အခန်း (၁၄၇-၁၄၈)
Vol. 8 Ch. 147-148
အပိုင်း (၁၄၇) သန္ဓေပြောင်း နေကြာပန်း၏ အာနိသင်
"လူတိုင်းရဲ့ သန္ဓေပြောင်းစွမ်းအင် ပမာဏက အကန့်အသတ် ရှိလိမ့်မယ်"
"ကျောက်ခိုင်က ရေခဲအစွမ်း နိုးထလာပြီးတဲ့နောက် ရေခဲအစွမ်းကို အကြိမ် ၅၀ လောက် ထုတ်သုံးပြီးတာနဲ့ ခွန်အားကုန်ခမ်းပြီး တစ်ကိုယ်လုံး ပျော့ခွေသွားတတ်တယ်... သန္ဓေပြောင်းစွမ်းအင် ကုန်သွားတာပေါ့"
"တင်းယန်ဆိုရင်လည်း စွမ်းအားမြှင့်တင်တဲ့ အစွမ်း နိုးထလာစတုန်းက အစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင် ၂ မိနစ် ၃ မိနစ်လောက်ပဲ တောင့်ခံနိုင်တယ်... ပြီးတာနဲ့ ခွန်အားကုန်ပြီး အနားယူဖို့ လိုအပ်လာရော"
လင်းယွမ်က အတွေးနက်သွားသည်။ သန္ဓေပြောင်းစွမ်းအင် ပမာဏ နည်းခြင်း များခြင်းက လူတစ်ယောက်နှင့် တစ်ယောက် မတူညီကြပေ။
ဒါဆိုရင် ဒီအရာတွေအားလုံးက ဘာနဲ့ သက်ဆိုင်နေသလဲ။
လင်းယွမ်က ခဏမျှ စဉ်းစားလိုက်ရုံဖြင့် အဖြေကို ရရှိလိုက်သည်။
"ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ်ပဲ"
သူက ချက်ချင်းပင် သဘောပေါက်သွားသည်။ အဓိက အရည်အသွေးမှတ် ၄ ခုဖြစ်သည့် ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင်နှင့် စိတ်စွမ်းအင်တို့ ဖြစ်ကြသည်။
ထိုအရာများသည် လူ့ခန္ဓာကိုယ်၏ ကွဲပြားသော အခြေအနေများနှင့် သက်ဆိုင်နေကြ၏။
ထိုအထဲတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ဆိုသည်မှာ ကိုယ်ခံစွမ်းအားနှင့် ရောဂါခုခံနိုင်စွမ်းကို ဆိုလိုခြင်း သက်သက်မဟုတ်ပေ။
၎င်းသည် ကာကွယ်နိုင်စွမ်းနှင့် ပြန်လည်သက်သာလာနိုင်စွမ်းတို့နှင့်လည်း သက်ဆိုင်နေသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားလေလေ ပြန်လည်သက်သာလာနိုင်စွမ်း ကောင်းမွန်လေလေ ဖြစ်သည်။
ခွန်အားကုန်ခမ်းသွားခြင်း တူညီလျှင်ပင် ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားသူက အားအင်ပြန်ပြည့်မည့်နှုန်း ပိုမိုမြန်ဆန်ပေလိမ့်မည်။
"ဥပမာ လူငယ်တစ်ယောက်နဲ့ လူလတ်ပိုင်း တစ်ယောက်... နှစ်ယောက်လုံး ညဘက် အိပ်ရေးပျက်ခံကြတယ် ဆိုပါစို့... လူငယ်က တစ်ရေးလောက် အိပ်လိုက်တာနဲ့ ကျားလို နဂါးလို တက်ကြွလာနိုင်ပေမယ့် လူလတ်ပိုင်းကျတော့ သုံးရက်လောက် ဆက်တိုက် နုံးချိပြီး နာလန်မထူနိုင် ဖြစ်နေတတ်တယ်"
"ဒါက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကွာခြားချက်ပဲ"
"အကယ်၍ သန္ဓေပြောင်းစွမ်းအင်ဆိုတာကို လူ့ခန္ဓာကိုယ် အားအင်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်လိုက်ရင်... အဲဒါ ကုန်ခမ်းသွားတဲ့အခါ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်တဲ့သူက သေချာပေါက် ပြန်လည်ဖြည့်တင်းနိုင်စွမ်း ပိုမြန်မှာပဲ"
"ဒါဆို ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်လေ သန္ဓေပြောင်းစွမ်းအင် ပမာဏ ပိုများလေပဲလား"
လင်းယွမ်က စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ငြင်းပယ်လိုက်သည်။
"မသေချာဘူး... အရည်အသွေးမှတ် ၄ မျိုးလုံးမှာ သက်ဆိုင်ရာ အစွမ်းပိုင်ရှင်တွေ ရှိကြတာပဲ"
"တကယ်လို့ လူတစ်ယောက်က ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ အစွမ်းကို နိုးထလာခဲ့ရင်... သူက အဆုံးအစမရှိတဲ့ သန္ဓေပြောင်းစွမ်းအင်တွေကို ပိုင်ဆိုင်ထားနိုင်မှာလား"
"ဒါက သေချာပေါက် မဖြစ်နိုင်ဘူး... ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်မားတာက သန္ဓေပြောင်းစွမ်းအင် ပြန်ပြည့်တဲ့နှုန်းကို မြန်ဆန်စေရုံပဲ ရှိမယ်... သန္ဓေပြောင်းစွမ်းအင် စုစုပေါင်း ပမာဏကိုတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု တစ်ခုတည်းက ဆုံးဖြတ်ပေးတာ မဖြစ်သင့်ဘူး"
"ဒါဆို ဘယ်ဟာဖြစ်မလဲ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး မိမိ၏ အရည်အသွေးမှတ်တမ်း မျက်နှာပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ရုတ်တရက် သူ၏ အကြည့်က တစ်နေရာတွင် စူးစိုက်သွားပြီး သန္ဓေပြောင်းလဲနှုန်း ဟူသော ကဏ္ဍကို သတိပြုမိလိုက်၏။
"အဲ့ဒါပဲ"
"သန္ဓေပြောင်းလဲနှုန်း... ဟုတ်တယ်... သန္ဓေပြောင်းစွမ်းအင် ပမာဏ အဆုံးအဖြတ်က သန္ဓေပြောင်းလဲနှုန်းနဲ့ ဆက်စပ်နေတာပဲ"
"အစတုန်းက လူတိုင်း သန္ဓေပြောင်း ငါးတွေ စားခဲ့ကြတယ်... ဒါပေမဲ့ အစပိုင်းမှာ သေရေးရှင်ရေး အန္တရာယ်နဲ့ ကြုံရရင်တောင်မှ အဲဒီလူတွေက သန္ဓေပြောင်း အစွမ်းတွေ နိုးထမလာခဲ့ကြဘူး"
"ဘာလို့လဲဆိုတော့ သူတို့ရဲ့ သန္ဓေပြောင်းလဲနှုန်းက အစွမ်းနိုးထဖို့ လိုအပ်တဲ့ သတ်မှတ်ချက်ကို မရောက်ရှိသေးလို့ပဲ"
"ဒါကြောင့် အဲဒီလူတွေက ကြီးမားတဲ့ လှုံ့ဆော်မှုတွေ ခံရရင်တောင်မှ သန္ဓေပြောင်း အစွမ်းတွေ နိုးထဖို့ ခက်ခဲခဲ့ကြတာ"
"သန္ဓေပြောင်းလဲနှုန်းက သတ်မှတ်ချက် တစ်ခု... ဥပမာ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းကို ရောက်ရှိသွားမှသာ သူတို့ရဲ့ အစွမ်းတွေ နိုးထလာကြမှာ"
"သန္ဓေပြောင်း အစွမ်းရဲ့ အားနည်းခြင်း အားကြီးခြင်းက သန္ဓေပြောင်းလဲနှုန်းနဲ့ တိုက်ရိုက် သက်ဆိုင်နေတာပဲ"
လင်းယွမ်က ချက်ချင်းပင် အတည်ပြုလိုက်သည်။ လူ့ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်း သန္ဓေပြောင်းစွမ်းအင် ပမာဏ အနည်းအများကို လွှမ်းမိုးထားသည့် အဓိက အချက်မှာ ဤ သန္ဓေပြောင်းလဲနှုန်းပင် ဖြစ်လောက်သည်။
အခြားသူများတွင် အရည်အသွေးမှတ်တမ်း မျက်နှာပြင် မရှိကြသဖြင့် ၎င်းတို့၏ သန္ဓေပြောင်းလဲနှုန်း မည်မျှရှိသည်ကို မသိနိုင်ကြပေ။
သို့သော် လင်းယွမ်ကမူ မိမိ၏ သန္ဓေပြောင်းလဲနှုန်း တန်ဖိုးကို ရှင်းလင်းစွာ သိရှိနေသည်။
"သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားကို စားတာက သန္ဓေပြောင်းလဲနှုန်း တန်ဖိုးကို အမြန် မြှင့်တင်ပေးနိုင်တယ်... ငါ အမှတ်ပေါင်းထည့်ရင်လည်း သန္ဓေပြောင်းလဲနှုန်း တိုးလာတာပဲ"
"တကယ်လို့ သန္ဓေပြောင်းစွမ်းအင်က သန္ဓေပြောင်းလဲနှုန်းနဲ့ တကယ် သက်ဆိုင်နေတယ် ဆိုရင်... ငါလည်း သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားကို များများ စားသင့်တာလား"
လင်းယွမ်က ထိုအချက်ကို တွေးမိသော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါလိုက်သည်။
သူက ပြဿနာအသစ် တစ်ခုကို စဉ်းစားမိလိုက်ပြန်၏။
"သန္ဓေပြောင်း သတ္တဝါချင်း အတူတူ... ဘာလို့ သန္ဓေပြောင်း ငါးကို စားတဲ့သူတွေကျတော့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ခံရမှ အစွမ်းနိုးထနိုင်တာလဲ"
"ဒါပေမဲ့ သန္ဓေပြောင်း အပင်တွေရဲ့ အသီးကို စားတဲ့သူတွေကျတော့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု မလိုဘဲ တန်းပြီး နိုးထနိုင်ကြတယ်"
"ဒါ့အပြင် သန္ဓေပြောင်း ငါးကို စားပြီး နိုးထသူတွေက စိတ်ဖောက်ပြန်နိုင်တဲ့ အန္တရာယ် ရှိပေမယ့် သန္ဓေပြောင်း အပင်ရဲ့ အသီးကို စားတဲ့သူတွေမှာကျတော့ အဲဒီလို အန္တရာယ်မျိုး မရှိဘူး"
"ဒါက ဘာနဲ့ဆိုင်တာလဲ"
လင်းယွမ်က မိမိ အစွမ်းနိုးထလာစဉ် အချိန်က အဖြစ်အပျက်ကို ပြန်လည် ဆက်စပ်တွေးတော ကြည့်လိုက်သည်။ ဆဲလ်ကလာပ်စည်းများ၏ အလွန်နက်ရှိုင်းသည့် မျိုးဗီဇထဲမှ ပါလာသည့် ရှေးဟောင်း အမှတ်ဉာဏ်များက သူ၏ စိတ်အာရုံကို လွှမ်းမိုးပြီး အစွမ်းနိုးထမှုကို အနှောင့်အယှက် ပေးခဲ့သည် မဟုတ်ပါလော။
