အခန်း (၁၄၁-၁၄၂)
Vol. 8 Ch. 141-142
အပိုင်း (၁၄၁) သစ်ဖောင်ကြီး ပြီးစီးခြင်းနှင့် အမှတ်သောင်းချီ ထပ်မံရရှိခြင်း
"အစ်ကိုလင်းယွမ်... ဟို သန္ဓေပြောင်းပိုးဟပ်တွေ ဘယ်ပျောက်သွားတာလဲ"
လူအုပ်ကြီး လူစုကွဲသွားပြီးနောက် တုံယန်က လင်းယွမ်ထံသို့ အပြေးအလွှား ရောက်လာကာ မေးမြန်းလိုက်သည်။
လင်းယွမ်ကလည်း အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏။
"ငါတို့ တောက်လျှောက်ရှင်းလင်းရေး လုပ်လာတာ တစ်ကောင်မှ မတွေ့ဘူး... နင်ကော မျက်မြင် တွေ့ဖူးလို့လား"
တုံယန်က အလျင်အမြန် ခေါင်းညိတ်ပြသည်။
"တွေ့ဖူးတယ်... ကိုယ်တိုင်ကို တွေ့လိုက်တာ... အဲဒီ သန္ဓေပြောင်းပိုးဟပ်တွေက အကောင်ကြီးတဲ့ဟာဆို ဘောလုံးလောက်ရှိပြီး အကောင်သေးရင်တောင် လက်သီးဆုပ်လောက် ရှိတယ်"
"အရင်တုန်းကဆို အုပ်စုလိုက်ကြီး ထွက်ထွက်လာပြီး လူတွေအများကြီးကို ကိုက်သတ်ဖူးတယ်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
"နင်ပြောသလိုဆိုရင် အဲဒီ သန္ဓေပြောင်းပိုးဟပ်တွေက အကြောင်းမဲ့သက်သက် ပျောက်သွားစရာ အကြောင်းမရှိဘူး... သေကုန်ရင်တောင် အလောင်းတွေ ကျန်ခဲ့ရမှာ"
တင်းယန်က ဝင်ပြောလိုက်၏။
"ငါတို့ လမ်းတစ်လျှောက်လုံးလာတာ တစ်ကောင်မှ မတွေ့ဘူး"
ကျောက်ခိုင်ကလည်း သံသယဖြင့် ဝင်ထောက်သည်။
"ဟုတ်တယ်... အစ်ကိုလင်းက အဲဒီအခန်းတွေထဲက ဖြုတ်လို့ရတာမှန်သမျှ အကုန်ဖြုတ်ယူခဲ့တာ... အဲဒီကောင်တွေ ပုန်းစရာနေရာတောင် ရှိတော့မှာ မဟုတ်ဘူး... တကယ်လို့ ပုန်းနေမယ်ဆိုရင်တောင် ဘယ်မှာသွားပုန်းမှာလဲ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ထားလိုက်တော့... ဘာပဲဖြစ်ဖြစ် ကြိုးတံတားလည်း ဆင်ပြီးသွားပြီဆိုတော့ ဒီဘက်ကူးလာရတာ အဆင်ပြေသွားပြီ"
"တုံယန်... နင် ပြန်ရောက်ရင် သတိထားနေ... တကယ်လို့ သန္ဓေပြောင်းပိုးဟပ်တွေ တွေ့ရင် ငါတို့ကို ချက်ချင်း အကြောင်းကြား... ငါတို့ အမြန်ဆုံး လာခဲ့မယ်"
တုံယန်က ခေါင်းညိတ်လိုက်သည်။
"အဲဒီလိုပဲ လုပ်ရတော့မှာပေါ့"
"ဟုတ်ပြီ... ဒါဆို ငါတို့ ပြန်တော့မယ်"
ထိုစကားကို ကြားသောအခါ တုံယန်က တစ်စုံတစ်ခုကို ပြောချင်သယောင်နှင့် စကားစ ပြတ်သွားသည်။
လင်းယွမ်က သူမ၏ ပုံစံကို ကြည့်လိုက်သည်နှင့် ဘာပြောချင်နေမှန်း ရိပ်မိလိုက်၏။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
"နင် ဘာတွေးနေလဲဆိုတာ ငါသိတယ်... နင့်မောင်လေးကိုခေါ်ပြီး ငါတို့နေတဲ့ တိုက်ဘက်ကို လိုက်ခဲ့ချင်တာမလား"
တုံယန်က ဝမ်းသာအားရ ပြန်မေးလိုက်သည်။
"ရမလားဟင်... အစ်ကိုလင်းယွမ်"
လင်းယွမ်က ပြန်ဖြေလိုက်၏။
"ရတော့ ရတယ်... ဒါပေမဲ့ တစ်ခုသတိပေးမယ်... ငါတို့ဘက်မှာက အသက်ရှင်ကျန်ရစ်သူတွေ များတယ်... ရေမျက်နှာပြင်နဲ့ ဝေးတဲ့ အခန်းတွေမှာ လူတွေအကုန် နေနေကြပြီ"
"နင်တို့ ပြောင်းလာမယ်ဆိုရင်တောင် ရေမျက်နှာပြင်နဲ့ နီးတဲ့အခန်းတွေမှာပဲ နေရဖို့များတယ်"
"ဒီရေမှတ်က တစ်နေ့နဲ့တစ်နေ့ မတူဘူး... ဘယ်အချိန် အောက်ထပ်အခန်းတွေကို ရေမြုပ်သွားမလဲဆိုတာ ပြောလို့မရဘူး"
"နင်တို့ ဟိုဘက်ရောက်မှ နေတဲ့အခန်း ရေမြုပ်သွားရင် နေစရာနေရာ မရှိဘဲ ဖြစ်သွားလိမ့်မယ်"
"ဒီဘက်မှာက အနည်းဆုံးတော့ နင်တို့အခန်းက ၃၂ ထပ်မှာ ရှိနေသေးတယ်... ရေဆက်တက်လာရင်တောင် နင်တို့အခန်းက နောက်ဆုံးမှ ရေမြုပ်မယ့်နေရာပဲ"
"ငါပြောတာ သဘောပေါက်လား"
လင်းယွမ် ပြောလိုက်သည်နှင့် တုံယန်၏ မျက်နှာက ဖြူဖျော့သွားသည်။ လင်းယွမ် ဆိုလိုရင်းကို သူမ ချက်ချင်း နားလည်လိုက်၏။
မိမိမောင်လေးကို ခေါ်ပြီး တိုက် (၇၆) ဘက်သို့ ပြောင်းသွားလျှင် နောက်ဆုံး၌ ကောင်းမွန်သည့် နေရာမရသည့်အပြင် ကိုယ့်အခန်းကိုယ် စွန့်ခွာခဲ့ရသဖြင့် မူလနေရာပါ အခြားလူများ ဦးသွားနိုင်ခြေ ရှိနေသည်။
ထိုအချိန်တွင် တင်းယန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"တုံယန်... ငါ သတိပေးလိုက်မယ်... ရေထဲမှာ သန္ဓေပြောင်းငါးတွေတင် ရှိတာမဟုတ်ဘူး... သန္ဓေပြောင်း ကုန်းနေရေနေ သတ္တဝါတွေလည်း ရှိတယ်... ကုန်းနေရေနေ သတ္တဝါတွေဆိုတာ ရေထဲမှာပဲ နေတာမဟုတ်ဘူး... အချိန်မရွေး ကုန်းပေါ် တက်လာနိုင်တယ်"
"နင်က ရေမျက်နှာပြင်နဲ့ သိပ်နီးတဲ့နေရာမှာ နေမယ်ဆိုရင် အဲဒီ သန္ဓေပြောင်းကောင်တွေနဲ့ တွေ့ရဖို့ အန္တရာယ်ပိုများတယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ တုံယန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ထိတ်လန့်တကြား မေးလိုက်မိသည်။
"ကုန်းပေါ်ပါ တက်နိုင်တယ် ဟုတ်လား... တ... တကယ်ကြီးလား"
ကျောက်ခိုင်က ဘေးမှနေ၍ စေတနာဖြင့် ဝင်ရောက်သတိပေးလိုက်၏။
"ငါတို့ တိုက် (၇၅) ဘက်တုန်းက သန္ဓေပြောင်းဖားကြီးတွေနဲ့ တွေ့ဖူးတယ်... တိုက်ပေါ်လည်း တွားတက်နိုင်သလို ရေထဲလည်း ဆင်းနိုင်တယ်"
တုံယန်၏ မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူဖျော့သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
"ဒါဆို မလိုက်တော့ဘူး... ကိုယ့်အိမ်မှာပဲ ကိုယ်နေတော့မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ငါ ခုနကပြောခဲ့တဲ့ စကားတွေ အတည်ပဲ... နောက်ဆို ဒီဘက်မှာ ငါတို့နဲ့ ချိတ်ဆက်ဖို့ နင်တာဝန်ယူ... ရိက္ခာ လဲလှယ်တာတွေကိုလည်း နင်ပဲ ဦးစီး"
"ပြီးတော့ စိတ်ချရမယ့် အိမ်ပိုင်ရှင်တချို့ကို ရှာပြီး လုံခြုံရေးအတွက် တာဝန်ခွဲဝေပေးထား"
"အခက်အခဲ တစ်ခုခုရှိရင် ငါတို့ဘက်ကို အချိန်မီ ဆက်သွယ်... ကူညီပေးလို့ရတာမှန်သမျှ အတတ်နိုင်ဆုံး ကူညီပေးမယ်"
လင်းယွမ်က မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် တင်းယန်နှင့် ကျောက်ခိုင်တို့ကို ခေါ်ကာ ခေါင်မိုးထပ်သို့ ပြန်တက်လာခဲ့သည်။
ထို့နောက် ခေါင်မိုးပေါ်ရှိ ကြိုးတံတားမှတစ်ဆင့် တိုက် (၇၆) ဘက်သို့ ပြန်ကူးလာကြ၏။
တိုက် (၇၆) ၏ ခေါင်မိုးပေါ်တွင် ဦးလေးမာ၊ ချိုင်ကြည်နှင့် အခြားလူများက ကြိုးတံတား၏ တစ်ဖက်ထိပ်မှနေ၍ သူတို့သုံးဦးကို စောင့်ကြိုနေကြသည်။
"ဟိုဘက်က အခြေအနေ ဘယ်လိုလဲ... အသားတုံးကြီးလို ဘီလူးကောင်ကြီးကို ငါတို့ လှမ်းမြင်လိုက်ရတယ်... မင်းတို့ ဘာမှမဖြစ်ကြဘူးမလား"
မာကောချိုင်က သူတို့သုံးဦးကို အကဲခတ်ရင်း စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကို သူတို့ဘက်မှ လူအများအပြား လှမ်းမြင်လိုက်ရသည်။ မိုးသက်လေပြင်းများ ကျရောက်နေသော်လည်း အကွာအဝေးမှာ နီးကပ်လွန်းသဖြင့် မြင်ကွင်းက ရှင်းလင်းနေ၏။
