လွီယွဲ့အာ မြင့်မြတ်ခန္ဓာကိုယ် နိုးထခြင်း
Vol. 4 Ch. 39
“မင်း ဘယ်အချိန် တောင်အောက်ဆင်းမှာလဲ”
ချူဖုန်းသည် သူ၏တပည့် တောင်အောက်ဆင်းမည့်ကိစ္စကို အပြည့်အဝ ထောက်ခံကြောင်း ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏တပည့်များ နာမည်ကြီးလာမှ အခြားသူများက သူ့ကို ဆရာအဖြစ်တင်မှာပင်။
ထိုအခါကျမှ ချူဖုန်းသည် ကျင့်ကြံခြင်းဆုလာဘ်များ ပိုရလာမှာပင်။
“နောက်ထပ် ခုနစ်ရက်နေရင်ပါ”
ရှောင်ချန်းက ရှင်းပြသည်။ “ဂျူနီယာညီမလေးလွီ တံခါးပိတ်ကျင့်ကြံနေလို့ပါ။ သူ ထွက်လာပြီးရင် ကျွန်တော် နှုတ်ဆက်သွားလိုက်ဦးမယ်။ ပြီးရင်တော့ တာဝန်တစ်ခု ယူပြီး တာ့လိန်မှာ သွားလေ့ကျင့်မယ်”
“ကောင်းတယ်။ အိမ်ကို ဂုဏ်ကျက်သရေအပြည့်နဲ့ ပြန်ရတာပေါ့။ မင်းက ဝမ်တောက်ကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပြီ။ ပြန်ပြီးတော့ နည်းနည်းလောက် ကြွားလုံးထုတ်ဖို့ အချိန်တန်ပြီ”
ချူဖုန်းသည် ထိုအရာများကို အလေးအနက် ပြော နေသည်။
ရှောင်ချန်းက ဇဝေဇဝါ ဖြစ်သွားသည်။ သူ ပထမတစ်ပိုင်းကို နားလည်ပေမဲ့ နောက်တစ်ပိုင်းကိုတော့ သိပ် နားမလည်တော့ပေ။
‘ဆရာက သူ့ကို ပြန်ပြီး ကြွားလုံးထုတ်ခိုင်းနေတာလား’
“တပည့်က ဆရာ့ဂုဏ်သိက္ခာကျအောင် ဘယ်တော့မှ မလုပ်ပါဘူး။ ဆရာ့ရဲ့ ကြီးမြတ်မှုကို တစ်လောကလုံး သိအောင် လုပ်ပါ့မယ်”
“ကောင်းပြီ၊ ကောင်းပြီ။ ငါ မင်းကို လိုက်မပို့တော့ဘူး။ အပြင်ရောက်ရင် တစ်ခုတော့ သတိရ”
ချူဖုန်း၏ မျက်နှာထားသည် တည်ကြည်သွားသည်။
“တည်တည်ငြိမ်ငြိမ် နေ။ မတိုက်ခိုက်ရင် မတိုက်ခိုက်နဲ့။ ဒါပေမဲ့ တိုက်ခိုက်ပြီဆိုရင်တော့ ပြိုင်ဘက်တိုင်းကို အနိုင်ယူရမယ်။ မဟုတ်ရင် မင်းရဲ့ ဓားနှလုံးသားကို ထိခိုက်သွားလိမ့်မယ်”
သူသည် အစက နိုင်ရင်တိုက်၊ မနိုင်ရင်ပြေးဟုပြောမလို့ပင်။ သို့သော် ရှောင်ချန်းက ပြိုင်ဘက်ကင်း လမ်းစဉ်ကို လျှောက်လှမ်းနေ၏။
ထိုစိတ်ဓာတ်မျိုးက သူ၏လမ်းစဉ်နှင့် မကိုက်ညီပေ။
ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ “တပည့် ဆရာ့ ရဲ့အဆုံးအမကို မှတ်သားထားပါ့မယ်”
ချူဖုန်းက ပြုံးလိုက်သည်။ “ကဲ... ဒါဆိုရင် သွားပြီး ပြင်ဆင်စရာ ရှိတာ ပြင်ဆင်တော့။ ငါလည်း နေ့လယ်စာ ဘာစားရမလဲဆိုတာ စဉ်းစားလိုက်ဦးမယ်”
“…”
ရှောင်ချန်းက ဘာပြန်ပြောရမှန်း မသိတော့ပေ။
မျက်စိတစ်မှိတ်အတွင်းပင် ခုနစ်ရက်တာ ကုန်ဆုံးသွားသည်။
ယနေ့ ဝမ်တောက်ကျောင်းတော် တစ်ခုလုံး စည်ကားနေသည်။
“အပြင်စည်းဂိုဏ်းရဲ့ အလှလေးသုံးဦးထဲက တစ်ဦးဖြစ်တဲ့လွီယွဲ့အာက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီး စစ်မှန်ကံကြမ္မာအဆင့်ကို တက်တော့မယ်”
ဓားပညာဌာနက တပည့်တစ်ယောက်က ပြောလိုက်သည်။ ထို့ကြောင့် လူတော်တော်များများက သူမ၏ ကျင့်ကြံခန်းမဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှာလည်း ပွက်လောရိုက်နေသည်။
