အခန်း (၁၄၃-၁၄၄)
Vol. 8 Ch. 143-144
အပိုင်း (၁၄၃) ရန်သူဟောင်းအားရှင်းလင်းခြင်းနှင့် သေရေးရှင်ရေး အကျပ်အတည်း
"ဒါနဲ့... အဲ့ လင်းမျိုးရိုးက ပြောသေးတယ်... ညနေကျရင် တိုက်ခေါင်မိုးထပ်မှာ ကိစ္စတချို့ ကြေညာစရာရှိတယ်တဲ့... လူတိုင်း အပေါ်တက်ခဲ့ရမယ်တဲ့... ဘာတွေ ပြောမလို့လဲတော့ မသိဘူး"
ဖူရှင်းဝမ်က ငါးစားရင်း စကားလှမ်းပြောလိုက်သည်။
ကျိုးချင်သည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားကို ကောင်းမွန်စွာ ထိန်းသိမ်းထားသူ ဖြစ်သည်။ ယခုအချိန်တွင် သူမသည် ဖူရှင်းဝမ်၏ သားဖြစ်သူ ဖူထောင်၏ ဘေးတွင် ထိုင်နေသည်။
ဖူထောင်၏ မျက်လုံးများက ကျိုးချင်၏ မို့မောက်နေသော ရင်အစုံကို ခိုးခိုးကြည့်နေ၏။
ကျိုးချင်က မသိချင်ယောင်ဆောင်နေလိုက်သော်လည်း စိတ်ထဲတွင်တော့ လှောင်ပြောင်နေမိသည်။ ဖူမိသားစု သားအဖနှစ်ယောက်လုံး တိရစ္ဆာန်ကောင်များသာ ဖြစ်သည်။
ယောင်္ကျားသားများသာ ရှိသော ဤအခန်းထဲတွင် သူမကဲ့သို့ မိန်းမသားတစ်ယောက်အတွက်မူ ၎င်းတို့၏ စိတ်တိုင်းကျ ခြယ်လှယ်ခြင်းကို ခံရမည့် ကံကြမ္မာမှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
လက်ရှိအချိန်အထိ ဤအခန်းထဲရှိ ယောင်္ကျားများအားလုံးနှင့် သူမ အိပ်ခဲ့ရပြီး ဖြစ်သည်။
ကျန်းကောချန်ကဲ့သို့ အဖိုးကြီးအိုသည်ပင် သူမ၏ ကုတင်ပေါ်သို့ တက်ခဲ့ဖူးလေသည်။
ကျိုးချင်အတွက်တော့ ကိစ္စမရှိတော့ပေ။ ဤကမ္ဘာပျက်ကပ်ဘေး၏ အမှောင်မိုက်ဆုံး အခြမ်းကို မြင်တွေ့ခဲ့ရပြီးဖြစ်၍ သူမ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
အသက်ရှင်ချင်လျှင် ဤကိစ္စများကို ဂရုစိုက်နေ၍ မဖြစ်ပေ။
ခန္ဓာကိုယ်သည် သူမ၏ အရင်းအနှီးပင်။
သူမက မျက်မှောင်အနည်းငယ်ကြုတ်လျက် "သူက ဘာကိစ္စ ကြေညာချင်တာလဲ... ကျွန်မတို့ကို ရှင်းပစ်မလို့များလား" ဟု မေးလိုက်သည်။
ထိုစကားကြောင့် လူအားလုံး မျက်နှာပျက်သွားကြသည်။ ကျန်းကောချန်က ချက်ချင်းပင် "မဖြစ်နိုင်တာ... သူက ငါတို့ကို ရှင်းပစ်ချင်ရင် သူ့အရည်အချင်းနဲ့ဆို တံခါးလာခေါက်ပြီး သတ်သွားရုံပဲ... ဒီလောက် အကြီးကြီး ကျင်းပနေစရာ လိုလို့လား" ဟု ပြောလိုက်သည်။
"ဒါဆို ဘာလို့လဲ" လီချွန်းက ဝင်မေးသည်။
ဖူရှင်းဝမ်က "ဒီလိုလုပ်... ညနေကျရင် ကျိုးချင်ရယ် ငါ့သားရယ် မိုးမျှော်အမိုးပြင်ပေါ် တက်ပြီး သူဘာပြောလဲ သွားနားထောင်ချည်"
"နင်တို့နှစ်ယောက်က မျက်နှာစိမ်းတွေပဲ... သူနဲ့လည်း ရန်ငြိုးမရှိတော့ သူ မှတ်မိမှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ ကျိုးချင် မျက်မှောင်ကြုတ်သွားသည်။
ဖူထောင်ကမူ မျက်လုံးများ အရောင်တောက်လာပြီး ကျိုးချင်ကို ကြည့်ကာ "သိပြီ... ကျွန်တော် ထမင်းစားပြီးရင် အဒေါ်ကျိုးချင်နဲ့ အပေါ်တက်လိုက်မယ်" ဟု ချက်ချင်း ပြောလေသည်။
ကျိုးချင် ကြောင်အသွားသည်။ ဖူထောင်၏ စိတ်လောနေသော မျက်နှာပေးကို ကြည့်လိုက်သည်နှင့် ဒီကောင်လေး ဘာကြံစည်နေသလဲဆိုတာ သူမ ချက်ချင်း သဘောပေါက်လိုက်သည်။
သူမ စိတ်ထဲတွင် ရယ်မောလိုက်သော်လည်း ငြင်းဆန်ခြင်း မပြုပေ။
ခေါင်းတစ်ချက်ညိတ်ကာ "ကောင်းပြီလေ" ဟု ပြောလိုက်သည်။
ကျန်းကောချန်က "ဒါဆို သူတို့တွေ အပေါ်တက်နေတုန်း ငါရယ်၊ လီချွန်းရယ်၊ ရှင်းဝမ်ရယ် အချိန်လုပြီး အောက်ဆင်း ငါးသွားဖမ်းကြမယ်"
"သောက်ကျိုးနည်း... နေ့တိုင်း ခိုးကြောင်ခိုးဝှက် လုပ်နေရတယ်... ဘယ်တော့မှ ဒီဒုက္ခတွေ ပြီးမှာလဲကွာ" လီချွန်းက မျက်လုံးထောင့်များ တုန်ခါသွားသည်အထိ ဒေါသတကြီး ဆဲရေးလိုက်သည်။
ဖူရှင်းဝမ်က အေးစက်စွာ ရယ်မောလိုက်ပြီး "ဟို လင်းမျိုးရိုး မသေသေးသရွေ့ ငါတို့တွေ ပုန်းလျှိုးကွယ်လျှိုး လုပ်နေရဦးမှာပဲ" ဟု ပြောလိုက်သည်။
အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
...
"ဒေါက်... ဒေါက်... ဒေါက်"
ထိုအချိန်မှာပင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဒေါသထွက်နေကြသော လူတစ်စုမှာ ချက်ချင်း မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး အားလုံး ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျန်းကောချန်က ကျိုးချင်ကို မျက်စိဖြင့် အချက်ပြလိုက်သည်။
အပြင်ဘက် အခြေအနေကို သွားကြည့်ခိုင်းမှန်း ကျိုးချင် သဘောပေါက်လိုက်သည်။
သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တံခါးနားသို့ လျှောက်သွားကာ အသံမပြုဘဲ ငြိမ်နေလိုက်သည်။
အပြင်လူက တံခါးကို ထပ်ခေါက်ပြန်သည်။
ထို့ကြောင့် သူမ မတတ်သာတော့ဘဲ "ဘယ်သူလဲ" ဟု မေးလိုက်ရသည်။
အပြင်မှလူက စကားပြန်မပြောဘဲ တံခါးကိုသာ ဆက်ခေါက်နေ၏။
ကျိုးချင် မျက်မှောင်ကြုတ်သွားပြီး တံခါးကြည့်မှန်ဘီလူးပေါက်မှတစ်ဆင့် အပြင်သို့ ချောင်းကြည့်လိုက်သည်။
ကျဉ်းမြောင်းသော မှန်ဘီလူးဝိုင်းလေးထဲတွင် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် လင်းယွမ်သည် အပြုံးတစ်ခုကို ဆင်မြန်းလျက် တံခါးရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ကျိုးချင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး "ရှင်"
"ဖောက်"
သံချောင်းတစ်ချောင်းသည် တံခါးကြည့်မှန်ဘီလူးပေါက်ကို ထိုးဖောက်ဝင်ရောက်လာပြီး ကျိုးချင်၏ မျက်လုံးကို တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။
"အား"
ကျိုးချင်၏ သွေးပျက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လန်ကျသွားသည်။
ဦးခေါင်းခွံမှတစ်ဆင့် သွေးများ ပန်းထွက်လာသည်။
"ကျိုးချင်"
"ဘာဖြစ်တာလဲ"
"အား"
အခန်းထဲရှိ လူများထံမှ ထိတ်လန့်တကြား အော်သံများ ထွက်ပေါ်လာတော့သည်။
ကျန်းကောချန်က ဧည့်ခန်းဆီသို့ အပြေးသွားကာ လက်နက်ယူရန် ပြင်သည်။
ဖူရှင်းဝမ်မှာ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပြီး မီးဖိုချောင်ဘက်သို့ ကြောက်လန့်တကြား ပြေးဝင်သွားသည်။
သူ့သား ဖူထောင်မှာမူ ကြောက်လွန်းသဖြင့် နေရာတွင်ပင် ကြောင်နေပြီး ပါးစပ်အဟောင်းသားဖြင့် အော်ဟစ်နေမိသည်။
လီချွန်းမှာ လူသတ်ဖူးသူ ပီပီ တုံ့ပြန်မှု မြန်ဆန်သည်။ တံခါးမကြီးဆီသို့ ပြေးသွားပြီး တံခါးကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။
"ဝုန်း"
သို့သော် သူ တံခါးကို ဖိထားလိုက်ရုံ ရှိသေးသည်၊ လက်သီးတစ်လုံးက တံခါးပြားကို ထိုးခွဲဝင်ရောက်လာသည်။
ထို့နောက် လက်နောက်ပြန်လှန်ကာ လီချွန်း၏ မျက်နှာကို လှမ်းဆွဲလိုက်ပြီး အရှိန်ဖြင့် ပြန်ဆောင့်ဆွဲလိုက်တော့သည်။
ဘုန်းခနဲ အသံနှင့်အတူ ခေါင်းနှင့် တံခါး ဆောင့်မိသွားသည်။
"မလုပ်... အား"
"ဂျွတ်"
ထိုလက်သီးက အားအနည်းငယ် စိုက်လိုက်သည်နှင့် လက်ချောင်းငါးချောင်းသည် လီချွန်း၏ မျက်နှာပြင်မှ အသားများကို ထိုးဖောက်ကာ နစ်ဝင်သွားတော့သည်။
လက်ချောင်းများကြားမှ သွေးများ စီးကျလာပြီး အသားများ လန်ထွက်ကာ ပါးရိုးများပင် ကျိုးကြေကုန်သည်။
လီချွန်းသည် ထိုလက်မောင်းကြီးကို အသည်းအသန် ပုတ်ခတ်နေသော်လည်း ထိုလက်မောင်းမှာ ကားတာယာတစ်ခုကဲ့သို့ မာကျောလွန်းလှသဖြင့် ရွေ့လျားခြင်းပင် မရှိပေ။
ရုတ်တရက် ထိုလက်ဖဝါးက အားစိုက်လိုက်ပြန်သည်။
အရိုးကျိုးသံတစ်ချက်နှင့်အတူ လီချွန်း၏ မျက်နှာတစ်ခုလုံး ကြေမွလိမ်ဖည်သွားတော့သည်။
တိုတောင်းသော အော်ဟစ်ငြီးငြူသံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုလက်ကြီးက လီချွန်းကို အမှိုက်သဖွယ် ဘေးသို့ ပစ်လိုက်သည်။
ထို့နောက် တံခါးဘောင်မှတစ်ဆင့် လက်ကိုနှိုက်ကာ တံခါးလက်ကိုင်ကို လှည့်၍ ဖွင့်လိုက်တော့သည်။
ထိုအချိန်ရောက်မှ ကျန်းကောချန်သည် ဧည့်ခန်းမှ ဓားရှည်ကို ကိုင်လျက် ပြေးထွက်လာသည်။
ဖူရှင်းဝမ်လည်း မီးဖိုချောင်သုံးဓားကို ကိုင်လျက် မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။