၁၀ ပေကျော် မြင့်မားသည့် အသားတောင်ကြီးကဲ့သို့ သတ္တဝါကြီးက တိုက်အပြင်ဘက် နံရံများပေါ်တွင် တွားသွားနေပြီး လူကူးစင်္ကြံကိုပင် ရိုက်ချိုးဖျက်ဆီးလိုက်သည်ကို အားလုံးက အထင်သား မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် လင်းယွမ်တို့၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် သူတို့၏ အမြင်များ ပြောင်းလဲသွားကြသည်။ လင်းယွမ်၏ ဩဇာအာဏာမှာလည်း လူတိုင်း၏ စိတ်ထဲ၌ အလိုအလျောက် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က ခေါင်းယမ်းလိုက်သည်။
"ထိတ်လန့်စရာ ကောင်းပေမဲ့ အန္တရာယ်တော့ မရှိပါဘူး... ဟိုဘက်မှာ အဲဒီ အသားတောင်ကြီးကလွဲရင် ကျန်တာတွေက ပြဿနာ သိပ်မရှိဘူး... စိတ်မကောင်းစရာက ကျွန်တော်တို့သွားတာ နည်းနည်းနောက်ကျသွားတော့ ဟိုဘက်မှာ လူသိပ်မကျန်တော့ဘူး"
ဦးလေးမာနှင့် ချိုင်ကြည်တို့၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
ချိုင်ကြည်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဘယ်လို... ဟိုဘက်မှာ လူတွေအများကြီး သေကုန်ကြတာလား"
လင်းယွမ်က ခေါင်းညိတ်လိုက်၏။
"အင်း... ဟိုဘက်မှာ သန္ဓေပြောင်းသတ္တဝါတွေ များတယ်... ပြီးတော့ ဟို အသားတောင်ကြီးက လူစားတဲ့ကောင်"
သူက ဆက်မပြောတော့သော်လည်း ချိုင်ကြည်အနေဖြင့် ထိုအခြေအနေ၏ မျှော်လင့်ချက်မဲ့မှုကို ခံစားမိလိုက်သည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးသည် သူတို့ လူကူးစင်္ကြံတွင် နေထိုင်ခဲ့ရသည့် ဘဝထက်ပင် များစွာ ဆိုးရွားလှသည်။ ထိုစဉ်က သူတို့သည် လျှိုအားလုံတို့လို လူဆိုးများကိုသာ သတိထားရပြီး ယခုကဲ့သို့ သတ္တဝါဆန်းများ၏ ခြိမ်းခြောက်မှုမျိုး မရှိခဲ့ပေ။
"ဟူး... ငါတို့အကုန်လုံးက သနားစရာ ကောင်းတဲ့လူတွေပါကွာ"
ဦးလေးမာက သက်ပြင်းချလိုက်သည်။
ချိုင်ကြည်က ထပ်မေးလိုက်၏။
"ဟိုဘက်မှာ လူဘယ်လောက် ကျန်သေးလဲ... အကူအညီ လိုသေးလား"
လင်းယွမ်က ပြန်ဖြေသည်။
"လူ ၃၀ လောက်တော့ ကျန်ဦးမယ်... ကျွန်တော် အစားအသောက်တချို့ ထားခဲ့ပေးတယ်... ရက်အနည်းငယ်တော့ ခံမှာပါ... နောက်ပိုင်းကျရင် သူတို့ဘာသာ ငါးဖမ်းလို့ရပြီ... ကျွန်တော်တို့ဘက်က လဲလှယ်နှုန်းထားအတိုင်း သူတို့ကို ရိက္ခာ လဲပေးမယ်လို့ ကတိပေးခဲ့တယ်"
"ဒါနဲ့... ခင်ဗျားတို့ လူတစ်ယောက်လောက် ရှာပြီး ဟိုဘက်က တုံယန်နဲ့ အရောင်းအဝယ်ကိစ္စ တာဝန်ယူခိုင်းလိုက်... တုံယန်ကလွဲရင် ကျန်တဲ့လူတွေနဲ့ အရောင်းအဝယ်မလုပ်ဘူးလို့ ဟိုဘက်ကို အသိပေးထား"
ချိုင်ကြည်က ခေါင်းညိတ်လိုက်သည်။
"သဘောပေါက်ပြီ... ငါ ခဏနေ လူစီစဉ်လိုက်ပါ့မယ်"
လင်းယွမ်က ခေါင်းညိတ်လက်ခံလိုက်ပြီး ဆက်မေးလိုက်သည်။
"ဒီရက်ပိုင်း တိုက်ထဲမှာ ဘာတွေထူးခြားသေးလဲ... ရေထဲက သန္ဓေပြောင်းကောင်တွေ ဝင်လာတာမျိုး ရှိလား"
ချိုင်ကြည်က ခေါင်းယမ်းလိုက်သည်။
"မရှိဘူး... မင်းတို့ သန္ဓေပြောင်းဖားတွေအကြောင်း ပြောပြပြီးကတည်းက ငါတို့ ကင်းလှည့်အဖွဲ့တွေက အိမ်ပိုင်ရှင် အားလုံးကို ထပ်ခါတလဲလဲ သတိပေးထားတယ်"
"အားလုံးက သတိကြီးကြီး ထားကြပါတယ်... ငါးမျှားပြီးတာနဲ့ လှေကားအပေါက်တွေကို ချက်ချင်း ပိတ်ကြတယ်လေ... ရေမျက်နှာပြင်နားက အထပ်တွေကိုလည်း အလွယ်တကူ မသွားကြတော့ဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကောင်းတာပေါ့"
"ငါ့လည်း မင်းကို ပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်... ဝမ်ကျဲတို့ ထားခဲ့တဲ့ သစ်ဖောင်လေ... အဲဒါ ငါတို့ လုပ်လို့ ပြီးသလောက်ရှိနေပြီ"
ဦးလေးမာ၏ စကားကြောင့် လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာပြီး ချက်ချင်း ပြောလိုက်သည်။
"သွားမယ်... ကျွန်တော့်ကို လိုက်ပြဗျာ"
"လိုက်ခဲ့"
ဘေးနားရှိ ကျောက်ခိုင်နှင့် တင်းယန်တို့သည်လည်း ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားကြသည်။ အခန်းပြန်ရန် စိတ်မလောတော့ဘဲ ဦးလေးမာ၊ ချိုင်ကြည်တို့နှင့်အတူ တိုက်တွဲ ၆ ခေါင်မိုးပေါ်သို့ အမြန်လိုက်ပါသွားကြ၏။
တိုက်တွဲ ၆ ခေါင်မိုးပေါ်သို့ ရောက်သောအခါ အလျား၊ အနံ ပေ ၆၀ ကျော်၊ ၇၀ ခန့် ရှိမည့် စတုရန်းပုံစံ သစ်ဖောင်ကြီးတစ်ခုကို အားလုံး တွေ့လိုက်ရသည်။
သစ်ဖောင်၏ ကိုယ်ထည်ကို သံမဏိပိုက်များဖြင့် အဓိက တည်ဆောက်ထားပြီး ဒေါင်လိုက်၊ အလျားလိုက် သံမဏိပိုက်ချောင်းရေ ဆယ်ချောင်းကျော်စီကို ယှက်သန်း ချည်နှောင်ထားသည်။
သံမဏိပိုက်များ၏ အပေါ်ဘက်တွင်မူ မူလအခန်းများမှ ခွာယူထားသော သစ်သားကြမ်းခင်းပြားများကို ဇာပ်နှင့် စနစ်တကျ ဆက်၍ သံမဏိပိုက်များပေါ်တွင် ညီညာစွာ ခင်းကျင်းထားကာ ကြီးမားသော ကြမ်းခင်းပြင်ကြီးတစ်ခု ဖန်တီးထားလေသည်။
သံမဏိဘောင်များ၏ အောက်ဘက်တွင်မူ ပလတ်စတစ်ပုံးများ၊ ပလတ်စတစ်ဘူးခွံများကဲ့သို့သော ရေပေါ် ပေါလောပေါ်နိုင်သည့် ပစ္စည်းအမြောက်အမြားကို ဖြည့်သွင်းထားသည်။
ဦးလေးမာက လိုက်လံပြသရင်း ရှင်းပြလိုက်သည်။
"သစ်သားကြမ်းခင်း အက်ကြောင်းတွေ အကုန်လုံးကို ငါနဲ့ ချိုင်ကြည်က သန္ဓေပြောင်းပင်လယ်မျှော့ အချွဲတွေနဲ့ သေချာလိုက်ဖာထားတယ်... လုံးဝ ကွဲအက်မှာ မဟုတ်ဘူး"
"အောက်က ပလတ်စတစ် အဖြည့်ခံတွေကိုလည်း ငါတို့ သေချာ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတယ်"
"ဘေးပတ်လည်မှာတော့ ပုလင်းခွံတွေကို တတ်နိုင်သမျှ ဖြည့်ထားတယ်... ဒါမှ အထဲမှာ ရေသန့်တွေ အများကြီး သိုလှောင်ထားလို့ရမှာ"
"ဒါပေမဲ့ မင်းရှိနေတော့ ရေသန့်ကိစ္စက သိပ်ပူစရာမလိုပါဘူး... ဒါပေမဲ့လည်း နောင်တစ်ချိန် ဒီသစ်ဖောင်ကို တခြားကိစ္စတစ်ခုခုအတွက် သုံးတာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မင်းပါမလာတဲ့ အခါမျိုးပဲဖြစ်ဖြစ် အဆင်ပြေအောင် ဒီလို ဒီဇိုင်းထုတ်လိုက်တာ"
"ပြီးတော့ ဟိုဘက်ကို ကြည့်လိုက်... ပန်ကာဟောင်းတွေနဲ့ လုပ်ထားတဲ့ ရေယက်ပန်ကာတွေ တပ်ထားတယ်... ဘက်ထရီနဲ့ မောင်းလို့ရတော့ ရေထဲမှာ အရှိန်မြှင့်ချင်ရင် သုံးလို့ရတာပေါ့"
"သစ်ဖောင်ပေါ်မှာတော့ မင်းပြောထားတဲ့အတိုင်း အမိုးပါတဲ့ တဲအိမ်လေး ဆောက်ထားတယ်... မိုးဒဏ်လေဒဏ် ခံနိုင်ရုံလောက်ပေါ့... ပြီးတော့ ရွက်တိုင်ရယ်၊ တြိဂံပုံ ရွက်လွှင့်စရာရယ်လည်း လုပ်ထားတယ်... လူအားနဲ့ ဆွဲတင်ဆွဲချ လုပ်ရမှာ"
"သစ်ဖောင် တစ်ခုလုံးက စတုရန်းပေ ၂၀၀၀ ကျော်လောက် ကျယ်တယ်... အလေးချိန်ဘယ်လောက် ခံနိုင်မလဲဆိုတာကတော့ ရေထဲမချရသေးတော့ စမ်းသပ်လို့ မရသေးဘူး"
"အခုက ရေထဲချဖို့ပဲ ကျန်တော့တာ... ဘယ်လိုလဲ... ရက်ရွေးပြီး စမ်းသပ်ကြည့်မလား"
ဦးလေးမာနှင့် ချိုင်ကြည်တို့၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေပြီး လက်များကို ပွတ်သပ်ကာ စိတ်လှုပ်ရှားနေကြသည်။
အချိန်အကြာကြီး ပေးပြီး တည်ဆောက်ခဲ့ရသော ဤသစ်ဖောင်ကြီးအတွက် သူတို့ ရင်ခုန်နေကြသည်။
လင်းယွမ်၏ စိတ်ထဲတွင်လည်း အလွန်တက်ကြွ လှုပ်ရှားနေမိသည်။
