အခန်း (၁၅၇-၁၅၈)
Vol. 8 Ch. 157-158
အပိုင်း (၁၅၇) ရွက်လွှင့်ရမည့်ခရီး
လျှိုဖိန်ဖိန်၏ စိတ်လှုပ်ရှားနေမှုက ဆုန့်ဝမ်အတွက်တော့ မထူးဆန်းပေ။
တကယ်တော့ သူမလည်း ဒီလျှို့ဝှက်ချက်ကို ကြားလိုက်ရချိန်မှာ လင်းယွမ်ဆိုတဲ့ "ရွှေခြေထောက်ကြီး" ကို လက်လွတ်မခံဘဲ ဖက်တွယ်ထားဖို့ ချက်ချင်း တွေးမိခဲ့တာပဲလေ။
ဒီလို လူပုံစံ ရွေ့လျားပစ္စည်းသိုလှောင်ရုံကြီး... ထာဝရ ရေခဲသေတ္တာကြီး ရှိနေခြင်းက ဒီလို ရေဘေးကပ်ဘေးကာလမှာ အကြီးမားဆုံး အားကိုးရာ မဟုတ်ပါလား။
"ဖိန်ဖိန်... ဒီကိစ္စကို နင် အပြင်မှာ လျှောက်မပြောနဲ့နော်... ဘယ်သူ့ကိုမှ ပေးမသိနဲ့... ဒါက လင်းယွမ်ရဲ့ လျှို့ဝှက်ချက်... သိလား" ဆုန့်ဝမ်က သတိပေးလိုက်သည်။
လျှိုဖိန်ဖိန်က သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး "စိတ်ချပါ... ငါက အဲ့လောက် မအပါဘူး... ဟိုလေ... အစ်ကိုခိုင်ကိုတော့ ပြောပြလို့ ရမလားဟင်"
ဆုန့်ဝမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။ "အချစ်ရူးမလေး... ဘယ်သူ့ကိုမှ ပြောလို့ မရဘူးလို့ ငါပြောနေတယ်လေ"
"ဒါပေမယ့်" လျှိုဖိန်ဖိန်က တွေးရခက်နေပုံရသည်။
ဆုန့်ဝမ်က ဆက်ပြောလိုက်သည်။ "ကျောက်ခိုင်နဲ့ လင်းယွမ်က ဆက်ဆံရေး အရမ်းကောင်းတာ... သူ သိချင် သိနေမှာ... လင်းယွမ်က သူ့ကိုလည်း အပြင်လူတွေကို မပြောဖို့ မှာထားလောက်တယ်"
"နင်သာ ဒီလျှို့ဝှက်ချက်ကို ပေါက်ကြားသွားအောင် လုပ်မိရင် ကျောက်ခိုင်က နောင့်ကျ နင့်ကို ဘယ်လိုမြင်မလဲဆိုတာ တွေးကြည့်ပါဦး"
ဒီစကားတွေက လျှိုဖိန်ဖိန်ကို ချက်ချင်း သဘောပေါက်သွားစေခဲ့ပြီး ခေါင်းကို ဆက်တိုက် ငြိမ့်ပြရှာသည်။ "ဟုတ်တယ် ဟုတ်တယ်... အမဝမ် ပြောတာ မှန်တယ်... ငါ မပြောဘူး... ဘယ်သူ့ကိုမှ မပြောတော့ဘူး"
ဆုန့်ဝမ် ခေါင်းငြိမ့်လိုက်ပြီး ပြုံးလိုက်သည်။
ထိုအချိန်တွင် လျှိုဖိန်ဖိန်က နှမ်းမုန့်ကို ကောက်ကိုင်လိုက်ပြီး "ဒါနဲ့... အမမေ ပေးလိုက်တဲ့ နှမ်းမုန့်လေ... ငါ မစားရက်လို့ နင်နဲ့ အတူစားရအောင် သေချာ သယ်လာတာ... ရော့... မြည်းကြည့်"
"အမမေ" ဆိုသည့် အမည်ကို ကြားလိုက်ရချိန်တွင် ဆုန့်ဝမ်၏ မျက်ခုံးများ ပင့်တက်သွားပြီး အပြုံးများ ဖျော့တော့သွားသည်။ "စားလို့ ကောင်းလို့လား"
"သေချာပေါက် ကောင်းတာပေါ့... နင် နှမ်းမုန့် မစားရတာ ဘယ်လောက်ကြာပြီလဲ... လာပါ... မြည်းကြည့်စမ်းပါ"
ပြောပြောဆိုဆိုနှင့် လျှိုဖိန်ဖိန်က ငြင်းခွင့်ပင် မပေးဘဲ နှမ်းမုန့်တစ်ဖဲ့ကို ဆုန့်ဝမ်၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ချက်ချင်းပင် မွှေးကြိုင်လှသော နှမ်းနံ့က ဆုန့်ဝမ်၏ လျှာပေါ်တွင် ပေါက်ကွဲထွက်လာတော့သည်။
သူမ၏ သွားများက အလိုအလျောက် ဝါးမိသွားပြီး သွားရည်များ စီးကျလာကာ ချိုမြိန်သော နှမ်းအရသာက ခံတွင်းတစ်ခုလုံး ပျံ့နှံ့သွားလေ၏။
သူမ၏ ကိုယ်ရော စိတ်ပါ ကြည်နူးသွားသလို ခံစားလိုက်ရသည်။
"ဘယ်လိုလဲ... စားကောင်းတယ် မဟုတ်လား... အရမ်း ကောင်းတယ်မလား"
"ငါ နင့်ကို ပြောပြမယ်... အမမေက လူကော စိတ်ပါ လှတာနော်... ရုပ်ချောပြီး ကိုယ်လုံးကိုယ်ပေါက် လှရုံတင် မဟုတ်ဘူး... ချက်ပြုတ်တာလည်း အရမ်းကောင်းတာ... ဒီနှမ်းမုန့် လုပ်ထားတာများ တကယ် ရှယ်ပဲ"
ဆုန့်ဝမ်က မျက်လုံးလှန်ကြည့်လိုက်ပြီး "ဟွန့်... ငါ့အမြင်တော့လည်း သာမန်ပါပဲ"
"ဟယ်... ဒီမိန်းမ... မုန့်ကျ စားပြီးတော့ ကျေးဇူးကန်းတာလား" လျှိုဖိန်ဖိန်က အော်ဟစ်လိုက်သည်။
ထို့နောက် မိန်းကလေးနှစ်ယောက်သား ရယ်မောကာ ရိုက်နှက် ကျီစယ်နေကြတော့သည်။
...
လင်းယွမ် အိမ်ပြန်ရောက်သည့်အခါ အခန်းထဲတွင် ထုပ်ပိုးထားသော အထုပ်အပိုးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ရန်မေလည်း ပစ္စည်းများ သိမ်းဆည်းပြီးနေပြီ ဖြစ်သည်။ လင်းယွမ်ကို မြင်သည်နှင့် သူမက လှမ်းပြောလိုက်၏။ "မောင်လေး... ဒီအထုပ်တွေက ဖိန်ဖိန် လာပို့ထားတာ... နင်က သူ့ကို ဒီမှာ လာထားခိုင်းတယ် ဆိုလို့လေ"
"နောက်ပြီး တချို့အထုပ်တွေက ကျောက်ခိုင်နဲ့ တင်းယန်တို့ဆီက... အမ သူတို့ကို ဒီမှာပဲ လာထားခိုင်းလိုက်တယ်"
လင်းယွမ်က ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်တော့်ကို ပေးလိုက်ပါ... အိမ်က ပစ္စည်းတွေအကုန် ကျွန်တော် တစ်ခါတည်း သယ်သွားလိုက်မယ်"
ပြောရင်းဆိုရင်း သူက ပစ္စည်းအားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။
ကုတင်၊ ဗီရို၊ ဆိုဖာ စသည်ဖြင့် ဘာတစ်ခုမှ မကျန်အောင် အကုန် သိမ်းလိုက်ခြင်း ဖြစ်သည်။
ရန်မေက တစ်အိမ်လုံးကို လျှောက်ကြည့်လိုက်ပြီး ပြောင်ရှင်းနေသော အိမ်ကို ကြည့်ကာ မနေနိုင်ဘဲ ပြောရှာသည်။ "မောင်လေး... သေချာ ပြန်ကြည့်ပါဦး... ကျန်ခဲ့တာများ ရှိနေမလားလို့"
သူမက အခန်းတိုင်းကို လိုက်ကြည့်နေသည်။ အခန်းထဲတွင် စားပွဲ၊ ထိုင်ခုံကအစ လင်းယွမ်က သိမ်းသွားပြီ ဖြစ်သော်လည်း သူမကတော့ ခေါက်တုံ့ခေါက်ပြန် လျှောက်ကြည့်နေတုန်းပင်။
သူမ ဒီနေရာကို သံယောဇဉ် တွယ်နေမှန်း သိသာလှသည်။
မဟုတ်သေး... သူမ သံယောဇဉ် တွယ်နေသည်က လင်းယွမ်နှင့် သူမ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ဖူးသော ဤ 'အိမ်' လေးကို ဖြစ်သည်။
ရှေးရိုးဆန်သော အမျိုးသမီးတစ်ယောက်အနေဖြင့် သူမသည် 'အိမ်' ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အလွန် အလေးထားသည်။
လင်းယွမ်ထံ ဘဝကို ပုံအပ်လိုက်ပြီးကတည်းက သူမ၏ နှလုံးသားတစ်ခုလုံး သူ့အပေါ်တွင်သာ ရှိနေခဲ့ပြီ။
ထို့ကြောင့်လည်း ဒီလို ရေဘေးကပ်ဘေးကြီး ကြုံနေရသည့် ကြားကပင် လင်းယွမ်အတွက် ရင်သွေးလေးတစ်ယောက် လိုချင်ခဲ့ခြင်း ဖြစ်သည်။
သူမ ချက်ပြုတ်ခဲ့ဖူးသော မီးဖိုချောင်... ဧည့်ခန်းထဲက လင်းယွမ်ကို နှိပ်နယ်ပေးခဲ့ဖူးသော ဆိုဖာနေရာ... ချစ်ရည်လူးခဲ့ဖူးသော ရေချိုးခန်း...