"ဘယ်သူလဲ... ဘယ်ကောင်လဲ"
"သောက်ကျိုးနည်း... ကျိုးချင်နဲ့ လီချွန်းကို သတ်လိုက်ပြီ"
နှစ်ယောက်သား ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
ဖူရှင်းဝမ်က သူ့သား ဖူထောင်ကို ပါးရိုက်ကာ အသိဝင်စေလိုက်ပြီး "အော်မနေနဲ့... ဓားသွားယူစမ်း" ဟု ဆဲဆိုလိုက်သည်။
အခန်းတံခါးဝမှ မြင့်မားသော လူရိပ်ကြီးတစ်ခု ဝင်ရောက်လာသည်။ အခြားသူမပါ၊ သူတစ်ယောက်တည်းသာ ဖြစ်သည်။
ကျန်းကောချန်သည် အရိပ်ကျနေသော မျက်နှာကို သေချာမမြင်ရသဖြင့် "မင်း သေပြီသာမှတ်... ကင်းလှည့်အဖွဲ့တွေ အခုချက်ချင်း ရောက်လာတော့မှာ... မင်း လူသတ်ရဲတယ်ပေါ့လေ... မင်း သေလူပဲကွ... သိလား" ဟု ဒေါသတကြီး အော်ပြောလိုက်သည်။
ဝင်လာသူက ရယ်မောလိုက်သည်။ "ဟားဟား... ဘယ်လိုလဲ... အခုမှ ငါဖွဲ့စည်းပေးထားတဲ့ ကင်းလှည့်အဖွဲ့ရဲ့ ကောင်းကွက်ကို သိလာကြပြီပေါ့"
"ငါ တကယ် နားမလည်နိုင်ဘူး... အမှောင်ထဲက ကြွက်စုတ်လို လူတွေကို ငါ မေ့တောင် မေ့နေပြီ... မင်းတို့က ငါ့ရှေ့ကို ထွက်လာရဲကြသေးတယ်နော်"
"မင်းတို့တကယ်ပဲ သေမှာ မကြောက်ကြတာလား... ဒါမှမဟုတ် တုံးလွန်းအားကြီးတာလား"
သူ အခန်းထဲသို့ ဝင်လာသောအခါ အလင်းရောင်ကြောင့် ရုပ်သွင်က ထင်ရှားလာသည်။
ကျန်းကောချန်က သူ့မျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါသထွက်နေသော မျက်နှာထားမှာ ရပ်တန့်သွားသည်။
ထို့နောက် ထိတ်လန့်ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားပြီး "မင်း... မင်း... လင်းယွမ်"
"လင်းမျိုးရိုး"
ယခုမှ ပြေးထွက်လာသော ဖူရှင်းဝမ်လည်း ထိတ်လန့်တကြား ရပ်တန့်သွားသည်။
သူ့သား ဖူထောင်မှာမူ ကြောက်လွန်းသဖြင့် တုန်လှုပ်ကာ "ဒုံး" ခနဲ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး "အသက်ချမ်းသာပေးပါ... ဆရာလင်း... အသက်ချမ်းသာပေးပါ" ဟု အော်ဟစ်တောင်းပန်တော့သည်။
ကျန်းကောချန်က စိတ်ကို အတင်းငြိမ်အောင် ထိန်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတုတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော်တို့က ခင်ဗျားကို ဘယ်နေရာများ စိတ်အနှောင့်အယှက် ပေးမိလို့ပါလဲ"
"ကျွန်တော်ကတော့ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေတာပါ... ဘာပြဿနာမှ မရှာဖူးပါဘူး... ဟိုတုန်းက ခေါင်မိုးထပ်မှာတုန်းကလည်း လျှိုအားလုံတို့အဖွဲ့ ကျွန်တော့်ကို ကျွန်လို ခိုင်းခဲ့တာပါ"
"ခင်ဗျားကို ဘယ်နေရာမှာ အပြစ်လုပ်မိမှန်း တကယ် မသိလို့ပါ... လမ်းညွှန်ပေးပါဦး... ဒီအဘိုးကြီး ချက်ချင်း ပြင်ပါ့မယ်"
သူ့ပုံစံက ရိုးသားဟန်ပေါက်နေပြီး တကယ်ပဲ အမှားဝန်ခံ တောင်းပန်နေသကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်က ပြုံးလိုက်သည်။ သူ့အပြုံးထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေ၏။
သူက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။ "ကျန်းကောချန် ဟုတ်တယ်မလား... ခင်ဗျားကို ကျုပ် မှတ်မိတယ်... ဟိုတုန်းက အားကိုးရာမဲ့နေတဲ့ ခင်ဗျားတို့ အဘိုးကြီးတစ်သိုက်ကို အမိုးပြင်ပေါ်ကနေ ကျုပ် ဆင်းခွင့်ပေးခဲ့တယ်လေ... ခင်ဗျားတို့မှာ သတ္တိရှိပြီး လျှိုအားလုံကို သွားစာရင်းရှင်းမယ်လို့ ထင်ခဲ့တာ"
"ဒါပေမဲ့ ခင်ဗျားတို့ အဘိုးကြီးတစ်သိုက်က တိုက်တွဲ (၃) ဘက်ကို ထွက်ပြေးလာကြလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ထွက်ပြေးတာက ထားပါတော့... လျှိုအားလုံကို ကျုပ်သတ်ပြီးမှ ခင်ဗျားက ခေါင်းထောင်လာပြန်တယ်"
လင်းယွမ်က ပြောရင်းဆိုရင်း အခန်းထဲသို့ လျှောက်ဝင်လာသည်။
ကျိုးချင်၏ အလောင်းနားသို့ ရောက်သောအခါ သူမ၏ ဦးခေါင်းခွံထဲတွင် စိုက်ဝင်နေသော သံချောင်းကို ဆွဲထုတ်လိုက်သည်။
"ခင်ဗျားရဲ့ တူမ ကျန်းယွမ်ယွမ်ကို ကယ်ပေးဖို့ ကျုပ်ကို တောင်းဆိုတုန်းကလေ... ဝမ်ကျဲကို ရှင်းဖို့ ကျုပ်ကို အသုံးချချင်နေမှန်း ကျုပ်မသိဘူးများ မှတ်နေသလား"
"ဝမ်ကျဲတို့အုပ်စုက သေသင့်တာ မှန်ပေမဲ့... ခင်ဗျားလို မြေခွေးအိုကြီးကလည်း မြင်ရတာ မျက်စိစပါးမွေးစူးစရာ ကောင်းလွန်းတယ်"
"ကျန်းကောချန်... ခင်ဗျားတူမ ကျန်းယွမ်ယွမ်ကို ကျုပ်သတ်လိုက်တာလေ... ကျုပ်ကို မမုန်းဘူးလား"
စကားပြောနေရင်း လင်းယွမ်သည် ကျန်းကောချန်နှင့် ခြေလှမ်းအနည်းငယ် အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန်းကောချန် မျက်နှာမှာ ဖြူဖပ်ဖြူရော ဖြစ်နေပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ယှက်သန်းနေသည်။
သူက တုန်ရီသောအသံဖြင့် "မ... မမုန်းပါဘူး... ဆရာလင်းရယ်... ကျွန်တော် လုံးဝ မမုန်းပါဘူး"
"ယွမ်ယွမ် သေတာက သူ့ထိုက်နဲ့သူ့ကံပါ... ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှ အငြိုးအတေး မထားခဲ့ပါဘူး"
ကျန်းကောချန်က ပြောရင်းဆိုရင်း မျက်နှာပေါ်တွင် အသနားခံသော အမူအရာများ ပေါ်လာကာ "အဲ့ဒါကြောင့် ကျွန်တော် ခင်ဗျားကို အငြိုးထားတယ်လို့ ထင်နေရင်... ခင်ဗျား တကယ် အထင်လွဲနေတာပါဗျာ" ဟု ဆက်ပြောသည်။
လင်းယွမ်က သူ့ပုံစံကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ "အမှန်အတိုင်း ပြောရရင်... ခင်ဗျားရဲ့ သရုပ်ဆောင်ချက်တွေက ရေကြီးတဲ့ ခေတ်မတိုင်ခင်တုန်းကသာဆိုရင် အော်စကာဆုတောင် ရလောက်တယ်"
"ခင်ဗျားတို့ ဘယ်လိုတိုင်ပင်နေကြလဲဆိုတာ ကျုပ်နားနဲ့ ဆတ်ဆတ် မကြားခဲ့ရဘူးဆိုရင်... ကျုပ် တကယ် ယုံမိလောက်တယ်"
ကျန်းကောချန် မျက်နှာပျက်သွားသည်။
စောစောက ထမင်းစားပွဲဝိုင်းတွင် ပြောနေသည်များကို ဒီလူ ကြားခဲ့တယ် ဟုတ်လား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
နံရံတစ်ခုခြားနေသည့်အပြင် သူတို့ စကားပြောသံကလည်း မကျယ်လောင်ခဲ့ပေ။
လင်းယွမ်က သူ့ကို စကားဖြင့် မျှားနေသည်ဟု တွေးလိုက်မိသည်။
ထို့ကြောင့် သူက အလျင်အမြန် ငြင်းဆိုလိုက်သည်။ "ဆရာလင်း... ကျွန်တော် မိုးကြိုးပစ် ကျိန်ရဲပါတယ်... ခင်ဗျားကွယ်ရာမှာ ဘယ်တုန်းကမှ မကောင်းမပြောခဲ့ပါဘူး... မယုံရင် သူတို့ကို မေးကြည့်ပါ"
သူက ဖူမိသားစု သားအဖနှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
ဖူမိသားစု သားအဖနှစ်ယောက် တုန်လှုပ်သွားကြသည်။ သားဖြစ်သူ ဖူထောင်ဆိုလျှင် ကြောက်လွန်းသဖြင့် စိတ်ဓာတ်ကျကာ မြေကြီးပေါ်တွင် ဒူးထောက်လျက် လင်းယွမ်ကို ဦးခေါင်းဖြင့် ပေါက်ကာ တောင်းပန်နေတော့သည်။
"ဆရာလင်း... အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ"
"ကျွန်တော် ဘာမှ မသိပါဘူး... ဘာမှ နားမလည်ပါဘူး... ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ"
"ကျွန်တော် ဘယ်တုန်းကမှ မကောင်းတာ မလုပ်ဖူးပါဘူး... လူလုယက်တာလည်း မလုပ်ဖူးသလို... လူဒုက္ခရောက်အောင်လည်း မလုပ်ဖူးပါဘူး"
သူက မျက်ရည်၊ နှပ်ရည်များဖြင့် ငိုယိုတောင်းပန်နေသည်။
ဖူရှင်းဝမ်ကမူ အစပိုင်းတွင် ကြောက်ရွံ့နေသော်လည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။
သူ့မျက်နှာထားက အုံ့မှိုင်းနေပြီး ဒေါသ၊ နောင်တနှင့် သံသယများ ရောပြွမ်းနေသည်။
သူက တုန်ရီသော အသံဖြင့် "ငါတို့ ဒီမှာရှိနေတာ မင်း ဘယ်လိုသိလဲ" ဟု မေးလိုက်သည်။
လင်းယွမ်က သူ့ကိုကြည့်ပြီး ရယ်မောလိုက်သည်။ "မင်းက တုံးတယ်လို့ ပြောတာ လက်မခံချင်ဘူး... ငါနဲ့ ရန်ငြိုးရှိတာတောင် စိုက်ပျိုးရေးအခန်းဘက်ကို လာပြီး ပွဲကြည့်ရဲသေးတယ်ပေါ့"
"ပွဲကြည့်တာ ထားပါတော့... လူအုပ်ကြားထဲကနေ ရွဲ့တဲ့တဲ့ လှမ်းပြောရဲသေးတယ်"
"ဟိုတုန်းက သန္ဓေပြောင်းကြောင်ကို သတ်တုန်းက မင်း ငါ့ကို ချောက်တွန်းခဲ့တာ ငါ မေ့တောင် မေ့နေပြီ"
"မင်းဘာသာ ပြန်ပေါ်လာလိမ့်မယ်လို့ ထင်မထားဘူး"
"မင်းတို့ တကယ် ကံဆိုးတာပဲ"