"စမ်းမယ်... မဖြစ်မနေ စမ်းသပ်ရမယ်"
ဦးလေးမာက ဆက်ပြောသည်။
"လောလောဆယ် ပြဿနာက သစ်ဖောင်ကို အောက်ဘက်ရောက်အောင် ဘယ်လိုချမလဲဆိုတာပဲ"
ချိုင်ကြည်ကလည်း ဝင်ပြော၏။
"ဟုတ်တယ်... သစ်ဖောင်က နည်းနည်းကြီးနေတော့ လှေကားကနေ သယ်သွားဖို့ မဖြစ်နိုင်တော့ဘူး... ငါနဲ့ ဦးလေးမာ စဉ်းစားထားတာက ကြိုးတံတားကို သုံးပြီး ၁၄ ထပ်လောက်အထိ ဆွဲချကြမလားလို့"
"၁၄ ထပ် မဟုတ်တော့ဘူး... ၁၅ ထပ် ဖြစ်သွားပြီ"
ဦးလေးမာက ဝင်ပြင်ပေးလိုက်သည်။
လင်းယွမ် ကြောင်အသွားသည်။
"ဘာ"
"မင်းတို့ မရှိတဲ့ ဒီရက်ပိုင်းမှာ ရေက ထပ်တက်လာတာ အခု ၁၅ ထပ်လောက်အထိ ရောက်နေပြီ"
ဦးလေးမာ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လာသည်။
"ဒီအတိုင်းသာ ဆက်သွားရင် ၃၂ ထပ်တိုက်က ဘယ်နှစ်ရက်လောက် ခံနိုင်ဦးမလဲ မသိတော့ဘူး"
သူ့စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။
နောက်ဆုံးတွင် လင်းယွမ်က ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"ဖြစ်အောင် လုပ်ရမှာပဲ... သစ်ဖောင်ကလည်း အဆင်သင့် ဖြစ်နေပြီ... လူဘယ်လောက် ပါနိုင်မလဲ ကြည့်ပြီး ပါနိုင်သလောက် အရင်ခေါ်သွားကြတာပေါ့"
"ပထမတစ်ခေါက် အဆင်ပြေချောမွေ့ပြီး မိန်တောင် ဒါမှမဟုတ် ထိုက်ယန်တောင်ကို ဘေးမသီရန်မခ ရောက်သွားပြီဆိုရင် ကျန်တဲ့လူတွေကို ပြန်လာခေါ်ဖို့ နည်းလမ်းရှာကြတာပေါ့"
လင်းယွမ်၏ စကားကြောင့် အားလုံး၏ မျက်နှာများ ပြန်လည် ဝင်းပလာကြသည်။
ဦးလေးမာနှင့် ချိုင်ကြည်တို့သည် ဤတိုက်မှ လူများနှင့် လက်ပွန်းတတီး နေလာခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။
ဤလူများထဲတွင် ယခင် လျှိုအားလုံတို့ကဲ့သို့ မကောင်းသူများ ရှိသော်လည်း အများစုမှာ အပြစ်ကင်းစင်သော သာမန်ပြည်သူများ ဖြစ်ကြသည်။
တချို့ဆိုလျှင် စိတ်သဘောထား ပြည့်ဝသူများပင် ဖြစ်သည်။
ဥပမာအားဖြင့် အဒေါ်ကြီးလီ ခေါ်လာသည့် အမျိုးသမီးကြီးများဆိုလျှင် ရိုးသားဖြူစင်သည့် တောသူများဖြစ်ကြပြီး သားသမီးများနှင့် အတူနေရန် မြို့ပေါ်ရောက်လာကြသူများ ဖြစ်သည်။
သူတို့ကို ဒီမှာထားခဲ့ပြီး သေခိုင်းလိုက်မည်ဆိုလျှင် အားလုံးက ပါးစပ်မှ ထုတ်မပြောကြသော်လည်း စိတ်ထဲတွင် ခံစားကြရမည် ဖြစ်သည်။
သို့သော်လည်း မတတ်နိုင်ပေ။ သစ်ဖောင်က အကန့်အသတ်ရှိပြီး လူအကုန်လုံး ဆံ့မည်မဟုတ်။
တစ်ချို့လူများ လိုက်မပါနိုင်ဘဲ ကျန်ခဲ့ရမည်မှာ မလွဲမသွေပင်။
ယခု လင်းယွမ်က ပထမအသုတ် မိန်တောင်သို့ ရောက်ပြီးလျှင် နောက်တစ်ခေါက် ပြန်လာကြိုရန် စဉ်းစားပေးမည်ဟု ပြောလိုက်သဖြင့် အားလုံး၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားရသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့သည် အိမ်နီးနားချင်းဟောင်းများကို စွန့်ပစ်ခဲ့ကြသည် မဟုတ်တော့။
"လင်းယွမ်... ဒါဆို ငါတို့ ဒီတစ်ရက်နှစ်ရက်အတွင်း သစ်ဖောင်ချဖို့ ကရိန်းတိုင်တွေ စဆောက်တော့မယ်"
ချိုင်ကြည်က လက်သီးလက်မောင်းတန်းကာ ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်၏။
"ဟုတ်ပြီ... ဒီကိစ္စက ခင်ဗျားနဲ့ ဦးလေးမာကိုပဲ အားကိုးမယ်နော်"
ထိုအချိန်တွင် လင်းယွမ်က စိတ်ထဲ၌ တွေးတောနေမိသည်။ ဒီရက်ပိုင်း လူတိုင်းကို ငါးများများဖမ်းအောင် တွန်းအားပေးပြီး အမှတ်များများရအောင် ရှာရမည်။
သစ်ဖောင်ပေါ်တက်ပြီး မိန်တောင်ဘက် ထွက်ခွာသွားသည်နှင့် နောက်ပိုင်း အမှတ်ရဖို့က ကိုယ့်အားကိုယ်ကိုး ရတော့မည် ဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူ ဆုံးဖြတ်ချက် ချလိုက်သည်။
"လဲတဲ့နှုန်းထားကို မြှင့်ပေးပြီး တစ်ညလုံး ငါးဖမ်းကြဖို့ အားလုံးကို တိုက်တွန်းရမယ်"
"ပြီးတော့ တာအိုဆရာလင်းနဲ့ ဒေါက်တာရန် တို့ဘက်ကိုလည်း အကြောင်းကြားပြီး ဒီရက်ပိုင်း အမှတ်များများ ရအောင် ကြိုးစားရမယ်"
အပေါ်ထပ်ကိစ္စများကို ဦးလေးမာနှင့် ချိုင်ကြည်တို့အား လွှဲအပ်ခဲ့ပြီးနောက် လင်းယွမ်သည် ကျောက်ခိုင်၊ တင်းယန်တို့နှင့်အတူ ၃၂ ထပ်သို့ ပြန်ဆင်းလာခဲ့သည်။
၃၂၀၁ အခန်းရှေ့တွင် လူအများအပြား ဝိုင်းအုံနေကြပြီး အားလုံးမှာ ငါးလာလဲကြသူများ ဖြစ်သည်။
လင်းယွမ်သည် တိုက် (၇၇) ဘက်သို့ သွားနေသည်မှာ ၃၊ ၄ ရက်ခန့် ရှိပြီဖြစ်သဖြင့် ဒီဘက်တွင် ငါးဘယ်လောက် ရထားပြီလဲဆိုသည်ကို မသိရှိပေ။
ထို့ကြောင့် သူ အိမ်ထဲသို့ အမြန်ဝင်လိုက်သည်။
မျက်စိရှေ့တွင် ချိုင်ယောင်နှင့် ရန်မေတို့က ငါးစာရင်းများကို မှတ်သားနေကြပြီး အစ်မဝူတို့က ငါးမသတ်ဘဲ လူအုပ်ကို ထိန်းသိမ်းနေကြသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုလင်း ပြန်လာပြီဟေ့"
"လင်းယွမ် ပြန်ရောက်ပြီ"
တစ်စုံတစ်ယောက်က အော်ပြောလိုက်သဖြင့် အားလုံးက တံခါးပေါက်ဝသို့ လှမ်းကြည့်လာကြသည်။
လူအများအပြားက လင်းယွမ်ကို နှုတ်ဆက်ကြ၏။
ရန်မေကလည်း ခေါင်းမော့ကြည့်လိုက်သည်။ သူမ၏ နဖူးတွင် ချွေးများစီးကျနေပြီး ဆံပင်များပင် စိုကပ်နေသည်။
လင်းယွမ် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းအစုံတွင် လွမ်းဆွတ်မှု၊ ဝမ်းသာမှု စသည့် ခံစားချက်ပေါင်းစုံ ပြည့်နှက်သွားသည်။
သူမသည် လူအများကြီး ရှိနေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ လင်းယွမ်ရှေ့သို့ အပြေးကလေး သွားလိုက်သည်။
"မောင်လေး"
ထိုစကား နှစ်လုံး ပြောလိုက်သည်နှင့် သူမ၏ မျက်ဝန်း၌ မျက်ရည်များ ဝဲတက်လာသည်။
လင်းယွမ်က သူမကို ဖက်လိုက်ပြီး နှုတ်ခမ်းရဲရဲလေးကို အားပါးတရ နမ်းရှိုက်လိုက်သည်။
"ငါ ပြန်ရောက်ပြီ"
ဘေးပတ်ဝန်းကျင်မှ လူများက ရယ်မောလိုက်ကြသဖြင့် ရန်မေ၏ မျက်နှာမှာ ရှက်သွေးဖြာကာ ရဲခနဲ ဖြစ်သွားသည်။
သို့သော် သူမက ရှောင်ဖယ်မသွားဘဲ လင်းယွမ်၏ လက်မောင်းကို ချိတ်တွယ်ကာ ပျော်ရွှင်ကြည်နူးနေသည့် အမူအရာဖြင့် ရှိနေသည်။
ဘေးပတ်ဝန်းကျင်ရှိ ရိက္ခာလာလဲသော အမျိုးသမီးများက ထိုမြင်ကွင်းကိုကြည့်ပြီး အားကျနေကြသည်။
"ဟယ်... ရန်မေက ကံကောင်းလိုက်တာနော်... အစွမ်းအစရှိတဲ့ ယောက်ျားကို ရထားတာ"
"ရန်မေက ကိုယ်လုံးကိုယ်ပေါက်ရော ရုပ်ရည်ရော လှတာကိုး... ဘယ်ယောက်ျားမဆို ကြိုက်မှာပေါ့"
"အစ်ကိုလင်းလို အစွမ်းအစရှိတဲ့လူမို့လို့သာ ရန်မေလို လှတဲ့မိန်းမကို ကာကွယ်ထားနိုင်တာ... မဟုတ်ရင်တော့"
"အင်း... အိမ်က လူကြီးကို ပြန်ကြည့်မိရင်တော့... ဟူး... လူချင်းယှဉ်ကြည့်ရင် ရင်နာစရာကြီး"
"ငါကြားတာတော့ ရန်မေရဲ့ အရင်ယောက်ျား လီကျစ်ချန်ဆိုလား... အဲဒီလူက အသုံးမကျတဲ့အပြင် ရန်မေကို ရိက္ခာနဲ့လဲဖို့တောင် လုပ်ခဲ့သေးတာတဲ့... ဘာတွေ တွေးနေလဲ မသိပါဘူး"
"ရန်မေတော့ ဒုက္ခထဲက လွတ်သွားပြီပေါ့"
...
