← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 8 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 8 Ch. 149-150

အပိုင်း (၁၄၉) မြေအောက်ကားပါကင်နှင့် ဂဏန်းတပ်ဖွဲ့အား နောက်ယောင်ခံလိုက်ခြင်း

ဤသို့ ထူးခြားဆန်းပြားသော အခြေအနေကြောင့် လင်းယွမ်၏ စိတ်နှလုံးသည် တုန်လှုပ်သွားရ၏။

သူသည် အလျင်အမြန် နောက်သို့ဆုတ်လိုက်ကာ စိတ်စွမ်းအင်ကို ဖြန့်ကျက်လျက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

သို့သော် အနီးအနား၌ သံသယဖြစ်ဖွယ် ကောင်းသော သန္ဓေပြောင်းသတ္တဝါ တစ်ကောင်တစ်မြီးကိုမျှ မတွေ့ရပေ။

(၅) လွှာ ဝန်းကျင်ရှိ သန္ဓေပြောင်းသတ္တဝါများသည် အရွယ်အစား ကြီးမားလွန်းသဖြင့် အဆောက်အဦးအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိကြချေ။

သူသည် ပတ်ဝန်းကျင်ကို သေချာစွာ စူးစမ်းစစ်ဆေးပြီးမှ အကြောင်းရင်းကို ရုတ်တရက် သဘောပေါက်သွားကာ အပေါ်ထပ်သို့ အမြန်ပြန်တက်လိုက်တော့သည်။

(၆) လွှာသို့ ပြန်လည်ရောက်ရှိမှသာ ရင်ဘတ်ထဲရှိ မွန်းကြပ်နေသော ခံစားချက်ကြီး ပျောက်ကွယ်သွားလေသည်။

"ရေဖိအားကြောင့်လား"

လင်းယွမ် ချက်ချင်း နားလည်လိုက်သည်။ လက်ရှိ သူ၏ ခန္ဓာကိုယ်အခြေအနေအရ (၄) လွှာသို့ ရောက်ရှိခြင်းသည် သူ ခံနိုင်ရည်ရှိသော အကန့်အသတ်၏ အစွန်းဆုံးအမှတ်ပင် ဖြစ်သည်။

အကယ်၍ ထပ်မံ ဆင်းသက်သွားပါက ရေဖိအား များလွန်းသဖြင့် သူ၏ ခန္ဓာကိုယ် အတွင်းကလီစာများက ထိုရေအောက်ဖိအားဒဏ်ကို ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။

"ဟူး... နောက်ထပ် ပေ ၃၀၊ ၄၀ လောက် ဆင်းလိုက်ရင် ရေအောက်ခြေကို ရောက်နိုင်ပြီ... တကယ်လို့ ရေအောက်ခြေကို ရောက်သွားပြီး အိမ်ရာဝင်းထဲက ကုန်စုံဆိုင်လေးဆီ သွားနိုင်ရင် လေလုံအောင် ပိတ်ထားတဲ့ မုန့်တွေ အစားအသောက်တွေ အများကြီး ရနိုင်လောက်တယ်"

သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ လျှိုအားလုံတို့အဖွဲ့ ထိုကုန်စုံဆိုင်ကို ဝင်ရောက်လုယက်စဉ်က အကုန်အစင် သိမ်းကျုံးယူငင်သွားခြင်း မရှိခဲ့ကြောင်း သူ မှတ်မိနေသေးသည်။

ထို့ပြင် အနီးအနားရှိ အခြားစီးပွားရေး အချက်အချာကျသော လမ်းမပေါ်တွင်လည်း စူပါမားကတ် နှစ်ခု ရှိနေသေးသည်။

အကယ်၍ ထိုနေရာသို့ သွားရောက်နိုင်ပါက စားသောက်စရာ ပစ္စည်းအများအပြား ရရှိနိုင်လိမ့်မည်။

ခေတ်မီ အစားအသောက် ထုတ်ပိုးမှုစနစ်များတွင် လေလုံအောင် စနစ်တကျ ထုတ်ပိုးထားသော အစားအစာများစွာ ရှိသဖြင့် ရေထဲ၌ စိမ်ထားမိလျှင်ပင် ပျက်စီးသွားမည် မဟုတ်ချေ။

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...

"ထပ်ပြီး စမ်းကြည့်တာပေါ့... ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ရေအောက်ဖိအားနဲ့ ကိုက်ညီအောင် ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်မလား... အတွင်းကလီစာတွေကိုရော ပြုပြင်ပေးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"

လင်းယွမ်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် လှေကားအတိုင်း ပြန်ဆင်းလာခဲ့ကာ (၄) လွှာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသို့ ရောက်သည်နှင့် ရေဖိအား၏ ဒဏ်ကို ခံစားလိုက်ရပြီး အဆုတ်ထဲ၌ မွန်းကြပ်လာသလို ချက်ချင်း ခံစားလိုက်ရသည်။ ထို့ပြင် ရေဖိအား ပြဿနာသာမက ခန္ဓာကိုယ်၏ ပင့်အားကြောင့် ကိုယ်ခန္ဓာမှာ အလိုအလျောက် အပေါ်သို့ ပြန်တက်ချင်နေသည်။

လင်းယွမ် ကောင်းစွာ သိရှိထားသည်မှာ အကယ်၍သာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရေအသွေးများ မြင့်တက်မလာခဲ့ဘဲ ကြွက်သားထုထည် သိပ်သည်းမှုနှင့် ကိုယ်အလေးချိန်သာ တိုးမလာခဲ့လျှင် (၈) လွှာ၊ (၉) လွှာ လောက်ကတည်းက ရေမျက်နှာပြင်ပေါ်သို့ ပြန်လည် ပေါလောပေါ်သွားလောက်ပြီ ဖြစ်သည်။

"ခန္ဓာကိုယ်ရဲ့ ပင့်အားကလည်း ပြဿနာတစ်ခုပဲ... ရေရဲ့ ပင့်ကန်အားကြောင့် အပေါ်ပြန်မတက်သွားအောင် ဘယ်လို လုပ်ရမလဲ"

လင်းယွမ်က လှေကားလက်ရန်းကို ဆုပ်ကိုင်ထားရင်း (၄) လွှာတွင် ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်၏။

"ငါ့ခန္ဓာကိုယ်ရဲ့ ပင့်အားက အဓိကအားဖြင့် ခန္ဓာကိုယ်ထဲက လေတွေကြောင့် ဖြစ်ပေါ်လာတာပဲ"

"ငါးတွေကျတော့ ရေထဲမှာ ပေါလောပေါ်တာမျိုးတို့ နစ်မြုပ်တာမျိုးတို့ကို ဘယ်လို ထိန်းချုပ်ကြသလဲ"

လင်းယွမ်၏ အတွေးစသည် ရုတ်တရက် အဖြေရှာတွေ့သွားတော့သည်။

"ငါးလေအိတ်"

"ငါးလေအိတ်ထဲမှာ လေတွေ သိုလှောင်ထားပြီး ငါးတွေ ရေပေါ်တက်တာနဲ့ ရေထဲမှာ တည်ငြိမ်အောင် နေနိုင်ဖို့ ထိန်းချုပ်ပေးထားတာပဲ"

ထိုအချက်ကို တွေးမိသည်နှင့် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ငုံ့ကြည့်လိုက်သည်။

"ငါ့ရဲ့ အဆုတ်ကရော ငါးလေအိတ်နဲ့ တူညီတဲ့ ဖြစ်တည်မှုမျိုး မဟုတ်ဘူးလား... ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အောက်ဆီဂျင်တွေကို ထုတ်ပစ်ပြီး အသက်ရှူဖို့ လိုအပ်ရုံလောက်ပဲ ချန်ထားရင်ရော"

ထိုသို့ တွေးမိလိုက်သည်နှင့် သူသည် ပါးစပ်ကိုဖွင့်ကာ လေများကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ရာ သူ၏ အဆုတ်ထဲမှ လေပူပေါင်းများစွာသည် ပလုံပလုံမြည်လျက် အပြင်သို့ ထွက်ပေါ်လာကြသည်။

သူ၏ ရင်ခေါင်းသည် အနည်းငယ် ချိုင့်ဝင်သွားပြီး တစ်ကိုယ်လုံးရှိ ပင့်အားသည်လည်း လျင်မြန်စွာ လျော့ကျသွားတော့သည်။

မကြာမီ သူ၏ ခန္ဓာကိုယ်သည် ပင့်ကန်အား၏ သက်ရောက်မှု မရှိတော့ဘဲ (၄) လွှာ၌ တည်ငြိမ်စွာ ရှိနေနိုင်ခဲ့ပြီ ဖြစ်သည်။

ဤနည်းလမ်းက တကယ်ပင် ထိရောက်မှု ရှိသဖြင့် လင်းယွမ်၏ စိတ်ထဲ၌ ဝမ်းသာသွားရ၏။

ထို့ပြင် ပတ်ဝန်းကျင်မှ ဖိအားပေးမှုသည်လည်း တဖြည်းဖြည်း လျော့နည်းလာသည်။

သူ၏ အစွမ်းသည် ခန္ဓာကိုယ်ဆဲလ်များကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲပေးနေပြီး ဤနေရာရှိ ရေဖိအားနှင့် ကိုက်ညီအောင် ပြုလုပ်ပေးနေသည်ကို လင်းယွမ် အာရုံခံမိနေသည်။

"ငါ့ဆဲလ်တွေရဲ့ စိမ့်ဝင်ဖိအား ကို ပြောင်းလဲပေးလိုက်တာများလား"

လင်းယွမ် တွေးတောနေစဉ်မှာပင် သူ၏ တစ်ကိုယ်လုံးရှိ သိပ်သည်းဆများ ပြောင်းလဲလာသည်ကို ခံစားလိုက်ရသည်။

ပြောင်းလဲတိုးတက်မှု ဦးတည်ချက်သည် ခန္ဓာကိုယ်တွင်း ဖိအားကို ပြောင်းလဲခြင်း၊ ဆဲလ်များ၏ စိမ့်ဝင်ဖိအားကို မြှင့်တင်ခြင်းတို့ဖြင့် အပြင်နှင့် အတွင်းပိုင်း ဖိအားကွာခြားချက်ကို လျှော့ချကာ ရေနက်ပိုင်း ဖိအားဒဏ်ကို လျင်မြန်စွာ ခံနိုင်ရည်ရှိစေရန် ပြုလုပ်ပေးနေပုံ ရသည်။

ထို့ပြင် အစွမ်း၏ သက်ရောက်မှုကြောင့် သူ၏ အရိုးများသည်လည်း လျင်မြန်စွာ မာကျောခိုင်ခံ့လာသည်ကို လင်းယွမ် သိသိသာသာ ခံစားနေရသည်။

နားရွက်အနောက်တွင် ပေါက်ရောက်နေသော ပါးဟက် အင်္ဂါအစိတ်အပိုင်းများသည်လည်း အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာခဲ့သည်။

မည်သို့ ပြောင်းလဲသွားသည်ကိုတော့ လင်းယွမ် သေချာမသိပေ။

သီအိုရီပိုင်းဆိုင်ရာများကို သူ နားမလည်သော်လည်း သူ သိထားသည်မှာ သူ၏ အစွမ်းက လက်ရှိ ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ လိုက်လျောညီထွေ နေနိုင်ရန် ကူညီပေးနေပြီး ပိုမို အသုံးဝင်သော အင်္ဂါအစိတ်အပိုင်းများကို ဖန်တီးပေးနေသည် ဆိုသောအချက်ပင်။

"ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက တကယ့်ကို ကောင်းတာပဲ"

လင်းယွမ်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး မိမိ၏ အစွမ်းအပေါ် ပိုမို ကျေနပ်အားရသွားသည်။

ခဏတာ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် ပြီးဆုံးသွားခဲ့လေပြီ။

ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တွင်လည်း ကြီးမားသော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်။

အရေပြားသည် ချောမွတ်လာပြီး ဆီလွှာပါးတစ်လွှာက ခန္ဓာကိုယ်ကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ပေါ်လာသည်။

ငါးများကို လက်ဖြင့် ဖမ်းဆုပ်ကိုင်တွယ်လိုက်ရသကဲ့သို့ ချောကျိကျိ ဖြစ်နေပြီး ဖမ်းဆုပ်၍ မရနိုင်အောင်ပင်။