စကားပြောနေရင်း လင်းယွမ်က သံချောင်းကို ကိုင်လျက် ဖူရှင်းဝမ်ထံသို့ လျှောက်သွားလိုက်သည်။
ဖူရှင်းဝမ်၏ မျက်နှာပေါ်တွင် နောင်တရသော အရိပ်အယောင်များ ပေါ်လာသည်။
ဒီလိုဖြစ်မှန်းသိလျှင် လူအုပ်ကြားထဲ၌ သူ ပါးစပ်ယောင်ခဲ့မည် မဟုတ်ပေ။
မမျှော်လင့်ဘဲ အနည်းငယ် ပွစိပွစိ လုပ်လိုက်မိရုံနှင့် သူ့တည်ရှိမှုကို ဖော်ပြလိုက်သလို ဖြစ်သွားခဲ့သည်။
သူ့ရင်ထဲတွင် နောင်တကြီးစွာ ရမိလိုက်သည်။
သို့သော် အခြေအနေက လွန်သွားခဲ့ပြီ ဖြစ်၍ လင်းယွမ်က သူ့ကို လွှတ်ပေးမည် မဟုတ်မှန်း သူ သိနေသည်။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး "လင်းယွမ်... ဒီကိစ္စက ငါ့သားနဲ့ မဆိုင်ဘူး"
"အစကနေ အဆုံးထိ မင်းကို ဒုက္ခပေးချင်တာ ငါတစ်ယောက်တည်းပါ"
"မင်း ငါ့ကို သတ်ချင်သတ်... ခုတ်ချင်ခုတ်... ငါ့သားကိုတော့ မထိပါနဲ့လို့ တောင်းပန်ပါတယ်"
သူက လင်းယွမ်ကို ကြည့်ကာ သေရမည်ကို မကြောက်တော့သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဝှီး"
ရုတ်တရက် လေခွင်းသံ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။
လင်းယွမ်က သံချောင်းကို ဝှေ့ယမ်းလိုက်ခြင်း ဖြစ်သည်။
"ဘုန်း"
ဒူးထောက်နေသော ဖူထောင်၏ ခေါင်းကို သံချောင်းဖြင့် ရိုက်ချလိုက်သည်။
ဘုန်းခနဲ အသံနှင့်အတူ ဦးခေါင်းခွံ ကွဲအက်သွားပြီး ဖူရှင်းဝမ်၏ မျက်နှာပေါ်သို့ သွေးများ ပက်ဖျန်းကုန်သည်။
ဖူရှင်းဝမ် ကြောင်အသွားသည်။
လင်းယွမ်က ကိုယ်ကို လှည့်လိုက်ပြီး သံချောင်းတိုဖြင့် ဖူရှင်းဝမ်၏ ရင်ဘတ်ကို ထိုးစိုက်လိုက်တော့သည်။
ကြီးမားသော အားအရှိန်ကြောင့် ဖူရှင်းဝမ်၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်။
"ဒုန်း" ခနဲ အသံနှင့်အတူ ဖူရှင်းဝမ်သည် နံရံပေါ်တွင် ကပ်လျက်သား စိုက်ဝင်သွားတော့သည်။
"အား"
နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သော်လည်း အော်သံကြောင့် ဒဏ်ရာကို ပိုထိခိုက်စေပြီး ငြီးငြူသံ တိုးတိုးသာ ထွက်ပေါ်လာသည်။
သူက မျက်လုံးပြူးကာ လင်းယွမ်ကို စိုက်ကြည့်လိုက်၊ သေဆုံးသွားသော သူ့သားကို ကြည့်လိုက် လုပ်နေသည်။
လင်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ပြောလိုက်သည်။ "မင်းကလည်းကွာ... ဟိုတုန်းက ငါ့ကို ဂျင်းထည့်ရဲတုန်းကတော့ လူစွမ်းကောင်းလို့ ထင်နေတာ"
"အခုကျမှ ဘာလို့ ကလေးကလား စကားတွေ ပြောနေတာလဲ... ငါက မင်းကို သတ်ပြီးရင် မင်းသားကို လွှတ်ပေးမယ် ထင်နေတာလား"
"ကျန်းကောချန်ဆိုရင် သူ့တူမလေး သေသွားတာနဲ့တင် ငါ့ကို ရန်သူလို သဘောထားပြီး မင်းတို့နဲ့ ပေါင်းနေတာလေ"
"မင်းသားက သူ့အဖေ အသတ်ခံရရင် ငါ့ကို မမုန်းဘဲ နေမလား"
"ဒီကမ္ဘာပျက် ကပ်ဘေးကြီးထဲမှာ အသက်ရှင်ရတာလည်း ပင်ပန်းပါတယ်... မင်းတို့ သားအဖနှစ်ယောက် သေမင်းဆီ အတူတူ သွားတော့ အဖော်ရတာပေါ့"
လင်းယွမ်က ရှေ့သို့ တိုးလာပြီး ရင်ဘတ်တွင် စိုက်နေသော သံချောင်းကို ဆွဲထုတ်လိုက်သည်။
"မင်း... မင်း... ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး"
ဖူရှင်းဝမ်၏ ပါးစပ်မှ သွေးများ ထွက်ကျလာပြီး ပြတ်တောင်းပြတ်တောင်း ဆဲရေးနေသည်။
လင်းယွမ်က ပြုံးလိုက်သည်။ "ဇာတ်သိမ်း မကောင်းဘူး ဟုတ်လား... ငါက တိုက် (၇၅)၊ (၇၆)၊ (၇၇) က အိမ်ပိုင်ရှင်ပေါင်း ၅၀၀ မရှိရင်တောင် ၃၀၀ လောက်ကို ကယ်တင်ထားပြီးပြီ"
"မင်းကရော"
ဖူရှင်းဝမ် မျက်လုံးပြူးသွားသည်။ တစ်စုံတစ်ခု ပြောချင်သော်လည်း အဆုတ်ပျက်စီးသွားသဖြင့် အသက်ရှူကျပ်ကာ ဦးနှောက်ထဲတွင် အောက်ဆီဂျင် ပြတ်တောက်လာသည်။
သူ့မြင်ကွင်းများ မည်းမှောင်လာပြီး ပြတ်တောင်းပြတ်တောင်းသာ ဆဲရေးနိုင်တော့သည်။
လင်းယွမ်က သူ့ကို ဂရုမစိုက်တော့ဘဲ အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရှိနေသေးသော ကျန်းကောချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် လင်းယွမ်က သူ့ကို လုံးဝ လွှတ်ပေးမည် မဟုတ်မှန်း ကျန်းကောချန် နားလည်သွားပြီ ဖြစ်သည်။
သူက ကြမ်းပြင်ပေါ်တွင် လက်ရောခြေပါ အသုံးပြု၍ နောက်သို့ ဆုတ်နေပြီး မျက်ရည်များ စီးကျကာ ထိတ်လန့်တကြား ဖြစ်နေသည်။
"မလုပ်ပါနဲ့... မသတ်ပါနဲ့... ဆရာလင်း... ကျွန်တော် ကတိပေးပါတယ်... ဘယ်သူ့ကိုမှ မပြောပါဘူး... ဒီနေ့ဖြစ်တာ ဘာမှ မမြင်ဘူးလို့ သဘောထားလိုက်ပါ့မယ်... တောင်းပန်ပါတယ်... ကျွန်တော့်ကို လွှတ်ပေးပါ"
သူက ပြောရင်းဆိုရင်း ဝရံတာဘက်သို့ အမြန်ဆုတ်သွားသည်။
လင်းယွမ်က စကားနိုင်လုမနေတော့ဘဲ လက်ထဲမှ သံချောင်းကို မြှောက်ကာ သတ်ဖြတ်ရန် ပြင်လိုက်သည်။
ရုတ်တရက် တုန်တုန်ရီရီ ဖြစ်နေသော ကျန်းကောချန်က ဝုန်းခနဲ ခုန်ထလိုက်သည်။
လင်းယွမ် အံ့သြသွားသည်။ ဒီအဘိုးကြီး လှုပ်ရှားမှုက မြန်လိုက်တာ... အသက် ၅၀ ကျော် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုး လုံးဝ မဟုတ်ဘူး။
ဖြစ်နိုင်ချေ တစ်ခုကို လင်းယွမ် ချက်ချင်း တွေးမိလိုက်သည်။
"သေစမ်း... သူ အစွမ်းနိုးသွားပြီ"
လင်းယွမ် သဘောပေါက်လိုက်ချိန်တွင် ကျန်းကောချန်က ကိုယ်ကို လှည့်ကာ ပြတင်းပေါက်ကို တိုက်ခွဲလိုက်သည်ကို မြင်လိုက်ရသည်။
"ခွမ်း" ခနဲ အသံနှင့်အတူ သူက ပြတင်းပေါက် အပြင်ဘက်သို့ ခုန်ချလိုက်တော့သည်။
လင်းယွမ် ချက်ချင်း ပြေးသွားပြီး ပြတင်းပေါက်ဘောင်မှ ငုံ့ကြည့်လိုက်သည်။
ခေါင်းပြူထွက်လိုက်သည်နှင့် အောက်ဘက်မှ လေခွင်းသံတစ်ခု ပြင်းထန်စွာ ပစ်ခတ်လာသည်။
ကျန်းကောချန် အဘိုးကြီးက ပြတင်းပေါက်မှ တကယ် ခုန်ချသွားခြင်း မဟုတ်ဘဲ လက်တစ်ဖက်ဖြင့် ဝရံတာကို ချိတ်ဆွဲထားခြင်း ဖြစ်သည်။
လင်းယွမ်က ခေါင်းပြူကြည့်မည့် အခိုက်အတန့်ကို စောင့်ကာ အလစ်အငိုက် လက်သီးဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
သူ့လက်သီးဆုပ်မှ အရိုးများ ကြီးထွားလာပြီး အရေပြားကို ဖောက်ထွက်ကာ ကြောက်မက်ဖွယ် အရိုးဆူးချွန်များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအရိုးဆူးချွန်များသည် ငွေရောင်တောက်ပနေပြီး ဓားသွားကဲ့သို့ ထက်ရှလှသည်။
သူ့လက်သီး ဝင်ရောက်လာသည်နှင့် လေခွင်းသံများ ဆူညံသွားသည်။
လင်းယွမ် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး အနောက်သို့ အမြန် လှန်ရှောင်လိုက်ရသည်။
"ဝှီးးးးးးးးးးးး"
အရိုးဆူးများ ပါဝင်သော လက်သီးချက်သည် သူ့မျက်နှာကို ဖြတ်သန်းသွားပြီး နဖူးပြင်မှ အရေပြားကို ကပ်သီးကပ်သပ် ရှပ်ထိသွားသည်။
သွေးစက်လေးများ စီးကျလာပြီး လင်းယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။
သူ ဒီလိုနေရာမျိုးမှာ အလစ်အငိုက် အတိုက်ခံရပြီး သေလုနီးပါး ဖြစ်လိမ့်မည်ဟု လုံးဝ တွေးမထားခဲ့မိပေ။
နှလုံးခုန်သံများ မြန်ဆန်နေစဉ်မှာပင် ထူးဆန်းသော အစွမ်းတစ်ခုက သူ့နှလုံးသားဆီမှ စတင် ဖြစ်ပေါ်လာသည်။
ဆန်းကြယ်သော အစွမ်းတစ်ခုသည် ဆဲလ်များထဲမှ မွေးဖွားလာပြီး မျိုးရိုးဗီဇများဆီသို့ ပျံ့နှံ့သွားသည်။
ထိုအချိန်မှာပင် ကျန်းကောချန်က ပထမတစ်ချက် လွဲသွားသဖြင့် လက်ပြန်လှန်ကာ အောက်သို့ ကုတ်ချလိုက်ပြန်သည်။
လေကို ခွင်းလျက် ရောက်ရှိလာသော အရိုးဆူးချွန်များသည် ထက်မြက်သော ဓားမြှောင်များကဲ့သို့ လင်းယွမ်၏ လည်ပင်းကို ထိုးဖောက်ရန် ဝင်ရောက်လာသည်။
လင်းယွမ်က အနောက်သို့ အမြန် ဆုတ်လိုက်သည်။ သူ့တွင် စိတ်စွမ်းအင် မြင့်မားသဖြင့် တုံ့ပြန်မှု မြန်ဆန်လှသည်။
ထို့ပြင် အမြန်နှုန်း အရည်အသွေးကလည်း မနိမ့်သဖြင့် ဤတိုက်ခိုက်မှုကို ချက်ချင်း ရှောင်တိမ်းနိုင်လိုက်သည်။
ခန္ဓာကိုယ်အတွင်းမှ အစွမ်းပျံ့နှံ့မှုနှင့် ဆဲလ်များ လှုပ်ရှားမှုက ဆက်လက် ဖြစ်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် ဆန်းကြယ်သော အစွမ်းတစ်ခု သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည်။