အမျိုးသမီးများက အားကျခြင်း၊ မနာလိုခြင်း စသည့် ခံစားချက်မျိုးစုံဖြင့် ပြောဆိုနေကြသည်။
အမျိုးသားများကမူ လင်းယွမ်ကို အားကျနေကြသည်။ အစွမ်းအစရှိသည်၊ ရိက္ခာရှာနိုင်သည်၊ အိပ်ရာထဲ၌ အဖော်ပြုပေးမည့် လှပသော အမျိုးသမီးလည်း ရှိနေသည် မဟုတ်ပါလား။
ထိုလူများ၏ အတွေးများကို လင်းယွမ် ဂရုမစိုက်။ အခန်းထဲသို့ ရောက်သည်နှင့် ရန်မေကို ချက်ချင်း မေးလိုက်သည်။
"ဒီရက်ပိုင်း ငါးဘယ်လောက်ရလဲ"
"အကောင် ၁၇၀၀ ကျော်နေပြီ... မောင်လေးသာ ပြန်မလာရင် မမတို့တော့ ဒုက္ခရောက်တော့မှာ"
ငါးကိစ္စ ပြောလိုက်သည်နှင့် ရန်မေ၏ မျက်နှာက မဲ့ကျသွားသည်။
လင်းယွမ်က ၁၇၀၀ ကျော်ဟု ကြားလိုက်သည်နှင့် မျက်လုံး ပြူးကျယ်သွား၏။
"ဘာ... အဲဒီလောက်တောင် များတာလား"
သူ့ရင်ထဲ၌ ဝမ်းသာပီတိများ လှိုင်ခနဲ ဖြစ်သွားသည်။ ၁၇၀၀ ကျော်ဆိုလျှင် တစ်ကောင်ကို ပျမ်းမျှ ၈ မှတ်နှင့် တွက်လျှင်ပင် အမှတ် ၁၃၀၀၀ ကျော် ရမည်ဖြစ်သည်။
အရင်က အမှတ်မလောက်သဖြင့် စိတ်ညစ်နေခဲ့ရသော်လည်း ယခုတော့ အမှတ်တစ်သောင်းကျော် ထပ်ဝင်လာတော့မည်။
သူ့စိတ်ထဲတွင် ကျေနပ်သွားပြီး ဤလူများကို ကယ်တင်ထားကာ သူ့အတွက် ငါးဖမ်းခိုင်းခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တွေးမိလိုက်သည်။
"အဲဒါ သိပ်အများကြီး မဟုတ်သေးဘူး... မောင်လေး မသိလို့... ဒီရက်ပိုင်း အမတို့တိုက်တစ်ခုတည်းတင် တစ်နေ့ကို ငါး ၃၀၀၊ ၄၀၀ လောက် ရနေတာ... ဟိုဘက်က တာအိုဆရာလင်းတို့ဆီကလည်း တစ်နေ့ကို ၃၀၀၊ ၄၀၀ လောက် လာပို့ကြတယ်"
"မောင်လေး ပြန်မလာရင် အိမ်မှာ ထားစရာနေရာတောင် မရှိတော့ဘူး... အဲဒါတောင် ငါးတွေအများကြီး သေကုန်လို့"
"မောင်လေးက ကိုယ်တိုင်သတ်မယ်ဆိုပြီး မှာထားတော့ မမတို့လည်း မသတ်ရဲဘဲ ဒီအတိုင်း ကြည့်နေရတာ"
ရန်မေ၏ စကားကြောင့် လင်းယွမ် ရင်နာသွားသည်။
"ငါးဘယ်လောက် သေသွားလဲ... ဘယ်လောက်လဲ" သူက အလောတကြီး မေးလိုက်သည်။
ရန်မေက ဖြေသည်။ "အကောင် ၁၀၀ ကျော်လောက် ရှိမယ်"
လင်းယွမ်က လေအေးများ ရှိုက်သွင်းလိုက်မိသည်။ ရင်ထဲတွင် သွေးထွက်မတတ် နှမြောသွားပြီး "မြန်မြန်... ကျွန်တော်သွားသတ်မယ်... အခုချက်ချင်း သွားသတ်မယ်" ဟု ပြောကာ ဧည့်ခန်းထဲသို့ ပြေးသွားသည်။
ဧည့်ခန်းတွင် လုပ်ထားသော ငါးကန်ထဲ၌ သန္ဓေပြောင်းငါး အများစုမှာ သေလုမျောပါး ဖြစ်နေကြပြီ။
လင်းယွမ်က ဘာစကားမှ မဆိုတော့ဘဲ စိတ်စွမ်းအင်ကို တရကြမ်း ထုတ်လွှတ်လိုက်သည်။
စိတ်စွမ်းအင် တုန်ခါမှု ရိုက်ခတ်ချက်တစ်ခုက သေလုမျောပါး ဖြစ်နေသော ငါးများအားလုံးကို ချက်ချင်း ကိစ္စတုံးသွားစေသည်။
စနစ်ဆီမှ အမှတ်ရရှိကြောင်း အသိပေးချက်များ တရစပ် တက်လာ၏။
လင်းယွမ်က သက်ပြင်းချလိုက်ပြီးနောက် စိတ်စွမ်းအင် တုန်ခါမှုကို ဧရိယာအကျယ်လိုက် ဆက်လက် အသုံးပြုလိုက်သည်။
နှစ်မိနစ် မပြည့်ခင်မှာပင် ငါးကောင်ရေ ၁၇၀၀ ကျော်အားလုံးကို သတ်ဖြတ်ပြီးစီးသွားသည်။
လင်းယွမ်က ရပ်မနေဘဲ ဂဏန်းများ၊ ပုစွန်များ၊ ပင်လယ်လိပ်များနှင့် ခရုများကို ဆက်လက် သတ်ဖြတ်လိုက်သည်။
အလုပ်ရှုပ်ပြီးသွားချိန်တွင် သူ့၏ စိတ်စွမ်းအင်များလည်း ကုန်ခန်းလုနီးပါး ဖြစ်သွား၏။
သို့သော်လည်း ငါးများကို အချိန်တိုအတွင်း အကုန်သတ်နိုင်ခဲ့သည်။
သူ့၏ အမှတ်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
[အမှတ် - ၁၆၈၉၁ မှတ်]
လင်းယွမ် အတိုင်းအဆမရှိ ဝမ်းသာသွားသည်။ မူလက အမှတ်ရာဂဏန်းသာ ကျန်တော့သော်လည်း ယခုအခါ ပြန်လည် ပြည့်ဖြိုးလာခဲ့ပြီ။
အမှတ် ၁၅၀၀၀ အကျော်သို့ တန်းရောက်သွားသည်။
အရေအသွေးမှတ်များနှင့် လဲလှယ်လိုက်ပါက ၁၆ မှတ်အထိ ရရှိနိုင်မည် ဖြစ်သည်။
လင်းယွမ်က ပြုံးပျော်ရွှင်နေသော်လည်း မလှမ်းမကမ်းရှိ အစ်မဝူတို့မှာမူ မျက်နှာမကောင်းကြပေ။
အကြောင်းမှာ ဤငါးကောင်ရေ တစ်ထောင်ကျော်ကို သူတို့က ဆက်လက် ကိုင်တွယ် ဖြေရှင်းရတော့မည် မဟုတ်ပါလား။
"မောင်လေး... နောက်တစ်ခါဆိုရင် အမတို့ပဲ သတ်လိုက်လို့ မရဘူးလား... မောင်လေး ပြန်လာတာကိုပဲ စောင့်နေရရင် အဆင်မပြေဘူးလေ" ရန်မေက မနေနိုင်ဘဲ ပြောလိုက်သည်။
လင်းယွမ်၏ မျက်နှာထား တည်သွားပြီး ချက်ချင်း ခေါင်းယမ်းလိုက်သည်။
"ဒီကိစ္စက ညှိနှိုင်းလို့မရဘူး... ငါးတွေအားလုံးကို ကျွန်တော်ကိုယ်တိုင်ပဲ သတ်ရမယ်"
"ဟင်... အဲ"
ရန်မေသည် လင်းယွမ်၏ လေးနက်တည်ကြည်သော မျက်နှာထားကို မြင်သောအခါ ဆက်မမေးရဲတော့ဘဲ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ "ဒါဆိုရင် ငါးတွေအများကြီးကို တစ်ပြိုင်နက် လုပ်ရမှာဆိုတော့ အစ်မဝူတို့ နိုင်ပါ့မလား... ပြီးတော့ အချိန်ကြာရင် သေပြီးသားငါးတွေက ပုပ်ကုန်မှာ စိုးရိမ်ရတယ်"
လင်းယွမ်က စဉ်းစားလိုက်ပြီး "ခဏနေကျရင် ကျောက်ခိုင်ကို ခေါ်လိုက်မယ်... ရေခဲတွေ များများ ဖန်တီးခိုင်းလိုက်မယ်"
ကျောက်ခိုင် ရေခဲဖန်တီးသည့်အကြောင်း ပြောလိုက်မှ ရန်မေက တစ်စုံတစ်ခုကို သတိရသွားပြီး "ဪ... အမ မေ့တော့မလို့... ဟိုဘက်က တာအိုဆရာလင်းက မနေ့က ကျောက်ခိုင်အကြောင်း မေးသေးတယ်... သူတို့ ရေခဲသိုလှောင်ခန်းအတွက် ရေခဲလိုနေလို့ ကျောက်ခိုင်ကို ရေခဲလာလုပ်ပေးစေချင်နေတာ"
လင်းယွမ်က ပြုံးလိုက်သည်။ "သိပြီ... ကျွန်တော် ကျောက်ခိုင်ကို ပြောလိုက်မယ်"
"တိုက် (၇၇) ဘက်ကကော ရေခဲသိုလှောင်ခန်း လိုမလား မသိဘူး... ကျောက်ခိုင်ကို မေးခိုင်းရဦးမယ်"
တိုက် (၇၅) မှ တာအိုဆရာလင်းတို့၏ ရေခဲခန်းအကြောင်း တွေးမိရင်း တိုက် (၇၇) မှ တုံယန်တို့ဘက်တွင်လည်း ရိက္ခာသိုလှောင်ရန် ရေခဲခန်း လိုအပ်မည်ကို လင်းယွမ် သတိရလိုက်သည်။
ကျောက်ခိုင်အတွက် စီးပွားရေးလမ်းကြောင်း တစ်ခု ထပ်ပွင့်သွားပြီ ဖြစ်သည်။
ငါးသတ်ပြီးသွားသဖြင့် ကျန်တာကို အစ်မဝူတို့ လက်ထဲ အပ်လိုက်သည်။
အလုပ်ဝန်ပိပြီး ပမာဏ များပြားလွန်းသဖြင့် အကူအညီရရန် လူနှစ်ယောက်လောက် ထပ်ခေါ်ဖို့ အမမေကို လင်းယွမ် ပြောလိုက်သည်။
ရန်မေတွင် လူရွေး ရှိပြီးသား ဖြစ်သဖြင့် မကြာမီမှာပင် မိန်းကလေးငယ် နှစ်ဦး ရောက်ရှိလာကြသည်။
ထိုအထဲမှ တစ်ဦးကို လင်းယွမ် ကောင်းကောင်း မှတ်မိနေသည်။ ထိုသူမှာ ဆွံ့အနားမကြားသည့် မိန်းကလေး လုယွီယန် ပင် ဖြစ်သည်။
လင်းယွမ်က ရန်မေကို လှမ်းကြည့်လိုက်ရာ သူမက ပြုံးပြနေသဖြင့် သဘောပေါက်လိုက်သည်။
ရန်မေသည် ဤမိန်းကလေးကို ကူညီချင်နေခြင်း ဖြစ်သည်။ ယခင်က ကျန်းလန်ကျွမ်းတို့ မိသားစု သုံးယောက်က လုယွီယန်အပေါ် နှိပ်စက်ခဲ့ဖူးသည်များကို အတိုးချပြီး ပြန်ပေးဆပ်သည့် သဘောလည်း ဖြစ်မည်။
ဤနည်းလမ်းသည် မိန်းကလေး၏ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ ကိုယ့်တန်ဖိုးကိုယ် ပြန်လည် မြှင့်တင်ပေးနိုင်သည့် နည်းလမ်းဖြစ်သည်။
လင်းယွမ်သည် စိတ်ထဲ၌ ရန်မေကို လေးစားသွားမိသည်။
ဒီမုဆိုးမလေးက ရုပ်ချောသလောက် စိတ်ထားကလည်း လှပလွန်းသည်။ ထို့ကြောင့်လည်း သူမအပေါ် အချစ်မလျော့ဘဲ အမြဲတမ်း အလိုလိုက်နေမိခြင်း ဖြစ်သည်။
နောက်ထပ် မိန်းကလေး တစ်ယောက်ကတော့ လီဖျင် ဟု ခေါ်သည်။ ရုပ်ရည်က သာမန်ပါပင်။ လုယွီယန်၏ 'အာနီမဲ' ဆန်သော ရုပ်ရည်နှင့် ယှဉ်လိုက်လျှင် သူမက တောသူမလေး တစ်ယောက်လို ရိုးအအ ပုံစံပေါက်နေသည်။
(အာနီမဲ - Anime)
ရုပ်ရည်က ရိုးသားပြီး ခန္ဓာကိုယ်က အနည်းငယ် ဝဖြိုးကာ ကြောက်ရွံ့တတ်သည့် ပုံစံရှိသည်။
ရန်မေက မိတ်ဆက်ပေးသည့်လူ ဖြစ်သဖြင့် လင်းယွမ်က ဘာမှ အများကြီး မမေးတော့ဘဲ လက်ခံလိုက်သည်။
ထိုကိစ္စ ပြီးသွားသောအခါ ချိုင်ယောင်က လဲလှယ်မည့် စာရင်းများကို ယူလာပြီး ရန်မေကို ပေးလိုက်သည်။
ရန်မေက စာရင်းကို ကြည့်ပြီးနောက် လင်းယွမ်ကို ကမ်းပေးလိုက်သည်။
"ဒီငါးအကောင် တစ်ထောင်ကျော်အတွက် လူအများစုက အထားခံမယ့် ဆန်နဲ့ ဂျုံမှုန့်ကိုပဲ လဲချင်ကြတယ်"
ဆန်နှင့် ဂျုံမှုန့်တို့သည် သေချာ သိမ်းဆည်းထားနိုင်လျှင် ကြာရှည် အထားခံသည်။
အိတ်ထဲတွင် ထည့်ထား၍တော့ မရပေ။ ကော်ပုလင်းများထဲတွင် ထည့်ပြီး လေလုံအောင် ပိတ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။
ထိုသို့ သိမ်းဆည်းခြင်းက အပြင်ဘက်တွင် မိုးရွာပြီး စိုစွတ်နေသော်လည်း အချိန်တိုအတွင်း ပုပ်သိုးသွားခြင်း မရှိနိုင်ပေ။
လင်းယွမ်က စာရင်းပါ အချက်အလက်များအတိုင်း ပစ္စည်းသိုလှောင်ခန်းထဲမှ လုံလောက်သော ရိက္ခာများကို ထုတ်ယူကာ ရန်မေကို ပေးအပ်လိုက်သည်။
အလုပ်ကိစ္စများ ပြီးသွားသဖြင့် ရေတစ်ခွက်လောက် သောက်ပြီး နားမည် ကြံရွယ်ကာရှိသေး၊ လျှိုဖိန်ဖိန်က "အစ်ကိုလင်းယွမ်... အစ်ကိုလင်းယွမ်" ဆိုပြီး အော်ဟစ်ကာ စိတ်လှုပ်ရှားစွာ အပြေးရောက်လာသည်။
"အစ်ကိုလင်းယွမ်... အစ်ကိုလင်းယွမ်... အောင်မြင်ပြီ... အောင်မြင်သွားပြီ... စိုက်ခင်းခန်းထဲက ဟင်းသီးဟင်းရွက် ပျိုးပင်တွေ အညှောင့်ထွက်လာပြီ"
ထိုစကားကို ကြားလိုက်သည်နှင့် လင်းယွမ်သာမက အခြားသော အိမ်ပိုင်ရှင်များပါ အံ့အားသင့် ဝမ်းသာသွားကြသည်။
"ပျိုးပင်တွေ ဟုတ်လား"
"ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရသွားပြီလား"
"ဟာ... ဒါဆို နောက်ဆိုရင် ငါတို့ ဟင်းသီးဟင်းရွက် စားရတော့မှာပေါ့"
လင်းယွမ်ကလည်း အပြေးအလွှား ထရပ်လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။
"သွား... သွားကြည့်ရအောင်"
ဆက်ရန်...