သူမ၏ မျက်ဝန်းအိမ်များ နီရဲလာပြီး ခွဲခွာရခက်သော ခံစားချက်များက ရင်ထဲတွင် ပြည့်နှက်လာခဲ့သည်။
လင်းယွမ်က သူမ၏ ခံစားချက်ကို နားလည်သဖြင့် သူမအနောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
သူက လက်နှစ်ဖက်ကို ဆန့်တန်းကာ သူမ၏ သွယ်လျသော ခါးလေးကို ဖက်တွယ်လိုက်ပြီး သူမ၏ ပါးပြင်နားတွင် မေးတင်ကာ တိုးတိုးလေး ပြောလိုက်သည်။ "တခြားအရာတွေက အရေးမကြီးပါဘူး... ကျွန်တော့်အတွက်တော့ ဘယ်တော့မှ ချန်ထားခဲ့လို့ မဖြစ်တာက အမ တစ်ယောက်တည်းပါ"
နူးညံ့သိမ်မွေ့သော စကားတစ်ခွန်းက ရန်မေ၏ နှလုံးသားကို ထိမှန်သွားစေသည်။
သူမ၏ နီရဲနေသော မျက်ဝန်းအိမ်မှ မျက်ရည်များသည် ပုလဲလုံးများပမာ တလိမ့်လိမ့် ကျဆင်းလာတော့သည်။
သူမ ကိုယ်ကို လှည့်လိုက်ပြီး လင်းယွမ်ကို တင်းကျပ်စွာ ပြန်လည် ဖက်တွယ်ထားလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးကို သူ့ရင်ခွင်ထဲ အပ်ကာ တိုးရှိုက်၍ ငိုကြွေးတော့၏။
"ဟင့်... မောင်လေးရယ်... ဘာလို့များ ရေတွေ ကြီးလာရတာလဲ... ဘာလို့ အမတို့တွေ ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် ဆက်မနေရတာလဲဟင်... ဟင့်... ဟင့်"
"အမ... အမလေ... အိမ်ဆိုတဲ့ အရာကို ပြန်ရဖို့ မနည်း ကြိုးစားခဲ့ရတာ... အမကို ဒီလောက် ချစ်ပေးတဲ့ မောင်လေးကို တွေ့ဖို့ မနည်း ဆုတောင်းခဲ့ရတာ"
လင်းယွမ်က သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီး နှစ်သိမ့်လိုက်သည်။ "ကျွန်တော်တို့နှစ်ယောက် အတူရှိနေသရွေ့ ဘယ်နေရာရောက်ရောက် ကိစ္စမရှိပါဘူး... ဘယ်နေရာမဆို အိမ်ဖြစ်နိုင်တာပဲ မဟုတ်လား"
"ထိုက်ယန်တောင် ရောက်ရင် အမအတွက် အိမ်အသစ် ဆောက်ပေးမယ်... ၃ ထပ်၊ ၅ ထပ်လောက် မြင့်တဲ့ စံအိမ်မျိုးပေါ့... အဲဒီကျရင် သန္ဓေပြောင်း သတ္တဝါတွေကို စိတ်ပူစရာ မလိုသလို ရေကြီးမှာကိုလည်း ကြောက်စရာ မလိုတော့ဘူး"
"အဲဒီကျရင် အမက အိမ်မှာ ချက်ပြုတ်လိုက်... လူတွေနဲ့ စကားပြောလိုက်... စာဖတ်လိုက်နဲ့... အားတဲ့အချိန်ကျရင် ကလေးလေး တစ်ယောက်လောက် မွေးကြတာပေါ့"
လင်းယွမ် ပုံဖော်ပြလိုက်သော ဘဝပုံစံလေးကို စိတ်ဝင်စားသွားကာ ရန်မေ၏ ရှိုက်သံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"တ... တကယ်လား... အမတို့ တကယ်ပဲ အဲဒီလို နေ့ရက်မျိုး ရနိုင်ပါ့မလား"
သူမက လင်းယွမ်ကို မော့ကြည့်လိုက်သည်။ လှပသော မျက်နှာလေးပေါ်တွင် မျက်ရည်စီးကြောင်းများ ကျန်ရှိနေသေး၏။
လင်းယွမ်က ခေါင်းငုံ့၍ သူမကို နမ်းလိုက်ပြီး ပြတ်သားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"သေချာပေါက် ရစေရမယ်... ကျွန်တော် ကတိပေးတယ်"
ရန်မေ ပြုံးလိုက်သည်။ ထို့နောက် သူ့ရင်ခွင်ထဲသို့ ခေါင်းပြန်မှီလိုက်ပြီး သူ့ကိုယ်ငွေ့ကို ခံစားနေလိုက်သည်။
ခဏကြာတော့ သူမက တိုးတိုးလေး ပြောလာသည်။ "တင်းယန် ပြောတာ ကြားတယ်... လမ်းခရီးက အရမ်း အန္တရာယ်များတယ်တဲ့... ရေထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ရှိတယ်ဆို... အမတို့ သစ်ဖောင်လေးတွေနဲ့ အဆင်ပြေပါ့မလား"
"စိတ်မပူပါနဲ့... ဘာမှ မဖြစ်စေရဘူး... ကျွန်တော် ရှိတယ်လေ" လင်းယွမ်က သူမ စကားကို ဖြတ်ပြောပြီး နှစ်သိမ့်လိုက်သည်။
ရန်မေက ခေါင်းခါလိုက်သည်။ "အမ ပြောချင်တာက... တကယ်လို့များ... တကယ်လို့များ အမ တစ်ခုခု ဖြစ်သွားခဲ့ရင်... မောင်လေး... မောင်လေး အရမ်း ဝမ်းနည်းမနေနဲ့နော်... အဲဒါ အမရဲ့ ကံပဲ ဖြစ်မှာပါ... တကယ်လို့ မတော်တဆမှု ဖြစ်ခဲ့ရင် မောင်လေး အရမ်း ခံစားမနေနဲ့... တင်းယန်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ တစ်ခေါက်က သူနဲ့ စကားပြောဖူးတယ်... သူကလည်း ကံဆိုးရှာပါတယ်... ဒါပေမယ့် သူက မိန်းမကောင်း တစ်ယောက်ပါ... အမထက် ပိုသန်မာသလို အမထက်လည်း ပိုတော်တယ်"
"မောင်လေး... နင် အခြေကျသွားရင် သူ့ကို ပေါင်းဖက်လိုက်ပါ"
"နောက်ပြီး ဆုန့်ဝမ်... သူလည်း ချောပါတယ်... သူ့အကျင့်စရိုက်က တင်းယန်ထက် ပိုနူးညံ့တယ်... အိမ်ထောင့်တာဝန် ကျေပွန်မယ့် မိန်းမမျိုး"
"ဖြန်း ——"
ရန်မေ စကားမဆုံးခင်မှာပင် သူမ၏ တင်ပါးကို လင်းယွမ်က ရိုက်ချလိုက်လေသည်။
"အ..."
ရန်မေ လန့်အော်လိုက်ပြီး မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က မျက်လုံးပြူးပြလိုက်ပြီး "နောက်တစ်ခါ ပေါက်ကရတွေ ပြောရဲရင် ပြောကြည့်... အခုချက်ချင်း ဘယ်လို ဆုံးမမလဲဆိုတာ ကြည့်ထား... ကုတင် သိမ်းလိုက်လို့ ကျုပ် ဘာမှ မလုပ်တတ်ဘူး မထင်နဲ့နော်"
ရန်မေ၏ မျက်နှာလေး ချက်ချင်း ရဲသွားပြီး စောစောက ဒရာမာခင်းနေမှုများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
သူမက လင်းယွမ်၏ ရင်ဘတ်ကို ထုလိုက်ပြီး "မောင်လေးနော်... နေ့ခင်းကြောင်တောင် ဘာတွေ လျှောက်ပြောနေတာလဲ"
လင်းယွမ် ရယ်မောလိုက်ပြီး သူမ၏ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်သည်။ "ခဏနေ ခရီးထွက်ရတော့မှာ... နိမိတ်မရှိ နမာမရှိ စကားတွေ မပြောနဲ့"
"အဲ့လို နိမိတ်ဆိုး စကားတွေ လျှောက်မပြောနဲ့... ကြားရတာ ခေါင်းနပန်းကြီးတယ်"
ရန်မေလည်း ရယ်မောလိုက်ပြီး "တောင်းပန်ပါတယ်... အမက စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ"
"ကဲ... ဒါဆိုလည်း အပေါ်ထပ်ကို သွားကြည့်ရအောင်" လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူမ၏ လက်ကို ဆွဲကာ နှစ်ယောက်သား အိမ်မိုးထပ်သို့ တက်လာခဲ့ကြသည်။
အိမ်မိုးထပ်တွင် လူအများ ရွှေ့ပြောင်းမှုက ပြီးစီးလုနီးပါး ဖြစ်နေပြီ။
ဦးလေးမာ၊ ချိုင်ကြည်တို့က လင်းယွမ်ကို တွေ့သည်နှင့် လက်ရှိ အခြေအနေကို လာရောက် တင်ပြကြသည်။
သူတို့နှင့်အတူ လိုက်ပါမည့်သူ စုစုပေါင်း ၈၃ ဦး ရှိသည်။
ဒါက ရန်ဆန်းမင်ဘက်က သစ်ဖောင်ပေါ်မှ လူ ၂၀ ကျော်ကို မထည့်တွက်ထားခြင်း ဖြစ်သည်။
အကယ်၍ ထည့်တွက်မည်ဆိုပါက စုစုပေါင်း လူ ၁၀၀ ကျော် ရှိပေလိမ့်မည်။
သစ်ဖောင် ၃ စင်း ရှိရာ ပျမ်းမျှအားဖြင့် သစ်ဖောင် တစ်စင်းလျှင် လူ ၃၀ ကျော် စီးနင်းရမည် ဖြစ်သည်။
တော်သေးသည်မှာ ဦးလေးမာနှင့် ချိုင်ကြည်တို့က လူဦးရေကို ကြိုသိထားသဖြင့် သစ်ဖောင်များကို ပြန်လည် မွမ်းမံထားခြင်းပင်။
သစ်ဖောင် ၂ စင်းပေါ်ရှိ တဲများကို နှစ်ထပ် ဒီဇိုင်း ပြုလုပ်ထားသည်။
ဝန်ခံနိုင်မှု ပမာဏအတွင်း နေရာလွတ်များကို အကောင်းဆုံး အသုံးချထားသဖြင့် လူများ အလွန်အမင်း ကျပ်ညပ်မနေတော့ပေ။
ထို့အပြင် သစ်ဖောင် ဘေးပတ်လည်တွင်လည်း လက်ရန်းများ ပြုလုပ်ထားသည်။
မတော်တဆ အခြေအနေမျိုးတွင် လူများ ရေထဲ ပြုတ်မကျစေရန် ဖြစ်သည်။
သစ်ဖောင်ပေါ် လိုက်ပါမည့် သူတိုင်းလည်း ကိုယ်ပိုင် ပြင်ဆင်မှုများ ပြုလုပ်ထားကြပြီး အသက်ကယ်အင်္ကျီ ကဲ့သို့သော ပစ္စည်းများကို ဝတ်ဆင်ထားကြသည်။
အသက်ကယ်အင်္ကျီ မရှိသူများက ဖော့ပြားများကို ကိုယ်ပေါ်တွင် ချည်နှောင်ကာ ရေပေါ် ပေါလောပေါ်နိုင်စွမ်းကို မြှင့်တင်ထားကြသည်။
သစ်ဖောင်များတွင် ကြိုးများ၊ သစ်တိုင်များ ကဲ့သို့သော ကယ်ဆယ်ရေး ပစ္စည်းများလည်း အများအပြား ပါရှိသည်။
စဉ်းစားမိသမျှကို ဦးလေးမာတို့က အတတ်နိုင်ဆုံး စီစဉ်ထားခြင်း ဖြစ်သည်။
ယခု ခရီးစဉ်အတွက် အရာရာ အသင့်ပြင်ဆင်ပြီး ဖြစ်သည်ဟု ဆိုနိုင်သည်။
လင်းယွမ်က သူတို့၏ တင်ပြချက်ကို နားထောင်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ... ပြင်ဆင်သင့်တာတွေလည်း အကုန် ပြင်ဆင်ပြီးပြီဆိုတော့"
"သစ်ဖောင်တွေ ချကြမယ်"
"ကောင်းပါပြီ" ဦးလေးမာနှင့် ချိုင်ကြည်တို့ ပြိုင်တူ ဖြေကြားလိုက်ကြသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လာကြသည်။
"သစ်ဖောင် ရေချဖို့ ပြင်မယ်"
ဦးလေးမာက အော်ပြောလိုက်သည်နှင့် မလှမ်းမကမ်းတွင် သစ်ဖောင် ရေချရန် တာဝန်ယူထားသူများက ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