"အစွမ်းနိုးတာလား"
ကျန်းကောချန် အဘိုးကြီး၏ ဖိအားပေးမှုကြောင့် သူ အစွမ်းနိုးလာလိမ့်မည်ဟု လင်းယွမ် ထင်မထားခဲ့ပေ။
လင်းယွမ် မျက်နှာပျက်သွားသည်။ အချိန်ဆွဲနေ၍ မဖြစ်မှန်း သူ နားလည်လိုက်သည်။
အစွမ်းနိုးထစဉ်တွင် စိတ်ဝိညာဉ် ရိုက်ခတ်မှု အန္တရာယ် ရှိသည်။
သူ့တွင် သန္ဓေပြောင်းလဲနှုန်း ၃၀% ရှိသဖြင့် အန္တရာယ် နည်းပါးပြီး နိုးရန် လွယ်ကူသော်လည်း လင်းယွမ်က အန္တရာယ် မစွန့်စားလိုပေ။ ထို့ပြင် ဤအဘိုးကြီးကို အခွင့်အရေး လုံးဝ မပေးလိုပါ။
"စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း"
ဘာစကားမှ မဆိုတော့ဘဲ လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို တိုက်ရိုက် ထုတ်သုံးလိုက်သည်။
"ဝုန်း"
အားကောင်းသော စိတ်စွမ်းအင်က ကျန်းကောချန်၏ ဦးနှောက်ထဲသို့ ဝင်ဆောင့်လိုက်သည်။
ကျန်းကောချန်သည် အခန်းထဲသို့ ပြန်လည် ဝင်ရောက်ရန် ကြိုးစားနေစဉ် စိတ်စွမ်းအင် ရိုက်ခတ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။
ရုတ်ခြည်းပင် သူ့နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး မျက်လုံးများ ပြူးကျယ်ကာ "အား" ခနဲ အော်ဟစ်လိုက်သည်။
သူ့ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး ဝရံတာ အပြင်ဘက်သို့ ပြုတ်ကျသွားတော့သည်။
ကျန်းကောချန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ ဦးနှောက်ထဲမှ နာကျင်မှုကို အံကြိတ်ခံရင်း လက်နှစ်ဖက်မှ အရိုးဆူးချွန်များကို အများအပြား ထုတ်လွှတ်လိုက်သည်။
"ဂျစ်... ဂျစ်... ဂျစ်"
အရိုးအများအပြားသည် လက်ဖဝါးကို ဖောက်ထွက်လာပြီး ကြီးမားသော အရိုးလက်တံကြီးအဖြစ် ပြောင်းလဲသွားသည်။
သူက ဖမ်းဆွဲ၍ ရနိုင်သမျှ အရာအားလုံးကို လှမ်းဆွဲလိုက်သည်။
"ခွမ်း... ခွမ်"
နံရံကွာကျပြီး ပြတင်းပေါက်များ ကွဲအက်ကုန်သည်။
နောက်ဆုံးတွင် ပြတင်းပေါက်တစ်ခုကို လှမ်းဆွဲမိလိုက်သဖြင့် ပြုတ်ကျသော အရှိန် လျော့သွားပြီး ကြီးမားသော အရိုးလက်တံကြီးမှာ ယိမ်းခါနေသည်။
သူက ကိုယ်ကို လှုပ်ရှားကာ တိုက်ခန်းတစ်ခုထဲသို့ ခုန်ဝင်လိုက်သည်။
လင်းယွမ်က ပြတင်းပေါက်နားသို့ ပြေးသွားပြီး ထိုအဘိုးကြီး ရေထဲမကျဘဲ တိုက်ခန်းတစ်ခုထဲသို့ ခုန်ဝင်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
သူ့စိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း အစွမ်းနိုးမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဝိညာဉ် သက်ရောက်မှုများ စတင်လာခဲ့ပြီ ဖြစ်သည်။
ရှုပ်ထွေးသော စိတ်ဝိညာဉ် လှိုင်းတံပိုးတစ်ခုက သူ့အသိစိတ်ကို ဝင်ရောက် တိုက်ခိုက်လာသည်။
လင်းယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ငြိမ်အောင် အမြန် ထိန်းလိုက်သည်။
၁၂ မှတ်ကျော်ရှိသော စိတ်စွမ်းအင်ဖြင့် ရှုပ်ထွေးနေသော စိတ်ဝိညာဉ် ရိုက်ခတ်မှုများကို အသည်းအသန် ဖိနှိပ်လိုက်သည်။
ထိုစိတ်အနှောင့်အယှက်များသည် သူ့မျိုးရိုးဗီဇ နက်ရှိုင်းသော နေရာမှ လာခြင်း ဖြစ်သည်။
အတွေးပေါင်းများစွာ ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး သူ့ကို ရွေးချယ်ခိုင်းနေသကဲ့သို့ အော်ဟစ်နေကြသည်။
လူသားတို့၏ မျိုးရိုးဗီဇတွင် ပုံမှန်အားဖြင့် အနည်းငယ်ကိုသာ အသုံးပြုကြသည်။
မျိုးရိုးဗီဇ အများစုမှာ အိပ်ပျော်နေကြသည်။
ရေကြီးခြင်း မဖြစ်ပေါ်မီက သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်အရ လူသားများ၏ ခန္ဓာကိုယ်တွင်းရှိ မျိုးရိုးဗီဇ အများအပြားသည် အခြား တိရစ္ဆာန်များနှင့် ဆင်တူကြသည်။
ကြီးမားသော မျိုးရိုးဗီဇ အပိုင်းအစ တချို့ဆိုလျှင် အခြား တိရစ္ဆာန်များနှင့် ထပ်တူပင် ကျသည်။
ကမ္ဘာပေါ်ရှိ သက်ရှိအများစုတွင် ဆင်တူသော မျိုးရိုးဗီဇများ ရှိကြသည်ဟုပင် ဆိုနိုင်သည်။
သို့သော် မျိုးရိုးဗီဇသည် ရွေးချယ်မှု ရှိသည်။
မတူညီသော ပတ်ဝန်းကျင်၊ မတူညီသော ဂေဟစနစ်များက မတူညီသော မျိုးရိုးဗီဇများကို လှုံ့ဆော်ပေးပြီး ဆင့်ကဲပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။
ဤဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်တွင် လူသားတို့၏ ဘိုးဘေးများသည် ဦးနှောက်အာရုံကြော မျိုးရိုးဗီဇကို လှုံ့ဆော်နိုင်ခဲ့ပြီး ဦးနှောက် ဖွံ့ဖြိုးမှုကို ချဲ့ထွင်ကာ အံ့မခန်း ဉာဏ်ရည်နှင့် ကြွယ်ဝသော အာရုံကြောဆဲလ်များကို ပိုင်ဆိုင်နိုင်ခဲ့သည်။
ထိုမျိုးရိုးဗီဇ ရွေးချယ်မှုကြောင့်ပင် လူသားများသည် သက်ရှိပေါင်းများစွာထဲမှ ထူးချွန်ပြောင်မြောက်စွာ ထွက်ပေါ်လာပြီး သက်ရှိလောက၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရေဘေးကြီးကြောင့် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း တစ်ဖန် ပြန်ပွင့်လာခဲ့ပြီ။
လူသားများကြားတွင် အမျိုးမျိုးသော သန္ဓေပြောင်းအစွမ်းများ နိုးလာကြသည်။
အစွမ်းအများစုသည် နိုးသူများ၏ စိတ်ထဲမှ အလိုချင်ဆုံး အရာများနှင့် ကိုက်ညီလေ့ရှိသည်။
ထိုအရာကပင် နိုးသူ၏ ဆင့်ကဲပြောင်းလဲမည့် လမ်းကြောင်းကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။
ယခုအချိန်တွင် လင်းယွမ်သည် ကျန်းကောချန်၏ အလစ်အငိုက် တိုက်ခိုက်မှုအောက်တွင် သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း စတင်လာခဲ့ပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော မျိုးရိုးဗီဇများသည် ဆာလောင်မွတ်သိပ်စွာဖြင့် အော်ဟစ်နေကြသည်။
သူတို့ကို ရွေးချယ်ပါ၊ သူတို့ကို လှုံ့ဆော်ပါဟု အော်ဟစ်နေကြသကဲ့သို့ပင်။
လင်းယွမ်က တုန်လှုပ်ခြင်း မရှိဘဲ အားကောင်းသော စိတ်စွမ်းအင်ဖြင့် စိတ်ကို ကြည်လင်အောင် ထိန်းထားကာ ထိုစိတ်အနှောင့်အယှက်များကြောင့် ရူးသွပ်မသွားအောင် ထိန်းချုပ်လိုက်သည်။
သူ့ဦးနှောက်က လျင်မြန်စွာ စဉ်းစားလိုက်သည်။ "ငါ ဘယ်လိုအစွမ်းမျိုးကို နိုးထသင့်လဲ"
"စိတ်စွမ်းအင် အမျိုးအစားလား"
"မဖြစ်ဘူး... ငါ့မှာ အရေအသွေးမှတ်တွေ ရှိတယ်... ကြိုက်တဲ့အချိန် ပေါင်းထည့်လို့ ရနေတာ... အရည်အချင်း တစ်ခုတည်းကို နိုးလိုက်ရင် နှမြောစရာကြီး"
"ဟင်းလင်းပြင် အစွမ်းလား... ငါက အပြင်လူတွေကို ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လို့ ပြောထားတာ... ငါ့မှာ စနစ်ရဲ့ ပစ္စည်းသိမ်းတဲ့နေရာ ရှိနေတော့ ဟင်းလင်းပြင် အစွမ်းနဲ့ တူနေတယ်... ငါ ဟင်းလင်းပြင် အစွမ်းကို ရွေးသင့်သလား"
"မဖြစ်ဘူး... မဖြစ်ဘူး... စနစ် ရှိနေတာကို ဖုံးကွယ်ဖို့သက်သက်နဲ့ ငါ့ရဲ့ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို ဆုံးဖြတ်လိုက်ရင် အရမ်း နှမြောဖို့ ကောင်းတယ်"
"ခွန်အားလား... တိန့်ဟူလိုမျိုးလား... ငါ့မှာ ကြွက်သားပေါက်ကွဲသိုင်း ရှိတယ်... ခွန်အားအစွမ်းကို နိုးလိုက်ရင် ဒီသိုင်းရဲ့ စွမ်းပကားကို အမြင့်ဆုံး ထုတ်နိုင်လိမ့်မယ်"
"ဟင့်အင်း... မဖြစ်သေးဘူး... အားနည်းချက်က သိသာလွန်းတယ်"
"ရေခဲအစွမ်းလား... ကျောက်ခိုင်လိုမျိုးပေါ့... နောက်ဆို ရေမျက်နှာပြင်ကို ခဲလိုက်ပြီး မြေကြီးပေါ် လမ်းလျှောက်သလို သွားလို့ရမယ်"
"မဖြစ်ဘူး... မကောင်းဘူး... ရေခဲပြင် ကွဲသွားရင် ရေထဲ ပြုတ်ကျမှာပဲ"
"ဒါဆို ရေ အစွမ်းကို ရွေးမလား... သက်ရှိအားလုံးရဲ့ အရင်းအမြစ်က ရေလေ... သက်ရှိတိုင်း ရေ မရှိရင် မဖြစ်ဘူး"
"အခုက ရေကြီးတဲ့ ခေတ်ကာလ... ရေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ကြီးမားတဲ့ အားသာချက်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်"
လင်းယွမ်၏ အတွေးများ လည်ပတ်သွားပြီးနောက် စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်တော့သည်။
ဆက်ရန်...