“တစ်လတောင် ရှိနေပြီဟ”
“အဲဒီ စီနီယာအစ်ကိုက ရေခဲကန်ထဲမှာ ကျင့်ကြံနေတာ တစ်လတိတိ ရှိသွားပြီ။ စီနီယာအစ်ကို ဂျင်ချန် ပြီးရင် သူက ရေခဲကန်ထဲမှာ (၄၉)ရက်တိတိ ကျင့်ကြံရင်း စစ်မှန်ကံကြမ္မာအဆင့်ကို တက်တဲ့အခါ အဓိပတိမြင့်မြတ်ခန္ဓာကို နိုးထစေမဲ့ ဒုတိယမြောက်ဖြစ်မယ်ထင်တယ်။ အဲဒီစီနီယာအစ်ကိုရဲ့ အကန့်အသတ်က ဘယ်လောက်လဲဆိုတာ သိချင်လာပြီ”
“လာ... အကြီးအကဲဆီ သွားပြီး သတင်းကောင်း သွား ပြောကြရအောင်။ သူ သေချာပေါက် ပျော်သွားမှာ”
“အတူတူ သွားကြတာပေါ့”
ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန၏အပြင်စည်း အကြီးအကဲက သတင်းရပြီးသားပင်။
နေ့တိုင်း သူက တပည့်များကို လွှတ်ပြီး သတင်းယူခိုင်းထားသည်။
ယနေ့လည်း မထူးမခြားနားပေ။ သူက သတင်းလာပို့မည်ကို စောင့်နေလေသည်။
“အကြီးအကဲနျူ။ အဲဒီ စီနီယာအစ်ကိုက ရေခဲကန်ထဲမှာ ကျင့်ကြံနေတုန်းပါပဲ” တပည့်တစ်ယောက်က ပြေးလာရင်း အော်ပြောလိုက်သည်။
“ကောင်းတယ်။ ငါတို့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနက နောက်ထပ် ပါရမီရှင်တစ်ယောက် မွေးထုတ်ပေးတော့မှာပဲ”
အကြီးအကဲနျူက ပျော်ရွှင်သွားသည်။
သူ ကိုယ်တိုင်သွားပြီး ထိုတပည့်က မည်သူလဲဆိုတာ ကြည့်ချင်လာသည်။
“သူ ဘယ်သူလဲဆိုတာ သိရပြီလား”
တပည့်နှစ်ယောက်စလုံး ခေါင်းယမ်းလိုက်ကြသည်။ “အကြီးအကဲ... သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ တစ်ခေါင်းလုံး ပြောင်နေတယ်ဆိုတာပဲ သိတယ်။ မျက်ခုံးမွှေးတောင် မရှိဘူး”
“ဟမ်”
အကြီးအကဲနျူ၏ မျက်နှာပေါ်တွင် စဉ်းစားဟန် ပေါ်လာသည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနတွင် ထိုကဲ့သို့တပည့်မျိုး မရှိပေ။
‘တခြားဌာနကများ ဖြစ်နေမလား’
သို့သော် သူက ထိုအတွေးကို ချက်ချင်း ဖယ်ထုတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနကသာ ကျင့်ကြံရာ၌ အရူးအမူး ဖြစ်နေကြသူများကို မွေးထုတ်ပေးနိုင်သည်။
နောက်တပည့်တစ်ယောက်က ပြောလိုက်သည်။ “အကြီးအကဲနျူ သူက ခန္ဓာကိုယ်သန့်စင်ရင်း ဆံပင်တွေ ကျွတ်ကုန်လို့ ကျွန်တော်တို့ မမှတ်မိတာများလား”
“မင်း ပြောတာ ဖြစ်နိုင်တယ်။ ဒီနေ့ကစပြီး သူ့ကို ဆက်စောင့်ကြည့်ထား။ (၄၉) ရက် ပြည့်ရင် ဒီကောင်လေး ဘယ်သူလဲဆိုတာ သွားကြည့်ကြတာပေါ့”
အကြီးအကဲနျူ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် မှေးကျဉ်းသွားသည်။
အကယ်၍ ထိုကောင်လေးသာ မြင့်မြတ်ခန္ဓာ နိုးထလာခဲ့လျှင် သူ သေချာပေါက် အတွင်းစည်းက ဆုချခြင်းကို ခံရမှာပင်။ သူ၏ရာထူးတောင် တိုးလာနိုင်သေးသည်။
“ဟုတ်ကဲ့ပါ အကြီးအကဲ”
……
ဓားပညာဌာနအတွင်း၌။