အပိုင်း (၁၄၂) နေကြာပင် အညှောင့်ပေါက်ခြင်းနှင့် ကျန်းကောချန်၏ အဖွဲ့ငယ်လေး
ရန်မေပင်လျှင် လက်ရှိကိစ္စများကို ပစ်ထားလိုက်ပြီး ချိုင်ယောင်အား မှာကြားစရာရှိသည်များကို မှာကြားကာ ထိုနေရာသို့ အပြေးအလွှား လိုက်သွားလေတော့သည်။
တိုက်အဆောက်အအုံအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ခြင်းက အားလုံး၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့၏။
သန္ဓေပြောင်း ငါးကိုသာ ရေရှည်စားသုံးနေပါက ဗီတာမင်ဓာတ် ချို့တဲ့လာမည်မှာ အသေအချာပင် ဖြစ်သည်။
လင်းယွမ်က ဆန်နှင့် ဂျုံ အမြောက်အမြား ထောက်ပံ့ပေးထားသော်လည်း ၎င်းတို့မှာ ကာဗိုဟိုက်ဒရိတ်များသာဖြစ်ပြီး ထိုအထဲတွင် ပါဝင်သော ဗီတာမင်ဓာတ် ပမာဏမှာ လူ့ခန္ဓာကိုယ်အတွက် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
လူဟူသည် ဟင်းသီးဟင်းရွက် စားသုံးမှသာ ဖြစ်ချေမည်။
ကလေးများပင်လျှင် အသီးအရွက်မစားပါက အရပ်မရှည်လာနိုင်ကြောင်း သိကြသည်မဟုတ်လော။ လူကြီးများဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့။
ပြီးခဲ့သည့် ရက်ပိုင်းကဆိုလျှင် ဗီတာမင်ဓာတ် လုံလောက်စွာ မစားသုံးရသဖြင့် သွေးအားနည်းရောဂါ ခံစားရသူများပင် ရှိခဲ့သေးသည်။
ထို့ကြောင့် ဤသတင်းကောင်းကို ကြားလိုက်ရသည်နှင့် တိုက်ခန်းတွင်းရှိ လူအားလုံး စိတ်လှုပ်ရှားသွားကြခြင်း ဖြစ်၏။
လင်းယွမ် အောက်ထပ်သို့ ရောက်လာချိန်တွင် အပင်စိုက်ပျိုးခန်းရှေ့၌ လူအများအပြား ဝိုင်းအုံကြည့်ရှုနေကြပြီ ဖြစ်သည်။
ကျောက်ခိုင်က လူအုပ်ကို ထိန်းသိမ်းရန် ဦးဆောင်လမ်းရှင်းနေပြီး စိုက်ပျိုးခန်းအတွင်းသို့ ဝင်ထွက်ခွင့် မပြုပေ။
လင်းယွမ် ဝင်လာသည်ကို မြင်သောအခါ အားလုံးက လမ်းဖယ်ပေးကြသည်။
စိုက်ပျိုးခန်းထဲတွင်မူ အိုက်စပ်စိုစွတ်နေဆဲဖြစ်ပြီး မြေဆွေးနံ့များ နံစော်နေ၏။
သို့သော် မည်သူမျှ ဂရုမစိုက်ကြဘဲ စိတ်လှုပ်ရှားစွာဖြင့် အထဲသို့သာ လှမ်းမျှော်ကြည့်နေကြသည်။
အခန်းက မှိန်ဖျဖျဖြစ်နေသဖြင့် ဧည့်ခန်းထဲတွင် မို့မောက်နေသော မြေကြီးတန်းများကိုသာ သူတို့ မြင်နေကြရသည်။
မြေကြီးပေါ်တွင် ပလပ်စတစ်အိတ်များ အုပ်ထားသဖြင့် ဘာကိုမျှ သေချာမမြင်ရပေ။
သို့သော် အားလုံးက စူးစမ်းချင်စိတ် ပြင်းပြနေကြပြီး မမြင်ရလျှင်တောင်မှ ကြည့်ချင်နေကြဆဲပင်။
လင်းယွမ် ဝင်လာလိုက်သည်နှင့် အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ ပြတင်းပေါက်နားတွင် စုဝေးနေကြပြီး ထိုနေရာမှ အလင်းရောင်များ ဖြာထွက်နေသည်ကို တွေ့လိုက်ရ၏။
"ဆုန့်ဝမ်... အဒေါ်ကြီးလီ... အစ်ကိုလင်း ရောက်လာပြီ" လျှိုဖိန်ဖိန်က လှမ်းအော်ပြောလိုက်သည်။
အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ ခေါင်းမော့ကြည့်လာကြပြီး နှစ်ဦးသား၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေကြသည်။
"လင်းယွမ်... နင်လာတာ ကွက်တိပဲ... မြန်မြန် လာကြည့်ပါဦး... နင်ပေးတဲ့ မျိုးစေ့တွေ အညှောင့်ပေါက်လာပြီ... တကယ် အံ့သြဖို့ကောင်းတယ်... ဒါ ဘာအစေ့မို့လို့ အလင်းရောင် ထွက်နေတာလဲ"
အဒေါ်ကြီးလီက လင်းယွမ်ကို ဆွဲခေါ်သွားရင်း အံ့သြဝမ်းသာစွာ ပြောဆိုလေသည်။
လင်းယွမ် ကြည့်လိုက်ရာ မြေကြီးပုံပေါ်တွင် အစိမ်းရောင် အညှောင့်သုံးခုခန့် ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
သူ့ကို အံ့အားသင့်စေသည်မှာ ထိုအစိမ်းရောင် အညှောင့်များက အလင်းထုတ်လွှတ်နေခြင်းပင်။
အညှောင့်တစ်ခုစီသည် အယ်လ်အီးဒီ မီးချောင်းငယ်လေးများအလား မှိန်ဖျဖျ အလင်းရောင်များ ထုတ်လွှတ်နေကြသည်။
၎င်းသည် ဖျော့တော့သော အစိမ်းရောင်အလင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ မြေကြီးကိုပါ လင်းလက်သွားစေသည်။
ထိုအလင်းရောင်ကို ကြည့်ရင်း အကြောင်းပြချက်မရှိဘဲ နေရောင်ခြည်ကို သတိရသွားစေ၏။
ဤမျှလောက် မိုးသည်းထန်စွာရွာသွန်းနေသည်မှာ တစ်နှစ်ဝက်ခန့် ရှိနေပြီဖြစ်ရာ နေရောင်ခြည် မည်သို့ပုံစံရှိသည်ကိုပင် မေ့လုနီးပါး ဖြစ်နေကြပြီမဟုတ်လော။
လင်းယွမ် ဝမ်းသာအားရဖြင့် ကိုယ်ကိုကိုင်းကာ ထိုအညှောင့် သုံးပင်ကို သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
"အစ်ကိုလင်း... ဒါ ဘာမျိုးစေ့လဲဟင်... ကျွန်မရဲ့ သန္ဓေပြောင်းအစွမ်းနဲ့ သုံးရက်တိတိ ပြုစုပျိုးထောင်ပေးခဲ့ရတာ... အခုမှပဲ အညှောင့်ထွက်လာတော့တယ်... ဒါပေမဲ့... အလင်းထွက်တဲ့ အပင်မျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး"
ဆုန့်ဝမ်ကလည်း ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း သိချင်စိတ်နှင့် ဝမ်းသာစိတ်တို့ ရောယှက်နေသော လေသံဖြင့် လင်းယွမ်ကို မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဒါ ငါ မတော်တဆ ရထားတဲ့ မျိုးစေ့တွေပဲ... နေကြာစေ့တွေ ဖြစ်လောက်တယ်... မျိုးစေ့တွေပါ သန္ဓေပြောင်းသွားမယ်လို့ ငါလည်း မထင်ထားမိဘူး" ဟု ဖြေလိုက်သည်။
လင်းယွမ်သည် အမှန်တိုင်း ထုတ်ပြောမည် မဟုတ်ဘဲ အကြောင်းပြချက်တစ်ခု ပေးလိုက်ခြင်းသာ ဖြစ်သည်။
ဆုန့်ဝမ်က ခေါင်းညိတ်ကာ "နေကြာပင် ဖြစ်နေတာကိုး... ဒါပေမဲ့ သန္ဓေပြောင်းသွားတယ်ဆိုတော့... ကျွန်မရဲ့ အစွမ်းနဲ့ ပျိုးထောင်လိုက်လို့များလား" ဟု ရေရွတ်လိုက်သည်။
"အဲဒါတော့"
လင်းယွမ် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီးမှ "နင်ရဲ့ အစွမ်းက အပင်တွေ ကြီးထွားနှုန်းကို မြန်စေတယ်မလား" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က လင်းယွမ်၏ ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ်ကာ "ဟုတ်တော့ဟုတ်တယ်... ဒါပေမဲ့ ကျွန်မ မစမ်းရဲဘူး... အရင်တုန်းက တခြားအပင်တွေကို စမ်းသပ်ဖူးတယ်... ကျွန်မရဲ့ အစွမ်းနဲ့ စွမ်းအင်ဖြည့်ပေးလိုက်ရင် အဲဒီအပင်တွေက ချက်ချင်းကြီးထွားလာပြီး ကျွန်မ ခိုင်းသမျှ နားထောင်ကြတယ်"
"ဒါပေမဲ့ စွမ်းအင်ဖြည့်ပေးတာ ရပ်လိုက်တာနဲ့ ကျွန်မ အတင်းကြီးထွားခိုင်းထားတဲ့ အပင်တွေက ချက်ချင်း ညှိုးခြောက်သွားရော... ကျွန်မ ထင်တာကတော့ ကျွန်မရဲ့ အစွမ်းက သူတို့ရဲ့ သက်တမ်းကို အလွန်အကျွံ ဆွဲသုံးလိုက်သလို ဖြစ်နေလားလို့"
လင်းယွမ် ကြားလိုက်ရသည့်အခါ တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် "နင် အရင်က စမ်းသပ်ခဲ့တာတွေက ရိုးရိုးအပင်တွေပဲ မဟုတ်လား"
"ဟုတ်တယ်"
"သန္ဓေပြောင်းအပင်တွေနဲ့ရော စမ်းဖူးလား"
"အဲဒါကတော့... သန္ဓေပြောင်းအပင် ကျွန်မ မတွေ့ဖူးသေးဘူးလေ"
ဆုန့်ဝမ် ခေါင်းခါပြလိုက်သည်။
"ဒီလိုလုပ်... ဒီသုံးပင်ထဲက တစ်ပင်ကို ရွေးပြီး စမ်းကြည့်လိုက်"
လင်းယွမ်က ဆုံးဖြတ်ချက်ချလိုက်ပြီး သန္ဓေပြောင်း နေကြာပင်အညှောင့် တစ်ပင်အား ရွေးချယ်စမ်းသပ်ရန် ဆုန့်ဝမ်ကို ပြောလိုက်သည်။
ဆုန့်ဝမ်က အနည်းငယ် တွန့်ဆုတ်နေပြီး "အစ်ကိုလင်း... ဒီသန္ဓေပြောင်းအပင်တွေ ရဖို့ မလွယ်ဘူးလေ... အစ်ကိုကျောက်ခိုင် အစွမ်းရတဲ့ ကိစ္စကိုလည်း ကျွန်မ သိပါတယ်... တကယ်လို့ ဒီသန္ဓေပြောင်းအပင်တွေ ပုံမှန်အတိုင်း ကြီးလာရင် သန္ဓေပြောင်းအသီးတွေ သီးလာနိုင်တယ်မလား"