ဤအရာသည် ရေ၏ ခုခံအားကို လျှော့ချပေးပြီး ခန္ဓာကိုယ် အတွင်းရှိ ရေဓာတ်ကို ထိန်းသိမ်းထားရန် ဖြစ်လိမ့်မည်ဟု လင်းယွမ် ခန့်မှန်းလိုက်သည်။

ရေကူးဖူးသူတိုင်း သိကြသည့်အတိုင်း ရေထဲတွင် အကြာကြီး စိမ်နေပါက စိမ့်ဝင်ဖိအား သဘောတရားကြောင့် ခန္ဓာကိုယ်ဆဲလ်များ အတွင်းရှိ ရေဓာတ်များသည် ဆဲလ်အပြင်ဘက်သို့ စီးထွက်သွားလေ့ရှိသည်။

ထိုသို့ ဖြစ်ပေါ်မှုကြောင့် အရေပြားများ တွန့်လိပ်ကာ ရှုံ့တွသွားတတ်ပြီး အထူးသဖြင့် လက်ချောင်းထိပ်များတွင် ပိုမို သိသာထင်ရှားလေ့ ရှိသည်။

ယခုကဲ့သို့ အရေပြားပေါ်တွင် ဆီလွှာပါး ဖုံးအုပ်ထားခြင်းအားဖြင့် ဆဲလ်များ အတွင်းမှ ရေဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး ဆဲလ်များ ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

လင်းယွမ်က ခြေလက်များကို လှုပ်ရှားကြည့်လိုက်ရာ လက်ဝါးပြင်တွင် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။

သူ ချက်ချင်း ကြည့်လိုက်သောအခါ သူ၏ လက်ချောင်းများကြားတွင် အသားလွှာပါးလေး တစ်ခု ထွက်ပေါ်လာပြီး လက်ချောင်းငါးချောင်းကို ဆက်စပ်ပေးထားကာ ဘဲခြေထောက်ကဲ့သို့ ရေယက်ပုံစံ ဖြစ်ပေါ်လာခဲ့လေသည်။

လင်းယွမ် အံ့အားသင့်သွားရသည်။ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက ရေထဲတွင် ရှင်သန်နိုင်မည့် အင်္ဂါအစိတ်အပိုင်း အများအပြားကို တစ်ပြိုင်နက်တည်း ဖန်တီးပေးလိုက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

လင်းယွမ်က ရေကို ယက်ခတ်ကြည့်လိုက်ရာ ရေတွန်းကန်အား ပိုကောင်းလာပြီး လျင်မြန်စွာ ကူးခတ်နိုင်ကြောင်း တွေ့လိုက်ရသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ကြည့်စရာ မှန်မရှိသဖြင့် မိမိကိုယ်ကို မည်သို့သော ပုံသဏ္ဌာန် ပြောင်းလဲသွားသည်ကို မမြင်ရခြင်းပင် ဖြစ်သည်။

ပုံစံ အလွန်ဆိုးကာ ကြောက်စရာ ကောင်းနေမလား ဆိုသည်ကိုလည်း သူ မသိနိုင်ပေ။

စိတ်ထဲ၌ ရှုပ်ထွေးသော အတွေးများ တစ်ချက် ဖြတ်သန်းသွားပြီးနောက် လင်းယွမ်သည် လက်ရှိ ပုံစံဖြင့်ပင် ရေအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးကာ ဆက်လက် ကူးခတ်သွားလိုက်တော့သည်။

အခန်းများထဲတွင် ရှာဖွေစရာ ဘာမျှ မကျန်တော့ပေ။ လျှပ်စစ်ပစ္စည်း အားလုံးကို သိမ်းဆည်းပြီးဖြစ်သလို ဖောက်မထားသည့် လေလုံ အထုပ်အပိုးများကိုလည်း တစ်ပါတည်း ယူဆောင်ပြီးဖြစ်သည်။

ထို့နောက် လင်းယွမ်သည် အောက်ထပ်သို့ ဆက်လက် စူးစမ်းရှာဖွေရန် ဆင်းသက်လာခဲ့သည်။

(၃) လွှာသို့ ရောက်သောအခါ လင်းယွမ်၏ စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းကြောင့် မျက်နှာထား အနည်းငယ် ပြောင်းလဲသွားရသည်။

၃၀၁ အခန်း၏ ပြတင်းပေါက် အပြင်ဘက်၌ အပင်များစွာ လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။

အဝေးမှ လှမ်း၍ အာရုံခံကြည့်လိုက်ရာ ထိုအရာများသည် လူတစ်ယောက်၏ ဆံပင်များကဲ့သို့ ရေထဲတွင် မျောလွင့်နေကြသည်။

လင်းယွမ် အနီးသို့ တိုးကပ်သွားပြီး စိတ်စွမ်းအင်ကို ဖြန့်ကျက်ကြည့်လိုက်မှ ထိုအရာများက ဘာလဲဆိုသည်ကို သိလိုက်ရသည်။

မူလက ထိုအရာများသည် ရေအောက် ကြမ်းပြင်တွင် ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေသော ရေညှိပင်တောအုပ်ကြီး ဖြစ်နေသည်။

ထိုအပင်များသည် အလွန် ရှည်လျားပြီး (၃) လွှာ အမြင့်အထိပင် ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က စိတ်စွမ်းအင်ဖြင့် ဖြတ်သန်း ကြည့်ရှုလိုက်ရာ ရေညှိပင်များ ထူထပ်လွန်းသဖြင့် ဤနေရာ၌ ငါးကြီးများ သိပ်မရှိဘဲ ခရုများ၊ ကမာကောင်များနှင့် ဂဏန်းများသာ ခိုအောင်းနေကြကြောင်း တွေ့လိုက်ရသည်။

အချို့သော ရေညှိပင်များသည် အလွန် ကြီးမားလှပြီး ၎င်းတို့၏ အမြစ်များသည် အိမ်ရာဝင်း၏ မြေအောက်အထိ ထိုးဖောက် ဝင်ရောက်နေလောက်သည်။

အချို့ဆိုလျှင် တိုက်အဆောက်အအုံ၏ အုတ်နံရံကြားများမှ တိုက်ရိုက် ထိုးထွက် ပေါက်ရောက်နေကြသည်။

လင်းယွမ်က နံရံပေါ်မှ ထွက်နေသော ရေညှိပင်ကို စမ်းသပ် ကိုင်တွယ်ကြည့်လိုက်ရာ ချောကျိနေပြီး အပေါ်ယံတွင် အချွဲကဲ့သို့ အရာများ ရှိနေသည်။

သူသည် ရေညှိပင်အတိုင်း နံရံဘက်သို့ စမ်းသပ်ကြည့်လိုက်သည်။

အမြစ်များသည် နံရံထဲသို့ ထိုးဖောက် ဝင်ရောက်နေပြီး နံရံကိုပင် အက်ကွဲကြောင်း ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။

လင်းယွမ်၏ မျက်နှာထား တည်သွားတော့သည်။ "ဒီလောက် ကျယ်ပြန့်တဲ့ ရေညှိပင်တွေ... နံရံကြားထဲမှာ ဘယ်လောက်တောင် အမြစ်တွယ်နေပြီလဲ မသိဘူး"

"ဒီလိုသာ ဆက်ပြီး ကြီးထွားလာရင် တိုက်က ရေညှိပင်တွေရဲ့ တိုးဝှေ့မှုကို မခံနိုင်ဘဲ တစစီ ကွဲအက်ပြီး ပြိုကျသွားလိမ့်မယ်... အဆောက်အဦး တစ်ခုလုံးတောင် ပြိုကျသွားနိုင်တယ်"

ယခု ရေပေါ်သို့ ထိုးထွက်နေပြီး မြင့်မားသည်ဟု ထင်ရသော တိုက်တာ အဆောက်အဦးများသည် ရေရှည်တွင် ခံနိုင်ရည် ရှိတော့မည် မဟုတ်ကြောင်း သူ အသေအချာ တွက်ဆမိလိုက်သည်။

"တိုက်ပေါ်ကနေ ထွက်ခွာပြီး မြင့်တဲ့ နေရာဒေသတွေဆီ သွားမှပဲ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်လိမ့်မယ်"

အကယ်၍သာ ပတ်ဝန်းကျင်ကို အာရုံခံနိုင်သည့် စိတ်စွမ်းအင် မရှိခဲ့လျှင် ဤမှောင်မည်းနေသော ရေအောက်၌ ဘာကိုမျှ မြင်တွေ့နိုင်မည် မဟုတ်ပေ။

ထူထပ်သိပ်သည်းသော ရေညှိပင်များသည်လည်း စိတ်စွမ်းအင်ဖြင့် စူးစမ်းမှုကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေသည်။

လင်းယွမ်သည် အဆောက်အဦးမှ ထွက်ခွာ၍ ရေညှိတောထဲသို့ ဝင်ရောက်ရန် မစွန့်စားရဲပေ။

သူသည် ရေညှိပင် အချို့ကိုသာ ရိတ်သိမ်းလိုက်သည်။ ပြန်ရောက်လျှင် ရေညှိသုပ် လုပ်စား၍ ရမရ စမ်းသပ်ပြီး လူတိုင်းကို ဟင်းတစ်မယ် တိုးပေးနိုင်ရန် ရည်ရွယ်လိုက်သည်။

ထို့ပြင် အပြင်ဘက်တွင် ပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် ရေညှိပင် အနည်းငယ်ကိုလည်း တူးယူလိုက်ပြီး ဆုန့်ဝမ်အား ပေးကာ ပြုစုပျိုးထောင်၍ ရမရ စမ်းသပ်ခိုင်းရမည်။

သာမန် ရေညှိပင်များအပြင် အချို့သော ရေညှိပင်များသည် ထူထဲ၍ ကျယ်ပြန့်ကာ ဖြတ်တောက်လိုက်သည့်အခါ နွားသားရေကဲ့သို့ ခိုင်ခံ့ပြီး ပျော့ပျောင်းမှု အားကောင်းသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

ဤသို့သော ရေညှိပင်မျိုးသည် သန္ဓေပြောင်း ရေညှိပင်များ ဖြစ်လောက်သည်ဟု သူ ခန့်မှန်းလိုက်သည်။

သန္ဓေပြောင်း အပင်တိုင်းတွင် ထူးခြားသော ဂုဏ်သတ္တိ ကိုယ်စီ ရှိကြစမြဲ ဖြစ်ရာ ဆုန့်ဝမ်ကို ပေး၍ ပျိုးထောင်ခိုင်းကာ သူမအား ထိန်းချုပ်စေလျှင် မထင်မှတ်ထားသော အကျိုးကျေးဇူးများ ရကောင်း ရနိုင်ပေသည်။

သူသည် အောက်ဘက် အလွှာများသို့ ဆက်လက် ဆင်းသက်ကာ အဆောက်အဦးထဲမှ ယူဆောင်သွားနိုင်သမျှ ပစ္စည်းများကို သိမ်းကျုံးယူငင်ပြီးနောက် ကားပါကင်ဘက်သို့ အကြည့် ရောက်သွားခဲ့သည်။

"မြေအောက် ကားပါကင်မှာ ကားတွေ အများကြီး ရပ်ထားတယ်... ရေမြုပ်နေတယ် ဆိုပေမယ့် အမျိုးအစားတူတဲ့ ကားတွေကို အများကြီး သယ်သွားနိုင်ရင် ကောင်းသေးတဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ယူ စုစည်းပြီး ကားတစ်စီး ပြန်ဆင်လို့ ရနိုင်တာပဲ... ဓာတ်ဆီထည့်ရင် မောင်းလို့ ရနိုင်လောက်တယ်"

"အခုချိန်မှာ ကားမောင်းစရာ နေရာမရှိသေးပေမယ့် အင်ဂျင် မပျက်စီးသေးဘူးဆိုရင်တော့ ပြန်ပြီး အသစ်ဖြစ်အောင် လုပ်လို့ ရနိုင်တယ်"

လင်းယွမ် စဉ်းစားပြီးနောက် မြေအောက်ကားပါကင်သို့ သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ပစ္စည်းသိုလှောင်ခန်း ရှိနေသည်ဖြစ်ရာ ထိုထဲသို့ တိုက်ရိုက် ထည့်သိမ်းလိုက်ရုံသာ ဖြစ်သဖြင့် အပင်ပန်းခံနေစရာ မလိုပေ။

