← Chapters

ကျွန်တော် လုပ်နိုင်ခဲ့ပြီ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ

Vol. 4 Ch. 37

ကျွန်တော် လုပ်နိုင်ခဲ့ပြီ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ

Vol. 4 Ch. 37

“နောက်ဆုံးတော့ ဖရိုဖရဲခန္ဓာကျမ်းကို ကျွမ်းကျင်သွားပြီ။ ဟားဟားဟား...အခြေခံအဆင့်ကို ရောက်သွားပြီကွ”

သန်းခေါင်အချိန်၌။

သောင်းပြောင်းပညာရပ်ဌာန၏ တောင်အနောက်ဘက်၌။

ချောင်ရို့ချန်သည် မီးလျှံဂူထဲမှ ခုန်ထွက်လာသည်။ (၈၁) ရက်တိတိ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပြီးနောက် သူ၏တစ်ကိုယ်လုံးသည် မီးသွေးတုံးကြီးပမာ မည်းတူးခြစ်နေပြီး ပြာမှုန်များ အလွှာလိုက် ဖုံးအုပ်နေသည်။

သို့သော် မည်းတူးပြီး လောင်ကျွမ်းနေသည့် ပုံစံမျိုး ဖြစ်နေသော်လည်း သူ၏ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖုံးဖိထား၍ မရပေ။

ရှောင်ချန်းသည် သူ၏ဂျူနီယာညီလေး ပျော်ရွှင် နေသည်ကို မြင်သော် နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွတ်ပြီး ခပ်ဖွဖွပြုံးလိုက်မိသည်။

ထိုသို့ပြုံးရခြင်း၏ တစ်စိတ်တစ်ပိုင်းသည် ဂျူနီယာညီလေး အောင်မြင်သွားသည့်အတွက် ပျော်ရွှင်မှုပေ။ ကျန်တစ်စိတ်တစ်ပိုင်းက သူကိုယ်တိုင်လည်း ပြိုင်ဘက်ကင်းဓားဆန္ဒကို အသေးစား အောင်မြင်မှုအဆင့်ထိ ကျင့်ကြံနိုင်ခဲ့၍ပေ။

မကြာမီမှာပင် ချောင်ရို့ချန်၏ ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ရှောင်ချန်း လှမ်းကြည့်လိုက်သည့်အခါ ချောင်ရို့ချန်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးသွေးအလွှာများ တဖြည်းဖြည်း ကွာကျလာသည်ကို တွေ့လိုက်ရ၏။

“ညီလေး... ခုန်နေတာ ရပ်လိုက်တော့။ ဒီထက်ခုန်နေရင် မင်း အကုန်ပေါ်တော့မယ်”

ထိုအခါမှ ချောင်ရို့ချန်သည် သူ အဝတ်အစား မပါသည်ကို သတိပြုမိသွားသည်။ အကယ်၍ မီးသွေးအလွှာများ မဖုံးအုပ်ထားလျှင် ကိုယ်တုံးလုံးကြီး ဖြစ်နေလိမ့်ပေမည်။

သဘောပေါက်သွားသည်နှင့် သူ၏မျက်နှာက ရဲတက်သွားတော့သည်။ “စီနီယာအစ်ကို... ဆရာ့ဆီကို အရင် သွားပြီး သတင်းပို့ပေးပါဦးဗျာ။ ကျွန်တော် ခဏလောက် စိတ်တည်ငြိမ်အောင် လုပ်လိုက်ဦးမယ်”

“ကောင်းပြီလေ”

ရှောင်ချန်းသည် ပြုံးကာ လှည့်ထွက်သွားသည်။

စီနီယာအစ်ကို ထွက်သွားကြောင်း သေချာသည့်အခါမှ ချောင်ရို့ချန်သည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ အညစ်အကြေးများကို ခါချရန်အတွက် စိတ်ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လိုက်သည်။

ထို့နောက် အဝတ်အစားများကို အမြန်ဝတ်ဆင်လိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးရန်အတွက် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။

