ရှောင်ချန်း၏ နတ်ဘုရားခန္ဓာ နိုးထခြင်း။ဝမ်တောက်ကျောင်းတော်ကို တုန်လှုပ်သွားစေခြင်း။
Vol. 4 Ch. 34
ဝမ်တောက်ကျောင်းတော်၏ ကောင်းကင်တွင် အရှေ့အရပ်မှ ခရမ်းရောင် ချီများ လိပ်တက်လာပြီး လီရာပေါင်းများစွာအထိ ရှည်လျားစွာ ဖြန့်ကြက်သွားသည်။
လီတစ်ရာပတ်လည်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် မြစ်ရေများ ပင်လယ်ထဲ စီးဝင်သည့်ပမာ ကျောင်းတော်သို့ တဟုန်ထိုး တိုးဝင်လာသည်။
ကောင်းကင်တွင် ငှက်ပေါင်းစုံသည် အရပ်မျက်နှာအနှံ့ ပျံသန်းလာသည်။
သားရဲထိန်းဌာနအတွင်း၌လည်း သားရဲမျိုးစိတ် ပေါင်းတစ်ရာ၏ ဟိန်းဟောက်သံများသည် တပြိုင်နက် ထွက်ပေါ်လာသည်။
ဆေးပညာဌာန၏ အနောက်ဘက်ရှိ ဆေးဥယျာဉ်တွင် မရေမတွက်နိုင်အောင် များပြားသော စိတ်ဝိညာဉ်ဆေးပင်များသည် ပြန်လည်ရှင်သန် လန်းဆန်းလာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာကြသည်။
ယင်းပြောင်းလဲမှုများအားလုံးသည် ဝမ်တောက်ကျောင်းတော်က လူတိုင်း၏အာရုံကို ဖမ်းစားသွားသည်။
အစပိုင်းတွင် ဓားပညာဌာနအထက်မှ ထူးခြားဖြစ်စဉ်သည် မဟာဌာန ရှစ်ခုက ဌာနမှူးများ၏အာရုံကို ဖမ်းစားသွားသည်။ သို့သော် မကြာမီမှာပင် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်ကြသည်။
‘ကောင်းကင်နိမိတ်တွေက ဓားပညာဌာနကမဟုတ်ဘူး’
၎င်းမှာ သောင်းပြောင်းပညာရပ်ဌာနရှိသို့ ဦးတည်နေခြင်း ဖြစ်သည်။
ဓားပညာဌာနအတွင်း၌မူ ဓားဘုရင်ကျန်းဝူ၏ အူမြူးနေသည့် အမူအရာသည် နေမင်း၏မားမားခေါက်ဆွဲကြာချိန်မျှပင် မခံလိုက်ဘဲ စိတ်ရှုပ်ထွေးနေသည့် အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
တပည့်တစ်ယောက်က ကြောက်လန့်တကြား မေးလိုက်သည်။ “ဌာနမှူး... ဘာ... ဘာတွေ ဖြစ်နေတာလဲ”
ကျန်းဝူက ပြန်ဖြေသည်။ “တစ်ယောက်ယောက်က နတ်ဘုရားခန္ဓာကို နိုးထသွားပြီ”
ထိုစကားလည်း ဆုံးရော လူအုပ်ကြီးမှာ ဆူညံ့ပွက်လောရိုက်သွားတော့သည်။
ဝမ်တောက်ကျောင်းတော် တစ်ခုလုံးမှာပင် နတ်ဘုရားခန္ဓာ နိုးထထားသူဟူ၍ လက်ချိုးရေ၍ရပေသည်။ ထိုနိုးထပြီးသူ တစ်ယောက်ချင်းစီ၏ နာမည်တို့ကိုလည်း လူတိုင်းက သိပြီးသားပင်။
လက်ရှိ ဂူအောင်း၍ ကျင့်ကြံနေသော ဘိုးဘေးနှစ်ဦးကို ဖယ်ထားလျှင်။
ကျောင်းအုပ်ကြီးနှင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနမှူးဓားဘုရင်ရှောင်ယောင် တို့၌သာ ထိုကဲ့သို့ ခန္ဓာကိုယ်မျိုး ရှိကြသည်။ ဓားဘုရင်ရှောင်ယောင် ဆိုလျှင် ကျောင်းတော်၏ နောက်ထပ် ပေါ်ထွက်လာမည့် သူတော်စင်လောင်းလျာအဖြစ်ပင် သတ်မှတ်ခံထားရသူဖြစ်သည်။
ယခုတော့ သူတို့ ကျောင်းတော်၏ သမိုင်းတစ်လျှောက်တွင် ပဉ္စမအကြိမ်မြောက် နတ်ဘုရားခန္ဓာ ပိုင်ရှင် ပေါ်ထွက်လာခြင်းကို မြင်တွေ့ရတော့ပေမည်။