လင်းယွမ်သည် တွေးတောရင်း လုံခြုံရေးလှေကားမှတစ်ဆင့် အောက်သို့ လျင်မြန်စွာ ငုပ်လျှိုးဆင်းသက်သွားတော့သည်။

အောက်သို့ ရောက်လေ ရေဖိအားက များလေပင်။

သာမန်လူဆိုလျှင် ဤမျှနက်သော နေရာသို့ ငုပ်လျှိုးနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

သန္ဓေပြောင်း အစွမ်းပိုင်ရှင် ဖြစ်လျှင်ပင် ထူးခြားသော အစွမ်းမရှိဘဲနှင့် ဤမျှ နက်ရှိုင်းသော နေရာသို့ လုံးဝ ရောက်ရှိနိုင်မည် မဟုတ်ချေ။

လင်းယွမ်၏ အစွမ်းက သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးလိုက်ပြီး ရေနက်ပိုင်း ငါးများ၏ ဆဲလ်လက္ခဏာရပ်များ ဖြစ်ပေါ်လာစေကာ ရေနက်ပိုင်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

မှောင်မည်းနေသော လှေကားလမ်းအတိုင်း လျှောက်လှမ်းလာပြီး မကြာမီမှာပင် လင်းယွမ်သည် မြေအောက်ကားပါကင်၏ လုံခြုံရေး တံခါးပေါက်ကို ဖွင့်လိုက်တော့သည်။

"ဟမ်"

သူ့စိတ်ကူးနှင့် မတူသည်မှာ ဤနေရာ၌ အလင်းရောင် ရှိနေခြင်းပင် ဖြစ်၏။

စွမ်းအင်ချွေတာသော မီးလုံးများကဲ့သို့ အလင်းရောင်မျိုး မဟုတ်ဘဲ မြေအောက်ကားပါကင်၏ နံရံထောင့်များ၊ နံရံများတွင် ပေါက်ရောက်နေသော သန္တာကောင်များစွာမှ ထွက်ပေါ်နေသော အလင်းရောင်များ ဖြစ်သည်။

ထိုသန္တာကောင်များအပြင် အလင်းရောင် ထုတ်လွှတ်နေသော ငါးအချို့လည်း ရှိနေသေးသည်။

တစ်ကောင်ချင်းစီ၏ အလင်းရောင်မှာ မှိန်ဖျဖျသာ ရှိသော်လည်း အုပ်စုလိုက် သွားလာနေကြသော ငါးအုပ်ကြီးများကြောင့် ရေကူးနေသော ရောင်စုံ မီးသီးလေးများကဲ့သို့ ဖြစ်နေပြီး ကျယ်ပြောလှသော မြေအောက်ကားပါကင်ကြီးကို ရှုမောဖွယ်ရာ လင်းထိန်စေသည်။

သန္ဓေပြောင်း ငါးအုပ်ကြီးသည် ၎င်းတို့၏ သဘာဝ ရန်သူများ မရှိသကဲ့သို့ ကားပါကင် အတွင်း၌ လွတ်လပ်စွာ ကူးခတ် သွားလာနေကြသည်။

ထိုသန္ဓေပြောင်း ငါးများသည် အရွယ်အစား မကြီးလှဘဲ အများစုမှာ လက်သီးဆုပ်လောက်သာ ရှိကြသည်။

လင်းယွမ်သည် ၎င်းတို့ ထုတ်လွှတ်သော အလင်းရောင်ကို အမှီပြု၍ ပတ်ဝန်းကျင် အခြေအနေကို အကြမ်းဖျင်း မြင်တွေ့နေရသည်။

ကားတစ်စီးချင်းစီသည် ကားပါကင် နေရာများတွင် စည်းကမ်းတကျ ရပ်နားထားလျက် ရှိသည်။

ယခင်က ယွမ် ၈ သောင်းခန့် ပေးရသော ကားပါကင် နေရာများသည် ယခုအခါ ငါးများ ပျော်မြူးရာ ကစားကွင်း ဖြစ်နေလေပြီ။

လင်းယွမ်က အနီးအနားရှိ မာစီးဒီးကားတစ်စီးဆီသို့ လျှောက်သွားလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ရေကြီးမှု မဖြစ်ခင်တုန်းကဆိုလျှင် ဒီလို အဆင့်မြင့်ကားမျိုးကို သူ စိတ်ကူးနဲ့တောင် မယဉ်ရဲခဲ့ပေ။

အခုတော့...

သူ့စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် အနက်ရောင် မာစီးဒီးကားကြီးသည် သူ၏ ပစ္စည်းသိုလှောင်ခန်းထဲသို့ ချက်ချင်း ဝင်ရောက်သွားတော့သည်။

အနက်ရောင် မာစီးဒီးကားတစ်စီးကို သိမ်းဆည်းပြီးနောက် လင်းယွမ်သည် အတွင်းဘက်သို့ ဆက်လက် ကူးခတ်သွားသည်။

သူ၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် ဆီလွှာပါး ဖုံးအုပ်ထားသဖြင့် သူ၏ လူနံ့ကို ဖုံးကွယ်ထားပုံ ရသည်။ ထို့ကြောင့် သန္ဓေပြောင်း ငါးများသည် ယခင်ကလို သူ့ကို စတင် တိုက်ခိုက်ခြင်း မပြုကြတော့ဘဲ ရေထဲမှ သန္ဓေပြောင်း သတ္တဝါ တစ်ကောင်ကဲ့သို့သာ သဘောထားနေကြသည်။

သူသည် တခြား သန္ဓေပြောင်းငါးများကို သွားရောက် မနှောင့်ယှက်သရွေ့ ထိုငါးများကလည်း သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ခြင်း မရှိပေ။

ဤအချက်ကို သိရှိလိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားမိသည်။ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက တကယ်ကို အစွမ်းထက်လှပေသည်။

သူသည် ကားပါကင်ထဲတွင် လှည့်လည်သွားလာရင်း ကားတစ်စီးပြီး တစ်စီး လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။

သူသည် တံဆိပ်တူ၊ မော်ဒယ်တူ ကားများကို တတ်နိုင်သမျှ စုစည်း သိမ်းဆည်းသည်။ သို့မှသာ ထိုကားများ၏ အစိတ်အပိုင်းများကို တစ်စီးနှင့် တစ်စီး ဖလှယ် တပ်ဆင်အသုံးပြုနိုင်မည် ဖြစ်သည်။

တိုက်တွဲ (၂) ၏ မြေအောက်ကားပါကင် အတွင်းရှိ တိုယိုတာ ကားတစ်စီး အနီးသို့ ရောက်ရှိလာပြီး ထိုကားကို သိမ်းဆည်းရန် ပြုလုပ်လိုက်စဉ်...

ရုတ်တရက် ကားပြတင်းပေါက်မှ လူမျက်နှာ တစ်ခုသည် ရေပေါ်သို့ ဘွားခနဲ ပေါလောပေါ်လာလေသည်။

မှိန်ဖျဖျ အလင်းရောင် အောက်တွင် ကြောက်မက်ဖွယ် ကောင်းလှသော ထိုမြင်ကွင်းကြောင့် လင်းယွမ်၏ နှလုံးခုန်သံများပင် "ဒိန်း... ဒိန်း" နှင့် ဆူညံသွားရသည်။

သူ အလျင်အမြန် နောက်သို့ ကူးခတ်ကာ ဆုတ်ခွာလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် တိုက်ခိုက်ရန် အသင့် ပြင်ထားလိုက်သည်။

သို့သော် ထိုလူမျက်နှာကြီးသည် ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေပြီး ကားအတွင်း၌ ဟိုဟိုသည်သည် မျောပါနေကြောင်း တွေ့လိုက်ရ၏။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ကာ စိတ်စွမ်းအင်ဖြင့် ကားအတွင်းပိုင်းသို့ ထိုးဖောက် ဝင်ရောက်ပြီး အကဲခတ်လိုက်သည်။

"သေနေတာလား"

ကြည့်ရသည်မှာ ကားထဲမှလူသည် သေဆုံးနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ပုံရသည်။

တစ်ကိုယ်လုံး ရေစိမ်ခံထားရသဖြင့် ပုပ်ပွနေပြီး ကားထဲတွင် ပိတ်မိနေခြင်း ဖြစ်သည်။ လင်းယွမ် ကူးခတ်လာမှုကြောင့် ဖြစ်ပေါ်လာသော ရေစီးကြောင်း အရှိန်ဖြင့် ရုတ်တရက် ပေါလောပေါ်လာခြင်း ဖြစ်ပေသည်။

လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်မိပြီး ထိုပိုင်ရှင်အတွက် စိတ်မကောင်း ဖြစ်သွားရသည်။

"ရေကြီးနေတာကို အိမ်မှာ ကောင်းကောင်းမနေဘဲ ကားပါကင်ထဲ ဘာလာလုပ်တာပါလိမ့်"

လင်းယွမ် ခေါင်းယမ်းလိုက်ကာ ထိုကားကို မသိမ်းဆည်းတော့ဘဲ အခြားတစ်ဖက်သို့ လှည့်ကာ ကားများကို ဆက်လက် သိမ်းဆည်းနေလိုက်သည်။

ရေကူးနေရင်း ရုတ်တရက် ရှေ့ဘက်ဆီမှ (၂) ပေခန့် အရွယ်အစားရှိသော ဂဏန်းအုပ်ကြီးတစ်ခုသည် တန်းစီလျက် လျှောက်လှမ်းလာကြသည်။

လင်းယွမ်သည် တိုင်လုံးကြီး တစ်ခု၏ အနောက်သို့ အလျင်အမြန် ဝင်ရောက် ပုန်းအောင်းလိုက်သည်။

ထိုဂဏန်းအုပ်တွင် အကောင်ရေ ဆယ်ကောင်ကျော် ပါဝင်ပြီး ကားလမ်းကြောင်း အတိုင်း အတူတကွ လျှောက်လှမ်းလာကြခြင်း ဖြစ်သည်။

၎င်းတို့၏ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားပုံများမှာ တပြိုင်နက်တည်း ဖြစ်နေပြီး ကြည့်ရသည်မှာ စစ်တပ်တစ်တပ် ချီတက်လာသကဲ့သို့ပင်။

လင်းယွမ် စိတ်ထဲ၌ အံ့သြသွားရသည်။

"ဒီဂဏန်းတွေက ဘယ်လိုလုပ် ဒီလောက် ညီညီညာညာ တပ်ဖွဲ့ပုံစံ ဖြစ်နေရတာလဲ"

လင်းယွမ် အံ့သြတကြီးဖြင့် အမှောင်ထဲမှနေ၍ ချောင်းမြောင်း ကြည့်ရှုနေလိုက်သည်။

ဂဏန်းများသည် ကားတစ်စီးရှေ့သို့ ရောက်သွားကြပြီး ပြတင်းပေါက် မှန်များကို "ဘုန်း... ဘုန်း" နှင့် ရိုက်ခွဲလိုက်ကြသည်။ ထို့နောက် အရွယ်အစား အနည်းငယ် သေးငယ်သော ဂဏန်းတစ်ကောင်က ကားထဲသို့ ဝင်ရောက်သွားပြီး မကြာမီ ပြန်ထွက်လာသည်။

ထိုဂဏန်း၏ လက်မကြီး နှစ်ဖက်ကြားတွင် ဝေဖာမုန့် နှစ်ထုပ်ကို ညှပ်လျက် ပါလာသည်ကို တွေ့လိုက်ရ၏။

လင်းယွမ် ကြောင်အမ်းသွားသည်။ ဒီဂဏန်းတွေက ကားထဲမှာ အစားအသောက် ရှာနေကြတာပဲ။

"မဟုတ်သေးဘူး... ဒီဂဏန်းတွေက ဘယ်လိုလုပ် လူတွေစားတဲ့ ဟာကို စားရတာလဲ"

"ပြီးတော့ ဝေဖာမုန့် ရှိတဲ့နေရာကို ဘယ်လိုလုပ် ဒီလောက် တိတိကျကျ ရှာတွေ့တာလဲ"