အံ့ဩစရာကောင်းသည်မှာ သူ၏ဒန်ထျန်းက ကျယ်ပြန့်လာသည့်အပြင် သွေးကြောများကလည်း သိသိသာသာ ကျယ်ဝန်းလာ၏။ အရေးကြီးဆုံးသည် ယခင်က ပိတ်ဆို့နေခဲ့သော သွေးကြောအားလုံး သည် ယခုအခါ ပွင့်သွားသည်။

ထိုအခြေအနေ၌ သူ ဆန္ဒရှိသည့်အခါ အချိန်မရွေး စစ်မှန်ကံကြမ္မာအဆင့်သို့ တက်ရောက်နိုင်ပေသည်။

ထိုစဉ် သူက မျက်လုံးအသာ ဖွင့်လိုက်ပြီး တောင်အနောက်ဘက်က ချောက်ကမ်းပါးနံရံကို လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်း။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လက်သီးရာကြီး တစ်ခုက ကျောက်နံရံပေါ်တွင် ကျန်ရစ်ခဲ့သည်။

ထို့အပြင် ၎င်းလက်သီးချက်က စိတ်ဝိညာဉ်စွမ်းအား တစ်စက်လေးပင် မသုံးထားပေ။

သို့သိတိုင် ထိုအင်အားက ခန္ဓာကိုယ်မကျင့်ကြံခင်က သူ၏အင်အားထက်သာပေသည်။ အကယ်၍ ယခုချိန် စိတ်ဝိညာဉ်စွမ်းအားကိုပါ ထည့်သုံးလိုက်လျှင် လက်သီး၏အင်အားက အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။

“ဆရာက တကယ်ကို အံ့ဩစရာပဲ။ ဒါပေမဲ့ နေပါဦး။ ဘာလို့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက မီးနဲ့ သစ်သား ဓာတ်သဘာဝတွေ ပါနေသလို ခံစားနေရတာလဲ”

“ငါ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် မြေကမ္ဘာမီးလျှံကိုပဲ သုံးခဲ့တာပါ...”

သောင်းပြောင်းပညာရပ်ဌာန။

ဌာနမှူး၏ ခြံဝင်းတွင်။

ချူဖုန်းသည် ညတိုင်း ညှဉ့်နက်သည်အထိ မအိပ်ဘဲ စာဖတ်နေသည်။ ယခုတလော သူသည် ကောင်းကင်လျှို့ဝှက်ချက်သတင်းလွှာ ကို ဖတ်ရှုနေသည်။

၎င်းစာစောင်သည် ရွှမ်ထျန်းတိုက်ကြီးတစ်ခွင်၏ နောက်ဆုံးရ သတင်းများနှင့် ဖြစ်စဉ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ယခင်တုန်းက သူသည် ၎င်းကို အပျင်းပြေ အတင်းအဖျင်း သတင်းများဟုသာ သဘောထားသည်။

သို့သော် ဤတစ်ခါ၌ သူသည် ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်တွင် ရှောင်ချန်း၏ နာမည်ကို အလေးအနက် ရှာဖွေနေသည်။

ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်သည် ရွှမ်ထျန်းတိုက်ကြီးတစ်ခွင်က အထူးချွန်ဆုံး လူငယ်များကို ဖော်ပြထားသည်။

ထိုစာရင်းတွင် ပါလာသည့်သူ မည်သူမဆို ပါရမီရှင်အစစ်အမှန်တစ်ဦးအဖြစ် သတ်မှတ်၍ရသည်။

အသက်ကန့်သတ်ချက်တော့ ရှိပါ၏။ အသက်တစ်ရာအောက်သာ ပါဝင်ပါသည်။ သင်က အသက်တစ်ရာ မပြည့်ခင် နီဗားနားရှင်သန်ခြင်းအဆင့်ကို မရောက်ပါက ပါရမီရှင်အဖြစ် သတ်မှတ်၍မရတော့ချေ။

ယခု ရှောင်ချန်းက ဝမ်တောက်ကျောင်းတော်၏ မျိုးဆက်သစ်များထဲမှ နတ်ဘုရားခန္ဓာကို ပထမဆုံး နိုးထနိုင်သူ ဖြစ်လာသည်။