ဓားဘုရင်ကျန်းဝူသည် လူအုပ်ဘက်သို့ လှည့်ကာ ပြောသည်။ “မင်းတို့အားလုံး ဒီမှာပဲ နေပြီး လင်းချင်းယွီ အဆင့်တက်တာကို ကာကွယ်ပေးထားကြ။ ဘယ်သူက နတ်ဘုရားခန္ဓာကို နိုးထသွားလဲဆိုတာ ငါသွားကြည့်လိုက်ဦးမယ်”
ဓားပညာဌာန တစ်ခုတည်း မဟုတ်ပေ။ ကျန်ဌာန ခုနစ်ခု၏ ဌာနမှူးများသည်လည်း စိတ်ဝိညာဉ်စွမ်းအင်များ စုပြုံနေသည့် ဗဟိုချက်ကို ခံစားမိလိုက်သည်အခိုက် ချက်ချင်းကို သွားကြည့်ကြတော့သည်။
ဝမ်တောက်ကျောင်းတော်၏ ကျောင်းအုပ်ကြီးပင်လျှင် ထိုထူးခြားဖြစ်စဉ်ကြောင့် အံ့ဩသွားခဲ့သည်။
သူသည် ကောင်းကင်ယံကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်မိသည်။”ငါတို့ကျောင်းတော်ရဲ့ ဘယ်ပါရမီရှင်က နီဗားနားရှင်သန်ခြင်းအဆင့်ကို ချိုးဖောက်ရင်းနဲ့ နတ်ဘုရားခန္ဓာကိုပါ နိုးထသွားတာလဲ”
“မျိုးဆက်သစ်တွေထဲမှာ နတ်ဘုရားခန္ဓာ ပိုင်ရှင်သာ ရှိလာရင် မြင့်မြတ်နယ်မြေတွေက ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပြီ”
အကြီးအကဲ တစ်ယောက်က မေးသည်။ “ကျောင်းအုပ်ကြီး ကျွန်တော်တို့ အတူတူ သွားကြည့်ကြမလားဗျ”
“သွားကြတာပေါ့”
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာတင် ဝမ်တောက်ကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်များသည် သောင်းပြောင်းပညာရပ်ဌာန၏ တောင်အနောက်ဘက်သို့ ရောက်ရှိလာကြသည်။
အဆင့်တက်ရန်အတွက် တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေကာ ထိုင်နေသော ရှောင်ချန်းကို မြင်လိုက်ရသည့်အခါ သူတို့၏ အမူအရာများမှာ ထူးဆန်းသွားသည်။
ရှောင်ချန်း၏ဘေးတွင် တဟုန်းဟုန်းတောက်လောင်နေသည့် မြေကမ္ဘာမီးလျှံဂူ ရှိနေသည့်အပြင် ထိုအထဲတွင် တခြားတစ်ယောက်က ကျင့်ကြံနေသေး၏။
‘ဒီလို နေရာမျိုးမှာမှ အဆင့်တက်နေတာလား။ သူ ချီသွေးဖီတာမျိုး ဖြစ်မှာ မကြောက်ဘူးလား’
ကျင့်ကြံသူတို့ဆိုသည်က အဆင့်တက်မည်ဆိုလျှင် တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းသော နေရာမျိုးကိုသာ ရှာတက်ကြသည်။
‘ရှောင်ချန်းလို့ မြေကမ္ဘာမီးလျှံဂူနားမှာ အဆင့်တက်တာကတော့ မဆင်မခြင်နိုင်လွန်းတယ်’
‘ကြည့်ရတာ သူ ဆရာရွေးမှားသွားပုံရတယ်။ မဟုတ်ရင် အဆင့်တက်ဖို့အတွက် သင့်တော်တဲ့ နေရာလေးတစ်ခုတောင် မရှိဘဲ နေပါ့မလား’
“ဒီတပည့်နှစ်ယောက်က ဘယ်ဌာနကလဲ။ ဘာလို့ သောင်းပြောင်းပညာရပ်ဌာနမှာ ကျင့်ကြံနေကြတာလဲ”
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျောင်းအုပ်ကြီးက မေးလိုက်သည်။
သူ့ဘေးမှ အကြီးအကဲ တစ်ယောက်က ပြန်ဖြေသည်။ “ကျောင်းအုပ်ကြီးကို တင်ပြရရင် တစ်ယောက်က သောင်းပြောင်းပညာရပ်ဌာနရဲ့ တပည့် ရှောင်ချန်းပါ။ မြေကမ္ဘာမီးလျှံဂူထဲက တစ်ယောက်ကိုတော့ ကျွန်တော်လည်း သေချာ မသိပါဘူး”
