ချင်းယွီကို မွေးပေးပြီးမှ ဘာလို့ ချန်းကိုပါ ထပ်မွေးပေးရတာလဲ
Vol. 4 Ch. 36
“ရှောင်ချန်း စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်ကွာ”
ချူဖုန်းသည် ရှောင်ချန်းအနားသို့ လျှောက်သွားပြီး ပခုံးကို ပုတ်ပေးလိုက်သည်။
ရှောင်ချန်းက လေးစားစွာဖြင့် ပြန်ဖြေသည်။ “တပည့်ကို သေချာသင်ပြပေးခဲ့လို့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဆရာသာ မရှိရင် ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး”
“ရှောင်ချန်း... မင်း နောက်ပိုင်း ဘယ်သွားပြီး ကျင့်ကြံဖို့ စီစဉ်ထားလဲ”
ယခုအခါ ရှောင်ချန်းသည် စစ်မှန်ကံကြမ္မာအဆင့်သို့ ဝင်ရောက်သွားသည့်အတွက် ဝမ်တောက်ကျောင်းတော်တွင် တစ်သက်လုံး နေ၍ မရတော့ပေ။
မည်သို့ပင်ဖြစ်စေ ကျောင်းတော်တွင် စည်းမျဉ်းများရှိသည်။ ကျောင်းသားတစ်ယောက်က စစ်မှန်ကံကြမ္မာအဆင့်သို့ ရောက်ရှိသည့်အခါ သူ သို့်မဟုတ် သူမက ခြောက်လခန့် တာဝန်ကင်းလွတ်ခွင့် ရသည်။ ထို့နောက်တွင်တော့ အနည်းဆုံး တစ်နှစ်ကို တာဝန်နှစ်ခု ယူရတော့မှာ ဖြစ်သည်။
၎င်းက ကျောင်းတော်အတွက် အကျိုးရှိစေရုံသာမက ကျောင်းသားများကိုလည်း လက်တွေ့ဘဝ၏ အတွေ့အကြုံများ ရစေပြီး ရင့်ကျက်လာစေသည်။
ရှောင်ချန်းသည် ခဏမျှ စဉ်းစားပြီး ပြန်ဖြေသည်။ “ဆရာ ကျွန်တော် အရင်ဆုံး ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်ချင်တယ်။ ပြီးရင် တာဝန်တစ်ခု ယူပြီး တာ့လိန်ကို ပြန်မယ်။ ကျွန်တော့်အမေကို သွားတွေ့ချင်တယ်”
‘သူ အမေနဲ့ မတွေ့ရတာ နှစ်နှစ်နီးပါး ရှိနေပြီ’
ဝမ်တောက်ကျောင်းတော်တွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များကြောင့် အမေက သူ့ကို နေ့ရောညပါ စိတ်ပူနေပေလိမ့်မည်။
“မင်း အရင်ဆုံး စာပို့လိုက်လို့ ရတာပဲ”
ချူဖုန်းသည် သူ့တပည့်၏ အတွေးကို အလွန် သဘောကျသွားသည်။
ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် စာတွေ အများကြီး ရေးပြီးပါပြီ။ ဒါပေမဲ့ ကျွန်တော့်အမေရဲ့ စိတ်နဲ့ဆို သူက မျက်လုံးနဲ့ ကိုယ်တိုင် မမြင်ရမချင်း စိတ်ချမှာ မဟုတ်ဘူးဗျ။ အဲဒါကြောင့် ကျွန်တော် ကိုယ်တိုင် သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တာပါ”