ကျောင်းတော်၏ ဂုဏ်သတင်းကလည်း ကျောထောက်နောက်ခံ ပေးထားသည့်အခါ စာရင်းထဲ ပါလာဖို့က သံသယ ဝင်စရာမလိုပေ။

မကြာမီမှာပင် ချူဖုန်းသည် အဆင့် (၁၀၀)မြောက်တွင် ရှောင်ချန်း၏ နာမည်ကို တွေ့လိုက်ရသည်။

အမည်: ရှောင်ချန်း

ကျင့်ကြံခြင်း: စစ်မှန်ကံကြမ္မာအဆင့်

ဂိုဏ်း: ဝမ်တောက်ကျောင်းတော်

ဝင်ရောက်ရသည့် အကြောင်းအရင်း: နတ်ဘုရားခန္ဓာ နိုးထခြင်း

အလားအလာ အဆင့်သတ်မှတ်ချက်: ★★★★★(ကြယ်ငါးလုံး)

ချူဖုန်းသည် အဆင့်ကို သိပ်ဂရုမစိုက်ပေ။

မည်သို့ပင်ဆိုစေကာမူ ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်သည် အလားအလာကို အလေးထား၏။ ကြယ်ငါးပွင့် အဆင့်သတ်မှတ်ချက်ဆိုသည်က အမြင့်ဆုံးသတ်မှတ်ချက်ပင်။

‘ကြည့်ရတာ သူရဲ့ ပထမဆုံးတပည့်က တိုက်ကြီးတစ်ခွင်မှာ နာမည်ကြီးတော့မဲ့ ပုံပဲ။’

ထိုသို့ တွေးလျက် ချူဖုန်းသည် ရှောင်ချန်းအတွက် ဂုဏ်ယူသွားသည်။ တစ်ချိန်တည်းမှာပင် တွေးမိသွားသည်။

‘နောက်ထပ် တပည့် ဘယ်နှစ်ယောက်လောက် လက်ခံရမလဲမသိဘူး။’

ထိုအချိန်မှာပင် ရင်းနှီးနေသော စက်ရုပ်အသံတစ်သံစိတ်တွင် ပဲ့တင်ထပ်လာသည်။

“လက်ခံသူ၏ အကြီးဆုံးတပည့် ရှောင်ချန်းသည် ဓားဆန္ဒ အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားပါပြီ။ လက်ခံသူအား ဓားတာအို၏ အနက်အဓိပ္ပာယ် အစစ် သဲလွန်စတစ်ခုကို ချီးမြှင့်လိုက်ပါတယ်”

ဟမ်။

ချူဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။ သူသည် ဓားဆန္ဒတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိထားသူ ဖြစ်၏။

ယခု ထပ်ဆောင်းရရှိလာသည့် ဓားတာအို၏အနက်အဓိပ္ပာယ်အစစ် သဲလွန်စ‌ကြောင့် သူ၏ ဓားအပေါ် နားလည်မှုသည် နောက်ထပ် အဆင့်သစ်တစ်ခုဆီသို့ တက်လှမ်းသွားတော့သည်။

“ခံစားချက်တွေကိုတောင် ဓားဆန္ဒကို အဆင့်မြင့်ဖို့ သုံးလို့ ရတာလား...”

“ဆရာ... ဆရာ့တပည့် ရှောင်ချန်းက ဝင်ခွင့်တောင်းခံပါတယ်”

အပြင်ဘက်တွင် ရှောင်ချန်း၏အသံ ထွက်ပေါ်လာသဖြင့် ချူဖုန်း၏အတွေးက ပြတ်သွားသည်။

ချူဖုန်းသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး တံခါးဖွင့်ကာ မေးလိုက်သည်။ “ရှောင်ချန်း... ဒီလောက် ညဉ့်နက်နေတာ ဘာကိစ္စ ရှိလို့လဲ”