ဆေးဘုရင် ရွှမ်ဟော့သည် ရှေ့သို့ တိုးလာကာ ဖြေသည်။ “ကျောင်းအုပ်ကြီးကို တင်ပြရရင် အဲဒီလူငယ်ကလည်း သောင်းပြောင်းပညာရပ်ဌာနရဲ့ တပည့်ပါ”
ကျောင်းအုပ်ကြီး၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွားသည်။ “သောင်းပြောင်းပညာရပ်ဌာနမှာ... အခု တပည့်တွေ ရှိနေပြီလား”
ဝမ်တောက်ကျောင်းတော်၏ ကျောင်းအုပ်အနေနှင့် သေးနုတ်လှသည့် ဌာနငယ်လေးတစ်ခုတွင် တပည့်ရှိမရှိကို မမှတ်ထားပေ။
မဟာဌာန ရှစ်ခု၏ ဌာနမှူးများ စုပေါင်းပြီး သောင်းပြောင်းပညာရပ်ဌာနကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်ကိုတော့ သူ ခပ်ရေးရေး မှတ်မိနေပါသေးသည်။
‘အဲဒါကို အခုမှလာပြီး အဲဒီဌာနက တပည့်တစ်ယောက်က နတ်ဘုရားခန္ဓာကို နိုးထသွားတာလား’
‘လောကကြီးမှာ ဘာတွေ ဖြစ်ကုန်တာလဲ’
“သောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူးရော ဘယ်မှာလဲ”
လူတိုင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြရာ တောင်အနောက်ဘက်သို့ အေးအေးလူလူ လျှောက်လှမ်းလာသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ဆေးဘုရင် ရွှမ်ဟော့က ပြောလိုက်သည်။”ကျောင်းအုပ်ကြီး ချူဖုန်းက ဟိုအောက်မှာပါဗျ”
နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ပြီးနောက် ကျောင်းအုပ်ကြီးသည် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ခဏမျှ စဉ်းစားပြီးနောက် ချူဖုန်းသည် သာမန် လူသားတစ်ယောက်သာ ဖြစ်ကြောင်း မှတ်မိသွားသည်။
‘သူ့ကို ဌာနမှူးတွေက အရေးမပေးတာ မဆန်းဘူးပဲ’
သူက ထပ်မမေးတော့ပေ။ ထိုအစား ပါရမီရှင် ရှောင်ချန်း ထံသို့ အကြည့်လွှဲလိုက်တော့သည်။
ချူဖုန်းကိုယ်တိုင်လည်း ရှောင်ချန်း၏ အဆင့်တက်မှုက ထိုမျှဆူညံပွက်လောရိုက်သွားမည်ဟု မထင်ထားခဲ့ပေ။
တောင်အနောက်ဘက်သို့ ရောက်သည်အခါ သူသည် အဝေးမှ ပျံသန်းလာကြသော မရေမတွက်နိုင်သော လူရိပ်များကို မြင်လိုက်ရသည်။
ထို့ကြောင့် မလောတော့ဘဲ အေးအေးဆေးဆေး လျှောက်လာလိုက်သည်။
‘ဌာနမှူးတွေ အကုန်ရောက်နေမှတော့ ရှောင်ချန်းအတွက် အန္တရာယ် မရှိနိုင်တော့ဘူး’
‘သူကိုယ်တိုင်အတွက်ကတော့ ဘာသာပြန်သူလို ခန့်ညားချောမောတဲ့ ပွဲကြည့်ပရိတ်သတ် တစ်ဦးလိုပဲ လုပ်နေလိုက်တော့မယ်’
အချိန်များ ကုန်လွန်သွားသည်။
နာရီအနည်းငယ်အကြာတွင်။
ရှောင်ချန်း၏ အရှိန်အဝါသည် တည်ငြိမ်သွားသည်။ ထိုအခိုက် သိမ်မွေ့သည့် နတ်ဘုရား အလင်းတန်းများက သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။
သူသည် မျက်လုံးများကို အသာအယာ ဖွင့်လိုက်ပြီး တီးတိုး ပြောလိုက်သည်။ “နောက်ဆုံးတော့ စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်ပြီ”