"ဒါပေမဲ့ ငါ အစွမ်းနိုးထတုန်းက အဲဒီ မျိုးဗီဇအဆင့် လွှမ်းမိုးမှုတွေက သိပ်မပြင်းထန်ခဲ့ဘူး... ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ အလွယ်တကူပဲ ဖိနှိပ်ထားနိုင်ခဲ့တယ်"
"အဲဒီလို စိတ်ဖောက်ပြန်နိုင်တဲ့ အန္တရာယ်ကို ဖိနှိပ်ဖို့ ပြင်ပအကူအညီ လုံးဝ မလိုခဲ့ဘူး"
"အဲဒါ ငါက သန္ဓေပြောင်း ငါးကို မစားခဲ့လို့များလား"
လင်းယွမ်၏ စိတ်ထဲတွင် သတိထားမိသွားသည်။ သန္ဓေပြောင်း သတ္တဝါများ၏ အသားကို စားခြင်းနှင့် ပတ်သက်ပြီး သူ၏ စိတ်ထဲမှ အလိုလိုနေရင်း ငြင်းဆန်နေမိသည်။
"ထားလိုက်တော့... ဘာပဲဖြစ်ဖြစ် အမှတ်ပေါင်းထည့်ပြီး သန္ဓေပြောင်းလဲနှုန်းကို မြှင့်တင်လို့ ရနေတာပဲ... ဘာကိစ္စ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အသားကို အတင်း စားနေရဦးမှာလဲ"
သူက ခေါင်းခါလိုက်ပြီး သန္ဓေပြောင်း သတ္တဝါ အသားစား၍ သန္ဓေပြောင်းလဲနှုန်း မြှင့်တင်မည့် အတွေးကို စွန့်လွှတ်လိုက်သည်။
ထိုနည်းလမ်းဖြင့် သန္ဓေပြောင်းလဲနှုန်းကို မြှင့်တင်ခြင်းသည် ကောင်းကျိုးတစ်ခု မဖြစ်နိုင်ကြောင်း သူ အမြဲတစေ ခံစားနေရသည်။
ထို့နောက် လင်းယွမ်သည် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို လှုံ့ဆော်ရန် အခြားနည်းလမ်း အချို့ကို စမ်းသပ်ကြည့်လိုက်သည်။
ဥပမာအားဖြင့် မိမိကိုယ်ကို အဆက်မပြတ် ထုရိုက်နေမည် ဆိုလျှင် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းသည် သူ၏ အရေပြားပေါ်သို့ လျင်မြန်စွာ စုစည်းသွားပြီး ထုရိုက်ခံရမှုကို ခံနိုင်ရည် ရှိစေရန် ထူထဲသော အသားမာများ ဖြစ်ပေါ်လာစေသည်။
ဥပမာ သူက နံရံကို လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်သည် ဆိုပါစို့။
ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ၏ လက်ဝါး ပြင်ပတွင် နွားခွာ မြင်းခွာ ကဲ့သို့သော ထူထဲသည့် အကာအကွယ် တစ်ခုကို လျင်မြန်စွာ ဖြစ်ပေါ်လာစေပြီး လက်ကို ဖုံးအုပ်ပေးကာ မိမိ၏ အသားကို မထိခိုက်စေရန် ကာကွယ်ပေးလေသည်။
လင်းယွမ်မှာ စိတ်လှုပ်ရှားသွားသည်။ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းတွင် တူးဖော်စရာ နေရာလပ်များစွာ ရှိနေသေးပုံရသည်။
ဤအစွမ်းမှာ လေ့လာစူးစမ်းစရာ အများအပြား ရှိနေပေသည်။
မိမိ၏ အစွမ်းကို ခေတ္တမျှ လေ့လာပြီးနောက် လင်းယွမ်မှာ အနည်းငယ် မောပန်းလာသည်။
အစွမ်းကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းက ခန္ဓာကိုယ် ခွန်အားကို အမှန်တကယ်ပင် ကုန်ခမ်းစေသည်။
သူက မတ်တပ်ရပ်လျက် ခေတ္တမျှ အနားယူလိုက်ပြီးနောက် ကောက်ချက်တစ်ခု ချလိုက်နိုင်လေသည်။
"ငါ့ရဲ့ ၄၀% ရှိတဲ့ သန္ဓေပြောင်းလဲနှုန်းနဲ့တောင် မိနစ် ၄၀ လောက်ပဲ တောင့်ခံနိုင်တာပဲ"
"ဒါကလည်း ငါ့ရဲ့အစွမ်းက တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ဘဲ အထောက်အပံ့ အမျိုးအစား ဖြစ်နေလို့... ပြင်းထန်တဲ့ ပေါက်ကွဲအား ထုတ်သုံးစရာ မလိုလို့ ဖြစ်လိမ့်မယ်"
"မိနစ် ၄၀ ကျော်သွားတာနဲ့ ငါ့ရဲ့ သန္ဓေပြောင်းစွမ်းအင်တွေ ကုန်ခမ်းပြီး ခန္ဓာကိုယ်က သိသိသာသာ မောပန်းလာတယ်"
လင်းယွမ်က ထိုအချိန်ကာလကို စိတ်ထဲတွင် မှတ်သားလိုက်သည်။ နောင်တွင် တိုက်ခိုက်စရာ ရှိလာပါက ဤအချိန် အတွင်း အနိုင်အရှုံး ပိုင်းဖြတ်နိုင်ရန် အတတ်နိုင်ဆုံး ထိန်းချုပ်ရပေမည်။
သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ကုလားထိုင် တစ်လုံးကို ထုတ်ယူလိုက်ပြီး ထိုင်ကာ အနားယူလိုက်သည်။
၃ မိနစ်ခန့် ကြာပြီးနောက် သူ၏ ခန္ဓာကိုယ် ခွန်အားမှာ အနည်းငယ် ပြန်လည် ပြည့်ဝလာသော်လည်း သန္ဓေပြောင်းစွမ်းအင်မှာမူ ပြန်မပြည့်သေးပေ။
"ကြည့်ရတာ ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ခွန်အားကိုတော့ အမြန်ဆုံး ပြန် ဖြည့်တင်းပေးနိုင်ပေမယ့်... သန္ဓေပြောင်းစွမ်းအင် ပြန်ပြည့်ဖို့ကကျတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု တစ်ခုတည်းက ဆုံးဖြတ်ပေးတာ မဟုတ်ဘူးပဲ"
"သန္ဓေပြောင်းလဲနှုန်းနဲ့လည်း ဆက်စပ်နေလောက်တယ်"
နောက်ထပ် ၁ နာရီခန့် စောင့်ဆိုင်းပြီးမှသာ လင်းယွမ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ သန္ဓေပြောင်းစွမ်းအင်များ မူလအတိုင်း ပြန်လည် ပြည့်ဝလာကြောင်း ခံစားလိုက်ရသည်။
သူက ထိုအချိန် အချက်အလက်ကို တိတ်တဆိတ် မှတ်သားလိုက်သည်။
"အစ်ကိုလင်း... ဒီမှာ ရှိနေတာကိုး"
ထိုအချိန်တွင် ကျောက်ခိုင်က အမိုးပေါ်သို့ ရောက်လာပြီး လင်းယွမ်ကို တွေ့သည်နှင့် လှမ်းခေါ်လိုက်သည်။
လင်းယွမ်က သူ့ကို လှမ်းကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ"
"ဟိုဘက်တိုက်က တာအိုဆရာလင်းက အစ်ကို့ကို စကားပြောချင်လို့တဲ့" ကျောက်ခိုင်က ပြောလိုက်သည်။
ထို့နောက် သူက ထပ်လောင်းပြောဆိုသည်။ "ဒီကနေ ထွက်ခွာမယ့် ကိစ္စ ဖြစ်လောက်တယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ သူ မအံ့သြမိပေ။ ဤကိစ္စသည် သေးငယ်သော ကိစ္စမဟုတ်သဖြင့် တာအိုဆရာလင်းတို့ အနေဖြင့် သေချာပေါက် စိတ်ပူပန်နေကြမည်သာ ဖြစ်သည်။
သူက မေးလိုက်သည်။ "တိုက် ၇၇ ဘက်ကရော ဘာလှုပ်ရှားမှု ရှိလဲ... တုံယန် ဆက်သွယ်သေးလား"
"ဆက်သွယ်တယ်... တုံယန် ပြောတာကတော့ စာရင်းကောက်နေတုန်းပဲတဲ့... သူကိုယ်တိုင်ကတော့ သေချာပေါက် လိုက်မှာ... သူ့မောင်လေး တုံကျဲကိုလည်း ခေါ်သွားချင်တယ်တဲ့"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "အစွမ်းပိုင်ရှင်တွေ ပါချင်တယ်ဆိုရင် ရပါတယ်"
"ကျွန်တော်တို့ ဖောင်က အဲဒီလောက် လူအများကြီး ဆံ့ပါ့မလား"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "တစ်စီးတည်းဆိုရင်တော့ သေချာပေါက် မလောက်ဘူး... ဒါပေမဲ့ ငါတို့မှာက နှစ်စီး ရှိနေတာ မဟုတ်လား"
"ဖောင်အကြီးက လူ ၃၀ ကနေ ၅၀ လောက် ဆံ့တယ်... အသေးကလည်း အနည်းဆုံး လူ ၂၀၊ ၃၀ လောက်တော့ စီးလို့ရမှာပါ"
ကျောက်ခိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လိုက်ချင်တဲ့သူ ဘယ်နှစ်ယောက် ရှိမလဲတော့ မသိဘူး... ကျွန်တော် ကြည့်ရသလောက် တော်တော်များများက စိုးရိမ်နေကြပြီး သိပ်မလိုက်ချင်ကြဘူး"
"အထူးသဖြင့် အသက်ကြီးတဲ့သူ တချို့က ဒီလို စွန့်စားရတာ မတန်ဘူးလို့ ထင်နေကြတယ်... ဒီမှာက လောလောဆယ်တော့ လုံခြုံသေးတယ်လို့ ယူဆထားကြတာ"
လင်းယွမ်က ခေါင်းခါလိုက်သည်။ "သူတို့ သဘောပါပဲ... ဒီလူတွေက ရေရှည်ကိုမကြည့်တတ်ကြဘူး... မစွန့်စားရဲကြဘူး... ငါတို့နောက် လိုက်လာရင်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်တာပဲ အဖတ်တင်မှာ"
သူတို့နှစ်ဦး စကားပြောရင်း စကားပြောခွက် ရှိရာသို့ လျှောက်သွားလိုက်ကြသည်။
စကားပြောခွက် ဆိုသည်မှာ ပလတ်စတစ်ပုံး တစ်ခုဖြစ်ပြီး အတွင်းမှ ကြိုးတစ်ချောင်းက ဟိုဘက် တိုက်ဆီသို့ လှမ်း၍ သွယ်တန်းထားခြင်း ဖြစ်သည်။
လင်းယွမ်က ပလတ်စတစ်ပုံးကို ပုတ်လိုက်ပြီး ပုံးထဲသို့ အော်ပြောလိုက်သည်။ "ကျွန်တော် လင်းယွမ်ပါ... ဟလို... ဟိုဘက်က လူရှိလား"
"ရှိတယ်... ရှိတယ်... လင်းယွမ်... ကျွန်တော်ပါ" တာအိုဆရာလင်း၏ အသံက အပြင်ဘက်မှ လေမုန်တိုင်းသံများနှင့် ရောနှောလျက် ထွက်ပေါ်လာသည်။
လင်းယွမ်က ပြုံးလိုက်ပြီး "တာအိုဆရာလင်း... ကျွန်တော့်ကို ရှာတာ ဒီကနေ ထွက်ခွာမယ့် ကိစ္စကြောင့်လား"