ရှောင်ချန်းက ဖြေကြားသည်။ “ဆရာ့ကို တင်ပြပါတယ်။ ဂျူနီယာညီလေးချောင်က (၈၁)ရက်ကြာ ကျင့်ကြံခြင်းကို ပြီးမြောက်သွားပါပြီ။ သူ ဖရိုဖရဲခန္ဓာကျမ်းရဲ့ အခြေခံအဆင့်ကို ဝင်ရောက်သွားပါပြီ။”

ချူဖုန်းက ရယ်မောလိုက်သည်။ “ငါ မေ့တောင် မေ့နေပြီ။ လာ... သွားကြစို့၊ ရို့ချန် ဘယ်လောက်တောင် ပြောင်းလဲသွားလဲဆိုတာ သွားကြည့်ကြတာပေါ့”

“ဟုတ်ကဲ့ပါ ဆရာ”

ရှောင်ချန်းသည် ချက်ချင်း တုံ့ပြန်လိုက်ပြီး တောင်အနောက်ဘက်သို့ လိုက်သွားသည်။

မကြာမီမှာပင် သူတို့ ရောက်ရှိသွားကြပြီး လုံးဝ ပြောင်းလဲသွားသော ချောင်ရို့ချန်ကို တွေ့လိုက်ရသည်။

ယခင်က ချောင်ရို့ချန်သည် ပုကွကွနှင့် အနည်းငယ် လည်လည်ဝယ်ဝယ်ရှိသည့် ကောင်လေးပင်။

ယခု မြင်လိုက်ရသည်မှာ ကျန်းမာ ကြံ့ခိုင်ပြီး ထွားကြိုင်းကာ အားအင်ပြည့်နေသည့် လူငယ်တစ်ယောက် ဖြစ်နေ၏။

သူ့ကို မြင်လိုက်ရသည့်အခါ ချူဖုန်းက မရေရွတ်ဘဲ မနေနိုင်တော့ပေ။ “ကျင့်ကြံခြင်းက လူတစ်ယောက်ကို တကယ်ပဲ ချောမောသွားစေတာပဲ။ ရှေးလူကြီးတွေ ပြောတာ မမှားဘူး”

ချောင်ရို့ချန် “...”

ရှောင်ချန်း “...”

“ဆရာက မြှောက်နေပြန်ပြီ။ ဆရာ့ရဲ့ လမ်းညွှန်မှုသာ မပါရင် ကျွန်တော် ဒီအဆင့်ထိ ရောက်လာမှာ မဟုတ်ပါဘူး” ချောင်ရို့ချန်က နှိမ့်ချစွာ ပြောလိုက်သည်။

သူက ဆေးဘုရင် ရွှမ်ဟော့၏အချစ်ဆုံး မြေးဆိုသည့်အတိုင်းပင်။ သူ၏ဖားယားတတ်သည့် အကျင့်က သွေးထဲမှာကို ပါနေလေသည်။

ချူဖုန်းက ပြုံးလိုက်သည်။ “ရို့ချန်... မင်း အခု ဘယ်လို ခံစားနေရလဲ”

ချောင်ရို့ချန်က ပြောသည်။”ဆရာ... ကျွန်တော် မယုံနိုင်လောက်အောင်ကို သန်မာတယ်လို့ ခံစားရတယ်။ တကယ်လို့ လင်းပင်အန်းနဲ့သာ ပြန်တွေ့ရင် သူ့ခေါင်းကို လက်သီးတစ်ချက်တည်းနဲ့ ရိုက်ခွဲပစ်လိုက်နိုင်တယ်”

ချူဖုန်းက ပြန်ပြောသည်။ “ကြွားနေပြန်ပြီလား။ မင်းက ဓာတ်ကြီးငါးပါးခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ အဆင့်နှစ်ဆင့်လောက်ပဲ ပြီးသေးတာလေ”

ထိုစကားကြောင့် ချောင်ရို့ချန်ရော ရှောင်ချန်းပါ တစ်စက္ကန့်လောက် ကြောင်သွားကြသည်။

ချောင်ရို့ချန်က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ “ဆရာ... ကျွန်တော်က မြေကမ္ဘာမီးလျှံနဲ့ပဲ (၈၁) ရက်တိတိ ကျင့်ကြံခဲ့တာ မဟုတ်ဘူးလား”