“ကောင်းပြီလေ။ ကျင့်ကြံခြင်းမှာ ပြဿနာ တစ်ခုခုနဲ့ ကြုံလာရင် ငါ့ဆီကို အချိန်မရွေး ပြန်လာခဲ့”
“ဟုတ်ကဲ့ပါ ဆရာ”
ရှောင်ချန်းသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ပြီးနောက် ရုတ်တရက် အရေးကြီးကိစ္စတစ်ခုကို သတိရသွားသည်။
သူသည် နဖူးကို ရိုက်လိုက်ပြီး ပြောသည်။ “ဆရာ ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့ လုံးဝ မေ့သွားတယ်။ ဂျူနီယာညီလေးချောင် ကျင့်ကြံနေတုန်းပဲလေ”
ချူဖုန်းက ရယ်မောလိုက်သည်။ “စိတ်ပူစရာ မလိုပါဘူး။ အဲဒီကောင်လေး အဆင်ပြေတယ်”
သူတို့နှစ်ဦးသည် မီးလျှံဂူထံသို့ ရောက်သွားသည့်အခါ အတွင်း၌ စိတ်ပျက်လက်ပျက်ဖြင့် ကျင့်ကြံနေသော ချောင်ရို့ချန်ကို တွေ့လိုက်ရသည်။
ဆရာနှင့် စီနီယာအစ်ကိုကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာတွင် ဝမ်းနည်းပက်လက် ဖြစ်နေသော အမူအရာများ ပြည့်နှက်သွားသည်။ “ဆရာ၊ စီနီယာအစ်ကို နောက်ဆုံးတော့ ကျွန်တော့်ကို သတိရကြပြီပေါ့”
ချူဖုန်းက ပြောသည်။ “သနားစရာကောင်းသလို လုပ်မနေနဲ့။ မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်စမ်းပါ။ အခု မင်းရဲ့ စီနီယာအစ်ကိုက အဆင့်တက်သွားပြီဆိုတော့ တောင်အနောက်ဘက်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ပိုလျှံနေပြီ”
ချောင်ရို့ချန်သည် ရုတ်တရက် သဘောပေါက်လိုက်သည်။ “ဒါကြောင့်ကို၊ ဒီနေ့ ကျင့်ကြံရတာ အရမ်း ချောမွေ့နေတယ် ဖြစ်နေတာ။”
ချူဖုန်းနှင့် ရှောင်ချန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနီးနားတွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးကြတော့သည်။
…
ဓားပညာဌာနအတွင်း၌။
စစ်မှန်ကံကြမ္မာအဆင့်သို့ အောင်မြင်စွာ ရောက်ရှိပြီးနောက်၊ လင်းချင်းယွီသည် သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။
သူက ချွန်ထက်သတ္တုမြင့်မြတ်ခန္ဓာ ကို နိုးထခဲ့ကြောင်း တွေ့ရှိလိုက်ရသည့်အခါ ယုံကြည်မှုများ မြင့်တက်သွားသည်။
‘အခုအချိန်ကစပြီး ဓားပညာဌာနက လင်းချင်းယွီရဲ့ခေတ်ပဲ’