အပိုင်း (၁၄၄) လင်းယွမ် အစွမ်းနိုးထလာခြင်းနှင့် ကျန်းကောချန်အား လိုက်လံသတ်ဖြတ်ခြင်း
ရေဆိုသည်မှာ ရှင်သန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။
သို့သော် "ရေနှင့်မီးသည် အညှာအတာ ကင်းမဲ့သည်" ဟူသော ဆိုရိုးစကားလည်း ရှိပေသည်။
ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော ကပ်ဘေးကာလကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကလည်း ရပ်တန့်ခြင်း မရှိချေ။
ထို့ကြောင့် ရေကို ထိန်းချုပ်နိုင်စွမ်းရှိသော အစွမ်းတစ်ခု နိုးထလာမှသာလျှင် ဤခေတ်ပျက်ကြီးနှင့် လိုက်လျောညီထွေ နေထိုင်နိုင်မည့်ပုံ ပေါက်နေသည်။
လင်းယွမ်က သူ၏ စိတ်ထဲတွင် ထိုကဲ့သို့သော ဆန္ဒမျိုး တဖြည်းဖြည်း ပြင်းပြလာခဲ့သည်။
"ငါ ရေထဲမှာ လွတ်လွတ်လပ်လပ် နေချင်တယ်... ရေကြီးမှုကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေကို ဂရုမစိုက်ဘဲ နေနိုင်ချင်တယ်"
"ရေထဲမှာ နေထိုင်တဲ့ သတ္တဝါတွေလိုပဲ ရေအောက်မှာ လွတ်လွတ်လပ်လပ် အသက်ရှူချင်တယ်"
လင်းယွမ်က ဤကပ်ဘေးရေကြီးမှု ကာလကြီးနှင့် လိုက်လျောညီထွေဖြစ်မည့် အစွမ်းအစမျိုး ပိုင်ဆိုင်လိုကြောင်း သူ့စိတ်ကိုသူ ညှို့ယူလှုံ့ဆော်လိုက်သည်။
"ဝုန်း"
ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များက လင်းယွမ်၏ စိတ်ဆန္ဒကို ကြားသိလိုက်ရသကဲ့သို့ပင်။
သူ၏ ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ဆဲလ်များ လှုပ်ရှားလာပြီး မျိုးရိုးဗီဇမြောက်မြားစွာ နိုးထလာကြသည်။
ဗီဇအများအပြားသည် လှုံ့ဆော်ခံရပြီး ပြန်လည်ဖွဲ့စည်းကာ နိုးကြားလာကြလေသည်။
ထိုသို့ ဖြစ်ပျက်နေစဉ်အတွင်း ဗီဇကွန်ရက်၏ နက်ရှိုင်းသော နေရာမှ ရှေးဟောင်းဗီဇများ၏ အော်ဟစ်သံများနှင့် အမျိုးမျိုးသော စိတ်ခံစားမှုလှိုင်းလုံးများသည် သူ၏ အသိစိတ်အာရုံထဲသို့ ဝင်ရောက်လာကြသည်။
လင်းယွမ်က မတုန်မလှုပ်ဘဲ သွားကို တင်းတင်းကြိတ်ကာ သူ၏ အသိစိတ် မလွတ်သွားစေရန် အာရုံစိုက် ထိန်းချုပ်ထားလိုက်သည်။
"ဟူး"
အချိန်မည်မျှ ကြာသွားသည် မသိ၊ မျက်စိတစ်မှိတ်မျှသာ ကြာသည်ဟု ထင်ရသလို အတော်ကြာသွားသည်ဟုလည်း ခံစားရသည်။
လင်းယွမ်သည် တကိုယ်လုံး အားအင်ကုန်ခမ်းကာ နွမ်းနယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှားရန်ပင် အားမရှိတော့ပေ။
သူသည် "ဘုတ်" ခနဲ မြေကြီးပေါ်သို့ ထိုင်ကျသွားပြီး လေကို တရှူးရှူး ရှူရှိုက်နေမိသည်။
သူ၏ မျက်ဝန်းများထဲတွင် ခဲယဉ်းစွာ မြင်တွေ့ရလေ့ရှိသော ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
လင်းယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ သန္ဓေပြောင်း အစွမ်းကို တိတ်တဆိတ် အာရုံခံကြည့်လိုက်သည်။
မည်သည့် အစွမ်းမျိုး နိုးထလာသည်ကို သူသိချင်နေသည်။
သို့သော် ခဏအကြာတွင် သူ၏ မျက်နှာထားက ထူးဆန်းသွားလေသည်။
"ထူးဆန်းလိုက်တာ... ဘာလို့ ငါ ဘာအစွမ်းမှ မခံစားမိပါလိမ့်"
လင်းယွမ်က သံသယများဖြင့် ဇဝေဇဝါ ဖြစ်သွားသည်။ အစွမ်းနိုးထလာခြင်းနှင့် ပတ်သက်သည့် ခံစားချက်များကို သူသည် တင်းယန်၊ ကျောက်ခိုင်တို့နှင့် ဆွေးနွေးဖူးသည်။
သူတို့ ပြောပြချက်အရ အစွမ်းမှ ရရှိလာသော အစွမ်းသည် နှလုံးသား နေရာတွင် ပေါ်ပေါက်လာတတ်ပြီး စိတ်ဆန္ဒ အတိုင်း ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ စီးဆင်းစေနိုင်ကြောင်း သိထားသည်။
စိတ်အစွမ်း အပိုင်းဆိုင်ရာ အစွမ်းများတွင်မူ အစွမ်းသည် ဦးနှောက်၌ စုစည်းနေပြီး အဓိက အသုံးပြုရသည့် နေရာမှာလည်း ဦးနှောက်ပင် ဖြစ်သည်။
သို့သော် လင်းယွမ်သည် နှလုံးသား နေရာတွင်လည်း မည်သည့် အစွမ်းမျှ မခံစားရသလို ဦးနှောက်ထဲတွင်လည်း စိတ်အစွမ်း တိုးပွားလာခြင်း မရှိပေ။
သူ အံ့အားသင့်နေမိရာမှ ရုတ်တရက် အကြံတစ်ခု ရသွားသည်။
"စနစ်... အရည်အသွေးမှတ် ဇယားကို ဖွင့်စမ်း"
သူ့ဘာသာ မခံစားမိလျှင်တောင် စနစ်၏ အရည်အသွေးမှတ် ဇယားကတော့ သေချာပေါက် စစ်ဆေးပေးနိုင်ပေလိမ့်မည်။
လင်းယွမ်က စနစ်၏ မျက်နှာပြင်ကို ချက်ချင်း ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားလေသည်။
သူ ထင်ထားသည့်အတိုင်း စနစ်တွင် ပြောင်းလဲမှုအသစ်များ ရှိနေပြီ ဖြစ်သည်။
သို့သော် ထိုပြောင်းလဲမှုသည် သူ စိတ်ကူးထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၂.၈
ခွန်အား - ၈.၉
အလျင် - ၇.၈
စိတ်အစွမ်း - ၁၄.၁
ဘုံအရည်အသွေးမှတ်များ - ၅
အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း
သိုင်းပညာများ - ကြွက်သားပေါက်ကွဲသိုင်း၊ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း
သန္ဓေပြောင်းလဲနှုန်း - ၃၁%
အမှတ် - ၁၆၈၉၁ မှတ် ......
"အစွမ်းက... ဆင့်ကဲပြောင်းလဲခြင်း ဟုတ်လား... ဒါက ဘာကြီးလဲ"
လင်းယွမ်က ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူ မြင်လိုက်ရသည်ကိုပင် မယုံနိုင် ဖြစ်သွားသည်။ သူ ခုနက စိတ်ထဲတွင် အပြင်းပြဆုံး တောင့်တခဲ့သည်မှာ ရေကြီးနေသော ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်ရန်နှင့် ရေစီးကြောင်းကို ထိန်းချုပ်နိုင်ရန် မဟုတ်ပါလော။
ဒီ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းဆိုသည်က ဘာကြီးပါလိမ့်။
သူက အာရုံကို ထိုအရာပေါ်တွင် စုစည်းလိုက်ပြီး သေချာ လေ့လာကြည့်လိုက်သည်။
[အစွမ်း - ဆင့်ကဲပြောင်းလဲခြင်း သင်သည် ကွဲပြားခြားနားသော ပတ်ဝန်းကျင် အခြေအနေများအောက်တွင် လက်ရှိ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံအဖြစ် လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနိုင်မည် ဖြစ်သည်]
လင်းယွမ်၏ အကြည့်များ တဒင်္ဂမျှ ကြက်သေ သေသွားသည်။
"ဒါဆို... ခုနက ငါ ရေကြီးတဲ့ ခေတ်ကြီးနဲ့ လိုက်လျောညီထွေ ဖြစ်ချင်တယ်လို့ တောင့်တလိုက်လို့... ငါ့ခန္ဓာကိုယ်က ဒီလို အစွမ်းမျိုး နိုးထပေးလိုက်တာလား"
လင်းယွမ်မှာ ပြောစရာ စကားပင် ပျောက်ရှသွားသည်။ ဖြစ်မှ ဖြစ်ရလေခြင်း။
ဒီ ဆင့်ကဲပြောင်းလဲခြင်း ဆိုသော အစွမ်းက သစ်ပင်များကို ထိန်းချုပ်ခြင်း၊ ရေခဲအစွမ်း စသည်တို့နှင့် ယှဉ်လိုက်လျှင် အတော်လေး အားနည်းပုံ ပေါက်နေသည်။
သူက ခေါင်းခါလိုက်ပြီး စိတ်ထဲတွင် ခါးသီးစွာ ရယ်မောလိုက်မိသည်။ သို့သော် ထွက်ပြေးလွတ်မြောက်သွားသော ကျန်းကောချန်ကို သတိရလိုက်သောအခါ လင်းယွမ်၏ စိတ်များ လှုပ်ရှားသွားသည်။
"မဖြစ်ဘူး... ဒီအဘိုးကြီး ထွက်ပြေးသွားပြီ... သူပါ အစွမ်းနိုးထသွားတာဆိုတော့ သူ့ကို အရှင်ထားလို့ မဖြစ်တော့ဘူး"
လင်းယွမ်က အလျင်အမြန် ထရပ်လိုက်သည်။ ခုနက အစွမ်းနိုးထချိန်တွင် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။
ကျန်းကောချန် ယခု ဘယ်ရောက်နေမှန်းလည်း သူ မသိ။
သို့သော် သူ သေချာသိသည်မှာ ကျန်းကောချန်သာ လက်တုံ့ပြန်ချင်ပါက ရန်မေ၊ ကျောက်ခိုင်တို့ ရှိရာဆီသို့ သွားလိမ့်မည် ဆိုသောအချက်ပင်။
ထိုသူများသည် သူနှင့် အရင်းနှီးဆုံး သူများဖြစ်သဖြင့် ကျန်းကောချန် လက်တုံ့ပြန်မည် ဆိုပါက ထိုသူများကို ကျော်သွားမည် မဟုတ်ပေ။
"ရေတိမ်နစ်တော့မလို့ပဲ... ဒီအဘိုးကြီးက သန္ဓေပြောင်း အစွမ်းရှိနေတာတောင် ဒီလောက်ထိ ဟန်ဆောင်ကောင်းပြီး ဖုံးကွယ်ထားနိုင်တယ်"
လင်းယွမ်၏ မျက်နှာထားက မည်းမှောင်သွားပြီး အခန်းထဲမှ အမြန်ပြေးထွက်ကာ အိမ်ရှိရာသို့ ဦးတည်လိုက်သည်။
သို့သော် ဤကိစ္စက သူ့အတွက် သတိပေးချက် တစ်ခုလည်း ဖြစ်သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ အစွမ်းနိုးထလာသူများ ပိုများလာပေလိမ့်မည်။
မည်သူမဆို သန္ဓေပြောင်း အစွမ်းပိုင်ရှင် ဖြစ်လာနိုင်သဖြင့် သူ သတိထားမှ ဖြစ်တော့မည်။ မည်သည့် ပြိုင်ဘက်ကိုမျှ လျှော့မတွက်သင့်သလို ရန်သူဖြစ်လာနိုင်မည့် အန္တရာယ်များကိုလည်း ချန်ထားခဲ့၍ မဖြစ်ပေ။
"လင်းယွမ်"
"ကိုလင်းယွမ်... ဒုက္ခရောက်ပြီ... သန္ဓေပြောင်း သတ္တဝါတစ်ကောင် တက်လာပြီး တိုက်ခိုက်နေတယ်... ၂၃ ထပ်တောင် ရောက်နေပြီ"