ချူဖုန်းက တည်ငြိမ်စွာ ရှင်းပြသည်။ “မင်းက ဆေးပညာဌာနက လာတာလေ။ ဆိုတော့ ဆေးလုံးတွေကို ဘာနဲ့ လုပ်ထားလဲဆိုတာ သိမှာပေါ့။ ဟုတ်တယ်မလား”

“ဒါပေါ့။ ဆေးပင်တွေလေ” ချောင်ရို့ချန်က ပြန်ဖြေသည်။

“မှန်တယ်” ချူဖုန်းက ဆက်ပြောသည်။ “ဆေးလုံးတွေဆိုတာက အခြေခံအားဖြင့်တော့ ကျင့်ကြံခြင်းကို အထောက်အကူပြုဖို့ သစ်သားအနှစ်သာရတွေကို ထုတ်ယူထားတာ”

“ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်မှာ ဆေးအာနိသင်တွေနဲ့ ဆေးအဆိပ်တွေ စုပုံနေတာ ကြာပြီ”

“မင်းကို မြေကမ္ဘာမီးလျှံနဲ့ ကျင့်ကြံခိုင်းရတဲ့ အကြောင်းအရင်းက အဲဒီ အဆီအနှစ်တွေ အကုန်လုံးကို သန့်စင်ပြီး စုပ်ယူနိုင်ဖို့အတွက်ပဲ”

“အဲဒါကြောင့် မင်းရဲ့ ခန္ဓာကိုယ်က သစ်သားစွမ်းအင်တွေကို သဘာဝအလျောက် စုပ်ယူနိုင်သွားပြီး သစ်သားဓာတ် ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ အကျိုးကို ရသွားတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ကွာ။မင်း ဓာတ်ကြီးငါးပါး ကျင့်ကြံခြင်းကျမ်းထဲက သစ်သားဓာတ်အပိုင်းကို ပြန်ဖတ်ကြည့်လို့ ရတယ်”

ချောင်ရို့ချန်သည် ဓာတ်ကြီးငါးပါး ကျင့်ကြံခြင်းကျမ်းကို အလွတ်ရနေပြီးသား ဖြစ်သည်။ မကြာမီပင် သဘောပေါက်သွားသဖြင့် သူ၏မျက်လုံးများက တောက်ပသွားခဲ့သည်။

“ဪ... အဲတော့ ခန္ဓာကိုယ်ကျင့်ကြံခြင်း ပြီးမြောက်ဖို့ သစ်သားအနှစ်သာရကို စုပ်ယူဖို့ လိုတယ်ဆိုတာ အဲဒါကို ပြောတာကိုး၊ ကျွန်တော် နားလည်ပါပြီ။ သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

ချူဖုန်းက ပြုံးလိုက်သည်။ “မရှင်းမလင်းဖြစ်နေတာ ရှိသေးလား”

ချောင်ရို့ချန်က ခေါင်းယမ်းလိုက်သည်။ “မရှိတော့ပါဘူး ဆရာ။ ကျွန်တော် မနက်ဖြန်ကျရင် ကျင့်ကြံခြင်းရဲ့ နောက်တစ်ဆင့်ကို စဖို့ အဆင်သင့်ပါပဲ”

ချူဖုန်းက ပြောသည်။ “ဒါဆိုရင် ဝမ်တောက်ကျောင်းတော်က နှစ်တစ်ထောင် ရေခဲကန်မှာ သွားကျင့်ကြံတော့”

“အခု တစ်ခေါက်လိုပဲ၊ မင်း ရေခဲကန်ထဲမှာ (၈၁)ရက်တိတိ နေရမယ်။ နေ့တိုင်း အနည်းဆုံး ကိုးနာရီလောက်တော့ ရေခဲကန်ထဲမှာ စိမ်ပြီး နေရမယ်”

ချောင်ရို့ချန်သည် ယခုအခါ အပြည့်အဝ နားလည်သွားတော့၏။

‘ဆရာ ပြောတဲ့ ဓာတ်ကြီးငါးပါး ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုတာ အစဉ်လိုက် ရှိနေတာပဲ။’