သူတို့သည် ၇၅ နှင့် ၇၆ တိုက်အကြားတွင် ရိုးရှင်းသော ကရိန်းသဖွယ် ကြိုးစနစ်ကို တပ်ဆင်ထားပြီး ဖြစ်သည်။
သစ်ဖောင်၏ ထောင့်လေးထောင့်ကို ကြိုးများဖြင့် ချည်နှောင်ကာ ဟိုဘက် ၇၇ တိုက်နှင့် ဒီဘက်မှ လူများ ပူးပေါင်း၍ ကြိုးများကို ဆွဲလိုက်ကြသည်။
၆ လွှာ ပေါ်ရှိ သစ်ဖောင်သည် တိုက်နှစ်လုံးကြားသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
အားလုံး ဝိုင်းဝန်း ညီညွတ်စွာဖြင့် သစ်ဖောင်ကို လှိုင်းထန်နေသော ရေပြင်ထက်သို့ ဖြည်းညှင်းစွာ ချလိုက်ကြသည်။
အမြန်နှုန်းကို ထိန်းညှိကာ ၁၀ မိနစ် မပြည့်ခင်မှာပင် သစ်ဖောင်သည် ရေထဲသို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။
'ဗွမ်း' ခနဲ ရေများ လွင့်စဉ်သွား၏။
သစ်ဖောင်သည် ရေထဲသို့ ငြင်သာစွာ ကျဆင်းသွားပြီး နည်းနည်း နစ်မြုပ်လုနီးပါး ဖြစ်သွားသော်လည်း အများ၏ မျှော်လင့်စောင့်စားနေသော မျက်လုံးများအောက်တွင် ရေမျက်နှာပြင်ပေါ်၌ ဘေးကင်းစွာ ပေါလောပေါ်လာခဲ့သည်။
ထိုအခါမှ ဦးလေးမာ သက်ပြင်းချလိုက်နိုင်တော့သည်။
ချိုင်ကြည်မှာမူ အပြုံးများ ဝေဆာနေပြီး လက်သီးကို ဆုပ်ကာ အော်ဟစ်လိုက်သည်။ "အောင်မြင်ပြီကွ"
ခေါင်မိုးထပ်ရှိ လူအများက ဝမ်းသာအားရ အော်ဟစ်ကြွေးကြော်လိုက်ကြသည်။
လင်းယွမ်လည်း ပြုံးလိုက်မိသည်။
ထို့နောက် တိုက်တွဲ ၁ ဘက်ရှိ သစ်ဖောင်ကိုလည်း ထပ်မံ ချလိုက်ရာ အောင်မြင်စွာ ရေထဲ ရောက်ရှိသွားသဖြင့် အားလုံး ထပ်မံ ပျော်ရွှင်သွားကြပြန်သည်။
နောက်ဆုံးတွင် ၇၅ တိုက်ဘက်ရှိ သစ်ဖောင်လည်း အောင်မြင်စွာ ရေထဲ ရောက်ရှိသွားခဲ့သည်။
အရာအားလုံး အဆင်သင့် ဖြစ်သည်နှင့် လင်းယွမ်၏ အမိန့်ပေးမှုအောက်တွင် ကင်းလှည့်အဖွဲ့များက လူအများကို အောက်ထပ်သို့ ဆင်းရန် စီစဉ်ပေးလိုက်ကြသည်။
ကျောက်ခိုင်က ရေမျက်နှာပြင်ကို ခဲလိုက်ပြီး သစ်ဖောင်ဆီသို့ သွားနိုင်မည့် ရေခဲလမ်းကြောင်းတစ်ခု ဖောက်လုပ်ပေးလိုက်သည်။
လင်းယွမ်က ကိုယ်တိုင်ကိုယ်ကျ သစ်ဖောင်နှစ်စင်းကို တွဲချည်လိုက်ပြီး ပိုမို ခိုင်ခံ့စေရန် ပြုလုပ်လိုက်သည်။
ချိုင်ကြည်က ဇနီးသည် ဝူချင်း နှင့် သမီးလေး ချိုင်ယောင် တို့၏ လက်ကို ဆွဲကာ စိတ်လှုပ်ရှားစွာဖြင့် သစ်ဖောင်ပေါ်သို့ တက်ရောက်လိုက်သည်။ ဇနီးနှင့် သမီးကို ကြည့်ကာ "ဒါ အဖေ ကိုယ်တိုင် လုပ်ထားတဲ့ သစ်ဖောင်လေ... မိန်းမ... သမီးလေး... လာ... တက်ကြည့်ရအောင်"
ဝူချင်းက ပြုံးရွှင်စွာဖြင့် "ရှင်ကတော့လေ... လုပ်လိုက်ရင် ပိုနေတာပဲ"
ချိုင်ယောင်ကလည်း အလိုက်တသိဖြင့် အားပေးလိုက်သည်။ "ဖေဖေက အရမ်း တော်တာပဲ"
ချိုင်ကြည်က ဟားတိုက် ရယ်မောလိုက်သည်။ အချိန်ကြာမြင့်စွာ သန္ဓေပြောင်း အစွမ်း မရရှိခဲ့ခြင်းက သူ့အတွက် စိတ်ဒဏ်ရာ တစ်ခု ဖြစ်နေခဲ့သည်။
သို့သော် ဦးလေးမာနှင့် ပူးပေါင်းပြီး ဤသစ်ဖောင်ကို တည်ဆောက်လိုက်နိုင်ခြင်းက သူ့ကို ယုံကြည်မှု ပြန်လည် ရရှိစေခဲ့သည်။
မာကောချိုင်က ဇနီးသည် အဒေါ်ကြီးလီကို တွဲကူပေးရင်း နှစ်ယောက်သား သစ်ဖောင်ပေါ် ရောက်ရှိနေပြီ ဖြစ်သည်။
"မိန်းမရေ... ကြည့်စမ်း... ငါ့အဘိုးကြီးက အသုံးဝင်သေးတယ် မဟုတ်လား" ဦးလေးမာက ပြုံး၍ ပြောလိုက်သည်။
အဒေါ်ကြီးလီကလည်း ပြုံးရွှင်စွာဖြင့် "အသုံးဝင်တာပေါ့... ရှင်က အသုံးအဝင်ဆုံးပဲ"
"လူတိုင်းက ရှင့်ကျေးဇူးကို မှတ်ထားကြပါတယ်... ရှင်ကလေ... ဒီရက်ပိုင်း အရမ်း ပင်ပန်းနေတာ... မနက်စာလည်း မစားရသေးဘူးမလား... ကြည့်စမ်း... ကျွန်မ ရှင့်အတွက် ဘာချန်ထားလဲလို့"
သူမက အိတ်ကပ်ထဲမှ ပစ္စည်းနှစ်ခုကို ထုတ်ယူပြီး ခင်ပွန်းသည် မာကောချိုင် လက်ထဲ ထည့်ပေးလိုက်သည်။
ဦးလေးမာ ကြည့်လိုက်တော့ အံ့သြဝမ်းသာ ဖြစ်သွားသည်။ "ကြက်ဥတွေ... မင်း... ဘယ်လိုလုပ် ကြက်ဥ ရလာတာလဲ"
ကပ်ဘေးကာလ ရောက်ကတည်းက ကြက်ဥဆိုသည်မှာ မြင်ရဖို့ မလွယ်ကူတော့ပေ။
အဒေါ်ကြီးလီက တိုးတိုးလေး ပြောလိုက်သည်။ "လင်းယွမ်က ခိုးပြီး ပေးထားတာ... သူက ပြောတယ်... တို့နှစ်ယောက်က အသက်ကြီးပြီမို့ ပရိုတင်းဓာတ် ဖြည့်ဖို့ အာဟာရ ကောင်းကောင်း စားရမယ်တဲ့... ကျွန်မ တခြားလူတွေကို မပြောပြထားဘူး... ရှင်က အရင်တုန်းက ရင်ဘတ်မှာ ဒဏ်ရာ ရဖူးထားတာဆိုတော့ ဒီကြက်ဥနှစ်လုံးလုံး ရှင်ပဲ စားလိုက်"
ဦးလေးမာ ရင်ထဲ လှိုက်ခနဲ ခံစားလိုက်ရပြီး တိုက်ပေါ်မှ လူများကို နေရာချပေးနေသော လင်းယွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "မောင်လင်းက လူကောင်းလေးပါ... သူ ရှိနေလို့သာ လူတိုင်း အားကိုးရာ ရှိနေကြတာ"
"ဟုတ်ပါ့ရှင်... ဒီကောင်လေးက အရင်တုန်းက ဒီလောက် ထူးချွန်မှန်း သတိမထားမိခဲ့ပါဘူး... ပါတီဝင်ဖို့တောင် ကောင်းတယ်"
ဦးလေးမာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
လူအုပ်ကြီးသည် သုံးစု နှစ်စု အုပ်စုဖွဲ့ကာ သစ်ဖောင်ပေါ်သို့ ပြောင်းရွှေ့နေကြသည်။
တုံယန်က မောင်ဖြစ်သူ တုံကျဲ ကို ဆွဲခေါ်လာရင်း လင်းယွမ် ရှိရာဘက်သို့ တစ်လှမ်းလျှောက် တစ်ချက်ကြည့် လုပ်နေသည်။
တုံကျဲက မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "မမရာ... လမ်းကို ကြည့်လျှောက်ပါဦး... ကိုကြီးလင်းယွမ်က ထွက်မပြေးပါဘူး"
တုံယန်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး တုံကျဲကို လှည့်၍ မျက်စောင်းထိုးလိုက်သည်။ "နင် ဘာတွေ လျှောက်ပြောနေတာလဲ... ဘယ်သူက အစ်ကိုလင်းယွမ်ကို ကြည့်နေလို့လဲ... ငါက ငါတို့တိုက်က အခန်းပိုင်ရှင်တွေကို ကြည့်နေတာပါ"
တုံကျဲက မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့အမကို ဆက်မပြောချင်တော့ပေ။
သို့သော် သူက သတိပေးစကား ပြောလိုက်သေးသည်။ "အမ... ကျွန်တော် ကြည့်ရတာ အစ်ကိုလင်းယွမ် ဘေးက အမကြီးက တော်တော် လှတယ်နော်... အမအတွက် ပြိုင်ဘက်က မသေးဘူး"
တုံယန်က တုံကျဲ၏ ခေါင်းကို ခေါက်လိုက်သည်။ "စကားများလိုက်တာ"
သူမ ပါးစပ်ကသာ ထိုသို့ ပြောလိုက်သော်လည်း မျက်လုံးများကမူ လင်းယွမ်ဘေးမှ ချောမောလှပသော အမျိုးသမီးကို မကြည့်ဘဲ မနေနိုင် ဖြစ်နေသည်။
သူမ၏ ခေါင်းထဲတွင် 'သူက ဘယ်သူလဲ' ဆိုသည့် မေးခွန်းများသာ ပြည့်နှက်နေတော့သည်။
လျန်မင်ရှုသည် ကျူးလင်လင်၊ ယွီရှောင်ယန်တို့ကို ခေါ်ပြီး တာအိုဆရာလင်း၏ အနောက်မှ ကပ်လိုက်လာသည်။
သူမ၏ အကြည့်များကလည်း လင်းယွမ်ဆီသို့ မကြာခဏ ရောက်နေပြီး အထူးသဖြင့် လင်းယွမ်ဘေးမှ ရန်မေကို ကြည့်နေမိသည်။
"အမမိန်ရူ... ဟိုမိန်းမက လင်းယွမ်ရဲ့ မိန်းမလား... ရင်သား ကြီးတာကလွဲရင် သိပ်လည်း ထူးခြားပုံ မရပါဘူး" ယွီရှောင်ယန်က တိုးတိုးလေး ပြောလိုက်သည်။
လျန်မင်ရှုက ဘာမှ ပြန်မပြောပေ။ ဘေးမှ ကျူးလင်လင်က နှာခေါင်းရှုံ့လိုက်ပြီး "ငါ့အမြင်တော့ အဲ့မိန်းမက အမမိန်ရူလောက်တောင် မလှပါဘူး... အမမိန်ရူ... ထိုက်ယန်တောင် ရောက်ရင် လင်းယွမ်နဲ့ ထိတွေ့ခွင့် ရမှာပါ... အဲ့ဒီကျရင် သူ အမလက်ခုပ်ထဲက ရေ ဖြစ်သွားလိမ့်မယ်"
လျန်မင်ရှုက သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မပြောကြနဲ့တော့... ဒါ စကားပြောရမယ့် နေရာ မဟုတ်ဘူး... နင်တို့ မှတ်ထား... ငါတို့ မိန်းမတွေရဲ့ အကြီးမားဆုံး အရင်းအနှီးက ငါတို့ ကိုယ်ခန္ဓာပဲ"
သူမက နောက်လှည့်ပြီး လင်းယွမ်ဘေးမှ ရန်မေကို နက်နက်နဲနဲ တစ်ချက် လှမ်းကြည့်လိုက်သည်။
အကြည့်များက ရန်မေ၏ ဖွံ့ထွားမှုများအပေါ် ရောက်ရှိသွားပြီးနောက် သူမ၏ ကိုယ်ပိုင် အရာများကို ငုံ့ကြည့်ကာ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။
သူမ၏ အရာများကလည်း ထိုမိန်းမထက် မသေးပေ။
"ဟမ့်... ရှင်က ဒီလိုမျိုး ကြိုက်တတ်တာကိုး"
လျန်မင်ရှုက စိတ်ထဲတွင် ကျိတ်ပြီး တွေးလိုက်မိသည်။ သူမတွင် အကြံအစည်တချို့ ရှိနေပုံရသည်။
...