တာအိုဆရာလင်းက အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်တယ်... မနေ့က ဒီသတင်းကို ကြားကြားချင်းပဲ ကျွန်တော်တို့ဘက်က ညလုံးပေါက် တိုင်ပင်ခဲ့ကြတယ်"
"ဟိုင်ကျူးနဲ့ ဒေါက်တာရန်ရဲ့ သဘောထားကတော့ ခင်ဗျားနဲ့အတူ လိုက်ခဲ့ချင်ကြတယ်... လင်းယွမ်... တကယ်ပဲ မဖြစ်မနေ ထွက်သွားမှ ရမှာလားဗျာ... ကျွန်တော် ကြည့်ရသလောက် ဒီမိုးကြီးက ဘယ်အချိန်မှ ရပ်မလဲ မသိဘူး... ဒီ ရေကြီးတာကလည်း တောက်လျှောက်ကြီး တက်လာနေတာတော့ မဖြစ်နိုင်ပါဘူး... အဲဒီလိုဆိုရင် မိုးနတ်မင်းက လူတွေကို အသေ သတ်နေတာနဲ့ အတူတူပဲပေါ့"
လင်းယွမ်က နားထောင်လိုက်သည်နှင့် တာအိုဆရာလင်း တစ်ယောက် ကံတရားကို မျှော်ကိုးနေဆဲ ဖြစ်ကြောင်း၊ ယခု ရှိနေသော သက်သောင့်သက်သာ နေရာလေးမှ မခွာချင် ဖြစ်နေကြောင်း သိလိုက်သည်။
"တာအိုဆရာလင်း... ခင်ဗျား ကံစမ်းချင်နေတာလား"
"မိုးကြီး ဝက်ဝက်ကွဲ ရွာနေတာ ခြောက်လ ရှိနေပြီ... ဘယ်တုံးက ရပ်သွားဖူးလို့လဲ"
"ကျွန်တော် သုံးသပ်ပြစရာ ရှိတာတွေကို ဒေါက်တာရန်ကို သုံးသပ်ပြပြီးပြီ... သူ ခင်ဗျားကို ပြောပြပြီးလောက်ပြီ ထင်တယ်"
"ဒါနဲ့ ဒေါက်တာရန်ရဲ့ ဒဏ်ရာက ဘယ်လိုနေသေးလဲ... တကယ်လို့ သွားမယ်ဆိုရင် သူ လိုက်နိုင်ပါ့မလား"
ထိုအချိန်တွင် တစ်ဖက်မှ ရန်ဆန်းမင်၏ အသံ ထွက်ပေါ်လာသည်။
"လင်းယွမ်... ဂရုစိုက်ပေးတာ ကျေးဇူးပါဗျာ... ကျွန်တော့် ဒဏ်ရာက ပျောက်သွားပါပြီ... ပြီးခဲ့တဲ့ တစ်ခေါက်က တကယ် ကျေးဇူးတင်ပါတယ်"
ရန်ဆန်းမင်သည် လွန်ခဲ့သော အကြိမ်က ပခုံးရိုး ကျိုးသွားပြီး အဆစ်လွဲသွားခဲ့သည်။ နောက်ပိုင်းတွင် ထန်ယင်း၏ အကူအညီဖြင့် အရိုးပြန်ဆက်ခဲ့ရသည်။
သာမန်လူဆိုလျှင် အရိုးထိခိုက်သွားပါက ရက်ပေါင်း ၁၀၀ ခန့် အနားယူမှသာ ပြန်ကောင်းနိုင်သည်။
သို့သော် ရန်ဆန်းမင်မှာ သန္ဓေပြောင်း အစွမ်း နိုးထပြီးသူ ဖြစ်သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်လူထက် များစွာ သာလွန်နေပြီ ဖြစ်သည်။ ထို့အပြင် သန္ဓေပြောင်းစွမ်းအင်ကျောက်တုံးကဲ့သို့သော ဆန်းကြယ်သည့် ပစ္စည်းမျိုး ရှိနေသဖြင့် သူ၏ ပြန်လည် သက်သာနှုန်းမှာ သဘာဝကျစွာပင် မြန်ဆန်နေပေသည်။
လင်းယွမ်က ရယ်မောလိုက်ပြီး "ပြန်ကောင်းသွားရင် ပြီးတာပါပဲ... ခင်ဗျားတို့ ဘက်က လူဘယ်နှစ်ယောက် လိုက်ဖို့ စိတ်ကူးရှိလဲ"
"ကျွန်တော် ပြီးခဲ့တဲ့ တစ်ခေါက်က ဒီကိစ္စ ပြောဖူးတယ်လေ... ခင်ဗျားတို့ ပြင်ဆင်ထားတာ ရှိတယ်မလား"
ရန်ဆန်းမင်က ချက်ချင်း ပြောလိုက်သည်။ "ရှိပါတယ်... ပြီးခဲ့တဲ့ တစ်ခေါက် ခင်ဗျား ပြောသွားပြီးကတည်းက ကျွန်တော် စိတ်ထဲ မှတ်ထားလိုက်တယ်... ပြီးတော့ အမြန်ဆုံး နှုန်းနဲ့ ဖောင်တစ်စီး တည်ဆောက်ခဲ့တယ်"
"အခုတော့ လက်စသတ်တဲ့ အပိုင်းကို ရောက်နေပြီ... တကယ်လို့ အဆင်ပြေမယ် ဆိုရင် ကျွန်တော်တို့ကို နောက်ထပ် ၂ ရက်လောက် စောင့်ပေးလို့ ရမလား... ၂ ရက်အတွင်း သေချာပေါက် ပြီးစေရမယ်... အဲဒီကျရင် ကျွန်တော်တို့ အတူတူ သွားကြမယ်လေ... အချင်းချင်းလည်း စောင့်ရှောက်လို့ ရတာပေါ့... ဘယ်လိုလဲဗျ"
ရန်ဆန်းမင်၏ လုပ်ရည်ကိုင်ရည်မှာ အလွန် ကောင်းမွန်သည်။ လွန်ခဲ့သော အကြိမ်က လင်းယွမ်တို့ ဖောင်ဖွဲ့ပြီး မြင့်မားသော တောင်ပေါ်ဒေသသို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း သိလိုက်ရသည့် အချိန်ကတည်းက သူ စိတ်ဝင်စားသွားခဲ့သည်။
ထို့ကြောင့် လင်းယွမ်တို့ ပြန်သွားသည်နှင့် သူက ချက်ချင်းပင် တာအိုဆရာလင်းနှင့် ရှီဟိုင်ကျူးတို့ကို ခေါ်ယူပြီး ဤကိစ္စကို တိုင်ပင်ခဲ့သည်။
တာအိုဆရာလင်းက ထွက်ခွာရန် သိပ်သဘောမကျပေ။ လက်ရှိ တိုက်ပေါ်တွင် နေရသည်က လုံခြုံသေးသည်ဟု ထင်မြင်နေသည်။
အကယ်၍ အပြင်ထွက်သွားပြီး ဖားမိစ္ဆာလို ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါမျိုးနှင့် ထပ်တွေ့ရပါက ရေပြင်ထက်တွင် မည်သူက ယှဉ်နိုင်မည်နည်း။
ရန်ဆန်းမင်က ကောင်းကျိုးဆိုးပြစ်များကို သေချာ ခွဲခြမ်းစိတ်ဖြာ ပြခဲ့သည်။ အထူးသဖြင့် လင်းယွမ်တို့ ထွက်သွားပါက နောက်ပိုင်းတွင် ဆန်၊ ဂျုံ စသည့် ကာဗိုဟိုက်ဒရိတ် အစာများကို ပံ့ပိုးပေးမည့်သူ မရှိတော့မည့် အကြောင်း၊ ဤနေရာတွင် ဆက်နေခြင်းသည် သေမည့်နေ့ကို ထိုင်စောင့်နေခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ထို့အပြင် ရေကြီးမှုက အဆက်မပြတ် မြင့်တက်လာနေပြီး ပိုမိုများပြားသော ပင်လယ် သတ္တဝါကြီးများလည်း ဤအနီးတစ်ဝိုက်တွင် ပေါ်လာနိုင်ခြေ ရှိကြောင်း၊ ထိုအချိန်ကျမှ ထွက်ပြေးမည် ဆိုပါက ပို၍ ခက်ခဲသွားနိုင်ကြောင်း ပြောပြခဲ့သည်။
ရှီဟိုင်ကျူးက နားဝင်သွားပြီး ဤနေရာမှ ထွက်ခွာရန် သဘောတူခဲ့သည်။
တာအိုဆရာလင်းက တုံ့ဆိုင်းနေသော်လည်း လက်ရှိတွင် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူ နှစ်ယောက်လုံး သန္ဓေပြောင်း အစွမ်းများ နိုးထထားကြရာ တိုက် ၇၅ တစ်ခုလုံးကို သူတစ်ယောက်တည်း ဆုံးဖြတ်၍ မရနိုင်တော့ပေ။
ထို့ကြောင့် ခေါင်းညိတ် သဘောတူလိုက်ရပြီး ဖောင်ဖွဲ့မည့် အလုပ်ကို လူအချို့နှင့် စတင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ယနေ့ စကားပြောဆိုမှု ဖြစ်လာခြင်းပင်။
လင်းယွမ်က ပြောလိုက်သည်။ "ကောင်းပြီ... ၂ ရက်... ကျွန်တော့်ဘက်က အသေးအဖွဲ ကိစ္စတွေ ရှင်းလင်းဖို့လည်း ၁ ရက် ၂ ရက်လောက်တော့ လိုဦးမယ်... ခင်ဗျားတို့ လိုက်မယ့်လူ စာရင်းကို ကောက်ထားလိုက်... ပစ္စည်းတွေ သိမ်းဆည်းထားခိုင်းပြီး အချိန်မရွေး ထွက်ခွာနိုင်အောင် ပြင်ဆင်ထားကြ"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒါဆို ဒီအတိုင်းပဲ အတည်ပြုလိုက်မယ်နော်"
ရန်ဆန်းမင်က ချက်ချင်း ကတိပေးလိုက်သည်။
သူက လင်းယွမ်တို့နှင့် အတူလိုက်ချင်ရသည့် အကြောင်းရင်းမှာ လင်းယွမ်တို့၏ အင်အား ကြီးမားသောကြောင့် ဖြစ်သည်။
အားလုံး စုပေါင်းပြီး ထွက်ခွာကြလျှင် လမ်းတွင် အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရပါက အချင်းချင်း စောင့်ရှောက်နိုင်ပေလိမ့်မည်။
အိမ်သို့ ပြန်ရောက်သောအခါ မနက်ပိုင်း ငါးလက်ခံသည့် အလုပ်မှာ မပြီးဆုံးသေးပေ။
ရန်မေက ချိုင်ယောင်ကို ခေါ်ပြီး စာရင်းမှတ်ခိုင်းနေသည်။ အမဝူတို့က ငါးများကို လက်ခံနေကြသည်။
လင်းယွမ် ဝင်လာပြီး ကြည့်လိုက်ရာ အခန်းထဲတွင် သန္ဓေပြောင်း ငါးများစွာ စုပုံနေသည်ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှား သွားသည်။
"ဘယ်လောက်တောင် ရပြီလဲ"
"အကောင် ၅၀၀ ကျော်သွားပြီ" ရန်မေက ပြုံးလျက် ပြောသည်။
လင်းယွမ်မှာ စိတ်ထဲတွင် ဝမ်းသာသွားသည်။ မနေ့က လဲလှယ်နှုန်းကို လျှော့ချပေးလိုက်သည်နှင့် လူတိုင်း အသက်ကို ပဓာနမထားဘဲ ကြိုးစားကြတော့သည်ကိုး။
ရိက္ခာ လဲလှယ်ရန် တန်းစီနေကြသော တိုက်ခန်းပိုင်ရှင်များကို ကြည့်လိုက်လျှင် မျက်လုံးများ နီရဲနေပြီး မျက်ကွင်းများ ညိုမဲနေကြရာ တစ်ညလုံး မအိပ်ဘဲ နေခဲ့ကြမှန်း သိသာလှသည်။
"တိုက် ၇၅ နဲ့ ၇၇ က ငါးတွေ လာပို့ကြသေးလား"
"မပို့သေးဘူး"
လင်းယွမ် စိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်သွားသည်။ ထိုနှစ်ဖက်မှ ငါးများပါ လာပို့လျှင် နောက်ထပ် အကောင် ၄၀၀၊ ၅၀၀ လောက် ထပ်တိုးလာမည် မဟုတ်လော။
ဒါဆို ငါးအကောင်ရေ ၁၀၀၀ နီးပါး ရှိလာတော့မည်။
အမှတ်အနေဖြင့် တွက်ချက်လိုက်လျှင် အမှတ် ၈၀၀၀ ကျော် ရရှိမည် ဖြစ်သည်။
