← Chapters

ကျွန်တော်တော့ ချူဖုန်းက နောက်ထပ် မြင့်မြတ်ခန္ဓာပိုင်ရှင် တစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်လို့ မယုံဘူး။

Vol. 4 Ch. 40

ကျွန်တော်တော့ ချူဖုန်းက နောက်ထပ် မြင့်မြတ်ခန္ဓာပိုင်ရှင် တစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်လို့ မယုံဘူး။

Vol. 4 Ch. 40

“ယွဲ့အာ... မင်း ငါ့ရဲ့ တပည့်ဖြစ်ချင်လား”

ဓားဘုရင် ကျန်းဝူသည် ကောင်းကင်ယံမှ ပထမဆုံး ဆင်းသက်လာပြီး လွီယွဲ့အာ၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

ထိုကောင်မလေးက ဓားဘုရင်ရှောင်ယောင်၏ မျိုးဆက်‌ဖြစ်သော်လည်း သူသာ လက်ဦးမှုယူနိုင်လျှင် သူ၏တပည့်ဖြစ်လာနိုင်ပေသည်။

လွီယွဲ့အာသည် ချက်ချင်း ပြန်မဖြေပေ။ ထိုအစား သူမသည် ရှောင်ချန်း ထွက်ခွာသွားသည့်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။

ထိုလှုပ်ရှားမှုလေးက ဓားဘုရင်ရှောင်ယောင်၏အာရုံက မလွတ်သွားချေ။

သူက ကောင်းကင်ကနေ ငုံ့ကြည့်ရင်း ပြောလိုက်သည်။ “ယွဲ့အာ... မင်း ရှောင်ချန်းရဲ့ နောက်ကို အမီလိုက်ချင်တယ်ဆိုရင် ဘိုးဘေးနဲ့ လိုက်ခဲ့ပါ”

သူ၏စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။

လွီယွဲ့အာက ဓားဘုရင်ရှောင်ယောင်၏မျိုးဆက် ဖြစ်နေမည်ဟု မည်သူမျှ ထင်မထားကြပေ။

အပြင်စည်းတပည့်များက သူမကို အားကျစွာ ကြည့်နေကြသည်။

ဓားဘုရင်ကျန်းဝူတစ်ယောက်တည်းသာ အံကို တင်းတင်းကြိတ်ထားသည်။

‘ဒီ အရှက်မရှိတဲ့ လူအိုကြီးကတော့...’

ထိုစကားကို ကြားလိုက်ရသည့်အခါ လွီယွဲ့အာသည် တွန့်ဆုတ်မနေတော့ဘဲ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

“ယွဲ့အာက ဘိုးဘေးရဲ့ နောက်ကို လိုက်ပြီး အထွတ်အထိပ်ပညာရပ်တွေကို ကျင့်ကြံပါ့မယ်”

“ကောင်းပြီ”

ဓားဘုရင်ရှောင်ယောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ လွီယွဲ့အာသည် ခဏလောက် တွန့်ဆုတ်နေမည်ဟု ထင်ခဲ့မိသေးသည်။

ရှောင်ချန်း‌၏ကျေးဇူးကြောင့် အများကြီး အဆင်ပြေသွားသည်။

ကျန်းဝူသည် မကျေနပ်သော်လည်း သူ၏ပုံရိပ်ကို ထိန်းသိမ်းရမည် ဖြစ်သည်။ သူသည် လက်သီးဆုပ်ကာ ဖော်ရွေဟန်ဖြင့် ပြောလိုက်သည်။ “ကိုယ့်ရဲ့ မျိုးဆက်နဲ့ ပြန်ဆုံတွေ့ရတဲ့အတွက် တာအိုရောင်းရင်းကို ဂုဏ်ပြုပါတယ်”

သူက လွီယွဲ့အာ ဓားဘုရင်ရှောင်ယောင်ကို ရွေးချယ်လိုက်ရခြင်းမှာ ထိုသူက ပို၍သန်မာသည့်အတွက်ကြောင့်ဟုတော့ ဝန်ခံမည်မဟုတ်ပေ။

ဓားဘုရင်ရှောင်ယောင်က ပြုံးလိုက်သည်။ “တာအိုရောင်းရင်းကျန်း... ဒီနှစ်တွေတစ်လျှောက် ဓားပညာဌာနရဲ့ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ မင်းတို့ကြောင့်ပဲ ငါ့ရဲ့ မြေးမလေးက မြင့်မြတ်ခန္ဓာကို နိုးထနိုင်ခဲ့တာပါ”