"ဟွမ်ဟန်... သတိထားနော်"
ဝူယင်က ဟွမ်ဟန် အနောက်မှ လိုက်ပါလာပြီး အလျင်အမြန် သတိပေးလိုက်သည်။
ဟွမ်ဟန်၏ အကြည့်များက သူ့အပေါ်တွင် မရှိဘဲ ရေထဲသို့သာ စိုးရိမ်တကြီး ကြည့်နေသည်။
ရေထဲတွင် ရွှေဝါရောင် စပါးအုံးမြွေကြီးတစ်ကောင်က ရေမျက်နှာပြင်ပေါ် ခေါင်းထောင်ကာ ကူးခတ်နေသည်။
ဒါက သူမ မွေးထားသော ရွှေစပါးအုံးမြွေ ဖြစ်သည်။
ဟွမ်ဟန်က လှည့်မကြည့်ဘဲ သူ့ကို ဂရုမစိုက်သည်ကို မြင်တော့ ဝူယင် စိတ်ဓာတ်ကျသွားသည်။
ဝမ်အန်းက သမီးဖြစ်သူကို ခေါ်ပြီး အနောက်မှ လိုက်လာရာ ဒီမြင်ကွင်းကို မြင်တော့ မနေနိုင်ဘဲ ပြုံး၍ ခေါင်းခါမိသည်။
ဝူယင် ဆိုသည့် ဒီကင်းခေါင်းဆောင်က ဟွမ်ဟန်ကို စိတ်ဝင်စားနေမှန်း သူ သေချာပေါက် ရိပ်မိသည်။
သို့သော် ပန်းက ကြွေချင်ပေမယ့် ရေက မျောချင်မှ မျောမည် ဆိုသလို ဟွမ်ဟန်က အရပ်ပုပု ဝူယင်အပေါ် သိပ် စိတ်ဝင်စားပုံ မရပေ။
"ခေါင်းဆောင်ဝူ... အထုပ်တွေ လေးနေလား... ကျွန်တော် ကူသယ်ပေးရမလား" ဝမ်အန်းက ပြုံး၍ မေးလိုက်သည်။
ဝူယင်က ခေါင်းခါလိုက်ပြီး "ရပါတယ်... ဒီထဲမှာ ဟွမ်ဟန် ပစ္စည်းတွေလည်း ပါတယ်... ကျွန်တော်ပဲ သယ်လိုက်ပါ့မယ်"
ဝမ်အန်းက သက်ပြင်းချလိုက်ပြီး အကြံပေးလိုက်သည်။ "ခေါင်းဆောင်ဝူ... လိုက်မယ်ဆိုလည်း ပြောင်ပြောင်တင်းတင်းသာ လိုက်စမ်းပါဗျာ... ခင်ဗျား ဒီလိုပုံစံနဲ့ဆို အဆင်မပြေဘူးနော်"
ဝူယင်၏ မျက်နှာတွင် အားနာသော အရိပ်အယောင်များ ပေါ်လာပြီး "ကိုဝမ်... ခင်ဗျား အထင်လွဲနေပြီ... ကျွန်တော် အဲ့သဘော မဟုတ်ပါဘူး... ကျွန်တော်... ကျွန်တော်က"
သူ ဟွမ်ဟန်ကို တစ်ဖက်သတ် ကြိုက်နေသည်ကို ဝန်မခံရဲပေ။ အရပ်ပုသော သူသည် ငယ်စဉ်ကတည်းက အားငယ်စိတ် ရှိခဲ့သည်။
ကိုယ့်ခံစားချက်ကိုယ် ရင်ဆိုင်ဖို့တောင် သတ္တိမရှိပေ။
ဝမ်အန်းက သက်ပြင်းသာ ချလိုက်နိုင်တော့သည်။ "တကယ်တော့ မိန်းမဆိုတာ လိုက်မှ ရတာ မဟုတ်ဘူးဗျ... လင်းယွမ်ကို ကြည့်ပါလား... သူ့ဘေးမှာ အရမ်းလှတဲ့ မိန်းမတွေ ဝိုင်းဝိုင်းလည်နေတာ... သူ ဘယ်သူ့ကို လိုက်ဖူးလို့လဲ"
"ယောကျာ်းဆိုတာ အရည်အချင်း ရှိရတယ်... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရတယ်... ဒါဆို မိန်းမတွေရဲ့ အာရုံစိုက်မှုကို အလိုလို ရလာမှာပဲ"
ဝူယင် ကြောင်အသွားသည်။ ဝေးရာသို့ လျှောက်သွားသော ဟွမ်ဟန်ကို ငေးကြည့်ရင်း မျက်နှာငယ်လေး ဖြစ်သွားရှာသည်။
သူက သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ ဦးနှောက် နည်းနည်း ပြေးတာကြောင့် လင်းယွမ်ကို မှီခိုခွင့် ရခဲ့ခြင်း ဖြစ်သည်။
လက်တွေ့မှာတော့ သူက အစွမ်း မနိုးထသေးသလို ရုပ်ရည်ကလည်း သိပ်ချောမော ခန့်ညားတာ မဟုတ်ပေ။ ဘာကို အားကိုးပြီး မိန်းကလေးတွေကို ဆွဲဆောင်ရမှာလဲ။
ဟွမ်ဟန်က အရင်တုန်းက ချမ်းသာသော မိသားစုမှ ဖြစ်ကြောင်း သူကြားဖူးသည်။ ရွှေစပါးအုံးမြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးနိုင်သည့် အိမ်ဆိုတော့ သေချာပေါက် ချမ်းသာသည့် အိမ် ဖြစ်ရမည်။
ထို့ကြောင့် ဟွမ်ဟန်၏ ရှေ့တွင် သူက အမြဲတမ်း အားငယ်နေမိသည်။
အရင်တုန်းက တိုက်ထဲတွင် အားလုံး ကင်းလှည့်အဖွဲ့ တစ်ဖွဲ့တည်း ဖြစ်သဖြင့် နေ့စဉ် ထိတွေ့ဆက်ဆံရပြီး စကားပြောခွင့် ရခဲ့သည်။
အခု တိုက်ထဲကနေ ထွက်ခွာပြီး ထိုက်ယန်တောင်ကို သွားရတော့မည်။ နောက်ပိုင်း အဖွဲ့တစ်ဖွဲ့တည်း ကျမကျ၊ လင်းယွမ်က လူတွေကို ဘယ်လို နေရာချထားပေးမလဲ ဆိုတာ သူ ဘာမှ ရေရာမှု မရှိပေ။
လင်းယွမ်က သူ့ကို ကင်းခေါင်းဆောင် ဆက်ပေးမပေး ဆိုတာတောင် သူ မသိရသေး။
သူ ဟွမ်ဟန်ကို ဖွင့်ပြောဖို့ ပိုလို့တောင် သတ္တိမရှိတော့ပေ။
သူနှင့် သူမ၏ အကွာအဝေးသည် ယခု လက်ရှိ အခြေအနေလိုပင် တဖြည်းဖြည်း ပိုဝေးကွာသွားလိမ့်မည်ဟု သူ ခံစားနေရသည်။
...
"လီလီ... စောင့်ပါဦး"
ကျန်းဖန်က အထုပ်အပိုးများကို လွယ်ပိုးထားရင်း ဝမ်လီလီ အနောက်မှ ကပ်လိုက်လာသည်။
ဝမ်လီလီက သစ်ဖောင်ပေါ် တက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ရှင် မြန်မြန်လုပ်... နောက်ဆုံးတော့ ဒီကထွက်ရတော့မယ်... အခုကျွန်မရင်ထဲမှာ တဒိန်းဒိန်း ဖြစ်နေပြီ... စိတ်လှုပ်ရှားတာရော စိုးရိမ်တာရော စုံနေတာပဲ"
ကျန်းဖန်က ညည်းတွားလိုက်သည်။ "ဟူး... လမ်းမှာ ဘာတွေ ဖြစ်မလဲ မသိနိုင်ဘူး... တကယ်ဆို ငါတို့ တိုက်ထဲမှာပဲ ဆက်နေလိုက်ရင် ကောင်းသား... မိုးက အမြဲတမ်း ရွာနေမှာမှ မဟုတ်တာ... တကယ်လို့ ရေက ဒီထက် ပိုကြီးလာရင် ဘယ်သူကများ အသက်ရှင်နိုင်မှာလဲ"
ဝမ်လီလီက ချစ်သူ၏ စကားကို ကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းဖန်က အရာရာ ကောင်းမွန်သော်လည်း၊ ချက်ပြုတ်တတ်၊ ဝီရိယ ရှိသော်လည်း စွန့်စားရဲသည့် စိတ်ဓာတ် မရှိပေ။
ရေဘေးကပ်ဘေးကြီး ဖြစ်လာတာတောင် သူ့အကျင့်စရိုက်က သိပ်မပြောင်းလဲသေး။
ဝမ်လီလီက မနေနိုင်ဘဲ ပြောလိုက်သည်။ "ရှင် ဘယ်နှစ်ခါ ပြောမှ နားလည်မှာလဲ... ဒီမှာ ဆက်နေတာက ရေနွေးအိုးထဲက ဖားလိုပဲ တဖြည်းဖြည်း သေမှာ... လင်းယွမ်လည်း ခေါင်မိုးထပ်မှာ ပြောပြီးပြီလေ... အဲ့တုန်းက ရှင်လည်း ရှိနေတာပဲ... ဘာလို့ တစ်ခွန်းမှ နားမဝင်ရတာလဲ"
ကျန်းဖန်က ဝမ်းနည်းပက်လက်ဖြင့် "လင်းယွမ်... လင်းယွမ်... မင်းက တစ်နေ့တစ်နေ့ လင်းယွမ် ဆိုတာပဲ ပါးစပ်ဖျားမှာ စွဲနေတာပဲ... သူပြောသမျှက အကုန် မှန်နေရောလား... ငါ့အမြင်တော့ မသေချာပါဘူး"
ဝမ်လီလီ ဒေါသထွက်သွားသည်။ "ရှင် သေချင်နေတာလား... ဒီစကားမျိုး အိမ်ထဲမှာ ကျွန်မရှေ့မှာ ပြောတာ ကိစ္စမရှိဘူး... အခု ဘယ်ရောက်နေလဲ ကြည့်ဦး"
"လင်းယွမ်ကို ရှင်က ဝေဖန်ရဲတာလား... ကျွန်မတို့နှစ်ယောက် ကင်းလှည့်အဖွဲ့ထဲ ဘယ်လို ဝင်ခွင့်ရခဲ့လဲ ဆိုတာ မမေ့နဲ့"
"ရှင်ရော ကျွန်မရောက သာမန်လူတွေ... ဘာအရည်အချင်း ရှိလို့ ကင်းလှည့်အဖွဲ့ဝင် ဖြစ်ခွင့် ရမှာလဲ"
"လင်းယွမ်က ကျွန်မတို့ကို အခွင့်အရေး ပေးထားတာ... လူဖြစ်ရင် ကျေးဇူး မကန်းနဲ့"
ကျန်းဖန်က ဘေးဘီကို ထိတ်လန့်စွာ ကြည့်လိုက်ပြီး ဘယ်သူမှ သတိမထားမိသည်ကို တွေ့မှ သက်ပြင်းချနိုင်တော့သည်။
သူက အလျင်အမြန် တောင်းပန်လိုက်သည်။ "ငါက ဒီအတိုင်း ပြောလိုက်တာပါ... မင်းက လင်းယွမ်အကြောင်းပဲ ပြောနေတော့... သူ့မှာ မိန်းမ ရှိပြီးသားလေ"
သူ့စကားထဲတွင် မနာလိုဝန်တိုမှုများ ပါဝင်နေပြီး လှိုင်းထန်နေသော ရေပြင်ကို ဖြတ်ကျော်၍ ဝမ်လီလီပင် အနံ့ရနေသည်။
ဝမ်လီလီ စိတ်ပျက်သွားပြီး "စကားများမနေနဲ့တော့... မြန်မြန် တက်ခဲ့... နေရာကောင်းလေး ရွေးထိုင်... ဘေးဘက် အရမ်းမကပ်နဲ့" ဟု ပြောလိုက်သည်။
သူမက သူ့ကို ဆူပူလိုက်သော်လည်း ကျန်းဖန်က စိတ်ဆိုးခြင်း မရှိဘဲ ပျော်ရွှင်သွားကာ ချက်ချင်း လိုက်သွားလေသည်။
လူအများအပြားတွင် မိသားစုတိုင်း၌ ကိုယ်ပိုင် ဇာတ်လမ်း အသီးသီး ရှိနေကြသည်။
လင်းယွမ်က စင်္ကြံလမ်းပေါ်မှ ဒီမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်လာသည်။
လောကဓမ္မတာ ဆိုသည်မှာ ဒီလိုပါပဲလား။
"အစ်ကိုလင်း... ကျွန်တော်တို့အလှည့် ရောက်ပြီ"
ကျောက်ခိုင်က တခြားလူများ သစ်ဖောင်ပေါ် ရောက်ကုန်သည်ကို ကြည့်ပြီး လင်းယွမ်ဘက် လှည့်ကာ ပြောလိုက်သည်။
လင်းယွမ် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ... သွားကြစို့"
ကျောက်ခိုင်က ရေခဲပြင်ကို ချက်ချင်း ခိုင်ခံ့အောင် လုပ်လိုက်ပြီး လင်းယွမ်က ရန်မေ၏ လက်ကို ဆွဲကာ လူအများ ကြည့်နေသည့် အောက်တွင် သစ်ဖောင်၏ ဒုတိယထပ်သို့ တက်ရောက်လိုက်သည်။
တင်းယန်၊ လျှိုဖိန်ဖိန်၊ ဆုန့်ဝမ် စသည့် အမျိုးသမီးများသည် ထိုနေရာတွင် ရောက်နှင့်နေကြပြီး ရန်မေနှင့် ပူးပေါင်းကာ တိုးတိုး တိုးတိုး စကားပြောနေကြသည်။
လင်းယွမ် နောက်လှည့်ကြည့်လိုက်ရာ ၇၆ တိုက်ကို မြင်လိုက်ရသည်။
တိုက်၏ စင်္ကြံလမ်းပေါ်တွင် လူအများအပြား ရပ်နေကြသည်။
ဒီလူများသည် ဆက်နေခဲ့ရန် ရွေးချယ်ခဲ့သူများ ဖြစ်သည်။
လင်းယွမ်က သူတို့ကို ကြည့်လိုက်သည်။
တချို့က အကြည့်ချင်း မဆုံရဲဘဲ မျက်နှာလွှဲသွားကြသည်။
တချို့က လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြသည်။
တချို့ကတော့ ကပ်ဘေးဒဏ်ကြောင့် ထုံထိုင်းနေသလို မျက်နှာသေများ ဖြစ်နေကြသည်။
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လှိုင်းထန်နေသော ရေပြင်ဘက်သို့ လှည့်ကာ အောက်ဘက်ရှိ ကျောက်ခိုင်ကို လှမ်းအော်လိုက်သည်။
"ရွက်လွှင့်မယ်... ထွက်ကြစို့"
ကျောက်ခိုင်က ခေါင်းငြိမ့်လိုက်ပြီး ရွက်တိုင်ပေါ်မှ ကြိုးကို အားကုန် ဆွဲချလိုက်သည်။
'ဝုန်း' ခနဲ အသံနှင့်အတူ ရွက်ဖျင်စက ကျဆင်းလာပြီး မိုးသက်လေပြင်းများက တြိဂံပုံ ရွက်ဖျင်စအပေါ်သို့ ရိုက်ခတ်လာသည်။
ချက်ချင်းပင် သစ်ဖောင်ကြီးသည် ဖြည်းညှင်းစွာ ရွေ့လျားလာပြီး လှိုင်းလုံးများကို ခွင်းကာ လေမိုးများကို အန်တုရင်း အနာဂတ်ဆီသို့ ဦးတည် ရွက်လွှင့်သွားတော့သည်။
ဆက်ရန်...
