်တော့... ဝက်ကင် ဖြစ်တော့မှာ’
‘ငါ့ရဲ့ အကန့်အသတ်က ဘယ်အထိလဲဆိုတာ သိချင်တယ်’
‘တကယ်လို့ ရှေ့မဆက်နိုင်တော့ဘူးဆိုရင် ဆရာ့ကို အကူအညီတောင်းရမယ်’
သူသည် ကျင့်စဉ်ကို ဆက်လက် လည်ပတ်ရင်း မြေကမ္ဘာမီးလျှံ၏ သန့်စင်မှုကို ကြိတ်မှိတ်ခံယူနေတော့သည်။
ထိုညက သောင်းပြောင်းပညာရပ်ဌာန၏တောင်အနောက်ဘက်တွင် အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။ လေပြေအေးက သစ်ပင်များကြား တိုးဝှေ့တိုက်ခတ်နေသည့်အတွက် စိတ်ကို ငြိမ်းချမ်းသွားစေသည်။
တစ်ခါတစ်ခါ ထွက်လာသော ပိုးမွှားများနှင့် ငှက်လေးများ၏အသံကလွဲ၍ တခြားအသံ မကြားရပေ။
ရှောင်ချန်းသည် တရားထိုင် နေသည်။ ချူဖုန်းကမူ သူ၏ဘေးတွင် မျက်လုံးမှိတ်ကာ တိတ်ဆိတ်စွာ ထိုင်နေရင်း သူ၏ ဒုတိယတပည့်ကို နတ်ဘုရားအာရုံ ဖြန့်ကြက်ကာ ရံဖန်ရံခါစစ်ဆေး ကြည့်နေသည်။
ချူဖုန်းသည် သူ၏ နတ်ဘုရားအာရုံဖြင့် မြေကမ္ဘာမီးလျှံဂူအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များ ဝန်းရံနေသည့် လူရိပ်တစ်ခုကို ရှင်းလင်းစွာ မြင်နေရသည်။
ထိုလူမှာ အသက်ရှိနေသေးသည်ကို မြင်ရသဖြင့် ချူဖုန်းက အများကြီး ထပ်မစဉ်းစားတော့ပေ။
ကိုးနာရီ ကုန်လွန်သွားသည်။
ချူဖုန်းသည် ကျောက်စိမ်းပြားကို ကောက်ကိုင်လိုက်ပြီး အစီအရင်ကို ထိန်းချုပ်ကာ မြေကမ္ဘာမီးလျှံဂူအတွင်းရှိ မီးတောက်များကို ငြှိမ်းသတ်လိုက်သည်။
ဗုန်း။
မီးလျှံဂူအတွင်း လေးလံသည့်အရာတစ်ခု လဲကျသွားသည့်အလား အသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
ရှောင်ချန်းသည် ချက်ချင်းပင် မျက်လုံးများကို ဖွင့်လိုက်ပြီး မီးလျှံဂူဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။
အတွင်း၌ မည်းတူးပြီး ဖောင်းကားနေသည့် လူရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုသူသည် မြေပြင်ပေါ်သို့ လဲကျနေသည့် အတွက် မည်သူမည်ဝါမှန်းပင် ခွဲခြားဖို့ ခက်ခဲနေသည်။
အကယ်၍ ချောင်ရို့ချန်၏ မျက်ခွံများသာ မတုန်ယင် နေလျှင် ရှောင်ချန်းသည် သူ၏ ဂျူနီယာညီလေး သေသွားပြီဟု ထင်မိလောက်သည်။
“ရေ... ရေ...
ချောင်ရို့ချန်သည် သူ၏ ရှိသမျှ ခွန်အားကို သုံးကာ ထိုစကားလုံး နှစ်လုံးကို ညှစ်ထုတ်ပြောလိုက်သည်။
၎င်းကို ကြားလိုက်ရသည်နှင့် ရှောင်ချန်းသည် သူ၏ သိုလှောင်အိတ်ထဲမှ ရေကို ချက်ချင်းထုတ်ကာ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။
ဂလု... ဂလု...