တစ်ချိန်တည်းမှာပင် ချူဖုန်း၏ စိတ်ထဲတွင် ရင်းနှီးနေသော စက်ရုပ်အသံတစ်သံ ပဲ့တင်ထပ်သွားခဲ့သည်။
“သင်၏ အဓိကတပည့်သည် စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်ရှိသွားပြီး ကောင်းကင်ပြိုလဲခန္ဓာကို နိုးထခဲ့ပါတယ်။ လက်ခံသူက ဆယ်နှစ်တာကျင့်ကြံခြင်းနှင့် ကောင်းကင်ပြိုလဲခန္ဓာ(ပြီးပြည့်စုံခြင်းအဆင့်)ကို ရရှိခဲ့ပါတယ်”
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ချူဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းက အညစ်အကြေးများမှာ ချက်ချင်းပင် စွန့်ထုတ်ခြင်း ခံလိုက်ရသည်။
သူသည် အခြားမျိုးစိတ်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားသည့်အလား ခံစားလိုက်မိသည်။
‘ စနစ်ရဲ့ ဆုလာဘ် ဖြစ်နေတာ ကံကောင်းသွားတယ်’
ဌာနမှူးများ၏ အကြည့်များမှာ ရှောင်ချန်းထံသို့ အပြည့်အဝ ရောက်နေသဖြင့် ချူဖုန်း၏ကိုယ်ပေါ်မှ အပြောင်းအလဲလေးကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
ချူဖုန်းသည် စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်ပြီး ထိုအညစ်အကြေးများကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ခါချလိုက်၏။
ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံးမှာ လန်းဆန်းသွားသည်။
ဌာနမှူးများသည် ရှောင်ချန်း စစ်မှန်ကံကြမ္မာအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားသည်ကို စောင့်ကြည့်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။
“တပည့် ရှောင်ချန်းက ကျောင်းအုပ်ကြီးနဲ့ စီနီယာတို့ကို အရိုအသေပြုပါတယ်”
ရှောင်ချန်းသည် လူအားလုံးကို လေးစားစွာ ဦးညွှတ်လိုက်သည်။
“ထုံးတမ်းစဉ်လာတွေလုပ်မနေနဲ့”
ကျောင်းအုပ်ကြီးသည် တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး ရှောင်ချန်းကို အနီးကပ် စစ်ဆေးတော့သည်။
“ငါ ထင်တာ မမှားဘူးဆိုရင် မင်းက နတ်ဘုရားခန္ဓာတွေထဲက ကောင်းကင်ပြိုလဲခန္ဓာ ကို နိုးထသွားတာပဲ”
ရှောင်ချန်းက လေးစားစွာဖြင့် ပြန်ဖြေသည်။”တပည့်ရဲ့ အောင်မြင်မှုတွေက ဝမ်တောက်ကျောင်းတော်ရဲ့ ပျိုးထောင်ပေးမှုကြောင့်ပါ”
ကျောင်းအုပ်ကြီးသည် ထိုအဖြေကို အလွန် ကျေနပ်သွားသည်။ ဝမ်တောက်ကျောင်းတော်သည် ဂိုဏ်းတစ်ခု မဟုတ်သော်လည်း ကျောင်းသားများအနေနှင့်ယခုလို သစ္စာရှိမှု ပြသသည်ကို မြင်ရသည်မှာ ကောင်းသော အချက်ပင် ဖြစ်သည်။
အကယ်၍ ၎င်းပါရမီရှင်သာ ဝမ်တောက်ကျောင်းတော်တွင် ဆက်နေမည်ဆိုလျှင် ပို၍ပင် ကောင်းသည်။
“မင်း သောင်းပြောင်းပညာရပ်ဌာနမှာ ကျင့်ကြံနေတုန်းလား”