လင်းယွမ်၏ စိတ်ထဲ၌ သံသယများ ဖြစ်ပေါ်လာပြီး ချက်ချင်း သတိထားလိုက်သည်။ သူသည် ဂဏန်းများ ကားမှန်များကို တစ်စီးပြီး တစ်စီး ရိုက်ခွဲကာ အစားအသောက် ရှာဖွေနေပုံကို သေချာစွာ စောင့်ကြည့်နေလိုက်သည်။

ထို့နောက် ၎င်းတို့သည် ညီညာစွာဖြင့် ကားပါကင်၏ အခြားတစ်ဖက်သို့ ရွေ့လျားသွားကြသည်။

လင်းယွမ်လည်း အသံမထွက်စေဘဲ တိတ်တဆိတ် နောက်ယောင်ခံ လိုက်သွားတော့သည်။

ဆယ်မိနစ်ခန့် ကြာသောအခါ လင်းယွမ် စိတ်လှုပ်ရှားလာသည်။ သူ၏ စွမ်းအင်များ ထက်ဝက်ကျော် ကုန်ဆုံးနေပြီ ဖြစ်ကြောင်း ခံစားမိလာသည်။

အကယ်၍ ဆက်လက် အချိန်ကြာမြင့်နေပြီး စွမ်းအင် ကုန်သွားပါက ပြောင်းလဲထားသော အင်္ဂါအစိတ်အပိုင်း အားလုံးသည် မူလ အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်မှာပင် ဂဏန်းများသည် ရုတ်တရက် ရပ်တန့်လိုက်ကြပြီး လုံခြုံရေး တံခါးပေါက် တစ်ခုထဲသို့ တိုးဝင်သွားကြတော့သည်။

လင်းယွမ်၏ ရင်ထဲ၌ ထိတ်လန့်သွားရ၏။ "လုံခြုံရေးတံခါးပေါက်... ဒီဂဏန်းတွေရဲ့ နောက်မှာ ထိန်းချုပ်နေတဲ့သူ ရှိနေတာပဲ"

တစ်စုံတစ်ယောက်က ဂဏန်းများကို ထိန်းချုပ်ပြီး အောက်သို့ဆင်းကာ အစားအသောက် ရှာခိုင်းနေခြင်း ဖြစ်မည်ဟု လင်းယွမ် တွေးလိုက်မိသည်။

ဒါပေမယ့် အဲဒီလူက ဘယ်လို လုပ်တာလဲ...

သန္ဓေပြောင်း အစွမ်းလား...

လင်းယွမ် အမြန် နောက်သို့ လိုက်ပါသွားပြီး လုံခြုံရေး တံခါးပေါက် ဘေးပတ်လည်ရှိ ဆိုင်းဘုတ်များကို ကြည့်ရှုလိုက်သည်။

ရေလွှမ်းမိုးမှုဒဏ်ကြောင့် နံရံဆေးသား အများအပြား ကွာကျနေပြီ ဖြစ်သည်။

နံရံပေါ်တွင် "တိုက် (၈၈) ၊ တိုက်တွဲ (၃) " ဆိုသော စာလုံးများကို မှေးမှိန်စွာ မြင်တွေ့လိုက်ရသည်။

"ဒီနေရာက တိုက် (၈၈) ကိုရောက်နေပြီလား"

လင်းယွမ် အံ့သြသွားသည်။ တိုက် (၈၈) နှင့် တိုက် (၇၆) ကြားတွင် ပေ ၁၀၀၀ ထက် ပိုမဝေးဘဲ ကြားထဲတွင် တိုက် (၈၆) နှင့် တိုက် (၈၇) သာခြားသည်။

လင်းယွမ် ရေအောက်ထဲတွင် ဤမျှ ဝေးကွာသော ခရီးကို ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ဒီမြေအောက် ကားပါကင်က ရေမကြီးခင်တုန်းကလည်း တော်တော် ရှုပ်ထွေးတာ... အခု လမ်းညွှန်ဆိုင်းဘုတ်တွေ မရှိတော့ ပိုပြီး ရှုပ်ထွေးသွားပြီ"

လင်းယွမ် စိတ်ထဲမှ ရေရွတ်လိုက်ပြီး အချိန်မဆွဲရဲတော့ဘဲ အပေါ်ထပ်သို့ လျင်မြန်စွာ ကူးခတ် တက်သွားလိုက်သည်။

ရေပေါ်သို့ ပြန်တက်လာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်း လေဖိအားများ ပြောင်းလဲလာပြီး ဆဲလ်များ၏ စိမ့်ဝင်ဖိအားသည်လည်း ပြင်ပဖိအားနှင့်အညီ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲလာသည်။

(၁၂) လွှာ ဝန်းကျင်သို့ ရောက်ရှိသောအခါ ဂဏန်းအများစုသည် ၁၂၀၅ အခန်းထဲသို့ ဝင်ရောက်သွားကြသည်။

ထိုအခန်းတွင် သံပန်းတပ်ဆင်ထားသော အခန်းတစ်ခန်း ရှိနေသည်။ ဂဏန်းများ အခန်းထဲသို့ ဝင်သွားပြီးနောက် ဧည့်ခန်းထဲမှ (၂) ပေခန့် အရွယ်အစားရှိသော ရေဘဝဲတစ်ကောင် ထွက်ပေါ်လာပြီး အခန်းတံခါးကို အတွင်းမှ လာရောက် ပိတ်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ရေဘဝဲက အစားအသောက် အားလုံးကို သိမ်းကျုံးယူငင်ပြီး ပိုက်ကွန်တစ်ခုထဲသို့ ထည့်ကာ အပြင်သို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ထိုရေဘဝဲ၏ လူသားဆန်သော အကြည့်များကို ကြည့်ခြင်းအားဖြင့် ဤရေဘဝဲကို လူတစ်ယောက်၏ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသည်မှာ သေချာကြောင်း လင်းယွမ် အာရုံခံမိလိုက်သည်။

သူသည် ရေဘဝဲ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားရာ ရေဘဝဲသည် ပိုက်ကွန်ကို ဆွဲလျက် အပေါ်သို့ လျင်မြန်စွာ တက်သွားသည်။

မကြာမီ (၁၄) လွှာ ဝန်းကျင်သို့ ရောက်ရှိလာသည်။

ဤနေရာသည် မြေမျက်နှာသွင်ပြင်အရ တိုက် (၇၆) ထက် အနည်းငယ် မြင့်သဖြင့် (၁၄) လွှာသည် ရေအပြည့်အဝ လွှမ်းမိုးခြင်း မရှိသေးပေ။

၁၄ လွှာရှိ အခန်းတစ်ခန်းသို့ ရေဘဝဲက ဝင်ရောက်သွားပြီး ပိုက်ကွန်ကို ချထားကာ ရေအောက်သို့ တိတ်တဆိတ် ပြန်လည် ငုပ်လျှိုးသွားလေသည်။

လင်းယွမ်သည် ဒီတစ်ခါ ရေဘဝဲနောက်သို့ လိုက်မသွားတော့ဘဲ (၁၄) လွှာရှိ ထိုအခန်းထဲတွင် ပုန်းအောင်းနေလိုက်သည်။

သူသည် အနီးဝန်းကျင်ကို အကဲခတ်ကြည့်ရာ လူအများစုသည် (၁၅) လွှာတွင် ငါးမျှားခြင်း၊ ငါးဖမ်းခြင်းများ ပြုလုပ်နေကြကြောင်း တွေ့ရသည်။

(၁၄) လွှာမှာ ရေတစ်ဝက်ခန့် မြုပ်နေသဖြင့် မည်သူမျှ ဆင်းမလာကြပေ။

ငါးမျှားနေသူ အများစုမှာ အမျိုးသားများ ဖြစ်ကြပြီး အမျိုးသမီး ဟူ၍ မရှိသလောက်ပင်။

တစ်ဦးနှင့် တစ်ဦး သတိထား ဆက်ဆံနေကြပြီး စကားပြောဆိုခြင်း မရှိကြပေ။

မူလကတည်းက အဖွဲ့လိုက် ရောက်ရှိလာသူများမှလွဲ၍ ကျန်လူများမှာ တစ်ကိုယ်တည်းသမားများသာ ဖြစ်ကြသည်။

"ကြည့်ရတာ ဒီ တိုက် (၈၈) မှာ အစွမ်းထက်တဲ့ လူတစ်ယောက်ယောက် ဦးစီးနေပြီး စည်းမျဉ်းစည်းကမ်း တစ်ခု ချမှတ်ပြီး လည်ပတ်နေပုံ ရတယ်"

"အဲဒီလူကပဲ ဂဏန်းတွေနဲ့ ရေဘဝဲကို ထိန်းချုပ်ထားတဲ့လူ ဖြစ်မလား"

"မဖြစ်နိုင်ဘူး... တကယ်လို့သာ အဲဒီလူက ဒီနေရာကို အုပ်ချုပ်တဲ့လူ ဆိုရင် ဂဏန်းတွေ ရေဘဝဲတွေ ခိုင်းပြီး ရေအောက်ထဲ ဒီလောက် ပင်ပန်းခံ အစားအသောက် ရှာခိုင်းနေစရာ မလိုဘူး"

လင်းယွမ် စိတ်ထဲ၌ သိချင်စိတ် ပြင်းပြလာသည်။ ထိုသူက ဘယ်သူများလဲ...

ဒီအဆောက်အဦးထဲမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နေတာလဲ...

မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် ရုတ်တရက် အပြင်ဘက်မှ "ပလုံ... ပလုံ" နှင့် ရေကို ဖြတ်သန်းလာသော အသံတစ်သံ ကြားလိုက်ရသည်။

လင်းယွမ်သည် ရေထဲတွင် ဝပ်တွားနေပြီး ကိုယ်ကို သေချာ ဖုံးကွယ်ထားကာ စိတ်စွမ်းအင်ကို ဖြန့်ကျက်၍ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

မကြာမီ အနက်ရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး အနက်ရောင် နှာခေါင်းစည်း တပ်ဆင်ထားသည့် သေးသွယ်သော လူရိပ်တစ်ခုသည် အခန်းထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။

မှောင်မည်းနေသော အခန်းထဲတွင် ထိုသူကလည်း အနက်ရောင် ဝတ်ဆင်ထားသဖြင့် ရေတိုးသံသာ မကြားရလျှင် ရှာဖွေတွေ့ရှိရန် လွယ်ကူမည် မဟုတ်ပေ။

လင်းယွမ် ရေထဲတွင် ပုန်းအောင်းနေသော်လည်း စိတ်စွမ်းအင်ဖြင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။

ထိုသူသည် ပွပွချောင်ချောင် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသော်လည်း ရင်ဘတ် အမို့အမောက်ကို ကြည့်ခြင်းအားဖြင့် မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။

ရုပ်ရည် ဘယ်လို ရှိမလဲ ဆိုတာကိုတော့ မသိရပေ။

ထိုမိန်းကလေးသည် အခန်းထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို သတိထား ကြည့်ရှုလိုက်သည်။ မည်သူမျှ မရှိကြောင်း သေချာမှ ထောင့်နားသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ရေထဲတွင် စမ်းသပ်ရှာဖွေလိုက်ပြီး ရေဘဝဲ ချထားခဲ့သော ပိုက်ကွန်ကို လျင်မြန်စွာ ဆွဲယူလိုက်သည်။

သူမ၏ စိတ်ထဲ၌ ဝမ်းသာသွားသည်။ "တွေ့ပြီ"

သူမ၏ အသံထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပါဝင်နေသည်ကို လင်းယွမ် ကြားလိုက်ရသည်။

"အသက် သိပ်မကြီးလောက်သေးဘူး"

လင်းယွမ် စိတ်ထဲ၌ သုံးသပ်မိလိုက်သည်။

ဤသို့သော အခြေအနေမျိုးတွင် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နိုင်သဖြင့် သူသည် ရုတ်တရက် ထွက်ပြီး နှုတ်ဆက်ခြင်း မပြုတော့ပေ။

အနက်ရောင် တီရှပ်ဝတ် မိန်းကလေး ပိုက်ကွန်ကို လွယ်ပိုးပြီး ပြန်ထွက်သွားသည်ကို ငေးကြည့်ရင်း လင်းယွမ်သည် ရေထဲမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ဤ (၈၈) တိုက်ကို ဆက်လက် စူးစမ်းရန် ပြင်ဆင်လိုက်စဉ်...