“ဒါပေမဲ့ ယွဲ့အာ... အဘ်ိုးမှတ်မိသလောက်ဆိုရင် ပြီးခဲ့တဲ့ အပြင်စည်းဂိုဏ်း ပြိုင်ပွဲတုန်းက မြေးရဲ့ ကျင့်ကြံခြင်းက တာအိုတည်ဆောက်ခြင်းနောက်ဆုံးအဆင့်ပဲ ရှိသေးတာလေ”

“နှစ်ဝက်အတွင်းမှာ ဘာလို့ မြန်မြန် တိုးတက်လာရတာလဲ”

၎င်းကို ကြားလိုက်ရသည့်အခါ ဓားဘုရင်ကျန်းဝူသည် တစ်ယောက်ယောက်ကို ထိုးကြိတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။

‘သောက်ရူး ရှောင်ယောင်။’

‘ငါ့တပည့်ကို လုသွားရုံတင် မကဘူး၊ အခု လူအများကြီးရှေ့မှာ ကြွားနေသေးတယ်။’

‘မင်းက ငါ့ကို အရှက်ခွဲချင်နေတာလား။’

လွီယွဲ့အာက လေးစားစွာ ပြန်ဖြေသည်။ “အမှန်အတိုင်း ပြောရရင် အပြင်စည်းဂိုဏ်း ပြိုင်ပွဲပြီးတော့ ကျွန်မ စီနီယာအစ်ကိုရှောင်နဲ့အတူ အပြင်ထွက် လေ့ကျင့်ရင်း အခွင့်လမ်းကောင်းတစ်ခုနဲ့ ကြုံခဲ့ရလို့ပါ”

“အရေးကြီးဆုံးကတော့ ကျွန်မက ဌာနမှူးချူဆီကနေ လမ်းညွှန်မှု ခံယူဖူးပါတယ်။ သူ့ရဲ့ လမ်းညွှန်မှုကြောင့်ပဲ ဓားဆန္ဒကို ကိုးဆယ်ရာခိုင်နှုန်းလောက် အထိနားလည်သဘောပေါက်ခဲ့တာပါ”

“‌လမ်းညွှန် မှုကြောင့်ပဲ ကျွန်မ စစ်မှန်ကံကြမ္မာအဆင့်ကို တက်သွားတဲ့အပြင် ကိုယ်ပိုင် ဓားဆန္ဒကိုပါ ရှာတွေ့ခဲ့ပါတယ်။”

သူမ၏ စကားကြောင့် တစ်နေရာလုံး တိတ်ဆိတ်သွားခဲ့သည်။

ဓားဘုရင်ရှောင်ယောင်ပင် လွီယွဲ့အာ အဆင့်တက်သည်က သောင်းပြောင်းပညာရပ်ဌာနနှင့် ပတ်သက်နေမည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် ထိုကောင်မလေးပြောပုံအရဆို ချူဖုန်းက သူမကို တော်တော်လေး ကူညီပေးခဲ့ပုံ ရသည်။

ဓားဘုရင်ကျန်းဝူ၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားခဲ့သည်။

သူက လွီယွဲ့အာသည် ဓားပညာဌာနက တစ်ယောက်ယောက် လမ်းညွှန်ပေးလို့ပါဟု ဆိုပြီး ပြောလာလိမ့်မည်ဟု ထင်ထားခဲ့သည်။

ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သူ မျက်နှာသာ ရဦးပေမည်။

ယခုတော့ ထိုကောင်မလေးက သာမန်လူသား ချူဖုန်းကို ချီးမွမ်းနေလေသည်။

၎င်းက ဓားပညာဌာနတွင် သူမ ကျင့်ကြံခဲ့သည့်နှစ်ရှည်လများက ချူဖုန်း၏စကားအနည်းငယ်လောက်တောင် မထိရောက်ဟု ပြောလိုက်သည်နှင့် အတူတူပင်။

“ဟေ”

ဓားဘုရင်ရှောင်ယောင်က စိတ်ဝင်စားသွားသည်။ “ချူဖုန်းမှာ ဒီလို အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး”