ရှောင်ချန်းက ပြန်ဖြေသည်။”ဟုတ်ပါတယ်။ ကျောင်းအုပ်ကြီး။ ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်ပြီး ကျင့်ကြံနေပါတယ်”
“ဒါဆိုရင် နောက်ပိုင်းမှာရော ဘယ်မှာ ကျင့်ကြံဖို့ စီစဉ်ထားလဲ” ကျောင်းအုပ်ကြီးက ဆက်မေးလိုက်သည်။
ရှောင်ချန်းက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြန်ဖြေသည်။”ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနမှာပဲ ဆက်နေဖို့ ရည်ရွယ်ထားပါတယ်။ တစ်နေ့ကျရင်တော့ ဝမ်တောက်ကျောင်းတော်ရဲ့ဘွဲ့ထူးခံသူကောင်းမျိုးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်”
ကျောင်းအုပ်ကြီးသည် အံ့ဩသွားသဖြင့် ခေတ္တမျှ ဆွံ့အသွားခဲ့သည်။ ဝမ်တောက်ကျောင်းတော်သည် အလားအလာရှိသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာသည်ကို မြင်ရသော်လည်း ထိုသူက အရင်းအမြစ်မရှိသော သောင်းပြောင်းပညာရပ်ဌာနကဲ့သို့ နေရာမျိုး၌ ဆက်နေချင်သည်ဟု ပြောနေသည်။
အကယ်၍ ၎င်းသာ ပြင်ပသို့ ပျံ့သွားလျှင် ဝမ်တောက်ကျောင်းတော်သည် ရတနာကို ရှေ့မှာတင် ထိုင်ကြည့်နေပြီး တန်ဖိုးမထားတတ်ဘူးဟု ထင်ခံရပေမည်။
ဓားဘုရင်ကျန်းဝူက ကြားဖြတ် ပြောဆိုလာသည်။ “ရှောင်ချန်း မင်းရဲ့ အခုလက်ရှိ အဆင့်အတန်းနဲ့ဆိုရင်တော့ သောင်းပြောင်းပညာရပ်ဌာနမှာ ဆက်နေဖို့က မသင့်တော်တော့ဘူး။ ငါ့အနေနဲ့ မင်းကို ကျင့်ကြံဖို့အတွက် တခြားဌာနတစ်ခုခုကို ပြောင်းဖို့ အကြံပေးချင်တယ်”
‘ရှောင်ချန်းရဲ့ ပါရမီက ဒီလောက်တောင် ကြောက်စရာကောင်းမှန်း သိခဲ့ရင် ဘယ်သူ ကန့်ကွက်ကန့်ကွက် ဓားပညာဌာနမှာပဲ ဆက်ထားခဲ့ရမှာ’
‘ဒါဆိုရင် နှစ်တစ်ရာအတွင်းမှာ ဓားပညာဌာနက ဌာနအားလုံးထဲမှာ အင်အားအကြီးဆုံးဖြစ်လာနိုင်တယ်’
အခြား ဌာနမှူးများမှာမူ တိတ်ဆိတ်နေကြသည်။ ကျောင်းအုပ်ကြီးကိုယ်တိုင် ရှိနေသည့်အတွက် ရှောင်ချန်းကို သူတို့ဌာနထဲသို့ ဝင်ချင်အောင် မကြိုးစားတော့ပေ။
ရှောင်ချန်းက လေးစားစွာ ပြန်ဖြေသည်။ “စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ သောင်းပြောင်းပညာရပ်ဌာနက ကျွန်တော်နဲ့ အကိုက်ညီဆုံးနေရာလို့ ယုံကြည်ပါတယ်။ တကယ်လို့ ကျွန်တော်သာ တခြားဌာနမှာ ရှိနေခဲ့ရင် အများဆုံး အနေနဲ့ ဒီဘဝမှာ မြင့်မြတ်ခန္ဓာလောက်ပဲ နိုးထနိုင်မှာပါ။ အခုလို အဆင့်အထိတော့ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး”
ထိုစကားများ ထွက်လာသည့်အခိုက် အခြားဌာနမှူးများ၏ မျက်နှာများသည် အကျည်းတန်သွားကြသည်။
ကျောင်းအုပ်ကြီး တစ်ယောက်တည်းသာ စိတ်ဝင်စားသွားသည့် ပုံစံဖြင့် မေးလိုက်သည်။ “ရှောင်ချန် မင်းရဲ့ သိုင်းကွက်တွေကို သောင်းပြောင်းပညာရပ်ဌာနမှာပဲ သင်ယူခဲ့တယ်လို့ ပြောချင်တာလား”