ထိုသို့ တွေးလိုက်ပြီး သူသည် ကျင့်ကြံခြင်းခန်းမဆောင်ထဲမှ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာသည်။ထို့နောက် ချီးကျူးသံများကို ခံယူဖို့ ပြင်ဆင်လိုက်သည်။
သို့သော် သူ အခန်းထဲက ထွက်လာသည့်အခါ အပြင်ဘက်က စင်္ကြံလမ်းကြီးက တိတ်ဆိတ်ခြောက်ကပ်နေ၏။
ပုံမှန်ဆိုလျှင် အခန်းရှေ့မှာ အမြဲ စောင့်နေတတ်သည့် အကြီးအကဲပင် ပျောက်နေသည်။
‘သူတို့အားလုံး ငါ့ကို အပြင်မှာ စောင့်ပြီး အံ့ဩအောင် လုပ်မလို့များလား။’
လင်းချင်းယွီသည် မသိစိတ်ဖြင့် ခြေလှမ်းများကို မြန်လိုက်သည်။ သို့သော် သူ ခြံဝင်းအပြင်သို့ ရောက်သည့်အခါ အပြင်ဘက်တွင်လည်း ဘယ်သူမှ မရှိနေပေ။
‘ဘာတွေ ဖြစ်ကုန်တာလဲ။’
‘ငါ လင်းချင်းယွီက ဓားပညာဌာနရဲ့ မျိုးဆက်သစ်တပည့်တွေထဲမှာ မြင့်မြတ်ခန္ဓာကို ပထမဆုံး နိုးထနိုင်တဲ့သူလေ’
‘ငါ့ကို ဂုဏ်ပြုမဲ့သူတွေ ဘယ်မှာလဲ။ ငါ့ရဲ့ နောက်လိုက်တွေ ဘယ်ရောက်ကုန်ကြတာလဲ’
လွန်ခဲ့သည့် (၁၅)မိနစ်လောက်တုန်းက ဤနေရာ၌ လူများ ပြည့်ကျပ်နေခဲ့ပါသည်။
သို့သော် သောင်းပြောင်းပညာရပ်ဌာနက ရှောင်ချန်းသည် နတ်ဘုရားခန္ဓာ နိုးထသွားသည်ဆိုသော သတင်း ပျံ့သွားသည့်အခိုက်။
တပည့်အများစုက သတင်းအမှန်လားအမှားလား စုံစမ်းရန် ကိုယ်တိုင် စစ်ဆေးရန် ထွက်သွားကြသည်။ ဓားပညာဌာနက အကြီးအကဲများပင် ဌာနမှူးနှင့်အတူ ထိုကိစ္စကို စစ်ဆေးရန် ထွက်သွားကြသည်။
အစပိုင်းမှာ တပည့်အချို့ ကျန်နေသေးသော်လည်း အကြီးအကဲများပင် ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ သူတို့လည်း သောင်းပြောင်းပညာရပ်ဌာနက စီနီယာအစ်ကိုရှောင်ထံသို့ သွားသည်က ပိုကောင်းမည်ဟု တွေးလိုက်ကြသည်။
သူတို့က စီနီယာအစ်ကို၏ နောက်လိုက်များ ဖြစ်လာနိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့်ပင်။
ပို၍ ဉာဏ်ကောင်းသည့်သူများမှာတော့ လွီယွဲ့အာကို ရှာရန် ထွက်ခွာသွားသည်။
ဝမ်တောက်ကျောင်းတော် တစ်ခုလုံးတွင် လူတိုင်းက လွီယွဲ့အာသည် ရှောင်ချန်းနှင့် အနီးစပ်ဆုံး လူဖြစ်သည်ကို သိကြ၏။ သူမနောက်သို့ လိုက်မည်ဆိုလျှင် ရှောင်ချန်းနှင့် နီးစပ်ဖို့ အခွင့်အရေး ရှိနိုင်လောက်သည်။
လင်းချင်းယွီသည် ခြေလှမ်းများကို ပိုမြန်လိုက်သည်။ နောက်ဆုံးတွင် သူသည် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