"ကိုကျောက်ခိုင်နဲ့ တင်းယန်တို့က ကြားဖြတ်တားဆီးထားကြတယ်... အဲ့ဒီ သန္ဓေပြောင်းကောင်က အရမ်း အစွမ်းထက်တယ်"
လင်းယွမ် အခန်းပြင်သို့ ထွက်လိုက်သည်နှင့် ဝူချင်း၊ ဝမ်အန်းနှင့် ဟွမ်ဟန် သုံးဦးနှင့် တန်းတိုးလေသည်။
ထိုသုံးဦးက အခြေအနေကို အလျင်အမြန် သတင်းပို့ကြသည်။
လင်းယွမ်က ထိုစကားများကို ကြားသောအခါ ဒေါသထွက်မသွားဘဲ သက်ပြင်းချလိုက်မိသည်။
ကျန်းကောချန် ရုန်းရင်းဆန်ခတ် လုပ်မည်ကို သူ မကြောက်ပေ။ သူ အကြောက်ဆုံးမှာ ကျန်းကောချန်က လူအုပ်ကြားထဲတွင် ရောနှော ပုန်းအောင်းနေပြီး လူများကို အလစ်ဝင်တိုက်ခိုက်မည်ကိုသာ ဖြစ်သည်။
ကျန်းကောချန်၏ သန္ဓေပြောင်း အစွမ်းနှင့်သာ ဆိုလျှင် ဟန်ဆောင်ပြီး အလစ်တိုက်ခိုက်ပါက အောင်မြင်နိုင်ချေ အလွန်များပေသည်။
လင်းယွမ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "ခင်ဗျားတို့ သွားစရာ မလိုတော့ဘူး... ဒီဘက်ကိုပဲ သေချာ စောင့်ကြပ်ထားကြ... ကျွန်တော် အခုပဲ ဆင်းသွားလိုက်မယ်"
ဝူချင်းတို့ သုံးယောက် ပြန်မပြောနိုင်ခင်မှာပင် သူက အောက်ထပ်သို့ ဒုန်းစိုင်း ပြေးဆင်းသွားလေသည်။
လမ်းတစ်လျှောက်တွင် အထိတ်တလန့် ဖြစ်နေသော အိမ်ရှင်များ မိမိတို့ နေအိမ်သို့ အလုအယက် ပြန်ပြေးနေကြသည်ကို တွေ့ရသည်။
လင်းယွမ်ကို မြင်သောအခါ လူအများအပြား ခြေလှမ်းတုံ့သွားကြပြီး မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ "ကိုလင်းယွမ်" ဟု ဝိုင်းခေါ်ကြသည်။
အိမ်ရှင်များ၏ စိတ်ထဲတွင် လင်းယွမ်က မည်မျှ အရေးပါသည်ကို ရှင်းလင်းစွာ မြင်သာနေသည်။
ထိုအိမ်ရှင်များကို နှုတ်ဆက်နေရန် အချိန်မရှိသဖြင့် လင်းယွမ်က လှေကားထစ်များကို ခုန်ကျော်ကာ သုံးလေးထပ်ခန့် ဆင်းလာခဲ့သည်။
မကြာမီ အောက်ထပ်မှ ဝုန်းခနဲ ပေါက်ကွဲသံများ ကြားလိုက်ရသည်။
ထို့နောက် ကျောက်ခိုင်၏ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဝုန်း"
ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် တဖြောင်းဖြောင်း မြည်သံများ ဆက်တိုက် ကြားလိုက်ရသည်။
ရေခဲတုံးများ ကြေမွသွားသည့် အသံမျိုး ဖြစ်သည်။
လင်းယွမ် အောက်ထပ်သို့ ရောက်သွားသောအခါ ရေခဲနံရံတစ်ခု ကွဲကြေသွားသည်ကို မြင်လိုက်ရပြီး ကျန်းကောချန်က စင်္ကြံလမ်းအတိုင်း ပုံပျက်ပန်းပျက် ထွက်ပြေးနေသည်။
"ဝုန်း"
လေထုပေါက်ကွဲသံ ထပ်မံ ထွက်ပေါ်လာပြီး လေထဲတွင် အလင်းတန်းတစ်ခု ဖြာထွက်သွားသည်။
ပြင်းထန်သော လေဖိအား ပေါက်ကွဲမှုမှာ တင်းယန်၏ လေအမြောက်လက်သီး ပင် ဖြစ်သည်။
လင်းယွမ် ကြည့်လိုက်ရာ တင်းယန်က စင်္ကြံလမ်း၏ အခြားတစ်ဖက်တွင် ပိတ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
သူတို့နှစ်ဦးသည် စင်္ကြံလမ်း၏ ထိပ်နှင့်အဆုံးတွင် နေရာယူထားပြီး တကိုယ်လုံး အရိုးဆူးများ ထွက်နေသော ကျန်းကောချန်ကို ပိတ်မိအောင် တားဆီးထားကြလေသည်။
"အား"
ကျန်းကောချန်က လက်နှစ်ဖက်ကို အားကုန်သုံး၍ ကာကွယ်လိုက်ရာ လက်မောင်းပေါ်မှ အရိုးဆူးများ တဖြောင်းဖြောင်း ပေါင်းစည်းသွားပြီး ကြီးမားသော အရိုးဒိုင်းကာကြီး တစ်ခု ဖြစ်ပေါ်လာသည်။
တင်းယန်၏ လေအမြောက်က ထိုဒိုင်းကာပေါ်သို့ ကျရောက်ပေါက်ကွဲသွားသည်။
ချက်ချင်းပင် အရိုးများ အက်ကွဲသံ ထွက်ပေါ်လာသည်။
"ဂျွတ်... ဂျွတ်"
အရိုးဒိုင်းကာ ကွဲအက်သွားသော်လည်း ချက်ချင်းပင် အရိုးဆူးအသစ်များ ထပ်မံ ထွက်ပေါ်လာပြီး ကျိုးပဲ့သွားသော အရိုးများ နေရာတွင် အစားထိုး ဝင်ရောက်လာသည်။
ကျန်းကောချန်က နာကျင်မှုကြောင့် သွားကို စေ့ထားပြီး အိုစာနေသော မျက်နှာပေါ်တွင် ဒေါသနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည်။
"ဟားဟားဟား... လင်းယွမ်ရဲ့ ခွေးတွေ... ပြီးတော့ လင်းယွမ်ရဲ့ မယားငယ်လေး... နင်တို့ ဒီမှာ လာပိတ်ဆို့နေကြတာ... လင်းယွမ် သေလုမျောပါး ဖြစ်နေတာတောင် မသိကြဘူးလား"
"နင်တို့ အခုသွားမကြည့်ရင် သူ့အလောင်း ကောက်ဖို့ပဲ ပြင်ထားလိုက်ကြတော့"
ကျန်းကောချန်က တဟားဟား ရယ်မောရင်း ခန္ဓာကိုယ်ကို လိမ်ဖယ်ကာ ကျောက်ခိုင် ပစ်လွှတ်လိုက်သော ရေခဲချွန်များကို ရှောင်တိမ်းလိုက်သည်။
မြေပြင်ပေါ်တွင်လည်း ရေခဲလွှာများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။
စင်္ကြံလမ်းပေါ်ရှိ ရေတင်နေသော နေရာများသည် ကျောက်ခိုင်၏ ရေခဲအစွမ်းကြောင့် လျင်မြန်စွာ ရေခဲတုံးများ ဖြစ်ကုန်ပြီး ရပ်တည်ရန်ပင် ခက်ခဲနေသည်။
သို့သော် ကျန်းကောချန်၏ ခြေဖဝါးအောက်မှ အရိုးဆူးများ ထွက်ပေါ်လာပြီး ဖိနပ်သံမှိုများကဲ့သို့ ဖွဲ့စည်းပုံ ဖြစ်သွားကာ ခြေလှမ်းတိုင်းတွင် ရေခဲပြင်ကို စိုက်ဝင်သွားသဖြင့် ချော်မလဲစေရန် ထိန်းထားနိုင်သည်။
ကျောက်ခိုင်က ကျန်းကောချန်၏ ရန်စကားကို ကြားသောအခါ ဒေါသတကြီး ဆဲရေးလိုက်သည်။ "ခင်ဗျား ပါးစပ်ပိတ်ထားစမ်း... ခင်ဗျားအဆင့်လောက်နဲ့များ အစ်ကိုလင်းကို ထိခိုက်အောင် လုပ်နိုင်မယ် ထင်နေလား"
လင်းယွမ်နှင့် အသားတုံးဘီလူးကြီးတို့၏ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးထားသူ ဖြစ်သဖြင့် လင်းယွမ်၏ အစွမ်းအပေါ် သူ လုံးဝ ယုံကြည်မှု ရှိသည်။
ဒီ ကျန်းကောချန်က အစွမ်းနိုးထလာသည် ဆိုသော်လည်း တကိုယ်လုံး အရိုးဆူးများ ထွက်လာသည့် အစွမ်းက သိပ်အထင်ကြီးစရာ မဟုတ်ပေ။ အစ်ကိုလင်းကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်နိုင်မည်နည်း။
ကျောက်ခိုင်က တလုံးမှ မယုံပေ။
တင်းယန်၏ မျက်နှာထားမှာလည်း မည်းမှောင်နေပြီး သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသည်။
သူမက အစွမ်းများကို စုစည်းကာ လေအမြောက်များကို ဆက်တိုက် ပစ်ခတ်လိုက်သည်။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး စင်္ကြံလမ်း နံရံများ ကွဲအက်ကာ ကျန်းကောချန်၏ အရိုးများလည်း အကြိမ်ကြိမ် ကွဲထွက်ကုန်သည်။
"အဘိုးကြီး... ရှင် မရိုးသားတာကို ကျွန်မ သတိထားမိတာ ကြာပြီ... အရင်က မသတ်ဘဲ ထားလိုက်တာက အိမ်နီးချင်းတွေမို့ ငဲ့ညှာလို့ပဲ... ဒါကို ရှင်က ယုတ်မာဖို့ ကြံနေသေးတယ်ပေါ့"
"ဒီနေ့ ရှင့်ကို ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်ဘူး... ရှင့် အရိုးတွေ ဘယ်လောက်များများ ထပ်ထွက်လာဦးမလဲ ဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်"
သူမက ဒေါသတကြီး အော်ဟစ်ရင်း လက်သီးများကို ဆက်တိုက် ပစ်သွင်းလိုက်ရာ လေအမြောက်များက ဝုန်းခနဲ ကျရောက်ပေါက်ကွဲကုန်သည်။
တကယ့်ကို လူသားအမြောက်တပ်ဖွဲ့ကြီး တစ်ခု ပစ်ခတ်နေသကဲ့သို့ပင်။
ကျန်းကောချန်က စိတ်လှုပ်ရှားလာသည်။ သူ၏ ခန္ဓာကိုယ်တွင်းမှ အစွမ်းများ အကြီးအကျယ် ကုန်ဆုံးနေပြီ ဖြစ်ကြောင်း ခံစားမိသဖြင့် မျက်လုံးကို ကစားလိုက်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
"နင်တို့ မယုံဘူးလား... ဟဲဟဲ... နင်တို့နှစ်ယောက် ငါ့ကို ဒီလောက်ကြာအောင် တိုက်ခိုက်နေတာတောင် လင်းယွမ် ဘာလို့ ရောက်မလာသေးတာလဲ စဉ်းစားကြည့်လေ"
"လင်းယွမ်က တကယ်တော်ပါတယ်... ဒါပေမဲ့ သူက ငါ့ကိုတော့ သတိထားမိမှာ မဟုတ်ဘူးဆိုတာ နင်တို့ မေ့နေကြပြီလား... ငါ အလစ်ဝင်တိုက်လိုက်လို့ သူ ထိသွားပြီ... သူ ဘယ်လောက်တော်တော် သေရမှာပဲ"
သူ၏ စကားများကြောင့် ကျောက်ခိုင်နှင့် တင်းယန်တို့၏ မျက်နှာပျက်သွားကြသည်။
ဒါက သူတို့ အစိုးရိမ်ဆုံး အချက်ပင် ဖြစ်သည်။
မျက်နှာချင်းဆိုင် တိုက်ခိုက်လျှင် လင်းယွမ်က မည်သူ့ကိုမျှ ရှုံးနိမ့်လိမ့်မည် မဟုတ်ဟု သူတို့ ယုံကြည်သည်။ သို့သော် အလစ်တိုက်ခိုက်ခံရလျှင်ကော။
ဒီအဘိုးကြီးက ဒီလောက်ကြာအောင် ဟန်ဆောင်ပြီး သူ့အစွမ်းကို ဖုံးကွယ်ထားခဲ့သည်။ ဒီနေ့မှ ရုတ်တရက် ထုတ်ဖော်ပြသလာခြင်း ဖြစ်သည်။
လင်းယွမ်ကို တကယ်ပဲ အလစ်တိုက်ခိုက်ခဲ့လေ သလား။
လင်းယွမ်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။