အပိုင်း (၁၅၈) မိန်တုဥယျာဉ်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်း
"တကယ်ကြီး ထွက်သွားကြပြီပဲ"
"ဒီလူတွေက တော်တော်မိုက်မဲတာပဲ... သစ်သားဖောင် ၃ စီးတည်းနဲ့ မိုင် ၂၀ ကျော် ဝေးတဲ့ ထိုက်ယန်တောင်ကို သွားကြမလို့တဲ့လား"
"ဟားဟား... ရေထဲမှာ သန္ဓေပြောင်းသတ္တဝါတွေက အများကြီးရယ်... သူတို့တွေ ထိုက်ယန်တောင်ကို ရောက်ဖို့ ကံတရားက ဘယ်လောက်တောင် ဖေးမရမလဲ ကြည့်ရသေးတာပေါ့"
......
၇၆ တိုက်ပေါ်တွင် ကျန်ရစ်ခဲ့သူများအနက် လူတချို့က မလိုတမာ လှောင်ပြောင်သရော်နေကြ၏။
သို့သော်လည်း လင်းယွမ်နှင့်အဖွဲ့၏ ကျေးဇူးတရားကို နားလည်သူများလည်း ရှိနေပေသည်။
"ခင်ဗျားတို့က ဘာလို့ သူတို့ရှေ့မှာကျ ဒီစကားတွေ မပြောရဲကြတာလဲ... ကွယ်ရာကျမှ အတင်းအဖျင်း ပြောနေကြတာ လူစိတ်ရော ရှိရဲ့လား"
"ဟုတ်တယ်... လင်းယွမ်က ငါတို့အပေါ် မကောင်းခဲ့လို့လား... ဒီရက်ပိုင်းတွေမှာ ငါတို့ကို အစားအစာတွေ အများကြီး ထောက်ပံ့ပေးခဲ့တယ်... သူ့မှာ အစားအစာ ပြတ်သွားလို့သာ မဖြစ်မနေ လမ်းကြောင်းသစ် ရှာပြီး ထွက်သွားရတာ... ခင်ဗျားတို့က အပြင်မထွက်ရဲဘဲ ဒီမှာရပ်ပြီး လေပေါနေကြတာ လူရော ဟုတ်ရဲ့လား"
ထိုအခါ တစ်ဖက်လူစုက ချက်ချင်း ပြန်လည်ချေပကြသည်။
"ပါးစပ်ပိတ်ထားစမ်းပါ... သူ့လက်ထဲက အစားအစာတွေက အစကတည်းက ငါတို့ဆီကဟာတွေ... လျှိုအားလုံ လုယူသွားတာကို သူက ပြန်လုပြီး လက်ဝါးကြီးအုပ်ထားတာ... သူငါတို့ကို ပြန်ပေးသင့်တာပေါ့"
"ဟုတ်တယ်... မင်းတို့ကမှ အစေခံကောင်တွေ... သူက ငါတို့ကို အစားအစာ ပေးတယ်ဆိုပေမဲ့ ငါတို့ကို ငါးဖမ်းခိုင်းတယ် မဟုတ်ဘူးလား"
"ဟုတ်တယ်... ဘယ်လိုပဲပြောပြော သူက ငါတို့ကို အကြွေးတင်နေတာ"
"နေပါဦး... ခင်ဗျားတို့ ပြောတော့ သူက ငါတို့ဆီက ငါးတွေ အများကြီး ယူထားတယ်ဆို... ဒီ သစ်သားဖောင် ၃ စီးတည်းနဲ့ အကုန် သယ်သွားလို့ ရပါ့မလား"
"သူ့အိမ်ထဲမှာ စားစရာတွေ ကျန်နေဦးမလား"
ထိုစကားကြောင့် လူတိုင်း ရုတ်တရက် အသံတိတ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
ဘယ်သူက စတင်လှုပ်ရှားလိုက်မှန်း မသိသော်လည်း ရုတ်ချည်းပင် လူအများအပြား အပေါ်ထပ်သို့ အလုအယက် ပြေးတက်သွားကြတော့သည်။
"မလုနဲ့... မလုနဲ့လေ"
"တောက်... ဖယ်စမ်း"
"သွားစမ်း"
ခဏအတွင်းမှာပင် ၇၆ တိုက်တစ်ခုလုံး ပရမ်းပတာ ရှုပ်ထွေးသွားလေ၏။
လင်းယွမ်တို့နှင့်အတူ စွန့်စားပြီး လမ်းကြောင်းသစ် ရှာဖွေရန် မလိုက်ပါရဲခဲ့သည့် သက်ကြီးရွယ်အိုအချို့မှာမူ ဤမြင်ကွင်းကို ကြည့်ရင်း မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
ထိုအဖြစ်အပျက်က လျှိုအားလုံ၊ ဝမ်ကျဲနှင့် အပေါင်းအပါများ ကြီးစိုးခဲ့စဉ်က နေ့ရက်များကို ပြန်လည်အမှတ်ရသွားစေ၏။
ထိုအခိုက်အတန့်တွင် လူအများစုမှာ ရုတ်တရက် နောင်တရသွားကြသည်။
ဒီလိုဖြစ်မယ်မှန်း သိရင် ငါတို့ ဘာလို့ လင်းယွမ်တို့နဲ့အတူ မလိုက်သွားခဲ့မိတာပါလိမ့်...
......
၈၇ တိုက်၊ အခန်း ၃၂၁၂ တွင် ငါးစားနေသည့် လန်ယွဲ့ဟွာသည် အပြင်ဘက်မှ ဆူညံသံများကို ရုတ်တရက် ကြားလိုက်ရ၏။
သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဘေးနားရှိ လျှိုဆစ်ဆစ်ကို မော့ကြည့်လိုက်သည်။
"ဆစ်ဆစ်... အပြင်မှာ ဘာဖြစ်တာလဲ"
လျှိုဆစ်ဆစ်သည်လည်း သံသယဖြစ်သွားသည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။
"ငါ သွားကြည့်လိုက်မယ်"
သူမက တံခါးဝသို့ လျင်မြန်စွာ လျှောက်သွားပြီး တံခါးဖွင့်ကာ ကြည့်လိုက်သည်။
စင်္ကြံလမ်းပေါ်တွင် လူအများအပြား စုဝေးနေကြသည်ကို တွေ့လိုက်ရ၏။
လျှိုဆစ်ဆစ်က အရပ်ရှည်ရှည်နှင့် ဟေးလန်ကို တစ်ချက်တည်းဖြင့် မှတ်မိလိုက်သည်။
သူမက ချက်ချင်းပင် လှမ်းအော်မေးလိုက်၏။
"ဟေးလန်... ဘာဖြစ်တာလဲ"
ဟေးလန်က လှည့်ကြည့်ပြီး ပြန်အော်ပြောလိုက်သည်။
"လှေတွေ... လှေတွေ လာနေတယ်"
လျှိုဆစ်ဆစ် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားရ၏။
လှေလား...
ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတာများလား...
သူမ၏ နှလုံးသားက ဒိန်းခနဲ ခုန်သွားပြီး စင်္ကြံလမ်းဘေးသို့ အပြေးသွားကာ မိုးရေများကြားမှ လှမ်းမျှော်ကြည့်လိုက်သည်။
လေပြင်းမိုးသက်များကြားတွင် ရေလွှမ်းမိုးမှုကြီးက ပင်လယ်ပြင်သဖွယ် ကျယ်ပြောလှ၏။
ရေပြင်ထက်တွင် မတ်မတ်ရပ်တည်နေသည့် တိုက်မြင့်များသည် အဝေးမှကြည့်လျှင် ပင်လယ်ပြင်ထဲ၌ စိုက်ထူထားသော ဓာတ်တိုင်များအလား ထင်မှတ်ရသည်။
ရှေ့ဘက်ရှိ တိုက်အမြင့်များကြားတွင် သစ်သားဖောင် ၃ စီးကို တွဲချည်ထားပြီး ထိုအပေါ်တွင် လူရိပ်လူယောင်များ လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။
သစ်သားဖောင်များပေါ်တွင် တြိဂံပုံစံ ရွက်တိုင်များ စိုက်ထူထားပြီး လေပြင်းကြောင့် ရွက်ဖျင်စများက ဖောင်းကားနေသည်။
သစ်သားဖောင် ၃ စီးသည် ရေစီးကို ခွင်းလျက် အနောက်မြောက်ဘက်သို့ ဦးတည်သွားနေကြ၏။
"ဒါက... လှေမဟုတ်ဘူး... ဖောင်တွေပဲ"
လျှိုဆစ်ဆစ် မျက်နှာတွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာပြီး ဟေးလန်ကို လှမ်းမေးလိုက်သည်။
"ဒီဖောင်တွေက ဘယ်က ရောက်လာတာလဲ"
ဟေးလန်က ခေါင်းခါရင်း ပြောလိုက်၏။
"ငါလည်း မသိဘူး... ငါ ရောက်လာတော့ ဖောင်တွေကို မြင်နေရပြီ"
"လင်းယာ အရင်ဆုံး တွေ့တာ" ဟု ဆိုကာ ဘေးနားရှိ လင်းယာကို ညွှန်ပြလိုက်သည်။
လင်းယာသည် ထိုဖောင်များကို ငေးကြည့်ရင်း စဉ်းစားခန်း ဝင်နေပုံရ၏။
လျှိုဆစ်ဆစ်က အလျင်အမြန် လှမ်းအော်မေးလိုက်သည်။
"အမလင်းယာ... အဲဒီဖောင်တွေက ဘယ်က ထွက်လာတာလဲ"
လင်းယာက ခေါင်းခါလျက် ပြောလိုက်၏။
"၇၆ တိုက်ဘက်က ထွက်လာတာ... အဲဒီတိုက်က ပိုင်ရှင်တွေ ကိုယ်တိုင် လုပ်ထားတဲ့ပုံပဲ"
ထို့နောက် သူမက လျှိုဆစ်ဆစ်ဘက် လှည့်ကာ ပြောလိုက်သည်။
"လန်ယွဲ့ဟွာ နိုးပြီလား... ငါ သူနဲ့ စကားနည်းနည်း ပြောချင်လို့"
လျှိုဆစ်ဆစ်က ချက်ချင်း ပြန်ဖြေလိုက်၏။
"နိုးပြီ... ထမင်းစားနေတယ်... လာ ငါ ခေါ်သွားပေးမယ်"
လင်းယာ ခေါင်းညိတ်လိုက်ပြီး လျှိုဆစ်ဆစ်နောက်မှ လိုက်ကာ အခန်း ၃၂၁၂ ထဲသို့ ဝင်သွားသည်။
ထမင်းစားနေသည့် လန်ယွဲ့ဟွာသည် ၇၆ တိုက်မှ လူများ သစ်သားဖောင်ဖွဲ့ပြီး ထွက်ခွာသွားကြောင်း ကြားသိလိုက်ရသောအခါ စားလက်စ လက်ကို ရပ်တန့်လိုက်ပြီး မျက်နှာတွင် အံ့သြသွားသည့်အမူအရာ ပေါ်လာ၏။
"ဖောင်လုပ်ပြီး တိုက်ပေါ်က ထွက်သွားကြတယ်ဟုတ်လား... သူတို့ ရူးကုန်ကြပြီလား... ရေအောက်က သန္ဓေပြောင်းသတ္တဝါတွေ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ သူတို့ မသိကြဘူးလား"
"ဒီအချိန်မှာ တိုက်ပေါ်က ထွက်သွားတာက ကိုယ့်သေတွင်း ကိုယ်တူးတာ မဟုတ်ဘူးလား"
လျှိုဆစ်ဆစ်ကလည်း ဝင်ပြောလိုက်သည်။
"ဟုတ်တယ်လေ... ရေအောက်က သန္ဓေပြောင်းငါးတွေက သူတို့ကို ဒီတိုင်း ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး"
လင်းယာက ခေါင်းခါရင်း လေးနက်စွာ ပြောလိုက်၏။
"လန်ယွဲ့ဟွာ... ဆစ်ဆစ်... ငါထင်တာကတော့ သူတို့ရဲ့ သတ္တိက ငါတို့ လေးစားသင့်တဲ့အရာပဲ"
"တကယ်တော့ ငါလည်း ထွက်သွားဖို့ ကိစ္စကို စဉ်းစားနေတာ ကြာပြီ... ငါတို့တွေ ဒီတိုက်ထဲမှာ အမြဲတမ်း ပုန်းနေလို့ မရဘူးလေ"
"တစ်နေ့ကျရင် ငါတို့ဆီက အစားအစာတွေ ကုန်သွားလိမ့်မယ်... ရေထဲက သန္ဓေပြောင်းငါးတွေကိုပဲ အားကိုးပြီး ငါတို့ အသက်ရှင်လို့ မရဘူး"
"ပြီးတော့ ဒီတိုက်တွေက ရေထဲမှာ ကြာကြာစိမ်ထားရတာဆိုတော့ ဘယ်အချိန် ပြိုကျမလဲ ဘယ်သူမှ မသိနိုင်ဘူး"
"ရေထဲက သန္ဓေပြောင်းငါးတွေက ပိုပိုများလာတယ်... အကောင်တွေကလည်း ပိုကြီးလာသလို သန္ဓေပြောင်းလဲနှုန်းကလည်း ပိုမြင့်လာတယ်... တစ်နေ့ကျရင် သူတို့က ဒီတိုက်ကို အလွယ်တကူ တိုက်ဖြိုပစ်နိုင်လိမ့်မယ်... အဲဒီကျရင် ငါတို့ ဘယ်မှာ သွားပုန်းကြမလဲ"
"ဒါ့အပြင် မိုးသည်းထန်တာကလည်း ရပ်မယ့်ပုံ မပေါ်ဘူး... ရေကြီးတာက နောက်ဆုံးမှာ တိုက်ကို မြှုပ်ပစ်မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ငါတို့ အနာဂတ်အတွက် တကယ် စဉ်းစားသင့်နေပြီ"