ချောင်ရို့ချန်သည် ရေတစ်ဘူးလုံးကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်ချလိုက်သည်။ ထို့နောက် အားယူလျက် ယခုလေးတင် ဆင်းသက်လာသော ချူဖုန်းဘက်သို့ လှည့်ကြည့်ကာ အားနည်စွာ ပြောလိုက်သည်။”ဆရာ... ကျွန်တော် ဆရာ့ကို စိတ်မပျက်စေခဲ့ပါဘူး”
“အင်း... မင်း တော်တယ်
ဆံပင်များ လောင်ကျွမ်းသွားသည့် တပည့်ကို ကြည့်ရင်း ချူဖုန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ရှောင်ချန်း၊ ရို့ချန်ကို အပေါ်ကို ပြန်ခေါ်သွားလိုက်ဦး။ သူ့ကို ဈာန်ဝင်စားခြင်းကျင့်စဉ်သင်ပေးလိုက်။ ဒါမှ သူ ဈာန်ဝင်စားနိုင်ပြီး မြန်မြန်အားဖြည့်နိုင်မှာ”
“ဟုတ်ကဲ့ပါ ဆရာ”
ရှောင်ချန်းသည် အမိန့်ကို လိုက်နာကာ ချောင်ရို့ချန်ကို မီးလျှံဂူထဲမှ တွဲခေါ်သွားသည်။
အပြင်ရောက်သည့်အခါ သူက မေးလိုက်သည်။ “ဆရာ... ဒီအခြေအနေကြီးနဲ့ ဂျူနီယာညီလေးက ဘယ်လိုလုပ်ပြီး ဈာန်ဝင်စားနိုင်မှာလဲ”
ချူဖုန်းက ပြန်ဖြေလိုက်သည်။ “အရင်ဆုံး သူ့ကို နည်းနည်းလောက်ဖြစ်ဖြစ် သက်သာလာအောင် နုပျိုဆေးလုံးတစ်လုံး ပေးလိုက်။”
“ဟုတ်ကဲ့”
ရှောင်ချန်းသည် နုပျိုဆေးလုံးကို ချောင်ရို့ချန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဆေးလုံးကို မျိုချလိုက်သည်နှင့် ချောင်ရို့ချန်၏ စိတ်ဝိညာဉ်စွမ်းအားများမှာ အလျင်အမြန်ပင် ပြည့်ဝလာသည်။
သူသည် ခက်ခက်ခဲခဲ အားယူကာ ထိုင်လိုက်၏။ “ဆရာ... ကျွန်တော် ဗိုက်အသေ ဆာနေပြီ”
ချူဖုန်းက ပြောလိုက်သည်။”ငါတို့ မင်းအတွက် အသားကင် နည်းနည်း ချန်ထားပေးတယ်။ စားနိုင်သလောက် စားလိုက်တော့”
အသားကင်ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခိုက် ချောင်ရို့ချန်သည် တစ်ကိုယ်လုံး နေရထိုင်ရ ခက်သွားပြီး အန်ချင်စိတ် ပေါက်သွားခဲ့သည်။
သို့ပေမဲ့ ဘာမှမရှိခြင်းထက်စာလျှင် တစ်ခုခုရှိသည်က ပိုကောင်းပါသေးသည်။ သူသည် ဆာလောင်နေသည့် သားရဲတစ်ကောင်အလား အသားကင်ကို အငမ်းမရ စားပါတော့သည်။
မိနစ်သုံးဆယ်အကြာတွင် သူ၏ ပြောင်သလင်းခါနေသော ခေါင်းပေါ်သို့ လေအေးတစ်ချက် ဖြတ်တိုက်လာမှ ချောင်ရို့ချန်သည် အဝတ်အစား မဝတ်ရသေးသည်ကို သတိရတော့သည်။
သူသည် ကျွမ်းကျင်စွာဖြင့် ဝတ်ရုံကို ဝတ်လိုက်ပြီး ချူဖုန်းကို ဦးညွှတ်လိုက်သည်။
“ဆရာ... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိသွားပါတယ်”
ချူဖုန်းသည် လက်ဝှေ့ယမ်းလိုက်သည်။ “စိတ်ထဲ ထည့်မနေနဲ့။ ဒီကိစ္စကို ငါတို့ ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ဘူး”
ရှောင်ချန်းကလည်း ခေါင်းညိတ်လိုက်သည်။ “ဂျူနီယာညီလေး၊ ငါ မင်းကို ဈာန်ဝင်စားခြင်းကျင့်စဉ် သင်ပေးမယ်။ကျင့်စဉ်က မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အချိန်တိုအတွင်းမှာ အမြန်ဆုံး ပြန်ရအောင် ကူညီပေးနိုင်တယ်”
ချောင်ရို့ချန်သည် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ၏ ဆရာတွင် ထိုကဲ့သို့လျှို့ဝှက် ကျင့်စဉ်မျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါဆိုရင် စီနီယာအစ်ကို့ကို အလုပ်ရှုပ်စေရတော့မှာပဲ”