တင်းယန်က ထိုအချက်ကို တွေးမိသောအခါ စိတ်ထဲတွင် ရုတ်တရက် ထိတ်လန့်သွားသည်။
စိုးရိမ်စိတ် လွန်ကဲလာသောအခါ အမှားများ ပြုလုပ်မိတတ်ကြသည်။ လင်းယွမ် ဒဏ်ရာရနေမည် (သို့မဟုတ်) အသက်အန္တရာယ် ကြုံနေရမည်ကို တွေးမိရုံနှင့်ပင် သူမ မနေနိုင်တော့ပေ။
"ကျောက်ခိုင်... နင် သူ့ကို ထိန်းထား... ငါ လင်းယွမ်ကို သွားရှာလိုက်မယ်"
တင်းယန်က အံကြိတ်ပြီး ကျောက်ခိုင်ကို လှမ်းအော်ပြောလိုက်သည်။
ကျောက်ခိုင်ကလည်း မျက်လုံးများ နီရဲနေပြီး "အမတင်း... အမြန်သွားလိုက်... သူ့ကို ကျွန်တော်ပဲ ရှင်းလိုက်မယ်" ဟု ပြန်အော်ပြောသည်။
အထိနာပြီး ဆုတ်ခွာနေရသော ကျန်းကောချန်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် ပျော်ရွှင်သွားသည်။
သူသည် ကျောက်ခိုင်ကို နိုင်ချင်မှ နိုင်မည် ဖြစ်သော်လည်း ကျောက်ခိုင် လက်မှ ထွက်ပြေးလွတ်မြောက်ရန်မူ မျှော်လင့်ချက် ရှိနေသေးသည်။
တင်းယန်က လင်းယွမ်ကို ရှာရန် နောက်သို့ အမြန်ဆုတ်ခွာသွားသည်။
ကျန်းကောချန်က ထိုအခွင့်အရေးကို အသုံးချ၍ တင်းယန် ရှိခဲ့သော နေရာဘက်သို့ ပြေးဝင်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ကျောက်ခိုင်က ဒေါသတကြီး အော်ဟစ်ပြီး အနောက်မှ ထပ်ကြပ်မကွာ လိုက်လေသည်။
ရုတ်တရက် ကျန်းကောချန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကာ သူ့ကို လိုက်လာသော ကျောက်ခိုင်အား လက်သီးဖြင့် ပစ်သွင်းလိုက်သည်။
"ဝှီး"
သူ၏ အရိုးဆူးများ ပြည့်နေသော လက်မောင်းပေါ်မှ ကြီးမားသော အရိုးဆူးတစ်ချောင်း ပြုတ်ထွက်လာပြီး လက်နက်ဝှက်တစ်ခုပမာ လေကိုခွင်းလျက် ပျံသန်းလာသည်။
ကျောက်ခိုင် အလွန်အံ့သြသွားသည်။ ကျန်းကောချန်၏ အရိုးဆူးများက ခန္ဓာကိုယ်မှ ကွာထွက်ပြီး လက်နက်ဝှက်သဖွယ် တိုက်ခိုက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူက အလျင်အမြန် ရပ်တန့်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို တွန်းထုတ်ကာ ရေခဲနံရံတစ်ခုကို ဖန်တီးလိုက်သည်။
"ဝုန်း" ခနဲ အသံနှင့်အတူ ရေခဲနံရံသည် အရိုးဆူး၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး ကွဲကြေသွားသည်။
ထို့နောက် လူရိပ်တစ်ခု သူ့ဆီသို့ ခုန်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းကောချန်။
ဒီအဘိုးကြီးက မြန်လိုက်တာ။
ကျောက်ခိုင် ထိတ်လန့်သွားပြီး နောက်သို့ အမြန်ဆုတ်ခွာလိုက်သည်။ သူ၏ လက်ပေါ်တွင် ရေခဲများ စုစည်းလာပြီး ရေခဲချွန်များအဖြစ် ပစ်လွှတ်လိုက်သည်။
"ဗုန်း... ဗုန်း... ဗုန်း"
ကျန်းကောချန်က လက်မောင်းနှစ်ဖက်ကို အရိုးဒိုင်းကာအဖြစ် ပြောင်းလဲကာ ရေခဲချွန်များကို ကာကွယ်ရင်း ရှေ့သို့ တိုးဝင်လာသည်။
စက္ကန့်ပိုင်း အတွင်းမှာပင် ကျောက်ခိုင်နှင့် အနီးကပ် အကွာအဝေးသို့ ရောက်ရှိလာသည်။
သူ၏ လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး အရိုးအဆစ်များ ကြီးထွားလာကာ လက်မောင်းတစ်ခုလုံး ရှည်ထွက်လာသကဲ့သို့ ဖြစ်သွားသည်။
ငါးမျှားချိတ်ကဲ့သို့ ကွေးကောက်ပြီး ထက်ရှနေသော အရိုးလက်သည်းများက ကျောက်ခိုင်၏ မျက်နှာကို ကုတ်ဆွဲလိုက်သည်။
ရက်စက်ပြီး ကြမ်းတမ်းလှသည်။
ကျန်းကောချန်က အသက်ကြီးနေသော်လည်း တိုက်ခိုက်ရာတွင် ဉာဏ်များပြီး ရက်စက်ကြမ်းကြုတ်လှသဖြင့် ကျောက်ခိုင် ဒေါသထွက်ကာ အံ့အားသင့်နေမိသည်။
ယခုအချိန်တွင် ကျန်းကောချန်၏ တကိုယ်လုံး၌ အရိုးဆူးများ ဖုံးလွှမ်းနေပြီး လက်မောင်းအရိုးများက ဒိုင်းကာသဖွယ် ပြားကားကြီးမားနေသည်။
ထို့အပြင် လက်ချောင်းများမှ အရိုးဆူးများကလည်း ဓားကဲ့သို့ ထက်မြက်နေသည်။
အနီးကပ် တိုက်ပွဲတွင် ကျောက်ခိုင်က ယှဉ်မတိုက်နိုင်ဘဲ နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေရသည်။
သူ စိတ်လောလာပြီး ရေခဲအစွမ်းများကို အကုန်ထုတ်သုံးကာ ရေခဲမြူများကို ဖန်တီးလိုက်သည်။
ကျန်းကောချန်၏ အပြင်ဘက်သို့ ထွက်နေသော အရိုးများပေါ်တွင် ရေခဲလွှာများ လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
ထွက်ပေါ်နေသော အရိုးများတွင် နာကျင်မှု မရှိသော်လည်း ရေခဲရိုက်ခတ်မှုကြောင့် မာကျောမှု လျော့နည်းလာပြီး ပိုမို ကြွပ်ဆတ်လာသည်။
တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် အရိုးများ ကွဲအက်မှု ပိုများလာသည်။
ကျန်းကောချန်၏ မျက်နှာထား မပြောင်းလဲသော်လည်း စိတ်ထဲတွင်မူ ပူပန်လာသည်။
"တောက်... လင်းယွမ်ရဲ့ ခွေးတွေက များလိုက်တာ... ဒီအတိုင်း ဆက်တိုက်နေရင် ငါ အားကုန်ပြီး သေလိမ့်မယ်"
"ဒီတိုက်ကနေ အမြန် ထွက်သွားမှ ဖြစ်မယ်"
ယခု တစ်ခုတည်းသော လွတ်လမ်းမှာ ဤနေရာမှ ထွက်ပြေးရန်သာ ဖြစ်ကြောင်း ကျန်းကောချန် သိသည်။
တိုက် (၇၆) အဆောက်အဦးတွင် လင်းယွမ် မသေသေးသရွေ့ သူ့အတွက် ပြေးစရာလမ်း မရှိပေ။
ဤနေရာမှ လွတ်အောင်ပြေးမှသာ အသက်ဆက်ရှင်နိုင်မည့် အခွင့်အရေး ရှိမည်။
သို့သော် ထွက်ပြေးရန် တစ်ခုတည်းသော နည်းလမ်းမှာ ခေါင်မိုးထပ်ပေါ်ရှိ ကောင်းကင်ကြိုးတံတားမှ သွားရန်သာ ရှိသည်။
ရေထဲမှ ထွက်ပြေးရန် သူ စဉ်းစားဖူးသည်။
သို့သော် ကျန်းလန်ကျွမ်းတို့ မိသားစု၏ သွေးပျက်ဖွယ်ရာ အဖြစ်ဆိုးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသဖြင့် သူ ရေထဲ မဆင်းရဲပေ။
ထို့ကြောင့် ခေါင်မိုးထပ်သို့ တက်ပြီး ကြိုးတံတားမှတဆင့် ထွက်ပြေးရန်သာ ရှိတော့သည်။
"သူနဲ့ အချိန်ဖြုန်း မနေတော့ဘူး"
ကျန်းကောချန်က ကိုယ်ကို ကိုင်းလိုက်ပြီး ခြေထောက်ကို ကန်ထုတ်လိုက်သည်။
သူသည် ကျောက်ခိုင်၏ ရေခဲချွန်များကို ရှောင်တိမ်းလိုက်ပြီးနောက် လူမရှိတော့သော အခြားစင်္ကြံလမ်းဘက်သို့ အမြန်လှည့်ပြေးလိုက်သည်။
ထိုဘက်တွင် တင်းယန် ထွက်သွားပြီ ဖြစ်သဖြင့် သူ့ကို တားဆီးမည့်သူ မရှိတော့ပေ။
ရုတ်တရက် အပေါ်ထပ်မှ လူရိပ်တစ်ခု ခုန်ဆင်းလာသည်။
"ဝှီး"
ကျန်းကောချန် ဘာမှ မလုပ်နိုင်ခင်မှာပင် ထိုလူက သံမဏိ လက်သီးဖြင့် ဝုန်းခနဲ ထိုးချလိုက်သည်။
"ဝုန်း"
ပြင်းထန်လှသော လက်သီးချက်ကြောင့် လေထုကွဲအက်သံကြီး ထွက်ပေါ်လာသည်။
ကျန်းကောချန်က အလျင်အမြန် လက်နှစ်ဖက်ကို ယှက်ကာ အရိုးဒိုင်းကာ ပြုလုပ်ပြီး ကာကွယ်လိုက်သည်။
"ခွမ်း"
ထူထဲသော အရိုးဒိုင်းကာကြီး တစ်စစီ ကွဲကြေသွားလေသည်။
ထိုလူ၏ လက်သီးချက်မှာ မြေကော်စက်ကြီး တစ်ခုကဲ့သို့ ပြင်းထန်လှသည်။
ကျန်းကောချန်မှာ စုတ်ပြတ်နေသော အဝတ်စုတ် တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး နံရံကို ဝုန်းခနဲ သွားဆောင့်မိလေသည်။
နံရံများ အက်ကွဲသွားပြီး အင်္ဂတေများ ကွာကျကုန်သည်။
သူ့ကျောဘက်ရှိ အရိုးဆူးများက နံရံကို ထိုးခွဲဝင်ရောက်သွားသဖြင့် အရှိန်အနည်းငယ် လျော့သွားသည်။
သို့သော် ထိုသို့တိုင်အောင် ကျန်းကောချန်၏ ရင်ခေါင်းထဲတွင် အောင့်တက်သွားသည်။
"အဟွတ်... အဟွတ်"
ကျန်းကောချန်က ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ ပါးစပ်မှ သွေးစများ ထွက်ကျလာသည်။
သူက မယုံနိုင်သော မျက်နှာထားဖြင့် "ဘယ်သူလဲ" ဟု မော့ကြည့်လိုက်သည်။
ထိုအခါ သူ၏ မျက်နှာထားက ချက်ချင်း ပျက်ယွင်းသွားသည်။
လှေကားပေါ်မှ ခုန်ဆင်းလာသူမှာ အခြားသူ မဟုတ်၊ လင်းယွမ်ပင် ဖြစ်နေသည်။
လင်းယွမ်က အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး လက်သီးကို ပြန်ရုတ်လိုက်သည်။ "ကျုပ်အကြပ်အတည်းဖြစ်နေတုံး... ခင်ဗျားလို အဘိုးကြီးက ထွက်ပြေးမလို့ ကြံနေသေးတယ်ပေါ့"
ကျန်းကောချန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ကုန်ဆုံးသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် သူ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ရင်ခေါင်းထဲမှ နာကျင်မှုကို ကြိတ်မှိတ်ကာ အမြန်ကုန်းထလိုက်သည်။
ထို့နောက် တခွန်းမှ ပြန်မပြောရဲဘဲ စင်္ကြံလမ်း အစွန်းဘက်သို့ ချက်ချင်း ပြေးသွားသည်။
လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် ကျန်းကောချန်သည် တုံ့ဆိုင်းခြင်း မရှိဘဲ အောက်သို့ ခုန်ချလိုက်လေသည်။