လင်းယာသည် သူမ၏ အတွေးများကို တစ်ဆက်တည်း ပြောချလိုက်သည်။ သူမ ဤပြဿနာကို စဉ်းစားနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။
တိုက်အဆောက်အအုံသည် လုံးဝ စိတ်ချလုံခြုံရသည့်နေရာ မဟုတ်ကြောင်း လူတိုင်း သိကြသည်၊ လူတိုင်း နားလည်ကြသည်။ သို့သော် ဘယ်သူမှ ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းမရှာခဲ့ကြပေ။
ယနေ့ ထွက်ခွာသွားကြသည့် ဖောင် ၃ စီးက သူမကို လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။
လန်ယွဲ့ဟွာက တူကို ချထားလိုက်ပြီး လင်းယာကို ကြည့်ကာ ပြောလိုက်၏။
"အမလင်းယာ... အမ ပြောတာတွေကို ကျွန်မလည်း စဉ်းစားဖူးပါတယ်... ဒါပေမဲ့ နေရာတိုင်းမှာ ရေတွေကြီးနေတာ... ငါတို့ ဘယ်ကိုသွားမှ လုံခြုံမှာလဲ"
"တောင်ပေါ်လေ... မြေမျက်နှာသွင်ပြင် မြင့်တဲ့ တောင်ပေါ်ကို သွားမှ ငါတို့ အသက်ရှင်နိုင်မှာ"
"လင်ကျောင်းမြို့က ကုန်းမြင့်ဒေသလေ... ဘယ်မှာ တောင်မြင့်မြင့် ရှိလို့လဲ" လျှိုဆစ်ဆစ်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဒါဆိုရင် ကုန်းမြင့်ကို သွားကြမယ်လေ... ကုန်းမြင့်က တိုက်ထဲမှာနေတာထက်တော့ ပိုကောင်းမှာပါ" လင်းယာက အလျင်စလို ပြောလိုက်၏။
လန်ယွဲ့ဟွာက သူမတို့ကို ကြည့်ပြီး မေးလိုက်သည်။
"ဒီနားတဝိုက်မှာ တောင်ရှိလို့လား"
"ရှိတာပေါ့... ဒီနားမှာ ထိုက်ယန်တောင်၊ မိန်တောင်၊ ချန်ချုံးတောင် ရှိတယ်... ဒါတွေအကုန်လုံးက တောင်တန်းတစ်ခုတည်းရဲ့ တောင်ထိပ်တွေပဲ" လင်းယာက ချက်ချင်း ဖြေလိုက်သည်။
"ပင်လယ်ရေမျက်နှာပြင်ထက် ဘယ်လောက် မြင့်လဲ"
"ပေ ၁၀၀၀ ကျော်လောက် ရှိမယ်... အတိအကျတော့ ငါလည်း မသိဘူး... ဒါပေမဲ့ ရေမကြီးခင်တုန်းက ငါ အမြဲ တောင်တက်သွားနေကျ... မြေမျက်နှာသွင်ပြင်က တိုက်တွေထက် အများကြီး ပိုမြင့်တယ်... တိုက်တွေ ရေမြုပ်သွားရင်တောင် အဲဒီနေရာက လုံးဝ ရေမမြုပ်နိုင်ဘူး"
လန်ယွဲ့ဟွာသည် လင်ကျောင်းမြို့ခံ မဟုတ်သဖြင့် ပတ်ဝန်းကျင် အနေအထားကို သိပ်နားမလည်ပေ။
သူမ ဒီနေရာမှာ အိမ်ဝယ်ခဲ့ရခြင်းမှာလည်း လင်ကျောင်းတက္ကသိုလ်တွင် ဝန်ထမ်းခန့်အပ်ခံရသောကြောင့် ဖြစ်သည်။
"အမြင့်ပေ ၁၀၀၀ ကျော်ဆိုတော့ တောင်ကုန်း အဆင့်လောက်ပဲ ရှိတာပေါ့"
လန်ယွဲ့ဟွာက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
"ပေ ၁၀၀၀ ကျော်လောက်က တစ်ရိပ်ရိပ် တက်လာနေတဲ့ ရေကို တားနိုင်မလား ဆိုတာကို ခဏထားလိုက်ဦး"
"အဲဒီတောင်က ငါတို့နဲ့ ဘယ်လောက်ဝေးလဲ... လမ်းမှာ သန္ဓေပြောင်းသတ္တဝါတွေ ဘယ်လောက်များလဲဆိုတာ ဘယ်သူသိလဲ"
"ပြီးတော့ တောင်ပေါ်က အခြေအနေကို ငါတို့ ဘယ်လောက် သိထားလို့လဲ... ငါတို့ တောင်ပေါ်သွားပုန်းဖို့ တွေးမိရင် တောင်ခြေနားက ရပ်ကွက်နေလူထုတွေကရော မသိကြဘူးလား"
"အဲဒီကို ရောက်ရင် နေရာတစ်နေရာရဖို့ ဟိုက ခွေးယောကျ်ားတွေနဲ့ ဆက်ဆံရဦးမယ်"
လင်းယာက မနေနိုင်ဘဲ မေးလိုက်သည်။
"ဒါဆို နင်က ဘယ်လို စဉ်းစားထားလဲ... ရေတွေ တဖြည်းဖြည်း တက်လာတာကို ဒီတိုက်ထဲမှာပဲ ထိုင်စောင့်နေတော့မလို့လား"
လန်ယွဲ့ဟွာက ခေါင်းခါလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးရုံသာ ပြုံးလိုက်ကာ ဘာမှ ရှင်းမပြပေ။
ဘေးနားရှိ လျှိုဆစ်ဆစ်က စိတ်မရှည်တော့ဘဲ ဝင်ပြောလိုက်သည်။
"အမလင်းယာ... အမ သိပ်ပြီး စိတ်မပူပါနဲ့... လန်ယွဲ့ဟွာက ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားပြီးသားပါ"
"ဘာနည်းလမ်းလဲ" လင်းယာက အံ့သြစွာ မေးလိုက်သည်။
လျှိုဆစ်ဆစ်က လန်ယွဲ့ဟွာကို ကြည့်ပြီး မေးလိုက်၏။
"လန်ယွဲ့ဟွာ... ပြောပြလိုက်ရမလား"
လန်ယွဲ့ဟွာက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"အမလင်းယာက ကိုယ့်လူပါပဲ"
လျှိုဆစ်ဆစ်က လင်းယာကို ကြည့်ပြီး ပြောလိုက်သည်။
"အမလင်းယာ... လန်ယွဲ့ဟွာက တကယ်တော့ ဖောင်လုပ်ခိုင်းထားတာ ကြာပြီ"
"ဟယ်... ငါတို့လည်း ဖောင်လုပ်နေတာလား... နင်တို့ ဘယ်သွားကြမလို့လဲ"
လန်ယွဲ့ဟွာက ပြုံးလိုက်ပြီး ပြောလိုက်၏။
"လင်ကျောင်းတက္ကသိုလ်"
"လင်ကျောင်းတက္ကသိုလ် ဟုတ်လား" လင်းယာ ကြောင်အသွားပြီး နားမလည်နိုင် ဖြစ်သွားသည်။
"ငါ သိသလောက်တော့ လင်ကျောင်းတက္ကသိုလ်မှာ ဘာတိုက်မြင့်မှ မရှိပါဘူး... အဲဒီကို ဘာသွားလုပ်မှာလဲ" လင်းယာက အလျင်စလို မေးလိုက်သည်။
လျှိုဆစ်ဆစ်က ရယ်မောလိုက်ပြီး ပြောလိုက်၏။
"အမလင်းယာ... ရေမကြီးခင်တုန်းက လန်ယွဲ့ဟွာ ဘာလုပ်လဲဆိုတာ အမ မေ့နေပြီလား"
လင်းယာ အံ့သြသွားသည်။ လန်ယွဲ့ဟွာ အရင်က ဘာလုပ်ခဲ့သည်ကို သူမ တစ်ခါမှ မမေးမြန်းခဲ့ဖူးပေ။
သူမ နားမလည်သည်ကို မြင်သောအခါ လျှိုဆစ်ဆစ်က ရှင်းပြလိုက်သည်။
"လန်ယွဲ့ဟွာက ရေမကြီးခင်တုန်းက လင်ကျောင်းတက္ကသိုလ် ရေကြောင်းပညာဌာနက သင်္ဘောတည်ဆောက်ရေး ဆရာမလေ"
"လင်ကျောင်းတက္ကသိုလ်မှာ သင်္ဘောအကြီးစားတွေ အများကြီး ရှိတယ်... ဟောင်းနေပြီ ဆိုပေမဲ့ သုံးလို့တော့ ရလောက်ဦးမယ်"
"လင်ကျောင်းတက္ကသိုလ်က ငါတို့ ရပ်ကွက်နဲ့ဆိုရင် စုစုပေါင်း ၂ မိုင်တောင် မဝေးဘူး... အဲဒီဘက်ကိုသွားပြီး သင်္ဘော ရှာကြမယ်... တစ်စီးလောက် သုံးလို့ရရင်တောင် ငါတို့ ရေကြီးတာကို ပူစရာ မလိုတော့ဘူး"
"အဲဒီအချိန်ကျရင် ငါတို့အားလုံး သင်္ဘောပေါ် ပြောင်းနေကြမယ်... သင်္ဘောပေါ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်မယ်... ဆန်စပါးတွေ စိုက်မယ်... နေရာအနှံ့သွားပြီး ပစ္စည်းတွေ ရှာဖွေစုဆောင်းမယ်... ဒါက ရွေ့လျားကျွန်းငယ်လေး တစ်ခုလို ဖြစ်လာမှာ"
"ဒါက မရွေ့လျားနိုင်တဲ့ တောင်ထက် အများကြီး မကောင်းဘူးလား"
လျှိုဆစ်ဆစ်က ပြောရင်းဆိုရင်း မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာသည်။
လင်းယာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး လန်ယွဲ့ဟွာကို ကြည့်လိုက်၏။
"လန်ယွဲ့ဟွာ... ဆစ်ဆစ် ပြောတာတွေက တကယ်ပဲလား... နင်... နင်တို့မှာ ဒီအစီအစဉ် ရှိနေတာ ကြာပြီပေါ့"
လန်ယွဲ့ဟွာက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။
"အင်း... အစီအစဉ် ရှိနေတာတော့ ကြာပြီ... ဒါပေမဲ့ ဒီတစ်ခါက သင်္ဘောသွားရှာမှာဆိုတော့ လူအများကြီးထက် အရည်အချင်းရှိတဲ့ လူနည်းနည်းပဲ လိုတာ... ဒါကြောင့် ငါ အပြင်ကို ထုတ်မပြောခဲ့တာ"
"အဲဒီကျရင် ငါက ဆစ်ဆစ်ရယ်၊ ထင်းထင်းရယ်ကို ခေါ်သွားမယ်... နောက်ပြီး ညီမလင်းယာ... ညီမရဲ့ မာကျောအစွမ်း အစွမ်းက အကူအညီ ဖြစ်လာနိုင်တယ်... ဒါကြောင့် ညီမလည်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"
လင်းယာ စိတ်လှုပ်ရှားသွားပြီး ပြောလိုက်၏။
"ကူညီနိုင်မယ်ဆိုရင် ငါ လိုက်ခဲ့ချင်တာပေါ့"
ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားနေသည့် ကမ္ဘာပျက်ကပ်ကြီးထဲတွင် သင်္ဘောအကြီးစားတစ်စီး ရှိထားခြင်းက ဘယ်လောက်အရေးကြီးကြောင်း ပြောနေစရာပင် မလိုတော့ပေ။
လင်းယာ ချက်ချင်းပင် စိတ်ပါဝင်စားသွားသည်။
လန်ယွဲ့ဟွာက ဆက်ပြောလိုက်၏။
"ရေက တက်တာ အရမ်းမြန်တယ်... ကြည့်ရတာ ၇၆ တိုက်ဘက်က လူတွေလည်း မစောင့်နိုင်တော့တဲ့ပုံပဲ... ငါတို့လည်း ဆက်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး"
"ဆစ်ဆစ်... ငါတို့ရဲ့ ဖောင်ကရော ပြင်ဆင်လို့ ပြီးသလောက် ရှိပြီမလား"
"အကုန် အဆင်သင့် ဖြစ်နေပြီ... အချိန်မရွေး ထွက်ခွာလို့ ရတယ်" လျှိုဆစ်ဆစ်က ပြန်ဖြေသည်။
"ဟုတ်ပြီ... ဒါဆို ငါတို့လည်း အချိန်ဆွဲမနေဘဲ လင်ကျောင်းတက္ကသိုလ်ကို အမြန်ဆုံး သွားကြတာပေါ့"
"အဲဒီ သင်္ဘောတွေအကြောင်း သိတဲ့လူ မနည်းဘူး... တခြားလူတွေများ အဲဒီသင်္ဘောတွေကို မျက်စိကျနေမလား မသိနိုင်ဘူး... စောစောသွားတာ အကောင်းဆုံးပဲ"
လျှိုဆစ်ဆစ်က အလျင်စလို မေးလိုက်သည်။
"ဒါဆို ၈၈ တိုက်က လူစုကို ဒီတိုင်း ထားခဲ့တော့မှာလား"
လန်ယွဲ့ဟွာက ပြောလိုက်၏။
"လမ်းကြုံရင် အဲဒီဘက်ဝင်ပြီး ရှင်းပစ်လိုက်ကြတာပေါ့"
"ကောင်းပြီလေ"
......