ရုတ်တရက် အပေါ်ထပ်မှ စူးစူးဝါးဝါး အော်ဟစ်ဆဲဆိုသံ တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အခြားလူများ၏ လှောင်ပြောင် ရယ်မောသံများပါ ကြားလိုက်ရသည်။

"သူ့ကို ဖမ်းထား... သူ့လွယ်အိတ်ထဲမှာ စားစရာတွေ ရှိတယ်"

"တောက်... ငါပြောသားပဲ... နင်က ငါးဖမ်းထွက်တာလည်း မတွေ့ရဘဲ ဘယ်လိုလုပ် စားစရာတွေ အမြဲ ရှိနေတာလဲလို့... ဒီမှာ လာဝှက်ထားတာကိုး"

"ဝမ်လင်းအာ... ထုတ်ပေးလိုက်စမ်းပါ... ငါတို့ကို လက်ပါရအောင် မလုပ်နဲ့လေ"

"လင်းအာလေး... အားလုံးက အိမ်နီးချင်းတွေပဲဟာကို... နင့်ရဲ့ အစ်ကိုကျောက်ကို အကြမ်းဖက်အောင် လာမလုပ်နဲ့လေကွာ"

လူအချို့၏ ညစ်ညမ်းစွာ ရယ်မောသံများ ထွက်ပေါ်လာသည်။ လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိ၏။ ဒီမိန်းကလေးက သတိမထားမိဘဲ သူများတွေရဲ့ စောင့်ကြည့်တာ ခံလိုက်ရပြီပဲ။

ဆက်ရန်...

အပိုင်း (၁၅၀) ဝမ်လင်းအာနှင့် ဝမ်ယွိအာ

ထိုစဉ် မိန်းကလေးတစ်ယောက်၏ ဒေါသတကြီး ဆဲဆိုသံကို ကြားလိုက်ရသည်။

"ကျောက်ကျွင်း... ကျွန်မအဖေက ရှင့်ကို ညီအစ်ကိုလို သဘောထားခဲ့တာတောင် ရှင်က စားစရာလေး နည်းနည်းအတွက်နဲ့ ကျွန်မအဖေကို ရောင်းစားပြီး သေတဲ့အထိ ဒုက္ခပေးရက်တယ်... ရှင့်မျက်နှာကိုက ကျွန်မအိမ်နီးချင်းလို့ ပြောရမှာတောင် ရှက်တယ်ဟယ်... ထွီ"

ကျောက်ကျွင်းအမည်ရှိ အမျိုးသားက အေးစက်စက် ပြုံးလိုက်ပြီး ပြောလေသည်။

"အပြစ်တင်ချင်ရင် နင့်အဖေ အဲ့လောက်တုံးတာကိုသာ အပြစ်တင်လိုက်... အစ်ကိုဟော်က စူပါအစွမ်းတွေ ရထားတာကို သူက ခေါင်းမာပြီး အစ်ကိုဟော်နဲ့ ဆန့်ကျင်ဘက် လုပ်ချင်နေတာလေ... တရားမျှတမှုဟုတ်လား... ဟားဟား... ရယ်တောင်ရတယ်... အခု ဘယ်ခေတ်ရောက်နေပြီလဲ... တရားမျှတမှုအကြောင်း လာပြောနေသေးတယ်... လက်သီးပြင်းတဲ့သူက တရားမျှတတာပဲကွ"

"ငါ နင့်ကို နောက်ဆုံး မေးမယ်... ပစ္စည်းထုတ်ပေးမှာလား မပေးဘူးလား"

"အိပ်မက်မနေနဲ့"

"ချကွာ"

ကျောက်ကျွင်းက အော်ဟစ်အမိန့်ပေးလိုက်ရာ ဘေးပတ်လည်ရှိ လူကောင်ထွားထွားကြီးများက ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ကြသည်။

ဝမ်လင်းအာက အလျင်အမြန် လှည့်ပြီး အောက်ထပ် ရေထဲသို့ ပြေးဆင်းသွားသည်။

သို့သော် ကံဆိုးစွာဖြင့် သူမက မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အပြင် လှုပ်ရှားမှုကလည်း လုံလောက်အောင် မသွက်လက်ခဲ့ပေ။

အမျိုးသားတစ်ယောက်က အပေါ်ထပ်မှနေ၍ ရုတ်တရက် ခုန်ဆင်းလာပြီး သူမကို လှမ်းဖမ်းကာ ရေထဲသို့ ဖိချလိုက်လေသည်။

ဝမ်လင်းအာသည် ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါများကို ထိန်းချုပ်နိုင်သော်လည်း သူမကိုယ်တိုင်ကမူ ရေမကူးတတ်ပေ။

ယခုလို ရေထဲသို့ ဖိချခံလိုက်ရချိန်တွင် ရေမွန်းပြီး ပြင်းထန်စွာ ချောင်းဆိုးလာရကာ မျက်လုံးများပင် မဖွင့်နိုင်တော့ချေ။

သို့သော် သူမသည် ပိုက်ကွန်အိတ်ထဲရှိ အစားအစာများကိုမူ အသေအချာ ဆုပ်ကိုင်ထားဆဲပင်။ ဤအစားအစာများကိုသာ ပြန်မယူသွားနိုင်ပါက ညီမလေးခမျာ လာမည့်ရက်များတွင် ငတ်ရတော့မည် ဖြစ်သည်။

"ဖယ်စမ်း... ဖယ်... အဟွတ် အဟွတ်"

သူမက အရူးတစ်ယောက်နှယ် ရုန်းကန်ရင်း သူမကို ဖိထားသည့် အမျိုးသားအား ဆွဲဖဲ့ကုတ်ခြစ်လေသည်။

ထိုအမျိုးသား၏ မျက်နှာပေါ်တွင် လက်သည်းရာအချို့ စုတ်ပြဲသွားသဖြင့် ဒေါသတကြီး အော်ဟစ်ကာ ပါးရိုက်လိုက်လေသည်။

ဖြောင်းခနဲ မြည်သံနှင့်အတူ ဝမ်လင်းအာ၏ မျက်နှာကို ရိုက်ချက်က ထိမှန်သွားသည်။

ဝမ်လင်းအာ၏ ဘေ့စ်ဘောဦးထုပ် လွင့်စဉ်ထွက်သွားပြီး နှာခေါင်းစည်းပါ ပြုတ်ကျသွားရာ... ချောမောလှပသည့် မျက်နှာလေး ပေါ်လာလေသည်။

နက်မှောင်သန်စွမ်းသော ဆံနွယ်ရှည်များက ဖရိုဖရဲ ကျဆင်းလာပြီး ရေစိုသွားကြသည်။

ထိုအမျိုးသားက သူမ၏ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။

"မိန်းမတွေ အခုလို လှနေတာ ယောကျ်ားတွေ ကစားဖို့ပဲ မဟုတ်ဘူးလား... အစ်ကိုဟော်သာ နင့်ကို သဘောမကျခဲ့ရင် အခုချိန်ထိ အသက်ရှင်နေရမယ် ထင်လို့လား"

ထိုအချိန်၌ ကျန်ရှိနေသည့် အမျိုးသားသုံးယောက် လျှောက်ဆင်းလာကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ ဆံပင်တိုတိုနှင့် ကြွက်သားအဖုအထစ်များ ထွက်နေသည့် အမျိုးသားဖြစ်သည်။

သူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ပြောလေသည်။

"တော်တော့... သူ့မျက်နှာကို အနာတရဖြစ်အောင် မလုပ်နဲ့... မဟုတ်ရင် အစ်ကိုဟော် စိတ်ဆိုးပြီး ငါတို့ပါ အဆစ်ပါသွားမယ်"

"ဟီး... အစ်ကိုကျွင်း စိတ်ချပါ... ကျွန်တော် နားလည်ပါတယ်"

ထိုအမျိုးသားက ရယ်ကျဲကျဲဖြင့် မတ်တပ်ရပ်လိုက်ပြီး လက်တစ်ဖက်က ဝမ်လင်းအာ၏ ဆံပင်ကို ဆွဲထားကာ ကျန်လက်တစ်ဖက်က သူမ၏ လက်မောင်းကို ဖိချုပ်ထားသည်။

ဝမ်လင်းအာက အော်ဟစ်ရုန်းကန်ရင်း ကျန်လက်တစ်ဖက်ဖြင့် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

သို့သော် နောက်ထပ်လူတစ်ယောက်က ချက်ချင်းပင် ဖမ်းချုပ်လိုက်လေသည်။

ကျောက်ကျွင်းက လျှောက်လာပြီး ဖောင်းနေသော ဝမ်လင်းအာ၏ ပါးပြင်ကို ဆွဲညှစ်ကာ တက်ခေါက်လိုက်သည်။

"လှလိုက်တာကွာ... အစ်ကိုဟော်သာ နင့်ကို မျက်စိမကျထားရင် ဦးလေးက နင့်ကို အရင်ဆုံး ချစ်ပေးလိုက်မိမှာ သေချာတယ်"

"တိရစ္ဆာန်ကောင်... ကျောက်ကျွင်း... ရှင်က တိရစ္ဆာန်ပဲ... ထွီ"

ဝမ်လင်းအာက ဆဲဆိုကြိမ်းမောင်းရင်း ကျောက်ကျွင်း၏ မျက်နှာကို တံတွေးဖြင့် လှမ်းထွေးလိုက်သည်။

တံတွေးက ကျောက်ကျွင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

ကျောက်ကျွင်းက စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ ပြုံးဖြီးဖြီးဖြင့်ပင် တံတွေးကို လက်ဖြင့် သပ်ချလိုက်ပြီး လျှာဖြင့် ပြန်လျက်လိုက်လေသည်။

သူ့မျက်လုံးများထဲတွင် ရမ္မက်ဆန္ဒများ ယှက်သန်းနေပြီး ပြောလိုက်သည်။

"အရသာရှိသားပဲ... အစ်ကိုဟော် ကစားလို့ ငြီးသွားတဲ့အချိန်ထိ နင် အသက်ရှိနေဦးမလား မသိဘူး... နင်သာ မသေဘဲ ကျန်နေခဲ့ရင် ဦးလေးက နင့်ကို ကောင်းကောင်း ပြုစုပေးမယ်"

ဝမ်လင်းအာ၏ မျက်ဝန်းနက်ရှိုင်းသော နေရာတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

အကယ်၍ ထိုအခြေအနေထိ ရောက်သွားမည်ဆိုပါက သေလိုက်ရသည်ကမှ ပိုကောင်းပေလိမ့်မည်။

"ခွေးကောင်... တိရစ္ဆာန်... ငါ့ကို လွှတ်... လွှတ်စမ်း"

သူမက အော်ဟစ်ရုန်းကန်ရင်း စိတ်စွမ်းအင်များကို မရပ်မနား ထုတ်လွှတ်ကာ သူမ၏ အိမ်မွေးတိရစ္ဆာန်လေး အမြန်ရောက်လာရန် စိတ်ထဲမှ ဆုတောင်းနေမိသည်။

သို့သော် ကျောက်ကျွင်းက အခွင့်အရေး မပေးချေ။ လက်ကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။

"ခေါ်သွား"

ပြောပြီးသည်နှင့် အမျိုးသားနှစ်ယောက်က ဝမ်လင်းအာကို ဆွဲမကာ ခေါ်ဆောင်သွားကြသည်။

ဝမ်လင်းအာက ရုန်းကန်နေသော်လည်း အရာမထင်တော့ပေ။

ထိုအချိန်၌ အခန်းထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ကြည့်ရတာ နောက်ထပ် လျှိုအားလုံ တစ်ယောက် ပေါ်လာပြန်ပြီနဲ့ တူတယ်"

"ဘယ်သူလဲ"

"ဘယ်ကောင်လဲဟ"

ကျောက်ကျွင်းနှင့် လူတစ်စုမှာ ချက်ချင်း လန့်ဖျပ်သွားကြပြီး အလောတကြီး လှည့်ကြည့်လိုက်ကြသည်။

လူတစ်ဝက်ကျော်ခန့် (၃-၄ ပေခန့်) နက်သည့် ရေလွှမ်းနေသော အခန်းထဲ၌ တစ်ကိုယ်လုံး ရေစိုရွှဲနေသည့် လူငယ်တစ်ယောက် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူငယ်၏ မျက်နှာထားက အေးစက်နေပြီး မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါရှိနေသည်။

ကျောက်ကျွင်းက စကားအများကြီး မပြောတော့ဘဲ ချက်ချင်း အော်ဟစ်လိုက်သည်။

"မိတ်ဆွေ... ဘယ်တိုက်ကလဲ... ငါတို့က အစ်ကိုဟော်ရဲ့ လူတွေနော်... မင်း ဝင်မပါရင် ကောင်းမယ်..."