မိမိအနေဖြင့် ချက်ချင်းပင် အမှတ် ၁၀၀၀၀ ပိုင်ရှင် ဖြစ်လာတော့မည် မဟုတ်ပါလော။
လင်းယွမ်က ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ငါးတွေကို ငါ ကိုယ်တိုင် ရှင်းမယ်... နင်တို့ ဆက်လုပ်ကြ"
သူက ချက်ချင်းပင် အခန်းထဲ၌ ငါးများကို စတင် ကိုင်တွယ် ရှင်းလင်းတော့သည်။ တစ်ချိန်တည်းမှာပင် ရန်မေတို့ ပြုစုထားသော စာရင်းများအရ တိုက်ခန်းပိုင်ရှင်များကို ပေးမည့် ပစ္စည်းများကို ပြင်ဆင်ပေးလိုက်သည်။
ယခုတစ်ကြိမ် တိုက်ခန်းပိုင်ရှင်များက ဤမျှ အသည်းအသန် ကြိုးစားကြသဖြင့် လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲမှ ပစ္စည်းများစွာ လျော့နည်းသွားခဲ့သည်။
သို့သော် ကိစ္စမရှိ။ ပစ္စည်းများကို မဲနှိုက်ပြီး အချိန်မရွေး ရယူနိုင်သဖြင့် သူ မပူပန်ပေ။
ငါးများကို ရှင်းလင်းပြီးနောက် လင်းယွမ်သည် ရန်မေတို့ အလုပ်ရှုပ်နေသည်ကို ခေတ္တမျှ ကြည့်ရှုပြီးမှ အပင်စိုက်ပျိုးခန်းဆီသို့ ထွက်လာခဲ့သည်။
အပင်စိုက်ပျိုးခန်းတွင် ဆုန့်ဝမ်၏ အစွမ်းဖြင့် ထိန်းချုပ်ထားသဖြင့် ပထမအသုတ် ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီး ဖြစ်သည်။
ဤဟင်းသီးဟင်းရွက်များမှာ သာမန် အပင်များသာ ဖြစ်ပြီး သန္ဓေပြောင်း အပင်များ မဟုတ်သဖြင့် ဆုန့်ဝမ်၏ အစွမ်းအပေါ် သိပ်ပြီး တောင်းဆိုမှု မမြင့်မားလှပေ။
နေကြာပင် ၃ ပင်မှာမူ သိသိသာသာ ရှည်ထွက်လာကြသည်။
ပန်းမပွင့်သေးသော်လည်း ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများက အပင်စိုက်ပျိုးခန်း တစ်ခုလုံးကို လင်းထိန်စေပြီး အပြင်ဘက်ထက်ပင် ပိုမို လင်းလက်နေစေသည်။
"အစ်ကိုလင်း... ရောက်လာပြီလား"
လင်းယွမ်ကို မြင်သည်နှင့် ဆုန့်ဝမ်က လှမ်းနှုတ်ဆက်လိုက်သည်။
လင်းယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "အဒေါ်ကြီးလီတို့ရော"
ဆုန့်ဝမ်က ပြုံးလျက် ပြောသည်။ "အဒေါ်ကြီးလီက ပစ္စည်းပြန်သိမ်းနေပြီ... အစ်ကိုက ဒီကနေ ထွက်သွားမယ်လို့ ပြောလိုက်တယ် မဟုတ်လား... ဒါကြောင့် အားလုံးက ပစ္စည်းပြန်သိမ်းဖို့ ပြန်သွားကြပြီလေ"
"ပြီးတော့ အဒေါ်ကြီး တချို့က အစ်ကို့ဘက်က ရိက္ခာ လဲလှယ်နှုန်း လျှော့ပေးလိုက်တယ် ဆိုတာ ကြားတော့ သူတို့ အိမ်က လူတွေနဲ့အတူ ငါးဖမ်းပြီး အစားအသောက် လဲချင်ကြလို့တဲ့"
"အပင်စိုက်ပျိုးခန်းမှာလည်း ဘာမှ လုပ်စရာ မရှိတော့တာနဲ့ ကျွန်မ သူတို့ကို ပြန်ခိုင်းလိုက်တာ"
လင်းယွမ်က ဧည့်ခန်းထဲသို့ ကြည့်လိုက်ရာ စိုက်ပျိုးထားသည့် နေရာအကျယ်အဝန်းမှာ များများစားစား မရှိပေ။
မြေဩဇာ အချဉ်ဖောက်ခြင်း၊ မြေဩဇာ ကျွေးခြင်း မရှိလျှင် ပုံမှန်အားဖြင့် လုပ်စရာ အလုပ် သိပ်မရှိလှပေ။
လင်းယွမ်က မေးလိုက်သည်။ "နင် တစ်ယောက်တည်း လုပ်နိုင်ပါ့မလား"
"လုပ်စရာ သိပ်မကျန်တော့ပါဘူး... အခု ပထမအသုတ်လည်း ထွက်ပြီးပြီဆိုတော့... နောက်ပိုင်း မျိုးစေ့ချပြီး ရေလောင်းရုံနဲ့ ဒုတိယအသုတ် ထွက်လာမှာပါ"
"မြေကြီးကလည်း မြေဩဇာ ကျွေးပြီးသား ဆိုတော့ မြေဆီလွှာ အားကောင်းပါတယ်"
"ဒါနဲ့... ကျွန်မ တစ်ခု အသစ်ရှာတွေ့ထားတယ်... အစ်ကို့ကို ပြောပြမလို့" ဆုန့်ဝမ်က တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် ပြောလိုက်သည်။
လင်းယွမ်က စိတ်ဝင်တစားဖြင့် "ဘာတွေ့လို့လဲ" ဟု မေးလိုက်သည်။
"ဒီ နေကြာပင်တွေလေ"
"ဒီ နေကြာပင်တွေက အလင်းရောင် ပေးနိုင်ရုံတင် မကဘူး... မီးလုံးလိုလည်း သုံးလို့ရတယ်"
"ပြီးတော့ သူတို့ဆီက ထွက်လာတဲ့ အလင်းရောင်က နေရောင်ခြည်ကို ကိုယ်စားပြုနိုင်ပုံပဲ"
"အပင်တွေ အားလုံးက ဒီ နေကြာပင်တွေ ရှိတဲ့ဘက်ကို ဦးလှည့်ပြီး ကြီးထွားနေကြတာ ကျွန်မ သတိထားမိတယ်"
"အဒေါ်ကြီးလီ ပြောတာကတော့ အပင်တွေရဲ့ အလင်းရောင် လိုက်တဲ့ သဘာဝကြောင့်တဲ့... ဒါကြောင့် ကျွန်မ ထင်တာက ဒီ သန္ဓေပြောင်း နေကြာပန်းတွေက နေရောင်ခြည် အစားထိုးပြီး အပင်တွေကို အလင်းမှီစုဖွဲ့ခြင်း ဖြစ်စဉ် လုပ်ပေးနိုင်တယ် ထင်တယ်"
လင်းယွမ်မှာ အံ့သြဝမ်းသာ ဖြစ်သွားသည်။ "ဒီ နေကြာပင်တွေမှာ အဲဒီလို လုပ်ဆောင်ချက်တွေ ရှိသေးတာလား"
"ဟုတ်တယ်... ဒါတင် မကသေးဘူး... နေကြာပင်တွေဘက်မှာ အနားယူရင် ခန္ဓာကိုယ်ထဲက သန္ဓေပြောင်းစွမ်းအင် ပြန်ပြည့်တဲ့နှုန်းကလည်း ပုံမှန်ထက် ပိုမြန်နေတာ တွေ့ရတယ်"
"သူတို့ဆီက ထွက်လာတဲ့ အလင်းရောင်ထဲမှာ သန္ဓေပြောင်းစွမ်းအင်တွေ ပါဝင်နေပုံပဲ... အဲဒါကို လူ့ခန္ဓာကိုယ်က စုပ်ယူနိုင်တယ်"
"ပြောရရင် ကျွန်မ သူတို့ကို အစွမ်းသုံးပြီး ပြုစုပျိုးထောင်ရင်း သန္ဓေပြောင်းစွမ်းအင် ကုန်သွားလို့ သူတို့ဘေးမှာ အနားယူလိုက်မှ အဲဒီအချက်ကို သတိထားမိတာ"
ဆုန့်ဝမ်က သူမ၏ တွေ့ရှိချက်များကို ပြောပြရင်း မျက်နှာတွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်နေသည်။
လင်းယွမ်မှာလည်း အံ့သြမှင်သက်စွာ နားထောင်နေမိသည်။
စနစ်မှ မဲနှိုက်ရရှိခဲ့သော ဤ သန္ဓေပြောင်း နေကြာပန်းများတွင် ဤမျှ ကောင်းကျိုးများ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ စိတ်ထဲတွင် အံ့သြဝမ်းသာ ဖြစ်မိသည်။
ဤ နေကြာပန်း မျိုးစေ့များအတွက် သူ ကျသင့်ခဲ့သည်မှာ အမှတ် ၂၀ သာ ဖြစ်ကြောင်း သိထားရမည်။
ထိုစဉ်က အမှတ် ၂၀ ဆိုသည်မှာ သူ့အတွက် နှမြောစရာ ဖြစ်ခဲ့သည်။
ယခုလို အမှတ်ထောင်ချီ ဝင်နေသော အချိန်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
ခြုံပြောရလျှင် ဤ သန္ဓေပြောင်း နေကြာပန်း မျိုးစေ့ မဲနှိုက်ရရှိမှုသည် သူ့အတွက် အမြတ်ကြီး စားလိုက်ရခြင်း ဖြစ်သည်။
"ဒီ နေကြာပင်တွေကို ပန်းအိုးထဲ ပြောင်းစိုက်ဖို့ လွယ်မလား"
လင်းယွမ်က ချက်ချင်း မေးလိုက်သည်။
ဆုန့်ဝမ်က ကြောင်အမ်းသွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မေးလိုက်သည်။ "အစ်ကိုလင်း... အဲဒါတွေကို ယူသွားမလို့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဒီ သန္ဓေပြောင်း နေကြာပန်းတွေက တခြား အပင်တွေနဲ့ မတူဘူး... ဒီက လူတွေအတွက် တစ်ပင် ချန်ထားခဲ့ရင် လုံလောက်ပြီ... ကျန်တဲ့ နှစ်ပင်ကို နင်နဲ့ငါ တစ်ယောက် တစ်ပင် ယူကြမယ်"
"ငါ အဲဒါကို တောင်ပေါ် ယူသွားပြီး အများကြီး ပွားပြီး စိုက်လို့ ရမလား ကြည့်ချင်သေးတယ်"
ဆုန့်ဝမ်က ချက်ချင်း လက်ကာပြလိုက်သည်။ "ဟာ... ကျွန်မကို ပေးစရာ မလိုပါဘူး အစ်ကိုလင်းရယ်... တိုက်ပေါ်က လူတွေအတွက်ပဲ ချန်ထားပေးလိုက်ပါ"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။ "ဒီ နေကြာပန်းက သန္ဓေပြောင်းစွမ်းအင် ပြန်ပြည့်တာကို မြန်ဆန်စေတယ်... ပြီးတော့ မီးအလင်းရောင်လည်း ရတယ်... အပင်တွေ နေရောင်ခြည်စုပ်ယူတာကိုလည်း အားပေးတယ်"
"နင့်ရဲ့ အစွမ်းက အပင် ထိန်းချုပ်တာလေ... နင် တကယ် မလိုဘူးလား"
"အခုလို မိုးကြီးသည်းထန်နေတဲ့ ရာသီဥတုမှာ နေမင်းကြီးကလည်း ထွက်မလာတော့ ဘယ်အပင်က ကောင်းကောင်း ကြီးထွားနိုင်မှာလဲ"
"ပြီးတော့ နင်က မိန်းကလေး တစ်ယောက်တည်း... ညဘက် တစ်ယောက်တည်း အိပ်ရတာ မကြောက်ဘူးလား... ဒီပန်းက အလင်းရောင် ပေးနိုင်တယ်လေ... နင့်အခန်းထဲမှာ နေကြာပင် တစ်ပင် ထားထားရင် ပိုပြီး လုံခြုံမှု မရှိဘူးလား"
ဆုန့်ဝမ်က လင်းယွမ်၏ စကားများကို နားထောင်ရင်း မျက်နှာတွင် လိုချင်စိတ် အရိပ်အယောင်များ ယှက်သန်းလာသည်။