“ဂျူနီယာညီလေးထန်”
ထန်ဖုန်းသည် ယင်ကောင်တစ်ကောင်ပမာ ဟိုပြေးဒီပြေးနှင့် ပြာယာခတ်နေသည်။ လင်းချင်းယွီ၏ အသံကို ကြားလိုက်ရသည့်အခါမှ သတိဝင်လာသည်။
“စီနီယာအစ်ကိုလင် သတင်းဆိုးပဲဗျ”
“ဟမ်”
ထိုစကားကို ကြားလိုက်ရသည့်အခိုက် လင်းချင်းယွီ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားခဲ့သည်။
‘ငါက ဓားပညာဌာနရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ် ဖြစ်လာတော့မဲ့ဟာကို။ မင်းက ငါ့ဆီကို သတင်းဆိုးဆိုပြီး လာပြောနေတာလား။’
သို့သော် သူက အမျိုးကောင်းသားတစ်ဦး၏ ပုံစံကို အမြဲတစေ ထိန်းသိမ်းထားလေ့ရှိရာ သူ၏မျက်နှာပေါ်က စိတ်အလိုမကျမှုကို မဖော်ပြနိုင်ပေ။
“ရှင်းရှင်းလင်းလင်း ပြောစမ်း။ ဘာဖြစ်နေတာမလို့ ဒီလောက်အထိ ပြာယာခတ်ပြီး ဗလုံးဗထွေးတွေ ပြောနေရတာလဲ”
ထန်ဖုန်းက ပြောသည်။ “စီနီယာအစ်ကိုလင်း ဟိုကောင် ရှောင်ချန်းက စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်သွားပြီ။ ပြီးတော့ နတ်ဘုရားခန္ဓာကိုလည်း နိုးထသွားတယ်”
“မင်း ဘာပြောလိုက်တာလဲ”
လင်းချင်းယွီသည် မူလက ထန်ဖုန်းကို ဆူပူကြိမ်းမောင်းရန် ပြင်ထားသော်လည်း နောက်တစ်ခွန်းကြားလိုက်ရသည့်အခါ မိုးကြိုးပစ်ခံရသည့်အလား ခံစားလိုက်ရသည်။
“အဲဒီကောင် ရှောင်ချန်းက နတ်ဘုရားခန္ဓာကို နိုးထသွားတယ်။ ပြီးတော့ သူက ကျွန်တော်တို့မျိုးဆက်ရဲ့ ပထမဆုံး အဓိကတပည့်ဖြစ်သွားပြီ”
စကားဆုံးသွားသည့်အခါ ထန်ဖုန်း၏ အသံမှာ ပို၍ပင် တိုးညင်းသွား၏။
“တကယ်ပဲလား”
လင်းချင်းယွီသည် သူ့နားသူ မယုံနိုင်သေးဘဲ ထပ်မံအတည်ပြုလိုက်သည်။
ထန်ဖုန်းက ပြန်ဖြေသည်။”တကယ်ပေါ့ဗျာ။ စီနီယာအစ်ကိုတံခါးပိတ်ကျင့်ကြံနေတုန်း ဌာနမှူး ပြန်ရောက်လာပြီး အကြီးအကဲတွေ အားလုံးကို အသိပေးလိုက်တာ။ ပြီးတော့ နတ်ဘုရားခန္ဓာ နိုးထထားတဲ့ တပည့်တစ်ယောက်ကို ဓားပညာဌာနက ဘယ်လို ပြုစုပျိုးထောင်ပေးရမလဲဆိုတာ ဆွေးနွေးဖို့ အတူတူ ထွက်သွားကြတယ်”
၎င်းကို ကြားလိုက်ရပြီးနောက် လင်းချင်းယွီသည် မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်မိသည်။
“ချင်းယွီကို မွေးဖွားပေးပြီးမှ ဘာလို့ ချန်းကိုပါ ထပ်မွေးပေးရတာလဲ...”