"ဒီတိုင်းကြီး ကျွန်မကို စမ်းသပ်ခိုင်းလို့... တော်ကြာ... ကျွန်မလက်ချက်နဲ့ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ"
ကျောက်ခိုင်၏ သန္ဓေပြောင်းအစွမ်းမှာ လင်းယွမ် ပေးလိုက်သော သန္ဓေပြောင်းအသီးကို စားသုံးရာမှ ရရှိလာခြင်းဖြစ်ကြောင်း ဆုန့်ဝမ် ကြားဖူးထားသည်။
ထို့ကြောင့် ယခုအချိန်တွင် သူမ အနည်းငယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။
သန္ဓေပြောင်းအစွမ်းကို ဘေးထွက်ဆိုးကျိုး မရှိဘဲ ရရှိနိုင်သော သန္ဓေပြောင်းအသီးများ သီးလာနိုင်သည့် အပင်က မည်မျှ တန်ဖိုးကြီးမားကြောင်း လူတိုင်း နားလည်ကြသည်။
သို့သော် လင်းယွမ်ကမူ ပြုံးရုံသာပြုံးလိုက်ပြီး "မပူနဲ့... ပျက်စီးသွားရင်လည်း နင်အပြစ် မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ထိုအခါမှ ဆုန့်ဝမ် စိတ်သက်သာရာရသွားပြီး "သိပြီ... ဒါဆို ကျွန်မ စမ်းကြည့်လိုက်မယ်" ဟု ခေါင်းညိတ်လိုက်သည်။
သူမ၏ ဖြူနုသွယ်လျသော လက်ချောင်းလေးများဖြင့် မြေကြီးကို ဖွဖွလေး ဖိလိုက်သည်။
ချက်ချင်းပင် သူမ၏ လက်ချောင်းထိပ်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းထုတ်လွှတ်နေသော နေကြာပင်အညှောင့်များအနက် တစ်ပင်ဆီသို့ ဖြည်းညှင်းစွာ စီးဝင်သွားလေသည်။
လင်းယွမ်နှင့် အဒေါ်ကြီးလီတို့ စိုက်ကြည့်နေကြစဉ်မှာပင် ထိုနေကြာပင်အညှောင့်သည် မျက်စိရှေ့မှောက်၌ပင် တရိပ်ရိပ် ကြီးထွားလာပြီး အပေါ်သို့ ထိုးတက်လာ၏။
မကြာမီ ပဲပင်ပေါက်အရွယ်အစားမှ ကြက်သွန်မြိတ်အမြင့်ခန့်သို့ လျင်မြန်စွာ ကြီးထွားလာ၏။
ယခုအခါ ၎င်း၏ ပင်စည်ပေါ်တွင် အရွက်လေးငါးရွက် ထွက်ပေါ်လာပြီ ဖြစ်သည်။
ထိပ်ပိုင်းတွင်လည်း ပန်းပွင့်အညှောင့်အသစ်များ ထွက်ပေါ်လာနေသည်။
တစ်ခုလုံးကို ခြုံကြည့်လိုက်ပါက နေကြာပင် ပုံသဏ္ဌာန် ပေါ်လာပြီ ဖြစ်သည်။
၎င်း၏ အစိမ်းရောင် ပင်စည်နှင့် အရွက်များသည် နူးညံ့သော အလင်းရောင်များ ထုတ်လွှတ်နေပြီး အဝါရောင်သန်းသော အစိမ်းရောင်အလင်း ဖြာထွက်နေခြင်း ဖြစ်သည်။
ထိုအလင်းရောင်က အခန်းတွင်းကို လင်းထိန်သွားစေပြီး ရုတ်တရက် ကြည့်လိုက်လျှင် အခန်းထဲ၌ နေကြာပန်းပုံစံ မီးချောင်း တပ်ဆင်ထားသည်ဟုပင် ထင်မှတ်ရသည်။
"မရတော့ဘူး"
ရုတ်တရက် ဆုန့်ဝမ် လက်ကို ပြန်ရုပ်လိုက်ပြီး မောဟိုက်စွာ အသက်ရှူနေရသည်။
လင်းယွမ်တို့ သူမကို ကြည့်လိုက်ကြရာ ဤအချိန်တိုလေးအတွင်း ဆုန့်ဝမ်၏ နဖူးပေါ်တွင် ချွေးသီးများ စို့နေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ် အံ့သြသွားပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ကျွန်မရဲ့ အစွမ်းတွေ ကုန်သွားပြီ"
"ဟေ... ဒီလောက်တောင် မြန်တာလား" လင်းယွမ် အံ့သြသွား၏။
ဆုန့်ဝမ်၏ မျက်နှာမှာ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး "ဒီသန္ဓေပြောင်းအပင်က ကျွန်မရဲ့ အစွမ်းကို ပိုပြီး စုပ်ယူနေတဲ့ပုံပဲ... ဒါပေမဲ့ သူက သူ့ရဲ့ သက်တမ်းကို အသုံးပြုတာမဟုတ်ဘဲ ကျွန်မရဲ့ အစွမ်းသက်သက်ကိုပဲ အသုံးပြုပြီး ကြီးထွားလာတာလို့ ခံစားမိတယ်... သာမန်အပင်တွေနဲ့ မတူဘူး" ဟု ပြောလိုက်သည်။
ဆုန့်ဝမ် အလွန်ပင်ပန်းနေသော်လည်း သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားရိပ်များ ယှက်သန်းနေ၏။ ဤတွေ့ရှိချက်က သူမကို အံ့အားသင့်စေခဲ့သည်။
လင်းယွမ် တွေးဆလိုက်သည်။ တကယ်ပင် သန္ဓေပြောင်းအပင်များနှင့် သာမန်အပင်များက လုံးဝ မတူညီကြပေ။
သူက "နင် အရင်ဆုံး သေချာနားလိုက်ဦး... နောက်ရက်တွေမှာ ဒီအပင်တွေကို နင်တို့ပဲ သေချာ ဂရုစိုက်ပေးရမှာ" ဟု ပြောလိုက်သည်။
ဆုန့်ဝမ်က "စိတ်ချပါ အစ်ကိုလင်း... ကျွန်မတို့ သေချာ ဂရုစိုက်ပါ့မယ်" ဟု ပြန်ပြောလေသည်။
ထိုစဉ် အဒေါ်ကြီးလီက "လင်းယွမ်... ဒီပထမအသုတ် ဟင်းသီးဟင်းရွက်တွေကို မစားဘဲ မျိုးစေ့ချန်ထားရင် ကောင်းမလား... ဒုတိယအကြိမ် ပြန်စိုက်လို့ရအောင်လေ... နင် ဘယ်လိုသဘောရလဲ" ဟု အကြံပြုလာသည်။
လင်းယွမ် ရယ်မောလိုက်ပြီး "အဒေါ်ကြီးလီ... မျိုးစေ့ကိစ္စကို ကျွန်တော့်တာဝန်သာ ထားလိုက်ပါ... ခင်ဗျားတို့က စိုက်ဖို့သာ ပြင်ထားကြ... ရိတ်သိမ်းချိန်တန်ရင် ရိတ်သိမ်းပြီး စားသာစားကြ... မျိုးစေ့ချန်စရာ မလိုဘူး" ဟု ပြောလိုက်သည်။
လင်းယွမ်၏ လက်ထဲတွင် မျိုးစေ့ အများအပြား ရှိနေသေးသည်။ တစ်ချို့မှာ အခြားတိုက်ခန်းများမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အများစုမှာမူ ကံစမ်းမဲဘီးမှ မဲပေါက်ထားခြင်း ဖြစ်၏။
ယခင်က မဲဖောက်တိုင်း လက်ကျန်အမှတ် အနည်းငယ်ကို သူက ကျပန်းမဲဖောက်လေ့ရှိသည်။
တစ်ချို့က အစားအသောက်၊ တစ်ချို့က ဟင်းသီးဟင်းရွက်၊ မုန့်ပဲသရေစာများလည်း ပါဝင်သည်။
ထိုအထဲတွင် မျိုးစေ့ အများအပြား ပါဝင်သည်။
ထိုမျိုးစေ့များသည် စနစ်မှ ထုတ်ပေးခြင်းဖြစ်ပြီး သန္ဓေပြောင်းမျိုးစေ့များ မဟုတ်သော်လည်း အရည်အသွေးမြင့် မျိုးကောင်းမျိုးသန့်များ ဖြစ်ကြသည်။
အဒေါ်ကြီးလီတို့ စိုက်ပျိုးပြီး မျိုးစေ့ပြန်ချန်ထားမည်ဆိုပါက ဒုတိယမျိုးဆက် မျိုးစေ့များ ဖြစ်သွားမည်ဖြစ်ပြီး စိုက်ပျိုးထွက်ရှိလာမည့် အသီးအနှံများမှာ ပထမမျိုးဆက်လောက် ကောင်းမွန်မည် မဟုတ်ပေ။
ထို့ကြောင့် မျိုးစေ့ချန်မည့်အစား စားပစ်လိုက်ခြင်းက ပို၍ အကျိုးရှိပေသည်။
"အခု စုစုပေါင်း ဟင်းသီးဟင်းရွက် ဘယ်နှမျိုး ရှိလဲ"
လင်းယွမ်က အဒေါ်ကြီးလီကို မေးလိုက်သည်။
အဒေါ်ကြီးလီက "ဒီသန္ဓေပြောင်းမျိုးစေ့တွေကလွဲရင် ကျန်တာက ရိုးရိုးမျိုးစေ့တွေ... စုစုပေါင်း လေးမျိုးရှိတယ်... ငရုတ်ပွ၊ အာလူး၊ ခရမ်းသီး နဲ့ ခရမ်းချဉ်သီး" ဟု ဖြေလိုက်သည်။
လင်းယွမ် ခေါင်းညိတ်ကာ "မဆိုးဘူးပဲ... ဒီအပင်တွေက အလွယ်တကူ ကြီးထွားနိုင်တဲ့ အပင်မျိုးတွေပဲ... အထူးသဖြင့် ခရမ်းချဉ်သီးဆိုရင် ဟင်းသီးဟင်းရွက်အနေနဲ့ရော အသီးအနှံအနေနဲ့ပါ စားလို့ရတယ်"
အဒေါ်ကြီးလီကလည်း ပြုံးရွှင်စွာဖြင့် "ဒီလေးမျိုးစလုံးက အဖိုးတန် ဟင်းသီးဟင်းရွက်တွေချည်းပဲ... အထူးသဖြင့် ငရုတ်ပွ၊ အာလူးနဲ့ ခရမ်းသီးတွေဆိုရင် ရာသီဥတုသာ သင့်တော်မယ်ဆိုရင် နွေဦးကနေ ဆောင်းဦးအထိ စိုက်လို့ရတယ်... ကောင်းကောင်း စိုက်တတ်ရင် အထွက်နှုန်းလည်း ကောင်းတယ်"
လင်းယွမ်လည်း ပြုံးလိုက်ပြီး "အဒေါ်ကြီးလီ... အဲဒါတွေအတွက် ခင်ဗျားတို့ကိုပဲ အားကိုးရတော့မယ်... ပြီးတော့ ငရုတ်သီး... ကျွန်တော် မျိုးစိတ် နှစ်မျိုး ပေးခဲ့တယ် မှတ်လား"
"ဟုတ်တယ်... နင်ပေးထားတာ ငရုတ်ပွနဲ့ ကုလားအော်သီး နှစ်မျိုးလေ... အဲဒါ ပြောမလို့ပဲ... ငရုတ်ပွက ကြော်စားလို့ရသလို ကုလားအော်သီးက အမွှေးအကြိုင်အနေနဲ့ သုံးလို့ရတယ်... တကယ့် ပစ္စည်းကောင်းတွေပဲ... အိမ်က ဦးလေးမာတောင် ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောနေသေးတယ်... နေ့တိုင်း ငါးကြီးပဲ စားနေရတာ အီနေပြီတဲ့... ငရုတ်သီးသာရှိရင် အစပ်ချက်လေး ချက်စားလို့ရပြီး ငါးကို ဟင်းပွဲအမျိုးမျိုး ဖန်တီးလို့ရပြီတဲ့"
အဒေါ်ကြီးလီမှာ မျက်နှာတစ်ပြင်လုံး အပြုံးများဖြင့် ဝေဆာနေပြီး နောင်တစ်ချိန်တွင် ဘဝနေထိုင်မှု အဆင့်အတန်း မြင့်မားလာတော့မည်ဖြစ်သဖြင့် မျှော်လင့်ချက်ရောင်ခြည် သန်းလာလေပြီ။