သူ့စကား မဆုံးခင်မှာပင် လင်းယွမ်က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ဓားမြှောင်တစ်လက် လေထဲသို့ ပျံသန်းသွားသည်။

ကျောက်ကျွင်းက ဘေးနားရှိ အပေါင်းအပါတစ်ယောက်ကို အမြန်ဆွဲယူကာ သူ့ရှေ့တွင် ကာလိုက်ရင်း ဒေါသတကြီး အော်လိုက်သည်။

"ချစမ်း"

ကျန်လူများက တဝုန်းဝုန်း ရေများစဉ်အောင် ပြေးဝင်သွားကြသည်။

"ရွှပ်"

ဓားမြှောင်က လေထဲတွင် ကွေ့ဝိုက်သွားပြီး နောက်လိုက်တစ်ယောက်၏ လည်ပင်းကို ချက်ချင်း လှီးဖြတ်သွားလေသည်။

ထိုခဏချင်းမှာပင် သွေးများ ပန်းထွက်လာသည်။ သာမန်လူများကို သတ်ဖြတ်ရာတွင် စိတ်စွမ်းအင်ဖြင့် ဓားမြှောင်ကို ထိန်းချုပ်အသုံးပြုရသည်မှာ အလွန်ပင် လွယ်ကူလှသည်။

ကျောက်ကျွင်းက ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။

"မင်းကလည်း အစွမ်းပိုင်ရှင်ပဲကိုး"

သူ့စိတ်ထဲတွင် ဒေါသနှင့် ထိတ်လန့်မှုများ ရောထွေးသွားသည်။ ထိုအချိန်တွင် ဝမ်လင်းအာက ထွက်ပြေးရန် အခွင့်အရေးရသည်နှင့် အသည်းအသန် ရုန်းကန်လေတော့သည်။

ကျောက်ကျွင်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် လက်ဖြင့် ဝမ်လင်းအာ၏ လည်ပင်းကို "ဘုန်း" ခနဲ ရိုက်ချလိုက်လေသည်။

"အား" ဟု ဝမ်လင်းအာ စူးရှစွာ အော်ဟစ်လိုက်ပြီး မျက်လုံးများ ပြာဝေသွားကာ ရေထဲသို့ ထိုးကျသွားတော့သည်။

သူမ သတိမလစ်ခင်တွင် ဓားမြှောင်ကို ထိန်းချုပ်နေသော အမျိုးသားကို ဝေဝါးစွာ မြင်လိုက်ရသည်။ ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် ထွားကျိုင်းကာ မျက်နှာပေါက် အလွန်ကြည့်ကောင်းသူ တစ်ယောက်ဖြစ်သည်။

ကျောက်ကျွင်းက ဝမ်လင်းအာကို ရိုက်ပြီးသည်နှင့် ထိုအိမ်နီးချင်း ကောင်မလေးကို ဆွဲမကာ လင်းယွမ်နှင့် တိုက်ခိုက်ခြင်း မပြုတော့ဘဲ အလျင်အမြန် လှည့်ထွက်သွားလေသည်။

ဓားမြှောင်ကို ထိန်းချုပ်ပြီး လူသတ်နိုင်သူ တစ်ယောက်သည် သေချာပေါက် စိတ်စွမ်းအင်ဆိုင်ရာ အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်ရမည်ဟု သူကောင်းကောင်း သိထားသည်။

သူက ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်သာဖြစ်ပြီး ဤကဲ့သို့သော လူမျိုးနှင့် ယှဉ်ပြိုင်ရလျှင် အလွန် နစ်နာပေလိမ့်မည်။

ထို့ကြောင့် သူ စွန့်စားမခံလိုပေ။

သို့သော် ကံဆိုးသည်မှာ သူ မည်မျှပင် သတိကြီးပါစေ၊ လင်းယွမ်နှင့် တွေ့ဆုံနေရခြင်းပင်။

"ဝုန်း"

ရုတ်ခြည်းပင် လေထုထဲ၌ မျက်စိဖြင့်မမြင်နိုင်သော စိတ်စွမ်းအင်လှိုင်းများ ရိုက်ခတ်သွားလေသည်။

ခဏချင်းမှာပင် လူအားလုံး ဦးနှောက်ထဲ၌ ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရပြီး ကမ္ဘာမြေကြီး ဇောက်ထိုးမှောက်ခုံ ဖြစ်သွားသကဲ့သို့ မူးဝေအော့အန်ချင်လာကြသည်။

လင်းယွမ်နှင့် အနီးဆုံးရှိ လူသုံးယောက်မှာ နေရာတွင်ပင် ချက်ချင်း သတိလစ်သွားကြသည်။

သူတို့၏ စိတ်စွမ်းအင် အရည်အသွေးများက အလွန်နိမ့်ပါးလွန်းရာ လင်းယွမ်နှင့် ကွာခြားချက် ကြီးမားလွန်းလှသည်။

လင်းယွမ်၏ စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

လင်းယွမ်က ရေထဲသို့ လဲကျသွားသူများကို ဂရုမစိုက်ဘဲ လှေကားထစ်များပေါ်တွင် ယိုင်နဲ့နဲ့ ဖြစ်နေသော ကျောက်ကျွင်းဆီသို့ အမြန်ပြေးဝင်သွားသည်။

ကျောက်ကျွင်း မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ စိတ်စွမ်းအင် တိုက်ခိုက်မှုကြောင့် မျက်မှောင်ကြောများ ထိုးကိုက်နေပြီး တစ်ကိုယ်လုံး ခေါင်းလေးကိုယ်ပေါ့ ဖြစ်နေရသည်။

သို့သော် သူသည်လည်း အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်သည့်အလျောက် တိုက်ခိုက်နိုင်စွမ်း ချက်ချင်း ပျောက်ဆုံးမသွားခဲ့ပေ။

ခေါင်းကွဲမတတ် နာကျင်မှုကို အံကြိတ်ခံရင်း ဘေးနားရှိ ဝမ်လင်းအာကို လင်းယွမ်ဆီသို့ ပစ်ပေါက်လိုက်လေသည်။

လင်းယွမ် မျက်မှောင်ကြုတ်သွားပြီး ကိုယ်ကို အနည်းငယ် တိမ်းကာ ဝမ်လင်းအာကို လှမ်းဖမ်းလိုက်ရသည်။

ထိုအခွင့်အရေးကို အသုံးချပြီး ကျောက်ကျွင်းက ထရပ်ကာ အသည်းအသန် ထွက်ပြေးရင်း အော်ဟစ်လိုက်သည်။

"လာကြပါဦး... လာကြပါဦး... သူပုန်ထနေပြီဟေ့"

လင်းယွမ် မျက်နှာ ပျက်သွားပြီး အပေါ်ထပ်မှ ခြေသံများစွာ ကြားလိုက်ရသည်။

သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ ၁၄ ထပ် စင်္ကြံလမ်းမှတစ်ဆင့် အခြားတိုက်တွဲများဆီသို့ ကူးပြောင်းရန် ပြင်လိုက်သည်။

"သူတို့ ပြောစကားတွေအရ အဲ့ဒီ အစ်ကိုဟော်ဆိုတဲ့လူက အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်ပုံရတယ်... ဘာအစွမ်းလဲတော့ မသိရသေးဘူး... ပြီးတော့ ဒီနေရာက သူတို့ပိုင်နက်ဆိုတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်တော်ဘူး"

လင်းယွမ်သည် ဘယ်သောအခါမျှ အငိုက်မိခံမည့်သူ မဟုတ်ပေ။ ထို့ပြင် ယခုတစ်ကြိမ် ဝင်ပါရသည်မှာလည်း လူကယ်ချင်ရုံ သက်သက်သာ ဖြစ်သည်။

ဒီလူနည်းစုလောက်ကို ရှင်းပစ်ရန်မှာ လက်တစ်ချက်လှုပ်လိုက်ရုံလောက်သာ ရှိသော်လည်း မသိကျွမ်းသော သူစိမ်းတစ်ယောက်အတွက်နှင့် တိုက် ၈၈ တစ်ခုလုံးကို ရန်သူဖြစ်အောင် လုပ်လိုက်ရခြင်းက မတန်ချေ။

ထို့ကြောင့် လင်းယွမ်က ဝမ်လင်းအာ ဆိုသည့် အမျိုးသမီးကို ခေါ်ဆောင်ပြီး အခြားတိုက်တွဲများဆီသို့ အမြန်ပုန်းရှောင်လိုက်သည်။

တိုက်တွဲ (၄) ဘက်သို့ ရောက်သည်နှင့် လင်းယွမ်က သူမကိုပွေ့ချီကာ အပေါ်ထပ်သို့ အမြန်တက်သွားသည်။

တိုက်တွဲ (၃) ဘက်တွင် ဆူညံသံများကြောင့် လူအများ အာရုံရောက်နေသဖြင့် တိုက်တွဲ (၄) ဘက်တွင် လူရှင်းနေသည်။

လင်းယွမ်က လူမရှိသော အခန်းလွတ်တစ်ခန်းကို တွေ့သည်နှင့် ဝင်လိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။

အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ရာ အခန်းက စွန့်ပစ်ခံထားရပြီး ပရိဘောဂများ ပြောင်သလင်းခါနေကာ ကြမ်းခင်းများပင် အခွာခံထားရသည်ကို တွေ့လိုက်ရသည်။

သုံးလို့ရသည့် ပစ္စည်းမှန်သမျှ အကုန်သယ်ယူသွားကြပြီ ဖြစ်သည်။

ဝမ်လင်းအာကို ကြမ်းပြင်ပေါ် ချထားလိုက်ပြီးနောက် လင်းယွမ်က ပြတင်းပေါက်နားသို့ သွားကာ အပြင်ဘက်ကို ကြည့်လိုက်သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည်။ သူ အသေအချာ အကဲခတ်ကြည့်လိုက်ရာ အရှေ့ညာဘက်ရှိ ကပ်လျက်တိုက်မှာ တိုက် (၇၇) ဖြစ်ပြီး တုံယန်တို့ ရှိနေသော တိုက်ဖြစ်သည်။

လင်းယွမ်က မိမိရောက်ရှိနေသည့် နေရာကို အတည်ပြုလိုက်သည်။ ရှေ့ဘက်တွင် တိုက် (၈၇) ရှိပြီး တိုက် (၇၇) နှင့် ယှဉ်လျက်ရှိနေသည်။ ထပ်မံကြည့်လိုက်လျှင် တိုက် (၈၆) ရှိပြီး မိမိနေထိုင်ရာ တိုက် (၇၆) နှင့် မျက်နှာချင်းဆိုင် တည်ရှိသည်။

တိုက် (၈၆) ပတ်ဝန်းကျင် ရေပြင်တွင် ရေခူကောင်များစွာ မျောပါနေတတ်သည်ကို လင်းယွမ် မှတ်မိနေသည်။ အခု ရှိနေသေးလားတော့ မသိပေ။

ဟိုတုန်းက ကျန်းလန်ကျွမ်း မိသားစု တိုက် (၇၆) မှ မောင်းထုတ်ခံရစဉ်က တိုက် (၈၆) သို့ သွားရန် ရည်ရွယ်ခဲ့သော်လည်း လမ်းတွင် ရေခူအုပ်နှင့်တွေ့ပြီး သေဆုံးခဲ့ကြရသည်။

"မြေအောက် ကားပါကင်ကနေ သွားတာ ပိုပြီး စိတ်ချရမယ့်ပုံပဲ"