ထိုစကားလုံးများ သူ၏ နှုတ်ခမ်းဖျားမှ ထွက်ကျလာသည်နှင့် သူ၏ အမြင်အာရုံများက မည်းမှောင်သွားပြီး ထိုနေရာမှာတင် မေ့လဲသွားတော့သည်။
ထန်ဖုန်းသည် လန့်ဖျပ်သွားပြီး သူ့ကို ဖမ်းထိန်းရန် ရှေ့သို့ အမြန်ပြေးလာကာ အော်ဟစ်လိုက်သည်။
“စီနီယာအစ်ကိုလင်း၊ စီနီယာအစ်ကိုလင်း အဆင်ပြေရဲ့လား”
…
ကောင်းကင်စိတ်ဝိညာဉ်ဌာန
အကြီးအကဲပင်း၏ ခြံဝင်းအတွင်း၌။
ခြံဝင်းတစ်ခုလုံးသည် ရေခဲပြင်ပမာ တိတ်ဆိတ်နေခဲ့သည်။
အကြီးအကဲ ပင်း၏ မျက်နှာထားမှာ အေးစက်နေပြီး ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်များကို ထုတ်လွှတ်နေသည်။
ထိုအခိုက် သူမ၏ အကြည့်သည် ဘယ်ဘက်တွင် ရပ်နေသော အမျိုးသမီးတပည့်ထံသို့ ကျရောက်သွားသည်။
“ချင်းချင်း သောင်းပြောင်းပညာရပ်ဌာနက သတင်းက အမှန်ပဲလား”
ချင်းချင်းက ပြန်ဖြေသည်။ “ အမှန်ပါပဲ။ ကျောင်းအုပ်ကြီးနဲ့ ဌာနမှူးတွေအားလုံး ရှောင်ချန်း စစ်မှန်ကံကြမ္မာအဆင့်ကို တက်ပြီး နတ်ဘုရားခန္ဓာ နိုးထလာတာကို ကိုယ်တိုင် မြင်လိုက်ကြပါတယ်”
“ဟက်”
အကြီးအကဲပင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “အဲဒီကောင်လေးကို ကံကောင်းမယ်လို့ မထင်ထားဘူး။ သူလို မသန်မစွမ်း တစ်ယောက်ကများ နတ်ဘုရားခန္ဓာကို နိုးထလာတယ်တဲ့လား”
ပြောပြီးနောက်၊ သူမ၏ အကြည့်သည် ဘယ်ဘက် အနောက်ဆုံးက တပည့်ထံသို့ ပြောင်းသွားသည်။
“ရို့ရို့ မနက်ဖြန်ကစပြီး၊ ငါ့ဆီကို အချိန်မရွေး လာပြီး ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးလို့ ရတယ်။ တကယ်လို့ ကျင့်ကြံခြင်း အရင်းအမြစ် တစ်ခုခု လိုအပ်ရင်လည်း ငါ့ဆီကိုသာ လာခဲ့။ နားလည်လား”
ထိုစကားများ ထွက်လာသည်နှင့် လူအားလုံးသည် ချင်ရို့ကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့အားလုံးက အကြီးအကဲပင်း၏ တပည့်များ ဖြစ်ကြသော်လည်း မည်သူမှ ထိုမျှလောက်အထိမမျက်နှာသာပေးခြင်းမခံရပေ။
“ဆရာ့ကို ကျေးဇူးတင်ပါတယ်”
ချင်ရိုသည် ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်သည်။
ရှောင်ချန်း၏ အဆင့်တက်ခြင်းနှင့် နတ်ဘုရားခန္ဓာနိုးထခြင်း သတင်းကို ကြားလိုက်ရသည့်အခါ သူမ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
သို့သော် ယခုတော့ သူမသည် ဆရာ၏အပြည့်အဝ ပံ့ပိုးပေးမှုဖြင့် သုံးနှစ်ပြည့်သွားသည့်အခါ ရှောင်ချန်းကို အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသွားတော့သည်။
“နင် ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ဒီတိုက်ပွဲက နင်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ နင့်ရဲ့ ဆရာနဲ့ ကောင်းကင်စိတ်ဝိညာဉ်ဌာနအတွက်လည်း ပါတယ်”
အကြီးအကဲပင်းသည် ခေတ္တ ရပ်တန့်လိုက်၏။ထိုအခိုက် သူမ၏ အကြည့်များသည် စူးရှသွားခဲ့သည်။
“ဒီတိုက်ပွဲက လောကကြီးကို အရာတစ်ခုတော့ သက်သေပြပေးလိမ့်မယ်။ လူတစ်ယောက်ရဲ့ ပါရမီက ဘယ်လောက်ပဲ ကြီးမားပါစေ”
“သင့်တော်တဲ့ အရင်းအမြစ်တွေ၊ အရည်အချင်းရှိတဲ့ ဆရာကောင်းတစ်ယောက် မရှိခဲ့ရင် အဆုံးသတ်မှာ ဘာမှမဟုတ်တဲ့ အရာပဲ ဖြစ်သွားမှာ”