လင်းယွမ် ရယ်မောလိုက်ပြီး သူတို့ကို အားပေးစကား ပြောကြားလိုက်သည်။ ထို့နောက် "ဒါနဲ့... ဒီတစ်ခေါက် တိုက် (၇၇) ဘက်ကနေ မြေကြီးတွေ အများကြီး သယ်လာခဲ့သေးတယ်... ခင်ဗျားတို့ နောက်ထပ် စိုက်ခင်းတစ်ခု ထပ်လုပ်လိုက်ကြ... အဲဒီစိုက်ခင်းမှာ တခြား ဟင်းသီးဟင်းရွက် အမျိုးအစားတွေ စိုက်ကြတာပေါ့" ဟု ပြောလိုက်သည်။
"အမလေး... သိပ်ကောင်းတာပေါ့... အခုချိန်မှာ ဒီမြေကြီးတွေက အဖိုးအဖြတ်မနိုင်ဆုံးပဲ" အဒေါ်ကြီးလီက ပေါင်ကိုပုတ်ကာ ဝမ်းသာအားရ ပြောလေသည်။
လင်းယွမ်တို့ စကားပြောနေကြစဉ် အပြင်ဘက်ရှိ အိမ်ရှင်များသည်လည်း စိတ်လှုပ်ရှားကာ ဝရုန်းသုန်းကား ဖြစ်နေကြသည်။
လူသွားလမ်းတွင် လူများ ပြည့်နှက်နေပြီး သတင်းကောင်းကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် စိတ်လှုပ်ရှားစွာ ဖြန့်ဝေနေကြ၏။
"တကယ် ဟင်းသီးဟင်းရွက်တွေ ပေါက်လာပြီဟေ့... သိပ်ကောင်းတာပဲ... ငါတို့ နောက်ဆို ဟင်းသီးဟင်းရွက် စားရတော့မယ်"
"ဘယ်လို စိုက်လိုက်ကြတာလဲ... ဒီအုတ်ကြမ်းခင်းပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်လို့ရတယ်လား"
"နင်တို့ မသိပါဘူး... လင်းယွမ်က အမြော်အမြင် ကြီးမားတယ်... တခြားအိမ်တွေက ပန်းအိုးတွေ ဘာတွေ လိုက်စုပြီး အထဲက မြေကြီးတွေကို ဒီနေရာမှာ လာပုံထားတာ... ပြီးတော့ စိုက်ပျိုးခန်း လုပ်လိုက်တာလေ"
"အဒေါ်ကြီးလီတို့ကို ဟင်းသီးဟင်းရွက် စိုက်ဖို့ လင်းယွမ်က တာဝန်ပေးထားတာ... အရင်က သတင်းမကြားရဘဲ အခုမှ စိုက်လို့ အောင်မြင်သွားတာနေမှာ"
"အမလေး... တကယ်ကို အံ့မခန်းပဲ... ဘယ်လို စိုက်ကြတာလဲ... မြေဩဇာက ဘယ်ကရတာလဲ... မျိုးစေ့ကရော"
"မြေဩဇာကတော့ ငါသိတယ်... လင်းယွမ်တို့ သတ်လိုက်တဲ့ ငါးတွေရဲ့ အူတွေ အကြေးခွံတွေကို ဒီနေရာသယ်လာပြီး မြေဆွေးလုပ်ကြတာလေ"
"မျိုးစေ့ကတော့ ဘယ်ကရလဲ မသိဘူး... လင်းယွမ်က လူမနေတဲ့ အိမ်တွေထဲ ဝင်ရှာရင်း တွေ့လာတာ ဖြစ်မယ်"
"ဟာ... ငါလည်း မျိုးစေ့က ဒီလောက် အရေးပါမှန်း မသိခဲ့မိဘူး"
"ပြောမနေပါနဲ့တော့... လင်းယွမ်တို့မို့လို့သာ လူတိုင်း အသက်ရှင်အောင် ဦးဆောင်ပေးနိုင်တာ... အရင်တုန်းက လျှိုအားလုံတို့ ဝမ်ကျဲတို့ အဖွဲ့ကို ကြည့်ပါလား... သူတို့က ငါတို့ သေတာ ရှင်တာ ဂရုစိုက်လို့လား"
"ဟုတ်ပ... အဲဒီလူတွေက တစ်နေ့တစ်နေ့ ငါတို့ကို နှိပ်စက်ဖို့ပဲ သိတာ... ဟင်းသီးဟင်းရွက် စိုက်ဖို့ ဘယ်သူက တွေးမိမှာလဲ"
"ငါတို့တိုက်မှာ လင်းယွမ် ရှိနေတာ တကယ် ကံကောင်းတာပဲ"
......
ဘေးပတ်ဝန်းကျင်မှ လူအများအပြားက လင်းယွမ်အပေါ် ကျေးဇူးတင်စကားများ ဆိုနေကြပြီး အချို့မှာ သေဆုံးသွားသော ဆွေမျိုးသားချင်းများကို လွမ်းဆွတ်ကာ မျက်ရည်များပင် ကျလာကြသည်။
ထိုသူများသာ မသေဆုံးသေးပါက ယခုအချိန်တွင် အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့နိုင်ကြမည် မဟုတ်ပါလော။
သို့သော် လင်းယွမ်ကို ကျေးဇူးတင်သူများ ရှိသကဲ့သို့ မကျေမနပ် ဖြစ်နေသူများလည်း ရှိနေပေသည်။
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က "ဟမ့်... မိုးက မတိတ်နိုင်... ရေမျက်နှာပြင်ကလည်း မြင့်သထက် မြင့်လာတယ်... ဟင်းသီးဟင်းရွက် စိုက်နိုင်တော့ရော ဘာထူးမှာလဲ... ကြာရင် ရေလွှမ်းပြီး သေကြရမှာပဲဟာ" ဟု တိုးတိုးလေး ညည်းတွားလိုက်သည်။
ထိုစကားကြောင့် လူအများအပြားက ဒေါသတကြီး လှည့်ကြည့်လိုက်ကြသည်။
သို့သော် လူသွားလမ်းတွင် လူများလွန်းသဖြင့် ထိုလူမှာ လူအုပ်ထဲ ရောနှောကာ ပျောက်ကွယ်သွားလေပြီ။
လူအများက ဆဲရေးလိုက်ကြသော်လည်း ပျော်ရွှင်နေသော စိတ်အခြေအနေမှာ မှေးမှိန်သွားလေတော့သည်။
ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးကို လှမ်းကြည့်မိလိုက်ကြသည်။
ဟုတ်ပေသည်... ရေကြီးမှုက မလျော့ကျဘဲ ရေမျက်နှာပြင်ကလည်း တရိပ်ရိပ် တက်လာနေသည် မဟုတ်လော... တိုက်အဆောက်အအုံတစ်ခုလုံး ရေလွှမ်းသွားခဲ့လျှင် မည်သို့ လုပ်ကြမည်နည်း။
ယခင်က ထိုအကြောင်းအရာကို မတွေးရဲသဖြင့် မသိချင်ယောင် ဆောင်ထားခဲ့ကြသည်။
မိုးတိတ်သွားမည့်အချိန်၊ ရေပြန်ကျမည့်အချိန်ကိုသာ ရင်ထဲက တိတ်တဆိတ် မျှော်လင့်နေခဲ့ကြသည်။
သို့သော် ယခု နှစ်ဝက်မျှ ကြာမြင့်လာသည့်တိုင် မိုးက မတိတ်သည့်အပြင် ရေပြန်ကျမည့် အရိပ်အယောင်လည်း မတွေ့ရပေ။
လူတိုင်း၏ စိတ်နှလုံးသည် ထုံထိုင်းနေကြပြီ ဖြစ်သည်။
လူအများအပြားက ထိုကိစ္စများကို မတွေးရဲတော့ပေ။
ယခုလို ဝမ်းသာစရာ ကိစ္စပေါ်လာချိန်မှ တစ်စုံတစ်ယောက်က ထိုအကြောင်းကို ထုတ်ပြောလိုက်သဖြင့် အားလုံး၏ ပျော်ရွှင်မှုများ ပျက်စီးသွားရသည်။
လင်းယွမ်က အခန်းထဲတွင် ရှိနေသော်လည်း သူ၏ ထက်မြက်လှသော အာရုံခံနိုင်စွမ်းကြောင့် အပြင်ဘက်မှ အသံများကို ကြားနေရ၏။
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ မိမိ၏ ဩဇာအာဏာ ဤမျှ ကြီးမားနေပြီး တိုက်တစ်ခုလုံးရှိ လူအများစုက မိမိကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြသော်လည်း မိမိကို ကြည့်မရသူများ ရှိနေသေးသည်ကိုး။
သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်ဝန်းအိမ်တွင် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ဘာမှ ထုတ်မပြောသော်လည်း ထိုကိစ္စကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် လင်းယွမ် ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ အပြင်ဘက်ရှိ လူအများကို လှမ်းပြောလိုက်သည်။
"အားလုံးပဲ... နေ့လယ်ပိုင်း အားရင် ခေါင်မိုးထပ်ကို လာခဲ့ကြပါ... အချင်းချင်းလည်း အသိပေးလိုက်ကြပါဦး... အားလုံးကို အသိပေးစရာ ကိစ္စတစ်ခု ရှိတယ်"
လင်းယွမ်၏ စကားကြောင့် အားလုံး ရင်ထိတ်သွားကြသည်။
အိမ်ရှင်အများအပြားက လေယာဉ်ပျံကိစ္စကြောင့် ခေါင်မိုးထပ်တွင် လူစုဝေးခဲ့ကြသည်ကို ပြန်လည် သတိရသွားကြသည်။
ထိုစဉ်က လျှိုချန်ဖာကြောင့် လင်းယွမ် ဒေါသထွက်ကာ လူသတ်ခဲ့ပြီး အစားအစာ လဲလှယ်နှုန်းထားများကို မြှင့်တင်ပစ်ခဲ့ဖူးသည်။
လူတိုင်း မျက်နှာပျက်သွားကြပြီး အချို့က အလျင်အမြန်ပင် အော်ပြောလိုက်ကြသည်။
"လင်းယွမ်... စောစောက ပေါက်ကရ ပြောတာ ကျွန်တော်တို့ မဟုတ်ပါဘူး"
"ဟုတ်ပါတယ် လင်းယွမ်ရယ်... ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး"
"ဘယ်ကောင်လဲကွ... ဒီလိုအချိန်မျိုးမှာ ဘယ်ကောင်က ပေါက်ကရ ပြောတာလဲ... ထွက်ခဲ့စမ်း... ငါ ဦးလေးဖုန်းက အဲဒီကောင်ကို အရင်ဆုံး ဆုံးမပြမယ်"
"လင်းယွမ်... စိတ်မဆိုးပါနဲ့ဗျာ"
......
လူအများ၏ မျက်နှာပေါ်တွင် အသနားခံလိုသော အရိပ်အယောင်များ ပေါ်လာကြပြီး လင်းယွမ် စိတ်မဆိုးစေရန် ဆုတောင်းနေကြသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ခင်ဗျားတို့ ထင်သလို မဟုတ်ပါဘူး... ကျွန်တော်က ခင်ဗျားတို့ အားလုံးနဲ့ ကိစ္စတစ်ခု တိုင်ပင်စရာ ရှိလို့ပါ... ဒီကိစ္စက နောင်အနာဂတ် အသက်ရှင်သန်ရေးနဲ့ သက်ဆိုင်နေတယ်"
"မလာချင်ရင်လည်း ရပါတယ်... ကျွန်တော် အတင်းမတိုက်တွန်းပါဘူး"
"နေ့လယ်စာ စားပြီးရင် ခေါင်မိုးထပ်မှာ ကျွန်တော် စောင့်နေပါမယ်"
......