၈၈ တိုက်၊ အခန်း ၃၂၁၂ တွင် လီယဲ့သည် ဆိုဖာပေါ်တွင် မှီထိုင်ရင်း ဆက်ဆီ ကျကျ ဝတ်ဆင်ထားသည့် မိန်းမလှ နှစ်ယောက်၏ နှိပ်နယ်ပေးမှုကို ခံယူနေ၏။
သူက မျက်လုံးမှိတ်ထားရင်း လေဟုန်စီးနိုင်သည့် ထိုလူအကြောင်းကို ပြန်စဉ်းစားနေမိသည်။
လီယဲ့သည် ရေမကြီးခင်က စားဖိုမှူးတစ်ယောက် ဖြစ်သည်။
အသက် ၁၆ နှစ်တွင် စားဖိုမှူးပညာ သင်ယူခဲ့ပြီး နှစ်နှစ်အကြာတွင် ပညာသိပ်မတတ်မြောက်လိုက်သော်လည်း ဆရာဖြစ်သူ၏ ဒေါသကြီးသည့် စိတ်ဓာတ်ကိုမူ အမွေရလိုက်၏။
သုံးနှစ်အတွင်း အလုပ် ၇၊ ၈ ခု ပြောင်းခဲ့ပြီး နောက်ဆုံး အသက်ကြီးလာမှ ဘဝဒဏ်ကြောင့် အနေအထိုင် တည်ငြိမ်သွားကာ လင်ကျောင်းမြို့တွင် အခြေချဖြစ်ခဲ့သည်။
ရေလွှမ်းမိုးမှုကြီး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ပြင်ပလောကကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ယောကျ်ားများက အစားအသောက်အတွက် ရူးသွပ်မတတ် လုယက်နေကြသလို မိန်းမများကို အဓမ္မ လုယူနေကြသည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရ၏။
အစပိုင်းတွင် သူ အပြင်မထွက်ရဲခဲ့ပေ။ သို့သော် တံခါးကြားမှတစ်ဆင့် သွေးထွက်သံယို မြင်ကွင်းများကို အကြိမ်ကြိမ် မြင်တွေ့ရပြီးနောက် သူ့သွေးထဲရှိ ဒေါသစိတ်များ နိုးကြားလာခဲ့သည်။
ထို့ကြောင့် သူလည်း အဓိကရုဏ်းအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီး အားနည်းသူများကို ဒုက္ခပေးခဲ့၏။
အရပ်ပုသော်လည်း နှစ်ရှည်လများ ဒယ်အိုးကိုင်ခဲ့သဖြင့် လက်မောင်းအားသန်ကာ ရန်ဖြစ်ရာတွင် လက်ရဲဇက်ရဲ ရှိလှသည်။ တဖြည်းဖြည်းနှင့် တိုက်ပေါ်တွင် နေရာတစ်နေရာ ရလာပြီး မိန်းမနှစ်ယောက်ကိုလည်း လုယူနိုင်ခဲ့၏။
မကြာမီ သူ့နာမည်က တိုက်တစ်ခုလုံး ပျံ့နှံ့သွားသည်။ ဒေါသကြီးခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် သူ့ကို 'အစ်ကိုဟော်' (အစ်ကိုမီးလျှံ) ဟု တင်စားခေါ်ဝေါ်လာကြသည်။
ဟုတ်ပါသည်။ သူ့ကို 'အစ်ကိုဟော်' ဟု ခေါ်ဝေါ်ကြခြင်းမှာ သူ၏ အစွမ်းကြောင့် မဟုတ်ပေ။
သူ့စိတ်ဓာတ်ကြောင့် ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် သန္ဓေပြောင်းငါးများကို အများအပြား စားသောက်ပြီးနောက် သေရေးရှင်ရေး အခြေအနေတစ်ခုတွင် သန္ဓေပြောင်းခြင်း၏ ကနဦး စိတ်ဖောက်ပြန်မှု အန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး မီးကို ထိန်းချုပ်နိုင်သည့် စွမ်းရည် ရရှိလာခဲ့၏။
မီးကို စိတ်ကြိုက် မှုတ်ထုတ်နိုင်ရုံသာမက အရာဝတ္ထုများပေါ်တွင် မီးစွဲစေပြီး တိုက်ခိုက်စွမ်းအားကို မြှင့်တင်ပေးနိုင်လာသည်။
ထိုအချိန်မှစ၍ သူ၏ 'အစ်ကိုဟော်' ဟူသော နာမည်မှာ အမှန်တကယ် လိုက်ဖက်ညီသွားတော့သည်။
သူသည် အခြား သန္ဓေပြောင်းလူသားအချို့ကို သတ်ဖြတ်ကာ ၈၈ တိုက်တစ်ခုလုံးကို သိမ်းပိုက်ပြီး ထိုနေရာတွင် ဘုရင်တစ်ပါး ဖြစ်လာခဲ့၏။
၃၂ ထပ်တစ်ခုလုံးကို သူ သိမ်းပိုက်ထားပြီး အခန်းတိုင်းတွင် သူ သဘောကျသည့် မိန်းမများကို နေရာချပေးထားသည်။
ညတိုင်း မဲနှိုက်ပြီး ဘယ်အခန်းသွားအိပ်ရမလဲ ဆုံးဖြတ်ကာ ဧကရာဇ်ဘုရင်တစ်ပါးသဖွယ် စည်းစိမ်ယစ်နေခဲ့၏။
သို့သော် မနေ့က ရုတ်တရက် ဝင်လာသည့် လူတစ်ယောက်က သူ့အိပ်မက်လှလှလေးကို ဖျက်ဆီးပစ်လိုက်သည်။
"အပြင်မှာလည်း သန္ဓေပြောင်းလူသားတွေ ရှိတာပဲ... ပြီးတော့ ပျံတောင်ပျံနိုင်သေးတယ်... ငါ့ပိုင်နက်ထဲထိ တိတ်တဆိတ် ဝင်လာနိုင်တယ်ဆိုတော့"
အစ်ကိုဟော်၏ မျက်လုံးထဲတွင် အန္တရာယ်အငွေ့အသက်များ ယှက်သန်းလာပြီး သတိထားလာမိသည်။
မနေ့က ထိုလူကို မဖမ်းမိလိုက်ခြင်းက သူ့ရင်ထဲတွင် တနုံ့နုံ့ ခံစားနေရစေ၏။
ထိုလူက ပျံနိုင်သည်ဆိုတော့ ကိုယ့်ကို ဘယ်အချိန် ပြန်လာလုပ်ကြံမလဲ ဘယ်သူသိနိုင်မလဲ...
ဒါပေမဲ့ ငါက အဲဒီလူနဲ့ ရန်ငြိုး ရှိလို့လား...
အဲဒီကောင်က ဘာလို့ ငါ့ကို လာလုပ်ကြံရတာလဲ...
ဟုတ်ပြီ... ဟိုကောင်က ငါ့အစားအသောက်တွေကို လိုချင်လို့ နေမှာ...
ဒါကလွဲပြီး တခြားအကြောင်းပြချက် သူ စဉ်းစားမရပေ။
"ဒေါက်... ဒေါက်... ဒေါက်... အစ်ကိုဟော်... အစ်ကိုဟော်"
တံခါးအပြင်ဘက်မှ အလျင်စလို တံခါးခေါက်သံ ထွက်ပေါ်လာသဖြင့် အစ်ကိုဟော် လီယဲ့ မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးဖွင့်ကာ ဘေးနားရှိ မိန်းမကို တံခါးသွားဖွင့်ရန် အမူအရာပြလိုက်သည်။
ထိုအမျိုးသမီးက အပြေးသွားဖွင့်ပေးလိုက်ရာ တံခါးဝတွင် ခွန်အားအမျိုးအစား သန္ဓေပြောင်းသူ ကျောက်ကျွင်းနှင့် ရေကိုထိန်းချုပ်နိုင်သူ ဖုန်းလိန်တို့ ရပ်နေကြသည်ကို တွေ့လိုက်ရ၏။
နှစ်ယောက်စလုံး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် အစ်ကိုဟော် စိတ်ထင့်သွားပြီး ချက်ချင်း မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
"လှေ... မဟုတ်ဘူး... ဖောင်တွေ... လူတချို့ ဖောင်လုပ်ပြီး ရပ်ကွက်ထဲကနေ ထွက်သွားဖို့ လုပ်နေကြတယ်" ဖုန်းလေက အလျင်စလို အော်ပြောလိုက်၏။
အစ်ကိုဟော် အံ့သြသွားပြီး မတ်တတ်ထရပ်လိုက်သည်။ "ဖောင် ဟုတ်လား... ရပ်ကွက်ထဲက ထွက်သွားမလို့တဲ့လား... အသက်မရှင်ချင်ကြတော့ဘူးလား... ရေထဲက သန္ဓေပြောင်းသတ္တဝါတွေက နည်းတာမဟုတ်ဘူး... ဘယ်နားမှာလဲ"
ကျောက်ကျွင်းက "ရေထဲမှာပဲ... လူတွေအများကြီး ကြည့်နေကြတယ်" ဟု အော်ပြောလိုက်သည်။
အစ်ကိုဟော် အခန်းပြင်သို့ အပြေးထွက်လာရာ စင်္ကြံလမ်းပေါ်တွင် အမျိုးသမီးအများအပြား ထွက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ သူတို့အားလုံး မိုးရေထဲသို့ လှမ်းမျှော်ကြည့်ရင်း ပြောဆိုဆွေးနွေးနေကြသည်။
အောက်ထပ်တွင်လည်း ပြောဆိုသံများ ထွက်ပေါ်နေပုံရသည်။ သူက လူအုပ်ကြီးကို လှမ်းမဟောက်တော့ဘဲ အပြင်ဘက် ရေပြင်ကျယ်ကြီးကို လှမ်းကြည့်လိုက်၏။
ထင်ထားသည့်အတိုင်းပင် ရေလွှမ်းမိုးမှုကြီးထဲတွင် သစ်သားဖောင် ၃ စီးကို တွဲချည်ထားပြီး ရွက်တိုင်များပေါ်တွင် ရွက်ဖျင်စများက လေပြင်းကြောင့် ဖောင်းကားနေကာ လှိုင်းတံပိုးများကို ခွင်းလျက် ရွေ့လျားနေကြသည်။
အစ်ကိုဟော် မျက်လုံးပြူးသွားပြီး ထိုဖောင်များ တိုက်အမြင့်များကြားထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိ၏။
သူက အလျင်စလို မေးလိုက်သည်။
"အဲဒီဖောင်တွေက ဘယ်ကလာတာလဲ"
ကျောက်ကျွင်းက ချက်ချင်း ဖြေလိုက်၏။ "ကျွန်တော် မေးကြည့်ပြီးပြီ... တချို့က ၇၆ တိုက်က လာတာလို့ ပြောကြတယ်... တချို့ကလည်း ၇၅ တိုက်ကလို့ ပြောကြတယ်"
ဖုန်းလေကလည်း စိုးရိမ်တကြီး ပြောလိုက်သည်။ "အစ်ကိုဟော်... အဲဒီလူတွေက ပစ္စည်းထွက်ရှာကြတာလား... ဒါမှမဟုတ် အစိုးရဆီက လမ်းညွှန်ချက်ရပြီး ကယ်ဆယ်ရေးစခန်းကို သွားရှာကြတာလား"
အစ်ကိုဟော်၏ စိတ်ထဲတွင်လည်း ဝေဝါးသွားရသည်။ သူက မျက်မှောင်ကြုတ်ရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မေးလိုက်၏။
"ငါတို့ တိုက်ထဲမှာ ဖောင်လုပ်တတ်တဲ့လူ ရှိလား"
"အာ... မသိဘူးလေ... အစ်ကိုဟော်... ခင်ဗျားလည်း ဖောင်လုပ်ချင်လို့လား" ကျောက်ကျွင်းက အံ့သြစွာ မေးလိုက်သည်။
အစ်ကိုဟော်က ပြောလိုက်၏။
"ဒီလူတွေက တိုက်ပေါ်မှာ ကောင်းကောင်းမနေဘဲ ရေအောက်က သန္ဓေပြောင်းသတ္တဝါတွေရဲ့ အန္တရာယ်ကို စွန့်ပြီး ထွက်သွားကြတယ်ဆိုတော့ သေချာပေါက် ကိစ္စကြီးကြီးမားမား ရှိရမယ်"
"ကယ်ဆယ်ရေးစခန်း ရှိတာ တကယ် ဖြစ်နိုင်တယ်... ဒါမှမဟုတ် အစိုးရရဲ့ သတင်းရထားတာလည်း ဖြစ်နိုင်တယ်"
"ငါတို့ သူတို့နဲ့ အဆက်အသွယ်ရအောင် လုပ်ရမယ်"
ကျောက်ကျွင်းက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "အစ်ကိုဟော်... အခု လိုက်မယ်ဆိုရင်တောင် မမီတော့လောက်ဘူး"
အစ်ကိုဟော် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"ဒီလိုလုပ်... မင်းတို့ ဒီနေ့ကစပြီး အောက်မှာ လူသွားရှာ... ငါတို့လည်း ချက်ချင်း ဖောင်လုပ်ကြမယ်"
"ဒီတစ်ခေါက် မမီလိုက်ပေမဲ့ နောက်တစ်ခါကျရင် အစိုးရနဲ့ ဆက်သွယ်နိုင်တဲ့လူ ရှိကောင်းရှိလာနိုင်တယ်"
"နောက်ပြီး ရေဒီယိုတွေ စုဆောင်းခိုင်း... ဓာတ်ခဲတွေ စုဆောင်းခိုင်း... အစိုးရဆီက သတင်းရှိမရှိ သေချာ စုံစမ်းကြည့်စမ်း"
"ဟုတ်ကဲ့... အစ်ကိုဟော်"
......