ရှောင်ချန်းသည် ချူဖုန်း သင်ကြားပေးထားသည့် နည်းလမ်းအတိုင်း သူ့ကို သင်ကြားပေးလိုက်သည်။
ယခုအအချိန်တွင် ချောင်ရို့ချန်သည် ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။ သူ၏ တစ်ကိုယ်လုံး မီးလောင်နေသကဲ့သို့ ခံစားနေရပြီး သူ၏ အသား တော်တော်များများမှာ ကိုယ်ပိုင်အသား မဟုတ်တော့သည့်ပမာ ခံစားနေရ၏။
သို့သော်လည်း သူသည် နာကျင်မှုကို အောင့်အီးကာ တင်ပျဉ်ခွေထိုင်ပြီး ဈာန်ဝင်စားခြင်း အခြေအနေထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေသည်။
၎င်းကို မြင်ရသည့်အခါ ချူဖုန်းသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ အနားယူရန် ခြံဝင်းထဲသို့ ပြန်သွားခဲ့သည်။
နောက်ရက်များတွင် ချူဖုန်းနှင့် ရှောင်ချန်းတို့သည် မီးလျှံဂူအနီးတွင်သာ နေထိုင်ရင်း လက်ဖက်ရည်တည်ခင်းခြင်းအတတ်ပညာကို အတူတကွ လေ့လာခဲ့ကြသည်။
ချောင်ရို့ချန်ကမူ ဂူအတွင်း၌ ဆက်လက် ကျင့်ကြံနေခဲ့သည်။
တောင်ပေါ်တွင် အချိန်ကုန်လွန်သွားသည်မှာ သတိပင် မထားမိလိုက်ဘဲ တစ်လခန့် ရှိသွားခဲ့သည်။
ယခုအခါ ချောင်ရို့ချန်သည် လေ့ကျင့်ရေးနည်းလမ်းနှင့် ကျင့်သားရနေပြီ ဖြစ်သည်။ နေ့ဘက်တွင် မြေကမ္ဘာမီးလျှံဂူထဲ၌ ခန္ဓာကိုယ်ကို သန့်စင်ပြီး ညဘက်တွင်မူ နုပျိုဆေးလုံးများ သောက်ကာ သားရဲအသားများကို စားသုံးပြီး စွမ်းအင်များ ပြန်လည်ရရှိရန် ဈာန်ဝင်စားခြင်းကို ကျင့်ကြံသည်။
အရေးကြီးဆုံးအချက်မှာ သူ၏ သွေးကြောများ၌ ပိတ်ဆို့နေသော ဆေးအကြွင်းအကျန်များကို မြေကမ္ဘာမီးလျှံက သန့်စင်ပေးနေသည်။ ထို့နောက် ဆေးအဆိပ်များကို အရေပြားမှတစ်ဆင့် စွန့်ထုတ်နေ၏။ သူ့ကို အံ့ဩသွားစေသည်မှာ ယခင်တုန်းက ရပ်တန့်နေခဲ့သော ကျင့်ကြံခြင်းမှာ ယခုအခါ သိသိသာသာ တိုးတက်လာခဲ့ခြင်းပင် ဖြစ်သည်။
ဤနှုန်းအတိုင်းသာဆိုလျှင် လအနည်းငယ်အတွင်းမှာပင် သူသည် စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်သွားပေလိမ့်မည်။
ထိုညက တစ်နာရီခန့် ကျင့်ကြံအပြီးတွင် ချောင်ရို့ချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တွင် သိုလှောင်ထားသော စိတ်ဝိညာဉ်စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ ဆက်လက် ကျင့်ကြံနေလျှင် ၎င်းမှာ လျှံထွက်လာပြီး သူ့ကို စစ်မှန်ကံကြမ္မာအဆင့်ထဲသို့ အတင်းအကြပ် တွန်းပို့ပေလိမ့်မည်။
သူ ရပ်လိုက်ရခြင်းမှာ အဆင့်မတက်ချင်၍ မဟုတ်ပေ။ ဖရိုဖရဲခန္ဓာကျမ်း၏ ဓာတ်ကြီးငါးပါး အပိုင်းတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ အဆင့်မတက်မီ အနည်းဆုံး ဓာတ်ကြီးငါးပါးထဲမှ ဓာတ်တစ်ခုကိုတော့ အပြီးသတ် သန့်စင်ရမည်။ မဟုတ်လျှင်ကြိုးစားခဲ့သမျှ အရာအားလုံး ပျက်စီးသွားနိုင်ချေ ရှိသည်ဟူ၍ ဖြစ်သည်။
“စီနီယာအစ်ကို... ကျွန်တော် အဆင့်မတက်အောင် မထိန်းနိုင်တော့ဘူး။ အခု တက်တော့မယ် ထင်တယ်။ ကျွန်တော် ဘာလုပ်ရမလဲ”