လူအုပ်ကြီးထဲတွင် ဆံပင်စုတ်ဖွားနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လင်းယွမ်အား စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ လူအုပ်နှင့်အတူ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလေသည်။
မကြာမီ သူသည် တိုက်တွဲ ၆ ၊ ၁၉ လွှာဝန်းကျင်ရှိ အခန်းတစ်ခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။
တံခါးကို ဖွဖွလေး ခေါက်လိုက်ရာ အထဲမှ အသံမကြားရပေ။ ခဏအကြာတွင် သူက တံခါးခေါက်ပုံ ပြောင်းလိုက်ပြီး သုံးချက်ရှည်ရှည်၊ နှစ်ချက်တိုတို စည်းချက်ကျကျ ခေါက်လိုက်သည်။
"ဘယ်သူလဲ"
"အစ်ကိုကျန်း... ကျွန်တော် ဖူရှင်းဝမ်ပါ"
"ဪ... ရှောင်ဖူပဲ... တံခါးဖွင့်လိုက်"
တံခါးပွင့်လာသည်နှင့် ဖူရှင်းဝမ်ဆိုသူက ဘယ်ညာဝဲယာ ကြည့်လိုက်ပြီး နောက်ယောင်ခံလိုက်သူ မရှိသည်ကို သေချာမှ အခန်းထဲသို့ လျင်မြန်စွာ ဝင်သွားလေသည်။
တံခါးလာဖွင့်သူကလည်း အပြင်သို့ ထွက်ကြည့်ပြီး လူမရှိမှ တံခါးပြန်ပိတ်လိုက်သည်။
အခန်းထဲရှိ ဧည့်ခန်းတွင် လူသုံးဦး စုဝေးနေကြသည်။
မီးဖိုချောင်ထဲတွင် အမျိုးသမီးတစ်ဦး ချက်ပြုတ်နေသည်။
ဖူရှင်းဝမ် ဝင်လာပြီးနောက် "စားစရာ ရှိလားဗျ" ဟု မေးလိုက်သည်။
"ကျိုးချင် ချက်နေတယ်... အပြင်မှာ ဘာဖြစ်နေတာလဲ... ဘာလို့ ဒီလောက် ဆူညံနေကြတာလဲ" တစ်ယောက်က မေးလိုက်သည်။
ဖူရှင်းဝမ်က လေသံမာမာဖြင့် "ဟိုကောင် လင်းယွမ်လေ... အပင်စိုက်ပျိုးခန်းဆိုလား ဘာလား လုပ်ထားတာ... ဒီနေ့ သူစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ အညှောင့်ပေါက်လာလို့ လူတွေ အများကြီး သွားကြည့်နေကြတာ"
"ဘာ... ဟင်းသီးဟင်းရွက် စိုက်လို့ရသွားပြီ ဟုတ်လား"
"သိပ်ကောင်းတာပေါ့... ဒါဆို ငါတို့ နောက်ဆို ဟင်းသီးဟင်းရွက် စားရတော့မှာပေါ့"
"မင်းတို့ကလည်း အကောင်းဘက်က တွေးလွန်းအားကြီးတယ်... အဲဒီ ဟင်းသီးဟင်းရွက်တွေ ပေါက်လာရင်တောင် သူက ထုတ်ပြီး လဲလှယ်ပေးမယ် ထင်လို့လား"
"ဟုတ်တယ်... ဟင်းသီးဟင်းရွက်ဆိုတာ ဆန်တို့ ဂျုံတို့နဲ့ မတူဘူး... ဆန်နဲ့ဂျုံက အရမ်းများတော့ သူတစ်ယောက်တည်း စားမကုန်လို့ အထားခံရင် ပုပ်သွားမှာစိုးလို့သာ ငါတို့ဆီက ငါးနဲ့ လဲပေးတာ"
"ဟင်းသီးဟင်းရွက်ကျတော့ အထွက်နှုန်းက နည်းနည်းလေး... သူစားဖို့တောင် လောက်မှာမဟုတ်ဘူး... အပြင်လူတွေကို ပေးပါ့မလား"
"အစ်ကိုရန် ပြောတာ ဟုတ်တယ်... အဲဒီကောင်က ကောက်ကျစ်စဉ်းလဲတဲ့ကောင်... အစ်ကိုကျန်းကို သူဘယ်လို အရှက်ခွဲခဲ့လဲဆိုတာ မင်းတို့ မမေ့ကြနဲ့ဦး"
"အစ်ကိုကျန်း.. ဘယ်လိုထင်လဲ"
စကားပြောရင်း အားလုံး၏ အကြည့်များက ဆိုဖာပေါ်တွင် ထိုင်နေသော အသက် ၅၀ ကျော်ခန့်ရှိ လူကြီးတစ်ယောက်ဆီသို့ ရောက်ရှိသွားကြသည်။
ထိုလူကြီးမှာ အခြားသူမဟုတ်... ယခင်က လင်းယွမ်ကို အသုံးချပြီး ဝမ်ကျဲအဖွဲ့ကို တိုက်ခိုက်ရန် ကြံစည်ခဲ့ဖူးသော ကျန်းကောချန်ပင် ဖြစ်လေသည်။
လင်းယွမ်က ဝမ်ကျဲအဖွဲ့ကို သတ်ဖြတ်ပြီးနောက် သူ၏ တူမဖြစ်သူ ကျန်းယွမ်ယွမ်ကိုပါ တစ်ပါတည်း သတ်ဖြတ်ခဲ့သည်။
ထိုစဉ်က လင်းယွမ်သည် ကျန်းကောချန်အကြောင်း ခေါင်းထဲမရှိဘဲ ပစ္စည်းများ သိမ်းဆည်းရန်သာ အာရုံစိုက်နေခဲ့သည်။
သို့သော် ကျန်းကောချန်ကမူ ထိုကိစ္စကို မမေ့ပျောက်ခဲ့ပေ။
အမှန်အတိုင်း ပြောရလျှင် သူ၏တူမအပေါ် သံယောဇဉ် အထူးတလည် ကြီးမားလှသည်တော့ မဟုတ်ပေ။
သို့သော် ထိုကိစ္စ၏ နောက်ကွယ်မှ အကြောင်းအရာများက လင်းယွမ်အပေါ် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာစေခဲ့သည်။
သူသည် တူမဖြစ်သူကို ကယ်တင်ရန် အကြောင်းပြချက်ဖြင့် လင်းယွမ်ကို အကူအညီ တောင်းခံခဲ့သည် မဟုတ်လော။
လင်းယွမ်သည် သူ့တူမမှာ ကျန်းယွမ်ယွမ်ဖြစ်ကြောင်း သိရက်နှင့် သတ်ဖြတ်ပစ်ခဲ့ခြင်းက ဘာကို ပြသနေသနည်း။
လင်းယွမ်သည် သူ့အပေါ် အမြင်မကြည်လင်ကြောင်းနှင့် သူ၏ ရည်ရွယ်ချက်ကို ရိပ်မိနေသဖြင့် မျက်နှာသာ မပေးခဲ့ခြင်းကို ဖော်ပြနေခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းယွမ် တိုက် (၇၅) ကို ထိန်းချုပ်လိုက်ပြီးနောက် ကျန်းကောချန်သည် လူမသိသူမသိ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
ဤအခန်းထဲတွင် ရှိနေကြသူများမှာ အခြေခံအားဖြင့် လင်းယွမ်နှင့် ရန်ငြိုးရှိသူများချည်း ဖြစ်ကြသည်။
ကျိုးချင်ဆိုသူ အမျိုးသမီးမှာ ဝမ်ကျဲ၏ လက်ရုံးဖြစ်သူ ကျိုးဝမ်နှင့် ညီအစ်မ ဝမ်းကွဲ တော်စပ်သူ ဖြစ်သည်။
သူမသည် ဝမ်ကျဲအဖွဲ့ဝင် တစ်ယောက်ဖြစ်သော်လည်း မိန်းမသားဖြစ်သဖြင့် အပြင်ထွက်ခဲလှသည်။
လင်းယွမ်က ဝမ်ကျဲအဖွဲ့ကို ရှင်းလင်းစဉ်က ဤအမျိုးသမီး ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းကောချန်ဘေးမှ အသက် ၄၀ ကျော်အရွယ် အမျိုးသားမှာ လီချွန်းဖြစ်ပြီး မူလက ချန်ဟုန်၏ နောက်လိုက် ဖြစ်သည်။
ချန်ဟုန် သေဆုံးသွားပြီးနောက် သူက လွတ်မြောက်လာပြီး ဤနေရာရှိ ဆွေမျိုးအိမ်တွင် လာရောက် ပုန်းအောင်းနေခြင်း ဖြစ်သည်။
ထိုဆွေမျိုးမှာ ဖူရှင်းဝမ်ပင် ဖြစ်သည်။
ကျန်ရှိနေသော လူငယ်မှာ ဖူရှင်းဝမ်၏ သား ဖူထောင် ဖြစ်သည်။
ဖူရှင်းဝမ်သည် ဝမ်ကျဲအဖွဲ့ဝင် မဟုတ်သလို ဝမ်ကျဲ၏ လက်အောက်ငယ်သားလည်း မဟုတ်ပေ။
သို့သော် သူနှင့် လင်းယွမ်ကြားတွင် ကြီးမားသော ရန်ငြိုးရှိနေသည်။
ဖြစ်စဉ်မှာ ယခင်က သူနှင့် ချိုင်ကြည်တို့ အဖွဲ့ကို သန္ဓေပြောင်းကြောင်များက အခန်းထဲတွင် ပိတ်လှောင်ထားခဲ့ဖူးသည်။
ထိုစဉ်က လင်းယွမ် လာရောက်ကယ်တင်ရာတွင် ၎င်းတို့အထဲမှ တစ်ယောက်ကို ငါးစာအဖြစ် အသုံးချခဲ့ပြီး ကျန်လူများ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။
သို့သော် ဖူရှင်းဝမ် ထွက်ပြေးစဉ်တွင် သန္ဓေပြောင်းကြောင်များ လင်းယွမ်ကို အာရုံစိုက်လာစေရန် ရည်ရွယ်ချက်ဖြင့် သံဗူးခွံကို တမင်တကာ ပစ်ချခဲ့သည်။
သူသည် သန္ဓေပြောင်းကြောင်များကို အသုံးပြုပြီး လင်းယွမ်ကို သတ်ဖြတ်ချင်ခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ထိုစဉ်က သူနှင့် လင်းယွမ်ကြားတွင် ကြီးမားသော ရန်ငြိုးရန်စ မရှိခဲ့ပေ။ စကားအနည်းငယ်များခဲ့ဖူးရုံသာ ရှိသည်။
သို့သော် သူက စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသဖြင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် လင်းယွမ် အင်အားကြီးမားလာပြီး ဝမ်ကျဲအဖွဲ့ကို ရှင်းလင်းပစ်ရုံသာမက တိုက် (၇၆) ၏ ဘုရင်တစ်ဆူ ဖြစ်လာခဲ့သည်။
ဖူရှင်းဝမ်မှာ ကြောက်လန့်လွန်းသဖြင့် အခန်းပြင်ပင် မထွက်ရဲတော့ချေ။ ရက်အတော်ကြာမှ လင်းယွမ်တို့ လာရောက် ရှာဖွေခြင်း မရှိသည်ကို တွေ့ရသဖြင့် စိတ်အေးသွားရသည်။
သို့သော် သူသည် အပြင်ထွက်တိုင်း မျက်နှာကို ဖုံးကွယ်ထားလေ့ရှိသည်။
လင်းယွမ်တို့က သူ့ကို မေ့နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ကို တွေ့ရှိသွားပါက လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိထားသည်။
ယခု လင်းယွမ်သည် တိုက် (၇၆) ၏ ခေါင်းဆောင်ဖြစ်နေပြီဖြစ်ပြီး လျှိုအားလုံအဖွဲ့ကို သတ်ဖြတ်ခဲ့စဉ်က သာမန်နေထိုင်သူအဆင့် မဟုတ်တော့ပေ။
နောက်ပိုင်းတွင် ဖူရှင်းဝမ်သည် ကျန်းကောချန်တို့နှင့် တွေ့ဆုံမိပြီး အားလုံးမှာ လင်းယွမ်နှင့် အနည်းနှင့်အများ ပြဿနာရှိသူများ ဖြစ်ကြသဖြင့် အတူတကွ ပူးပေါင်းလိုက်ကြခြင်း ဖြစ်သည်။
သို့သော် လင်းယွမ်သည် တိုက် (၇၆) ၏ ခေါင်းဆောင်နေရာကို ခိုင်မာစွာ ရယူထားနိုင်ပြီး လက်အောက်ငယ်သားများလည်း များပြားလာသဖြင့် သူတို့မှာ မည်သို့မျှ မလှုပ်ရှားရဲကြပေ။
ညဘက်တွင် ငါးဖမ်းထွက်ပြီး မျက်နှာစိမ်းများ ဖြစ်ကြသော ကျိုးချင်နှင့် ဖူထောင်တို့ကို အစားအစာ သွားရောက်လဲလှယ်ခိုင်းရုံသာ တတ်နိုင်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်အပေါ် ကြောက်ရွံ့စိတ်များ လျော့ပါးလာပြီး ရင်ထဲမှ အမုန်းတရားများက တဖန် ပြန်လည် ရှင်သန်လာခဲ့ကြသည်။
ဆက်ရန်...