တပည့်များသည် လွီယွဲ့အာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ထိုစဉ်မှာပင် လူအုပ်ကြီးကြားထဲတွင် စိတ်လှုပ်ရှားသံများ ထွက်ပေါ်လာသည်။
“စီနီယာအစ်ကိုရှောင် ရောက်လာပြီ”
“ဘယ်မှာလဲ။ စီနီယာအစ်ကိုရှောင် ဘယ်မှာလဲ”
“…”
ရှောင်ချန်းသည် ဓားပညာဌာန၏ တပည့် မဟုတ်တော့သော်လည်း နတ်ဘုရားခန္ဓာ နိုးထပြီးသည့်နောက်တွင် သူသည် အပြင်စည်းတပည့်များအားလုံး၏ စံပြပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။
တော်တော်များများက သူ၏နောက်လိုက်လုပ်ရန် လာခဲ့ကြသော်လည်း စီနီယာအစ်ကိုရှောင်က အားလုံးကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့သည်။
သို့သော် မည်သူမှ အငြိုးအတေး မထားရဲပေ။ သူတို့၏ အင်အားက စီနီယာအစ်ကို၏နောက်လိုက် ဖြစ်ဖို့ မထိုက်တန်သေးဟုသာ ယုံကြည်ထားကြသည်။
ရှောင်ချန်း ပေါ်လာသည့်အခိုက် လူအုပ်ကြီးမှာ ဒီရေလှိုင်းလုံးပမာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
လူအုပ်ကြားထဲ ဖြတ်သွားရင်း သူက လူတိုင်းကို ခေါင်းအသာညိတ်ကာ နှုတ်ဆက်လိုက်သည်။
ထို့နောက် တိတ်ဆိတ်သည့် ထောင့်တစ်နေရာကို ရှာပြီး လွီယွဲ့အာ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်တွင် ဓားပညာဌာန၏ ကောင်းကင်၌ ခရမ်းရောင် တိမ်တိုက်များ ဖုံးလွှမ်းလာပြီး နိမိတ်တစ်ခု ပေါ်လာ၏။
“ဒါ... ဒါက စီနီယာအစ်မလွီ မြင့်မြတ်ခန္ဓာ နိုးထတော့မဲ့ ထူးခြားဖြစ်စဉ်ပဲ”
“ငါတို့ ဓားပညာဌာနက နောက်ထပ် မြင့်မြတ်ခန္ဓာ ပိုင်ရှင်တစ်ဦးကို မွေးထုတ်ပေးတော့မယ်”
ဓားပညာဌာနမှ အကြီးအကဲများ ရောက်ရှိလာကြသဖြင့် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။
ဓားပညာဌာနတွင် မြင့်မြတ်ခန္ဓာ ပေါ်ထွက်လာခြင်းသည် အလွန်အရေးကြီးသည့် ကိစ္စပင်။
အကြီးအကဲများ အားလုံး မရောက်သေးခင်မှာပင်။
ကောင်းကင်စိတ်ဝိညာဉ်ဌာန မှ အကြီးအကဲများလည်း ရောက်ရှိလာကြသည်။
သူတို့ ရောက်လာသည့်အခိုက် ဌာနတစ်ခုလုံး တင်းမာသွားသည်။
အကြီးအကဲများက စီနီယာလူကြီးများဖြစ်၍ တပည့်များ၏ရှေ့တွင် ဗြောင်ကျကျ မတိုက်ခိုက်ကြပေ။
သို့သော် သူတို့ အကြည့်ချင်း ဖလှယ်လိုက်သည့်အခါ ရန်လိုမှုမီးပွားများနှင့် ပြည့်နှက်နေသည်။
ဓားပညာဌာန၏ အကြီးအကဲများသည် ကျင့်ကြံခြင်းခန်းမဆောင်၏ ထွက်ပေါက်ရှေ့တွင် အမြန် နေရာယူကာ ကောင်းကင်စိတ်ဝိညာဉ်ဌာနက တပည့်လာမလုစေရန် စောင့်ကြပ်နေကြသည်။
ကောင်းကင်စိတ်ဝိညာဉ်ဌာန၏အကြီးအကဲများကတော့ လှောင်ပြောင်လိုသည့် အမူအရာများနှင့်ပင်။
ဓားပညာဌာန၏ အထက်တွင် ဓားဘုရင်ရှောင်ယောင် သည် ဓားဘုရင်ကျန်းဝူကို အဓိပ္ပာယ်ပါပါ ပြုံးကြည့်ပြီး မေးလိုက်သည်။
“ဘာလဲ... မင်းက ငါ့ကို တားမလို့လား”
ကျန်းဝူက ပြန်ဖြေသည်။ “ငါတို့ ဓားပညာဌာနက ရှောင်ချန်းကို ဆုံးရှုံးပြီးပြီ။ နောက်ထပ် မြင့်မြတ်ခန္ဓာပိုင်ရှင် တပည့်တစ်ယောက်ကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘူး”