သူက တုံ့‌ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် မနက်ဖြန်ကစပြီး နှစ်တစ်ထောင် ရေခဲကန်မှာ ကျင့်ကြံပါ့မယ်”

“ကောင်းပြီ”

ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ “မင်းတို့နှစ်ယောက် မြန်မြန် အနားယူကြတော့။ ငါလည်း ပြန်နားတော့မယ်”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။

ချောင်ရို့ချန်သည် ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။ “စီနီယာအစ်ကို ကျွန်တော် အကူအညီ တစ်ခုလောက် တောင်းလို့ ရမလား”

ရှောင်ချန်းက ပြောလိုက်၏။”ပြောလေ”

ချောင်ရို့ချန်က လိုရင်းကို ပြောလိုက်သည်။ “ကျွန်တော့် ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ထုတ်ပေးလို့ ရမလား။ ကျွန်တော် အကန့်အသတ် ကိုရောက်နေပြီ”

“လွယ်ပါတယ်”

ပြောရင်းနှင့် ရှောင်ချန်းသည် ဓားတစ်သောင်းတို့အပြန်ကို ထုတ်ဖော်လိုက်ပြီး ချောင်ရို့ချန်၏ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင် အားလုံးကို တစ်ခဏအတွင်း စုပ်ယူပစ်လိုက်သည်။

ဟူးလားလား။

ခဏအကြာတွင် ချောင်ရို့ချန်သည် မျက်နှာကြီး ဖြူ‌ ဖျော့လျက် အသက်ကို ‌မောကြီးပန်းကြီးရှုနေရသည်။

“စီနီယာအစ်ကိုက တော်တော် သန်မာလွန်းတာပဲ။ ကျွန်တော် အရင်ကထက် အဆပေါင်းများစွာ ပိုသန်မာလာတယ်လို့ ခံစားရပေမဲ့ စီနီယာအစ်ကို့ကိုတော့ နည်းနည်းလေးတောင် ပြန်မခုခံနိုင်သေးပါလား”

ရှောင်ချန်းက ပြုံးလိုက်သည်။ “မင်းက ဖရိုဖရဲခန္ဓာကျမ်းထဲကို အပြည့်အဝ မကျင့်ကြံရသေးဘူးလေ။ ဒီလို ခံစားရတာ မဆန်းပါဘူး”

“ဒါပေမဲ့ အခု မင်းက မီးနဲ့ သစ်သား ဓာတ်နှစ်ခုလုံးကို သန့်စင်ပြီးသွားပြီဆိုတော့ အပြင်စည်းတပည့်တွေထဲမှာ ထိပ်တန်းအဆင့်ကို ရောက်နေပြီ။ ငါ မင်းနဲ့ထပ်ပြီး လေ့ကျင့်ပေးစရာ မလိုတော့ဘူး”

ချောင်ရို့ချန်သည် ခါးကိုကိုင်းကာ လေးစားစွာ ဦးညွှတ်လိုက်သည်။ “အရင်ရက်တွေတုန်းက ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် စီနီယာအစ်ကို၊ ကို ကျေးဇူးတင်ပါတယ်။ စီနီယာသာ မရှိရင် ကျွန်တော့်ရဲ့ တိုးတက်မှုက ဒီလောက် ချောမွေ့မှာ မဟုတ်ပါဘူး”

“ငါတို့က ညီအစ်ကိုတွေပဲ။ ကျေးဇူးတင်စရာ မလိုဘူး။ မင်း သန်မာလာတဲ့အခါကျရင် ဆရာ့ကို ကျေးဇူးဆပ်ဖို့သာ မှတ်ထား”

ရှောင်ချန်းသည် ပြောရင်းနှင့် ချောင်ရို့ချန်ကို ထူပေးလိုက်ပြီး ပခုံးကို ဖက်ကာ သောင်းပြောင်းပညာရပ်ဌာနဘက်သို့ အေးအေးလူလူ လမ်းလျှောက်ပြန်လာကြသည်။

All Chapters