လွီယွဲ့အာက လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။ “ဂိုဏ်းတူဦးလေးချူက တကယ်ကို အံ့ဩစရာ ကောင်းတယ်။ သူ့ရဲ့ လမ်းညွှန်စကား အနည်းငယ်က အများကြီး အကျိုးရှိစေတယ်”

“ဒါဆိုရင်တော့...” ဓားဘုရင်ရှောင်ယောင်၏ အပြုံးက ပိုကျယ်လာသည်။ “ငါတို့ ဌာနမှူးချူဆီကို သွားပြီး သေသေချာချာ ကျေးဇူးတင်စကား ပြောမှ ဖြစ်တော့မယ်”

ထိုသို့ပြောလိုက်ရသည့်အတွက် သူက ကျေနပ်သွားသည်။ အမှန်ဟုတ် မဟုတ်ကိုမူ ဂရုမစိုက်ပေ။

‘အရေးကြီးတာက ဓားဘုရင်ကျန်းဝူ ဘာမှ ပြန်မပြောနိုင်အောင် လုပ်လိုက်ရတာပဲ’

“ကျေးဇူးတင်ပါတယ် ဘိုးဘေး”

လွီယွဲ့အာသည် လေးစားစွာ ဦးညွှတ်လိုက်သည်။

“လာ... သွားကြစို့”

ဓားဘုရင်ရှောင်ယောင်သည် လွီယွဲ့အာကို ခေါ်ပြီး

ထွက်ခွာသွားတော့သည်။

မထွက်ခွာမီ လွီယွဲ့အာသည် ရှောင်ချန်းဘက်သို့ လှည့်ကာ လက်သင်္ကေတ တစ်ခုကို ပြလိုက်သည်။ ၎င်းက သူတို့နှစ်ယောက်သာ နားလည်သည့် သီးသန့် အမူအရာလေး တစ်ခုပင်။

ရှောင်ချန်းသည် ၎င်းကို မြင်လိုက်သည်နှင့် တိတ်တဆိတ် လှည့်ကာ အချိန်မဆွဲတော့ဘဲ ထွက်ခွာသွားတော့သည်။

ဓားပညာဌာနမှ တပည့်များသည် ဖြစ်ပျက်သွားသမျှ အရာအားလုံးကို ကြောင်အစွာကြည့်ရင်း ရပ်ကျန်ရစ်ခဲ့ကြသည်။

အချို့က အံ့ဩတကြီး တီးတိုး ပြောဆိုနေကြသည်။ “ဌာနမှူးချူက ဒီလောက်အထိ အသင်အပြကောင်းမယ်လို့ ထင်မထားဘူး”

“ဟုတ်တယ်... ရှောင်ချန်း တစ်ယောက်တည်းဆိုရင်တော့ ကံကောင်းတယ်လို့ ပြောလို့ရပေမဲ့ စီနီယာအစ်မလွီပါ ပါလာတော့ ကံကောင်းတာ သက်သက် မဟုတ်တော့ဘူး”

“ငါတို့ သောင်းပြောင်းပညာရပ်ဌာနကို သွားပြီး စာအုပ်နည်းနည်းပါးပါးလောက် သွားဖတ်ကြည့်ရင် ကောင်းမလား။ ဘယ်သူသိမှာလဲ... ဌာနမှူးချူဆီကနေ လမ်းညွှန်မှုလေး ဘာလေး ရရင် ရလာနိုင်တာပဲ”

ဓားဘုရင်ကျန်းဝူက ထိုစကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားနေရသည်။

စကားလုံးတိုင်းက ဓားတစ်လက်နှင့် သူ၏နှလုံးသားကို ပိုင်းဖြတ်နေသည့်အလား ခံစားရစေသည့်အတွက် အသက်ရှူကျပ်သွား‌တော့သည်။

“ချူဖုန်း... သောက်ကောင်စုတ်လေး။ မင်းက ငါတို့ ဓားပညာဌာနရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ”

ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်ကျလာသည့်အခိုက် ပတ်ဝန်းကျင်တစ်ခုလုံးက အနေရခက်စွာ တိတ်ဆိတ်သွားသည်။

ဓားပညာဌာနမှ အကြီးအကဲ တစ်ယောက်က သူ့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ “ဌာနမှူး... စိတ်ထဲ ထားမနေပါနဲ့။ ချူဖုန်းက ကံကောင်းသွားရုံပါ”