"ဝှီး"
လေတိုးသံများက သူ့နားထဲတွင် ဆူညံနေပြီး မိုးရေစက်များက တဖြောင်းဖြောင်း ကျရောက်နေသည်။
လင်းယွမ်က အမြန်ပြေးလိုက်သွားသော်လည်း ခြေတစ်လှမ်း နောက်ကျသွားသဖြင့် ကျန်းကောချန် ရေထဲသို့ ကျဆင်းသွားသည်ကိုသာ ကြည့်လိုက်ရသည်။
ကျောက်ခိုင် ရောက်လာပြီး ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်းသာသွားကာ "ကိုလင်းယွမ်... ဘာမှ မဖြစ်ဘူးမလား" ဟု လှမ်းမေးသည်။
လင်းယွမ်က ဘာမှ ပြန်မပြောဘဲ "ငါ ဆင်းလိုက်ဦးမယ်" ဟု ဆိုလိုက်သည်။
မူလက ကျန်းကောချန်သည် ရေထဲသို့ တကယ် ကျသွားခြင်း မဟုတ်ဘဲ ၁၆ ထပ်ခန့်သို့ ရောက်သောအခါ အရိုးလက်သည်းများဖြင့် စင်္ကြံလမ်းကို ကုတ်တွယ်ပြီး အရှိန်သတ်လိုက်ခြင်း ဖြစ်သည်။
လင်းယွမ်က ဒီအဘိုးကြီးကို လွှတ်ပေးမည်မဟုတ်။ သူက ချက်ချင်းပင် စင်္ကြံလမ်း လက်ရန်းကို ကျော်ကာ အောက်သို့ ခုန်ချလိုက်သည်။
"ဝှီး"
လေတိုးသံများ ကြားနေရပြီး လင်းယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူသာ ပျံသန်းနိုင်လျှင် သိပ်ကောင်းမှာပဲဟု တွေးလိုက်မိသည်။
ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် သူ၏ ကျောဘက်ရှိ ကြွက်သားများ ယားယံလာပြီး အသားပိုများ ထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။
သူ အံ့သြသွားသော်လည်း ထိုပြောင်းလဲမှုကို သေချာ အာရုံခံမနေတော့ဘဲ လက်ကို ဆန့်ထုတ်ကာ ၁၆ ထပ်ရှိ စင်္ကြံလမ်း အစွန်းကို လှမ်းဆွဲလိုက်သည်။
"ဒုန်း" ခနဲ အသံနှင့်အတူ သူက ၁၆ ထပ်တွင် တွဲလျားခိုလိုက်ပြီးနောက် စင်္ကြံလမ်းပေါ်သို့ ပေါ့ပါးစွာ ခုန်ဝင်လိုက်သည်။
ယခုအချိန်တွင် ကျန်းကောချန်၏ လက်မောင်းမှ ကျိုးသွားသော အရိုးလက်သည်းများ နေရာတွင် အသစ်များ ပြန်လည် ထွက်ပေါ်နေပြီ ဖြစ်သည်။
သူက သမ္ဗန်ပြားကဲ့သို့ သစ်သားပြား တစ်ချပ်ကို လှမ်းယူလိုက်ပြီး ရေထဲသို့ ပစ်ချလိုက်သည်။
လင်းယွမ် တားဆီးရန် အချိန်မရလိုက်ခင်မှာပင် သူက ခုန်ချလိုက်ပြီး သမ္ဗန်ပေါ်သို့ ရောက်သွားလေသည်။
"ဘုတ်"
ရေလှိုင်းများ ပက်ဖျန်းသွားသည်။ ကျန်းကောချန်သည် တကိုယ်လုံး အရိုးများ ဖုံးလွှမ်းနေသဖြင့် ကိုယ်အလေးချိန် များနေသော်လည်း သမ္ဗန်ပေါ်တွင် ငြိမ်သက်စွာ ရပ်တည်နိုင်ခဲ့သည်။
ထို့နောက် သူက သူ၏ အစွမ်းကို အသုံးပြုလိုက်ရာ လက်မောင်းမှ အရိုးများက လှေတက်များကဲ့သို့ ပြားကားကာ ရှည်ထွက်လာပြီး ရေကို အားကုန်လှော်ခတ်၍ အဆောက်အဦးနှင့် ဝေးရာသို့ ထွက်ပြေးလေတော့သည်။
လင်းယွမ်က အပေါ်မှ ရပ်ကြည့်နေပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။
သူက ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ရာ မည်းနက်နေသော သံချောင်းတစ်ချောင်း လက်ထဲသို့ ရောက်လာသည်။
ထို့နောက် ခြေတစ်လှမ်း နောက်ဆုတ်၊ ခါးကို ကိုင်းလိုက်ပြီး လက်မောင်းကို အားကုန် လွှဲပစ်လိုက်သည်။
"ဝှီးးးး"
သံချောင်းသည် လှံတံတစ်ချောင်းကဲ့သို့ လေထုကို ခွင်းလျက် ပြင်းထန်သော အသံမြည်ဟည်းစွာ ပျံသန်းသွားသည်။
သူ့နောက်ကျောမှ ကြောက်မက်ဖွယ် လေတိုးသံကို ကြားလိုက်ရသဖြင့် ကျန်းကောချန်၏ မျက်နှာ ပျက်သွားပြီး အလိုအလျောက် လှည့်ကြည့်ကာ လက်နှစ်ဖက်ကို ယှက်၍ ကာကွယ်လိုက်သည်။
လှေတက်ကဲ့သို့ ဖြစ်နေသော အရိုးလက်မောင်းများသည် ကျဉ်းမြောင်းသော တံခါးရွက်များသဖွယ် သူ့ကို ကာကွယ်ပေးထားသည်။
"ဒိန်း"
"ဂျွတ်"
သံချောင်းက အရိုးလက်မောင်းကို ချက်ချင်း ထိုးဖောက်သွားပြီး "ဂျွတ်" ခနဲ အက်ကွဲသွားသည်။
သံချောင်းတွင် ပါလာသော ပြင်းထန်လှသည့် အရှိန်အဟုန်ကြောင့် ကျန်းကောချန်၏ လက်မောင်းကို ဖောက်ထွက်သွားပြီးနောက် သူ၏ မျက်နှာဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ကျန်းကောချန် ထိတ်လန့်သွားပြီး ခေါင်းကို အမြန်စောင်းလိုက်သည်။
"ရွှပ်"
သံချောင်းက သူ၏ နားရွက်ဘေးမှ ဖြတ်သွားရာ နားရွက်တစ်ဝက် ပြတ်ထွက်သွားပြီး ရေထဲသို့ "ပလုံ" ခနဲ ကျသွားလေသည်။
ကျန်းကောချန်မှာ နားရွက်တစ်ဖက် ပြတ်ထွက်သွားသဖြင့် သွေးများ သံရဲရဲ ဖြစ်နေပြီး မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။
သူက သံချောင်းတစ်ချောင်း ထပ်ထုတ်လိုက်သော လင်းယွမ်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။
"သူ့မှာ ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေတာလဲ... သူက ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်လား"
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး"
ကျန်းကောချန် အလွန်ကြောက်ရွံ့သွားသည်။ သူက ရေပြင်ပေါ်တွင် ရောက်နေသဖြင့် ပစ်မှတ်ငြိမ် တစ်ခု ဖြစ်နေပြီး လင်းယွမ်က သံချောင်းဖြင့် စိတ်ကြိုက် ပစ်ပေါက် သတ်ဖြတ်နိုင်ပေသည်။
ထို့ကြောင့် သူက အားကုန် လှော်ခတ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် လှော်ခတ်လိုက်သည်နှင့် ရေအောက်မှ တစ်စုံတစ်ခုက သူ၏ အရိုးလက်မောင်းကို ကိုက်ခဲလိုက်သည်ကို ခံစားလိုက်ရသည်။
"ဂျွတ်" ခနဲ အသံနှင့်အတူ သူ၏ အရိုးလက်မောင်း အကိုက်ခံလိုက်ရပြီး ပေါက်ထွက်သွားသည်။
ကျန်းကောချန် လန့်ဖျပ်သွားပြီး လက်ကို အမြန်ခါလိုက်ရာ ကြီးမားသော လိပ်ကြီးတစ်ကောင် လွင့်ထွက်သွားသည်။
"ဝှီး"
ထိုအချိန်မှာပင် နောက်ထပ် သံချောင်းတစ်ချောင်း ပျံဝဲလာပြန်သည်။
ကျန်းကောချန်က ခါးကို ကိုင်းပြီး ခေါင်းငုံ့ရှောင်လိုက်သည်။
"ဒုန်း" ခနဲ အသံနှင့်အတူ ယခုတစ်ကြိမ်တွင် သံချောင်းက သမ္ဗန်ပြားပေါ်သို့ တည့်တည့် စိုက်ဝင်သွားသည်။
"ဝုန်း" ခနဲ သမ္ဗန်ပြားကြီး တစ်စစီ ကွဲကြေပျက်စီးသွားလေသည်။
ကျန်းကောချန် ရပ်တည်စရာ မရှိတော့သဖြင့် ရေထဲသို့ "ပလုံ" ခနဲ ကျသွားတော့သည်။
"ကယ်ကြပါဦး... မလုပ်ပါနဲ့"
ကျန်းကောချန်က ကြောက်လန့်တကြား အော်ဟစ်ပြီး လက်များကို ယက်ကန်ယက်ကန် လုပ်ကာ ရေကူးရန် ကြိုးစားလိုက်သည်။
သို့သော် သူ၏ တကိုယ်လုံးတွင် သိပ်သည်းဆများသော အရိုးများ ဖုံးလွှမ်းနေသဖြင့် ကိုယ်အလေးချိန် အလွန်စီးနေပြီး ရေထဲရောက်သည်နှင့် တဟုန်ထိုး နစ်မြုပ်သွားလေသည်။
သူလည်း ထိုအချက်ကို သတိထားမိလိုက်သဖြင့် အစွမ်းကို ချက်ချင်း ဖျက်သိမ်းလိုက်ရာ အရိုးအများအပြား ကွာကျသွားပြီး အချို့မှာ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားကြသည်။
ထိုအခါမှ သူ၏ ခန္ဓာကိုယ်က ရေပေါ်သို့ လျင်မြန်စွာ ပြန်ပေါ်လာသည်။
သို့သော် ရေပေါ်သို့ ရောက်ခါနီးတွင် ရုတ်တရက် ရေခဲအငွေ့အသက်များ လွှမ်းခြုံလာသည်ကို တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ရေမျက်နှာပြင် တစ်ခုလုံး ထူထဲသော ရေခဲပြင်ကြီးအဖြစ် ခဲသွားလေတော့သည်။
ကျန်းကောချန်မှာ ဒေါသထွက်လွန်း၍ ရူးသွပ်မတတ် ဖြစ်သွားပြီး အသက်ကို အောင့်ကာ ရေအောက်မှနေ၍ ရေခဲပြင်ကို အတင်းထိုးခွဲရန် ကြိုးစားလိုက်သည်။
သို့သော် ရေခဲပြင်က အလွန်ထူထဲသည့်အပြင် ရေအောက်တွင် အားစိုက်ရ ခက်ခဲသဖြင့် ရေခဲပြင်ကို ခွဲနိုင်ခြင်း မရှိပေ။
ထိတ်လန့်သွားသော ကျန်းကောချန်က အခြားဘက်သို့ ကူးခပ်သွားရန် ကြိုးစားလိုက်သည်။
သို့သော် သူ ကူးသွားသမျှ နေရာတိုင်းတွင် ရေခဲပြင်က လိုက်လံ ဖုံးလွှမ်းသွားသည်။
ကျန်းကောချန် ဒေါသထွက်ပြီး ပါးစပ်ဖွင့်ကာ ဆဲရေးရန် ပြင်လိုက်စဉ် ရေများ ဝင်လာသဖြင့် ပြင်းထန်စွာ သီးပြီး ချောင်းဆိုးလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် အောက်ဆီဂျင် ပမာဏ နည်းပါးလာပြီ ဖြစ်သည်။
ကျန်းကောချန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာသည်။ ထိုအချိန်တွင် ရေအောက်မှ အရိပ်မည်းကြီး တစ်ခု ဖြတ်သန်းသွားသည်။
ထို့နောက် မည်သည့် အမျိုးအစားမှန်း မသိရသော ကြီးမားလှသည့် သန္ဓေပြောင်း ငါးကြီးတစ်ကောင် ရောက်ရှိလာသည်။
ထိုငါးကြီးက ပါးစပ်ကြီးကို ဖြဲကာ ကျန်းကောချန်အား တရှိန်ထိုး မျိုချလိုက်လေတော့သည်။
ဆက်ရန်...