မြေအောက် ကားပါကင်က နေရာကျဉ်းသဖြင့် ဧရာမသတ္တဝါကြီးများ မရှိနိုင်သလို အကြီးစား သန္ဓေပြောင်း သတ္တဝါများကို ဆွဲဆောင်နိုင်သည့် အစားအစာများလည်း မရှိသဖြင့် လုံခြုံသည်ဟု ဆိုရမည်။

မြေအောက် ကားပါကင်ကို လမ်းကြောင်းအဖြစ် အသုံးပြုပြီး မိမိကလည်း ရေငုပ်နိုင်စွမ်းရှိသဖြင့် မိန်တုဥယျာဉ် အရှေ့ပိုင်းတစ်ခုလုံးသည် မိမိအတွက် အတားအဆီး မရှိတော့ပေ။

"မသွားခင် မိန်တုဥယျာဉ်က တိုက်တွဲတွေကို တစ်ခေါက်လောက် ဝင်မွှေသွားရမလား"

လင်းယွမ်၏ စိတ်ထဲတွင် ထိုအတွေးတစ်ခု ပေါ်လာသည်။

ချက်ချင်းပင် ခေါင်းပြန်ခါလိုက်မိသည်။ ထားလိုက်ပါတော့... အချိန်ဖြုန်းရာ ကျနေလိမ့်မည်။ အခြားတိုက်တွဲများတွင် အသက်ရှင်ကျန်ရစ်သူများ သို့မဟုတ် သန္ဓေပြောင်း သတ္တဝါများ ရှိနေနိုင်သည်။

လောလောဆယ် မိမိတွင် ဘာမှမလိုသဖြင့် ဒီကိစ္စပေါ် အချိန်ဖြုန်းစရာ မလိုပေ။

အရေးအကြီးဆုံးက ထိုက်ယန်တောင်ဘက်သို့ သွားရောက်ခြေချနိုင်ရန် နည်းလမ်းရှာဖို့သာ ဖြစ်သည်။

"လှေမရှိဘဲ သစ်ဖောင်ပဲ ရှိတာက ဆိုးတာပဲ... လူအများကြီးလည်း တင်လို့မရဘူး"

လင်းယွမ် သက်ပြင်းချလိုက်မိသည်။ အနာဂတ်တွင် လူသားအရင်းအမြစ်က အလွန်အရေးပါလာမည်မှာ သေချာသည်။

အထူးသဖြင့် ငါးဖမ်းပြီး အမှတ်စုဆောင်းရာတွင် ကူညီပေးမည့် လက်ထောက်များ လိုအပ်သည်။

အခုတော့ ကယ်နိုင်သလောက် ကယ်ရုံသာ ရှိသည်။ နောက်ပိုင်း ယန်တောင်ဘက် ရောက်သွားသည့်အခါ ထိုနေရာတွင် လူဦးရေ ရှိနှင့်ပြီးသားဆိုလျှင် ပြဿနာများစွာ ရှိလာနိုင်သည်။

"အာ..."

သူ စဉ်းစားခန်း ဖွင့်နေစဉ်မှာပင် အာမေဋိတ်သံတစ်ခု ကြားလိုက်ရသည်။

ဘိလပ်မြေ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ဝမ်လင်းအာက ရုတ်တရက် ထထိုင်လိုက်သည်။

သူမ၏ အဝတ်အစားများအားလုံး ရေစိုရွှဲနေပြီး အနက်ရောင် တီရှပ်က ကိုယ်လုံးပေါ် ကပ်နေကာ သူမ၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသည်။

လင်းယွမ် လှည့်ကြည့်လိုက်ပြီး "နိုးပြီလား"

"ရှင်... ရှင်က"

လင်းယွမ်ကို မြင်သည်နှင့် ဝမ်လင်းအာက ထိတ်လန့်သွားပြီး ရင်ဘတ်ကို လက်ဖြင့်ကာရင်း လင်းယွမ်ကို သတိထားကြည့်လိုက်သည်။

လင်းယွမ်က ဘာမှထွေထူး မပြောဘဲ "ငါ့နာမည်က လင်းယွမ်" ဟုသာ မိတ်ဆက်လိုက်သည်။

ဝမ်လင်းအာက သံသယဖြင့် မေးလိုက်သည်။ "ကျွန်မ ရှင့်ကို တစ်ခါမှ မမြင်ဖူးပါဘူး"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ငါက တိုက် (၈၈)က မဟုတ်ဘူးလေ"

"ရှင်..."

ဝမ်လင်းအာ ကြောင်သွားပြီး ချက်ချင်း ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်တာ... ဒါဆို ရှင်က အပြင်ကနေ လာတာပေါ့"

"အဲ့လိုပဲ ပြောရမှာပေါ့... အတိအကျ ပြောရရင် ငါက တိုက် (၇၆) ပိုင်ရှင်ပါ"

ဝမ်လင်းအာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်ဟူသော စာလုံးများ ရေးထိုးထားသကဲ့သို့ပင်။

လင်းယွမ်က ဆက်မရှင်းပြတော့ဘဲ "နင်က အစွမ်းပိုင်ရှင်လား" ဟု မေးလိုက်သည်။

ဝမ်လင်းအာက ပြန်မဖြေဘဲ "ရှင် ဘာလုပ်ချင်လို့လဲ" ဟု မေးခွန်းပြန်ထုတ်သည်။

လင်းယွမ်က "နင် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေကို ထိန်းချုပ်နိုင်တယ်မလား" ဟု မေးလိုက်သည်။

"ရှင်... ရှင် ဘာတွေပြောနေမှန်း ကျွန်မ မသိဘူး"

ဝမ်လင်းအာက ချက်ချင်း ငြင်းဆိုလိုက်ပြီး ဝန်မခံပေ။

သူမက သူမ၏ အစွမ်းကို ဖုံးကွယ်ထားနေခြင်း ဖြစ်သည်။

လင်းယွမ် ပြုံးလိုက်သည်။ ဤမိန်းကလေး၏ စွမ်းရည်ကို သူ အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ ဖြစ်သည်။

သန္ဓေပြောင်းလဲခြင်း လမ်းကြောင်းပေါ်တွင် တကယ်ကို အမျိုးအစားစုံလင်လှသော စူပါအစွမ်းများ ရှိနေပါလားဟု စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

ဤမိန်းကလေး အနေဖြင့် ယခုလို အစွမ်းမျိုး ရရှိထားမှတော့ ရေလွှမ်းမိုးနေသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် အသက်ရှင်နေထိုင်ရန် မခက်ခဲလောက်ပေ။

"ထားလိုက်ပါတော့... နင် မပြောချင်လည်း ငါ မမေးတော့ပါဘူး... နင်လည်း သတိပြီဆိုတော့ ငါ့ကိစ္စပြီးပြီ... သွားတော့မယ်"

လင်းယွမ်က စကားအများကြီး မပြောတော့ဘဲ လှည့်ထွက်သွားလိုက်သည်။

သူက တိုက် (၇၇) ဘက်သို့ သွားပြီး တုံယန် မောင်နှမနှစ်ယောက် လိုက်ပါမည့်သူစာရင်း ပြုစုပြီးပြီလားဆိုသည်ကို သွားကြည့်ရန် စိတ်ကူးလိုက်သည်။

ဝမ်လင်းအာက မျက်မှောင်ကြုတ်ရင်း လင်းယွမ်၏ ကျောပြင်ကို စိုက်ကြည့်နေသည်။

လင်းယွမ် အခန်းထဲမှ ထွက်သွားသည်အထိ သူမ လှမ်းမခေါ်ခဲ့ပေ။ ထွက်သွားမှသာ သူမ၏ မျက်နှာပေါ်တွင် သက်ပြင်းချနိုင်သည့် ပုံစံ ပေါ်လာသည်။

"အစ်ကိုဟော်ရဲ့ လူတွေ ဖြစ်ချင်ဖြစ်နေမှာ... ငါ့ကို တမင်တကာ နီးကပ်အောင် ကြိုးစားတာ နေမယ်... အလိမ်ခံလို့ မဖြစ်ဘူး"

ဝမ်လင်းအာ စိတ်ထဲတွင် သတိထားလိုက်သည်။ ခဏကြာသည်အထိ လင်းယွမ် ပြန်ရောက်မလာသဖြင့် စိတ်ထဲတွင် သံသယ ဝင်လာသည်။

ထို့နောက် တံခါးဝသို့ တိတ်တဆိတ် သွားကြည့်ရာ အပြင်ဘက်မှ လူသံများ ကြားလိုက်ရသည်။ ကျောက်ကျွင်းက နေရာအနှံ့ သူမကို လိုက်ရှာနေပုံရသည်။

ဝမ်လင်းအာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ "ဒါဆို ဟိုလူက တကယ်ပဲ သူတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား"

သူမ စဉ်းစားလိုက်ပြီး ဒီအတိုင်း ထွက်မသွားရဲပေ။ အခန်းထဲတွင် အဝတ်အစား နှစ်ထည်ခန့် ရှာဖွေပြီး မျက်နှာကို မိတ်ကပ်များဖြင့် ရှုပ်ပွအောင် လိမ်းခြယ်ကာ ဆံပင်များကို ဦးထုပ်ထဲ ထည့်လိုက်သည်။ ပြီးမှ ဂရုတစိုက်ဖြင့် အပြင်ထွက်ခဲ့သည်။

တိုက်တွဲ (၄) ကို ရှောင်ကွင်းပြီး တိုက်တွဲ (၅) ရှိ ၁၆ ထပ် ဝန်းကျင်ရှိ အခန်းတစ်ခန်းသို့ ပြေးသွားလိုက်သည်။

ဒါက သူမ၏ အခန်းမဟုတ်ပေ။ သူမ၏ အခန်းကို ကျောက်ကျွင်းက စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။

"ဒေါက်... ဒေါက်... ဒေါက်"

"ညီမလေး... အမပါ"

"အမ ပြန်လာပြီ"

အခန်းထဲမှ ဝမ်းသာအားရ အသံထွက်ပေါ်လာပြီး လူတစ်ယောက် ပြေးလာကာ တံခါးအမြန် ဖွင့်ပေးလိုက်သည်။

ဝမ်လင်းအာ အခန်းထဲသို့ ဝင်လိုက်ပြီး တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်သည်။

အခန်းထဲရှိ ကောင်မလေးမှာ ၁၆ နှစ် ဝန်းကျင်ခန့်ရှိပြီး မျက်နှာပေါက်မှာ ကလေးဆန်နေသေးသည်။

"အမရယ်... ပြန်လာတာ ကြာလိုက်တာ... ညီမလေး ကြောက်နေတာ"

ဝမ်ယွိအာက မျက်ရည်ဝဲရင်း ဝမ်လင်းအာကို ဖက်ကာ ဝမ်းနည်းပက်လက် ပြောလေသည်။

ဝမ်လင်းအာက အမြန်နှစ်သိမ့်လိုက်သည်။ "မငိုနဲ့... မငိုနဲ့... အမ ပြန်ရောက်လာပြီပဲဟာ"

"အမ... ဒီတစ်ခါ ဘာလို့ အဲ့လောက်ကြာနေတာလဲ" ဟု ဝမ်ယွိအာက မေးလိုက်သည်။

ဝမ်လင်းအာက အပြင်ဘက် အခြေအနေကို အကျဉ်းချုံး ပြောပြလိုက်ရာ ဝမ်ယွိအာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

သူမက အလျင်အမြန် ပြောလိုက်သည်။ "အမရယ်... အမ အပြင်မထွက်ပါနဲ့တော့... ညီမလေးပဲ သွားပါရစေ... ညီမလေးက နံရံတွေကို ဖြတ်သွားနိုင်တယ်လေ... စားစရာ ရှာတွေ့ရင် တွေ့မှာပေါ့"

ဝမ်လင်းအာက တည်ကြည်လေးနက်စွာဖြင့် "မဖြစ်ဘူး... နင်သွားလို့ မဖြစ်ဘူး... တကယ်လို့ လူဆိုးတွေရှိတဲ့နေရာကို ဖြတ်မိသွားရင် ဘယ်လိုလုပ်မလဲ"