“ဒါပေါ့။ သူ လက်ခံလိုက်တဲ့ တပည့်ပဲ ဖြစ်ဖြစ်၊ သူလမ်းညွှန်ပေးလိုက်တဲ့သူပဲ ဖြစ်ဖြစ်၊ အားလုံးက နဂိုကတည်းက ပါရမီပါပြီးသားသူတွေချည်းပဲ။ သူမရှိရင်တောင် သူတို့ဘာသာသူတို့ တောက်ပလာကြမဲ့ သူတွေပါ”

“ဟုတ်တယ်... ကျွန်တော်တော့ ချူဖုန်းက ချောင်ရို့ချန်လိုကောင်မျိုးကိုတောင် မြင့်မြတ်ခန္ဓာ ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့တော့ မယုံဘူး”

…

“ဟတ်ချိုး...”

သောင်းပြောင်းပညာရပ်ဌာနအတွင်း၌။

ချူဖုန်းသည် ဆက်တိုက် နှာချေနေသည်။ ကောင်းကင်တွင် ချိတ်ဆွဲထားသော နေမင်းကြီးကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

“ရာသီဥတုက အေးလည်း မအေးဘဲနဲ့။ ဘာလို့ ရုတ်တရက်ကြီး ကျောချမ်းလာရတာလဲ”

“အခုတလော လေ့ကျင့်ခန်း လုပ်တာ နည်းသွားလို့ ဖြစ်မယ်။ ထိုက်ချီ နည်းနည်းလောက် သွားကစားလိုက်ဦးမယ်”

ချူဖုန်းသည် ဓားပညာဌာနတွင် ဖြစ်ပျက်နေသော ဝရုန်းသုန်းကား အခြေအနေများကို မသိဘဲ ခြံဝင်းထဲတွင် ထိုက်ချီ ကစားနေတော့သည်။

ဓားပညာဌာနက နောက်ထပ် မြင့်မြတ်ခန္ဓာပိုင်ရှင် တစ်ယောက် မွေးထုတ်ပေးလိုက်ပြီဆိုသော သတင်းသည် ဝမ်တောက်ကျောင်းတော်၏ ဌာနအသီးသီးသို့ အမြန် ပျံ့နှံ့သွားခဲ့သည်။

မူလက ၎င်းသည် ဓားပညာဌာန နှင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနကြားက ပဋိပက္ခသက်သက်ဟုသာ ထင်ခဲ့ကြသည်။

သို့သော် လွီယွဲ့အာ၏ စကား ထွက်လာပြီးနောက် လူများသည် စပ်စုချင်စိတ်များ ဖြစ်လာကြသည်။ သောင်းပြောင်းပညာရပ်ဌာနက ချူဖုန်းတွင် မည်သည့် ပညာရပ်မျိုး ရှိနေမည်နည်း။

“ကျောင်းအုပ်ကြီးချန်... ခင်ဗျား တကယ်ပဲ ချူဖုန်းက သာမန်လူလို့ ထင်နေတာလား”

ကျောင်းအုပ်ကြီး၏ ကိုယ်ပိုင်ခြံဝင်းထဲတွင် အကြီးအကဲ တစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။

ကျောင်းအုပ်ကြီးချန်က ပြုံးလိုက်သည်။ “လူအိုကြီးရှ ကျုပ် ခင်ဗျားကို ပြောပြမယ်။ သူက အင်အားကို ဖုံးကွယ်ထားတာ”

“ဝမ်တောက်ကျောင်းတော်မှာ မဟာဌာနကြီးတွေရဲ့ ဌာနမှူး‌တွေနဲ့ အကြီးအကဲတွေက လွဲရင် ဘယ်မှ သူ့ကို တကယ်တမ်းချရင် ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူကသောင်းပြောင်းပညာရပ်ဌာနရဲ့ ဌာနမှူး ရာထူးနဲ့ ထိုက်တန်ပါတယ်”

အကြီးအကဲရှ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ “ကျောင်းအုပ်ကြီးချန်... ခင်ဗျား နောက်နေတာ မဟုတ်ပါဘူးနော်။ ချူဖုန်း ဝမ်တောက်ကျောင်းတော်ကို စရောက်တုန်းက သူ့မှာ ကျင့်ကြံခြင်းတောင် မရှိဘူးလေ”