လင်းယွမ်က ပြုံး၍ ဆက်ပြောသည်။ "ကဲ... ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့... နောက်ကျရင် နင် နည်းလမ်းရှာပြီး အဲဒီအထဲက နှစ်ပင်ကို ပန်းအိုးထဲ ပြောင်းစိုက်ထားလိုက်... ငါတို့ သွားတဲ့အခါကျရင် အတူတူ ယူသွားကြမယ်"
"အဲ... သိပါပြီ... ကျေးဇူးတင်ပါတယ် အစ်ကိုလင်း"
လင်းယွမ်က ပြုံးလိုက်သည်။ "ဒါ နင်ရသင့်တဲ့အရာပါ... နင် မေ့နေပြီလား... ငါ နင့်ကို ပြောဖူးတဲ့ စကားတစ်ခွန်းလေ"
"ကိုယ့်အားကိုယ်ကိုးမှသာ ဒီ ကပ်ဘေးကာလမှာ အသက်ရှင်ရပ်တည်နိုင်မှာ"
"ဆုန့်ဝမ်... နင် တော်တော် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... ငါတောင်နင့်ကို တော်တော်အထင်ကြီးသွားပြီ"
ဆုန့်ဝမ်သည် ထိုစကားကို ကြားသောအခါ အစပိုင်းတွင် ငတ်လွန်း၍ သေလုနီးပါး ဖြစ်ခဲ့စဉ်က လင်းယွမ်အိမ်သို့ ရိက္ခာ လာချေးခဲ့သည့် အဖြစ်အပျက်ကို ပြန်လည် သတိရသွားသည်။
ထိုအချိန်တုန်းက လင်းယွမ်သည် သူမကို ရိက္ခာ မချေးပေးခဲ့ပေ။ သို့သော် ဤ ကပ်ဘေးကာလတွင် မည်သို့ အသက်ရှင် နေထိုင်ရမည် ဆိုသည့် သဘောတရားကို သင်ပေးခဲ့သည်။
ယခု ပြန်စဉ်းစားကြည့်လျှင် သူမ၏ စိတ်ထဲ၌ ကျေးဇူးတင်မဆုံး ဖြစ်ရသည်။
အကယ်၍ အစ်ကိုလင်းသာ မရှိခဲ့လျှင် သူမသည် စားစရာ အနည်းငယ် ချေးငှားပြီး အိမ်ထဲတွင်သာ ပုန်းအောင်းနေမိလိမ့်မည်။ အစားအစာ ကုန်သွားမှသာ နောက်ထပ် ရိက္ခာထွက်ချေးရန် အိမ်ပြင်ထွက်မိလိမ့်မည်။
ထိုသို့ အကြိမ်ကြိမ် ဖြစ်လာလျှင် သူမကဲ့သို့ မိန်းကလေး ငယ်ငယ်လေး တစ်ယောက် အနေဖြင့် နောက်ဆုံးတွင် မည်သို့သော လမ်းမှားမျိုး ရောက်သွားနိုင်မည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။
သို့သော် အစ်ကိုလင်းက သူမကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးခဲ့ပြီး အိမ်ခန်းထဲမှ ထွက်ခွာ၍ အခက်အခဲများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် သွယ်ဝိုက်သော နည်းဖြင့် တွန်းအားပေးခဲ့သည်။
ဒါမှသာလျှင် သူ သူမကို ချေးငှားပေးခဲ့သော အဖိုးတန်ဆုံး 'ရိက္ခာ' အစစ်အမှန် ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း (၁၄၈) ဆုန့်ဝမ်၏ ကျေးဇူးတင်စကားနှင့် ရေအောက်ကမ္ဘာအား စူးစမ်းလေ့လာခြင်း
"ကျေးဇူးပါပဲ အစ်ကိုလင်းရယ်... အစကတည်းက အစ်ကိုတို့သာ မကူညီခဲ့ရင် ကျွန်မ... ကျွန်မ တကယ်ပဲ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး"
ဆုန့်ဝမ်၏ မျက်ဝန်းအိမ်တို့တွင် မျက်ရည်စများ ဝေ့သီလာသည်။ အတိတ်က အဖြစ်အပျက်များကို ပြန်လည်တွေးမိချိန်တွင် ကြောက်ရွံ့မှုအနည်းငယ် ရှိနေဆဲဖြစ်သော်လည်း ကြည်နူးဝမ်းနည်းစိတ်များက ပို၍လွှမ်းမိုးနေ၏။
သူမ အိမ်တံခါးဝမှထွက်ခွာ၍ ပြင်ပကမ္ဘာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲလာချိန်တွင် ကံကောင်းထောက်မစွာဖြင့် ကြောက်မက်ဖွယ်ကောင်းသော လူများနှင့် အဖြစ်ဆိုးများကို မကြုံတွေ့ခဲ့ရပေ။
ထိုအစား အစ်ကိုလင်း၊ အဒေါ်ကြီးလီ၊ လျှိုဖိန်ဖိန် နှင့် ဟူဝေမင်မိသားစု စသည့် မိတ်ဆွေကောင်းများနှင့် ဆုံတွေ့ခွင့်ရခဲ့သည်။
ဤကဲ့သို့သော ကပ်ဘေးကြီးတစ်ခု၏ ရှေ့မှောက်တွင် လူအများက တစ်ဦးကိုတစ်ဦး ဒုက္ခပေးခြင်း၊ အကောက်ကြံခြင်းမျိုး မရှိကြဘဲ အပြန်အလှန်ကူညီစောင့်ရှောက်နေကြသည်ကို တွေ့ရ၏။
ဤအချက်က သူမ၏နှလုံးသားကို နွေးထွေးမှုနှင့် ကြည်နူးမှုများစွာ ပေးစွမ်းနိုင်ခဲ့သည်။
သို့သော် သူမကိုယ်တိုင်သည် အလွန်ကံကောင်းသူတစ်ဦးဖြစ်ကြောင်းကိုမူ ဆုန့်ဝမ် ကောင်းစွာ သိနားလည်ထားပါသည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်းက သူမကဲ့သို့ ကံကောင်းခြင်းမျိုး မရှိကြသောကြောင့်ပင်။
လင်းယွမ်၏ အောက်ထပ်တွင် နေထိုင်ရခြင်းက သူမအတွက် ကံကောင်းခြင်းဖြစ်ပြီး လျှိုအားလုံကဲ့သို့ လူမိုက်ကြီးစိုးချိန်နှင့် လွဲခဲ့ရခြင်းကလည်း ကံကောင်းခြင်းတစ်ခု ဖြစ်သည်။
ထို့ပြင် ဝမ်ကျဲတို့ လူအုပ်စုရှိနေသည့် တိုက်ခန်းဘက်သို့ မရောက်မိခဲ့ခြင်းကလည်း သူမအတွက် ကံကောင်းခြင်းပင်။
လင်းယွမ်က လျှိုအားလုံတို့လူစုကို သုတ်သင်ရှင်းလင်းပေးခဲ့ပြီး တိုက်ခန်းတစ်ခုလုံးအတွက် လုံခြုံစိတ်ချရသည့် စည်းကမ်းနှင့် ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သောကြောင့်သာ သူမသည် အိမ်ထဲမှထွက်ကာ ဖိန်ဖိန်တို့နှင့် မိတ်ဖွဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က သူမကို စောင့်ရှောက်ပေးခဲ့ပြီး ပစ္စည်းလဲလှယ်နှုန်းထားများကို လျှော့ချပေးခဲ့သောကြောင့် အစပိုင်း အခက်အခဲဆုံးအချိန်ကာလများကို သူမ ကျော်ဖြတ်နိုင်ခဲ့သည်။
ချန်ဟုန်တို့လူစုက ဖိန်ဖိန်ကို သတ်ဖြတ်ရန် ကြိုးစားပြီး သူမကို ဖမ်းဆီးတော့မည့် ဆဲဆဲအချိန်တွင်လည်း ကောင်းကင်မှ နတ်သားတစ်ပါးအလား ကျဆင်းလာကာ သူမကို ကယ်တင်ပေးခဲ့သူမှာ အစ်ကိုလင်းပင် ဖြစ်သည်။
ထို့ကြောင့် သူမ၏ နှုတ်မှထွက်လာသော ကျေးဇူးတင်စကားသည် ဟန်ဆောင်မှုကင်းမဲ့ပြီး ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာခြင်း ဖြစ်၏။
လင်းယွမ်ကမူ အသာအယာ ပြုံးလိုက်ပြီး ပြန်ပြောသည်။
"နင် အကျေးဇူးတင်သင့်ဆုံးလူက နင့်ကိုယ်နင်ပဲ"
"နင့်စိတ်က မကြံ့ခိုင်ဘူးဆိုရင် ဘေးလူတွေက ဘယ်လောက်ပဲ ကူညီပါစေ... နင် ပြန်ထလာနိုင်မှာ မဟုတ်ဘူး"
"ဥပမာ ကျန်းလန်ကျွမ်းနဲ့ စွန်းတတို့ရဲ့ သား... ဘယ်သူ... ဪ... စွန်းရှု... အဲဒီကောင်လေးဆိုရင် ရွှံနဲ့လုပ်ထားသလိုပဲ နံရံမှာကပ်လို့ကို မရဘူး... သူ့မိဘတွေကို ငါ အဲဒီလောက် အခွင့်အရေးကောင်းတွေ ပေးထားတာတောင် သူက တိုးတက်အောင် မကြိုးစားဘဲ အရှိန်အဝါကိုအသုံးချပြီး သူများတွေကို အနိုင်ကျင့်ချင်နေတယ်"
"ပြောစမ်းပါဦး... အဲဒီလိုလူမျိုးကို ဘယ်လောက်ပဲ ကူညီကူညီ သူက အသုံးမကျတဲ့ ရွှံ့ပုံတစ်ပုံ ဖြစ်နေဦးမှာပဲ"
"ဒါကြောင့် နင် ကျေးဇူးတင်ရမှာက နင့်ကိုယ်နင်ပဲ... နင့်မှာ ကြံ့ခိုင်ပြီး မလျော့သော ဇွဲလုံ့လရှိတဲ့ နှလုံးသားတစ်စုံ ရှိနေလို့လေ"
လင်းယွမ်၏ စကားများကြောင့် ဆုန့်ဝမ်၏ မျက်နှာလေးမှာ ပျော်ရွှင်မှုများဖြင့် ဝင်းပသွားသော်လည်း တစ်ဖက်တွင်မူ အနည်းငယ် ရှက်သွေးဖြာသွားသည်။
"ကျွန်မ... ကျွန်မက အစ်ကိုလင်း ပြောသလောက်လည်း မကောင်းပါဘူး"
ဖြူဝင်းသော အသားအရေနှင့် လှပကျော့ရှင်းသော မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည့် သူမက ရုတ်တရက် ရှက်သွေးဖြာနေသည့် မိန်းကလေးငယ်လေးတစ်ဦးသဖွယ် ပြုမူလိုက်ပုံမှာ လင်းယွမ်ကို ခေတ္တမျှ ကြောင်အသွားစေသည်။
လင်းယွမ် စကားပြန်မပြောဘဲ တိတ်ဆိတ်သွားသည်ကို သတိထားမိလိုက်သောအခါ ဆုန့်ဝမ် မော့ကြည့်လိုက်မိသည်။
သူမကို စိုက်ကြည့်နေသော လင်းယွမ်၏ အကြည့်များနှင့် ဆုံလိုက်ရသောအခါ သူမ၏ ရင်အစုံမှာ ဒိန်းခနဲ ခုန်သွားရ၏။
အဘယ်ကြောင့်မှန်းမသိ လွန်ခဲ့သော ရက်အနည်းငယ်က ခေါင်မိုးထပ်တွင် သူမကို အစွမ်းအသုံးပြုနည်းနှင့် အပင်များကို ထိန်းချုပ်နည်း သင်ကြားပေးခဲ့သည့် အချိန်ကို ရုတ်တရက် သတိရသွားသည်။
ထိုစဉ်က မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သူမ၏ အဝတ်အစားများမှာ ရေစိုရွှဲနေခဲ့သည်။
သူက သူမအတွက် တီရှပ်အင်္ကျီကို ချွတ်ပေးခဲ့စဉ်က ပေါ်လာခဲ့သည့် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်အချိုးအစား...
"ဒုတ်... ဒုတ်... ဒုတ်..."