ဝမ်ယွိအာက နှုတ်ခမ်းဆူလိုက်ပြီး စကားမပြောရဲတော့ပေ။

အမဖြစ်သူ ဝမ်လင်းအာ တည်တည်တံ့တံ့ ဖြစ်လာလျှင် သူမ ကြောက်ရသည်။

"အမ... အမပြောတဲ့လူက တကယ် အစ်ကိုဟော်တို့ လူ မဟုတ်ဘူးလား"

ဝမ်ယွိအာက စကားလမ်းကြောင်း လွှဲပြီး အမဖြစ်သူကို ကယ်တင်လိုက်သည့် လူအကြောင်း မေးလိုက်သည်။

ဝမ်လင်းအာက ခေါင်းခါလိုက်ပြီး "မသိဘူး... အစကတော့ အမလည်း သူ့ကို သံသယဝင်မိတယ်... ဒါပေမဲ့ နောက်ကျတော့ သူက ဘာမှမပြောဘဲ တကယ်ကြီး ထွက်သွားတယ်ဆိုတော့ အစ်ကိုဟော်တို့ လူတော့ ဟုတ်ပုံမရပါဘူး"

"သူက အစွမ်းပိုင်ရှင်လား" ဟု ဝမ်ယွိအာက မေးပြန်သည်။

ဝမ်လင်းအာက စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြသည်။ "ဖြစ်လောက်တယ်... အမကို ကျောက်ကျွင်း လက်ထဲကနေ ကယ်ထုတ်လာနိုင်တယ်ဆိုတော့ သာမန်လူတော့ မဖြစ်နိုင်ဘူး"

"ကျောက်ကျွင်းက ဘာပဲပြောပြော ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်လေ... သာမန်လူဆိုရင် သူ့ပြိုင်ဘက် ဘယ်ဟုတ်မလဲ... ပြီးတော့ သူ့မှာ နောက်လိုက်တွေလည်း ရှိသေးတာကိုး"

ဝမ်ယွိအာက "သူသာ တကယ် အစွမ်းပိုင်ရှင်ဆိုရင် တို့တွေ သူ့ကို စည်းရုံးပြီး အစ်ကိုဟော်တို့ကို အတူတူ တိုက်ခိုက်လို့ ရမလား" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။

ဝမ်လင်းအာ မျက်မှောင်ကြုတ်လိုက်သည်။ "စောင့်ကြည့်ရဦးမယ်... သူ ဒီတိုက်ထဲမှာ ရှိနေသရွေ့တော့ မကြာခင် ပြန်တွေ့ရမှာပါ"

ဝမ်ယွိအာ ခေါင်းညိတ်လိုက်ပြီး လက်လျော့လိုက်ရသည်။

ဝမ်လင်းအာ စိတ်ထဲတွင်မူ လင်းယွမ်၏ စကားကို သိပ်မယုံကြည်ပေ။ ထိုလူက တိုက် (၇၆) က ပိုင်ရှင်ဟု ပြောခဲ့သော်လည်း အပြင်ဘက်တွင် ရေကြီးနေသည်ကို ထိုလူက ဘယ်လိုရောက်လာသနည်း။

ရေကြီးနေသည့် အပြင်ဘက်မှ ဖြတ်ကျော်ပြီး အသက်ရှင်လျက် လာနိုင်သည့်လူကို သူမ တစ်ခါမှ မမြင်ဖူးပေ။

ရေအောက်ရှိ သန္ဓေပြောင်း သတ္တဝါများ မည်မျှ ကြောက်စရာကောင်းကြောင်း သူမထက် ပိုသိသူ မရှိပေ။

သူမသည် ဝိညာဉ်ထိန်းချုပ်နိုင်စွမ်း ရှိပြီး ကဏန်းများ၊ ရေဘဝဲများကို ထိန်းချုပ်နိုင်သည့်တိုင် ထိုအကောင်များကို ရေအောက် ကုန်တိုက်တန်းများဆီသို့ စားစရာသွားရှာခိုင်းရန် မရဲပေ။

ပထမအချက်မှာ သူမ၏ စိတ်စွမ်းအင်က မလုံလောက်သေးသဖြင့် ထိုမျှဝေးကွာသော ခရီးအကွာအဝေးအထိ ထိန်းချုပ်၍ မရနိုင်ခြင်းဖြစ်သည်။

ဒုတိယအချက်မှာ မြေအောက် ကားပါကင်မှ ထွက်သည်နှင့် အပြင်ဘက်တွင် သန္ဓေပြောင်း သတ္တဝါများက အလွန်ပေါများလှရာ အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည်နှင့် သူမ ထိန်းချုပ်ထားသော ရေသတ္တဝါများ အစားခံလိုက်ရနိုင်သည်။

ထိုသန္ဓေပြောင်း သတ္တဝါများ မတော်တဆ သေဆုံးသွားခဲ့လျှင် သူမ၏ စိတ်စွမ်းအင် အစိတ်အပိုင်းကို အချိန်မီ ပြန်မရုပ်သိမ်းနိုင်ပါက အန္တရာယ်ကြီးမားနိုင်သည်။

......

လင်းယွမ်သည် အခန်းထဲမှ ထွက်လာပြီးနောက် ချက်ချင်း ပြန်မသွားသေးဘဲ အပေါ်ထပ်သို့ တိတ်တဆိတ် တက်သွားလိုက်သည်။

ဒီနေရာကို ထိန်းချုပ်ထားသည့် အစ်ကိုဟော်ဆိုသူကို သူ စိတ်ဝင်စားမိသည်။ ထိုလူတွင် မည်သည့်စွမ်းရည်များ ရှိသဖြင့် တိုက်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ရသနည်း။

စိတ်စွမ်းအင် အစွမ်းပိုင်ရှင်လား... သို့မဟုတ် အခြားအမျိုးအစား အစွမ်းပိုင်ရှင်လား...

လင်းယွမ် အပေါ်ထပ်သို့ တက်လာရင်း သူ၏ ဝတ်စားဆင်ယင်မှုကိုလည်း ပြောင်းလဲလိုက်သည်။

ရေစိုနေသော တီရှပ်ကို လဲလှယ်လိုက်ပြီး ခေါင်းပေါ်တွင် ဦးထုပ်တစ်လုံး ဆောင်းလိုက်သည်။

လက်ထဲတွင် ရေပုံးတစ်ပုံး ဆွဲထားသဖြင့် ဘယ်သူပဲမြင်မြင် အောက်ထပ်မှ ငါးမျှားပြီး ပြန်လာသည့် တိုက်ခန်းပိုင်ရှင်ဟုသာ ထင်ကြပေလိမ့်မည်။

အပေါ်ထပ်သို့ တက်လာရင်း လင်းယွမ်က တိုက်ခန်းပိုင်ရှင်များ၏ နေထိုင်မှု အခြေအနေကိုပါ အကဲခတ်ကြည့်ရှုလာသည်။

စင်္ကြံလမ်းများတွင် တဲထိုးပြီး နေထိုင်သူ မနည်းလှသည်ကို တွေ့ရသည်။

လှေကားထောင့်များတွင်လည်း လူများ ကျပ်သိပ်ပြီး နေထိုင်နေကြသည်။

အခြေခံအားဖြင့် မိန်းမပျိုလေးများကို မတွေ့ရဘဲ သက်ကြီးရွယ်အို အချို့ကိုသာ တွေ့ရသည်။

အခန်းများထဲတွင် နေထိုင်သူများမှာမူ ခွန်အားသန်မာသည့် လူငယ်အမျိုးသားများ ဖြစ်ကြသည်။

ပျောက်ဆုံးနေသော အမျိုးသမီးများမှာမူ အခန်းများထဲတွင် နေထိုင်ကြရသည်။

အချို့အခန်းများတွင် အမျိုးသားတစ်ယောက်က အမျိုးသမီး လေးငါးယောက်လောက်ကို မွေးမြူထားသည်။

ဤတိုက်ထဲတွင် ခွန်အားသာလျှင် ပဓာန ဟူသော သဘောတရားများ လွှမ်းမိုးနေပုံရသည်။

ခွန်အားရှိသူဆိုလျှင် အမျိုးသမီးများကို စိတ်ကြိုက် ရွေးချယ်နိုင်ပုံရသည်။

"အင်အားကြီးလာတဲ့ လျှိုအားလုံ တစ်ယောက်ပေါ့လေ"

လင်းယွမ် စိတ်ထဲတွင် တွေးလိုက်မိသည်။ ဒီ အစ်ကိုဟော်ဆိုသူသည်လည်း လျှိုအားလုံ ကဲ့သို့သော လူစားမျိုးသာ ဖြစ်ပေလိမ့်မည်။

ကွာခြားသည်မှာ လျှိုအားလုံကို သူ သတ်ပစ်လိုက်ပြီး ဖြစ်သည်။

ဒီ အစ်ကိုဟော်ကတော့ တိုက် (၈၈) တစ်ခုလုံးကို အုပ်စိုးထားနိုင်ခဲ့သည်။

အထပ် ၃၀ သို့ ရောက်သောအခါ စင်္ကြံလမ်းများတွင် နေထိုင်သူ မရှိတော့ပေ။

နေထိုင်သူ မရှိရုံသာမက လှေကားလမ်းတစ်ခုလုံးလည်း သန့်ရှင်းနေသည်။

လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။ အထပ် ၃၀ နှင့် အထက်ကို သန့်ရှင်းရေး လုပ်ပေးမည့်သူ သီးသန့်ထားရှိပုံရသည်။

"ဟေ့ကောင်... မင်း ဘာလုပ်တာလဲ"

ရုတ်တရက် လှေကားထစ်များဆီမှ လူရိပ်တစ်ခုက လင်းယွမ်ကို လှမ်းအော်လိုက်သည်။

လင်းယွမ် ခြေလှမ်းတန့်သွားပြီး မျက်လုံးအနည်းငယ် မှေးစင်းကာ ရပ်တန့်လိုက်ပြီး ထိုလူကို လှမ်းကြည့်လိုက်သည်။

အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ် တောင့်တင်းကာ မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိသည်။

သူက ခါးပတ်ကို ပတ်ရင်း လင်းယွမ်ဘက်သို့ လျှောက်လာသည်။

လင်းယွမ်က လှေကားထောင့်ကို လှမ်းကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက် လှေကားထစ်တွင် မှီရပ်နေသည်ကို တွေ့လိုက်ရသည်။ ခြေဗလာနှင့်ဖြစ်ပြီး ကြမ်းပြင်ပေါ်ကျနေသော ဘီစကွတ်မုန့် အပိုင်းအစများကို ကောက်ယူနေသည်။

ထိုအမျိုးသမီး၏ အတွင်းခံဘောင်းဘီမှာ ခြေထောက်နားတွင် ချိတ်နေဆဲဖြစ်ပြီး ပြန်ပင်မဝတ်နိုင်အားဘဲ ကြမ်းပြင်ပေါ်က အစားအစာများကို အလုအယက် ကောက်ယူနေခြင်း ဖြစ်သည်။

ဒီနှစ်ယောက် ဘာလုပ်ခဲ့ကြသလဲ ဆိုသည်ကို တွေးကြည့်စရာပင် မလိုပေ။

လင်းယွမ်က ထိုလူငယ်ကို ကြည့်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

ထိုလူငယ်က အံ့သြသွားသည့် မျက်နှာထားဖြင့် လင်းယွမ်ကို အပေါ်အောက် သေချာကြည့်ပြီး ပြောလေသည်။

"မင်းက ဘယ်ကကောင်လဲကွ... အပြင်မထွက်တာ ဘယ်လောက်ကြာပြီလဲ... ၃၀ ထပ်ကနေ အပေါ်ဘက်တွေက အစ်ကိုဟော် ပိုင်တဲ့နေရာဆိုတာ မသိဘူးလား"

"အစ်ကိုဟော် ခွင့်မပြုဘဲ ဘယ်သူမှ အပေါ်တက်ခွင့်မရှိဘူး... မင်း စည်းကမ်း နားမလည်ဘူးလား"

လင်းယွမ် ကြောင်သွားသည်။ ဒီ အစ်ကိုဟော်ဆိုသူက စည်းကမ်းတွေ အဲ့လောက်တောင် ကြီးသလား။

ဒေသခံ ဘုရင်တစ်ပါးလို ကိုယ့်ဟာကိုယ် နန်းတော်ဆောက်ပြီး နေနေတာပေါ့လေ။

ဆက်ရန်...

All Chapters