“မှန်ပါတယ်။ ကျွန်တော် စစ်မှန်ကံကြမ္မာအဆင့်ကို တက်ဖို့အတွက် အရင်တည်းက လုပ်လို့ရပေမဲ့ စိတ်အခြေအနေက မပြည့်စုံသေးတာကြောင့် သောင်းပြောင်းပညာရပ်ဌာနကို ပြန်လာပြီး ဆရာ့ဆီကနေ လမ်းညွှန်မှုတွေ အရင်ယူခဲ့ရပါတယ်။ ပြီးတာနဲ့ ကျွန်တော့်ရဲ့ ဓားဆန္ဒအပေါ် နားလည်မှုက ပိုပြီးနက်ရှိုင်းလာပါတယ်။ အဲဒါကြောင့် ဒီနေ့ပဲ နတ်ဘုရားခန္ဓာကို နိုးထနိုင်ခဲ့တာပါ”
ရှောင်ချန်း၏ စကားလုံးများသည် ပြတ်သားပြီး အားပါလှသည်။ အဝေး၌ ရပ်နေသည့် ချူဖုန်းပင် ကောင်းမွန်စွာ ကြားနိုင်သည်အထိ ကျယ်လောင်လှသည်။
ထိုအခိုက် လူအုပ်ကြီးက လှည့်ကြည့်လိုက်ကြရာ အဝေးတွင် ပြီတီတီအပြုံးဖြင့် ရပ်နေသည့် ချူဖုန်းကို တွေ့လိုက်ရသည်။ ရုတ်တရက်ဆိုသလိုပင် သူတို့အားလုံးသည် တစ်ယောက်ယောက်ကို ထထိုးချင်စိတ်များ ပေါက်လာသည်။
‘ဒီကောင်က ငါတို့ရှေ့မှာ တမင် သက်သက် ကြွားနေတာပဲ’
ကျောင်းအုပ်ကြီးသည် ချူဖုန်းကို ကြည့်လာသည်။
“ဖုန်းလေး... မင်းရဲ့ တပည့်ကို ကျင့်ကြံဖို့ ဘယ်လို တွေ လမ်းညွှန်ပေးခဲ့လဲဆိုတာ ငါတို့ကို ပြောပြပါဦး”
ချူဖုန်းသည် ရှေ့သို့ တိုးလာပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ကျောင်းအုပ်ကြီးကို တင်ပြရရင် ရှောင်ချန်းကို ကျွန်တော်ဖတ်ဖူးတဲ့ ဝတ္ထုတစ်ပုဒ်ထဲက သီအိုရီအချို့ကို လက်တွေ့ စမ်းကြည့်ခိုင်းလိုက်ရုံသက်သက်ပါပဲ”
သူက အဓိပ္ပာယ်မရှိသည့်အရာများကို အလေးအနက်ပြောနေသည်ကို ကြည့်ပြီး လူအုပ်ကြီးမှာ ခေတ္တမျှ ဆွံ့အသွားကြသည်။
သူတော်စင်အဆင့်ဖြစ်သော ကျောင်းအုပ်ကြီးပင် ကြောင်အသွားသည်။ သူသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချူဖုန်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။
သို့သော်လည်း သူ၏ မျက်လုံးများမှာ အံ့ဩမှုများဖြင့် တောက်ပသွားသည်။
‘ဒီကောင်လေးက မရိုးသားဘူး။ သူက ကျင့်ကြံနိုင်တာပဲ။ဒါကို အခုထိ သာမန်လူတစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ’
ကျောင်းအုပ်ကြီး၏ နှုတ်ခမ်းများတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ဒါဆို မင်းပြောချင်တာက မင်းရဲ့ တပည့်ကို သင်ပေးခဲ့တဲ့ ကျင့်စဉ်တွေက မင်းဘာသာ မင်း လျှောက်ဖန်တီးထားတာပေါ့လေ”
သူ ထိုသို့ ပြောလိုက်သည်နှင့် တောင်ပေါ်ရှိ တခြားသော စွမ်းအားကြီးကျင့်ကြံသူ ဌာနမှူးများသည် စိတ်ရှုပ်ထွေးသွားကြတော့သည်။
သူတို့သည် ကျောင်းအုပ်ကြီးကို မယုံကြည်နိုင်သလို စိုက်ကြည့်နေကြသည်။
‘ကျောင်းအုပ်ကြီးတောင်မှ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို တကယ် ယုံနေတာလား’
“ဟီးဟီး။”
ချူဖုန်းက ရယ်မောလိုက်သည်။ “ကျောင်းအုပ်ကြီးက အမျှော်အမြင်ကြီးလှပါတယ်”