ဆုန့်ဝမ်၏ နှလုံးသားမှာ ထိန်းချုပ်မရနိုင်လောက်အောင် ခုန်လှုပ်လာပြီး မျက်နှာလေးမှာလည်း ပို၍ နီရဲလာသည်။
လင်းယွမ်လည်း သတိပြန်ဝင်လာပြီး အလျင်အမြန် ချောင်းဟန့်ကာ ခေါင်းလွှဲလိုက်ရသည်။
"အစ်ကို... အစ်ကိုလင်း... ရှင်... ရှင်"
ဆုန့်ဝမ်က အနေခက်နေသည့် အခြေအနေကို ဖြိုခွင်းလိုသော်လည်း ဘာပြောရမှန်း မသိဖြစ်နေသည်။
သူမသည် တစ်ချိန်က ဖော်လိုဝါ သန်းချီရှိခဲ့သည့် နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦးဖြစ်ခဲ့ဖူးသည်။
အွန်လိုင်းပေါ်တွင် စကားကို ရေပက်မဝင် ပြောဆိုနိုင်ပြီး မည်သည့်အကြောင်းအရာကိုမဆို ဆွေးနွေးရဲသူ ဖြစ်သည်။
သို့သော် လက်တွေ့ဘဝတွင်မူ ထိုသို့ မဟုတ်ပေ။
အထူးသဖြင့် မိမိ စိတ်ဝင်စားနေသော အမျိုးသားတစ်ဦး၏ ရှေ့မှောက်တွင် အွန်လိုင်းပေါ်ကကဲ့သို့ ပါးနပ်လိမ္မာစွာ ပြုမူနိုင်ရန် မဖြစ်နိုင်တော့ချေ။
လင်းယွမ်ကမူ စိတ်ငြိမ်သွားပြီးနောက် ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်။
"အွန်လိုင်းက ပရိသတ်တွေ ဘာလို့ နင်ကို သည်းသည်းလှုပ် အားပေးခဲ့ကြသလဲဆိုတာ အခုမှ ငါ နားလည်တော့တယ်"
"နင်ရဲ့ ရုပ်ရည်က အွန်လိုင်းမှာတင်မကဘူး အပြင်လောကမှာလည်း လူတွေကို ဖမ်းစားနိုင်တာပဲ"
အချီးမွမ်းခံလိုက်ရသဖြင့် ဆုန့်ဝမ်၏ ရင်ထဲတွင် ပျော်ရွှင်သွားသော်လည်း မျက်နှာတွင်မူ ရှက်သွေးများ လွှမ်းနေဆဲဖြစ်ကာ ဘာပြန်ပြောရမှန်းမသိ ဗလုံးဗထွေး ဖြစ်နေရှာသည်။
လင်းယွမ်က သူမကို ဆက်မစတော့ဘဲ လိုရင်းကို မေးလိုက်သည်။
"ဒါနဲ့... အရင်က ချန်ဟုန် တိုက်ခိုက်တုန်းက နင် ရေညှိပင်တစ်ပင်ကို ဆင့်ခေါ်ပြီး ချန်ဟုန်ကို ပြန်တိုက်ခိုက်ခဲ့တယ်လို့ ပြောဖူးတယ်မလား"
ဆုန့်ဝမ် ကြောင်အသွားပြီးနောက် ပြန်သတိရလာကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ရေညှိပင်ပါ... အဲဒီတုန်းက ၁၂ ထပ်လောက်မှာ ရှိနေတာ... ကျွန်မ အဲဒါကို အာရုံခံမိလိုက်တယ်"
"ဒါပေမဲ့ နောက်ပိုင်း ကျွန်မ ပြန်စမ်းကြည့်တော့ အာရုံခံလို့ မရတော့ဘူး... အရမ်း ဝေးလွန်းလို့ ဖြစ်မယ်"
လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောသည်။
"ရေညှိက စားလို့ရတဲ့ အပင်တစ်မျိုးပဲ... သူ့ထဲမှာ ပိုတက်ဆီယမ်နဲ့ အိုင်အိုဒင်းလို သတ္တုဓာတ်တွေ ကြွယ်ဝလို့ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တယ်"
"ငါ အဲဒါကို ရအောင်တူးပြီး အပင်စိုက်ခန်းထဲမှာ စိုက်လို့ရမရ ကြိုးစားကြည့်မယ်"
"ငါတို့ ထွက်သွားပြီးရင် ဒီကလူတွေ ပင်လယ်ငါးနဲ့ ဟင်းသီးဟင်းရွက် နည်းနည်းလောက်ကိုပဲ စားနေလို့ မဖြစ်ဘူးလေ... ရေညှိကိုသာ လူကပြုစုပြီး စိုက်ပျိုးနိုင်မယ်ဆိုရင် တော်တော် အဆင်ပြေသွားမှာ"
ဆုန့်ဝမ်က ခေါင်းငြိမ့်ထောက်ခံလိုက်သော်လည်း ချက်ချင်းပင် စိုးရိမ်တကြီး မေးလိုက်သည်။
"ဘယ်လိုလုပ် သွားတူးမလို့လဲ"
လင်းယွမ်က ပြုံးလိုက်သည်။ "ငါ့မှာ နည်းလမ်းရှိပါတယ်"
ဆုန့်ဝမ်က စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။ "ရှင် ရေထဲဆင်းမလို့တော့ မဟုတ်ပါဘူးနော်... ရေထဲမှာ သန္ဓေပြောင်းသတ္တဝါတွေ အများကြီးရှိတာ... မစွန့်စားပါနဲ့... အရင်တုန်းက အဒေါ်ကြီးလီ ပြောတာ ကြားဖူးတယ်... သူက မှိုလိုမျိုး အပင်တွေ စိုက်လို့ရမရ စမ်းကြည့်မယ်တဲ့"
"ဒီမှာက လေထုစိုထိုင်းဆများတော့ အိမ်က ကြမ်းပြင်တွေပေါ်မှာ မှိုတွေ... ကြွက်နားရွက်မှိုတွေ ပေါက်နေတာ တွေ့ဖူးတယ်"
"အဲဒါတွေကိုသာ စိုက်ပျိုးနိုင်ရင် လူတွေကို ဟင်းသီးဟင်းရွက် ဝေငှပေးနိုင်မှာပါ"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။
"အကြံကောင်းပဲ... လက်တွေ့စမ်းသပ်ကြည့်သင့်တယ်... အောင်မြင်ရင် ငါတို့ တောင်ပေါ်ရောက်တဲ့အခါကျရင်လည်း စိုက်ပျိုးနိုင်တာပေါ့"
"ဒါဆို ရှင် ရေထဲမဆင်းနဲ့တော့နော်... ဟုတ်ပြီလား" ဆုန့်ဝမ်က အလျင်အမြန် တားမြစ်လိုက်သည်။
လင်းယွမ်က ပြုံးလျက် မေးလိုက်သည်။ "နင် ငါ့ကို စိတ်ပူနေတာလား"
ဆုန့်ဝမ် မျက်နှာရဲသွားသော်လည်း ငြင်းဆန်ခြင်းမပြုဘဲ မကြားတကြားလေသံလေးဖြင့် "အင်း" ဟု ဖြေလိုက်သည်။
လင်းယွမ် စိတ်ထဲတွင် ကြည်နူးသွားပြီး ရယ်မောလိုက်သည်။
"စိတ်ချပါ... ငါ မသေချာတာကို မလုပ်ပါဘူး"
ထို့နောက် သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး အပင်စိုက်ခန်းရှိ ဟင်းသီးဟင်းရွက်များကို ပုံမှန်စိုက်ပျိုးလျှင် ရိတ်သိမ်းရန် ဘယ်လောက်ကြာမလဲဟု မေးမြန်းလိုက်သည်။
အလုပ်ကိစ္စပြောလာသဖြင့် ဆုန့်ဝမ်၏ အာရုံက ပြောင်းသွားပြီး လင်းယွမ်ကို သေချာရှင်းပြနေတော့သည်။
သူတို့နှစ်ဦး စကားပြောနေကြစဉ် အဒေါ်ကြီးလီတို့အဖွဲ့ ပြန်ရောက်လာကြသည်။
လင်းယွမ်ကို မြင်လိုက်ရသောအခါ လူတိုင်းက ဝိုင်းအုံလာကြပြီး ထွက်ခွာမည့်ကိစ္စကို တရုန်းရုန်း မေးမြန်းကြတော့၏။
"ဆရာလင်း... ကျွန်မတို့ ဘယ်တော့လောက် သွားကြမလဲ"
"ဆရာလင်း... ကျွန်မတို့ ထွက်သွားရင် အပင်စိုက်ခန်းကို တခြားလူတွေကို ထားခဲ့ရမှာလား"
"ဆရာလင်း"
လင်းယွမ်သည် သူ့အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးနေသော အဒေါ်ကြီးများကို ကြင်နာစွာ ဆက်ဆံပြီး တစ်ခုချင်းစီ ဖြေကြားပေးနေသည်။
ထိုစဉ် အဒေါ်ကြီးတစ်ဦးက လူတိုင်း စိတ်ဝင်စားနေသည့် မေးခွန်းတစ်ခုကို မေးလာသည်။
"ဆရာလင်း... တကယ်လို့ ဖောင်ပေါ်မှာ နေရာမလောက်လို့ လိုက်ချင်တဲ့လူတွေ ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲဟင်"
လင်းယွမ် အံ့ဩသွားပြီး ပြန်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... လိုက်ချင်တဲ့လူတွေ အများကြီး ရှိနေလို့လား"
"ကျွန်မလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ ပြန်ရောက်တော့ သူတို့ စကားပြောနေကြတာ ကြားတယ်... တော်တော်များများက လိုက်ချင်နေကြတဲ့ပုံပဲ"
"သူတို့က ဆရာလင်းရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ကြတယ်လေ... ပြီးတော့ ရှင် မရှိတော့ရင် ဒီနေရာက ပြန်ပြီး ပရမ်းပတာ ဖြစ်သွားမှာကိုလည်း စိုးရိမ်နေကြတယ်"
လင်းယွမ်က ထိုစကားကိုကြားသော် ပြန်ပြောလိုက်သည်။
"အားလုံးရဲ့ ယုံကြည်မှုကို ကျေးဇူးတင်ပါတယ်... တကယ်လို့ ဒီတစ်ခေါက် ဖောင်ပေါ်မှာ နေရာမလောက်ဘူးဆိုရင် ကျွန်တော်တို့ ပြန်လာပြီး နောက်တစ်ခေါက် ထပ်ခေါ်ပေးဖို့ စီစဉ်ပါ့မယ်"
"ဒါပေမဲ့ ဒီခရီးစဉ် ချောမွေ့မှု ရှိမရှိအပေါ်မှာတော့ မူတည်လိမ့်မယ်... ခင်ဗျားတို့လည်း သိတဲ့အတိုင်း ရေထဲက သန္ဓေပြောင်းသတ္တဝါတွေက အရမ်းကြမ်းကြုတ်တာ... နောက်ပြောင်လို့ရတဲ့ ကိစ္စမဟုတ်ဘူး"
"ဒီနေရာနဲ့ ထိုက်ယန်တောင်... မိန်တောင်တန်းတွေက မိုင် ၂၀ လောက် ဝေးတယ်... ကားမောင်းသွားရင် နာရီဝက်လောက်ပဲ ကြာပေမဲ့ သစ်ဖောင်နဲ့ဆိုရင်တော့ နေ့တဝက်လောက် ကြာလိမ့်မယ်"
"ဒါကြောင့် ကျွန်တော်တို့ တောင်ပေါ်ကို ဘေးကင်းကင်းနဲ့ ရောက်သွားပြီဆိုမှ လိုက်ချင်တဲ့ ကျန်တဲ့လူတွေကို ပြန်လာခေါ်ဖို့ စီစဉ်ပေးပါ့မယ်"
ထိုစကားကို ကြားလိုက်ရမှ လူတိုင်း သက်ပြင်းချနိုင်တော့သည်။
ဆရာလင်း ပြန်လာမည်ဆိုလျှင် အကောင်းဆုံးပင်။
အနည်းဆုံးတော့ ဆရာလင်း ပြန်မလာခင် အချိန်အတွင်း တိုက်ခန်းတွင်းရှိ မသမာသော ကြံစည်မှုရှိသူများအနေဖြင့် ထကြွသောင်းကျန်းရဲဦးမည် မဟုတ်ပေ။
ထိုနေရာရှိ လူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး လျှိုအားလုံ ကြီးစိုးစဉ်က ဖရိုဖရဲအခြေအနေများကို ကြုံတွေ့ခဲ့ဖူးသဖြင့် လူစိတ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းကြီး သိနားလည်ထားကြသည်။
အခြေအနေများ ရှုပ်ထွေးလေလေ အမျိုးသမီးများက ကံအဆိုးဆုံး ဖြစ်ရလေလေပင်။
ထို့ကြောင့် အမျိုးသမီးအများစုက လင်းယွမ်နှင့်အတူ လိုက်ပါသွားရန် ပိုမို ဆန္ဒရှိကြသည်။
လင်းယွမ်၏ ဂုဏ်သိက္ခာမှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။ သူက အနည်းဆုံးတော့ လူများကို အနိုင်မကျင့်သလို လူတိုင်းကိုလည်း စောင့်ရှောက်ပေးခဲ့သည်။
လူထု၏ ဆန္ဒဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။
လူများကို ပြန်လွှတ်လိုက်ပြီးနောက် လင်းယွမ်သည်လည်း အပင်စိုက်ခန်းမှ ထွက်ခွာလာကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"ရေထဲမှာ သန္ဓေပြောင်းသတ္တဝါတွေ မနည်းဘူး... မထွက်ခွာခင် ပတ်ဝန်းကျင် အခြေအနေကို ငါ အရင်စူးစမ်းထားမှ ဖြစ်မယ်"