ဓားဘုရင်ရှောင်ယောင်က ပြောသည်။”အဲဒါက မင်းတို့ ဓားပညာဌာနရဲ့ အမှားလေ။ ငါတို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနနဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ တပည့်တစ်ယောက်ရဲ့ ရွေးချယ်ခွင့်ကို တားဆီးလို့ မရဘူး။ ပြီးတော့လကံကောင်းချင်တော့ အဲဒီကောင်မလေးနဲ့ ငါနဲ့က ရေစက်ပါလာတယ်”
“ဟက်”
ကျန်းဝူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ရှောင်ယောင်... မင်း အရှက်မရှိဘူးလား။ မြင့်မြတ်ခန္ဓာပိုင်ရှင်တိုင်းက မင်းနဲ့ ရေစက်ပါနေတာချည်းပဲလား”
“မင်း မယုံရင် ယွဲ့အာ ထွက်လာတဲ့အထိ စောင့်ပြီး ကိုယ်တိုင် မေးကြည့်လိုက်လေ” ဓားဘုရင်ရှောင်ယောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“သူက မင်းကို ဘယ်သူမှန်းတောင် သိမှာ မဟုတ်ဘူး” ကျန်းဝူက ညည်းတွားလိုက်သည်။
“ကျုပ်မှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ရဲ့ မျိုးရိုးနာမည်က လွီ တဲ့လေ” ဓားဘုရင်ရှောင်ယောင်က ရွှင်မြူးစွာ ပြုံးလျက် ပြန်ဖြေလိုက်သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ကျန်းဝူ၏ မျက်နှာသည် အကျည်းတန်သွားသည်။ “မင်းလို နှာဘူးကောင်ကများ ဒီလို စကားမျိုးကို ပေါ့ပေါ့ပါးပါး ပြောရဲတယ်ပေါ့”
ဓားဘုရင်ရှောင်ယောင်က ပခုံးတွန့်လိုက်သည်။ “မတတ်နိုင်ဘူးလေ။ ငါရဲ့ ဓားက မင်းရဲ့ဓားထက် ပိုပြီး စွမ်းအားကြီးတာကိုး”
“……”
ကျန်းဝူသည် တစ်စုံတစ်ခုက သူ၏နှလုံးသားကို ထိုးစိုက်လိုက်သည့်ပမာ ခံစားလိုက်ရသည်။
‘ဒီလူအိုကြီးက တကယ်ကို အရှက်မရှိပါလား’
နာရီအနည်းငယ် ကုန်လွန်သွားခဲ့သည်။
ကျင့်ကြံခြင်းခန်းမဆောင်၏ ဝင်ပေါက်တွင် ကျက်သရေရှိသည့် အရှိန်အဝါများ ထုတ်လွှတ်နေသည့် မိန်းမပျိုလေးတစ်ဦး ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ကျောင်းသားများသည် သူမကို အံ့ဩတကြီး ငေးကြည့်ရင်း အာမေဋိတ်သံများ မထိန်းနိုင်ဘဲ ထွက်လာ တော့သည်။ “စီနီယာအစ်မလွီက ဘယ်လို မြင့်မြတ်ခန္ဓာမျိုးကို နိုးထသွားတာလဲ။ ဘာလို့ သူက အရင်ကထက်တောင် ပိုလှနေရတာလဲ”
“နက်နဲယင်ကျောက်စိမ်းခန္ဓာ”
“လွီယွဲ့အာက နှစ်တစ်ထောင်မှာ တစ်ခါတွေ့ရခဲတဲ့ နက်နဲယင်ကျောက်စိမ်းခန္ဓာကို နိုးထသွားတာပဲ”
“ငါတို့ ဓားပညာဌာနက နောက်ထပ် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်ပြန်ပြီ”
သူ၏ပတ်ဝန်းကျင်က ဩဘာသံများကို ကြားလိုက်ရသည့်အခါ ရှောင်ချန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။
လွီယွဲ့အာသည် ရှောင်ချန်း၏ အကြည့်ကို ခံစားမိလိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြန်လည်ပြုံးပြလိုက်သည်။