တစ်ချိန်တည်းမှာပင် အလားတူ ဖြစ်ရပ်မျိုး မိန်တုဥယျာဉ်ရှိ တိုက်အသီးသီးတွင် ဖြစ်ပေါ်နေ၏။
လင်းယွမ်တို့၏ ဖောင်အဖွဲ့ မိုးသက်လေပြင်းများကို ဖြတ်ကျော်ပြီး အဝေးသို့ ထွက်ခွာသွားကြသည်ကို လူအများအပြား ကြည့်ရှုရင်း စိတ်လှုပ်ရှား တုန်လှုပ်နေကြသည်။
လူတိုင်း၏ စိတ်ထဲတွင် အတွေးကိုယ်စီ ဝင်လာကြ၏။
ရေလွှမ်းမိုးမှုကြီးနှင့် လှိုင်းတံပိုးများက အမြော်အမြင်ရှိသူများ၏ အသက်ရှင်သန်လိုစိတ်ကို တားဆီးနိုင်ပုံမရပေ။
ထိုအချိန်တွင် ဖောင်ပြုလုပ်ပြီး တိုက်ပေါ်မှ ထွက်ခွာမည့် အတွေးက လူအများအပြား၏ စိတ်ထဲတွင် ရေပွက်ပမာ ထကြွလာတော့သည်။
......
ဤကဲ့သို့ တုန်လှုပ်ခြောက်ခြားမှုများကို ဖြစ်ပေါ်စေခဲ့သည့် တရားခံ လင်းယွမ်မှာမူ သူတို့၏ ခရီးစဉ်က မိန်တုဥယျာဉ်တစ်ခုလုံးကို မည်မျှ ရိုက်ခတ်သွားစေသည်ကို မသိရှိပေ။
ယခုအချိန်တွင် သူသည် ဖောင်အမှတ် (၁) ၏ ဒုတိယထပ်တွင် ထိုင်နေ၏။
သူတစ်ယောက်တည်း မဟုတ်ဘဲ အစွမ်းနိုးထပြီးသူများအားလုံး ဒုတိယထပ်တွင် စုဝေးနေကြခြင်း ဖြစ်သည်။
ဤအမြင့်တွင် နေခြင်းက ရှေ့ခရီးလမ်းကို ရှင်းလင်းစွာ မြင်နိုင်စေရန် ဖြစ်သလို အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရပါကလည်း သန္ဓေပြောင်းသူများအနေဖြင့် အောက်သို့ခုန်ချပြီး ချက်ချင်း ကူညီပေးနိုင်ရန် ဖြစ်သည်။
ဖောင် ၃ စီးကို အမှတ် (၁)၊ (၂)၊ (၃) ဟု ခွဲခြားထား၏။
ဖောင်အမှတ် (၁) မှာ ဝမ်ကျဲအဖွဲ့ ပြုလုပ်ထားသည့် ဖောင်ကို အခြေခံပြီး ပြန်လည်ပြုပြင်ထားခြင်း ဖြစ်ကာ ဖောင် ၃ စီးအနက် အကြီးဆုံးဖြစ်သည်။
ဤဖောင်ပေါ်တွင် လင်းယွမ် ကိုယ်တိုင် ဦးစီးပြီး ဆုန့်ဝမ်၊ ကျောက်ခိုင်တို့က ကူညီပေးနေကြသည်။
ဖောင်အမှတ် (၂) မှာမူ လင်းယွမ်တို့ ကိုယ်တိုင် ပြုလုပ်ထားသည့် ဖောင်အငယ်စား ဖြစ်သည်။
ထိုဖောင်တွင် တင်းယန်၊ လျှိုဖိန်ဖိန်တို့ ဦးစီးပြီး ကုဖုန်းက ၇၇ တိုက်မှ ပိုင်ရှင်များကို ဦးဆောင်ကာ ကူညီပေးနေကြသည်။
ဖောင်အမှတ် (၃) ကို ယန်မေ၊ ရှီဟိုင်ကျူး၊ တာအိုဆရာလင်းတို့ သုံးဦး ဦးစီးထားပြီး သူတို့ သုံးဦးစလုံးမှာ သန္ဓေပြောင်းသူများ ဖြစ်သဖြင့် အန္တရာယ်ကြုံလာပါက အချိန်မီ ကူညီဖြေရှင်းပေးနိုင်မည် ဖြစ်သည်။
ဖောင်အမှတ် (၁) ၏ ဒုတိယထပ်တွင် အပြင်ဘက်သို့ ထွက်နေသည့် စင်မြင့်တစ်ခု ပါရှိပြီး အပေါ်တွင် အမိုးအကာ ပါရှိသည်။
လင်းယွမ်နှင့် ဦးလေးမာတို့ ထိုစင်မြင့်အမိုးအောက်တွင် ရှိနေကြပြီး ထိုနေရာသည် ကင်းစောင့်စင်သဖွယ် ဖြစ်နေ၏။
ရုတ်တရက် ဦးလေးမာ၏ မျက်လုံးအကြည့်က စူးရှသွားပြီး ချက်ချင်း အော်ပြောလိုက်သည်။
"ချိုင်ကြည်... ရှေ့မှာ တိုက်ရှိတယ်... ဘယ်ဘက်ကွေ့"
အောက်ထပ်မှ ချိုင်ကြည်သည် ရွက်ကို အလျင်အမြန် ပြောင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ဘယ်ဘက်ခြမ်းရှိ ကင်းလှည့်အဖွဲ့ဝင်များကို လှမ်းအော်လိုက်၏။
"ဝမ်အန်း... ဝူယင်... အင်ဂျင် နှိုးလိုက်"
ဝမ်အန်းနှင့် ဝူယင်တို့ ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ဟွမ်ဟန်ကလည်း ချက်ချင်း ဝင်ကူညီလိုက်သည်။
သုံးယောက်သား အင်ဂျင် ၃ လုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်လိုက်ကြ၏။
ဖောင်အောက်ဘက်ရှိ လျှပ်စစ်ပန်ကာများဖြင့် ပြုလုပ်ထားသော ဒလက်များက ချက်ချင်း လည်ပတ်သွားသည်။
ခဏချင်းမှာပင် ဖောင်ကြီးက ဘယ်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားသွား၏။
ဖောင်အမှတ် (၁) ဘယ်ဘက်သို့ ယိမ်းလိုက်သည်နှင့် နောက်မှ ချိတ်ဆက်ထားသော ဖောင်အမှတ် (၂) နှင့် (၃) တို့သည်လည်း အရှိန်နှင့်အတူ ဘယ်ဘက်သို့ လိုက်ပါရွေ့လျားသွားကြသည်။
ရှေ့ဘက်ရှိ တိုက်နှင့် ပေ ၃၀ ခန့်အကွာသို့ ရောက်သောအခါ ဖောင် ၃ စီးသည် ဘေးကင်းစွာ ရှောင်ကွင်းနိုင်ခဲ့ကြ၏။
ရှေ့ခရီးလမ်းမှာ ပြေပြစ်သွားပြီး ပေ ၂၀၀၀ ခန့်အကွာတွင်မှ ရေမျက်နှာပြင်ပေါ်၌ မတ်မတ်ရပ်တည်နေသည့် တိုက်မြင့်များကို လှမ်းမြင်ရသည်။
ထိုနေရာသည် မိန်တုဥယျာဉ် အနောက်ပိုင်းရပ်ကွက်ဖြစ်ပြီး ယခု သူတို့ရောက်ရှိနေသည့် နေရာမှာ စီးပွားရေးဇုန် ဖြစ်တန်ရာ၏။
သေချာသည်မှာ ယခုအချိန်တွင် စီးပွားရေးဇုန်တစ်ခုလုံး ရေလွှမ်းမိုးမှုအောက်တွင် နစ်မြုပ်နေပြီ ဖြစ်သည်။
သူတို့သည် လက်ရှိတွင် စီးပွားရေးဇုန်၏ အပေါ်မှ ဖြတ်သန်းသွားလာနေကြခြင်း ဖြစ်သည်။
ရေမြုပ်နေသည့် ကမ္ဘာမြေပြင်တွင် မြင်တွေ့ရသည်မှာ ရေပြင်ကျယ်ကြီးသာ ဖြစ်၏။
အမှတ်အသားများ မရှိ၊ လမ်းညွှန်ဆိုင်းဘုတ်များ မရှိသဖြင့် လမ်းပျောက်ရန် အလွန်လွယ်ကူလှသည်။
ဦးလေးမာက လမ်းကြောင်းကြည့်ရှုရန် တာဝန်ယူထားပြီး ချိုင်ကြည်က ကင်းလှည့်အဖွဲ့ကို ဦးဆောင်ကာ အောက်ဘက်မှနေ၍ ဦးတည်ချက်ကို ထိန်းချုပ်ပေးနေသည်။
ထို့အပြင် လူအများအပြားကို ဖောင်ဘေးတစ်ဖက်စီတွင် တာဝန်ချထားပြီး မျောပါလာသည့် အမှိုက်သရိုက်များကို ရှင်းလင်းစေ၏။
"ညာဘက်က မျောလာတာတွေကို ရှင်းလိုက်ဦး"
ညာဘက်တွင် သစ်သားပြားများ၊ ပလတ်စတစ်ဘူးခွံများ ဖောင်ဘေးသို့ ကပ်လာသည်ကို မြင်သောအခါ ကျောက်ခိုင်က လှမ်းအော်ပြောလိုက်သည်။
ထိုအရာများ စုပုံလာပါက ဖောင်ရွေ့လျားမှုကို အကြီးအကျယ် နှောင့်နှေးစေနိုင်သည်။
ထို့အပြင် တစ်ခါတစ်ရံ ပန်ကာဒလက်များထဲသို့ ဝင်ရောက်ငြိတွယ်သွားပါက အလွန်ဒုက္ခရောက်ပေလိမ့်မည်။
သူအော်လိုက်သည်နှင့် ညာဘက်ခြမ်း တာဝန်ယူထားသည့် ကျန်းဖန်၊ ဝမ်လီလီနှင့် အဖွဲ့သားများက အမှိုက်များကို အလျင်အမြန် ရှင်းလင်းလိုက်ကြ၏။
အရာအားလုံးသည် စနစ်တကျ လည်ပတ်နေသည်။
ဖောင်အဖွဲ့ကြီးသည် တဖြည်းဖြည်းနှင့် မိန်တုဥယျာဉ်နှင့် ဝေးရာသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
ဆက်ရန်...