သူသည် ဧရာမ ရေဘဝဲသတ္တဝါကြီးကို မေ့မပျောက်သေးပေ။ ထိုကောင်ကြီး ဤတိုက် အနီးတစ်ဝိုက်တွင် ရှိနေသေးသလား ဆိုသည်ကိုလည်း မသိရချေ။
"အခု ငါ့မှာ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းရှိနေပြီ... ရေထဲမှာ အသက်ရှူနိုင်ဖို့ ပါးဟက်တွေ ထုတ်လုပ်နိုင်တယ်... တိုက်အပြင်ကို မထွက်သရွေ့တော့ အကောင်ကြီးကြီးတွေနဲ့ တွေ့စရာအကြောင်းမရှိဘူး... လုံခြုံရေးကတော့ စိတ်ချရပါတယ်"
လင်းယွမ် စိတ်ထဲမှ တွေးတောနေမိသည်။ သူက တိုက်ခန်းအဆောက်အအုံအတွင်းမှနေ၍ ရေအောက်အခြေအနေကို စူးစမ်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
တိုက်ခန်းတွင်း နေရာကျဉ်းမြောင်းသဖြင့် သန္ဓေပြောင်းသတ္တဝါ ရှိနေလျှင်တောင် ခန္ဓာကိုယ် အရမ်းကြီးမားသော သတ္တဝါများ ဝင်ရောက်လာနိုင်မည် မဟုတ်ပေ။
သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ရှိနေသည်။ ဤသည်မှာ ရေကြီးပြီးနောက်ပိုင်း သူ ပထမဆုံးအကြိမ် ရေအောက်စူးစမ်းခြင်း ဖြစ်လိမ့်မည်။
ယခု ရေအောက်ကမ္ဘာကြီးက မည်သို့သော အခြေအနေ ရှိနေမည်ကို သူ မခန့်မှန်းနိုင်ပေ။
မကြာမီ လင်းယွမ်သည် ၁၄ ထပ်သို့ ရောက်ရှိလာသည်။
တစ်ရက်အတွင်းမှာပင် ၁၄ ထပ်သည်လည်း ရေလွှမ်းမိုးခြင်း ခံလိုက်ရပြီး ရေမျက်နှာပြင်မှာ ၁၅ ထပ်နားသို့ နီးကပ်လာပြီ ဖြစ်သည်။
အနီးအနားတွင် ငါးဖမ်းနေသော အိမ်ပိုင်ရှင်များက လင်းယွမ်ကို မြင်သောအခါ လှမ်းနှုတ်ဆက်ကြသည်။
သူတို့အားလုံး မျက်ကွင်းများ ညိုမဲနေပြီး မျက်လုံးများထဲတွင် သွေးကြောမျှင်များ ယှက်သန်းနေ၏။
တစ်ညလုံး မအိပ်ဘဲ ငါးဖမ်းထားကြသည်မှာ သိသာလှသည်။
လင်းယွမ်က သူတို့ကို ဂရုစိုက်ကြရန် ပြုံးပြနှုတ်ဆက်ရင်း လူသူကင်းမဲ့သည့် လှေကားထောင့်တစ်ခုကို ရှာကာ ရေထဲသို့ ချက်ချင်း ငုပ်လျှိုးလိုက်သည်။
"တစ်... နှစ်... သုံး"
ရေအောက်တွင် လင်းယွမ် အသက်အောင့်ထားရင်း စိတ်ထဲမှ ရေတွက်နေသည်။
၅ စက္ကန့်ခန့်အကြာတွင် သူ၏ အစွမ်းက ပတ်ဝန်းကျင်နှင့် အလိုအလျောက် လိုက်လျောညီထွေ ဖြစ်လာပြီး နားရွက်နောက်တွင် ပါးဟက်များ လျင်မြန်စွာ ပေါက်ဖွားလာသည်။
လင်းယွမ်သည် မိမိ၏ နှလုံးနှင့် အဆုတ်တို့က ပြင်ပလေထုနှင့် လေကို ဖလှယ်နိုင်နေပြီဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
"အရင်က ဆင့်ကဲပြောင်းလဲခြင်း အစွမ်းနဲ့ တစ်ခါ ပြောင်းလဲဖူးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆိုရင် ဒုတိယအကြိမ် ပြောင်းလဲတဲ့အခါ ပိုမြန်တာပဲ"
လင်းယွမ် သုံးသပ်မိလိုက်သည်။ ယခုတစ်ကြိမ် ပါးဟက်များ ပေါက်လာသည့်နှုန်းမှာ ပထမအကြိမ်ထက် များစွာ ပိုမြန်လေသည်။
မျိုးရိုးဗီဇက တစ်ကြိမ် လှုံ့ဆော်ခံထားရပြီးသားမို့ ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအချိန်တွင် လင်းယွမ်၏ မျက်ခွံများ ယားယံလာပြီး အကာအကွယ်အမြှေးပါး တစ်လွှာ လျင်မြန်စွာ ဖြစ်ပေါ်လာကာ သူ၏ မျက်လုံးအိမ်ကို ဖုံးအုပ်သွားသည်။
သူ မျက်လုံးဖွင့်လိုက်သောအခါ ရေအောက်တွင် မြင်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။
ရေလွှမ်းနေသော လှေကားထစ်များအတိုင်း လင်းယွမ် ဖြည်းညှင်းစွာ အောက်သို့ ဆင်းသွားလိုက်သည်။
ဘေးပတ်ဝန်းကျင်တွင် သန္ဓေပြောင်း ငါးမျိုးစုံ ကူးခတ်သွားလာနေကြသည်။ ရုတ်တရက် သန္ဓေပြောင်းငါးတစ်ကောင်က လင်းယွမ်ကို သတိထားမိသွားပုံရပြီး အမြီးကို ဘုန်ခနဲ ရိုက်ခတ်ကာ လင်းယွမ်ထံသို့ အရှိန်ဖြင့် ကူးခတ်လာသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး လက်မောင်းအရွယ်အစားရှိသော ထိုငါးကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
ထိုသန္ဓေပြောင်းငါးမှာ သူ၏ လက်ဖဝါးထဲတွင် ရုန်းကန်နေပြီး ပါးစပ်ကို ဟကာ ထက်မြက်သော သွားများကို ဖော်ပြနေ၏။
လင်းယွမ် စဉ်းစားလိုက်သည်။ "ငါ ရေထဲရောက်တာ ခုမှ ခဏလေးပဲ ရှိသေးတယ်... ဒီ သန္ဓေပြောင်းငါးတွေ သတိထားမိသွားကြပြီ"
"ဒီငါးတွေက ငါ့ကို ပင်လယ်သတ္တဝါမဟုတ်ဘူးလို့ ခွဲခြားနိုင်တာလား... ဘာလို့ ငါ့ကို စပြီးတိုက်ခိုက်ကြတာလဲ"
လင်းယွမ် ထူးဆန်းနေသည်။ ဘေးပတ်ဝန်းကျင်ရှိ အခြားငါးများကို ကြည့်လိုက်သောအခါ အချင်းချင်း တိုက်ခိုက်နေခြင်းမရှိသည်ကို တွေ့ရသည်။ ရံဖန်ရံခါ လိုက်လံတိုက်ခိုက်သည် ဆိုရာ၌လည်း အကောင်ကြီးက အကောင်သေးကို လိုက်ခြင်းမျိုးသာ ရှိသည်။
သူ့အရပ်က ၆ ပေကျော်ရှိသဖြင့် ဤလှေကားခွင်ရေထဲတွင် အကောင်သေးသည်ဟု မဆိုနိုင်ပေ။
လက်မောင်းအရွယ်သာရှိသော ဤသန္ဓေပြောင်းငါးက သူ့ကို စတင်တိုက်ခိုက်ရဲသည်မှာ အဘယ်ကြောင့်နည်း။
"ငါ့ဆီမှာ ပင်လယ်သတ္တဝါတွေရဲ့ အနံ့အသက် မရှိလို့များလား"
လင်းယွမ် သံသယဖြစ်နေမိသည်။ သူက ထိုငါးကို ညှစ်သတ်လိုက်ပြီး အဝေးသို့ ပစ်လိုက်သည်။
မကြာမီ အခြားငါးများ အများအပြား ရောက်ရှိလာပြီး ထိုသန္ဓေပြောင်းငါးသေကို ဝိုင်းဝန်း ကိုက်ဖဲ့စားသောက်ကြတော့သည်။
လင်းယွမ်သည် ရေအောက်အခန်းတစ်ခန်းထဲတွင် ပုန်းအောင်းရင်း ထိုမြင်ကွင်းကို ကြည့်ရှုနေသော်လည်း ဤသန္ဓေပြောင်းငါးများ၏ အစာရှာဖွေပုံ သဘောတရားကို နားမလည်နိုင် ဖြစ်နေရသည်။
သူ ခေါင်းခါလိုက်ပြီး ဆက်လက် အရေးမစိုက်တော့ဘဲ လှေကားအတိုင်း အောက်သို့ ဆင်းလာခဲ့သည်။
လမ်းတစ်လျှောက် အောက်သို့ဆင်းလာရာ ၁၁ ထပ်၊ ၁၂ ထပ်ရှိ အခန်းများကို သူ အကုန်ပြောင်းရွှေ့ထားပြီးဖြစ်၍ ဘာမှ မရှိတော့ချေ။
၁၀ ထပ်လောက်သို့ ရောက်သောအခါ အခန်းများထဲတွင် ပစ္စည်းအနည်းငယ် ရှိနေသည်။
၁၀ ထပ်မှစ၍ အောက်ဖက်သို့ လင်းယွမ် တစ်ခါမှ မရောက်ဖူးပေ။
အကြောင်းမှာ သူ ပထမဆုံးအကြိမ် အပြင်ထွက်စဉ်ကတည်းက ရေက ၁၁ ထပ်သို့ ရောက်နေပြီ ဖြစ်သောကြောင့်ပင်။
ရေစိမ်ထားသဖြင့် ပုံပျက်နေသော သစ်သားကြမ်းခင်းများနှင့် ဗီရိုအကာများကိုကြည့်ရင်း လင်းယွမ် ပါးစပ်မှ လေပူဖောင်းများ မှုတ်ထုတ်လိုက်မိသည်။ နှမြောစရာ ကောင်းလိုက်တာဟု တွေးမိ၏။
ဒီသစ်သားပြားတွေသာ ရေမစိုခဲ့ရင် ထင်းအဖြစ် သုံးလို့ရနိုင်သေးသည်။
၁၀ ထပ်ရှိ တိုက်ခန်း ၆ ခန်းစလုံးကို မွှေနှောက်ရှာဖွေကြည့်သော်လည်း တန်ဖိုးရှိသောပစ္စည်း မတွေ့ရပေ။
လင်းယွမ် လှေကားအတိုင်း ဆက်ဆင်းလာခဲ့သည်။
ရေအောက်တွင် အလင်းရောင် ကွယ်ပျောက်လာပြီး မြင်ကွင်းက ဝေဝါးလာသည်။
ရေမျက်နှာပြင်ထက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးတိမ်များ ဖုံးလွှမ်းနေသဖြင့် အလင်းရောင်မရှိပေ။ ရေအောက်တွင်ကား ဆိုဖွယ်ရာ မရှိတော့။
လင်းယွမ် မျက်လုံးဖွင့်ထားသော်လည်း ဘေးပတ်ဝန်းကျင်မှ အရာဝတ္ထုများကို သေချာမမြင်ရတော့ပေ။
ကံကောင်းသည်မှာ သူ့တွင် စိတ်စွမ်းအင် ရှိနေသဖြင့် ပေ ၅၀ ပတ်လည်ရှိ အရာအားလုံးကို အာရုံခံနိုင်စွမ်း ရှိသည်။
သို့သော် သူသည် မျက်လုံးကိုမှိတ်၍ စိတ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင်ကို အာရုံခံခြင်း မပြုလုပ်ဘဲ မျက်လုံးဖြင့်သာ အမှောင်ထုကို ကြိုးစားကြည့်ရှုနေသည်။
မိနစ်အနည်းငယ် ကြာသောအခါ လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ အစွမ်းများ တဖန်နိုးထလာပြီး မျက်လုံးဆီသို့ စီးဆင်းသွားကြသည်။
ရုတ်တရက် သူ့မျက်လုံးအိမ်များ ကျိန်းစပ်သွားပြီးနောက် အမြင်အာရုံ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာသည်ကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ ယခင်ကကဲ့သို့ မဲမှောင်မနေတော့ဘဲ မီးခိုးရောင်သမ်းကာ မြင်လာရသည်။
မလှမ်းမကမ်းတွင် ကူးခတ်နေသော သန္ဓေပြောင်းငါးများကို မြင်ရသလို အခန်းထဲရှိ ပရိဘောဂ ပုံသဏ္ဌာန်များကိုလည်း မြင်တွေ့လာရသည်။
"ငါ ညကြည့်မျက်လုံး အစွမ်း ရလာတာပဲ"
လင်းယွမ် ဝမ်းသာသွားသည်။ သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက တကယ်ပင် ထိရောက်မှု ရှိလေသည်။
ဤအစွမ်းမှာ အလွန်ပင် အံ့မခန်း ဖြစ်သည်ဟု သူ ခံစားမိလာသည်။
လက်တွေ့အသုံးဝင်မှုအပိုင်းတွင် ရေကိုထိန်းချုပ်ခြင်းကဲ့သို့သော အစွမ်းများနှင့် ယှဉ်လျှင် လုံးဝမနိမ့်ကျပေ။
သာလွန်သည်ဟုပင် ဆိုနိုင်သည်။
၉ ထပ်သို့ ရောက်သောအခါ အခန်း ၉၀၁ တွင် မဖောက်ရသေးသော ပဲထောင့်ရှည် မျိုးစေ့တစ်ထုပ်ကို ရှာတွေ့ခဲ့သည်။
"မဖောက်ရသေးဘူး... လေလုံအောင် ပိတ်ထားတာဆိုတော့ သုံးလို့ရလောက်မယ်"
သူ ပြုံးရွှင်စွာဖြင့် ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်ပြီး ဆက်လက်ရှာဖွေလိုက်သည်။
ဒီအခန်းကို ရှာဖွေပြီးနောက် အိပ်ခန်းမကြီးဘက်သို့ သူ ရောက်သွားသည်။ တံခါးကို ဖွန်းခနဲ တွန်းဖွင့်လိုက်ချိန်တွင်...