“နှစ်အနည်းငယ်အတွင်းမှာပဲ ဌာနမှူးတွေပြီးရင် ဒုတိယအမြင့်ဆုံး နေရာကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ”

ကျောင်းအုပ်ကြီးချန်သည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ “ သောင်းပြောင်းပညာရပ်ဌာနမှာ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေ ရှိတယ်ဆိုတာ မမေ့နဲ့လေ။ ကောင်လေးက အဲဒါတွေကို ဆက်ခံထားတာ။ သူ့ရဲ့ လက်ရှိ အောင်မြင်မှုက အံ့ဩစရာ မဟုတ်ပါဘူး”

၎င်းကို ကြားလိုက်ရသည့်အခါ အကြီးအကဲရှက ခေါင်းညိတ်လိုက်သည်။ သူက ချူဖုန်း မည်မျှပင် သန်မာပါစေ သူ၏အရည်အချင်းများ မည်သည့်နေရာက လာသလဲဆိုသည်ကို ဂရုမစိုက်ပေ။

မည့်သို့ပင်ဆိုစေကာမူ ချူဖုန်းက ဝမ်တောက်ကျောင်းတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထို့အပြင် သူက နှိမ့်ချပြီး နေတတ်ထိုင်တတ်၏။ အကြီးအကဲရှက ထိုကဲ့သို့ လူမျိုးကို သဘောကျသည်။

ဌာနတိုင်းက လွီယွဲ့အာ၏ မြင့်မြတ်ခန္ဓာအကြောင်း ပြောဆိုနေကြစဉ်မှာပင်။

လွီယွဲ့အာနှင့် ရှောင်ချန်းတို့သည် လေ့ကျင့်ရန်အတွက် တောင်အောက်ဆင်းမည့် တာဝန်ကို လက်ခံလိုက်သည်။ ဝမ်တောက်ကျောင်းတော်၏ ပြင်ပရေးရာ အကြီးအကဲတစ်ဦးနှင့်အတူ တပည့်သစ် စုဆောင်းရေးအတွက် တာ့လိန်သို့ လိုက်ပါသွားကြတော့သည်။

သို့သော် မဟာဌာနကိုးခုထဲတွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနက လွီယွဲ့အာ၏အခြေအနေကို လုံးဝ ဂရုမစိုက်ပေ။

သူတို့၏မျက်လုံးများက ရေခဲကန်မှာ ကျင့်ကြံနေသည့် တပည့်ထံသို့သာ ရောက်နေကြသည်။

“အကြီးအကဲနျူ၊ အကြီးအကဲနျူ၊ (၄၉ )ရက် ပြည့်ပါပြီ”

ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာနမှ တပည့်တစ်ယောက်က မယုံကြည်နိုင်စရာ ကောင်းသည့် သတင်းကို ပို့ဖို့ အသည်းအသန် ပြေးလာသည်။

“လာ... ငါ့နောက်လိုက်ခဲ့၊ အဲဒီတပည့် တံခါးပိတ်ကျင့်ကြံနေတာကနေ ထွက်လာတာကို သွားကြိုဆိုကြမယ်”

အကြီးအကဲနျူသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။

ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးချိန် သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး ထိုတပည့်ဘက်သို့ လှည့်ကာ မှာကြားလိုက်သည်။”ငါ့ရဲ့ အမိန့်ပေးတိုကင်ပြားကို ယူပြီး အတွင်းစည်းက အကြီးအကဲဟုန်ကို သွားအကြောင်းကြားချေ။ ဘာတွေ ဖြစ်နေလဲဆိုတာ သူ့ကို အသိပေးလိုက်”

“နားလည်ပါပြီ”

ထိုတပည့်သည် အကြီးအကဲနျူကို လေးစားသွားသည်။ ‘ဒီလိုအချိန်မှာတောင် သူ တစ်ယောက်တည်း မျက်နှာသာရဖို့ မကြိုးစားဘူး။ အပြင်စည်းကို စီမံခန့်ခွဲဖို့ အကြီးအကဲနျူကို တာဝန်ပေးထားတာ မဆန်းပါဘူး’

ထိုတပည့် ပြေးထွက်သွားသည်ကို ကြည့်ရင်း အကြီးအကဲနျူက စိတ်ထဲမှ တွေးလိုက်သည်။

‘ငါ့ရဲ့ နေ့ရက်ကောင်းလေးတွေတော့ စတင်တော့မယ်’

All Chapters