ရုတ်တရက် ပြတင်းပေါက်နားတွင် မှီနေသော အရိုးစုတစ်ခုကို တွေ့လိုက်ရ၏။
လင်းယွမ် ရင်ထိတ်သွားပြီး အလိုအလျောက် ခုခံကာကွယ်မည့် အနေအထား ပြင်လိုက်သည်။
သို့သော် ထိုအရိုးစုမှာ လှုပ်ရှားခြင်း မရှိပေ။
လင်းယွမ် အနားကပ်သွားကြည့်လိုက်ရာ ထိုအရိုးစုတွင် ကြိုးများ တုပ်နှောင်ထားသည်ကို တွေ့ရပြီး လက်နှစ်ဖက်ကို ကုတင်ခြေရင်းတွင် ချည်နှောင်ထားသည်။ အရိုးစုပေါ်တွင် အသားစ ဟူ၍ မကျန်တော့သော်လည်း ရင်ဘတ်ရှိ နံရိုးများမှာ ကျိုးပဲ့နေသည့် လက္ခဏာများ ရှိနေသည်။
လင်းယွမ် တိတ်ဆိတ်သွားသည်။ ဤအလောင်းမှာ အသက်ရှင်စဉ်က ကုတင်တွင် ချည်နှောင်ပြီး နှိပ်စက်ခံခဲ့ရပုံ ပေါ်သည်။
နောက်ပိုင်း ရေကြီးလာချိန်တွင်လည်း မည်သူမျှ အလောင်းလာမကောက်သဖြင့် ဤအခန်းထဲတွင်ပင် အပြီးတိုင် ကျန်ရစ်ခဲ့ရခြင်း ဖြစ်မည်။
ခန္ဓာကိုယ်မှ အသားများမှာ ရေထဲရှိ သန္ဓေပြောင်းသတ္တဝါများ၏ စားသောက်ခြင်းကို ခံလိုက်ရပုံရသည်။
ဤသည်မှာ လျှိုအားလုံတို့ ဗိုလ်ကျစိုးမိုးခဲ့စဉ် ကာလများက မကြာခဏ တွေ့ရလေ့ရှိသော မြင်ကွင်းမျိုးပင်။
နောက်ထပ် အောက်ထပ်အလွှာများတွင်လည်း အလောင်းများစွာ ရှိနေဦးမည်မှာ သေချာသည်။
လင်းယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး အရိုးစုကို ကွေ့ရှောင်ကာ အခန်းထဲတွင် တစ်ချက်ဝေ့ကြည့်လိုက်သည်။ တန်ဖိုးရှိတာ ဘာမှမတွေ့။
အမှန်တကယ်တော့ အသုံးဝင်မည့်ပစ္စည်း ရှာတွေ့ရန် ခက်ခဲသည်။
ဤအခန်းများတွင် ယခင်က လူနေခဲ့ကြသဖြင့် ရေကြီးလာချိန်တွင် ယူဆောင်သွားနိုင်သည့် ပစ္စည်းများကို စောစောစီးစီး ယူသွားကြပြီးဖြစ်သည်။
အိမ်သုံး လျှပ်စစ်ပစ္စည်းများ၊ ကုတင်နှင့် ဗီရိုများမှာလည်း ယခုအချိန်အထိ ရေစိမ်ထားသဖြင့် သုံးမရတော့ချေ။
သို့သော် လင်းယွမ်က အိမ်သုံးလျှပ်စစ်ပစ္စည်းအားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သိမ်းလိုက်သည်။
"ရေဝင်သွားတာပဲ ရှိတာ... နေလှန်းလိုက်ရင် ပြန်သုံးလို့ ရချင်ရမယ်... သုံးမရရင်တောင် အတွင်းထဲက အစိတ်အပိုင်းတွေက အသုံးဝင်လာနိုင်တယ်"
"တုံယန်ရဲ့ မောင် တုံကျဲက လျှပ်စစ်ထုတ်ပေးနိုင်တယ်... နောင်တစ်ချိန် အသုံးဝင်လာနိုင်တာပဲ"
စက်မှုလက်မှုလုပ်ငန်းများ အပြည့်အဝ ပြန်လည်မလည်ပတ်နိုင်သေးမီ ကာလအထိ ဤလျှပ်စစ် ပစ္စည်းများမှာ ပြန်လည်မထုတ်လုပ်နိုင်သော သယံဇာတများ ဖြစ်သည်။
ပြန်လည်မထုတ်လုပ်နိုင်သော သယံဇာတများ ဖြစ်လေလေ၊ အနာဂတ်တွင် တန်ဖိုးမြင့်မားလေလေ ဖြစ်မည်ကို လင်းယွမ် ကောင်းစွာ သိသည်။
လင်းယွမ် ဆက်လက်ဆင်းသက်ရင်း လျှပ်စစ် ပစ္စည်းများကို ရှာဖွေသိမ်းဆည်းသလို ရေထဲရှိ သန္ဓေပြောင်းသတ္တဝါများကိုလည်း လေ့လာနေသည်။
အတွေ့ရအများဆုံးမှာ သန္ဓေပြောင်းငါးများဖြစ်ပြီး ရေနက်လေလေ ငါးအရွယ်အစား ကြီးလေလေ ဖြစ်သည်။
၅ ထပ်လောက်သို့ ရောက်သောအခါ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ဤရေအမှတ်ရှိ သန္ဓေပြောင်းငါးများမှာ အသေးဆုံးပင် ၃ ပေ၊ ၄ ပေခန့် ရှိကြသည်။
အကောင်ကြီးသော သန္ဓေပြောင်းငါးများဆိုလျှင် ပေ ၂၀၊ ၂၅ ပေခန့်အထိ ရှိကြသည်။
လင်းယွမ်က ၅ ထပ်ရှိ ပြတင်းပေါက်တစ်ခုမှနေ၍ အပြင်သို့ လှမ်းကြည့်လိုက်သည်။
မှောင်မည်းနေသော ရေအောက်တွင် သူ ညကြည့်မျက်လုံး ရထားလျှင်ပင် အရာအားလုံးကို ရှင်းလင်းစွာ မမြင်နိုင်ပေ။
အပြင်ဘက်တွင် ရိပ်ခနဲ ဖြတ်သွားသော ကြီးမားလှသည့် အရိပ်မည်းကြီးများကိုသာ မြင်နေရသည်။
လင်းယွမ်က လေပူဖောင်းအချို့ မှုတ်ထုတ်လိုက်ပြီး စိတ်စွမ်းအင်ကို ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။
ရုတ်တရက် ဧရာမငါးကြီးတစ်ကောင်က သူ၏ စိတ်စွမ်းအင်နယ်ပယ်ထဲသို့ ဖြတ်သန်းသွားသည်။
ထို့နောက် ချက်ချင်းပင် လင်းယွမ်၏ စိတ်အာရုံထဲတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး စိတ်စွမ်းအင်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်ရသည်။
"ဝုန်း"
ရေအောက် ရေစီးကြောင်းများ ရိုက်ခတ်လာပြီးနောက် ထိုအရိပ်မည်းကြီးက ပြတင်းပေါက်ကို အရှိန်ပြင်းစွာ ဝင်ဆောင့်လိုက်သည်ကို လင်းယွမ် တွေ့လိုက်ရသည်။
"ဘုန်း"
ရေအောက်တွင် လေပူဖောင်းများ ပွက်ပွက်ထလာပြီး နံရံများ တုန်ခါကာ ထုံးနှင့် ဘိလပ်မြေအလွှာများ ကွာကျကုန်သည်။
မျက်နှာကြက်က ဤပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ဝုန်းခနဲ ပြိုကျလာပြီး ရေထဲတွင် လည်ထွက်သွားသည်။
ကံကောင်းသည်မှာ ရေ၏ ပင့်အားကြောင့် အောက်သို့ တန်းတန်းမတ်မတ် ပြုတ်ကျမလာဘဲ ရေထဲတွင် ပေါလောမျောပါနေခြင်း ဖြစ်သည်။ အချို့က မျက်နှာကြက်ထိပ်တွင် ကပ်နေပြီး အချို့လေးလံသော အပိုင်းများသာ ကြမ်းပြင်ပေါ် ကျရောက်သွားသည်။
လင်းယွမ် စိတ်စွမ်းအင်ကို အမြန်ဆုံး ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်နှာထား တည်တင်းသွားသည်။
"ရေအောက်က သန္ဓေပြောင်းငါးတွေက ဒီလောက်တောင် ကြီးနေပြီ... တကယ်လို့ သန္ဓေပြောင်းသတ္တဝါ နှစ်ကောင်သာ ရန်ဖြစ်ကြရင် ဒီတိုက်က ခံနိုင်ပါ့မလား"
"ကြုံတဲ့ သန္ဓေပြောင်းသတ္တဝါတစ်ကောင်က ဝင်တိုက်ရင်တောင် နံရံတစ်ဖက်လောက်က ချက်ချင်း ပြိုသွားနိုင်တယ်"
လင်းယွမ် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဒီတိုက်မှာ တကယ် ဆက်နေလို့ မဖြစ်တော့။
ကြာလေ အန္တရာယ်များလေ ဖြစ်လာတော့မည်။
ရေထဲတွင် ရေရှည်စိမ်ထားရသဖြင့် တစ်နေ့နေ့တွင် ရေစီးကြောင်းတစ်ခုကြောင့် အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးသွားနိုင်သည်။
"ပြီးတော့ စောစောက ဧရာမ သန္ဓေပြောင်းငါးကြီးက ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ စူးစမ်းတာကို အာရုံခံနိုင်တယ်"
"ဒါက ထူးခြားဖြစ်စဉ်လား... ဒါမှမဟုတ် သူတို့ရဲ့ သန္ဓေပြောင်းလဲမှုက စိတ်စွမ်းအင်အဆင့်အထိပါ ရောက်နေပြီလား"
"ရေနက်ပိုင်းက သန္ဓေပြောင်းသတ္တဝါအားလုံးသာ ဒီလောက်ကြီးမားတဲ့ စိတ်စွမ်းအင်တွေ ရှိနေမယ်ဆိုရင် လူသားတွေအနေနဲ့ ကမ္ဘာကြီးကို ပြန်လည်စိုးမိုးဖို့ ဖြစ်နိုင်ပါဦးမလား"
လင်းယွမ် မျက်မှောင်ကြုတ်မိသည်။ သမုဒ္ဒရာကြီးက အဆုံးအစမဲ့ ကျယ်ပြောလှသည်။ ရေမကြီးခင်ကပင် လူသားများသည် ပင်လယ်ပြင်အကြောင်းကို အပြည့်အဝ စူးစမ်းလေ့လာနိုင်ခြင်း မရှိခဲ့ပေ။
ပင်လယ်ကြမ်းပြင်တွင် မည်မျှ ဆန်းကြယ်သော သတ္တဝါများ ရှိနေသည်ကို မည်သူမျှ မသိနိုင်။
ပင်လယ်နက်ပိုင်းတွင် ရေဖိအား ကြီးမားလွန်းသဖြင့် ရေမကြီးခင်က လူသားတို့၏ နည်းပညာဖြင့်ပင် အနက်ရှိုင်းဆုံးနေရာများသို့ မရောက်ရှိနိုင်ခဲ့ပေ။
ယခု ရေလွှမ်းမိုးမှု ဖြစ်ပွားလာသောအခါ ပင်လယ်ပြင်သည် ပို၍ပင် အဆုံးအစမဲ့ ကျယ်ပြောလာသည်။
ပင်လယ်သတ္တဝါများ ဆက်တိုက် သန္ဓေပြောင်းလဲလာကြရာ အနာဂတ်တွင် မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
လင်းယွမ် ၅ ထပ်ကို ကျော်လွန်ပြီး အောက်ထပ်သို့ ဆက်ဆင်းရန် ပြင်လိုက်သည်။
ရုတ်တရက် ရင်ဘတ်ထဲတွင် အောင့်သက်သက် ဖြစ်လာပြီး အတွင်းကလီစာများ မအီမသာ ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
"ဘာဖြစ်တာလဲ"
ဆက်ရန်...